အခန်း (၄၆၆-၄၆၈)
Vol. 32 Ch. 466-468
အခန်း ၄၆၆ - မင်း စကားများလွန်းတယ်...
“ဒါ ဘာဖြစ်သွားတာလဲ...”
ဝေးကွာသွားသော မိမိ၏ခန္ဓာကိုယ်ကို ကြည့်ရင်း ဝတ်စုံနက်နှင့်လူငယ်၏ စိတ်ထဲတွင် ဝေဝါးနေတော့သည်။ သေခြင်းတရားမှာ မြန်ဆန်လွန်းလှသဖြင့် သူသည် မိမိကိုယ်ကိုယ် သေဆုံးသွားပြီဖြစ်ကြောင်းပင် သတိမပြုမိလိုက်ချေ။
“မင်းရဲ့နာမည်က ငါမှတ်ထားဖို့ မထိုက်တန်သေးဘူး...”
လော့ချန်သည် ဓားသွားကို အသာအယာခါလိုက်ရင်း တည်ငြိမ်စွာ ဆိုလိုက်၏။
“မောင်လေးဝမ်...”
ယွမ်လင်းသည် အလန့်တကြား အော်ဟစ်လိုက်ရင်း တစ်ကိုယ်လုံး အေးစက်သွားတော့သည်။ အရာရာမှာ မြန်ဆန်လွန်းလှသဖြင့် သူမအနေဖြင့် တုံ့ပြန်ရန် သို့မဟုတ် တားဆီးရန်ပင် အချိန်မရလိုက်ပေ။ ထိုဓားအဟုန်မှာ တို့ဟူးကို လှီးဖြတ်လိုက်သည့်နှယ် ဝတ်စုံနက်နှင့်လူငယ်၏ လည်ပင်းကို တိတိရိရိ ပိုင်းဖြတ်သွားခဲ့သည် မဟုတ်ပါလော။
“မင်း သေသင့်တယ်...”
လော့ချန်ဆီသို့ အကြည့်များ ရောက်ရှိသွားသည့်အခါ ယွမ်လင်း၏အကြည့်များမှာ အေးစက်သွားပြီး သူမ၏နောက်ကျောတွင် ကြယ်ခြောက်ပွင့် ပါဝင်သော ရေစီးကြောင်းသိုင်းဝိညာဉ်တစ်ခု ထွက်ပေါ်လာသည်။
"ဘုန်း..."
သိုင်းဝိညာဉ် ထွက်ပေါ်လာသည်နှင့်အမျှ သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အလယ်အလတ် သန်မာသူတစ်ဦး၏ အရှိန်အဝါမှာ အပြည့်အဝ ပေါက်ကွဲထွက်ပေါ်လာပြီး ပြင်းထန်လှသော ဖိအားများမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားကာ ကောင်းကင်ယံရှိ တိမ်တိုက်များကိုပင် လွင့်စင်သွားစေခဲ့သည်။
ယွမ်လင်းသည် လော့ချန်ကို သတ်ဖြတ်ရန်အတွက် တစ်လှမ်းချင်း ချဉ်းကပ်လာသည်။
“လာလေ... မင်းကို တိုက်ခိုက်ဖို့ အခွင့်အရေး တစ်ကြိမ် ပေးမယ်...”
လော့ချန်၏ မျက်နှာထားမှာ မပြောင်းလဲဘဲ တည်ငြိမ်စွာ ဆိုလိုက်၏။
ယွမ်လင်း၏ မျက်နှာမှာ အနည်းငယ် ညိုမည်းသွားပြီး စိတ်ထဲတွင်လည်း အမည်မသိ အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။ သို့သော်လည်း တစ်ဖက်လူနှင့် မိမိကြားရှိ နယ်ပယ်အဆင့် ကွာခြားမှုကို တွေးမိလိုက်သည့်အခါ သူမက အေးစက်စွာ လှောင်ပြောင်လိုက်တော့သည်။
“ငါ့ကို တိုက်ခိုက်ဖို့ အခွင့်အရေး တစ်ကြိမ် ပေးမယ် ဟုတ်လား... ဟဲဟဲ... လေလုံးထွားလှချည်လား... စိတ်ချပါ... ငါ မင်းကို ဒီလောက် လွယ်လွယ်နဲ့ သေခိုင်းမှာ မဟုတ်ဘူး... မင်းက ဂျူနီယာလေး ရှောင်လျဲ့ကို အသုံးမကျသူဖြစ်အောင် လုပ်ခဲ့သလို ဝမ်ကိုလည်း သတ်ခဲ့တာဆိုတော့... မင်းကို သေချင်စိတ်ပေါက်အောင် ငါ လုပ်ပေးမယ်...”
ယွမ်လင်း၏ မျက်လုံးများမှာ လှပသော်လည်း ယခုအချိန်တွင် သူမ၏ ပါးစပ်မှ ထွက်ပေါ်လာသော စကားလုံးများမှာမူ လူကို တုန်လှုပ်သွားစေနိုင်သည်။
“စကားများလိုက်တာ...”
လော့ချန်၏ အကြည့်မှာ စူးရှသွားပြီး ဓားကို ကိုင်ဆောင်ကာ ယွမ်လင်းဆီသို့ တိုက်ရိုက် ပြေးဝင်သွားသည်။ သူ၏ကိုယ်ပေါ်မှ ချီစွမ်းအင်များ ဆူဝေလာပြီး ပြင်းထန်လှသော ဓားအဟုန်မှာ ပျံ့နှံ့သွားကာ လေထုကို ဆွဲဖြဲလျက် အရပ်မျက်နှာအနှံ့သို့ လွှမ်းခြုံသွား၏။
“ဟင်...”
ဤဓားအဟုန်၏ ရိုက်ခတ်မှုအောက်တွင် ယွမ်လင်း၏ စိတ်ဝိညာဉ်မှာ တုန်လှုပ်သွားရပြီး အလိုအလျောက်ပင် ထိတ်လန့်မှုများ ဖြစ်ပေါ်လာသဖြင့် သူမသည် ထပ်မံ၍ ပေါ့ဆမနေရဲတော့ဘဲ ချီစွမ်းအင်များကို အစွမ်းကုန် လှုံ့ဆော်လိုက်ရာ သူမ၏ ပတ်ဝန်းကျင်မှ ပင်လယ်လှိုင်းလုံးကြီးများနှယ် အသံများ ထွက်ပေါ်လာတော့သည်။
“သေစမ်း... လှိုင်းတံပိုးများ ပင်လယ်ကို လွှမ်းမိုးခြင်း......”
ဒေါသတကြီး အော်ဟစ်လိုက်ရင်း ယွမ်လင်း၏ ကိုယ်ပေါ်မှ ချီစွမ်းအင်များမှာ ပေါက်ကွဲထွက်လာပြီး ကျယ်ပြောလှသော ချီစွမ်းအင်များက ကောင်းကင်ယံ တစ်စိတ်တစ်ပိုင်းကိုပင် တည်ငြိမ်သွားစေကာ သူမ၏ လက်ဝါးတစ်ချက် ရိုက်နှက်လိုက်မှုနှင့်အတူ သောင်းကျန်းလှသော လှိုင်းလုံးကြီးများနှယ် လက်ဝါးအဟုန်တစ်ခုသည် လော့ချန်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားသည်။ ပြင်းထန်လှသော အရှိန်အဝါမှာ လေထုကို ဖန်ခွက်တစ်ခုနှယ် အဆင့်ဆင့် အက်ကွဲသွားစေသည်။
လော့ချန်မှာမူ အရှိန်မလျှော့ဘဲ သူ၏ မျက်ဝန်းအိမ်အတွင်း၌ ကြယ်အလင်းတန်းများ ဝင်းလက်နေသည့်နှယ် ရှိနေကာ လွန်စွာ ပြင်းထန်လှသော ပေါက်ကွဲအားများပါဝင်သည့် ဓားအဟုန်တစ်ခု ထုတ်လွှတ် လိုက်၏။
“ကြယ်တာရာကြွေကျခြင်း...”
လျှပ်စီးဓားကို မြင့်မားစွာ မြှောက်လိုက်ရင်း လော့ချန်သည် ဓားတစ်ချက် အပြင်းအထန် ပိုင်းဖြတ်လိုက်၏။ ရေတံခွန်နှယ် ဓားစွမ်းအင်များမှာ မြည်ဟီး ထွက်ပေါ်သွားပြီး ကြယ်စင်မြစ်ကြီးတစ်ခု ကောင်းကင်မှ ကျဆင်းလာသည့်နှယ် ထိုကျယ်ပြောလှသော လက်ဝါးအဟုန်ပေါ်သို့ ကျရောက်သွားလေသည်။
"ဘုန်း..."
ထိတ်လန့်ဖွယ်ရာ အသံကြီး ထွက်ပေါ်လာပြီးနောက် လက်ဝါးအဟုန်မှာ တစ်ခဏအတွင်း မှုန့်မှုန့်ညက်ညက် ကြေမွသွားကာ ပြန့်ကျဲသွားသည်။
“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
ယွမ်လင်း၏ မျက်လုံးများတွင် မယုံနိုင်စရာ အမူအရာများ ပေါ်လာ၏။
နောက်တစ်ခဏတွင်...
"ရွှီ..."
ဓားစွမ်းအင်တစ်ခုမှာ ဖြတ်သန်းသွားပြီး ယွမ်လင်း၏ အကာအကွယ် ချီစွမ်းအင်များကို ပိုင်းဖြတ်ကာ ပြင်းထန်လှသော ဓားဖိအားကြောင့် သူမ၏ ခန္ဓာကိုယ်မှာလည်း အစိပ်စိပ်အမွှာမွှာ ဖြစ်သွားခဲ့ရပြီး သွေးမိုးများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ လော့ချန်၏ ယခုလက်ရှိ သာမန်ဓားတစ်ချက်မှာပင် စွမ်းအားမှာ သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အဆင့်မြင့် သန်မာသူကိုပင် မီနေပြီ ဖြစ်သည်။ ကောင်းကင်ယံဓားစွမ်းရည်၏ ပဉ္စမသိုင်းကွက်ကိုပါ ပေါင်းစပ်လိုက်မည်ဆိုလျှင် သာမန် ဆဋ္ဌမအဆင့် အလယ်အလတ် သန်မာသူတစ်ဦးအနေဖြင့် မည်သို့ တားဆီးနိုင်ပါမည်နည်း။
ထိုအချိန်တွင် အကြီးအကဲ ဆွန်မှာမူ ထိုနေရာမှာတင် မှင်တက်နေမိတော့သည်။
သူ ဘာကို မြင်လိုက်ရသနည်း၊ သွေးကြောနိုးကြားမှုနယ်ပယ် တတိယအဆင့် အထွတ်အထိပ်မှာပဲ ရှိသေးတဲ့ လော့ချန်က ဆဋ္ဌမအဆင့် အလယ်အလတ် သန်မာသူကို ဓားတစ်ချက်တည်းနှင့် သတ်ပစ်လိုက်သည်လား၊ အတိုင်းအဆမရှိသော ထိတ်လန့်မှုပင် ဖြစ်တော့သည်။
ယခုအချိန်တွင် အကြီးအကဲ ဆွန်၏ အမြင်တွင် လော့ချန်မှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးနှယ်ပင် ဖြစ်နေတော့သည်။
‘ပြေးမယ်...’
လော့ချန် လှည့်ကြည့်လိုက်သည်ကို မြင်လိုက်ရသည့် တစ်ခဏမှာပင် အကြီးအကဲ ဆွန်မှာ အလန့်တကြားဖြစ်သွားပြီး သူ၏ အရှိန်ကို အစွမ်းကုန် မြှင့်တင်ကာ ဤနေရာမှ လွတ်မြောက်ရန် နောက်သို့ လှည့်ပြေးလေသည်။
“လွတ်မယ် ထင်လို့လား...”
လော့ချန်သည် ဓားကို အသာအယာ တစ်ချက် ဝှေ့ယမ်းလိုက်၏။
"ရွှိ..."
ထက်မြက်လှသော ဓားစွမ်းအင်မှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားပြီး အကြီးအကဲ ဆွန်မှာ ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ သွေးများ ပန်းထွက်ကာ လွင့်စင်သွားရာ သူ၏ ပခုံးတစ်ခုလုံးမှာ ပြတ်တောက်လုနီးပါး ဖြစ်သွားပြီး အောက်သို့ ပြုတ်ကျသွားတော့သည်။ လော့ချန်သည် တစ်ဖက်လူကို မေးစရာရှိသေးသဖြင့် ဤဓားချက်မှာ သူ၏ စွမ်းအား တစ်ဝက်ကိုပင် အသုံးမပြုခဲ့ပေ။
"ဝှစ်..."
ခြေလှမ်းတစ်ချက်နှင့်ပင် လော့ချန်သည် အကြီးအကဲ ဆွန်၏ ဘေးသို့ ရောက်ရှိသွားသည်။ အကြီးအကဲ ဆွန်မှာ တစ်ကိုယ်လုံး သွေးချင်းချင်းနီနေပြီး ပြင်းထန်လှသော နာကျင်မှုကြောင့် မျက်နှာမှာ တွန့်လိမ်နေကာ လော့ချန်ကို မြင်သည့်အခါ မယုံနိုင်လောက်အောင် ဆိုလိုက်၏။
“မင်း... မင်းရဲ့ စွမ်းအားက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ သန်မာနေရတာလဲ... ဆဋ္ဌမအဆင့် အလယ်အလတ် သန်မာသူကိုတောင် တစ်ချက်တည်းနဲ့ သတ်နိုင်တယ် ဟုတ်လား...”
“သေမယ့်သူက အများကြီး မသိသင့်ပါဘူး...”
လော့ချန်က အေးစက်စွာ ပြောလိုက်သည်။ အကြီးအကဲ ဆွန်၏ မျက်နှာမှာ ပျက်သွားပြီး တုန်တုန်ယင်ယင်နှင့် ဆိုလိုက်၏။
“မင်း ငါ့ကို သတ်မလို့လား... ငါက ဆွန်မိသားစုရဲ့ သတင်းစုဆောင်းရေး အကြီးအကဲနော်... မင်း ငါ့ကို သတ်ရင် မင်းလည်း သေရမှာပဲ...”
လော့ချန်သည် စကားများမနေတော့ဘဲ ဓားဖြင့် တစ်ချက် ထိုးလိုက်သည်။
“အား...”
အေးစက်လှသော ဓားဖျားမှာ အကြီးအကဲ ဆွန်၏ ညာဘက် လက်ဖဝါးကို ထိုးဖောက်သွားသဖြင့် သူသည် နာကျင်စွာ အော်ဟစ်လိုက်ရတော့သည်။
“ငါ မေးတာကို သေသေချာချာ ဖြေစမ်း... ဒါဆိုရင် မင်းကို အေးအေးဆေးဆေး သေခွင့်ပေးမယ်... မဟုတ်ရင်တော့ မင်း နောက်ဆက်တွဲကို သိမှာပါ...”
လော့ချန်က အေးစက်စွာ ရယ်မောလိုက်ရင်း ဆက်မေးလိုက်၏။
“မင်းတို့ရဲ့ မိသားစုခေါင်းဆောင် ဆွန်ယင်ယန် အခု ဘယ်မှာလဲ... သူက ငါ့ကို သတ်ချင်နေတာကို ဘာလို့ ကိုယ်တိုင် မလာတာလဲ... နောက်ပြီး လျှပ်ယွမ်ဂိုဏ်း အကြီးအကဲ ကောင်ကျင်လျဲ့က တပည့်ကြီး ငါးဦး လွှတ်လိုက်တယ်ဆိုတော့... ကျန်တဲ့ သုံးယောက်ကော ဘယ်မှာလဲ...”
အကြီးအကဲ ဆွန်မှာ နာကျင်လွန်းသဖြင့် ချွေးစေးများ ထွက်နေတော့သည်။ လော့ချန်မှာ ဤမျှ ငယ်ရွယ်သော်လည်း အလုပ်လုပ်ပုံမှာ ဤမျှအထိ ရက်စက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ယနေ့တွင် သူ သေချာပေါက် သေရမည်ကို သိရှိထားသဖြင့် အကြီးအကဲ ဆွန်မှာ မူလက လော့ချန်ကို ဖြေရန် စိတ်ကူးမရှိသော်လည်း အတွေးတစ်ခု ဝင်လာသည်။
အကြီးအကဲ ကောင်ကျင်လျဲ့၏ တပည့်ကြီး ရန်ဝမ်ချန်မှာ သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကာ ကြယ်ခုနစ်ပွင့် အဆင့်မြင့် သိုင်းဝိညာဉ်ကိုလည်း နိုးကြားထားသဖြင့် စွမ်းအားမှာ အလွန်ပင် ပြင်းထန်လှသည်။ လော့ချန် မည်မျှပင် သန်မာပါစေ ရန်ဝမ်ချန်၏ ပြိုင်ဘက် ဖြစ်လာနိုင်စရာ မရှိချေ။ ထို့ကြောင့် သူ့ကို အမှန်အတိုင်း ပြောပြပြီး သေတွင်းထဲသို့ ကိုယ်တိုင် သွားခိုင်းလိုက်သည်က ပိုကောင်းမည်။ စိတ်ထဲမှ အေးစက်စွာ ရယ်မောလိုက်ရင်း အကြီးအကဲ ဆွန်က ချက်ချင်းပင် ပြောပြလိုက်လေသည်။
“ခေါင်းဆောင်က အခု ဝူးယန်မြို့မှာ ဒဏ်ရာ ကုသနေတယ်... မင်းရဲ့ နောက်ကွယ်မှာ ဆရာတစ်ယောက် ရှိနေမှာကို သူ စိုးရိမ်နေလို့ အဲ့ဒီ တပည့်ကြီး ငါးဦးကို အသုံးချပြီး မင်းကို သတ်ခိုင်းနေတာလေ...”
“တပည့်ကြီး ငါးဦးထဲက ကျန်တဲ့ သုံးယောက်ကတော့ အနောက်တောင်ဘက် မိုင်သုံးရာ အကွာမှာရှိတဲ့ တောင်ကုန်းတစ်ခုမှာ ရှိနေကြတယ်... မင်း အိမ်အပြန် လမ်းမှာ မဖြစ်မနေ ဖြတ်ရမယ့်လမ်းကနေ ဝိုင်းသတ်ဖို့ စောင့်နေကြတာ... မင်းရဲ့ စွမ်းအားက ဒီလောက်အထိ သန်မာလာလိမ့်မယ်လို့ သူတို့ မထင်ထားကြဘူးပေါ့... အခုတော့ မင်းလက်ထဲမှာ...”
"ရွှပ်..."
ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီးနောက် အကြီးအကဲ ဆွန်၏ စကားမှာ တုံ့ခနဲ ရပ်တန့်သွားသည်။ ဦးခေါင်းတစ်ခုမှာ မြေပြင်ပေါ်သို့ လိမ့်ကျသွားပြီး သွေးများမှာ မြေပြင်ပေါ်သို့ စီးကျလာတော့၏။
“ဝူးယန်မြို့... ငါ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့်ကို ချိုးဖြတ်ပြီးတာနဲ့ တစ်ခေါက် သွားရမှာပေါ့...”
လော့ချန်သည် ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်ရင်း မျက်လုံးများကို မှေးကျဉ်းလိုက်ကာ သတ်ဖြတ်လိုသည့် အရှိန်အဝါများ ထွက်ပေါ်လာသည်။
"ဝှစ်..."
မြူခိုးရိပ်ခြေလှမ်းကို အသုံးပြု၍ လော့ချန်သည် ထိုသုံးဦး၏ အလောင်းများကို တစ်နေရာတည်းတွင် စုစည်းလိုက်သည်။ သူတို့ ကိုယ်ပေါ်ရှိ သိုလှောင်လက်စွပ်များကို ယူလိုက်ပြီးနောက် လော့ချန်သည် ချက်ချင်းပင် ဝင်္ကပါပုံစံ ထိုင်လိုက်ကာ သိုင်းဝိညာဉ်များကို စတင် ဝါးမျိုလိုက်သည်။
"ဘုန်း..."
ယွမ်လင်းမှလွဲ၍ အကြီးအကဲ ဆွန်နှင့် ဝတ်စုံနက်လူငယ်တို့ နိုးကြားထားသည်မှာ ကြယ်ငါးပွင့် သိုင်းဝိညာဉ်များ ဖြစ်ကြသည်။ သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့် သန်မာသူ သုံးဦး၏ ကျယ်ပြောလှသော သွေးစွမ်းအင်များမှာ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာသဖြင့် လော့ချန်သည် တစ်ကိုယ်လုံး ပူတက်လာကာ ပြည့်အင့်လာသည့် ခံစားချက်ကို ခံစားလိုက်ရ၏။
ထို့နောက် လော့ချန်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ရင်း စတင် သန့်စင်တော့သည်။ တစ်နာရီခန့် ကုန်ဆုံးသွားပြီးနောက်တွင်မူ ထိုပြည့်အင့်နေသော ခံစားချက်မှာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။ လော့ချန်သည် နေရာမှ ထရပ်လိုက်ရာ သူ၏မျက်နှာတွင် ဝမ်းသာသော အမူအရာများ ရှိနေသည်။
ဤတိုတောင်းလှသော အချိန်အတွင်းမှာပင် သူသည် နယ်ပယ်အဆင့်၏ အဟန့်အတားများ လျော့ရဲလာသည်ကို ခံစားလိုက်ရပြီး စတုတ္ထအဆင့်သို့ ရောက်ရန် နီးစပ်လာခဲ့ပြီ ဖြစ်သည်။
“ကြည့်ရတာ သိုင်းဝိညာဉ်တွေကို ဝါးမျိုတာကပဲ ကျင့်ကြံမှုအတွက် အမြန်ဆုံး ဖြတ်လမ်းပဲ... နောက်ထပ် သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့် သန်မာသူ အနည်းငယ်ရဲ့ သိုင်းဝိညာဉ်တွေကို ထပ်ပြီး ဝါးမျိုနိုင်မယ်ဆိုရင်တော့ ငါ သေချာပေါက် စတုတ္ထအဆင့်ကို ချိုးဖြတ်နိုင်မှာပဲ...”
လော့ချန်သည် သူ၏ အကြည့်ကို အနောက်တောင်ဘက်သို့ လွှဲလိုက်၏။ ယခုပင် သူ့ဆန္ဒကို ဖြည့်စည်းပေးမည့် သင့်တော်သော လူအချို့ ရှိနေသည် မဟုတ်ပါလား...။
“ဟဲ့...”
မီးလျှံရတနာမြင်းဆီသို့ သွားပြီးနောက် လော့ချန်သည် မြင်းပေါ်သို့ ခုန်တက်ကာ အနောက်တောင်ဘက်သို့ တဟုန်ထိုး ထွက်ခွာသွားတော့သည်။
အခန်း (၄၆၆) ပြီးပါပြီ။
အခန်း ၄၆၇ - တစ်ချက် တစ်ယောက်...
အမည်မသိ တောင်ကုန်းတစ်ခုတွင် လျှပ်ယွမ်ဂိုဏ်းအတွင်းစည်းတပည့် သုံးဦးသည် ရှေ့ဘက်ရှိ ကွင်းပြင်ကျယ်ကြီးကို ကြည့်ရင်း မျက်လုံးများတွင် စိုးရိမ်မှုအချို့ ရှိနေကြသည်။
“ဘာလို့ အခုထိ ရောက်မလာသေးတာလဲ... သတင်းကကော စိတ်ချရရဲ့လား...”
စိတ်မြန်ကိုယ်မြန်ရှိသော ဝတ်စုံပြာနှင့်လူငယ်က မနေနိုင်ဘဲ မေးမြန်းလိုက်၏။ ဘေးနားတွင် ရပ်နေသော ဆွန်မိသားစုမှ ဟန်ကြီကြပ်ရေးမှူးက ပြန်လည်ဖြေကြားသည်။
“မှားဖို့ မရှိပါဘူး... လော့ချန်က မီးလျှံရတနာမြင်းကို စီးပြီး မနေ့က လင်ကျန်းမြို့ကို ရောက်ခဲ့တယ်... ဒီနေ့မနက် အစောကြီးမှာ ထွက်လာပြီး ဒီဘက်ကို ဦးတည်လာနေတာပါ...”
“မီးလျှံရတနာမြင်းက တစ်ရက်ကို မိုင်ပေါင်းထောင်ချီ ခရီးနှင်နိုင်တာလေ... လင်ကျန်းမြို့ကနေ ဒီကိုရောက်ဖို့ဆိုရင် မီးလျှံရတနာမြင်းရဲ့ အရှိန်နဲ့ နာရီဝက်တောင် မကြာဘူး... အခု တစ်နာရီခွဲတောင် ရှိနေပြီ...”
ဝတ်စုံပြာနှင့်လူငယ်က ပြင်းထန်စွာ မျက်မှောင်ကြုတ်လိုက်ရင်း ဆိုသည်။ ဘေးနားရှိ အမျိုးသမီးတပည့်တစ်ဦးကလည်း သတိထားလျက် စကားဆိုလာ၏။
“တစ်ခုခုများ ဖြစ်လို့လား... မောင်လေး ဝမ်က အလုပ်လုပ်ရင် အရမ်း စိတ်လာတတ်တာ... သူက လော့ချန်ကို ကိုယ်တိုင် သတ်ချင်နေတာဆိုတော့... လော့ချန်ကများ ရိပ်မိသွားလို့လား...”
“ညီလေး ဝမ်က စိတ်မြန်ပေမဲ့ စီနီယာအစ်မ ယွမ်လင်းက တည်ငြိမ်တဲ့သူဆိုတော့ သူ့ကို ရမ်းကားခွင့် ပေးမှာ မဟုတ်ပါဘူး... ဒါပေမဲ့ အချိန်ကတော့ တကယ်ကို ကြာနေပြီပဲ... နောက်ထပ် ၁၅ မိနစ်လောက် ထပ်စောင့်ကြည့်မယ်... သူတို့ ပေါ်မလာဘူးဆိုရင်တော့ ငါတို့ သွားရှာကြတာပေါ့...”
စာပေသမား အရှိန်အဝါမျိုးရှိသော ရန်ဝမ်ချန်က ခပ်ဖွဖွ ခေါင်းခါယမ်းလိုက်ရင်း ဆိုသည်။ ဒေါသကြီးသော လူငယ်မှာမူ မကျေမနပ်ဖြစ်နေဆဲပင်။ သူသည် လက်ဖက်ရည်ခွက်ကို လက်ဝါးဖြင့် ရိုက်နှက်လိုက်ရာ မှုန့်မှုန့်ညက်ညက် ကြေမွသွားတော့သည်။
“အဲ့ဒီလော့ချန်က ငါတို့ကို ဒီလောက်အထိ အလုပ်ရှုပ်အောင် လုပ်ရဲတယ်ပေါ့... သူသာ ငါ့လက်ထဲ ရောက်လာလို့ကတော့... ဟွန့်...”
“ကိစ္စပြီးသွားရင် လော့ချန်ရဲ့ဦးခေါင်းကို ငါ့မိသားစုဆီ ယူသွားဖို့အတွက် ပေးအပ်ဖို့ကိုလည်း မမေ့ကြပါနဲ့ဦး...”
ဟန်ကြီကြပ်ရေးမှူးက သတိပေးလိုက်သည်။ ရန်ဝမ်ချန်ကမူ ခပ်အေးအေးပင် တုန့်ပြန်လိုက်၏။
“စိတ်ချပါ... ငါတို့က အမိန့်အရ လော့ချန်ရဲ့အသက်ကို လာယူတာပဲ... သူ့ရဲ့အလောင်းကိုတော့ မင်း ကြိုက်သလို စီမံနိုင်ပါတယ်... ဟင်... လူတစ်ယောက် လာနေပြီ...”
ရန်ဝမ်ချန်သည် သူ၏မျက်လုံးများကို မှေးစက်လိုက်ကာ အဝေးသို့ လှမ်းကြည့်လိုက်တော့သည်။ ကောင်းကင်ယံမှာ ပြာလွင်နေပြီး တိမ်တိုက်ဖြူဖြူလေးများ လွင့်မျောနေ၏။ ကွင်းပြင်ပြင်ကြီးပေါ်တွင် နီရဲသော ကိုယ်ရိပ်တစ်ခုသည် တဟုန်ထိုး ပြေးဝင်လာနေပြီး ပြေးလွှားနေသော မီးတောက်တစ်ခုနှယ် နောက်ကွယ်တွင်လည်း ဖုန်မှုန့်များမှာ ဝဲပျံနေတော့သည်။
“မီးလျှံရတနာမြင်းပဲ... သူက လော့ချန်ပဲဖြစ်ရမယ်...”
ဟန်ကြီကြပ်ရေးမှူးက သေသေချာချာ ကြည့်လိုက်ရင်း အော်ဟစ်လိုက်သည်။
“ဟဲဟဲ... နောက်ဆုံးတော့ ရောက်လာပြီပေါ့...”
ရန်ဝမ်ချန်၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး ခြေလှမ်းတစ်ချက်နှင့်ပင် လျှပ်စီးတန်းနှယ် တောင်အောက်သို့ ဆင်းသက်သွားသည်။ ကျန်ရှိသော သုံးဦးမှာလည်း နောက်မှ ထပ်ချပ်မကွာ လိုက်ပါရင်း လော့ချန်၏ လမ်းကို ပိတ်ဆို့ထားလိုက်ကြသည်။
“ဟဲ့...”
လော့ချန်က မြင်းဇက်ကြိုးကို ဆွဲလိုက်ရင်း အေးစက်စွာ ကြည့်လိုက်သည်။
“လော့ချန်... မင်းကတော့ ငါတို့ကို တကယ် စောင့်ခိုင်းနိုင်တာပဲ...”
ဝတ်စုံပြာနှင့်လူငယ်က ရှေ့သို့ လှမ်းထွက်လာရင်း လော့ချန်ကို စိုက်ကြည့်ကာ သတ်ဖြတ်လိုသည့် အရှိန်အဝါများ ထုတ်လွှတ်နေသည်။
“မင်းတို့အားလုံး ဒီမှာပဲ ရှိနေတာပေါ့...”
လော့ချန်က ထိုလေးဦးကို ဝေ့ကြည့်လိုက်ရင်း တည်ငြိမ်စွာ ဆိုလိုက်၏။
“ငါနဲ့ ရှောင်လျဲ့က တရားမျှတစွာ တိုက်ခိုက်ခဲ့ကြတာ... သူ့ကို မသတ်ခဲ့တာကတောင် ငါက ညှာတာခဲ့လို့ပဲ... ဒါကို မင်းတို့ တပည့်ကြီးငါးဦးကို ငါ့နောက် လိုက်သတ်ခိုင်းတယ်ဆိုတော့... မင်းတို့ လျှပ်ယွမ်ဂိုဏ်းက လူတွေက တကယ်ကို ရက်စက်ကြတာပဲ...”
“ဒါက ရှောင်လျဲ့ရဲ့ ကိစ္စတင် မဟုတ်ဘူး... မင်းကြောင့် ငါတို့ လျှပ်ယွမ်ဂိုဏ်းက ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲမှာ နံပါတ်တစ်နေရာ ဆုံးရှုံးခဲ့ရသလို ငါတို့ဂိုဏ်းသားတွေ အများကြီးကိုလည်း မင်း သတ်ခဲ့သေးတယ်လေ... ဘယ်အချက်နဲ့ကြည့်ကြည့် မင်းက သေဒဏ်နဲ့ပဲ ထိုက်တန်တယ်...”
ဝတ်စုံပြာနှင့်လူငယ်က အေးစက်စွာ ပြန်ပြောလိုက်သည်။ လော့ချန်ကလည်း လှောင်ပြောင်လိုက်၏။
“ရယ်စရာပဲ... ငါတို့ ရွှမ်ယွမ်ဂိုဏ်းကလူတွေကော ပြိုင်ပွဲမှာ မသေခဲ့လို့လား...”
လော့ချန်သည် လျှပ်စီးဓားကို ဆွဲထုတ်လိုက်ရင်း ဆက်ပြောလိုက်သည်။
“စကားများမနေတော့ဘူး... တိုက်ကြရအောင်... မင်းတို့ တပည့်ကြီးငါးဦးကို တစ်နေရာတည်းမှာ ဆုံခွင့်ပေးမယ်...”
“သေခါနီးဖြစ်နေတာတောင် ဟိတ်ဟန်ထုတ်နေသေးတယ်... သေခြင်းတရား ဆိုတာ ဘယ်လို ရေးရသလဲဆိုတာ မင်း သိပုံမရဘူးပဲ...”
ဝတ်စုံပြာနှင့်လူငယ်က အထင်သေးစွာ ရယ်မောလိုက်သည်။ ရန်ဝမ်ချန်မှာမူ မျက်နှာပျက်သွားရ၏။
“မင်း စီနီယာအစ်မ ယွမ်လင်း တို့နဲ့ တွေ့ခဲ့တာလား...”
ရန်ဝမ်ချန်သည် ခုနကပင် ထူးဆန်းနေခဲ့ခြင်း ဖြစ်သည်။ လော့ချန်က သူတို့ တပည့်ကြီးငါးဦး လိုက်သတ်မည်ကို မည်သို့ သိနေရသနည်း။ ယွမ်လင်းတို့ နှစ်ဦးကလည်း အခုထိ ပေါ်မလာသေးသဖြင့် သူ၏စိတ်ထဲတွင် မကောင်းသော အငွေ့အသက်တစ်ခုကို ခံစားနေရသည်။
“တွေ့ခဲ့တာပေါ့... သူတို့က အခု ငရဲကနေ မင်းတို့ သုံးယောက်ကို စောင့်နေကြတယ်လေ...”
လော့ချန်က မျက်နှာတွင် ခပ်ဖွဖွ အပြုံးတစ်ခုနှင့် ဆိုလိုက်၏။
“ဟားဟား... မင်းရဲ့ ဒီကျင့်ကြံမှုအဆင့်လေးနဲ့... စီနီယာအစ်မ ယွမ်လင်းက လက်ချောင်းတစ်ချောင်းနဲ့တင် မင်းကို ဖိသတ်နိုင်တယ်... ဘယ်လိုတောင် လေလုံးထွားနေတာလဲ... ငါကိုယ်တိုင်ပဲ မင်းရဲ့ အစွမ်းအစကို စမ်းသပ်ကြည့်မယ်...”
ဝတ်စုံပြာနှင့်လူငယ်က အထင်သေးစွာ အော်ဟစ်လိုက်ရင်း လှံရှည်တစ်စင်းကို ကိုင်ကာ ပြေးဝင်သွားသည်။ သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့် အစောပိုင်း သန်မာသူတစ်ဦး၏ ချီစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး လော့ချန်ဆီသို့ လှံဖြင့် တစ်ချက် ထိုးလိုက်၏။ ပြင်းထန်လှသော ချီစွမ်းအင်များကြောင့် လှံထိပ်ဖျားတွင် လေဟာနယ် အက်ကြောင်းလေးတစ်ခု ဖြစ်ပေါ်သွား၏။
“တကယ်တော့ ငါက အမြဲတမ်း အမှန်အတိုင်းပဲ ပြောပြတာပါ... ဘာလို့ လူတွေက အမြဲတမ်း မယုံကြတာလဲ...”
လော့ချန်က ခပ်ဖွဖွ ခေါင်းခါယမ်းလိုက်ရင်း ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်၏။ ဓားအလင်းတန်းမှာ တိမ်တိုက်များကြားမှ ထိုးဖောက်လာသော နေရောင်ခြည်နှယ် ဝင်းလက်သွားပြီး ထိုလေဟာနယ် အက်ကြောင်းကို နှစ်ပိုင်း ပိုင်းဖြတ်သွားတော့သည်။
ဝတ်စုံပြာနှင့်လူငယ်မှာ မျက်လုံးများ ပြူးထွက်သွားရကာ ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ ဓားစွမ်းအင်မှာ သူ၏ အကာအကွယ် ချီစွမ်းအင်ပေါ်သို့ အပြင်းအထန် ကျရောက်သွားသည်ကို မြင်တွေ့လိုက်ရတော့သည်။
ဓားအလင်းတန်း ဖြတ်သန်းသွားပြီးနောက် ဝတ်စုံပြာနှင့်လူငယ်၏ ကိုယ်ဟန်မှာ တုံ့ခနဲ ဖြစ်သွားပြီးနောက် သူ၏ခန္ဓာကိုယ်မှာ လေထဲတွင်ပင် နှစ်ပိုင်း ကွဲထွက်သွားကာ သွေးများမှာ မြေပြင်ပေါ်သို့ စီးကျလာလေ၏။
“ညီလေး လု...”
အမြဲတမ်း တည်ငြိမ်လှသော ရန်ဝမ်ချန်ပင်လျှင် ဤမြင်ကွင်းကြောင့် မှင်တက်မိသွားရပြီး စိတ်ထဲမှလည်း ပြင်းပြင်းထန်ထန် ထိတ်လန့်သွားသည်။ ပဉ္စမအဆင့် သန်မာသူဖြစ်သော ညီလေးလုမှာ ဓားတစ်ချက်တည်းနှင့် အသတ်ခံလိုက်ရသည် မဟုတ်ပါလော။
ဟန်ကြီကြပ်ရေးမှူးနှင့် ကျန်ရှိသော အမျိုးသမီးတပည့်မှာမူ တစ်ကိုယ်လုံး အေးစက်သွားကြတော့သည်။
“ဒီကောင်က သာမန်မဟုတ်ဘူး... အတူတူ သတ်ကြမယ်...”
အခြေအနေ မဟန်တော့သည်ကို သိရှိသွားသဖြင့် ရန်ဝမ်ချန်က အော်ဟစ်လိုက်ရင်း သူ၏ ကြယ်ခုနစ်ပွင့် သိုင်းဝိညာဉ်ကို ထုတ်ဖော်လိုက်ရာ အလွန်တရာ ထိတ်လန့်ဖွယ်ရာ ချီစွမ်းအင် လှုပ်ခတ်မှုများမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး လေထုမှာပင် စေးပျစ်လာတော့သည်။ မြေပြင်မှာပင် ထိုဖိအားကို တောင့်မခံနိုင်တော့ဘဲ အက်ကွဲလာ၏။
“ဟင်... ဒီအရှိန်အဝါကတော့ သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့်ကို ချိုးဖြတ်ဖို့ သိပ်မဝေးတော့ဘူးပဲ...”
လော့ချန်က မျက်ခုံးတစ်ချက် ပင့်လိုက်သော်လည်း သူ၏မျက်နှာတွင် ကြောက်ရွံ့မှုအရိပ်အယောင် လုံးဝ မရှိချေ။ ထက်မြက်လှသော ဓားအဟုန်ဖြင့် ထိုသုံးဦးလုံးကို လွှမ်းခြုံထားလိုက်ရင်း ဆက်ပြောလိုက်သည်။
“အတူတူ လာခဲ့ကြလေ... တစ်ယောက်ချင်း သတ်နေရတာ ပျင်းဖို့ကောင်းတယ်...”
“မောက်မာလှချည်လား... သေစမ်း...”
ရန်ဝမ်ချန်သည် လော့ချန်မှာ လွန်စွာ အန္တရာယ်များကြောင်း အာရုံခံမိသဖြင့် အမြန်ဆုံး အနိုင်ယူရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ဆံနွယ်ရှည်များမှာ လေထဲတွင် ဝဲပျံနေပြီး ကုန်းပြင်မြင့်ပေါ်မှ ခုန်တက်ကာ တောင်တန်းပုံရိပ်ယောင်များ ပါဝင်နေသော ကန်ချက်တစ်ခုဖြင့် လော့ချန်ကို အထက်စီးမှနေ၍ နင်းခြေလိုက်သည်။
လေထုမှာ အဆင့်ဆင့် ပေါက်ကွဲသွားပြီး ပြင်းထန်လှသော ရိုက်ခတ်မှုများမှာ အဆုံးမရှိသကဲ့သို့ ခံစားရသဖြင့် ဤကန်ချက်၏ စွမ်းအားမှာ မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းသည်ကို သိမြင်နိုင်သည်။
“ကြယ်တာရာကြွေကျခြင်း...”
လော့ချန်သည် သာမန်အခြေအနေတွင် သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့်၏ ထိပ်သီးသန်မာသူနှင့် မည်မျှ ကွာခြားသနည်းဟု စမ်းသပ်လိုသဖြင့် ချီစွမ်းအင်များကို လှုံ့ဆော်ကာ ဓားတစ်ချက် အပြင်းအထန် ပိုင်းဖြတ်လိုက်၏။
“ဘုန်း...”
ရေတံခွန်နှယ် ဓားစွမ်းအင်မှာ ကန်ချက်အဟုန်ပေါ်သို့ ကျရောက်သွားပြီး မိုးကြိုးပစ်သံနှယ် အသံကြီး ထွက်ပေါ်လာကာ တစ်ခုလုံးသော ဟင်းလင်းပြင်မှာ ပြင်းထန်စွာ တုန်ခါသွားတော့သည်။
လော့ချန်နှင့် ရန်ဝမ်ချန်တို့မှာ တစ်ပြိုင်နက်တည်း နောက်သို့ လွင့်စင်သွားကြ၏။ ရန်ဝမ်ချန်မှာ ခြေလှမ်း ဆယ်လှမ်းခန့် ဆုတ်ခွာသွားရသည်။ လော့ချန်မှာမူ မီတာ ၁၀၀ ကျော်ခန့်အထိ နောက်သို့ လွင့်စင်သွားခဲ့ရသည်။
“သေစမ်း...”
လော့ချန်မှာ အောက်စည်း ရောက်သွားသည်ကို မြင်လိုက်ရသည့် တစ်ခဏမှာပင် လျှပ်ယွမ်ဂိုဏ်း အမျိုးသမီးတပည့်က အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ ဓားနှစ်စင်းကို ကိုင်ဆောင်လျက် ငွေရောင်နဂါးနှစ်ကောင်နှယ် ဘယ်ဘက်မှနေ၍ လော့ချန်ကို ဝိုင်းရံတိုက်ခိုက်သည်။
လော့ချန်က လှည့်မကြည့်ဘဲ ဘယ်ဘက်လက်သီးကို တင်းတင်းဆုပ်လိုက်ရာ အရေပြားပေါ်တွင် ရွှေရောင်အလင်းတန်းများ မှိန်ပျပျ ထွက်ပေါ်လာပြီး လက်သီးတစ်ချက် အပြင်းအထန် ထိုးနှက်လိုက်၏။
“ဘုန်း...”
သူ လက်သီးထိုးလိုက်သည့် တစ်ခဏတွင် ကျယ်ပြောလှသော မြစ်ကြီးတစ်စင်းနှယ် အရှိန်အဝါများမှာ တဟုန်းဟုန်း တိုးထွက်လာတော့သည်။ လက်သီးအဟုန်မှာ ဓားနှစ်စင်းပေါ်သို့ တိုက်ရိုက် ကျရောက်သွားပြီးနောက် ထိတ်လန့်ဖွယ်ရာ အသံကြီး ထွက်ပေါ်လာကာ ကြီးမားလှသော အင်အားကြောင့် ဓားနှစ်စင်းမှာလည်း ပြင်းထန်စွာ တွန့်လိမ်သွားသည်။
အမျိုးသမီးတပည့်မှာမူ အော်ဟစ်လိုက်ရပြီး သွေးများ ပန်းထွက်လျက် လက်မောင်းနှစ်ဖက်စလုံးမှာ ထိုနေရာမှာတင် ကျိုးကြေသွားကာ တစ်ကိုယ်လုံးမှာ ကြွေလွင့်သွားသော ကြယ်တစ်ပွင့်နှယ် နောက်သို့ လွင့်စင်သွားပြီး မြေပြင်ပေါ်တွင် ကျင်းကြီးတစ်ခု ဖြစ်သွားအောင် ပြုတ်ကျသွားတော့သည်။
သူမမှာ နှာခေါင်း၊ မျက်စိ၊ ပါးစပ်တို့မှ သွေးများ ထွက်လာပြီး ထိုနေရာမှာတင် အသက်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
ခန္ဓာသန့်စင်ကန်တွင် ကျင့်ကြံပြီးနောက် လော့ချန်၏ ခန္ဓာကိုယ် အင်အားမှာ နှစ်ဆမျှ တိုးတက်လာခဲ့ပြီး လက်သီးတစ်ချက်လျှင် ပေါင် လေးငါးသန်းခန့် အင်အား ရှိနေပြီ ဖြစ်သဖြင့် သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့်ရှိ ခန္ဓာကိုယ်ကျင့်ကြံသူ ပါရမီရှင်များနှင့်ပင် ယှဉ်နိုင်သည်။ သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့် အလယ်အလတ် သန်မာသူမျိုးဆိုပါမူ လက်သီးတစ်ချက်လျှင် တစ်ယောက်နှုန်းသာ ဖြစ်ပေတော့မည်။
အခန်း (၄၆၇) ပြီးပါပြီ။
အခန်း ၄၆၈ - ခွေးတစ်ကောင် ကြောင်တမြီးမှ မကျန်စေရ... အဆုံးမဲ့ပျက်သုဉ်းခြင်း...
“ဘုန်း...”
လေထုကို ခြေထောက်ဖြင့် တစ်ချက်နင်းခြေလိုက်ရင်း လော့ချန်သည် သူ၏ကိုယ်ဟန်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ ဓားဆန္ဒနှင့် ဆန်းကြယ်နဂါးကျင့်စဉ်ကို အသုံးမပြုဘဲနှင့်မူ သူသည် ယခုလောလောဆယ် သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူကို မနည်းတောင့်ခံနိုင်ရုံမျှသာ ရှိသေးသည်။ လော့ချန်သည် စိတ်ထဲမှ အကဲဖြတ်လိုက်သည်။ သို့သော် ဤနေရာတွင် သူဆိုလိုသည့် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူမှာ ရန်ဝမ်ချန်ကဲ့သို့ ကြယ်ခုနစ်ပွင့် သိုင်းဝိညာဉ်ကို နိုးကြားထားသည့် ဂိုဏ်း၏ပါရမီရှင်မျိုးကို ဆိုလိုခြင်း ဖြစ်သည်။
“ညီမလေး ချိ...”
မီတာ ၁၀၀ ခန့်အကွာရှိ ကောင်းကင်ယံတွင် ရန်ဝမ်ချန်သည် အမျိုးသမီးတပည့်မှာ လော့ချန်၏ လက်သီးတစ်ချက်ဖြင့် အသတ်ခံလိုက်ရသည်ကို မြင်လိုက်ရသည့်အခါ မျက်လုံးများ နီမြန်းလာပြီး ဦးနှောက်မှာလည်း မီးတောက်လောင်သကဲ့သို့ ဖြစ်သွားသည်။
သူသည် ကြယ်ခုနစ်ပွင့် သိုင်းဝိညာဉ်ကို နိုးကြားထားသူဖြစ်ကာ ကျင့်ကြံမှုမှာလည်း ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ သတ္တမအဆင့်သို့ ချိုးဖြတ်ရန်ပင် သိပ်မဝေးတော့ချေ။ ထိပ်တိုက်ရင်ဆိုင်ရာတွင် သွေးကြောနိုးကြားမှုနယ်ပယ် တတိယအဆင့် အထွတ်အထိပ်မှာပဲ ရှိသေးသည့် လော့ချန်၏ နောက်သို့ လွင့်စင်သွားအောင် အဖိနှိပ်ခံလိုက်ရရုံတင်မကဘဲ မိမိ၏ မျက်စိရှေ့တွင်ပင် ဂျူနီယာညီမလေး အသတ်ခံလိုက်ရသည် မဟုတ်ပါလော။ ဤအချက်က အမြဲတမ်း တည်ငြိမ်လှသော ရန်ဝမ်ချန်ကို ရူးသွပ်သွားစေတော့သည်။
“ဟေ့ကောင်... ဒီနေ့တော့ မင်း သေကို သေရမယ်... တောင်ဖြိုပိုင်းဖြတ်ခြင်း...”
ရူးသွပ်မှုနှင့်အတူ ရန်ဝမ်ချန်သည် သူ၏ ချီစွမ်းအင်အားလုံးကို အစွမ်းကုန် ပေါက်ကွဲစေလိုက်ရာ ကိုယ်ပေါ်တွင် တောင်တန်းပုံရိပ်ယောင်များ အဆင့်ဆင့် ထွက်ပေါ်လာတော့သည်။ သူသည် လော့ချန်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားပြီး ခြေတစ်ဖက်ကို မြင့်မားစွာ မြှောက်လိုက်ရာ တောင်တန်းပုံရိပ်ယောင်များမှာ ကန်ချက်အဟုန်အတွင်းသို့ နစ်ဝင်သွားပြီး ခန္ဓာကိုယ်ကို လှည့်ပတ်လျက် လော့ချန်ကို အထက်မှနေ၍ အပြင်းအထန် နင်းခြေချလိုက်သည်။
“ဘုန်း...”
တောင်တန်းပုံရိပ်များ ကြေမွသွားပြီး တောင်တစ်လုံးနှယ် ကြီးမားသည့် ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ အရာရာကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားဖြင့် အပြင်းအထန် ကျရောက်လာတော့သည်။ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ တဖြည်းဖြည်း တည်ငြိမ်သွားပြီးနောက် ပြိုကွဲပျက်စီးသွားကာ ကွေ့ကောက်နေသည့် အမည်းရောင် လေဟာနယ် အက်ကြောင်းတစ်ခု ဖြစ်ပေါ်သွားသည်။
“ဓားသိုင်းနဲ့ ကန်ချက် ပေါင်းစပ်ထားတာလား... မဆိုးဘူးပဲ...”
လော့ချန်၏ မျက်လုံးများတွင် ချီးကျူးသည့် အမူအရာများ ပေါ်လာသည်။ ဤလူမှာ ကြယ်ခုနစ်ပွင့် သိုင်းဝိညာဉ်ကို နိုးကြားထားသည့် ပါရမီရှင်ဖြစ်သည်နှင့်အညီ သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့် သန်မာသူများထဲတွင် သေချာပေါက်ပင် ထိပ်တန်းအဆင့် ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ယနေ့တွင်မူ ကံမကောင်းအကြောင်းမလှစွာဖြင့် သူသည် လော့ချန်နှင့်မှ တွေ့ဆုံခဲ့ရပြီ ဖြစ်သည်။
“၄၀ ရာနှုန်း ဓားဆန္ဒ... နတ်ဆိုးမုန်တိုင်း...”
လော့ချန်သည် ထပ်မံ၍ ဖုံးကွယ်မထားတော့ဘဲ ထိတ်လန့်ဖွယ်ရာ ထက်မြက်မှုများမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး ဟင်းလင်းပြင်တွင် ဓားအရိပ်များ ပေါ်ထွက်လာကာ ကောင်းကင်ယံရှိ တိမ်တိုက်ကြီးမှာပင် အပေါက်ကြီးတစ်ခု ဖြစ်သွားရတော့သည်။ ကမ္ဘာမြေကို တုန်ခါစေလျက် နတ်ဆိုးမုန်တိုင်း တစ်ကွက်ကို ထုတ်သုံးကာ ပိုင်းဖြတ်လိုက်တော့သည်။
ဓားဆန္ဒ၏ ပံ့ပိုးမှုအောက်တွင် ဓားစွမ်းအင် လေဆင်နှာမောင်းမှာ အမျက်ထွက်နေသည့် နဂါးကြီးတစ်ကောင်နှယ် ရှိနေပြီး တောင်တန်းကန်ချက် အဟုန်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
ဟင်းလင်းပြင်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး တောင်တန်းကန်ချက် အဟုန်မှာ တစ်ခဏအတွင်း မှိန်ဖျော့သွားကာ အဆင့်ဆင့် ပျက်စီးသွားတော့သည်။ ရန်ဝမ်ချန်၏ မျက်ဝန်းအိမ်မှာ ပြင်းထန်စွာ တုန်လှုပ်သွားရပြီး မိမိ၏ မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်နေသည်။ ဤသည်မှာ သူ၏ အပြင်းထန်ဆုံး တိုက်ကွက် မဟုတ်ပါလော။ မည်သို့ဖြစ်၍ မတားဆီးနိုင်ရသနည်း။
“ဖူး...”
တောင်တန်းကန်ချက် အဟုန်မှာ တစ်ခဏအတွင်း ကြေမွသွားပြီး ဓားစွမ်းအင် လေဆင်နှာမောင်း၏ ရိုက်ခတ်မှုက ရန်ဝမ်ချန်ကို နောက်ဘက်ရှိ တောင်ကုန်းပေါ်သို့ ပြင်းထန်စွာ လွင့်စင်သွားစေတော့သည်။
“ဘုန်း...”
တောင်ကုန်းမှာ ပြိုကျပျက်စီးသွားပြီး တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသည့် ရန်ဝမ်ချန်မှာ ပြန်လည် ထွက်ပေါ်လာသည်။ သူ၏မျက်လုံးများမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပြီး တိုက်ခိုက်လိုသည့် စိတ်ဆန္ဒ လုံးဝ မရှိတော့ပေ။ အပြင်းထန်ဆုံး တိုက်ကွက်မှာပင် တစ်ခဏအတွင်း ချေမှုန်းခံလိုက်ရသဖြင့် သူ မည်သို့ ဆက်လက် တိုက်ခိုက်ရဲပါမည်နည်း။ တစ်ဖက်လူမှာ သန်မာလွန်းလှသဖြင့် သူ မြင်ဖူးသမျှထဲတွင် အကြောက်ရဆုံးသော သတ္တဝါကြီးတစ်ကောင်နှယ်ပင်။
“ဝှစ်...”
အရှိန်ကို အစွမ်းကုန် မြှင့်တင်လိုက်ရင်း ရန်ဝမ်ချန်သည် အဝေးသို့ တိုက်ရိုက် ထွက်ပြေးလေသည်။
“ဘယ်ကို ပြေးမလို့လဲ...”
လော့ချန်သည် ကြိုတင်ကာကွယ်ထားပြီး ဖြစ်သဖြင့် တောင်ကုန်း၏ အထက်တွင် ပေါ်လာကာ ကြယ်တာရာကြွေကျခြင်း တစ်ကွက်ကို ထုတ်ကာ ပိုင်းဖြတ်လိုက်တော့သည်။
“ဘုန်း...”
ဓားစွမ်းအင်မှာ ရေတံခွန်သဖွယ် ကောင်းကင်မှ ကျဆင်းလာသော အလင်းတန်းတစ်ခုနှယ် ရှိနေပြီး ထက်မြက်မှုများမှာ အရပ်မျက်နှာအနှံ့သို့ ဖြာထွက်လျက် ရန်ဝမ်ချန်၏ အကာအကွယ် ချီစွမ်းအင်ပေါ်သို့ အပြင်းအထန် ကျရောက်သွားသည်။ တစ်ခဏမျှသာ တောင့်ခံနိုင်ပြီးနောက် အကာအကွယ် ချီစွမ်းအင်မှာ ကွဲအက်သွားကာ ရန်ဝမ်ချန်၏ ညာဘက်လက်မောင်းမှာ ပြတ်တောက်သွားပြီး ခန္ဓကိုယ်သည်လည်း ကြွေလွင့်သွားသည့် ကြယ်တစ်ပွင့်နှယ် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
“အား...”
ပြင်းထန်လှသော နာကျင်မှုကြောင့် ရန်ဝမ်ချန်မှာ နာကျင်စွာ အော်ဟစ်လိုက်ရပြီး လော့ချန်ကို မော့ကြည့်လိုက်သည့်အချိန်၌ သူ၏ ထိတ်လန့်မှုများမှာ နာကျည်းချက်များအဖြစ် ပြောင်းလဲသွားတော့သည်။
“တောက်... မင်းက ရှောင်လျဲ့ကို အသုံးမကျသူဖြစ်အောင် လုပ်ခဲ့သလို ငါတို့ တပည့်ကြီးငါးဦးကိုလည်း သတ်ခဲ့တယ်... မင်းသာ ငါ့ကို သတ်ရင် ငါ့ရဲ့ ဆရာ ကောင်ကျင်လျဲ့က မင်းကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး...”
လော့ချန်သည် ကောင်းကင်မှ တစ်လှမ်းချင်း ဆင်းသက်လာခဲ့ပြီး သူ၏မျက်နှာမှာ တည်ငြိမ်အေးစက်နေတော့သည်။
“ကောင်ကျင်လျဲ့က ငါ့ကို သတ်ဖို့ စိတ်ကူးရှိပြီးသားပဲလေ... မင်းကို မသတ်ရင်ရော သူက ငါ့ကို လွှတ်ပေးမှာတဲ့လား... ဆန့်ကျင်ဘက်အနေနဲ့ မင်းကို သတ်လိုက်ရင်တော့ ဒီနေ့ကိစ္စကို ဘယ်သူမှ သိမှာ မဟုတ်တော့ဘူး... ဘယ်သူက ကိုယ့်အတွက် နောက်ဆက်တွဲ ပြဿနာတွေ ချန်ထားမှာလဲ... မင်း အေးအေးဆေးဆေးပဲ လှမ်းထွက်လိုက်ပါ... နောက်ဘဝကျရင်တော့ မျက်စိကို သေသေချာချာ ဖွင့်ထားဖို့ မမေ့နဲ့ဦး...”
“မင်း...”
ရန်ဝမ်ချန်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။ သူသည် ယနေ့တွင် သေရမည်ကို သိရှိသွားခဲ့ပြီ ဖြစ်သည်။ မိမိ၏ တောက်ပလှသော အနာဂတ်မှာ ယနေ့တွင် ဤလူသူကင်းမဲ့သော တောင်ကုန်းပေါ်၌ အဆုံးသတ်ရမည်ကို တွေးမိလိုက်သည့်အခါ သူသည် အလွန်အမင်း နောင်တရသွားကာ ကောင်းကင်ကို မော့ကြည့်လျက် အော်ဟစ်လိုက်တော့သည်။
“ဆရာက ကျွန်တော့်ကို ဒုက္ခပေးလိုက်...”
“ဖူး...”
စကားပင် မဆုံးသေးမီမှာပင် အသံမှာ တုံ့ခနဲ ရပ်တန့်သွားတော့သည်။ ဓားစွမ်းအင် တစ်ခုက သူ၏ ဦးခေါင်းကို ဖြတ်တောက်လိုက်သဖြင့် သွေးများမှာ ဦးခေါင်းမရှိတော့သော လည်တိုင်မှနေပြီး မီတာ ဆယ်ဂဏန်းခန့်အထိ အထက်သို့ ပန်းထွက်သွားတော့သည်။
“ဒီလို ဖြစ်မယ်မှန်း သိရင်... အစကတည်းက မလုပ်ခဲ့သင့်ဘူး...”
လော့ချန်သည် ခေါင်းခါယမ်းလိုက်ရင်း ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်ကာ နောက်ဆုံးကျန်ရှိသော မီးခိုးရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းကို အေးစက်စွာ ကြည့်လိုက်သည်။
“ဘုန်း...”
မီးခိုးရောင်ဝတ်ရုံဝတ် လူလတ်ပိုင်း၏ မျက်နှာမှာ ဖြူဖျော့နေပြီး ခြေထောက်များမှာလည်း ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားတော့သည်။ သူသည် အစောပိုင်းတွင် ရန်ဝမ်ချန်က အသာစီး ရနေသည်ဟု ထင်မှတ်ထားခဲ့သဖြင့် လော့ချန် သေချာပေါက် သေလိမ့်မည်ဟု ယူဆကာ ဘေးမှနေ၍ ကြည့်နေခဲ့ခြင်း ဖြစ်သည်။ အခြေအနေမှာ တစ်ခဏအတွင်းမှာပင် ပြောင်းလဲသွားလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူ ရန်ဝမ်ချန်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အသတ်ခံလိုက်ရသည် မဟုတ်ပါလော။ ဤအရာအားလုံးက သူ့ကို အလွန်အမင်း ထိတ်လန့်သွားစေသဖြင့် ထွက်ပြေးရန်ပင် မတွေးရဲတော့ချေ။ သေချာသည်မှာ သူ၏ သွေးကြောနိုးကြားမှုနယ်ပယ် တတိယအဆင့် ကျင့်ကြံမှုဖြင့် လွတ်မြောက်ရန် မဖြစ်နိုင်သည်ကိုလည်း သူ သိရှိထားသည်။ လော့ချန် တစ်လှမ်းချင်း ချဉ်းကပ်လာသည်ကို မြင်သည့်အခါ ထိုလူမှာ အမြန် ဒူးထောက်လိုက်တော့သည်။
“လော့ချန်... ကျွန်တော့်ကို မသတ်ပါနဲ့... ကျွန်တော့်ကို လုံးဝ မသတ်ပါနဲ့... ကျွန်တော်က ဆွန်မိသားစု သခင်မလေး ဆွန်ကျိုင်နင်ရဲ့ အမိန့်ကြောင့် သူတို့ကို ကူညီဖို့ လာခဲ့တာပါ... မင်းကို သတ်ဖို့ စိတ်ကူး လုံးဝ မရှိပါဘူး...”
“ကျွန်တော့်မှာ ခင်ဗျားရဲ့ အသက်နဲ့ ဆက်စပ်နေတဲ့ သတင်းတစ်ခု ရှိသေးတယ်... မဟုတ်ဘူး... လော့မိသားစုတစ်ခုလုံးရဲ့ ရှင်သန်ခြင်း၊ ပျက်သုဉ်းခြင်းနဲ့ ဆက်စပ်နေတဲ့ သတင်းပါ... ကျွန်တော့်ကို အသက်ချမ်းသာခွင့် ပေးမယ်ဆိုရင် အကုန် ပြောပြပါ့မယ်...”
လော့ချန်၏ မျက်လုံးများမှာ အေးစက်သွားပြီး ဓားအလင်းတန်းများ ဝင်းလက်လာကာ အော်ဟစ်လိုက်သည်။
“ပြောစမ်း...”
ထက်မြက်လှသော ဓားဆန္ဒကြောင့် ထိုလူမှာ ဦးရေပြားများ ထုံကျင်သွားရပြီး နောက်တစ်ခဏတွင် သေရတော့မည့်အလား ခံစားလိုက်ရသဖြင့် သေခြင်းတရားကို ကြောက်ရွံ့သောစိတ်က သူ၏ စိတ်ဓာတ်ကို ချိုးဖောက်သွားကာ အလောတကြီး ပြောလိုက်တော့သည်။
“ကျွန်တော် ပြောပါ့မယ်... ကျွန်တော် ပြောပါ့မယ်... ဆွန်ယင်ယန်က တပည့်ကြီး ငါးဦးကို ခင်ဗျားကို သတ်ခိုင်းတာအပြင် တခြား အစီအစဉ်တွေလည်း ရှိသေးတယ်...”
“သူက အခု တံခါးပိတ် ကျင့်ကြံနေတာက ဒဏ်ရာ ကုသဖို့တင် မကဘဲ သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့်ကို ချိုးဖြတ်ဖို့ပါ... သူ တံခါးပိတ် ကျင့်ကြံမှုကနေ ထွက်လာတဲ့နေ့ကျရင် လူတွေကို ခေါ်ပြီး မင်းတို့ လော့မိသားစုကို ကိုယ်တိုင် သွားရောက် ဖျက်ဆီးပစ်လိမ့်မယ်တဲ့... လော့မိသားစုကို ဒီကမ္ဘာပေါ်ကနေ အမြစ်ပြတ်အောင် ရှင်းပစ်ပြီး ခွေးတစ်ကောင် ကြောင်တမြီး မကျန်စေရဘူးတဲ့... ဆွန်ချွမ်ဝူ အတွက် လက်စားချေဖို့ပေါ့...”
“မင်း ဘာပြောလိုက်တယ်...”
လော့ချန်၏ မျက်လုံးများတွင် အန္တရာယ်ရှိသော အလင်းတန်းများ ဖြာထွက်လာပြီး ဒေါသနှင့် သတ်ဖြတ်လိုစိတ်များက ဓားဆန္ဒနှင့်အတူ သူ၏ ပတ်ဝန်းကျင်တွင် ပြင်းထန်စွာ ဝဲပျံနေတော့သည်။ သူ၏ နဖူးပေါ်မှ အကြောများမှာလည်း တဖျတ်ဖျတ် လှုပ်ခတ်နေကာ သွားကို တင်းတင်းကြိတ်လျက် မေးလိုက်သည်။
“ဆွန်ယင်ယန်က တကယ်ပဲ အဲ့ဒီလို လုပ်ဖို့ စိတ်ကူးနေတာလား... သွေးကြောနိုးကြားမှုနယ်ပယ်ရဲ့ ရန်ငြိုးရန်စတွေက မိသားစုဝင်တွေကို မထိခိုက်ရဘူးဆိုတဲ့ စည်းမျဉ်းကိုတောင် သူ ဂရုမစိုက်တော့ဘူးလား...”
သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများသည် သာမန်လူသားများ၏ အဆင့်အတန်းထက် ကျော်လွန်နေပြီဖြစ်ကာ စွမ်းအားမှာလည်း အလွန်ပင် ပြင်းထန်လှသည်။ သာမန်လူသားများသည် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတစ်ဦး၏ ရှေ့တွင် ပုရွက်ဆိတ်များနှယ် သေးငယ်လှပေသည်။ တစ်ချက်တည်းနှင့်ပင် သေဆုံးနိုင်သည်။ သွေးမိုးများ မရွာသွန်းစေရန်အတွက် သွေးကြောနိုးကြားမှုနယ်ပယ်ရှိ သတ်ဖြတ်မှုများကို သွေးကြောနိုးကြားမှုနယ်ပယ် အချင်းချင်းသာ ဖြေရှင်းကြပြီး သာမန်မိသားစုဝင်များကို မထိခိုက်စေရဟူသော စည်းမျဉ်းမှာ တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
မဟုတ်ပါက အဆုံးမရှိသော သတ်ဖြတ်မှုများသာ ဖြစ်ပေါ်လာပေလိမ့်မည်။ လော့ချန်သည် ဆွန်ယင်ယန်က ဤမျှအထိ ရူးသွပ်ပြီး ရက်စက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ လူသားချင်း စာနာမှုမရှိသော လုပ်ရပ်မျိုးကို လုပ်ဆောင်ကာ သူတို့ လော့မိသားစုတစ်ခုလုံးကို သတ်ဖြတ်ရန် ကြိုးစားနေသည်လား။ လော့ချန်၏ အကြည့်ကြောင့် ထိုလူမှာ တစ်ကိုယ်လုံး တုန်ယင်နေပြီး ဝိညာဉ်ပင် လွင့်စင်သွားတော့မည့်အလား ခံစားလိုက်ရသဖြင့် အတည်ပြုလိုက်တော့သည်။
“ဒီကိစ္စက သခင်မလေး ဆွန်ကျိုင်နင် ပြောတာကို ကျွန်တော် ကိုယ်တိုင် ကြားခဲ့တာပါ... အမှန်တကယ်ပါပဲ...”
“လော့ချန်... ကျွန်တော်က ဆွန်မိသားစုရဲ့ အပြင်စည်းအကြီးအကဲ တစ်ယောက်ပါ... ဆွန်မိသားစုဝင် မဟုတ်ပါဘူး... ကျွန်တော့်ကို အသက်ချမ်းသာခွင့် ပေးမယ်ဆိုရင် ကျွန်တော် ဆွန်မိသားစုကနေ ချက်ချင်း နုတ်ထွက်ပြီး တာယွဲ့မင်းဆက် ကနေ ထွက်သွားပါ့မယ်... ဘယ်တော့မှ ပြန်မလာတော့ပါဘူး...”
“ဘုန်း...”
သူ၏ စကားမဆုံးသေးမီမှာပင် လက်သီးအဟုန်တစ်ခု ကျရောက်လာပြီး ထိုလူမှာ တစ်ခဏအတွင်း အပိုင်းပိုင်း ကွဲထွက်သွားကာ သွေးများ ပြန့်ကျဲသွားပြီး သူ၏ အသက်မှာလည်း ထိုနေရာမှာတင် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။
“နောက်ကျသွားပြီ... အချို့သော လမ်းတွေကို မှားပြီး မလျှောက်သင့်ဘူး... ခြေလှမ်းတစ်လှမ်း မှားသွားတာနဲ့ အဆုံးမဲ့ပျက်သုဉ်းခြင်းပဲ...”
လော့ချန်၏ မျက်နှာမှာ အေးစက်နေပြီး သူ၏ မျက်လုံးများတွင်လည်း အေးစက်သော အလင်းတန်းများမှာ တဖျတ်ဖျတ် လှုပ်ခတ်နေတော့သည်။
အခန်း (၄၆၈) ပြီးပါပြီ။