အခန်း (၄၆၉-၄၇၁)
Vol. 32 Ch. 469-471
အခန်း ၄၆၉ - အရူးအမူး လက်စားချေခြင်း... သွေးဝိညာဉ်ဂိုဏ်းမှ သန်မာသူ...
“ဟဲဟဲ... ဆွန်ယင်ယန်...”
မီးခိုးရောင်ဝတ်ရုံဝတ်လူလတ်ပိုင်းကို သတ်ဖြတ်လိုက်သော်လည်း လော့ချန်၏စိတ်မှာ တည်ငြိမ်မသွားသေးဘဲ လက်သီးတစ်ချက် အပြင်းအထန် ထိုးနှက်လိုက်သည်။
“ဘုန်း...”
ဘေးနားရှိ တောင်ကုန်းငယ်တစ်ခုမှာ တစ်ခဏအတွင်း မြေပြန့်အတိ ဖြစ်သွားသည်။
“ကောင်းပြီ... မင်းက ငါ့ရဲ့လော့မိသားစုကို ဖျက်ဆီးချင်တယ်ဆိုမှတော့... ငါလည်း မင်းရဲ့ ဆွန်မိသားစုတစ်ခုလုံးကို မင်းနဲ့အတူ သေဖော်အဖြစ် ထည့်ပေးလိုက်မယ်...”
လော့ချန်၏အကြည့်မှာ အေးစက်လှပြီး ကိုယ်ပေါ်တွင် သတ်ဖြတ်လိုသည့်အရှိန်အဝါများ ဆူဝေနေသည်။ သူသည် စည်းမျဉ်းများကို တိတိကျကျလိုက်နာတတ်သည့် လူတစ်ယောက်မဟုတ်ပေ။ ရန်သူနှင့်ပတ်သက်လာလျှင် သူလုပ်ဆောင်မည့်အရာမှာ တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ အစွဲအလန်းကြီးစွာဖြင့် လက်စားချေရန်ပင် ဖြစ်သည်။ ဆွန်ယင်ယန်က စည်းမျဉ်းများကို မလိုက်နာလျှင် သူသည်လည်း မည်သည့်ညှာတာမှုကိုမျှ ပြသနေတော့မည်မဟုတ်ပေ။
ယခုအချိန်တွင် လော့ချန်သည် အိမ်မှထွက်လာစဉ်က အဘိုးဖြစ်သူ ထပ်ကာတလဲလဲ မှာကြားခဲ့သည့် စကားကို နားလည်သွားခဲ့ပြီ ဖြစ်သည်။ လောကတွင် အန္တရာယ်များလှသည်... သတ်သင့်လျှင် သတ်ရမည်ဖြစ်ကာ အမြစ်ပြတ်အောင် ရှင်းပစ်ရမည်သာ။
“သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့်ကို အမြန်ဆုံး ချိုးဖြတ်ရမယ်...”
အသက်ကို ပြင်းပြင်းတစ်ချက်ရှူလိုက်ရင်း လော့ချန်သည် သူ၏စိတ်ကို တည်ငြိမ်အောင်ထားကာ လူလေးဦး၏ ကိုယ်ပေါ်မှ ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး အလောင်းများကို တစ်နေရာတည်းတွင် စုစည်းလိုက်သည်။ ရန်ဝမ်ချန်၏အလောင်းကို ကြည့်ရင်း လော့ချန်၏မျက်လုံးများတွင် အလင်းတန်းများ ဖြာထွက်လာသည်။
“ဒီလူက သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူဖြစ်သလို ကြယ်ခုနစ်ပွင့် အဆင့်မြင့်သိုင်းဝိညာဉ်ကိုလည်း နိုးကြားထားတာလေ... သူ့ရဲ့သိုင်းဝိညာဉ်အနှစ်သာရတွေက သေချာပေါက် အရမ်းပြင်းထန်မှာပဲ...”
အတွေးတစ်ခု ဝင်လာခဲ့သော်လည်း လော့ချန်သည် တစ်ပြိုင်နက်တည်း ဝါးမျိုရန် မစွန့်စားဘဲ တစ်ယောက်ချင်းစီကိုသာ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
“အုန်း...”
ရန်ဝမ်ချန်ဆီသို့ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည့်အခါ လော့ချန်၏ခန္ဓာကိုယ်အတွင်းမှ ပုံရိပ်ယောင် နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး ကျယ်ပြောလှသည့် ဝါးမျိုခြင်းစွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ ရန်ဝမ်ချန်၏ ကြယ်ခုနစ်ပွင့်သိုင်းဝိညာဉ်မှာ သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာပြီး အရှိန်အဝါများမှာ လွန်စွာပြင်းထန်လှကာ လော့ချန်၏ကိုယ်အတွင်းသို့ တိုးဝင်သွားသည်။
“ဘုန်း...”
ကိုယ်အတွင်းသို့ သိုင်းဝိညာဉ် ဝင်ရောက်လာသည်နှင့်အမျှ ပြင်းထန်လှသော လှိုင်းထန်မှု သို့မဟုတ် မီးတောင်ပေါက်ကွဲမှုကြီးတစ်ခုနှယ် တစ်ခဏအတွင်း ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။ ကျယ်ပြောလှသည့် အနှစ်သာရများမှာ လော့ချန်၏ကိုယ်အတွင်း၌ အရှိန်အဟုန်ဖြင့် ပြေးလွှားနေသဖြင့် သူ၏အရေပြားများမှာ ပြင်းထန်စွာ တုန်ခါနေကာ သွေးကြောများမှာလည်း ဖောင်းကားလာလေသည်။
“ဘယ်လောက်တောင် သန်မာတဲ့ အနှစ်သာရတွေလဲ... သိပ်ကိုရမ်းကားလွန်းတာပဲ... အနည်းဆုံး သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အလယ်အလတ် သန်မာသူ ဆယ်ယောက်စာလောက် ရှိတယ်... ဒါမှမဟုတ် ဒီထက်တောင် ပိုဦးမလားပဲ... ငါ့ရဲ့ခန္ဓာကိုယ်က ခန္ဓာသန့်စင်ကန်နဲ့ ဓားဘုရင်ရဲ့ဆန္ဒကြောင့်သာ အကြီးအကျယ်တိုးတက်မလာခဲ့ရင် သေချာပေါက် တောင့်ခံနိုင်မှာမဟုတ်ဘူး...”
လော့ချန်သည် စိတ်ထဲမှ တုန်လှုပ်သွားရပြီး သူ၏သွေးများမှာ ပူပြင်းလှသည့် ချော်ရည်များနှယ် ဖြစ်နေကာ အချိန်မရွေး ပေါက်ကွဲသွားနိုင်သည်ဟု ခံစားနေရသည်။ သူသည် ပေါ့ဆမနေရဲတော့ဘဲ ချီစွမ်းအင်အိမ်တော်ကိုးလုံးကို အစွမ်းကုန်လှုံ့ဆော်လိုက်ကာ ကိုယ်အတွင်းရှိ ပြင်းထန်လှသည့် အနှစ်သာရများကို စတင်စုပ်ယူလိုက်သည်။
အချိန် နာရီဝက်ခန့် ကုန်ဆုံးသွားပြီးနောက် လော့ချန်သည် ထိုပြင်းထန်လှသည့် အနှစ်သာရများကို ငြိမ်သက်သွားစေနိုင်ခဲ့ပြီး မျက်လုံးများကို ဖွင့်လိုက်သည့်အခါ အလင်းတန်းများ ဝင်းလက်နေသည်။
“ကြယ်ခုနစ်ပွင့်သိုင်းဝိညာဉ် ပါရမီရှင်ဆိုတာ တကယ်ကို မတူဘူးပဲ... သူ့ရဲ့သိုင်းဝိညာဉ်အနှစ်သာရက တခြားသူတွေထက် အများကြီး သန်မာတယ်... ဒီအနှစ်သာရတွေကိုသာ သန့်စင်လိုက်မယ်ဆိုရင် ငါသေချာပေါက် သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့်ကို ချက်ချင်းတက်လှမ်းနိုင်မှာပဲ...”
“ဒါပေမဲ့ စတုတ္ထအဆင့်ကို ချိုးဖြတ်နိုင်ရုံနဲ့တင် လုံလောက်ပါ့မလား... ဆွန်ယင်ယန်သာ သတ္တမအဆင့်ကို အောင်မြင်စွာ ချိုးဖြတ်နိုင်ခဲ့မယ်ဆိုရင် သူက သွေးကြောနိုးကြားမှုနယ်ပယ် နှောင်းပိုင်းအဆင့်ကို ရောက်သွားမှာဆိုတော့ စွမ်းအားတိုးတက်မှုက အနည်းအကျဉ်းတင် မဟုတ်ဘူး...”
အတွေးအမျိုးမျိုး ဝင်လာခဲ့သော်လည်း လော့ချန်သည် ချီရှန်မြို့သို့ ပြန်ရောက်သည်နှင့် တံခါးပိတ်ကျင့်ကြံကာ ကျင့်ကြံမှုအဆင့်ကို အစွမ်းကုန်မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။ အာရုံများကို ဖယ်ရှားလိုက်ပြီးနောက် လော့ချန်သည် ကျန်ရှိသော လူသုံးဦး၏ သိုင်းဝိညာဉ်အနှစ်သာရများကို စတင်ဝါးမျိုသည်။ အချိန်အတော်ကြာ ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ ထိုသုံးဦး၏ သိုင်းဝိညာဉ်အနှစ်သာရများမှာ အတော်လေး လွင့်ပြယ်နေခဲ့ပြီ ဖြစ်သည်။ သို့သော် လော့ချန်သည် နှမြောသဖြင့် တစ်ခုချင်းစီကို ဝါးမျိုလိုက်သည်။
နောက်ဆုံးကျန်ရှိသည့် မီးခိုးရောင်ဝတ်ရုံဝတ်လူလတ်ပိုင်းကို ဝါးမျိုနေစဉ်မှာပင်...။
“ဟင်...”
လော့ချန်၏မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် သိုင်းဝိညာဉ်ကို ဝါးမျိုနေစဉ်တွင်လည်း အန္တရာယ်ကို ကာကွယ်ရန်အတွက် ပတ်ဝန်းကျင်ကို အမြဲအာရုံခံနေခြင်း ဖြစ်သည်။ ယခုအခါ အလွန်တရာ အေးစက်လှသည့် အရှိန်အဝါတစ်ခုသည် အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေသည်။
“ဘယ်လောက်တောင် မြန်တဲ့အရှိန်လဲ... သွေးကြောနိုးကြားမှုနယ်ပယ်ထက် သေချာပေါက် သာလွန်တဲ့ သန်မာသူပဲ... မကောင်းတော့ဘူး... ရှောင်တိမ်းဖို့ အချိန်မမီတော့ဘူး...”
လော့ချန် ဤအရှိန်အဝါကို ခံစားမိသည့်အချိန်တွင် တစ်ဖက်လူမှာ မိုင်အနည်းငယ်အကွာတွင်သာ ရှိသေးသော်လည်း သူ နေရာမှ ထရပ်လိုက်သည့် တစ်ခဏမှာပင် အထက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ရာ အရှိန်မှာ မယုံနိုင်လောက်အောင် မြန်ဆန်လှသည်။
“ကျွိ...”
တောက်ပလှသော ကောင်းကင်ယံမှာ ရုတ်တရက် အေးစက်မှောင်မိုက်သွားပြီး စူးရှလှသော အော်ဟစ်သံနှင့်အတူ ဧရာမပုံရိပ်မည်းကြီးတစ်ခုသည် တိမ်တိုက်များကြားမှ ထွက်ပေါ်လာသည်။ လော့ချန် မော့ကြည့်လိုက်သည့် တစ်ခဏတွင် ကျောရိုးများပင် အေးစက်သွားသည်။ ထိုပုံရိပ်မည်းကြီးမှာ ခြေလေးချောင်းပါသည့် ထူးဆန်းသော ငှက်ကြီးတစ်ကောင် ဖြစ်နေသည် မဟုတ်ပါလော။
ထိုငှက်ကြီး၏ ကိုယ်ပေါ်တွင် နီရဲလှသည့် သွေးအငွေ့အသက်များ ဝဲပျံနေပြီး ပုပ်ပွနေသော အသားစများမှာ ဖြူဖွေးလှသည့် အရိုးများပေါ်တွင် တွဲလောင်းကျနေကာ မျက်လုံးနှစ်လုံးမှာလည်း သွေးရောင်မီးအိမ်နှစ်လုံးနှယ် ထူးဆန်းပြီး ယုတ်မာလှသည့် အလင်းတန်းများ ထွက်ပေါ်နေသဖြင့် ကြည့်လိုက်ရုံဖြင့်ပင် ဦးရေပြားများ ထုံကျင်သွားရသည်။ ထိုငှက်ကြီး၏ ကျောပေါ်တွင်လည်း အနက်ရောင်ဝတ်ရုံကို ခြုံထားသည့် လူရိပ်တစ်ခု မတ်တတ်ရပ်နေသည်။
“ကောင်းကင်နယ်ပယ် သန်မာသူလား... မဟုတ်ဘူး... ကျန်းရန်နယ်ပယ် သန်မာသူပဲ... သေချာပေါက် ကျန်းရန်နယ်ပယ် သန်မာသူပဲ... အေးစက်ပြီး နက်နဲလှတဲ့ အရှိန်အဝါကို ကြည့်ရတာ လျှပ်ယွမ်ဂိုဏ်းရဲ့ မဟာအကြီးအကဲ ကျီးတုန်းယွဲ့ထက်တောင် သုံးပုံတစ်ပုံလောက် ပိုပြီး သန်မာဦးမှာပဲ...”
လော့ချန်၏ အာရုံခံစားမှုမှာ မည်မျှအထိ စူးရှသနည်းဆိုလျှင် တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ရောက်လာသူ၏ စွမ်းအားကို အကြမ်းဖျင်း ခန့်မှန်းနိုင်သဖြင့် တစ်ကိုယ်လုံး ကြက်သီးများ ထသွားရကာ လှုပ်ပင် မလှုပ်ရဲတော့ချေ။ ဤကဲ့သို့သော သန်မာသူ၏ ရှေ့တွင် ထွက်ပြေးရန် ကြိုးစားခြင်းမှာ အဓိပ္ပာယ်မရှိတော့ပေ။
“ဘယ်လိုလုပ်ရမလဲ...”
ဤလူ၏ အရှိန်အဝါမှာ ဤမျှအထိ ယုတ်မာနေသည်ကို ကြည့်ရုံနှင့်ပင် စေတနာကောင်းနှင့် လာခြင်းမဟုတ်ကြောင်း ထင်ရှားလှသည်။ လော့ချန်သည် စိတ်ထဲမှ အမြန်စဉ်းစားလိုက်ရင်း သူ၏ဝိညာဉ်အာရုံအတွင်းရှိ တောက်ပလှသော စိမ်းဖန့်ဖန့် ဓားငယ်လေးကို တိတ်တဆိတ် လှုံ့ဆော်လိုက်သည်။ သို့သော်လည်း ထိုစိမ်းဖန့်ဖန့် ဓားငယ်လေးမှာ သူ၏ထိန်းချုပ်မှုကို လုံးဝ နာခံခြင်းမရှိဘဲ မည်သို့ပင် လှုံ့ဆော်ပါစေ လုံးဝ ငြိမ်သက်နေသည်။
“ကြည့်ရတာ ငါ့ရဲ့အသက်ကို ခြိမ်းခြောက်ခံရတဲ့ အချိန်မျိုးကျမှသာ သူက ပေါက်ကွဲထွက်လာမှာ ထင်တယ်...”
လော့ချန်သည် စိတ်ပူနေသော်လည်း ဘာမှမတတ်နိုင်ဘဲ တစ်ဖက်လူ ထွက်ခွာသွားပါစေဟုသာ တိတ်တဆိတ် ဆုတောင်းနေသည်။ ထိုစဉ်တွင် ထိုငှက်ကြီးမှာ တည့်တည့်မတ်မတ် ဆင်းသက်လာခဲ့ပြီ ဖြစ်သည်။
“ဟဲဟဲဟဲ... အဝေးကတည်းက သွေးညှီနံ့ကို ရနေတာ...”
ထိုအနက်ရောင်ပုံရိပ်မှာ ထူးဆန်းစွာ ရယ်မောလိုက်ရင်း အရေပြားနှင့် အရိုးသာ ကျန်တော့သည့် ညိုမည်းလှသော မျက်နှာတစ်ခုကို ထုတ်ဖော်ပြလိုက်ရာ သင်္ချိုင်းထဲမှ ထွက်လာသည့် အလောင်းခြောက်ကြီးတစ်ကောင်နှယ် ရှိနေပြီး မျက်လုံးနှစ်လုံးမှာလည်း သွေးရောင်အလင်းတန်းများ ဖြာထွက်လျက် လော့ချန်ကို စိုက်ကြည့်လိုက်သည်။
“ဘယ်လောက်တောင် သန်မာတဲ့ သွေးစွမ်းအင်လဲ... မင်းလို သွေးကြောနိုးကြားမှုနယ်ပယ် အစောပိုင်း သန်မာသူတစ်ယောက်က ဒီလောက်အထိ သန်မာတဲ့ သွေးစွမ်းအင် ရှိနေတယ်ဆိုတော့... သေချာပေါက် ခန္ဓာကိုယ်ကျင့်ကြံတဲ့ ပါရမီရှင်ပဲ ဖြစ်ရမယ်... မင်းရဲ့ သွေးတွေက သေချာပေါက် ချိုမြိန်မှာပဲ...”
ထိုရယ်မောသံနှင့်အတူ အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးများအတွင်းမှ သွေးရောင်အလင်းတန်းများမှာ မသိမသာ လှုပ်ခတ်သွားပြီး အရှိန်အဝါမှာလည်း အလွန်အမင်း အေးစက်လှသဖြင့် သားကောင်ကို မြင်တွေ့လိုက်ရသည့် တောဝံပုလွေတစ်ကောင်နှယ် ရှိနေသည်။ လော့ချန်၏ စိတ်ထဲမှ မျှော်လင့်ချက်များမှာ ပျက်သုဉ်းသွားရပြီး နှလုံးသားမှာလည်း အေးစက်သွားသည်။
ယခုအချိန်တွင် သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ သူ၏ဝိညာဉ်အာရုံအတွင်းရှိ စိမ်းဖန့်ဖန့် ဓားငယ်လေးသာ ဖြစ်တော့သည်။ နဂါးခေါင်းတောင်ဝှေးနှင့် အဘိုးအို ပေးအပ်ခဲ့သော ထိုအသက်ကယ်ပစ္စည်းလေးမှာ အမှန်တကယ် အစွမ်းပြပါစေဟုသာ သူ ဆုတောင်းနေသည်။ မဟုတ်ပါက ယနေ့တွင် သူ သေချာပေါက် သေရပေလိမ့်မည်။
“ဟင်...”
ထိုအနက်ရောင်ဝတ်စုံနှင့်လူသည် အရိုးစုနှယ်ရှိသည့် သူ၏လက်ကို ဆန့်ထုတ်ကာ လော့ချန်ကို တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း တစ်ခုခုကို ခံစားမိသွားသည့်နှယ် မြေပြင်ပေါ်မှ အလောင်းလေးလောင်းကို သတိထားမိသွားသဖြင့် ရပ်တန့်လိုက်ပြီး လော့ချန်၏ ရှေ့သို့ တစ်ခဏအတွင်း ရောက်ရှိလာသည်။
“ခန္ဓာကိုယ်ထဲက သွေးအနှစ်သာရတွေက အားလုံး ပျောက်ကွယ်နေတာပဲ... သွေးကို သန့်စင်ပြီး ချီအဖြစ် ပြောင်းလဲတဲ့ နည်းလမ်းလား... ကြည့်ရတာ မင်းက ငါတို့ သွေးဝိညာဉ်ဂိုဏ်း ရဲ့ တပည့်ပဲ ဖြစ်ရမယ်...”
ထိုလူသည် အလောင်းများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် လော့ချန်ကို ပြန်လည်ကြည့်လိုက်သည့်အခါ သူ၏ လေသံမှာ တည်ငြိမ်ပြီး ထူးဆန်းနေသည်။ အစောပိုင်းက ရက်စက်လှသည့် လေသံနှင့် လုံးဝ ကွဲပြားသွားကာ ဆက်ပြောလိုက်၏။
“မင်းရဲ့ သွေးစွမ်းအင်က ဘာလို့ ဒီလောက်အထိ သန်မာနေရသလဲဆိုတာ သိပြီပဲ... မင်းရဲ့ကိုယ်ပေါ်မှာ သွေးဝိညာဉ်လေးစားအပ်သူ ရဲ့ အရှိန်အဝါ ရှိနေတာဆိုတော့... သူတို့အနွယ်ဝင် တပည့်တစ်ယောက် ဖြစ်ရမယ်...”
လော့ချန်၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်ခါသွားရသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်စွာဖြင့် ခေါင်းကို အသာအယာ ညိတ်လိုက်သည်။
“ဒီလိုမျိုး သွေးကို သန့်စင်ပြီး ချီအဖြစ် ပြောင်းလဲတဲ့ နည်းလမ်းက လူသိများလွန်းတယ်... ငါတို့ သွေးဝိညာဉ်ဂိုဏ်းက အခုလောလောဆယ် အရှိန်အဝါ သတ်ပြီး စွမ်းအားတွေ စုဆောင်းနေတာဆိုတော့... မင်း သတိထားပြီး သုံးတာ ပိုကောင်းလိမ့်မယ်... မဟုတ်ရင်တော့ တစ်စုံတစ်ယောက်က သိသွားရင် ကပ်ဆိုးကြီး ဆိုက်သွားနိုင်တယ်...”
“ဟုတ်ကဲ့ပါ...”
လော့ချန်၏ စိတ်ထဲတွင် လှိုင်းလုံးကြီးများနှယ် တုန်လှုပ်နေသော်လည်း မျက်နှာတွင်မူ လွန်စွာ တည်ငြိမ်နေသည်။
“ဒါပေမဲ့ ဒီလိုမျိုး သတိထားနေရတဲ့ နေ့ရက်တွေကလည်း သိပ်မကြာတော့ပါဘူး... မကြာခင်မှာပဲ ဒီ တာယွဲ့မင်းဆက် တင်မကဘဲ အရှေ့တိုက်တစ်ခုလုံးက ငါတို့ သွေးဝိညာဉ်ဂိုဏ်းရဲ့ နယ်မြေ ဖြစ်လာတော့မယ်... အဲ့ဒီအချိန်ကျရင်တော့ မင်း ကြိုက်သလောက် သတ်လို့ရသလို ကြိုက်သလောက် သန့်စင်လို့ ရပြီ... ဟဲဟဲဟဲ...”
ထိုလူ၏ မျက်လုံးများတွင် အလင်းတန်းများ လှုပ်ခတ်သွားပြီး လူကို တုန်လှုပ်သွားစေနိုင်သည့် အေးစက်လှသော ရယ်မောသံကို ထုတ်ဖော်လိုက်ကာ အနက်ရောင်ဝတ်ရုံကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။
“ဝှစ်...”
သွေးရောင်အလင်းတန်းတစ်ခုသည် လော့ချန်ဆီသို့ တည့်တည့်မတ်မတ် ပန်းထွက်လာသည်။
အခန်း (၄၆၉) ပြီးပါပြီ။
အခန်း ၄၇၀ - သွေးကျီးကန်းအရှင်သခင်... လော့ချန် ပြန်လာခြင်း...
“ဘုန်း...”
လော့ချန်သည် သွေးရောင်အလင်းတန်းကို လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။ ၎င်းမှာ သွေးရောင်ကျောက်စိမ်းပုလင်းငယ်တစ်ခု ဖြစ်နေသည်။
“ဒါက ဘာလဲ...”
လော့ချန်သည် ရိုသေစွာ မေးမြန်းလိုက်သည်။
“ဆုံတွေ့ရတာက ကံတရားပဲလေ... မင်းက သွေးဝိညာဉ်လေးစားအပ်သူရဲ့ အနွယ်ဝင်တပည့်တစ်ယောက်ဖြစ်သလို ငါ တာယွဲ့မင်းဆက် ကို လာတဲ့လမ်းမှာ ပထမဆုံးတွေ့ရတဲ့ ဂိုဏ်းသားတစ်ယောက်ဆိုတော့ ငါ သွေးကျီးကန်းအရှင်သခင် ကလည်း အရမ်းတော့ လက်တွန့်လို့ မဖြစ်ဘူးပေါ့...”
“ဒီထဲမှာ သွေးဝိညာဉ်ဆေးလုံး ပါတယ်... မင်းရဲ့ အရှိန်အဝါက ပြည့်ဝနေပြီး သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့်ကို တက်လှမ်းတော့မှာဆိုတော့ ဒီဆေးလုံးက မင်းကို နယ်ပယ်ချိုးဖြတ်ဖို့နဲ့ ကျင့်ကြံမှုအဆင့်ကို မြန်မြန်မြှင့်တင်ဖို့ ကူညီပေးလိမ့်မယ်...”
အနက်ရောင်ဝတ်စုံနှင့်လူသည် သာမန်စကားပြောနေလျှင်ပင် အသံမှာ အလွန်တရာ အေးစက်လှပြီး တောငှက်ဆိုးတစ်ကောင် အော်ဟစ်နေသည့်နှယ် ရှိကာ အရိုးများကြားမှ ထွက်ပေါ်လာသော အသံကဲ့သို့ လူကို ထိတ်လန့်သွားစေသည်။
“စီနီယာကို ကျေးဇူးတင်ပါတယ်...”
လော့ချန်သည် လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်ရင်း သွေးရောင်ကျောက်စိမ်းပုလင်းကို သိမ်းဆည်းလိုက်သည်။
“ငါက အခြေစိုက်စခန်းမှာ အစည်းအဝေးသွားတက်မလို့လေ... မင်းလည်း အတူတူ လိုက်မလား...”
အနက်ရောင်ဝတ်စုံနှင့်လူက မေးသည်။ လော့ချန်သည် စိတ်ထဲမှ ထိတ်လန့်သွားသော်လည်း မျက်နှာတွင်မူ မည်သည့်အမူအရာမျှ မပြဘဲ ပြန်လည်ဖြေကြားသည်။
“ကျွန်တော့်မှာ တာဝန်တစ်ခု ရှိနေပါသေးတယ်...”
ထိုလူသည် သံသယမရှိဘဲ ခေါင်းညိတ်လိုက်ရင်း ဆိုလိုက်သည်။
“ဒါဆိုရင်လည်း ကောင်းပြီလေ... မလိုအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် ဒီအလောင်းတွေကို အမြန်ရှင်းလိုက်ဦး...”
“ကူးယွမ်မြို့ က ကိစ္စကြောင့် အနီးအနားက ဂိုဏ်းကြီးတွေက ငါတို့ရှိနေတာကို ရိပ်မိသွားပြီး တိတ်တဆိတ် စုံစမ်းနေကြပြီ... မင်းလည်း အလုပ်လုပ်ရင် သတိထားဦး... အခုက စစ်ပွဲစဖို့ အချိန်မကျသေးဘူး... အချိန်ကောင်းကို စောင့်ရဦးမယ်...”
“ဟုတ်ကဲ့ပါ...”
လော့ချန်က ခေါင်းညိတ်ပြလိုက်သည်။ အနက်ရောင်ဝတ်စုံနှင့်လူသည် ထူးဆန်းသော ငှက်ကြီး၏ကျောပေါ်သို့ ခုန်တက်လိုက်ပြီး ထွက်ခွာရန် ပြင်လိုက်သော်လည်း ရုတ်တရက် ရပ်တန့်သွားကာ အေးစက်လှသော မျက်လုံးများဖြင့် မီးလျှံရတနာမြင်းကို ကြည့်လိုက်သည်။
“လမ်းလျှောက်လာတာ ကြာပြီဆိုတော့ နည်းနည်းတော့ ရေငတ်နေပြီ...”
စကားပြောနေစဉ်မှာပင် သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။ မီးလျှံရတနာမြင်းမှာ လေထဲသို့ ဆွဲတင်ခံလိုက်ရပြီး ဧရာမခန္ဓာကိုယ်ကြီးမှာ တစ်ခဏအတွင်း အပိုင်းပိုင်း ကွဲထွက်သွားကာ သွေးမိုးများမှာ သူနှင့် ငှက်ကြီး၏ကိုယ်ပေါ်သို့ ကျရောက်သွားသည်။ သူသည် သွေးများကို အဝသောက်လိုက်ပြီးနောက် ခေါင်းခါယမ်းလိုက်သည်။
“အရသာက အရမ်းပေါ့တာပဲ... ကောင်လေး... ဒီအနီးအနားမှာ ရွာတွေ ဘာတွေရှိသလားဆိုတာ မင်းသိလား...”
ထိုလူသည် မီးလျှံရတနာမြင်း၏ အလောင်းကို ပစ်ချလိုက်ပြီး လော့ချန်ကို ကြည့်ကာ မေးသည်။ လော့ချန် ပြန်မဖြေမီမှာပင် သူက ခေါင်းခါယမ်းလိုက်ပြန်သည်။
“ထားပါတော့... ငါ့ဘာသာငါပဲ သွားရှာလိုက်မယ်...”
“ကျွိ...”
ခြေလေးချောင်းပါ ငှက်ကြီးမှာ တစ်ချက်အော်ဟစ်လိုက်ရင်း ကောင်းကင်ယံသို့ ပျံတက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားသည်။ ကွဲအက်နေသော တိမ်တိုက်များသာ ကျန်ရစ်သည်။
“ဟူး...”
တစ်ဖက်လူ၏ အရှိန်အဝါကို လုံးဝမခံစားရတော့သည့် အချိန်ကျမှသာ လော့ချန်သည် သက်ပြင်းတစ်ချက်ကို ပြင်းပြင်းထန်ထန် ချလိုက်နိုင်သည်။ သူသည် အလွန်တရာ ထိတ်လန့်သွားခဲ့ရသဖြင့် သတိမထားမိခင်မှာပင် လက်ဖဝါးများ၌ ချွေးစေးများဖြင့် စိုစွတ်နေသည်။
“သွေးဝိညာဉ်ဂိုဏ်း... သွေးကျီးကန်းအရှင်သခင်... ကြည့်ရတာ ကျိတော့ဂိုဏ်း အကြီးအကဲ ပြောတာ မှန်နေပြီပဲ... သွေးဝိညာဉ်ဂိုဏ်းက တကယ်ကို ပြန်လည်နိုးထလာနေပြီ...”
လော့ချန်သည် တွေးတောနေမိရင်း ယခုတင်က သွေးကျီးကန်းအရှင်သခင် ပြောခဲ့သည့် စကားများကို ပြန်တွေးကာ ထိတ်လန့်နေသည်။ သူသည် ဤနေရာတွင် ဆက်လက်မနေရဲတော့ဘဲ ရန်ဝမ်ချန်နှင့် အခြားလူများ၏ အလောင်းများကို မြေအောက်သို့ ရိုက်သွင်းပစ်လိုက်ပြီးနောက် ကောင်းကင်သို့ ပျံတက်လိုက်သည်။
သူသည် သွေးကျီးကန်းအရှင်သခင် ထွက်ခွာသွားသည့်ဘက်ကို ရှောင်ကွင်းလိုက်ပြီး အခြားတစ်ဖက်မှနေ၍ ချီရှန်မြို့ဆီသို့ ဦးတည်သည်။ မိုင်ပေါင်းထောင်ချီ ခရီးနှင်ပြီးသည့်နောက်မှသာ လော့ချန်သည် စိတ်အေးသွားရပြီး ခုနကဖြစ်ပျက်ခဲ့သည်များကို ပြန်လည်စဉ်းစားသည်။ မူလက သူသည် ယနေ့တွင် သေချာပေါက် သေရတော့မည်ဟု ထင်မှတ်ထားခဲ့ပြီး အသက်ကယ်ပစ္စည်းဖြစ်သော စိမ်းဖန့်ဖန့် ဓားငယ်လေး ပေါက်ကွဲထွက်လာမှသာ အသက်ရှင်နိုင်မည့် အခွင့်အရေးရှိမည်ဟု ယူဆခဲ့ခြင်း ဖြစ်သည်။
အမှတ်မထင်ဘဲ တစ်ဖက်လူက သူ့ကို သွေးဝိညာဉ်ဂိုဏ်းဝင် တစ်ယောက်ဟု ထင်မှတ်သွားသဖြင့် ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ရသည်။
“သွေးကျီးကန်းအရှင်သခင်က ငါ့ရဲ့ သွေးကိုသန့်စင်တဲ့ နည်းလမ်းအပြင်... အဓိကက ငါ့ကိုယ်ပေါ်မှာရှိတဲ့ သွေးဝိညာဉ်လေးစားအပ်သူ ရဲ့ အရှိန်အဝါကြောင့် အဲ့ဒီလို ထင်သွားတာပဲ ဖြစ်ရမယ်...”
“သွေးဝိညာဉ်လေးစားအပ်သူ... ဒါဆိုရင် သူက အဲ့ဒီ သွေးရောင်မျက်ဝန်းရဲ့ အရှင်သခင်များလား...”
စဉ်းစားကြည့်သည့်အခါ လော့ချန်သည် ဤအဖြေတစ်ခုကိုသာ တွေ့ရှိသည်။ ယခင်က လင်းမိသားစုမှ ဖိတ်ခေါ်ထားသည့် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူကို အနိုင်ယူပြီး သွေးကို သန့်စင်နေစဉ်အတွင်း ထူးဆန်းပြီး သန်မာလှသည့် ပုဂ္ဂိုလ်တစ်ဦးကို ဒေါသထွက်စေခဲ့သဖြင့် ဝိညာဉ်ပင် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရဖူးသည်။ ကံကောင်းစွာဖြင့် ကိုးရောင်ခြယ်ရတနာက ထိုအရာကို နှိမ်နင်းပေးခဲ့ခြင်း ဖြစ်သည်။
ထိုသွေးရောင်မျက်ဝန်း ပျောက်ကွယ်သွားစဉ်က တစ်ဖက်လူက မိမိကိုယ်ကိုယ် အရှင်သခင်ဟု ခေါ်ဆိုခဲ့သည်ကို လော့ချန် အမှတ်ရနေသည်။
“ကြည့်ရတာ ငါက သွေးဝိညာဉ်ဂိုဏ်းရဲ့ ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို သွားပြီး ရန်စမိတာပဲ...”
လော့ချန်သည် သက်ပြင်းချလိုက်မိသည်။ ထိုသွေးဝိညာဉ်လေးစားအပ်သူက သူ့ကို ရှာတွေ့သည်နှင့် တစ်စစီ ပိုင်းဖြတ်ပစ်မည်ဟု ကျိန်ဆိုထားသည် မဟုတ်ပါလော။
“ပြန်ရောက်တာနဲ့ တံခါးပိတ် ကျင့်ကြံရမယ်...”
လော့ချန်၏ မျက်လုံးများမှာ ခိုင်မာနေသည်။ ယခုရက်ပိုင်းအတွင်း သူ၏ ကျင့်ကြံမှုရော ဓားဆန္ဒပါ အကြီးအကျယ် တိုးတက်လာသည်။ သူသည် မိမိ၏ တိုးတက်မှုနှုန်းမှာ မြန်ဆန်လှသည်ဟု ယူဆကာ စိတ်ထဲမှ အနည်းငယ် ဂုဏ်ယူနေသည်။ သို့သော် သွေးကျီးကန်းအရှင်သခင် ပေါ်လာသည့်အခါတွင်မူ ထိုအရာများမှာ ပျောက်ကွယ်သွားရပြီး ကြီးမားလှသည့် အန္တရာယ်အငွေ့အသက်များက အစားထိုး ဝင်ရောက်လာသည်။
မကြာခင်မှာပင် သွေးဝိညာဉ်ဂိုဏ်းက တာယွဲ့မင်းဆက်တစ်ခုလုံးနဲ့ အရှေ့ကုန်းမြေကြီးကို စိုးမိုးလိမ့်မည်ဟု သွေးကျီးကန်းအရှင်သခင် ပြောခဲ့သည် မဟုတ်ပါလော။ အဲ့ဒီအချိန်ကျရင် သေချာပေါက် သွေးချောင်းစီးမည့် တိုက်ပွဲတွေ ဖြစ်လာလိမ့်မည်။
ထိုနေ့သည် မည်သည့်အချိန်တွင် ရောက်လာမည်နည်း။ ထို့ပြင် ထိုသွေးဝိညာဉ်လေးစားအပ်သူက မည်သည့်အချိန်တွင် ရောက်လာမည်နည်း။ ဤသည်မှာ မည်သူမျှ မသိနိုင်သည့် အရာများပင် ဖြစ်သည်။ ယခု လုပ်ဆောင်နိုင်သည်မှာ အန္တရာယ်ကို ကြိုတင်ကာကွယ်ရန်အတွက် မိမိ၏ စွမ်းအားကို အစွမ်းကုန် မြှင့်တင်ထားရန်သာ ဖြစ်သည်။ ထိုမှသာ နောင်တွင် မိမိကိုယ်ကိုယ် ကာကွယ်နိုင်မည့် စွမ်းအား ရှိပေလိမ့်မည်။
၎င်းအပြင် ဆွန်ယင်ယန်ကိုလည်း အမြန်ဆုံး ရှင်းပစ်ရမည် ဖြစ်သည်။
"ဝှစ်..."
အရှိန်ကို အစွမ်းကုန် မြှင့်တင်လိုက်ရင်း လော့ချန်သည် တစ်လှမ်းလျှင် မီတာ ရာချီ ခရီးနှင်ခဲ့ရာ မီးလျှံရတနာမြင်းထက်ပင် ပိုမိုမြန်ဆန်နေသည်။ အစွမ်းကုန် ခရီးနှင်ခဲ့သဖြင့် ခြောက်ရက်မပြည့်မီမှာပင် လော့ချန်သည် ချီရှန်မြို့သို့ ပြန်လည် ရောက်ရှိလာသည်။
“နှမြောစရာပဲ... မီးလျှံရတနာမြင်း အသတ်ခံလိုက်ရတယ်... အဘိုးကို လက်ဆောင်ပေးဖို့ စိတ်ကူးထားတာလေ... ဒါပေမဲ့ ဒီမှာရှိတဲ့ ရှောက်ချင်းကျင့်စဉ် ကလည်း လုံလောက်ပါတယ်...”
အေးချမ်းနေသည့် ချီရှန်မြို့ကို ကြည့်ရင်း လော့ချန်၏ တင်းမာနေသော စိတ်အာရုံမှာ ပြန်လည်လျော့ကျသွားပြီး မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ ရှောက်ချင်းကျင့်စဉ်မှာ ဆွန်မိသားစုမှ အပြင်စည်းအကြီးအကဲ၏ ကိုယ်ပေါ်မှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ကြယ်ငါးပွင့် အဆင့်မြင့်ကျင့်စဉ်တစ်ခု ဖြစ်သဖြင့် လော့ချန်ကို ဝမ်းသာသွားစေသည်။
မိသားစုအတွင်းရှိ အမြင့်ဆုံးကျင့်စဉ်မှာ ကြယ်သုံးပွင့်အဆင့်ရှိသော ချီလန်ကျင့်စဉ်သာ ဖြစ်သည်။ အဘိုးဖြစ်သူ လော့မင်ရှန်သည် သွေးကြောနိုးကြားမှုနယ်ပယ်သို့ ချိုးဖြတ်ရန် ခက်ခဲနေခြင်းမှာ သူ၏ ပါရမီကြောင့်သာမက ကျင့်စဉ်အဆင့် နိမ့်ကျနေခြင်းကြောင့်လည်း ဖြစ်ပေလိမ့်မည်။ ဤရှောက်ချင်းကျင့်စဉ်မှာ လော့မင်ရှန် ကျင့်ကြံရန်အတွက် အသင့်တော်ဆုံးပင် ဖြစ်သည်။
လော့ချန်သည် ရပ်မနေတော့ဘဲ လော့မိသားစုရှိရာသို့ တိုက်ရိုက် ပျံသန်းသွားသည်။ ချီရှန်မြို့ကဲ့သို့သော မြို့ငယ်လေးတွင် မြို့စားမင်း ယွမ်တောက်ကျန်း မှလွဲ၍ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများမှာ တွေ့ရခဲလှပေသည်။ လော့ချန် ပေါ်လာသည်နှင့်အမျှ တစ်မြို့လုံးမှာ ဆူညံသွားသည်။
“ဘုရားရေ... ကြည့်စမ်း... လူတစ်ယောက် လေပေါ်မှာ ပျံသန်းနေတယ်...”
“သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူပဲ... နတ်ဘုရားလို ပုဂ္ဂိုလ်ကြီးပဲလေ... မြို့စားမင်းလည်း မဟုတ်ဘူးဆိုတော့ ဘယ်သူဖြစ်မလဲ...”
“ဟင်... အဲ့ဒီလူက အရမ်းငယ်တာပဲ... လော့မိသားစုက လော့ချန်နဲ့ တူနေသလိုပဲနော်...”
“တကယ်ပဲ လော့ချန်ပဲ... သူက ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲမှာ နံပါတ်တစ် ရခဲ့သလို သွေးကြောနိုးကြားမှုနယ်ပယ်ကိုလည်း ရောက်သွားပြီတဲ့... ပထမမင်းသားရဲ့ စားသောက်ပွဲမှာလည်း နာမည်ကြီးခဲ့တယ်လို့ ကြားတယ်... ငါ အစက မယုံခဲ့ဘူး... အခုကြည့်ရတာတော့ သတင်းတွေက အမှန်ပဲ ဖြစ်ရမယ်...”
လော့ချန်ဖြစ်ကြောင်း သိသွားသည့်အခါ ချီရှန်မြို့တစ်ခုလုံးမှာ ပွက်လောရိုက်သွားခဲ့ပြီး လူတိုင်း၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ပြည့်နှက်နေခဲ့ကာ အများစုမှာ ကြည်ညိုလေးစားနေကြတော့သည်။ အချို့သောလူများမှာ ဧကရာဇ်မင်းမြတ်ကို ဖူးမြော်ရသည်ထက်ပင် သာလွန်သော ရိုသေမှုများဖြင့် ဒူးထောက် အရိုအသေပေးနေကြသည်။
ဤသည်မှာ အကြွင်းမဲ့ အင်အားကို လေးစားခြင်းပင် ဖြစ်သည်။ သာမန်လူများအတွက်မူ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများမှာ တိမ်တိုက်များပေါ်မှ နတ်ဘုရားများနှယ် ဖြစ်နေခဲ့သည် မဟုတ်ပါလော။
ချီမိသားစုခေါင်းဆောင်သည်လည်း လော့ချန်ကို သတိထားမိသွားသဖြင့် မျက်နှာမှာ ရှုပ်ထွေးသွားသည်။ ချီထင်နှင့် လော့ချန်တို့ စေ့စပ်ကြောင်းလမ်းမှု မအောင်မြင်ခဲ့သည့်အတွက် စိတ်ထဲမှ နောင်တအနည်းငယ် ရသွားသော်လည်း တစ်ခဏအတွင်းမှာပင် ထိုခံစားချက်မှာ ပျောက်ကွယ်သွားသည်။ ချီတင့်မှာ ယခုအခါ ကျင်းဟွမ်ဂိုဏ်း၏ အပြင်စည်းတပည့်တစ်ဦးသာ ဖြစ်ပြီး ကျင့်ကြံမှုမှာလည်း သေမျိုးဖြတ်ကျော်နယ်ပယ်တွင်သာ ရှိသေးသဖြင့် လော့ချန်နှင့် မိုးနှင့်မြေပမာ ကွာခြားနေခဲ့ပြီ ဖြစ်သည်။ စေ့စပ်ကြောင်းလမ်းမှု အောင်မြင်ခဲ့လျှင်ပင် သူတို့နှစ်ဦးမှာ မတူညီသော ကမ္ဘာနှစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ရာ လမ်းခွဲကြရမည်မှာ သေချာလှပေသည်။
“ချီရှန်မြို့ကနေ တကယ့် နဂါးတစ်ကောင် ထွက်ပေါ်လာခဲ့ပြီပဲ...”
ချီဖုံးဆုန်းက သက်ပြင်းချလိုက်ရင်း ယခင်က လင်းမိသားစုနှင့် ဆက်လက် မပူးပေါင်းခဲ့မိသည်ကို ကျေနပ်နေမိသည်။ မဟုတ်ပါက လင်းမိသားစု၏ နိဂုံးမှာ ချီမိသားစု၏ နိဂုံး ဖြစ်လာပေလိမ့်မည်။
လော့ချန်သည် သူ၏ အရှိန်ကို တမင်တကာ လျှော့ချလိုက်သည်။ လူသိမခံဘဲ ပြန်လာခြင်းမှာ သူ၏ ပုံစံမဟုတ်ပေ။
“လွန်ခဲ့တဲ့ တစ်နှစ်က... မပြည့်စုံတဲ့ သိုင်းဝိညာဉ်ကို နိုးကြားပြီး ချီရှန်မြို့ကနေ ထွက်သွားကာ ရွှမ်ယွမ်ဂိုဏ်းမှာ ကျင့်ကြံခဲ့တုန်းက လူတွေအများကြီးက ငါ့ကို လှောင်ပြောင်ဖို့ စောင့်နေခဲ့ကြတာလေ... အခုတော့ ငါက သွေးကြောနိုးကြားမှုနယ်ပယ်ကို ရောက်သွားခဲ့ပြီ ဖြစ်သလို သူတို့ကတော့ မြေပြင်ကနေ ငါ့ကို နတ်ဘုရားတစ်ပါးလို မော့ကြည့်နေကြရပြီ... ဘဝဆိုတာ တကယ်ကို ထူးဆန်းတာပဲ...”
လူတိုင်း၏ စိတ်လှုပ်ရှားစွာ အော်ဟစ်နေသံများကို ကြားရသည့်အခါ လော့ချန်သည် ခပ်ဖွဖွ ပြုံးလိုက်ရင်း စိတ်ထဲမှ ခံစားချက်အမျိုးမျိုး ဖြစ်ပေါ်နေသည်။ သူသည် လူတိုင်းကို သိစေချင်ခြင်း ဖြစ်သည်။ ယနေ့မှစ၍ လော့မိသားစုမှာ ယခင်က လော့မိသားစု မဟုတ်တော့သလို သူ လော့ချန်သည်လည်း ယခင်က လော့ချန် မဟုတ်တော့ကြောင်းကိုပင် ဖြစ်သည်။
အခန်း (၄၇၀) ပြီးပါပြီ။
အခန်း ၄၇၁ - ဆွန်မိသားစုကို ဖျက်ဆီးပစ်မည်... တံခါးပိတ်ကျင့်ကြံခြင်း...
လူအများ၏ ကြည့်ရှုစောင့်မျှော်မှုကြားတွင် လော့ချန်သည် လော့မိသားစုသို့ ပြန်လည်ရောက်ရှိလာပြီး လော့မိသားစုကွင်းပြင်ပေါ်သို့ တိုက်ရိုက်ဆင်းသက်သည်။ လှုပ်ရှားသံကို ကြားရသော လော့မိသားစုဝင်အားလုံးမှာလည်း အပြင်သို့ ထွက်၍ ကြိုဆိုခဲ့ကြသည်။
“ချန်အာ...”
လော့မင်ရှန်နှင့် လော့ဟုန်တို့သည် လူအများ၏ ရှေ့ဆုံးမှနေ၍ အပြေးအလွှား လာကြိုခဲ့ကြသည်။
“အဘိုး... ဖခင်...”
လော့ချန်သည် လူနှစ်ဦးကို ဦးညွှတ်လိုက်ရင်း အဘိုးဖြစ်သူ လော့မင်ရှန်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။
“အဘိုး... အဘိုး ပိန်သွားပါလား...”
လပေါင်းများစွာ မတွေ့ရသဖြင့် လော့မင်ရှန်သည် အတော်ပင် အိုမင်းသွားပြီး တစ်ကိုယ်လုံးလည်း ပိန်ချောင်သွားသည်။ လော့မင်ရှန်က လော့ချန်ကို တွဲထူလိုက်ပြီး လော့ချန်၏လက်ကို ပုတ်ကာ မျက်ဝန်းများ နီမြန်းနေသည်။
“အဘိုး ဘာမှမဖြစ်ပါဘူး... မင်း နောက်ဆုံးတော့ ပြန်လာနိုင်ခဲ့ပြီပဲ...”
ယခင်က လော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့် သန်မာသူ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရကြောင်း သိခဲ့ရစဉ်က လော့မင်ရှန်သည် စိတ်ပူပန်မှုများဖြင့် ရွှမ်ယွမ်ဂိုဏ်းသို့ သွားရောက်ကာ လော့ချန်၏သတင်းကို ကိုယ်တိုင်မေးမြန်းခဲ့ဖူးသည်။ သို့သော်လည်း အကြိမ်တိုင်းတွင် စိတ်ပျက်စွာသာ ပြန်လာခဲ့ရသည်။ အချိန်ကြာလာသည်နှင့်အမျှ လော့မိသားစုဝင် အတော်များများက လော့ချန် ဘေးဒုက္ခနှင့် ကြုံတွေ့သွားပြီဟု ထင်မှတ်ခဲ့ကြသည်။ ထိုကာလအတွင်း မည်သူမျှ လော့ချန်၏အမည်ကို မဟရဲကြပေ။
ယခုရက်ပိုင်းက လော့ချန်သည် နန်းမြို့တော်တွင် ပေါ်လာသည့်သတင်း ချီရှန်မြို့သို့ ရောက်ရှိလာသည့်အခါမှသာ လော့မိသားစုကို လွှမ်းမိုးထားသည့် နှစ်လကြာ အမှောင်ရိပ်များမှာ ကွယ်ပျောက်သွားသည်။
“ပြန်လာတာ ကောင်းတယ်...”
လော့ဟုန်က ဘာမှအများကြီး မပြောသော်လည်း သူ၏မျက်လုံးများတွင် မျက်ရည်များ ဝဲနေသည်။ ထိုစဉ် တစ်ဆယ့်သုံးနှစ်အရွယ်ခန့်ရှိသော ချစ်စဖွယ် မိန်းကလေးငယ်တစ်ဦးက လော့ချန်ကို ကြည့်ကာ ဝိုင်းစက်နေသော မျက်လုံးကြီးများဖြင့် အံ့သြစွာ ဆိုသည်။
“အစ်ကိုကြီးလော့ချန်က ခုနက ပျံပြီး ပြန်လာတာကို ညီမလေး မြင်လိုက်တယ်... လူမှာ အတောင်ပံ မပါဘဲနဲ့ ငှက်တွေလို ကောင်းကင်မှာ ဘယ်လိုပျံနိုင်တာလဲ...”
ထိုစကားကို ကြားသောအခါ လူတိုင်းမှာ ရယ်မောလိုက်ကြပြီး လော့ချန်ကို အံ့သြစွာ ကြည့်ခဲ့ကြသည်။ လော့မင်ရှန်လည်း သတိဝင်လာပြီး သူ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။
“ချန်အာ... မင်းက ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲမှာ နံပါတ်တစ် ရခဲ့သလို သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတစ်ယောက် ဖြစ်လာပြီဆိုတာ အမှန်ပဲလား...”
“မှန်ပါတယ်...”
လော့ချန်က ပြုံးလိုက်ရင်း ချီစွမ်းအင်များကို စုစည်းကာ ကောင်းကင်ယံသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။
“ဘုန်း...”
ကျယ်ပြောလှသည့် လက်သီးအဟုန်မှာ ကောင်းကင်သို့ ထိုးတက်သွားပြီး တိမ်တိုက်များကိုပင် ဖယ်ရှားပစ်လိုက်ရာ တောက်ပသည့် နေရောင်ခြည်များ ကျရောက်လာသည်။ ဤကဲ့သို့သော မယုံနိုင်စရာမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လူတိုင်းမှာ တုန်လှုပ်သွားခဲ့ကြသည်။ အထူးသဖြင့် လော့မိသားစုဝင် လူငယ်လေးများ၏ မျက်လုံးများထဲတွင် လော့ချန်ကို အားကျကြည်ညိုသည့် အကြည့်များ ဖုံးလွှမ်းသွားခဲ့ကြသည်။
“ချီစွမ်းအင်တွေက ဝိညာဉ်ရှိနေသလိုပဲ... တကယ်ကို သွေးကြောနိုးကြားမှုနယ်ပယ်ပဲ...”
လော့မင်ရှန်မှာ မှင်တက်မိသွားရပြီး မယုံနိုင်အောင် ဖြစ်နေသဖြင့် တစ်ခဏအတွင်း ဦးနှောက်ပင် မလည်ပတ်နိုင်အောင် ဖြစ်နေသည်။ လော့ချန် နောက်ဆုံးတစ်ခေါက် အိမ်ပြန်လာစဉ်က ထုံရွှမ်နယ်ပယ် ကျင့်ကြံမှုသာ ရှိသေးသည် မဟုတ်ပါလော။ သူသည် ဤမျှတိုတောင်းလှသော အချိန်အတွင်း လော့ချန် သွေးကြောနိုးကြားမှုနယ်ပယ်သို့ အရှိန်အဟုန်ပြင်းပြင်းနှင့် တက်လှမ်းနိုင်လိမ့်မည်ဟု အိပ်မက်ပင် မမက်ရဲခဲ့ပေ။
“ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲမှာ နံပါတ်တစ်... သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူ... ငါတို့ လော့မိသားစုအတွက် တကယ့်ကို ကံကောင်းခြင်းပဲ...”
လော့မိသားစုမှ အဘိုးအိုတစ်ဦးမှာ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် ကျလာသည်။ အခြားသော လော့မိသားစုဝင်များမှာလည်း အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ကြသည်။ ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲဆိုသည်မှာ ဂိုဏ်းသုံးဂိုဏ်းရှိ အပြင်စည်းပါရမီရှင်များ၏ အမြင့်ဆုံး ပွဲတော်တစ်ခု ဖြစ်သည် မဟုတ်ပါလော။ ထိုကဲ့သို့သော ပွဲတော်ကြီးမှ အနိုင်ယူထွက်လာရန်မှာ မည်မျှခက်ခဲသနည်း... ထိပ်ဆုံးသို့ ရောက်ရှိရန်မှာမူ ဆိုဖွယ်ရာ မရှိချေ။
သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူနှင့် ပတ်သက်၍မူ ချီရှန်မြို့တွင် သွေးကြောနိုးကြားမှုနယ်ပယ်သို့ ရောက်ရှိသူ မရှိသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ ဤမျှကြီးကျယ်သော အောင်မြင်မှုကို ရရှိသူမှာ သိုင်းဝိညာဉ် မပြည့်စုံသော လော့ချန် ဖြစ်လာလိမ့်မည်ဟု လူတိုင်း မထင်ထားခဲ့ကြပေ။
ဤအောင်မြင်မှုသည် လော့ချန် တစ်ဦးတည်းနှင့်သာ သက်ဆိုင်သည် မဟုတ်ပေ။ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူ ရှိသော မိသားစုနှင့် မရှိသော မိသားစုမှာ လုံးဝ ကွဲပြားခြားနားလှသည်။ လော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ်သို့ ရောက်ရှိသွားသဖြင့် လော့မိသားစု၏ အဆင့်အတန်းမှာလည်း မြင့်တက်လာပြီး ချီရှန်မြို့၏ အငြင်းပွားဖွယ်မရှိသော အရှင်သခင် ဖြစ်လာပေလိမ့်မည်။ လော့ချန် မလဲပြိုသရွေ့ လော့မိသားစုမှာလည်း တိုးတက်နေမည် ဖြစ်သည်။ မည်သူက သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူ၏ မျက်နှာကို မထောက်ဘဲ နေရဲပါမည်နည်း။
“ဟားဟား... ကောင်းတယ်... အရမ်းကောင်းတယ်... ချန်အာ... မင်းက ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ... ငါက မင်းအတွက် ဂုဏ်ယူသလို လော့မိသားစုကလည်း မင်းအတွက် ဂုဏ်ယူတယ်...”
လော့မင်ရှန်မှာ အားရပါးရ ရယ်မောလိုက်သဖြင့် မျက်နှာပေါ်မှ အရေးအကြောင်းများပင် ပျောက်ကွယ်သွားသည်။ လော့ဟုန်၏ မျက်နှာတွင်လည်း ပြုံးရိပ်အချို့ ပေါ်လာသည်။ သူ့ကို ဝမ်းသာစေသည့်အရာမှာ လော့ချန် ရရှိခဲ့သော အောင်မြင်မှုများတင် မကဘဲ လော့ချန်သည် ထိုအခက်အခဲများနှင့် အရှက်ခွဲမှုများအောက်တွင် မလဲပြိုဘဲ ပိုမိုသန်မာလာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ ဤအချက်မှာ အရာရာထက် ပိုမိုအရေးကြီးလှပေသည်။
“မြန်မြန်... စားသောက်ပွဲ ပြင်ဆင်ကြစမ်း... ဒီညတော့ ကောင်းကောင်း ကျင်းပကြတာပေါ့...”
လော့မင်ရှန်က မြူးကြွစွာဖြင့် အမိန့်ပေးလိုက်ပြီး လော့ချန်ကို ဆွဲကာ အတွင်းသို့ ဝင်သည်။
“ချန်အာ... အဘိုးကို မင်းရဲ့ အတွေ့အကြုံတွေအကြောင်း ပြောပြပါဦး...”
“ဟုတ်ကဲ့...”
ဆွေးနွေးရေးခန်းမကြီးအတွင်း၌ လော့ချန်သည် လွန်ခဲ့သော လအနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည်များကို အကြမ်းဖျင်း ပြောပြသည်။ သို့သော် အချို့သော နေရာများကိုမူ အနည်းငယ် ပြုပြင်ပြောဆိုသည်။ ဥပမာအားဖြင့် သွေးလင်းယုန်ကို ပြန်လည်သတ်ဖြတ်ခဲ့သည့် ကိစ္စတွင် လင်ယွမ်ပြတိုက်မှ သန်မာသူများက ကယ်တင်ခဲ့သည်ဟု သူ ပြောသည်။ သို့သော်လည်း လော့မင်ရှန်နှင့် အခြားလူများမှာမူ စိုးရိမ်တကြီးဖြင့် နားထောင်နေခဲ့ကြသည်။
“အဘိုး... ဒါကို ကြည့်ကြည့်ပါဦး...”
စကားပြောနေစဉ်အတွင်း လော့ချန်သည် ကြယ်ငါးပွင့် အဆင့်မြင့်ကျင့်စဉ်ဖြစ်သော ရှောက်ချင်းကျင့်စဉ်ကို ထုတ်ပေးသည်။
“ဟင်... ကြယ်ငါးပွင့် အဆင့်မြင့်ကျင့်စဉ်...”
ကျင့်စဉ်ကျမ်းကို ကိုင်လိုက်သည့် တစ်ခဏမှာပင် လော့မင်ရှန်မှာ မှင်တက်မိသွားသည်။ ကျင့်စဉ်သည် သိုင်းပညာရှင်တစ်ဦး၏ အခြေခံဖြစ်သဖြင့် ၎င်း၏ အရေးကြီးပုံမှာ ပြောနေစရာ မလိုအပ်ပေ။ နှမြောစရာကောင်းသည်မှာ အဆင့်မြင့်ကျင့်စဉ်များကို အင်အားကြီးအဖွဲ့အစည်းများနှင့် ဂိုဏ်းကြီးများကသာ ထိန်းချုပ်ထားသဖြင့် အပြင်သို့ ပြန့်နှံ့လာသည်မှာ အလွန်ပင် နည်းပါးလှသည်။ လော့မိသားစုသည် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ကြယ်သုံးပွင့်အဆင့်ရှိသော ချီလန်ကျင့်စဉ် တစ်စောင်သာ ရှိခဲ့သည် မဟုတ်ပါလော။ အလယ်အလတ်အဆင့် ကျင့်စဉ်တစ်စောင်သည် လော့မိသားစု၏ အင်အားကို တစ်ဆင့် မြှင့်တင်ပေးနိုင်ပြီး အလယ်အလတ်မိသားစု ဖြစ်လာစေရန်အတွက် လုံလောက်လှပေသည်။
“ချန်အာ... ဒါက မင်းရဲ့ကျင့်စဉ်လား...”
လော့မင်ရှန်က မေးမြန်းသည်။ လော့ချန်က ခေါင်းညိတ်လိုက်ရင်း ဆိုသည်။
“ကျွန်တော် အပြင်မှာရှိနေစဉ်အတွင်းမှာ အခွင့်အရေးတချို့ ရခဲ့သလို သန်မာတဲ့ သန်မာသူတချို့ကိုလည်း သတ်ခဲ့ဖူးတယ်... ဒီကျင့်စဉ်က သူတို့ဆီက ရခဲ့တာပါ... အဘိုးက နတ်တံတားကို စတင်တည်ဆောက်နေပြီ မဟုတ်လား... ချီလန်ကျင့်စဉ်က အဆင့်နိမ့်လွန်းတယ်... ဒီရှောက်ချင်းကျင့်စဉ်က အဘိုးကျင့်ကြံဖို့အတွက် အသင့်တော်ဆုံးပဲ... ဒါက အဘိုးကို သွေးကြောနိုးကြားမှုနယ်ပယ်ကို အမြန်ဆုံး ချိုးဖြတ်ဖို့ ကူညီပေးလိမ့်မယ်... နောင်မှာ အခွင့်အရေးရရင် အဆင့်မြင့်ကျင့်စဉ်တွေကို ထပ်ရှာပေးပါ့မယ်...”
“နောက်ပြီး ဒါတွေလည်း ရှိသေးတယ်...”
လက်တစ်ချက် ဝှေ့ယမ်းလိုက်ရင်း လော့ချန်သည် သိုလှောင်လက်စွပ် ဆယ်ကွင်းကျော်ကို ထုတ်ပေးသည်။
“ဒီသိုလှောင်လက်စွပ်တွေထဲမှာ ဆေးလုံးတွေ... သိုင်းကျမ်းတွေ... ကြယ်အဆင့် ရတနာလက်နက်တွေနဲ့ ကာကွယ်ရေးပစ္စည်းတွေ ပါဝင်တယ်... ဒါတွေကို မိသားစုဖွံ့ဖြိုးဖို့အတွက် သုံးနိုင်ပါတယ်...”
လော့မင်ရှန်သည် သိုလှောင်လက်စွပ် နှစ်ကွင်းကို စစ်ဆေးကြည့်လိုက်သည့်အခါ အံ့အားသင့်သွားသည်။ အတွင်းရှိ ဆေးလုံးများမှာ အဆင့်အတန်း မြင့်မားလှပြီး အခြားသော ပစ္စည်းများနှင့်ပေါင်းလျှင် တန်ဖိုးမှာ သိန်းပေါင်းတစ်ထောင်ကျော်အထိ ရှိပေလိမ့်မည်။ ဤကဲ့သို့သော သိုလှောင်လက်စွပ် ၁၄ ကွင်းအထိ ရှိနေခဲ့သည် မဟုတ်ပါလော။
လော့ချန်သည် စွမ်းအင်ဆေးလုံး တစ်သောင်းခန့်ကိုသာ ချန်ထားခဲ့ပြီး ကျန်ရှိသော အသုံးမလိုအပ်သည့် ပစ္စည်းများကို လော့မင်ရှန်အား ပေးအပ်သည်။ ဆွန်ယင်ယန်၏ ရက်စက်လှသော အစီအစဉ်ကို သိရှိထားသဖြင့် လော့ချန်သည် မိသားစု၏ အင်အားကို အမြန်ဆုံး မြှင့်တင်လိုပြီး သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူအချို့ ထပ်မံ ထွက်ပေါ်လာစေလိုခြင်း ဖြစ်သည်။ သို့မှသာ သူ အပြင်၌ သွားရောက် ကျင့်ကြံသည့်အခါ စိတ်အေးနိုင်ပေလိမ့်မည်။
“ကောင်းပြီ... ဒီပစ္စည်းတွေက ငါတို့ လော့မိသားစု သန်မာလာစေဖို့အတွက် အုတ်မြစ်တွေ ဖြစ်လာလိမ့်မယ်...”
လော့မင်ရှန်သည် ရှောက်ချင်းကျင့်စဉ်ကို အလွန်ပင် နှစ်သက်နေသည်။ သူသည် ထုံရွှမ်နယ်ပယ် အထွတ်အထိပ်တွင် ဆယ်နှစ်ကျော်ကြာ ပိတ်မိနေခဲ့ခြင်း ဖြစ်ပြီး ကျင့်စဉ်အဆင့် နိမ့်ကျမှုနှင့် လုံလောက်သော အရင်းအမြစ်များ မရှိခြင်းကြောင့် တိုးတက်မှု မရှိခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ရှောက်ချင်းကျင့်စဉ်နှင့် များပြားလှသော ဆေးလုံးများ၊ နှစ်ပေါင်းများစွာ စုဆောင်းထားမှုများ ရှိနေပြီဖြစ်ရာ တစ်နှစ်အတွင်း သွေးကြောနိုးကြားမှုနယ်ပယ်သို့ ချိုးဖြတ်နိုင်မည်ဟု လော့မင်ရှန် ယုံကြည်နေသည်။
ညဉ့်အခါတွင် စားသောက်ပွဲကြီးမှာ အလွန်ပင် စည်ကားလှသည်။ အိမ်သို့ မပြန်ရသည်မှာ ကြာပြီဖြစ်သဖြင့် လော့ချန်လည်း အားရပါးရ စားသောက်သည်။ ညဉ့်နက်မှသာ လူတိုင်း လူစုခွဲခဲ့ကြသည်။ လော့ချန်၏ ခြံဝင်းအတွင်း၌ လော့ချန်နှင့် ဖခင် လော့ဟုန်တို့သာ ကျန်ရစ်သည်။
“ချန်အာ... မင်း ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲမှာ ဆွန်ယင်ယန်ရဲ့သား ဆွန်ချွမ်ဝူကို သတ်ခဲ့တယ်လို့ ငါ ကြားတယ်...”
လော့ဟုန်က မေးမြန်းသည်။ လော့ချန်က ခေါင်းညိတ်လိုက်ရင်း ဆိုသည်။
“ဟုတ်ကဲ့... သူက သေသင့်လို့ သေသွားတာပါ...”
“ငါက မင်း သူ့ကို သတ်လိုက်လို့ အပြစ်တင်နေတာ မဟုတ်ပါဘူး... ဒါပေမဲ့ ဆွန်ယင်ယန်က စိတ်ထားသေးသိမ်ပြီး အငြိုးအတေးကြီးတဲ့သူလေ... သူက သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူဖြစ်သလို လျှပ်ယွမ်ဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်လည်း ဖြစ်နေတော့ မင်းကို ဒုက္ခပေးမှာ စိုးရိမ်မိတယ်...”
လော့ဟုန်သည် လော့ချန်က ဆွန်ချွမ်ဝူကို သတ်လိုက်သည့်အတွက် အပြစ်တင်နေခြင်း မဟုတ်ပေ။ အချိန်ကောင်း မဟုတ်ဟုသာ သူ ယူဆသည်။
“ဖခင် စိတ်ချပါ... ကျွန်တော့်မှာ အစီအစဉ် ရှိပါတယ်... ဆွန်ယင်ယန်က ကျိမိသားစုနဲ့ ပူးပေါင်းပြီး ဖခင်ကို ဒုက္ခပေးခဲ့တာလေ... ကျွန်တော် တစ်နေ့ကျရင် သူ့ကို သေချာပေါက် ဖျက်ဆီးပစ်ပြီး ဖခင်အတွက် လက်စားချေပေးပါ့မယ်...”
“ဟဲဟဲ... မင်းမှာ ဒီလိုစိတ်ရှိတာနဲ့တင် လုံလောက်ပါပြီ...”
လော့ဟုန်က ဝမ်းသာအားရ ပြုံးလိုက်သော်လည်း သူ၏မျက်လုံးများတွင်မူ နောင်တအချို့ ပေါ်လာသည်။
“နှမြောစရာကောင်းတာက... ငါ မင်းကို ဘာမှမကူညီနိုင်ဘူး...”
“ဖခင်...”
လော့ချန်သည် ဆွန်ယင်ယန်က သူ့ကို လူလွှတ်၍ သတ်ခိုင်းသည်တင်မကဘဲ လော့မိသားစုတစ်ခုလုံးကိုပါ ဖျက်ဆီးရန် ကြံစည်နေသည့်အကြောင်း ပြောပြရန် ပြင်ခဲ့သော်လည်း စကားကို ပြန်လည် ထိန်းသိမ်းသည်။ ဆွန်ယင်ယန်သည် သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့်သို့ ချိုးဖြတ်နိုင်ခဲ့လျှင် တစ်ဖက်လူကို သတ်နိုင်ရန် သူလည်း အပြည့်အဝ ယုံကြည်မှု မရှိသေးချေ။ ယခု ပြောပြလိုက်လျှင် ဖခင်ဖြစ်သူကို ပို၍ စိတ်ပူစေရုံသာ ရှိပေလိမ့်မည်။
လော့ချန်က စကားကို ပြောင်းလဲလိုက်ရင်း ဆိုသည်။
“ဖခင်... ကျွန်တော် မနက်ဖြန်ကျရင် ချီရှန်မြို့ကနေ ခဏထွက်ပြီး တံခါးပိတ်ကျင့်ကြံဖို့ စိတ်ကူးထားတယ်...”
“မနက်ဖြန်လား...”
“ဟုတ်ကဲ့...”
လော့ချန်သည် တံခါးပိတ်ကျင့်ကြံကာ နယ်ပယ်ကို အစွမ်းကုန် ချိုးဖြတ်ပြီး ဝူးယန်မြို့သို့ အမြန်ဆုံး သွားလိုခြင်း ဖြစ်သည်။
“ကောင်းပြီ... မင်း စိတ်ချလက်ချ ကျင့်ကြံပါ... မိသားစုကိစ္စတွေကိုတော့ စိတ်မပူနဲ့...”
လော့ဟုန်က ခေါင်းညိတ်လိုက်သည်။ ညတစ်ည ကောင်းမွန်စွာ အနားယူပြီးနောက် နောက်တစ်နေ့ မနက်အစောကြီးတွင် လော့ချန်သည် အဘိုးဖြစ်သူ လော့မင်ရှန် ကို နှုတ်ဆက်ကာ နတ်ဆိုးတောအုပ်ရှိရာဘက်သို့ တစ်ဦးတည်း ပျံသန်းထွက်ခွာသွားသည်။
အခန်း (၄၇၁) ပြီးပါပြီ။