← Chapters

အခန်း (၄၇၂-၄၇၄)

Vol. 32 Ch. 472-474

အခန်း (၄၇၂-၄၇၄)

Vol. 32 Ch. 472-474

အခန်း ၄၇၂ - သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့်... ကြယ်ငါးပွင့် ဝိညာဉ်ဆေးလုံး...

ချီရှန်မြို့မှ ထွက်ခွာလာပြီးနောက် လော့ချန်သည် မြောက်ဘက်သို့ တဟုန်ထိုး ပျံသန်းသည်။ ယခုတစ်ခေါက်တွင် သူသည် သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိရန် အစွမ်းကုန် ကြိုးစားမည် ဖြစ်ရာ ချီရှန်မြို့၌ ကျင့်ကြံနေပါက အဆင်မပြေမှုများ ရှိနိုင်သဖြင့် လူသူကင်းဝေးသည့် နေရာတစ်ခု၌ တံခါးပိတ်ကျင့်ကြံရန် သူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နာရီဝက်ခန့်အကြာတွင် လော့ချန်သည် နက်မှောင်သည့်တောင်တန်း၏ အပြင်ဘက် နယ်မြေသို့ ရောက်ရှိလာပြီး တောင်နှင့်ရေ ဝန်းရံထားသည့် တောင်ကြားတစ်ခုကို ရှာတွေ့သည်။ တောင်ကြားမှာ ဘူးသီးပုံသဏ္ဌာန် ရှိပြီး အတွင်း၌ ထူးဆန်းသည့် ကျောက်တုံးကြီးများစွာ ရှိနေကာ အဆင့်နိမ့် နတ်ဆိုးသားရဲ အနည်းငယ်မှာ စမ်းချောင်းဘေးတွင် ရေသောက်နေကြသည်။ ၎င်းတို့သည် လော့ချန်ကို မြင်သည့်အခါ ချက်ချင်းပင် မျက်လုံးများ နီမြန်းလာပြီး သွားများကို တဖြဲဖြဲ လုပ်ပြကြသည်။

လော့ချန်က ခပ်ဖွဖွ ပြုံးလိုက်ရင်း ချီအငွေ့အသက် ဖုံးကွယ်သည့်ကျင့်စဉ်ကို ရုပ်သိမ်းလိုက်ရာ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတစ်ဦး၏ အရှိန်အဝါမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။ တစ်ခဏအတွင်းမှာပင် ထိုအဆင့်နိမ့် နတ်ဆိုးသားရဲများမှာ သရဲတစ္ဆေမြင်လိုက်ရသည့်နှယ် အမြီးကုပ်ကာ တောင်ကြားထဲမှ ထွက်ပြေးသွားကြသည်။

လော့ချန်သည် နောက်ပြောင်လိုသည့် စိတ်ကို ဖယ်ရှားလိုက်ပြီး ကျောက်ဖျာကြီးတစ်ခုပေါ်၌ တင်ပလ္လင်ခွေ ထိုင်လိုက်သည်။

“အရင်ဆုံး ဒီရက်ပိုင်းအတွင်း ဝါးမျိုထားတဲ့ သိုင်းဝိညာဉ် အနှစ်သာရတွေကို သန့်စင်ရမယ်...”

ဤလမ်းခရီးတွင် လော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူ ခုနစ်ဦးကို ဝါးမျိုသည်။ ထိုအထဲတွင် သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူတစ်ဦးပင် ပါဝင်သည်။ နယ်ပယ်၏ အတားအဆီးမှာလည်း လှုပ်ခတ်နေခဲ့ပြီ ဖြစ်သည်။ လော့ချန် ခန့်မှန်းထားသည်မှာ ဤသိုင်းဝိညာဉ် အနှစ်သာရအားလုံးကို သန့်စင်နိုင်မည်ဆိုလျှင် သူသည် သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့်သို့ သေချာပေါက် တက်လှမ်းနိုင်မည်ဟူ၍ ဖြစ်သည်။

“စကြစို့...”

အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း လော့ချန်သည် စိတ်ကြည်လင်ဆေးလုံးတစ်လုံးကို သောက်ကာ အာရုံများကို ဖယ်ရှား၍ စတင် ကျင့်ကြံသည်။

“ဘုန်း... ဘုန်း... ဘုန်း...”

ဒျန်တန်အတွင်းရှိ ချီစွမ်းအင်အိမ်တော် ကိုးလုံးမှာ အစွမ်းကုန် လည်ပတ်နေပြီး ကြယ်စုဝဲဂယက်များနှယ် အနှိုင်းမဲ့ အင်အားများကို ထုတ်လွှတ်လျက် ကိုယ်အတွင်းရှိ သိုင်းဝိညာဉ် အနှစ်သာရများကို လော့ချန်၏ ကိုယ်ပိုင်ချီစွမ်းအင်များအဖြစ် အဆက်မပြတ် ပြောင်းလဲပေးနေသည်။

“ဟင်...”

ရုတ်တရက် လော့ချန်သည် ထူးဆန်းသည့် အချက်တစ်ခုကို သတိထားမိသည်။ ချီစွမ်းအင်အိမ်တော်က သိုင်းဝိညာဉ် အနှစ်သာရများကို သန့်စင်သည့် အရှိန်မှာ ယခင်ကထက် နှစ်ဆကျော်မျှ ပိုမိုမြန်ဆန်နေသည်။ အာရုံခံကြည့်လိုက်သည့်အခါ လော့ချန်သည် အရင်းအမြစ်ကို ချက်ချင်း ရှာတွေ့သည်။ ၎င်းမှာ နဂါးပုံသဏ္ဌာန် ချီစွမ်းအင်အိမ်တော် ဖြစ်နေသည်။

ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့် နဂါးကြီး ပတ်ချာလည် ပြေးလွှားလျက် ပါးစပ်မှ အသက်ရှူသွင်း၊ ရှူထုတ် လုပ်နေသည်နှင့်အမျှ သိုင်းဝိညာဉ် အနှစ်သာရများမှာ အရှိန်အဟုန်ဖြင့် သန့်စင်ခြင်း ခံနေရသည်။

“ဆန်းကြယ်နဂါးကျင့်စဉ်က ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို တိုးတက်စေရုံတင် မကဘဲ သိုင်းဝိညာဉ် အနှစ်သာရတွေကို သန့်စင်တဲ့ အရှိန်ကိုလည်း မြန်စေတာပဲ...”

ဤတွေ့ရှိချက်ကြောင့် လော့ချန်မှာ အတိုင်းထက်အလွန် ဝမ်းသာသွားသည်။ ဤသို့ဆိုလျှင် နောင်တွင် သူသည် သိုင်းဝိညာဉ်များနှင့် သားရဲဝိညာဉ်များကို ဝါးမျိုသည့်အခါ သန့်စင်သည့် အရှိန်မှာ အကြီးအကျယ် တိုးတက်လာပေလိမ့်မည်။ ၎င်းမှာ သူ၏ ကျင့်ကြံမှုအရှိန်ကို သိသိသာသာ မြန်ဆန်စေမည် ဖြစ်သည်။

“ဟဲဟဲ... ဆန်းကြယ်နဂါးကျင့်စဉ်ကို ကိုးဆင့်မြောက်အထိ ကျင့်ကြံနိုင်မယ်ဆိုရင် ငါ့ရဲ့ ကျင့်ကြံမှုအရှိန်က ကြောက်စရာကောင်းတဲ့ အဆင့်တစ်ခုအထိ ရောက်သွားနိုင်မှာပဲ...”

လော့ချန်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ရင်း နယ်ပယ်အတားအဆီးကို အစွမ်းကုန် စတင် တိုက်ခိုက်သည်။ နေမင်းမှာ ထွက်ပေါ်လာလိုက်၊ ပြန်လည် ဝင်ရောက်သွားလိုက်နှင့် အချိန်များမှာ တောင်ကြားအတွင်းရှိ စမ်းချောင်းကလေးနှယ် အလျင်အမြန် စီးဆင်းသွားသည်။ လော့ချန်မှာ ကျောက်ဖျာကြီးပေါ်တွင် ကျောက်ရုပ်တစ်ရုပ်နှယ် ထိုင်နေပြီး သူ၏ ခန္ဓာကိုယ်ကို ဗဟိုပြု၍ မမြင်ရသည့် လေစီးကြောင်းများမှာ ခပ်ဖြည်းဖြည်း လှည့်ပတ်နေသည်။

သိုင်းဝိညာဉ် အနှစ်သာရများမှာ သန့်စင်ခံရသည်နှင့်အမျှ ထိုမမြင်ရသည့် လေစီးကြောင်းများမှာ ပိုမို သန်မာလာပြီး လည်ပတ်သည့် အရှိန်မှာလည်း တဖြည်းဖြည်း မြန်ဆန်လာကာ ဝဲဂယက်တစ်ခုနှယ် ဖြစ်ပေါ်လျက် ပတ်ဝန်းကျင်ရှိ မိုးမြေအရှိန်အဝါများကို ဆွဲငင်နေသည်။

ဤကာလအတွင်း အဆင့်နိမ့် နတ်ဆိုးသားရဲ အချို့မှာ တောင်ကြားထဲသို့ တစ်ခါတစ်ရံ ဝင်ရောက်လာတတ်ကြသည်။ သို့သော် လော့ချန်၏ အရှိန်အဝါကို ခံစားမိသည်နှင့် ထိုနတ်ဆိုးသားရဲများမှာ ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။

တစ်ရက်ကုန်ဆုံးသွားပြီးနောက် မည်သည့် နတ်ဆိုးသားရဲမျှ တောင်ကြားအနီးသို့ မချဉ်းကပ်ရဲတော့ပေ။ ဤသို့ဖြင့် နောက်ထပ် တစ်ရက် ကုန်ဆုံးသွားသည်။ လော့ချန်၏ ကိုယ်ပေါ်ရှိ ချီစွမ်းအင်ဝဲဂယက်မှာ အစောပိုင်းက တံခါးချပ်အရွယ်အစားသာ ရှိသော်လည်း ယခုအခါ အိမ်တစ်လုံးအရွယ်အစားအထိ ကြီးထွားလာခဲ့ပြီ ဖြစ်သည်။ ဗဟိုနယ်မြေရှိ ဖိအားမှာ လွန်စွာ ကြောက်မက်ဖွယ် ကောင်းလှပြီး အမည်းရောင် အက်ကြောင်းများနှင့် လျှပ်စီးတန်းများမှာလည်း လှိုင်းထနေသည်။

ကောင်းကင်မှ ငုံ့ကြည့်မည်ဆိုပါက တောင်ကြားအတွင်း၌ လေဆင်နှာမောင်းတစ်ခု လည်ပတ်နေသည့်နှယ် ရှိနေပြီး ထိတ်လန့်ဖွယ်ရာ အရှိန်အဝါကြောင့် မိုင်အနည်းငယ်အတွင်းရှိ နတ်ဆိုးသားရဲများမှာ အကုန်လုံး ထွက်ပြေးသွားခဲ့ကြသည်။ လော့ချန်မှာမူ ဤအရာအားလုံးကို သတိမထားမိပေ။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြော ၂၇ ခုမှာ ယခုအခါ ပြည့်ဝနေခဲ့ပြီ ဖြစ်ကာ တစ်ပြိုင်နက်တည်း တုန်ခါလျက် နယ်ပယ်သစ်သို့ ချိုးဖြတ်ရန် အရေးကြီးသည့် အချိန်သို့ ရောက်ရှိနေသည်။

သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့်သို့ တက်လှမ်းနိုင်ခြင်း ရှိ၊ မရှိမှာ ဤတစ်ကြိမ်အပေါ်တွင်သာ မူတည်နေသည်။

“ချိုးဖြတ်စမ်း...”

အချိန်ကောင်း ရောက်လာသည်ကို ခံစားမိသည်နှင့် လော့ချန်သည် အာရုံကို စုစည်းလိုက်ပြီး စိတ်ထဲမှ အော်ဟစ်လိုက်ရာ ကိုယ်အတွင်းရှိ ချီစွမ်းအင်အိမ်တော် ကိုးလုံး၏ လည်ပတ်နှုန်းမှာ ရုတ်တရက် မြန်ဆန်သွားပြီး ကန့်သတ်ချက်ကိုပင် ကျော်လွန်သွားသည်။

နောက်တစ်ခဏတွင်...

“ဘုန်း...”

ထူးဆန်းသည့် လှုပ်ခတ်မှုတစ်ခုမှာ လော့ချန်၏ ကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။ ချီစွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့် လေဆင်နှာမောင်းမှာ အစောပိုင်းက လျင်မြန်စွာ ကြီးထွားလာပြီးနောက် တစ်ခဏအတွင်း ကျုံ့ဝင်သွားကာ လော့ချန်၏ ကိုယ်အတွင်းသို့ နစ်ဝင်သွားသည်။

ချက်ချင်းပင် သန်မာသည့် အရှိန်အဝါများ ပန်းထွက်လာသည်။ လော့ချန်မှာ စိန်လွန်သဖွယ် ဖြစ်နေပြီး သူ၏ အောက်ရှိ ကျောက်ဖျာကြီးမှာလည်း အပေါက်များစွာ ဖြစ်သွားခဲ့ကာ လေထုမှာလည်း ရေလှိုင်းများနှယ် တုန်ခါနေသည်။

“သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့်... အောင်မြင်ပြီ... ထင်ထားတာထက်တောင် ပိုပြီး ချောမွေ့နေသေးတယ်...”

အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ရင်း လော့ချန်သည် မျက်လုံးများကို ဖွင့်လိုက်ရာ တောက်ပသည့် အလင်းတန်းများမှာ လျှပ်စီးတန်းများနှယ် ဟင်းလင်းပြင်၌ ပြေးလွှားနေသည်။ မူလက လော့ချန် ခန့်မှန်းထားသည်မှာ စတုတ္ထအဆင့်သို့ ချိုးဖြတ်ရန် အနည်းဆုံး ငါးရက်ခန့် အချိန်ပေးရမည်ဟူ၍ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စတုတ္ထအဆင့်မှာ သွေးကြောနိုးကြားမှုနယ်ပယ်၏ အလယ်အလတ်အဆင့် ဖြစ်သလို ပိုမိုခက်ခဲသည့် အတားအဆီးတစ်ခုလည်း ဖြစ်သောကြောင့်ပင်။

လူအများအပြားမှာ ဤနေရာ၌ အချိန်အကြာကြီး ပိတ်မိနေတတ်ကြသည်။ သို့သော် သူသည် ထင်မှတ်ထားသည်ထက် ပိုမိုလွယ်ကူစွာ ချိုးဖြတ်နိုင်ခဲ့ပြီး နှစ်ရက်အတွင်းမှာပင် အောင်မြင်စွာ တက်လှမ်းနိုင်သည်။

ထို့အပြင် စတုတ္ထအဆင့်သို့ ရောက်ရှိသွားသည့် တစ်ခဏမှာပင် လော့ချန်၏ ကိုယ်အတွင်းရှိ ချီစွမ်းအင်အိမ် ကိုးလုံးစလုံး၌ စတုတ္ထမြောက် သွေးကြောတစ်ခုစီ ထွက်ပေါ်လာသည်။ ၎င်းမှာ သူ၏ နယ်ပယ်မှာ အတော်လေး ခိုင်မာနေပြီး စတုတ္ထအဆင့် အလယ်အလတ်ပိုင်းသို့ ရောက်ရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့ကြောင်း ပြသနေခြင်းပင်။

“ကြည့်ရတာ ငါက သိုင်းဝိညာဉ်တွေကို ဝါးမျိုတဲ့ အစွမ်းကို အထင်သေးမိခဲ့တာပဲ... အထူးသဖြင့် အဆင့်မြင့် သိုင်းဝိညာဉ်တွေကိုပေါ့...”

လော့ချန်သည် ထိုသွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူကို တွေးမိသည်။ ထိုသူ၏ သိုင်းဝိညာဉ်အတွင်း၌ ပါဝင်သည့် အနှစ်သာရများမှာ သူ့ကိုပင် ထိတ်လန့်စေခဲ့သည် မဟုတ်ပါလော။

“စွမ်းအားက ဘယ်လိုရှိသလဲဆိုတာ စမ်းကြည့်ရမယ်...”

မျက်နှာချင်းဆိုင်ရှိ ကျောက်တောင်နံရံကို ကြည့်လိုက်ရင်း လော့ချန်၏ ကိုယ်ပေါ်မှ ချီစွမ်းအင်များ ဆူဝေလာကာ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

“ဘုန်း...”

ကျယ်ပြောလှသည့် လက်သီးအဟုန်မှာ တည့်တည့်မတ်မတ် ထွက်ပေါ်သွားပြီး တောင်စောင်းကို ထိုးဖောက်လိုက်ရာ အိမ်တစ်လုံးအရွယ်အစားရှိသည့် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။

“မဆိုးဘူး... သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်သွားတော့ ချီစွမ်းအင်တွေက ပိုပြီး အသိစိတ်ရှိလာသလို အရည်အသွေးကလည်း အကြီးအကျယ် တိုးတက်လာတာပဲ...”

“ဒါကြောင့်လည်း အဲ့ဒီ လျှပ်ယွမ်ဂိုဏ်း တပည့်တွေက ငါ့ကို လုံးဝ အထင်မကြီးခဲ့ကြတာပေါ့... သွေးကြောနိုးကြားမှုနယ်ပယ် အစောပိုင်းအဆင့်နဲ့ အလယ်အလတ်အဆင့်ကြားက ကွာခြားချက်က အရမ်းကြီးလွန်းတာပဲ... နှစ်ခုက လုံးဝ နှိုင်းယှဉ်လို့ မရဘူး...”

လော့ချန်သည် အလယ်အလတ်အဆင့်၏ သန်မာမှုကို ခံစားမိသည်။ နယ်ပယ်အသစ်သို့ တက်လှမ်းနိုင်ခြင်းမှာ စွမ်းအား နှစ်ဆတိုးလာခြင်းတင် မဟုတ်ဘဲ အဆပေါင်းများစွာ တိုးတက်လာခြင်းပင် ဖြစ်သည်။ ဤအချက်က လော့ချန်ကို စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေသည်။

သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့်မှာ အဆင့်မြင့်ပိုင်း ဖြစ်သလို ဒုတိယမြောက် အတားအဆီးကြီးလည်း ဖြစ်ပေသည်။ ချိုးဖြတ်ပြီးသွားလျှင် စွမ်းအားတိုးတက်မှုက ပို၍ ကြောက်စရာကောင်းဦးမည်ပင်။ ဆွန်ယင်ယန်သာ သတ္တမအဆင့်ကို ရောက်သွားမည်ဆိုပါက သူ့ကို အပြတ်အသတ် သတ်ဖြတ်နိုင်ရန် မသေချာတော့ချေ။

ဆွန်မိသားစုကို ဖျက်ဆီးရန် ဆုံးဖြတ်ထားပြီး ဖြစ်ရာ လော့ချန်သည် အပြည့်အဝ ယုံကြည်မှု ရှိလိုပြီး မည်သည့် မတော်တဆမှုကိုမျှ မဖြစ်စေလိုပေ။

“ဟုတ်သားပဲ... ဒါကို စမ်းကြည့်ရမယ်...”

လော့ချန် အတွေးတစ်ခု ရလာပြီးနောက် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သွေးရောင်ကျောက်စိမ်းပုလင်း ထွက်ပေါ်လာသည်။ ၎င်းမှာ သွေးကျီးကန်းအရှင်သခင် ပေးအပ်ခဲ့သည့် သွေးဝိညာဉ်ဆေးလုံးပင် ဖြစ်သည်။ ထိုလူ၏ စကားအရ ဤဆေးလုံးမှာ သူ၏ နယ်ပယ်ချိုးဖြတ်မှုကို ကူညီပေးနိုင်ပြီး ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ပေးနိုင်သဖြင့် သာမန်အရာ မဟုတ်နိုင်ပေ။

ကျန်းရန်နယ်ပယ် သန်မာသူတစ်ဦးက ဤမျှ တန်ဖိုးထားသည့် ဆေးလုံးမှာ သေချာပေါက် မရိုးရှင်းနိုင်ပေ။ လော့ချန်သည် ပုလင်းဆို့ကို ဖွင့်လိုက်ပြီး အတွင်းရှိ ဆေးလုံးများကို လက်ဖဝါးပေါ် လောင်းချလိုက်သည်။ ချက်ချင်းပင် တောင်ကြားတစ်ခုလုံးမှာ တောက်ပသည့် သွေးရောင်အရှိန်အဝါများဖြင့် ပြည့်နှက်သွားပြီး ပြင်းထန်လှသည့် သွေးညှီနံ့များ ပျံ့နှံ့သွားသည်။

ထိုသွေးညှီနံ့မှာ လူကို ပျို့အန်စေခြင်း မရှိဘဲ အနံ့ခံလိုက်ရရုံဖြင့်ပင် တစ်ကိုယ်လုံး နွေးထောင်သွားကာ စိတ်ဓာတ်များ တက်ကြွလာစေသည်။ ထိုအနံ့များ၏ မြစ်ဖျားခံရာမှာ လော့ချန်၏ လက်ဖဝါးပေါ်ရှိ သွေးရောင်ဆေးလုံး သုံးလုံးပင် ဖြစ်သည်။

ဆေးလုံးမှာ သွေးရောင်နှင့် ရွှေရောင် ရောယှက်နေပြီး မျက်နှာပြင်ပေါ်တွင် တွန့်လိမ်နေသည့် အရေးအကြောင်းများ ရှိနေကာ တစ်ချက်ကြည့်လိုက်လျှင် ရုန်းကန်နေသည့် သွေးပုံရိပ်များနှယ် ရှိနေပြီး မျက်နှာပြင်ပေါ်တွင် ကြယ်ငါးလုံးမှာ မှိန်ပျပျ ပေါ်ထွက်နေသည်။

“ကြယ်ငါးပွင့် ဝိညာဉ်ဆေးလုံး...”

လက်ထဲမှ သွေးဝိညာဉ်ဆေးလုံးကို ကြည့်ရင်း လော့ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်လာသည်။ သူ ခံစားမိသည်မှာ ဤသွေးဝိညာဉ်ဆေးလုံး၏ အရည်အသွေးမှာ သွေးကြောဖွင့်ဆေးလုံးထက်ပင် သာလွန်နေခဲ့ခြင်းပင် ဖြစ်သည်။

အခန်း (၄၇၂) ပြီးပါပြီ။

အခန်း ၄၇၃ - သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် နောက်ပိုင်း... ရွာလုံးကျွတ် သတ်ဖြတ်ခံရခြင်း...

“အရည်အသွေးကတော့ မဆိုးလှဘူး... အာနိသင်က သွေးကြောဖွင့်ဆေးလုံးနဲ့ယှဉ်ရင် ဘယ်လိုရှိမလဲ မသိဘူး...”

လော့ချန်သည် သွေးဝိညာဉ်ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး မျှော်လင့်ချက်အပြည့်ရှိသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ယခင်က သွေးကြောဖွင့်ဆေးလုံး သုံးလုံးသည် သူ့ကို သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့် အစောပိုင်းသို့ တစ်ဟုန်ထိုး တက်လှမ်းစေခဲ့သည် မဟုတ်ပါလော။

ဤသွေးဝိညာဉ်ဆေးလုံးသည်လည်း ကြယ်ငါးပွင့် ဝိညာဉ်ဆေးလုံးဖြစ်ပြီး သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများ၏ ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်သဖြင့် အာနိသင်မှာ သွေးကြောဖွင့်ဆေးလုံးထက် လျော့နည်းမည် မဟုတ်ပေ။

ဆေးလုံး၏ ဘေးကင်းမှုနှင့် ပတ်သက်၍မူ လော့ချန် စိုးရိမ်ခြင်း မရှိခဲ့ချေ။ သွေးကျီးကန်းအရှင်သခင်သည် ကျန်းရန်နယ်ပယ် သန်မာသူတစ်ဦး ဖြစ်သည်။ သူသာ လော့ချန်ကို အမှန်တကယ် သတ်လိုစိတ်ရှိပါက လက်ချောင်းတစ်ချောင်းတည်းနှင့်ပင် ပြာဖြစ်သွားစေနိုင်သည် မဟုတ်ပါလော။ ဤမျှအထိ အလုပ်ရှုပ်ခံနေရန် မလိုအပ်ပေ။

အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း လော့ချန်သည် သွေးဝိညာဉ်ဆေးလုံးကို ပါးစပ်ထဲသို့ တိုက်ရိုက်ပစ်ထည့်ကာ တင်ပလ္လင်ခွေ ထိုင်၍ ဆေးအရှိန်ကို စတင် သန့်စင်သည်။

“ဘုန်း...”

သွေးဝိညာဉ်ဆေးလုံး ကိုယ်အတွင်းသို့ ရောက်ရှိသွားသည်နှင့်အမျှ အပြောင်းအလဲများ ဖြစ်ပေါ်လာပြီး ပေါက်ကွဲထွက်သွားကာ သွေးအငွေ့အသက် ဝဲဂယက်များအဖြစ် ပြောင်းလဲသွားသည်။ လှိုင်းလုံးကြီးများနှယ် ကျယ်ပြောလှသည့် သွေးအငွေ့အသက်များမှာ လော့ချန်၏ ကိုယ်အတွင်း၌ ရမ်းကားစွာ ရိုက်ခတ်နေသည်။

ချက်ချင်းပင် လော့ချန်သည် တစ်ကိုယ်လုံးရှိ သွေးများ ဆူပွက်လာသည်ဟု ခံစားခဲ့ရသည်။ ကိုယ်အတွင်း၌ စီးဆင်းနေသည်မှာ သွေးများ မဟုတ်တော့ဘဲ တောက်လောင်နေသည့် မီးတောက်များ သို့မဟုတ် ပူပြင်းလှသည့် ချော်ရည်များနှယ် ဖြစ်နေသည်။ သူ၏ အရေပြားမျက်နှာပြင်ပေါ်တွင်လည်း သွေးရောင်အရှိန်အဝါများမှာ မှိန်ပျပျ ထွက်ပေါ်လာသည်။ ၎င်းမှာ ဆေးအရှိန်မှာ လွန်စွာ ပြင်းထန်လှသဖြင့် အပြင်သို့ လွင့်ပျံလာခြင်းပင် ဖြစ်သည်။

“အရမ်းကို ပြင်းထန်တာပဲ...”

လော့ချန်သည် ဤဆေးလုံး၏ အစွမ်းသတ္တိကို ချက်ချင်း ခံစားမိလိုက်သည်။ သွေးကြောဖွင့်ဆေးလုံးမှာ စမ်းချောင်းကလေးနှယ် အာနိသင်မှာ နူးညံ့သိမ်မွေ့ပြီး လူကို တဖြည်းဖြည်း တိုးတက်စေသည်ဆိုလျှင် သွေးဝိညာဉ်ဆေးလုံးမှာမူ ပေါက်ကွဲနေသည့် မီးတောင်တစ်ခုနှယ်ပင်။ ဆေးအာနိသင်မှာ လွန်စွာ ပြင်းထန်လှပြီး ခန္ဓာကိုယ်၏ အလားအလာကို တိုက်ရိုက် နည်းလမ်းဖြင့် လှုံ့ဆော်ပေးသည်။ အကယ်၍ တောင့်မခံနိုင်ပါက အနည်းငယ် ဒဏ်ရာရနိုင်သလို အဆိုးဆုံးမှာ ခန္ဓာကိုယ် ပေါက်ကွဲ၍ သေဆုံးနိုင်ပေသည်။

လော့ချန်သည် ပေါ့ဆမနေရဲတော့ဘဲ ကိုယ်အတွင်းရှိ ပေါက်ကွဲအားပြင်းသည့် ဆေးအရှိန်များကို အစွမ်းကုန် သန့်စင်သည်။ နှစ်ရက် ကုန်ဆုံးသွားပြီးနောက် လော့ချန်၏ ပတ်ဝန်းကျင်ရှိ သွေးအရှိန်အဝါများမှာ တဖြည်းဖြည်း ငြိမ်သက်သွားသည်။

ထို့နောက်...

“ဝုန်း...”

မမြင်ရသည့် လှုပ်ခတ်မှုတစ်ခုမှာ သူ၏ ကိုယ်အတွင်းမှ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။ တစ်ခဏအတွင်းမှာပင် သူ၏ ကိုယ်ပေါ်မှ အရှိန်အဝါမှာ တဟုန်ထိုး မြင့်တက်လာသည်။ ချီစွမ်းအင်များမှာ လှိုင်းလုံးကြီးများနှယ် ကျယ်ပြောလှပြီး ခိုင်မာနေ၏။

“သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် အလယ်အလတ်ပိုင်း...”

လော့ချန်သည် မျက်လုံးများကို ဖွင့်လိုက်ရင်း ဝမ်းသာအားရ ရေရွတ်လိုက်၏။

အာနိသင် တစ်ခုတည်းကို ကြည့်မည်ဆိုပါက ဤသွေးဝိညာဉ်ဆေးလုံး၏ ဆေးအစွမ်းမှာ သွေးကြောဖွင့်ဆေးလုံးထက်ပင် သာလွန်နေသည်။ နှစ်ရက်အတွင်းမှာပင် သူ၏ ကျင့်ကြံမှုကို စတုတ္ထအဆင့် အလယ်အလတ်ပိုင်းသို့ ရောက်ရှိစေခဲ့သည် မဟုတ်ပါလော။

“သွေးဝိညာဉ်ဂိုဏ်းက ထွက်တဲ့ ဝိညာဉ်ဆေးလုံးဆိုတော့ တကယ်ကို မတူဘူးပဲ... ဆေးအစွမ်းကို ငါ အထင်သေးမိခဲ့တာပဲ... သွေးကြောဖွင့်ဆေးလုံးထက် အနည်းဆုံး နှစ်ဆလောက် ပိုပြီး သန်မာတယ်... ဒါပေမဲ့ ဆေးအာနိသင်က အရမ်းကို ပြင်းထန်လွန်းတယ်... သာမန် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတွေ သောက်မယ်ဆိုရင် အန္တရာယ် အရမ်းများပြီး ပေါ့ဆရင် ရူးသွပ်သွားနိုင်တယ်...”

ဤကာလအတွင်း လော့ချန်သည် သွေးဝိညာဉ်ဂိုဏ်းနှင့် ပတ်သက်သည့် ကိစ္စများစွာကိုလည်း ကြားသိခဲ့ရသည်။ ထိုစဉ်က သွေးဝိညာဉ်ဂိုဏ်းသည် အရှေ့ကုန်းမြေကြီး တစ်ခုလုံးကို စိုးမိုးနိုင်ခဲ့ခြင်းမှာ မကုန်ခမ်းနိုင်သော သန်မာသူများနှင့် ပြိုင်ဘက်ကင်းသည့် စွမ်းအားကြောင့်ပင် ဖြစ်သည်။ သွေးဝိညာဉ်ဂိုဏ်းတွင် လူသားတို့၏ အလားအလာကို အတင်းအဓမ္မ မြှင့်တင်ပေးနိုင်သည့် နည်းလမ်းများစွာ ရှိသည်။

၎င်းတို့မှာ ကျင့်စဉ်များ၊ ဆေးလုံးများနှင့် လျှို့ဝှက်နည်းစနစ်များ စသည်ဖြင့် ဖြစ်သည်။ ထိုနည်းလမ်းများက သာမန်လူများကို ပါရမီရှင်များနှယ် ကျင့်ကြံမှုအရှိန် ရရှိစေပြီး တိုတောင်းလှသော အချိန်အတွင်း အောင်မြင်မှုများ ရရှိစေနိုင်သည်။

သို့သော်လည်း ကောင်းကျိုးရှိသလို ဆိုးကျိုးလည်း ရှိပေသည်။ ဤသို့ အတင်းအဓမ္မ မြှင့်တင်သည့် နည်းလမ်းမှာ ခန္ဓာကိုယ်၏ အခြေခံစွမ်းအားကို လွန်ကဲစွာ လှုံ့ဆော်ပေးသဖြင့် ခန္ဓာကိုယ် အနှစ်သာရများ ပျက်စီးကာ အချိန်မတိုင်မီ အိုမင်းခြင်းနှင့် အသက်တိုခြင်းတို့ ဖြစ်ပေါ်စေသည်။ သာမန် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတစ်ဦးမှာ အသက် နှစ်ရာခန့်အထိ နေနိုင်သော်လည်း သွေးဝိညာဉ်ဂိုဏ်းမှ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများမှာမူ အသက် တစ်ရာပင် ပြည့်အောင် နေနိုင်ရန် ခဲယဉ်းလှသည်။ အချို့သော အသက်တိုသူများမှာမူ အသက် လေးငါးဆယ်ခန့်သာ နေနိုင်ကြသည်။ ၎င်းမှာ အသက်နှင့် အင်အားကို လဲလှယ်ခြင်းပင် ဖြစ်ပေသည်။

ထို့ကြောင့်လည်း သွေးဝိညာဉ်ဂိုဏ်း တပည့်များမှာ မိမိတို့ လုပ်ချင်ရာကို လုပ်ဆောင်ကြပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်ကြဘဲ အရှေ့ကုန်းမြေကြီး တစ်ခုလုံးကို ကမောက်ကမ ဖြစ်စေခဲ့ခြင်းပင် ဖြစ်သည်။ သွေးဝိညာဉ်ဆေးလုံးက ခန္ဓာကိုယ်၏ အလားအလာကို လှုံ့ဆော်ပေးပြီး အသက်တိုစေသည့် ဘေးထွက်ဆိုးကျိုးနှင့် ပတ်သက်၍မူ လော့ချန် ဂရုမစိုက်ခဲ့ပေ။

ဆယ်နှစ်အတွင်း ကျိမိသားစုသို့ သွားရောက်ကာ ကျိယွမ်ဟောင်နှင့် တိုက်ခိုက်မည်ဟု သူ ကျိန်ဆိုထားခဲ့သည် မဟုတ်ပါလော။ အကယ်၍ ဆယ်နှစ်အတွင်း ကျိယွမ်ဟောင်ကို အနိုင်မယူနိုင်ပါက သူသည် သေဆုံးရုံသာ ရှိပေလိမ့်မည်။ ဆယ်နှစ်အတွင်း သူသည် အစွမ်းကုန် ကြိုးစားကာ ကျိယွမ်ဟောင်ကို အနိုင်ယူနိုင်သည့် အဆင့်သို့ ရောက်ရှိနိုင်မည်ဆိုလျှင် သူ၏ ကျင့်ကြံမှုမှာ နက်နဲလာမည်ဖြစ်ပြီး အသက်မှာလည်း ရှည်လျားလာပေလိမ့်မည်။ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတစ်ဦး၏ အသက်က နှစ်ရာခန့်သာ ရှိသော်လည်း ကျန်းရန်နယ်ပယ် သန်မာသူမှာမူ သုံးလေးရာခန့်အထိ ရှိပေသည်။

“ဆက်လုပ်ကြတာပေါ့...”

အတွေးအမျိုးမျိုး ဝင်လာခဲ့သော်လည်း လော့ချန်သည် ဒုတိယမြောက် သွေးဝိညာဉ်ဆေးလုံးကို ထုတ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ငါးရက် ကုန်ဆုံးသွားသည်။ လော့ချန်သည် ကျန်ရှိသော သွေးဝိညာဉ်ဆေးလုံး နှစ်လုံးကိုပါ တစ်ဆက်တည်း သန့်စင်သည်။ ငါးရက်မြောက်နေ့ မွန်းတည့်ချိန်တွင်...

“ဝုန်း...”

တောင်ကြားတစ်ခုလုံးရှိ လေထုမှာ ရေလှိုင်းများနှယ် တုန်ခါလာသည်။ လော့ချန်သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ရာ အကြည့်များမှာ တောက်ပနေ၏။ သူသည် အပေါက်များစွာ ဖြစ်နေသည့် ကျောက်ဖျာကြီးပေါ်မှ ထရပ်လိုက်ရာ တစ်ကိုယ်လုံးမှာ တောင်ကြီးတစ်လုံးနှယ် မြင့်မားထည်ဝါနေသည်။

“သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် နောက်ပိုင်း... ဒီသွေးဝိညာဉ်ဆေးလုံးက တကယ်ကို ဆန်းကြယ်တာပဲ...”

ရက်အနည်းငယ်အတွင်းမှာပင် လော့ချန်၏ ကျင့်ကြံမှုမှာ စတုတ္ထအဆင့် နောက်ပိုင်းသို့ ရောက်ရှိသွားသည်။ သေချာသည်မှာ ကျင့်ကြံမှုအရှိန် ဤမျှ မြန်ဆန်ရခြင်းမှာ သွေးဝိညာဉ်ဆေးလုံး၏ ဆန်းကြယ်မှုအပြင် လော့ချန်၏ ကိုယ်ပိုင်အစွမ်းနှင့်လည်း သက်ဆိုင်ပေသည်။ သွေးဝိညာဉ်ဆေးလုံးမှာ ခန္ဓာကိုယ်၏ အလားအလာကို လှုံ့ဆော်ပေးပြီး ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ပေးရုံသာ ဖြစ်သည်။ လူတစ်ယောက် မည်မျှအထိ တိုးတက်နိုင်သနည်းဆိုသည်မှာ မိမိ၏ ကိုယ်ပိုင်အရည်အချင်း အပေါ်တွင်သာ မူတည်ပေသည်။

“နှမြောစရာပဲ... သွေးဝိညာဉ်ဆေးလုံးက သုံးလုံးပဲ ရှိတာ... နောက်ထပ် အနည်းငယ်လောက်သာ ထပ်ရှိမယ်ဆိုရင် ငါ သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့်ကို ချိုးဖြတ်ဖို့ ကြိုးစားလို့ ရမှာပဲ...”

လော့ချန်သည် အနည်းငယ် နှမြောတသဖြစ်စွာဖြင့် ဆိုခဲ့သော်လည်း တစ်ခဏအတွင်းမှာပင် ခေါင်းခါယမ်းကာ ပြုံးလိုက်မိသည်။ ထိုနေ့က သွေးကျီးကန်းအရှင်သခင်နှင့် တွေ့ဆုံခဲ့ရခြင်းမှာ ဆယ်ပုံတွင် ကိုးပုံခန့်က သေနိုင်သည့် အခြေအနေဖြစ်သည် မဟုတ်ပါလော။ သူသည် ထိုကဲ့သို့သော အခြေအနေမျိုးကို နောက်တစ်ကြိမ် ထပ်မံ မကြုံတွေ့လိုတော့ချေ။

“ငါ့ရဲ့ အခုလက်ရှိ စွမ်းအားက ဘယ်အဆင့်ကို ရောက်နေပြီလဲ မသိဘူး...”

ဆယ်ရက်တာ တိုတောင်းလှသော အချိန်အတွင်း ကျင့်ကြံမှုမှာ အဆက်မပြတ် တိုးတက်လာခဲ့ပြီး သွေးကြောနိုးကြားမှုနယ်ပယ် တတိယအဆင့် အထွတ်အထိပ်မှသည် စတုတ္ထအဆင့် နောက်ပိုင်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ လော့ချန်သည် မိမိ၏ စွမ်းအားကို အပြည့်အဝ မခန့်မှန်းနိုင်တော့ပေ။

“သွားစမ်းကြည့်ရမယ်...”

မြူခိုးများ လွှမ်းခြုံနေသည့် တောင်တန်းကြီး၏ အတွင်းပိုင်းကို ကြည့်လိုက်ရင်း လော့ချန်၏ မျက်လုံးများတွင် စိတ်အားထက်သန်မှုများ ပေါ်လာသည်။ နက်မှောင်သည့်တောင်တန်းသည် တာယွဲ့မင်းဆက်တစ်ခုလုံးကို ဖြတ်ကျော် တည်ရှိနေပြီး တစ်နှစ်ပတ်လုံး မြူခိုးများ လွှမ်းခြုံနေကာ တိမ်မည်းများနှယ် ရှိနေသည်။ အတွင်း၌ ရေတွက်၍မရနိုင်သော နတ်ဆိုးသားရဲများ နေထိုင်ကြပြီး သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများနှင့် ယှဉ်နိုင်သည့် ကြယ်လေးပွင့် နတ်ဆိုးသားရဲများလည်း အလွန်တရာ ပေါများလှသည်။

လော့ချန်သည် နတ်ဆိုးသားရဲ အချို့နှင့် စမ်းသပ်ရန် စိတ်ကူးသည်။ သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့် သန်မာသူများနှင့် ယှဉ်နိုင်သည့် ကြယ်လေးပွင့် အဆင့်မြင့် နတ်ဆိုးသားရဲမျိုးဆိုလျှင် ပိုကောင်းပေလိမ့်မည်။ သို့မှသာ သူနှင့် သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့် သန်မာသူများကြားရှိ အားသာချက်၊ အားနည်းချက်များကို သိမြင်နိုင်ပေလိမ့်မည်။

"ဝှစ်..."

ခြေလှမ်းတစ်ချက် နင်းခြေလိုက်ရင်း လော့ချန်၏ ကိုယ်ရိပ်မှာ ကောင်းကင်သို့ ထိုးတက်သွားပြီး တောင်တန်းကြီး၏ အတွင်းပိုင်းသို့ ပျံသန်းသွားသည်။ ခန့်ညားလှသည့် တောင်တန်းကြီးမှာ အဆုံးမရှိသကဲ့သို့ ရှိနေပြီး အတွင်းသို့ ရောက်လေလေ မြူခိုးများမှာ ပိုမို ထူထပ်လေလေ ဖြစ်ပေသည်။

“ဟင်...”

သိပ်မဝေးသော နေရာသို့ ရောက်သည့်အခါ လော့ချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွား၏။

“သွေးညှီနံ့တွေက အရမ်းပြင်းတာပဲ...”

လော့ချန်၏ အကြည့်မှာ ဝင်းလက်သွားပြီး အရှိန်အဝါများရှိရာဘက်သို့ ပျံသန်းသွားသည်။ ခဏအကြာတွင် လော့ချန်သည် တောင်ကြားတစ်ခု၏ အထက်သို့ ရောက်ရှိလာသည်။ တောင်ကြားအတွင်း၌ ရွာငယ်တစ်ရွာ ရှိနေသည်။

ရွာကလေးမှာ တောင်ကြားကို အမှီပြု၍ တည်ဆောက်ထားပြီး ပတ်ဝန်းကျင်တွင် ကျောက်တုံးကြီးများနှင့် ထိပ်ချွန်သစ်သားတိုင်များဖြင့် ရိုးရှင်းသည့် ကာကွယ်ရေးတံတိုင်းတစ်ခု ပြုလုပ်ထားကာ အိမ်ခြေ ငါးဆယ်ခန့် ပြန့်ကျဲနေသည်။ နေ့လယ်စာ စားချိန်ဖြစ်သော်လည်း ရွာကလေးတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ ရွာအတွင်းရှိ အခြေအနေကို သေသေချာချာ မြင်လိုက်ရသည့်အခါ လော့ချန်၏ မျက်နှာပေါ်တွင် အမှောင်ရိပ်များ လွှမ်းခြုံသွားသည်။

ရွာကလေးတစ်ခုလုံးတွင် နေရာအနှံ့၌ အလောင်းများ ပြန့်ကျဲနေသည်။ ကျား၊ မ၊ ကြီး၊ ငယ် မရွေး မြေပြင်ပေါ်၌ လဲကျနေကြပြီး မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေကာ ခန္ဓာကိုယ်များမှာ ထူးဆန်းသည့် အလောင်းခြောက်များနှယ် ဖြစ်နေသည်။ ကျောက်တံတိုင်းနှင့် မလှမ်းမကမ်းတွင် အလယ်အလတ်အရွယ် အမျိုးသမီးတစ်ဦးသည် ကလေးငယ် နှစ်ဦးကို တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့ပြီး သူမ၏ ကျောဘက်တွင် အပေါက်ကြီးတစ်ခု ဖြစ်နေကာ နှလုံးမှာ အရှင်လတ်လတ် ထုတ်ယူခြင်း ခံထားရသည်။ သူမ ဖက်ထားသည့် ကလေးငယ် နှစ်ဦးမှာ အသက် နှစ်နှစ်၊ သုံးနှစ်ခန့်သာ ရှိသေးသော်လည်း မျက်လုံးများ ပြူးထွက်လျက် သေဆုံးနေကြသဖြင့် မြင်ကွင်းမှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။

“ရွာလုံးကျွတ် သတ်ပစ်တာလား... ကလေးတွေကိုတောင် အလွတ်မပေးဘူးပဲ...”

လော့ချန်၏ စိတ်ထဲတွင် ဒေါသများ ဖြစ်ပေါ်လာပြီး ကိုယ်ဟန်ကို ပြောင်းလဲကာ ကျောက်တံတိုင်းပေါ်သို့ ဆင်းသက်လိုက်သည်။

“ဟင်...”

အနီးကပ် ကြည့်လိုက်သည့်အခါ သေဆုံးသွားသူများမှာ သေဆုံးသည်မှာ မကြာသေးကြောင်း လော့ချန် သတိထားမိလိုက်၏။ စီးကျနေသည့် သွေးများမှာပင် ခဲသွားခြင်း မရှိသေးသော်လည်း တစ်ကိုယ်လုံးရှိ သွေးအနှစ်သာရများမှာမူ လုံးဝ ပျောက်ကွယ်နေသည်။ ၎င်းမှာ သူ သိုင်းဝိညာဉ် အနှစ်သာရများကို ဝါးမျိုလိုက်သည့် အလောင်းခြောက်များနှယ်ပင် ဖြစ်ပေသည်။

အခန်း (၄၇၃) ပြီးပါပြီ။

အခန်း ၄၇၄ - သတ်ဖြတ်လိုခြင်း...

“သွေးဝိညာဉ်ဂိုဏ်း...”

မျက်မှောက်ရှိ အလောင်းခြောက်များကို ကြည့်ရင်း လော့ချန်သည် သွေးကျီးကန်းအရှင်သခင်နှင့် သွေးဝိညာဉ်ဂိုဏ်းကို ချက်ချင်း သတိရသွားသည်။

“ဝေါင်း...”

ထိုစဉ် ထိတ်လန့်ဖွယ်ရာ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ရွာအတွင်း၌ နတ်ဆိုးသားရဲ ဆယ်ဂဏန်းခန့်မှာ အလောင်းများကို ကိုက်ခဲစားသောက်နေကြခြင်းပင် ဖြစ်သည်။ လော့ချန် ရောက်ရှိလာခြင်းက ၎င်းတို့ကို ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ အိမ်တစ်လုံးအရွယ်အစားရှိပြီး တစ်ကိုယ်လုံး ဆူးချွန်များဖြင့် ဖုံးလွှမ်းနေသည့် မိစ္ဆာဝံပုလွေတစ်ကောင်သည် ထိတ်လန့်ဖွယ်ရာ ဟိန်းဟောက်လိုက်ရင်း သွေးချင်းချင်းနီနေသည့် သွားများကို ဖြဲပြကာ လော့ချန်ဆီသို့ တိုက်ရိုက် ခုန်အုပ်လာသည်။

“ကြယ်သုံးပွင့် အဆင့်မြင့်နတ်ဆိုးသားရဲ... ဆူးချွန်ဝံပုလွေပဲ...”

လော့ချန်က မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း လက်သီးတစ်ချက်ကို သာမန်ပင် ထိုးနှက်လိုက်သည်။

“ဘုန်း...”

ခုန်တက်လာကာရှိသေးသည့် ဆူးချွန်ဝံပုလွေ၏ ခန္ဓာကိုယ်မှာ လေထဲတွင်ပင် ပေါက်ကွဲထွက်သွားပြီး အသားစများ လွင့်စင်ကာ အတွင်းကလီစာများနှင့် သွေးများမှာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားသည်။ ကျန်ရှိသော နတ်ဆိုးသားရဲများမှာ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။

“အု...”

ဆူးချွန်ဝံပုလွေတစ်ကောင်သည် နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် နောက်သို့ လှည့်၍ ထွက်ပြေးလေသည်။

“သေစမ်း...”

လော့ချန်၏ မျက်လုံးများမှာ အနည်းငယ် နီမြန်းနေသည်။ သူ၏ စိတ်ထဲတွင် သတ်ဖြတ်လိုသည့် ဆန္ဒတစ်ခုကို ထုတ်ဖော်ရန် လိုအပ်နေသကဲ့သို့ ခံစားနေရသဖြင့် လျှပ်စီးဓားကို ချက်ချင်း ဆွဲထုတ်လိုက်ကာ ထက်မြက်သည့် ဓားအဟုန်များကို ထုတ်လွှတ်လျက် အဆက်မပြတ် ပိုင်းဖြတ်လိုက်သည်။

“ရွှီ...”

ထို ဆူးချွန်ဝံပုလွေ၏ ခန္ဓာကိုယ်မှာ ထိုနေရာမှာပင် အပိုင်းပိုင်း ပြတ်တောက်သွားသည်။

“သေစမ်း...”

လော့ချန်သည် ရပ်မနေဘဲ ကျန်ရှိသည့် နတ်ဆိုးသားရဲများကို ပစ်မှတ်ထားကာ ကြီးမားသည့် ဓားအလင်းတန်းများကို ပိုင်းဖြတ်လိုက်သည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

ဓားအလင်းတန်းများမှာ အလွန်ပင် ပြင်းထန်လှပေသည်။ ဤနတ်ဆိုးသားရဲများထဲတွင် အသန်မာဆုံးမှာ ကြယ်သုံးပွင့်အဆင့်သာ ဖြစ်ပြီး ထုံရွှမ်နယ်ပယ် သိုင်းပညာရှင်များနှင့်သာ ညီမျှသဖြင့် မည်သို့ တောင့်ခံနိုင်ပါမည်နည်း။ ခဏချင်းအတွင်းမှာပင် နတ်ဆိုးသားရဲ ဆယ်ကောင်ခန့်မှာ အားလုံး သေဆုံးသွားခဲ့ပြီး ခန္ဓာကိုယ်များမှာလည်း ဓားအလင်းတန်းများအောက်တွင် ကြေမွပျက်စီးကာ အရိုးပင် မကျန်တော့ချေ။

“တိုက်ခိုက်သံတွေ ကြားရတယ်...”

မိုင်အနည်းငယ်အကွာတွင် အနက်ရောင်ဝတ်စုံဝတ် လူလေးဦးသည် တစ်ပြိုင်နက်တည်း ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အသံထွက်ပေါ်ရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

“ငါတို့ ခုနက သတ်ခဲ့တဲ့ ရွာငယ်လေးဘက်ကပဲ... အရှိန်အဝါက ဒီလောက် ပြင်းထန်နေတာဆိုတော့ သေချာပေါက် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူပဲ ဖြစ်ရမယ်... ဂိုဏ်းသုံးဂိုဏ်းက တပည့်တွေလည်း ဖြစ်နိုင်တယ်...”

“ဟဲဟဲ... ဒီဂိုဏ်းသုံးဂိုဏ်းက တပည့်တွေက တကယ်ကို သေမှာမကြောက်ကြဘူးပဲ... တစ်ဖွဲ့သေတော့ နောက်တစ်ဖွဲ့ လာပြန်ပြီ... ငါတို့ရဲ့ အခြေစိုက်စခန်းကို ရှာဖို့ တကယ်ကို စိတ်ပိုင်းဖြတ်ထားကြပုံပဲ...”

“လာလေ ကောင်းလေပဲ... သူတို့ရဲ့ သွေးအနှစ်သာရတွေကို သုံးပြီး သွေးဆေးလုံး ဖော်စပ်လို့ရတာပေါ့... အကြီးအကဲထူက ပြောထားတာလေ... ဂိုဏ်းသုံးဂိုဏ်းက တပည့် ဒါမှမဟုတ် အကြီးအကဲတစ်ယောက်ကို သတ်နိုင်ရင် သွေးဝိညာဉ်ဆေးလုံး တစ်လုံး ဆုချမယ်တဲ့...”

“ဟဲဟဲ... အချိန်မဆွဲဘဲ သွားကြရအောင်... အမျိုးသမီးတပည့်တွေများ ပါမလား မသိဘူး... ဒီဂိုဏ်းသုံးဂိုဏ်းက အမျိုးသမီးတပည့်တွေက မိမိကိုယ်ကိုယ် ပါရမီရှင်လို့ သတ်မှတ်ထားပြီး အရမ်းကို မာနကြီးကြတာလေ... သူတို့နဲ့ ကစားရတာက တကယ်ကို အရသာရှိတာ...”

“သွားစို့...”

“ဝှစ်... ဝှစ်... ဝှစ်... ဝှစ်...”

အနက်ရောင်ဝတ်စုံဝတ် လူလေးဦးမှာ ကိုယ်ရိပ်များအဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားကြသည်။

ရွာကလေးအတွင်း၌...

လော့ချန်သည် နတ်ဆိုးသားရဲအားလုံးကို သတ်ဖြတ်လိုက်သော်လည်း သူ၏ စိတ်မှာ တည်ငြိမ်မသွားသေးပေ။

“ဟင်... ဘယ်လိုဖြစ်တာလဲ...”

အပိုင်းပိုင်း ပြတ်တောက်နေသည့် နတ်ဆိုးသားရဲ အလောင်းများကို ကြည့်ရင်း လော့ချန်သည် ရုတ်တရက် သတိဝင်လာသည်။

ဤသည်မှာ သူ လုပ်ဆောင်လေ့ရှိသည့် ပုံစံမျိုး မဟုတ်ပေ။ အကြောင်းရင်းကို မသိသော်လည်း ယခုတင်က သူ၏ စိတ်ထဲတွင် သတ်ဖြတ်လိုသည့် ဆန္ဒများ အဆက်မပြတ် ဖြစ်ပေါ်နေခဲ့ခြင်းပင် ဖြစ်သည်။ အကယ်၍ သူ၏ စိတ်ဓာတ်မှာ မသန်မာပါက ထိုခံစားချက်နောက်သို့ ပါသွားပြီး ရုန်းထွက်နိုင်တော့မည် မဟုတ်ပေ။

“သွေးဝိညာဉ်ဆေးလုံး...”

စဉ်းစားကြည့်သည့်အခါ လော့ချန်သည် ဤအဖြေတစ်ခုကိုသာ တွေ့ရှိသည်။ သူသည် ချက်ချင်း မျက်လုံးများကို မှိတ်လိုက်ပြီး ဝိညာဉ်အာရုံကို ကိုယ်အတွင်းသို့ ပို့လွှတ်သည်။ မူလက ရွှေရောင်ဝင်းလက်နေသည့် ဝိညာဉ်အာရုံအတွင်း၌ သွေးရောင်အငွေ့အသက် အနည်းငယ် ရှိနေသည်။ ထိုသွေးရောင်အငွေ့အသက်များမှာ လွန်စွာ ထူးဆန်းလှပြီး လူကို သွေးချောင်းစီးနေသည့် စစ်မြေပြင်သို့ ရောက်ရှိသွားသကဲ့သို့ ထိတ်လန့်ဖွယ်ရာ ခံစားချက်ကို ပေးစွမ်းနေသည်။

“ဒါကြောင့်ကိုး...”

လော့ချန်သည် အမှန်တရားကို နားလည်သွားသည်။ သွေးဝိညာဉ်ဆေးလုံး၏ ဘေးထွက်ဆိုးကျိုးမှာ ကျင့်ကြံနေစဉ်အတွင်း အန္တရာယ်ရှိရုံတင် မကဘဲ လူ၏ သတ်ဖြတ်လိုသည့် ဆန္ဒကိုပါ မြှင့်တင်ပေးခြင်းပင် ဖြစ်သည်။ ထို့ကြောင့်လည်း သွေးဝိညာဉ်ဂိုဏ်း တပည့်များမှာ တစ်ယောက်ပြီးတစ်ယောက် ရက်စက်ကြမ်းကြုတ်နေကြခြင်း ဖြစ်ပေလိမ့်မည်။ မိမိတို့၏ အသက်မှာ မရှည်တော့သဖြင့် မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ လုပ်ချင်ရာ လုပ်နေကြသည့်အပြင် သူတို့၏ စိတ်ဓာတ်မှာလည်း ထိခိုက်မှုများ ရှိနေခဲ့ပြီး ယုတ်မာသည့် အငွေ့အသက်များမှာ နက်နဲနေခဲ့ပြီ ဖြစ်သည်။

“ဒါကြောင့်လည်း အဲ့ဒီအချိန်တုန်းက ချူဧကရီက ဘာကိုမှ ဂရုမစိုက်ဘဲ သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးခဲ့တာပေါ့... ဒီဂိုဏ်း ရှိနေတာက တစ်ကမ္ဘာလုံးအတွက် ကပ်ဆိုးကြီးပဲ... သေခြင်းတရားနဲ့ ရှုပ်ထွေးမှုတွေကိုပဲ ယူဆောင်လာပေးမှာ...”

လော့ချန်သည် မိမိဘာသာ ရေရွတ်လိုက်ရင်း ထို ချူဧကရီကို အနည်းငယ် လေးစားသွားသည်။ သို့သော်လည်း သူမမှာ ကမ္ဘာပေါ်တွင် ရှိနေသေးခြင်း ရှိ၊ မရှိကိုမူ သူ မသိပေ။ ဝိညာဉ်အာရုံအတွင်းရှိ ထူးဆန်းသည့် သွေးအငွေ့အသက်များနှင့် ပတ်သက်၍မူ လော့ချန် ဂရုမစိုက်ခဲ့ပေ။ ဓားဘုရင်၏ ဆန္ဒကိုပင် သူ နှိမ်နင်းနိုင်ခဲ့သည် မဟုတ်ပါလော... ဤသတ်ဖြတ်လိုသည့် အရှိန်အဝါ အနည်းငယ်မှာ ဘာမှ မဟုတ်ပေ။

နဂါးကြေးခွံရတနာကို မလှုံ့ဆော်ဘဲ လော့ချန်သည် ဝိညာဉ်အင်အားကိုပင် တိုက်ရိုက် အသုံးပြုကာ သတ်ဖြတ်လိုသည့် အရှိန်အဝါများကို ဝိညာဉ်အာရုံ၏ ထောင့်တစ်နေရာ၌ ဖိနှိပ်ထားသည်။ ဓားဆန္ဒသည် အမှားအယွင်းအားလုံးကို ပိုင်းဖြတ်နိုင်ပေသည်။ ဤသတ်ဖြတ်လိုသည့် အရှိန်အဝါများကို ဓားဆန္ဒ ကျင့်ကြံရန်အတွက် အသုံးပြုပါက အလွန်ပင် သင့်တော်လှပေသည်။

ထိုစဉ် လေတိုးသံများ ထွက်ပေါ်လာသည်။ ပုံရိပ်လေးခုမှာ တောင်ကြား၏ အထက်သို့ ရောက်ရှိလာပြီး လေထဲတွင် ဝဲပျံနေခဲ့ကြသည်။

“ဟင်... ဘာလို့ တစ်ယောက်တည်း ဖြစ်နေတာလဲ...”

“တောက်... ယောက်ျားတစ်ယောက်ပဲလား... ငါ့ကို အလကား လမ်းလျှောက်ခိုင်းတာပဲ...”

“ဘာကို အလကား လမ်းလျှောက်ရမှာလဲ... သူ့ရဲ့ ကျင့်ကြံမှုကို မင်း သတိမထားမိဘူးလား... ဒီလောက် ငယ်ငယ်လေးနဲ့ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် သန်မာသူဆိုတော့ သေချာပေါက် ဂိုဏ်းသုံးဂိုဏ်းက ပါရမီရှင် တပည့်ပဲ ဖြစ်ရမယ်... နောက်ပြီး သူ့ရဲ့ သွေးစွမ်းအင်က အရမ်းကို သန်မာတာဆိုတော့ သွေးအလောင်းအဖြစ် ကျင့်ကြံလို့ ရနိုင်တယ်... သူ့ကို ပြန်ခေါ်သွားရင် အကြီးအကဲထူက သေချာပေါက် ဆုတွေ အများကြီး ပေးမှာပဲ...”

“မှန်တယ်...”

လူလေးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရင်း မျက်နှာတွင် ထူးဆန်းပြီး အေးစက်လှသည့် အပြုံးများ ပေါ်လာခဲ့ကာ တောင်ကြားထဲသို့ တိုက်ရိုက် ဆင်းသက်ခဲ့ကြသည်။ လော့ချန်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး ထိုလေးဦးကို ကြည့်ကာ အသက်ကို ခပ်ဖြည်းဖြည်း ရှူထုတ်လိုက်ရင်း မေးမြန်းသည်။

“မင်းတို့က သွေးဝိညာဉ်ဂိုဏ်းက လူတွေလား...”

မျက်နှာတွင် အသားပိုများ ရှိနေသည့် အနက်ရောင်ဝတ်စုံဝတ် ခေါင်းဆောင်က လှောင်ပြောင်သည့် အပြုံးဖြင့် ဆိုသည်။

“ကောင်လေး... မင်းက သွေးဝိညာဉ်ဂိုဏ်းအကြောင်း သိနေမှတော့ သေချာပေါက် ဂိုဏ်းသုံးဂိုဏ်းက တပည့်ပဲ ဖြစ်ရမယ်... တခြား ဂိုဏ်းသုံးဂိုဏ်း တပည့်တွေက အဖွဲ့လိုက် ပေါ်လာကြတာလေ... မင်းက ဘာလို့ တစ်ယောက်တည်း ဖြစ်နေတာလဲ... မင်းရဲ့ အပေါင်းအဖော်တွေ ဘယ်မှာလဲ... သူတို့ကို အကုန်ခေါ်လိုက်စမ်းပါ... ဒါမှ မင်း အသက်ရှင်ဖို့ အခွင့်အရေး အနည်းငယ် ရှိမှာ...”

ကျန်ရှိသော အနက်ရောင်ဝတ်စုံဝတ် သုံးဦးမှာလည်း ရက်စက်စွာ ရယ်မောလိုက်ကြပြီး လော့ချန်ကို အသတ်ခံရတော့မည့် သိုးသူငယ်တစ်ကောင်နှယ် ကြည့်နေခဲ့ကြသည်။ လော့ချန်က ပြန်မဖြေဘဲ ယခုအချိန်တွင် သူ အတည်ပြုလိုသည့် အချက်တစ်ခုသာ ရှိပေသည်။

“ဒီရွာက လူတွေကို မင်းတို့ သတ်လိုက်တာလား...”

“သတ်တယ်ဆိုတော့ ဘာဖြစ်လဲ...”

မျက်နှာမှာ ပိန်ချောင်နေပြီး မျက်လုံးများ ကျဉ်းမြောင်းနေသည့် အနက်ရောင်ဝတ်စုံဝတ် တစ်ဦးက ရှေ့သို့ လှမ်းထွက်လာရင်း ရက်စက်စွာ ပြောလိုက်သည်။

“ဒီလိုမျိုး ရွာတွေကို ငါတို့ ခုနစ်ရွာ၊ ရှစ်ရွာလောက် သတ်ပြီးပြီလေ... သူတို့လို ပုရွက်ဆိတ်တွေက ငါတို့ သွေးဝိညာဉ်ဂိုဏ်းအတွက် အကျိုးပြုနိုင်တာက သူတို့အတွက် ဂုဏ်ယူစရာပဲ... ဘာလဲ... မင်းက သူတို့အတွက် လက်စားချေပေးမလို့လား... နှမြောစရာပဲ... မင်းမှာ အဲ့ဒီလောက် စွမ်းအား မရှိဘူး... မင်းကိုယ်တိုင်တောင် သေရတော့မှာလေ...”

“ချင်း...”

လျှပ်စီးဓား အိမ်ထဲမှ ထွက်ပေါ်လာခဲ့ပြီး လော့ချန်၏ အကြည့်မှာ စူးရှသွားကာ အေးစက်စွာ ရယ်မောလိုက်သည်။

“ဟဲဟဲ... ကောင်းပြီ... ဒေါသဖြေဖျောက်ဖို့ လူရှာနေတာ... မင်းတို့က ကိုယ်တိုင် ရောက်လာတာပဲ...”

လော့ချန်သည် သတ်ဖြတ်လိုသည့် အရှိန်အဝါများကို ဖိနှိပ်ထားသော်လည်း ခုနက သတ်ဖြတ်လိုသည့် ဆန္ဒများမှာမူ လုံးဝ ပျောက်ကွယ်မသွားသေးပေ။ ယခုအချိန်တွင် သူ၏ စိတ်ထဲမှ ဒေါသနှင့် သတ်ဖြတ်လိုစိတ်များမှာ ရောယှက်နေခဲ့ပြီး အတွေးတစ်ခုသာ ကျန်ရှိတော့သည်။ ၎င်းမှာ လူသတ်ရန်ပင် ဖြစ်ပေသည်။

“ဟားဟား... စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာပဲ...”

လော့ချန်၏ စကားကို ကြားရသည့်အခါ ပိန်ချောင်သည့် အနက်ရောင်ဝတ်စုံဝတ် လူမှာ ကောင်းကင်ကို မော့ကြည့်၍ ရယ်မောလိုက်ပြီး ကျန်ရှိသည့် သုံးဦးကို လှမ်းကြည့်သည်။

“မင်းတို့ ကြားလိုက်လား... ဒီကောင်လေးက ငါတို့ကို သတ်မယ်တဲ့...”

သူသည် သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် အလယ်အလတ် ကျင့်ကြံမှုသာ ရှိသော်လည်း သူ၏ ဘေးရှိ လူသုံးဦးမှာမူ သူ့ထက် သာလွန်ကြသည် မဟုတ်ပါလော။ ထိုအထဲမှ နှစ်ဦးမှာ သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့် နောက်ပိုင်း သန်မာသူများ ဖြစ်ကြသည်။ မျက်နှာတွင် အသားပိုများ ရှိနေသည့် ခေါင်းဆောင်မှာမူ သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူပင် ဖြစ်သည်။

မည်သို့ဖြစ်၍ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် နောက်ပိုင်း သန်မာသူလေးကို ဂရုစိုက်ပါမည်နည်း။ စကားပြောနေစဉ်အတွင်းမှာပင် ပိန်ချောင်သည့် အနက်ရောင်ဝတ်စုံဝတ်လူက လက်နှစ်ဖက်ကို ပိုက်လိုက်ရင်း လော့ချန်ကို အထင်သေးစွာ ကြည့်သည်။

“လာလေ ကောင်လေး... မင်း ဒီနေ့ ငါတို့ကို ဘယ်လို သတ်မလဲဆိုတာ ငါ ကြည့်ချင်သေး...”

“ရွှပ်...”

စကားပင် မဆုံးသေးမီမှာပင် တံခါးချပ်အရွယ်အစားရှိသည့် ထိတ်လန့်ဖွယ်ရာ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မိုးမြေကို လင်းထိန်သွားစေကာ မယုံနိုင်စရာ အရှိန်ဖြင့် ပိန်ချောင်သည့် အနက်ရောင်ဝတ်စုံဝတ်လူဆီသို့ ပိုင်းဖြတ်လိုက်သည်။

“ဖူး...”

ပိန်ချောင်သည့် အနက်ရောင်ဝတ်စုံဝတ်လူမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ မျက်နှာတွင် အထင်သေးသည့် အပြုံးများ ရှိနေဆဲပင်။ နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ်မှာ အလယ်တည့်တည့်မှ ကွဲထွက်သွားပြီး ထိုနေရာမှာပင် အသတ်ခံလိုက်ရသည်။

အခန်း (၄၇၄) ပြီးပါပြီ။

All Chapters