← Chapters

အခန်း (၄၇၅-၄၇၇)

Vol. 32 Ch. 475-477

အခန်း (၄၇၅-၄၇၇)

Vol. 32 Ch. 475-477

အခန်း ၄၇၅ - ကန့်သတ်ချက်... သွေးလောင်ကျွမ်းဆေးလုံး...

“ဒီလိုပဲ မင်းကို သတ်လိုက်တာပါပဲ...”

လော့ချန်သည် လျှပ်စီးဓားကို တည်ငြိမ်စွာ ပြန်သိမ်းလိုက်ရင်း အေးစက်စွာပင် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဖူး...”

ပိန်ချောင်သည့် အနက်ရောင်ဝတ်ရုံဝတ်လူ၏ အပိုင်းပိုင်းကွဲနေသော အလောင်းမှာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး သူ၏မျက်လုံးများထဲတွင် ဝေဝါးမှုများ ရှိနေဆဲပင်။ မိမိကိုယ်ကိုယ် သေဆုံးသွားပြီဖြစ်ကြောင်းပင် သူ သိရှိပုံမရပေ။

“ကောင်လေး... မင်း တော်တော်လေး သတ္တိကောင်းနေတာပဲ...”

ကျန်ရှိနေသော အနက်ရောင်ဝတ်ရုံဝတ် သုံးဦးမှာ ယခုမှ သတိဝင်လာခဲ့ကြပြီး ဒေါသတကြီးဖြင့် လော့ချန်ကို ကြည့်ကာ သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပြင်းထန်လာကြသည်။ သူတို့ လေးဦး ဝိုင်းရံထားသည့်ကြားမှ လော့ချန်က တိုက်ခိုက်ဝံ့လိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။ ထို့ပြင် သူတို့၏ မျက်စိရှေ့တွင်ပင် လူတစ်ယောက်ကို သတ်ခဲ့သည် မဟုတ်ပါလော။

မျက်နှာတွင် အသားပိုများရှိသည့် အနက်ရောင်ဝတ်ရုံဝတ် ခေါင်းဆောင်၏ မျက်လုံးများထဲမှ အေးစက်သည့် အလင်းတန်းများ ထွက်ပေါ်လာပြီး ရက်စက်စွာ ရယ်မောလိုက်သည်။

“ဟဲဟဲ... ငါတို့လူကို သတ်ဝံ့တယ်ဆိုတော့... မင်း ဒီအတိုင်း သေရုံနဲ့ ပြီးသွားမယ်လို့ မထင်နဲ့... သူ့ကို ဖမ်းစမ်း... ပြန်ခေါ်သွားပြီး အကြီးအကဲ ထူ ဆီ အပ်မယ်... သွေးအလောင်းအဖြစ် ကျင့်ကြံခိုင်းရမယ်...”

“ဟားဟား... ကောင်လေး... ငါ့ရှေ့မှာ ဒူးထောက်စမ်း...”

အကြည့်များ မှေးစက်နေသည့် အနက်ရောင်ဝတ်ရုံဝတ် တစ်ဦးမှာ အားရပါးရ ရယ်မောလိုက်ရင်း ခြေလှမ်းတစ်ချက်ဖြင့် လော့ချန်၏ ရှေ့သို့ ရောက်ရှိလာကာ ညာဘက်လက်ဝါးကို ဆန့်ထုတ်လိုက်ရာ သွေးအငွေ့အသက်များဖြင့် ပြည့်နှက်နေသည့် သွေးလက်ဝါးကြီးတစ်ခု ဖြစ်ပေါ်လာပြီး လော့ချန်ကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။ သူသည် သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့် နောက်ပိုင်း သန်မာသူတစ်ဦး ဖြစ်သဖြင့် လော့ချန်ကို လုံးဝ အထင်မကြီးခဲ့ပေ။

လော့ချန်က အေးစက်စွာ ရယ်မောလိုက်ရင်း ဓားကို အသုံးမပြုဘဲ ဘယ်ဘက်လက်သီးဖြင့် မိတ်ဆက်ပေးလိုက်သည်။

“ဘုန်း...”

ကျယ်ပြောလှသည့် လက်သီးအဟုန်မှာ သွေးလက်ဝါးကြီးကို တစ်ခဏအတွင်း ချေမှုန်းပစ်လိုက်သည်။

“အား...”

ပြေးဝင်လာသည့် အနက်ရောင်ဝတ်ရုံဝတ်လူမှာ နာကျင်စွာ အော်ဟစ်လိုက်ရပြီး လက်မောင်းမှာ ထိုနေရာမှာပင် ပေါက်ကွဲသွားကာ ခန္ဓာကိုယ်တစ်ခြမ်းမှာလည်း ကြေမွပျက်စီးသွားခဲ့သဖြင့် အလောင်းမှာ မီတာ ရာချီ လွင့်စင်သွားသည်။ လော့ချန်၏ ယခုလက်ရှိ ခန္ဓာကိုယ်အင်အားမှာ သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့်ရှိ ထိပ်တန်း ခန္ဓာကိုယ်ကျင့်ကြံသူ ပါရမီရှင်များနှင့် ယှဉ်နိုင်သည်။ သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့် နောက်ပိုင်း သန်မာသူတစ်ဦးအနေဖြင့် မည်သို့ တောင့်ခံနိုင်ပါမည်နည်း။

“ဟင်...”

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကျန်ရှိနေသော အနက်ရောင်ဝတ်ရုံဝတ် နှစ်ဦးမှာ အံ့အားသင့်သွားခဲ့ကြသည်။

“ဒီကောင်က မရိုးရှင်းဘူး... အတူတူ သတ်ကြမယ်...”

မျက်နှာတွင် အသားပိုများရှိသည့် အနက်ရောင်ဝတ်ရုံဝတ်လူမှာ အခြေအနေ မဟန်တော့သည်ကို သိရှိသွားသဖြင့် အေးစက်စွာ အော်ဟစ်လိုက်ပြီး ကိုယ်တိုင် တိုက်ခိုက်ရန် ပြင်လိုက်သည်။ သူ၏ ကိုယ်ပေါ်တွင် သွေးအငွေ့အသက်များ ဆူဝေလာကာ ကျယ်ပြောလှသည့် ချီစွမ်းအင်များကြောင့် ဟင်းလင်းပြင်မှာ တုန်ခါသွားရပြီး လော့ချန်ကို လက်ဝါးတစ်ချက် ပိုင်းဖြတ်လိုက်သည်။

“သွေးလှိုင်းပိုင်းဖြတ်ခြင်း...”

သွေးရောင်အလင်းတန်းများမှာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ကမ္ဘာမြေကြီးတစ်ခုလုံးကို နီရဲသွားစေကာ သွေးအငွေ့အသက်များမှာ ဧရာမလှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲလျက် လော့ချန်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်လာသည်။

“ဘုန်း...”

ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားသည့် ကျောက်တံတိုင်းမှာ ဤတိုက်ကွက်၏ ရှေ့မှောက်တွင် တို့ဟူးနှယ် ဖြစ်သွားပြီး မှုန့်မှုန့်ညက်ညက် ကြေမွသွားသည်။

“သတ်စမ်း...”

အခြားသော အနက်ရောင်ဝတ်ရုံဝတ်တစ်ဦးမှာလည်း ဓားရှည်တစ်စင်းကို ဆွဲထုတ်လိုက်ကာ အခြားတစ်ဖက်မှနေ၍ လော့ချန်ကို တိုက်ခိုက်လေသည်။ လော့ချန်မှာ မည်သည့်အမူအရာမျှ မရှိဘဲ ရိုက်ခတ်လာသည့် သွေးလှိုင်းလုံးကြီးများကို ဓားတစ်ချက်တည်းဖြင့် ဝှေ့ယမ်း ပိုင်းဖြတ်လိုက်သည်။

“ရွှီ...”

ဓားအလင်းတန်းများမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး သွေးလှိုင်းလုံးကြီးများမှာ ပျောက်ကွယ်သွားကာ အရာရာမှာ ငြိမ်သက်သွားသည်။ ထိုအချိန်မှာပင် လော့ချန်မှာ လှည့်မကြည့်ဘဲ ရွှေရောင်အလင်းတန်းများ မှိန်ပျပျ ထွက်ပေါ်နေသည့် လက်သီးဖြင့် ဘယ်ဘက်သို့ အပြင်းအထန် ထိုးနှက်လိုက်သည်။

“ဘုန်း...”

ကြီးမားလှသည့် အင်အားကြောင့် လေထုမှာ ဘေးသို့ ဖယ်ခွာသွားခဲ့ရသည်။ ရိုးရှင်းလှသည့် လက်သီးတစ်ချက်မှာ တောင်ကြီးတစ်လုံးနှယ် ခံစားရသဖြင့် အနှိုင်းမဲ့ ဖိအားများကို ပေးစွမ်းနေသည်။ ဘုန်းခနဲ အသံနှင့်အတူ ဓားအဟုန်မှာ ကြေမွသွားသည်။

“ဝေါ့...”

ဘယ်ဘက်မှလူမှာ သူ၏ အကာအကွယ် ချီစွမ်းအင်များကို အစွမ်းကုန် လှုံ့ဆော်ခဲ့သော်လည်း ဓားကိုယ်ထည်မှတစ်ဆင့် ဝင်ရောက်လာသည့် ကြီးမားလှသော အင်အားကြောင့် သွေးများ အန်ထုတ်လိုက်ရပြီး ကိုယ်ရိပ်မှာ ကြွေလွင့်သွားသည့် ကြယ်တစ်ပွင့်နှယ် နောက်သို့ လွင့်စင်သွားသည်။ ဘုန်းကနဲ အသံနှင့်အတူ သူသည် အလောင်းများ ပြည့်နှက်နေသည့် တောင်ကြားထဲသို့ ပြုတ်ကျသွားခဲ့ရာ ထိုနေရာမှာပင် သေဆုံးသွားတော့သည်။

“ဟင်...”

ရက်စက်လှသည့် အနက်ရောင်ဝတ်ရုံဝတ်လူ၏ မျက်ဝန်းအိမ်မှာ ပြင်းထန်စွာ တုန်လှုပ်သွားရပြီး မိမိ၏ မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်နေသည်။ သူတို့နှစ်ဦး ဝိုင်းရံတိုက်ခိုက်သည်ကိုပင် တစ်ဖက်လူမှာ လုံးဝ မလှုပ်မယှက်ဘဲ တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည် မဟုတ်ပါလော။ ဤသည်မှာ တကယ်ပဲ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် သန်မာသူရော ဟုတ်ရဲ့လား။

“ဝှစ်...”

လော့ချန်သည် တစ်ဦးကို သတ်ဖြတ်ပြီးနောက် လေနှင်ရာသို့ လိုက်ပါသွားသည့်နှယ် နောက်ဆုံးကျန်ရှိသည့် အနက်ရောင်ဝတ်ရုံဝတ်လူ၏ ရှေ့သို့ တစ်ခဏအတွင်း ရောက်ရှိလာသည်။ သူသည် ကောင်းကင်ယံ၌ ရပ်တန့်လိုက်ရင်း ကိုယ်ဟန်မှာ လေနှင့်အတူ လှုပ်ခတ်နေကာ ကျယ်ပြောလှသည့် ဓားအဟုန်များမှာ တိမ်တိုက်များကို လှုပ်ခတ်စေသည်။ သူသည် မည်သည့်ခံစားချက်မျှ မပါဝင်သည့် အကြည့်ဖြင့် တစ်ဖက်လူကို စိုက်ကြည့်လိုက်ရင်း စိန်ခေါ်လိုက်သည်။

“မင်းရဲ့ အဆုံးအစွန် စွမ်းအားတွေကို ထုတ်ပြစမ်းပါ...”

ဤလူမှာ သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူ ဖြစ်သည်။ သူ၏ ဓားကို စမ်းသပ်ရန်အတွက် အသင့်တော်ဆုံးပင်။ ရက်စက်လှသည့် အနက်ရောင်ဝတ်ရုံဝတ်လူမှာ လော့ချန်၏ အထင်သေးမှုကို ခံစားမိသည့်အခါ အလွန်အမင်း ဒေါသထွက်သွားလေသည်။ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် နောက်ပိုင်း သန်မာသူလေးက စွမ်းအား မည်မျှပင် ရှိပါစေ... မိမိ၏ ရှေ့တွင် လာရောက် မောက်မာဝံ့သည်လား။

“ကောင်လေး... မင်း တော်တော်လေး လေလုံးထွားတာပဲ... သေစမ်း...”

ရက်စက်လှသည့် အနက်ရောင်ဝတ်ရုံဝတ်လူ၏ မျက်နှာမှာ တွန့်လိမ်နေခဲ့ပြီး အော်ဟစ်လိုက်ရာ ကြယ်ငါးလုံး ဝင်းလက်နေသည့် ကျောက်တုံးသိုင်းဝိညာဉ်တစ်ခုမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ နီရဲလှသည့် သွေးအငွေ့အသက်များမှာ မြစ်ကြီးတစ်စင်းနှယ် ရှိနေပြီး ပတ်ဝန်းကျင်ရှိ လေထုကို ပြင်းထန်စွာ တုန်ခါစေသည်။

“သေပေတော့...”

သိုင်းဝိညာဉ်ကို ထုတ်ဖော်လိုက်ပြီးနောက် ရက်စက်လှသည့် အနက်ရောင်ဝတ်ရုံဝတ်လူသည် လော့ချန်ကို ပစ်မှတ်ထားကာ ညာဘက်လက်ဝါးမှ သွေးအလင်းတန်းများ ဆူဝေလျက် ပိုင်းဖြတ်လိုက်သည်။

“ဘုန်း...”

လွင့်မျောနေသည့် မြူခိုးများမှာ ဆွဲဖြဲခြင်း ခံလိုက်ရပြီး မီတာ ရာချီ ရှည်လျားသည့် ဧရာမ သွေးရောင်ဓားအဟုန်ကြီးတစ်ခုမှာ ကောင်းကင်ယံ၌ ဝင်းလက်သွားကာ လော့ချန်၏ ရှေ့သို့ တစ်ခဏအတွင်း ရောက်ရှိလာသည်။ လော့ချန်မှာ ရှောင်တိမ်းခြင်း မရှိဘဲ ကိုယ်ပေါ်မှ ဓားအဟုန်များမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး ဓားတစ်ချက် ဝှေ့ယမ်း ပိုင်းဖြတ်လိုက်သည်။

“ရွှီ...”

သွေးရောင်ဓားအဟုန်မှာ အပိုင်းပိုင်း ပြတ်တောက်သွားပြီး ပျောက်ကွယ်သွားသည်။

“မလုံလောက်သေးဘူး...”

လော့ချန်က တည်ငြိမ်စွာ ဆိုသည်။

“တကယ်ကို နတ်ဆိုးနဲ့တွေ့တာပဲ...”

ရက်စက်လှသည့် အနက်ရောင်ဝတ်ရုံဝတ်လူ၏ စိတ်ဓာတ်မှာ တုန်လှုပ်သွားရပြီး မျက်နှာမှာလည်း တွန့်လိမ်သွားသည်။ သူသည် သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူဖြစ်ပြီး သိုင်းဝိညာဉ်ကို ထုတ်ဖော်ခဲ့သော်လည်း စတုတ္ထအဆင့် သန်မာသူတစ်ဦးကို ဘာမှ မလုပ်နိုင်သည် မဟုတ်ပါလော။

“မင်း ဒီနေ့ သေကို သေရမယ်... သွေးပင်လယ် ကောင်းကင်ကို လောင်ကျွမ်းစေခြင်း...”

အလွန်အမင်း ဒေါသထွက်နေသဖြင့် ရက်စက်လှသည့် အနက်ရောင်ဝတ်ရုံဝတ်လူသည် သူ၏ စွမ်းအားကို အစွမ်းကုန် မြှင့်တင်လိုက်ပြီး အပြင်းထန်ဆုံး တိုက်ကွက်ကို ထုတ်ဖော်လိုက်ကာ နီရဲနေသည့် လက်ဝါးဖြင့် ဟင်းလင်းပြင်ကို တစ်ချက် ဖိနှိပ်လိုက်သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

အိမ်တစ်လုံးအရွယ်အစားရှိသည့် သွေးရောင်လက်ဝါးကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး အရာရာကို ဖျက်ဆီးပစ်မည့် အရှိန်အဝါဖြင့် လော့ချန်ဆီသို့ ဦးတည်သွားခဲ့ရာ ကောင်းကင်ယံမှ တိမ်မည်းကြီးတစ်ခု ကျဆင်းလာသည့်နှယ် ရှိနေသည်။

“ဗျစ်... ဗျစ်... ဗျစ်...”

သွေးရောင်လက်ဝါးကြီး ဖိနှိပ်လာသည်နှင့်အမျှ တစ်ခုလုံးသော တောင်ကြားအတွင်း၌ သွေးညှီနံ့များ ဖုံးလွှမ်းသွားပြီး အနီးအနားရှိ ပန်းမာန်များမှာလည်း ညှိုးနွမ်းသွားကာ ပုပ်ပွပျက်စီးသွားသည်။ လော့ချန်၏ အကြည့်မှာ ဝင်းလက်သွားသည်။ သူ၏ ချီစွမ်းအင်များမှာ ပုပ်ပွပျက်စီးလာသည့် အငွေ့အသက်များကို ခံစားနေရခြင်းပင်။ ဤလက်ဝါး၏ စွမ်းအားမှာ စောစောက လျှပ်ယွမ်ဂိုဏ်း တပည့်ကြီးထက်ပင် အနည်းငယ် သာလွန်နေသည်။

“ပိုင်းဖြတ်စမ်း...”

ဓားဆန္ဒနှင့် ဆန်းကြယ်နဂါးကျင့်စဉ်ကို မလှုံ့ဆော်သလို သိုင်းဝိညာဉ်ကိုလည်း အသုံးမပြုဘဲ လော့ချန်၏ ကိုယ်ပေါ်မှ ဓားအဟုန်များ ဆူဝေလာကာ ချီစွမ်းအင်များမှာ ပင်လယ်သမုဒ္ဒရာနှယ် ကျယ်ပြောလှပြီး ကြယ်တာရာကြွေကျခြင်း တစ်ကွက်ကို ထုတ်ဖော် ပိုင်းဖြတ်လိုက်သည်။ ဓားစွမ်းအင်မှာ ရေတံခွန်နှယ် ကောင်းကင်မှ ကျဆင်းလာခဲ့ပြီး သွေးရောင်လက်ဝါးကြီးနှင့် အပြင်းအထန် ထိတွေ့သွားသည်။

“ဘုန်း...”

ပြင်းထန်လှသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီး ဓားစွမ်းအင်နှင့် သွေးရောင်လက်ဝါးကြီးမှာ တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားခဲ့ကာ ပြင်းထန်လှသည့် ရိုက်ခတ်မှုကြောင့် တောင်ကြားတစ်ခုလုံးမှာ တုန်ခါသွားရပြီး သစ်ပင်ကြီးများမှာလည်း အမြစ်မှ ကျွတ်ထွက်သွားကာ အနီးအနားရှိ အိမ်များမှာလည်း လဲပြိုကုန်ကြ၏။

“ဝှစ်...”

ရက်စက်လှသည့် အနက်ရောင်ဝတ်လူမှာ မီတာ ရာချီ လွင့်စင်သွားခဲ့ရပြီး မျက်နှာမှာလည်း အနည်းငယ် ဖြူဖျော့သွားသည်။

“တောက်... ငါ့ကို ဒေါသထွက်အောင် လုပ်နိုင်တယ်ပေါ့...”

အနက်ရောင်ဝတ်လူက ဆဲဆိုလိုက်သည်။ သူသည် သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူတစ်ဦး ဖြစ်သော်လည်း စတုတ္ထအဆင့် သန်မာသူတစ်ဦးကို ဘာမှ မလုပ်နိုင်ဘဲ ရှိနေသည် မဟုတ်ပါလော။ သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိလာကတည်းက သူ ဤမျှအထိ အရှက်မရခဲ့ဖူးပေ။

“ဝှစ်...”

လော့ချန်မှာ မီတာ ဆယ်ဂဏန်းခန့် အသာအယာ နောက်ဆုတ်လိုက်ရင်း အနက်ရောင်ဝတ်လူကို ကြည့်လိုက်သည်။

“တခြား ဘာနည်းလမ်းတွေ ရှိသေးလဲ အကုန်ထုတ်ပြစမ်းပါ... ငါ့ရဲ့ ကန့်သတ်ချက်က ဘယ်မှာလဲဆိုတာ ငါ သိချင်တယ်...”

“မင်း...”

အနက်ရောင်ဝတ်လူမှာ ဒေါသနှင့် ထိတ်လန့်မှုများ ရောယှက်နေခဲ့ပြီး မျက်လုံးများမှာလည်း ပြူးထွက်နေသည်။ တစ်ဖက်လူက သူ့ကို လုံးဝ ဂရုမစိုက်ဘဲ စမ်းသပ်စရာတစ်ခုနှယ် သဘောထားနေသည် မဟုတ်ပါလော။ မခံချင်စိတ်က သူ၏ စိတ်နှလုံးကို လွှမ်းမိုးသွားသည်။ သူသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ လက်ထဲတွင် နီရဲနေသည့် ဆေးလုံးတစ်လုံး ထွက်ပေါ်လာခဲ့ပြီး မည်သည့်တွေဝေမှုမျှ မရှိဘဲ တစ်ခဏအတွင်း ဝါးမျိုလိုက်သည်။

ဘုန်း...

ကျယ်ပြောလှသည့် အရှိန်အဝါတစ်ခုမှာ အနက်ရောင်ဝတ်ရုံဝတ်လူ၏ ကိုယ်ပေါ်မှ ကောင်းကင်သို့ ထိုးတက်သွားပြီး အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။ အနက်ရောင်ဝတ်လူ၏ မျက်လုံးများမှာ သွေးချင်းချင်းနီနေခဲ့ပြီး တစ်မျက်နှာလုံးတွင်လည်း သွေးကြောများမှာ ထင်းနေကာ ချွေးပေါက်များမှလည်း သွေးအငွေ့အသက်များမှာ အဆက်မပြတ် ထွက်ပေါ်နေသဖြင့် အရှိန်အဝါမှာ အလွန်ပင် ယုတ်မာလှပြီး လူလိုလို၊ မိစ္ဆာလိုလို ဖြစ်နေသည်။

“ဘယ်လောက်တောင် ရိုင်းစိုင်းတဲ့ အရှိန်အဝါလဲ... သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့် သန်မာသူ မဟုတ်ရင်တောင် အရမ်းကို နီးစပ်နေပြီပဲ...”

အနက်ရောင်ဝတ်လူ၏ တိုးတက်လာသည့် အရှိန်အဝါကို ခံစားမိသည့်အခါ လော့ချန်၏ စိတ်မှာ အနည်းငယ် လှုပ်ခတ်သွားသည်။

“ဝှစ်...”

ဟင်းလင်းပြင်၌ သွေးရောင်ပုံရိပ်နှစ်ခု ထွက်ပေါ်လာပြီးနောက် အနက်ရောင်ဝတ်ရုံဝတ်လူ၏ နီရဲနေသော မျက်လုံးများက လော့ချန်ကို စိုက်ကြည့်လိုက်ရင်း ရက်စက်စွာ ရယ်မောလိုက်သည်။

“ကောင်လေး... ဒါက မင်းကိုယ်တိုင် ရှာတာနော်... ဒီနေ့ ငါ သွေးလောင်ကျွမ်းဆေးလုံး တစ်လုံးကို ဖြုန်းတီးပစ်ရရင်တောင် မင်းကို သေချာပေါက် သတ်ပစ်မယ်... မင်းရဲ့ အလောင်းကို ပြန်ယူသွားပြီး သွေးအလောင်းအဖြစ် ကျင့်ကြံရမယ်... မင်းကို ဘယ်တော့မှ အေးအေးဆေးဆေး သေခွင့်မပေးဘူး...”

“ဒါဆိုရင်လည်း စမ်းကြည့်လိုက်လေ...”

လော့ချန်၏ မျက်နှာမှာ မပြောင်းလဲခဲ့ပေ။

“ဟားဟား... မင်းကတော့ သေတွင်းထဲရောက်တာတောင် မာနကြီးနေတုန်းပဲ... သွေးလောင်ကျွမ်းဆေးလုံးက ငါ့ရဲ့ အလားအလာတွေကို အစွမ်းကုန် ပေါက်ကွဲစေနိုင်တယ်... ငါ့ရဲ့ အခုလက်ရှိ စွမ်းအားက တကယ့် သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့် သန်မာသူတွေကိုတောင် မီတော့မှာ... မင်းက ငါ့ကို တားနိုင်မယ် ထင်နေတာလား... မင်းကို သတ်ရတာက ကြက်ကလေးငှက်ကလေး သတ်ရသလိုပဲ... ကောင်းကင်ကို လောင်ကျွမ်းစေတဲ့ သွေးပင်လယ်...”

သူသည် ရက်စက်စွာ ရယ်မောလိုက်ရင်း လက်ဝါးတစ်ချက်ကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။

“ဘုန်း...”

သွေးစွမ်းအင် အငွေ့အသက်များမှာ ကျယ်ပြောလှပြီး ပြင်းထန်လှသည့် ရိုက်ခတ်မှုနှင့်အတူ သွေးလက်ဝါးအဟုန်ကြီးတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ သွေးလက်ဝါးအဟုန်မှာ ယခင်ကထက် ဆယ်ဆခန့် ပိုမိုကြီးမားလာခဲ့ပြီး သွေးရောင်တောင်ကြီးတစ်လုံးနှယ် ဟင်းလင်းပြင်၌ ရှိနေကာ လက်ဝါးအရှိန်ကြောင့်ပင် မြေပြင်မှာ အဆက်မပြတ် နိမ့်ကျသွားပြီး အက်ကွဲလာသည်။

လော့ချန်က အေးစက်စွာ ရယ်မောလိုက်ရင်း သူ၏ အကြည့်များမှာ ထက်မြက်လာသည်။

“ငါ မင်းကို မသတ်နိုင်ဘူးလို့ တကယ်ပဲ ထင်နေတာလား...”

“ဘုန်း...”

ထိုစကားနှင့်အတူ ထိတ်လန့်ဖွယ်ရာ ဓားအဟုန်တစ်ခုမှာ ကောင်းကင်သို့ ထိုးတက်သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ပြင်းထန်စွာ တုန်ခါသွားရကာ လေထုမှာလည်း ဆူပွက်လာသည်။ ရည်ရွယ်ချက်မှာ အောင်မြင်ခဲ့ပြီ ဖြစ်ရာ လော့ချန်သည် အမြန်ဆုံး အနိုင်ယူရန် ဆုံးဖြတ်လိုက်သည်။ သိုင်းဝိညာဉ်ကို လှုံ့ဆော်လိုက်သည်နှင့်အမျှ ၄၀ ရာခိုင်နှုန်း ဓားဆန္ဒမှာလည်း ပေါက်ကွဲထွက်ပေါ်လာသည်။ တစ်ကိုယ်လုံးမှာ အိမ်ထဲမှ ထွက်ပေါ်လာသည့် အနှိုင်းမဲ့ ရတနာလက်နက်တစ်ခုနှယ် ရှိနေပြီး တစ်ကမ္ဘာလုံးကို သတ်ဖြတ်ရန် ပြင်နေခဲ့ပြီ ဖြစ်သည်။

အခန်း (၄၇၅) ပြီးပါပြီ။

အခန်း ၄၇၆ - မြန်လျှင် ငါးနှစ်... နှေးလျှင် ဆယ်နှစ်...

“နတ်ဆိုးမုန်တိုင်း...”

သိုင်းဝိညာဉ်နှင့် ၄၀ ရာနှုန်း ဓားဆန္ဒကို ထုတ်ဖော်လိုက်ရာ လော့ချန်၏ မျက်ဝန်းအိမ်အတွင်း၌ လျှပ်စီးနှယ် ထက်မြက်သည့် အလင်းတန်းများ ပေါ်ထွက်လာပြီး လျှပ်စီးဓားကို အပြင်းအထန် ဝှေ့ယမ်းလိုက်သည်။

“ဘုန်း...”

ကြီးမားလှသည့် ဓားအဟုန် လေဆင်နှာမောင်းကြီးတစ်ခုမှာ ဟိန်းဟောက်လျက် ထွက်ပေါ်သွားပြီး လေထုနှင့် ပွတ်တိုက်မိကာ သတ္တုချင်း ရိုက်ခတ်သံများ ထွက်ပေါ်လာသည်။ ဖိနှိပ်လာသည့် သွေးရောင်လက်ဝါးကြီးမှာ ဓားအဟုန် လေဆင်နှာမောင်းနှင့် တစ်ခဏမျှ ယှဉ်ပြိုင်ပြီးနောက် တိုက်ရိုက် ဖောက်ထွင်းခြင်း ခံလိုက်ရသည်။

အနည်းငယ် သေးငယ်သွားသည့် ဓားအဟုန် လေဆင်နှာမောင်းမှာ အရှိန်မသေဘဲ အနက်ဝတ်လူဆီသို့ ဆက်လက် တိုးဝင်သွားသည်။

“မင်းလို သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် နောက်ပိုင်း သန်မာသူလေးက ဘယ်လိုလုပ်ပြီး...”

အနက်ဝတ်လူ၏ မျက်လုံးများမှာ ပြူးထွက်နေပြီး မျက်မှောက်က အဖြစ်မှန်ကို လက်မခံနိုင်ဘဲ ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေသည်။ ဓားအဟုန်များ တိုးဝင်လာသည်ကို မြင်သည့်အခါ သူသည် ရှောင်တိမ်းရန် မဖြစ်နိုင်တော့သဖြင့် ချီစွမ်းအင်များကို ရူးသွပ်စွာ လှုံ့ဆော်လျက် တားဆီးရန် ကြိုးစားသည်။

“ရွှီ... ရွှီ... ရွှီ...”

ဓားအဟုန်များမှာ အဆက်မပြတ် ပိုင်းဖြတ်တိုက်ခိုက်နေပြီး အနက်ရောင်ဝတ်စုံဝတ်လူကလည်း အစွမ်းကုန် တောင့်ခံသည်။ သို့သော် ဓားအဟုန်၏ စွမ်းအားမှာ သူ၏ ထင်မှတ်ချက်ထက် သာလွန်နေသဖြင့် အကာအကွယ် ချီစွမ်းအင်များမှာ တစ်ခဏအတွင်း ဆွဲဖြဲခြင်း ခံလိုက်ရသည်။ သူ၏ ကိုယ်ပေါ်တွင် ဓားဒဏ်ရာများစွာ ဖြစ်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဆန်ခါနှယ် အပေါက်များစွာ ဖြစ်သွားကာ သွေးများ ပန်းထွက်လာသည်။

“ဘုန်း...”

ဓားအဟုန်များ ပျောက်ကွယ်သွားသည့်အခါ အနက်ဝတ်လူမှာလည်း သူ၏ ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီး ပါးစပ်မှ သွေးများ ပန်းထုတ်လိုက်ကာ ကောင်းကင်ယံမှ ပြုတ်ကျသွားပြီး မြေပြင်ပေါ်၌ အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ ယခုအခါ သူ၏ လက်မောင်းနှစ်ဖက်စလုံးတွင် ကောင်းမွန်သည့် အသားစပင် မရှိတော့ဘဲ တစ်ကိုယ်လုံး သွေးချင်းချင်းနီလျက် အသက်ငင်နေပြီ ဖြစ်သည်။

“ဝှစ်...”

လော့ချန်၏ ကိုယ်ရိပ်မှာ မြေကျင်းကြီး၏ ဘေးတွင် ရုတ်တရက် ပေါ်လာသည်။

“မင်း...”

အနက်ဝတ်လူ၏ မျက်နှာမှာ ပြောင်းလဲသွားပြီး ထိတ်လန့်တုန်လှုပ်စွာ ပြောသည်။

“ငါ့ကို မသတ်ပါနဲ့... အသက်ချမ်းသာပေးပါ...”

လော့ချန်က အေးစက်စွာ ရယ်မောရင်း မလှမ်းမကမ်းရှိ ရွာသားများ၏ အလောင်းများကို တစ်ချက် ဝေ့ကြည့်လိုက်ရာ မိခင်နှင့် ကလေးငယ် နှစ်ဦးဆီသို့ အကြည့်များ ရောက်ရှိသွားသည်။

“သူတို့တွေ မင်းကို အသက်ချမ်းသာပေးဖို့ တောင်းပန်တုန်းကကော... မင်း သူတို့ကို လွှတ်ပေးခဲ့လို့လား...”

အနက်ဝတ်လူက တံတွေးတစ်ချက် မျိုချလျက် အထင်သေးစွာ ဆိုလိုက်သည်။

“သူတို့က သာမန်လူတွေပဲလေ... ငါတို့လို သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတွေနဲ့ယှဉ်ရင် မြေပြင်က ပုရွက်ဆိတ်တွေနဲ့ အတူတူပဲ... ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်လို့ ရမှာလဲ...”

“ဒါ့အပြင် မင်း ငါ့ကို သတ်လိုက်လို့လည်း ဘာကောင်းကျိုးမှ မရှိဘူး... ငါ့ကို အသက်ချမ်းသာပေးမယ်ဆိုရင် ငါ့ဆီမှာရှိတဲ့ သွေးဆေးလုံးတွေ အကုန်လုံး မင်းကို ပေးမယ်... ငါတို့ သွေးဝိညာဉ်ဂိုဏ်းရဲ့ အခြေစိုက်စခန်း တည်နေရာကိုလည်း ပြောပြမယ်... မင်း အထက်ကို သတင်းပို့လိုက်ရင် သေချာပေါက် ကောင်းကျိုးတွေ အများကြီး ရမှာပဲ...”

လော့ချန်၏ မျက်လုံးများမှာ ဝင်းလက်သွားသည်။

“အို... အခြေစိုက်စခန်းက ဘယ်မှာလဲ...”

လော့ချန်က တိုက်ခိုက်ခြင်း မရှိသည်ကို မြင်သည့်အခါ အနက်ရောင်ဝတ်စုံဝတ်လူမှာ စိတ်ထဲမှ ဝမ်းသာသွားသည်။ ကြည့်ရတာ ဒီကောင်လေးက တကယ်ကို နုနယ်သေးတာပဲ။

သို့သော်လည်း တစ်ဖက်လူ မသိသည့် အချက်မှာ သူသည် အကြီးအကဲ ထူဝမ်ရှန်း၏ တိုက်ရိုက်တပည့်ဖြစ်ပြီး သူ၏ ကိုယ်ပေါ်တွင် သွေးဝိညာဉ်ဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်တစ်ခု ရှိနေခြင်းပင်။ သူ သေဆုံးသည်နှင့် ဂိုဏ်းအတွင်းရှိ အကြီးအကဲများက ချက်ချင်း သိရှိသွားမည် ဖြစ်သည်။ အချိန်ဆွဲထားပြီး ဂိုဏ်းမှ သန်မာသူများ ရောက်လာလျှင် ဤကောင်လေး သေရမည်မှာ ဧကန်ပင် ဖြစ်သည်။

“ဟဲဟဲ... အဲ့ဒီအချိန်ကျရင် မင်းကို မသေမရှင်အခြေအနေမျိုး ရောက်အောင် လုပ်ပြမယ်...”

စိတ်ထဲမှ ရက်စက်စွာ ရယ်မောရင်း အနက်ရောင်ဝတ်စုံဝတ်လူက မျက်နှာတွင် မည်သည့်အမူအရာမျှ မပြဘဲ ဆိုလိုက်သည်။

“ငါတို့ရဲ့ အခြေစိုက်စခန်းက မြေအောက်မှာ ရှိတာ... ဒီနက်မှောင်သည့်တောင်တန်းက မိုင်ပေါင်းသောင်းချီ ကျယ်ပြောတာဆိုတော့ တိကျတဲ့နေရာကို ငါ မပြောပြတတ်ဘူး... အနီးစပ်ဆုံး နေရာကိုပဲ ငါ ဆွဲပြ...”

“ရွှီ...”

အနက်ဝတ်လူ၏ စကားပင် မဆုံးသေးမီမှာပင် ဓားအလင်းတန်းတစ်ခုမှာ သူ၏ မျက်လုံးကို လင်းထိန်သွားစေပြီး မည်သည့်လှုပ်ရှားမှုမျှ မလုပ်နိုင်ခင်မှာပင် လည်ပင်းမှာ အပေါက်ဖောက်ခြင်း ခံလိုက်ရသည်။

“အု... အု... မင်း...”

သူသည် လည်ပင်းကို အုပ်ထားရင်း လော့ချန်ကို ဒေါသတကြီး စိုက်ကြည့်သည်။ ထိုအကြည့်များထဲတွင် နက်နဲလှသည့် မကျေနပ်မှုများနှင့် နားမလည်နိုင်မှုများ ပြည့်နှက်နေပြီး ခဏမျှ ရုန်းကန်ပြီးနောက် ထိုနေရာမှာပင် အသက်ပျောက်သွားသည်။

“ပြောမပြတတ်ဘူးဆိုရင်လည်း ပြောမနေနဲ့တော့...”

လော့ချန်သည် ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်ရင်း တည်ငြိမ်စွာ ဆိုလိုက်သည်။ တစ်ဖက်လူ၏ စိတ်ထဲက အတွေးများကို သူ မသိသော်လည်း သတ်ဖြတ်လိုသည့် အငွေ့အသက်များကိုမူ သူ ခံစားမိသည်။ ဤလူမှာ သေချာပေါက် ယုတ်မာသည့် အကြံအစည် ရှိနေခြင်းပင်။ ထို့ကြောင့် သတ်ပစ်လိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေသည်။

“နက်မှောင်သည့်တောင်တန်းထဲမှာ သွေးဝိညာဉ်ဂိုဏ်းရဲ့ အခြေစိုက်စခန်း ရှိနေလိမ့်မယ်လို့ မထင်ထားဘူး... ကြည့်ရတာ သွေးဝိညာဉ်ဂိုဏ်းက တာယွဲ့မင်းဆက်ထဲကို ပြန့်နှံ့နေပြီပဲ...”

“သူတို့ စကားအရဆိုရင် ဂိုဏ်းကြီး သုံးဂိုဏ်းကလည်း ဒီကိစ္စကို သိနေပြီး စုံစမ်းနေကြပုံပဲ...”

လော့ချန်သည် မိမိဘာသာ ရေရွတ်လိုက်ရင်း ခေါင်းခါယမ်းလိုက်သည်။ ဤကဲ့သို့သော ကိစ္စမျိုးမှာ သူ ယခုလက်ရှိ အခြေအနေဖြင့် ဝင်ရောက်စွက်ဖက်နိုင်သည့် အခြေအနေ မဟုတ်ပေ။

“ဒီနေရာမှာ ကြာကြာနေလို့ မဖြစ်ဘူး...”

နက်မှောင်သည့်တောင်တန်း၌ သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်း ရှိနေသဖြင့် လော့ချန်သည် အခြားသော သွေးဝိညာဉ်ဂိုဏ်း သန်မာသူများနှင့် တွေ့ဆုံရမည်ကို စိုးရိမ်သည်။ ထို့ကြောင့် ထိုလူများ၏ သိုလှောင်လက်စွပ်များနှင့် အလောင်းများကို လင်ရှောင်းကျောက်စိမ်းပြား အတွင်းသို့ သိမ်းဆည်းလိုက်ပြီးနောက် ကောင်းကင်သို့ ပျံတက်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနေရာမှ ပျောက်ကွယ်သွားသည်။

တောင်ကြားတစ်ခုလုံးမှာ ပြန်လည် ငြိမ်သက်သွားသည်။ သို့သော်လည်း လေထုအတွင်း၌ ဖုံးလွှမ်းနေသည့် ပြင်းထန်လှသော သွေးညှီနံ့များက ထိုငြိမ်သက်မှုကို ပိုမို ထိတ်လန့်စရာ ကောင်းလာစေသည်။

အချိန် မည်မျှ ကုန်ဆုံးသွားသည် မသိသော်လည်း ကောင်းကင်ယံမှ စူးရှလှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

“ကျွိ...”

ခြေလေးချောင်းပါသည့် ထူးဆန်းသော ငှက်ကြီးတစ်ကောင်မှာ တိမ်တိုက်များကို ဖြတ်ကျော်ကာ ဆင်းသက်လာသည်။ ထိုငှက်ကြီး၏ ကိုယ်ပေါ်တွင် နီဲမြန်းလှသည့် သွေးအငွေ့အသက်များ ဝဲပျံနေပြီး ပုပ်ပွနေသော အသားစများမှာ ဖြူဖွေးလှသည့် အရိုးများပေါ်တွင် တွဲလောင်းကျနေကာ မျက်လုံးနှစ်လုံးမှာလည်း သွေးရောင်မီးအိမ်နှစ်လုံးနှယ် ထူးဆန်းပြီး ယုတ်မာလှသည့် အလင်းတန်းများ ထွက်ပေါ်နေသဖြင့် ကြည့်လိုက်ရုံဖြင့်ပင် ဦးရေပြားများ ထုံကျင်သွားရသည်။

ငှက်ကြီး၏ ကျောပေါ်တွင် ပုံရိပ်နှစ်ခု ရှိနေသည်။ အရှိန်အဝါမှာ နက်နဲလှပြီး တစ်ကိုယ်လုံးကို အမှောင်ရိပ်များ ဖုံးလွှမ်းထားသည့် အနက်ရောင်ဝတ်စုံဝတ်လူမှာ လော့ချန်နှင့် တစ်ကြိမ် ဆုံတွေ့ဖူးသည့် သွေးကျီးကန်းအရှင်သခင် ဖြစ်သည်။ သူ၏ ဘေးတွင်မူ မျက်နှာမှာ ဇီးသီးမှည့်နှယ် နီရဲနေပြီး ခန္ဓာကိုယ်မှာ သံမဏိမျှော်စင်နှယ် တည်ရှိနေသည့် အလယ်အလတ်အရွယ် အမျိုးသားကြီးတစ်ဦး ရှိနေသည်။ သူ၏ အရိုးအဆစ်များမှာ ကြီးမားလှပြီး မျက်လုံးတစ်စုံမှာလည်း ဓားနှယ် ထက်မြက်လှကာ ထိုနေရာတွင် ရပ်နေရုံမျှဖြင့်ပင် စိတ်ပိုင်းဆိုင်ရာ ဖိအားများကို ပေးစွမ်းနေသည်။

“သွေးညှီနံ့က အရမ်းပြင်းတာပဲ... ဒီနေရာပဲ ဖြစ်ရမယ်”

ထိုအမျိုးသားကြီးက အသက်ကို ပြင်းပြင်းတစ်ချက် ရှူလျက် မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်ရာ မြေပြင်၌ အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ သူသည် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။

“လူတွေ ဘယ်မှာလဲ...”

သူသည် အခြေစိုက်စခန်း၌ သွေးကျီးကန်းအရှင်သခင်နှင့် အရေးကြီးသည့် ကိစ္စများကို ဆွေးနွေးနေစဉ် ဤနေရာ၌ သွေးကြောနိုးကြားမှုနယ်ပယ် တပည့်လေးဦး သေဆုံးသွားကြောင်း သိရှိခဲ့ရခြင်း ဖြစ်သည်။ ထိုအထဲတွင် သူ၏ တိုက်ရိုက်တပည့်ပင် ပါဝင်သည် မဟုတ်ပါလော။

ဤသည်မှာ သူ့ကို အလွန်တရာ မျက်နှာပျက်အောင် အရှက်ခွဲလိုက်ခြင်း ဖြစ်သဖြင့် မည်သူက ဤမျှအထိ သတ္တိကောင်းနေသနည်းဆိုသည်ကို သိရှိရန် ကိုယ်တိုင် လာရောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဘာမှ မရှိတော့သည်ကို မြင်လိုက်ရသည့်အခါ သူ အံ့သြသွားသည်။ အလောင်းများပင် ပျောက်ဆုံးနေပြီ ဖြစ်သည်။

“ငါ ကြည့်လိုက်မယ်...”

သွေးကျီးကန်းအရှင်သခင်မှာ အသံမထွက်ဘဲ ဘေးနားသို့ ဆင်းသက်လာကာ ဟင်းလင်းပြင်ကို လက်ဖြင့် ဆွဲယူလိုက်သည်။

“ဇစ်... ဇစ်... ဇစ်...”

လေထုမှာ တုန်ခါသွားရပြီး သွေးအငွေ့အသက် အနည်းငယ်မှာ သူ၏ လက်ဖဝါးအတွင်းသို့ စုစည်းရောက်ရှိလာသည်။ သွေးကျီးကန်းအရှင်သခင်က တစ်ချက် ကြည့်လိုက်ပြီးနောက် အက်ရှရှအသံဖြင့် ဆိုလိုက်သည်။

“တပည့်လေးဦး ဒီနေရာမှာ သေဆုံးသွားတာ အမှန်ပဲ... ပြီးတော့ တစ်ယောက်တည်းက သတ်လိုက်တာ... သူတို့ရဲ့ ကျန်ရှိနေတဲ့ သွေးအငွေ့အသက်တွေထဲမှာ ထက်မြက်တဲ့ အရှိန်အဝါတွေ ပါဝင်နေတာကို ကြည့်ရတာ ဓားဆန္ဒအကြိုအဆင့်ကို နားလည်ထားတဲ့ ဓားသမားတစ်ယောက်ပဲ ဖြစ်ရမယ်...”

“ဓားဆန္ဒအကြိုအဆင့်ကို နားလည်ထားတဲ့ ဓားသမား... ဒီအနီးအနားမှာ အဲ့ဒီလို သန်မာသူ မရှိဘူး... သေချာပေါက် ဂိုဏ်းကြီး သုံးဂိုဏ်းက တပည့်ပဲ ဖြစ်ရမယ်... အဲ့ဒါ ဘယ်သူလဲဆိုတာ ငါ သိရင်တော့လား...”

ထိုအမျိုးသားကြီး၏ မျက်နှာမှာ တွန့်လိမ်နေပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ဘုန်း...”

သူ၏ အော်ဟစ်သံနှင့်အတူ မမြင်ရသည့် ဖိအားများမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ အိမ်များမှာ ပြိုကျကုန်ကာ သစ်ပင်ကြီးများမှာလည်း အမြစ်မှ ကျွတ်ထွက်ကုန်သဖြင့် ကမ္ဘာပျက်သည့် မြင်ကွင်းနှယ် ရှိနေသည်။

ဒေါသများကို ဖြေဖျောက်ပြီးနောက် အမျိုးသားကြီးက သွေးကျီးကန်းအရှင်သခင်ကို လှမ်းကြည့်ကာ လေးနက်စွာ ဆိုလိုက်သည်။

“သွေးကျီးကန်းအရှင်... ငါတို့က ဒီလိုမျိုး ပုန်းလျှိုးကွယ်လျှိုးနဲ့ ဘယ်အချိန်အထိ နေရဦးမှာလဲ... ငါ့အထင်တော့ ဂိုဏ်းကြီး သုံးဂိုဏ်းက ငါတို့ရှိနေတာကို သိသွားပြီဆိုမှတော့ အချိန်မဆွဲဘဲ သူတို့ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်ရအောင်... တာယွဲ့မင်းဆက်ကို ဖျက်ဆီးပစ်မယ်... သွေးချောင်းစီးအောင် သတ်ပစ်မယ်...”

“ထူဝမ်ရှန်း... စိတ်ကို အေးအေးထားစမ်းပါ...”

သွေးကျီးကန်းအရှင်သခင်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အရာရာမှာ ငြိမ်သက်သွားပြီး ဆက်ပြောလိုက်သည်။

“တာ့ချူဧကရီက အတိတ်ဖြစ်သွားပြီ ဆိုပေမယ့် ငါတို့ကို စောင့်ကြည့်နေတဲ့လူတွေ အများကြီး ရှိသေးတယ်... သေးသေးမွှားမွှား ကိစ္စတွေက ဘာမှမဟုတ်ပေမယ့် စစ်ပွဲကြီးတစ်ခု ဖြစ်လာရင်တော့ ဝိုင်းဝန်းတိုက်ခိုက်တာ ခံရလိမ့်မယ်... ငါတို့ရဲ့ အခြေခံက မခိုင်မာသေးသလို အင်အားစုအတော်များများထဲကိုလည်း ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိသေးဘူး... ဒါကြောင့် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းကြရအောင်...”

ထူဝမ်ရှန်းက ပြင်းထန်စွာ နှာခေါင်းရှုံ့လိုက်သည်။

“စောင့်... စောင့်... စောင့်... ဘယ်နှစ်နှစ်ရှိပြီလဲ... ဘယ်အချိန်အထိ ထပ်စောင့်ရဦးမှာလဲ...”

သွေးကျီးကန်းအရှင်သခင်၏ မျက်လုံးများထဲတွင် သွေးအလင်းတန်းများ လှုပ်ခတ်သွားသည်။

“စိတ်ချပါ... သိပ်မကြာတော့ပါဘူး... ဂိုဏ်းချုပ်ကြီး ပြန်လည်နိုးထလာတာနဲ့ ငါတို့ သွေးဝိညာဉ်ဂိုဏ်းက အရှေ့ကုန်းမြေကြီးကို စိုးမိုးမယ့်အချိန် ရောက်လာမှာပဲ... မြန်ရင် ငါးနှစ်... နှေးရင် ဆယ်နှစ်... အဲ့ဒီအချိန်ကျရင် ဂိုဏ်းကြီး သုံးဂိုဏ်းကို ဖျက်ဆီးဖို့ဆိုတာ လက်တစ်ဖက် လှန်ရသလောက်ပဲ လွယ်ကူလိမ့်မယ်... မင်း တာယွဲ့မင်းဆက်တစ်ခုလုံးကို သတ်ပစ်ချင်ရင်တောင် ဘာပြဿနာမှ ရှိတော့မှာမဟုတ်ဘူး...”

အခန်း (၄၇၆) ပြီးပါပြီ။

အခန်း ၄၇၇ - အမှန်တကယ် ပြိုင်ဘက်ကင်းခြင်း... ရလဒ်...

“ဒါဆိုရင်လည်း ဒီလူတွေကို နောက်ထပ် ရက်အနည်းငယ်လောက် ထပ်ပြီး မောက်မာခွင့် ပေးလိုက်တာပေါ့လေ...”

သွေးကျီးကန်းအရှင်သခင်၏ စကားကို ကြားရသည့်အခါ ထူဝမ်ရှန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူသည် သွေးကျီးကန်းအရှင်သခင်၏ လက်ထဲမှ သွေးအငွေ့အသက် အလင်းလုံးကို ဆွဲယူလိုက်ရင်း မျက်လုံးများကို မှေးစက်လိုက်ကာ ဆိုလိုက်သည်။

“ဒါပေမဲ့ ဒီလူက ငါ့တပည့်ကို သတ်ဝံ့တယ်ဆိုတော့... အဲ့ဒါ ဘယ်သူလဲဆိုတာ ငါ မသိပါစေနဲ့... မဟုတ်ရင်တော့... ဟင်း...”

ထူဝမ်ရှန်း၏ မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပြင်းထန်လာပြီး လက်ကို တင်းတင်းဆုပ်လိုက်သည်။

“ဘုန်း...”

သွေးအငွေ့အသက် အလင်းလုံးမှာ ပေါက်ကွဲထွက်သွားပြီး ကြမ်းတမ်းလှသည့် စွမ်းအားများကြောင့် လေထုအတွင်း၌ ရုပ်ဝတ္ထုလှိုင်းတစ်ခု ဖြစ်ပေါ်သွားလေသည်။

လော့ချန်သည် နာရီဝက်ခန့် တစ်ဟုန်ထိုး ပျံသန်းခဲ့ပြီး နက်မှောင်သည့်တောင်တန်းနှင့် မိုင်ပေါင်းထောင်ချီ ဝေးကွာသွားသည့် အခါမှသာ ရပ်တန့်သည်။ သူသည် စိတ်အေးလက်အေး မနေရဲသေးဘဲ ယွမ်ရှီးကျင့်စဉ်ကို လှုံ့ဆော်လိုက်ကာ လူသူကင်းဝေးသည့် တောင်စောင်းတစ်ခုကို ရှာဖွေ၍ ပုန်းအောင်းလိုက်ပြီး ဝိညာဉ်အင်အားကို အစွမ်းကုန် ထုတ်လွှတ်လျက် ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုများကို အာရုံခံလိုက်သည်။ ယခင်က သွေးကျီးကန်းအရှင်သခင်နှင့် ဆုံတွေ့ခဲ့ရသည့် မြင်ကွင်းကြောင့် သူသည် ယခုတိုင် ထိတ်လန့်နေရဆဲဖြစ်ကာ သွေးဝိညာဉ်ဂိုဏ်းမှ ပုဂ္ဂိုလ်ကြီးများကို လှုံ့ဆော်မိပြီး လိုက်လံသတ်ဖြတ်ခံရမည်ကို စိုးရိမ်နေခြင်းပင်။

“ဘယ်သူမှ လိုက်မလာဘူးပဲ...”

အချိန်အတော်ကြာ ကုန်ဆုံးသွားပြီးနောက် မည်သူမျှ လိုက်မလာသည်ကို မြင်လိုက်ရသည့် အခါမှသာ လော့ချန်သည် လုံးဝ စိတ်အေးသွားသည်။ သူသည် ဂူတစ်ခုကို ရှာဖွေကာ အတွင်းသို့ ဝင်လိုက်ပြီး သွေးဝိညာဉ်ဂိုဏ်း တပည့်လေးဦး၏ အလောင်းများကို ထုတ်ယူလိုက်သည်။ အချိန်အတော်ကြာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ရာ လေးဦးစလုံး၏ သိုင်းဝိညာဉ် အဆီအနှစ် အများစုမှာ လွင့်ပြယ်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူတို့သည် သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့် သန်မာသူများ ဖြစ်ကြသဖြင့် လော့ချန်သည် ဖြုန်းတီးပစ်ရန် စိတ်ကူးမရှိပေ။ သူသည် တင်ပလ္လင်ခွေ ထိုင်လိုက်ရင်း တိုက်ရိုက် ဝါးမျိုလိုက်သည်။

“ဝုန်း...”

မမြင်ရသည့် ဆွဲငင်အားတစ်ခုက လူလေးဦးကို လွှမ်းခြုံသွားပြီး သိုင်းဝိညာဉ် လေးခုမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ ကြယ်ငါးပွင့် သိုင်းဝိညာဉ် တစ်ခုအပြင် ကြယ်လေးပွင့် သိုင်းဝိညာဉ် နှစ်ခုနှင့် ကြယ်သုံးပွင့် သိုင်းဝိညာဉ် တစ်ခုပင် ပါဝင်နေသည်။

“သွေးဝိညာဉ်ဂိုဏ်းက တကယ်ကို မတူဘူးပဲ... ကြယ်သုံးပွင့် သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့သူတောင် ဒီလောက်အမြန် သွေးကြောနိုးကြားမှုနယ်ပယ်ကို ရောက်အောင် ကျင့်ကြံနိုင်တာပဲ... အဲ့ဒီတုန်းက ယွန်လန်နယ်မြေအုပ်စုကို စိုးမိုးနိုင်ခဲ့တာ မဆန်းပါဘူး...”

ထိုလေးဦး၏ သိုင်းဝိညာဉ် အဆင့်အတန်းကို သတိထားမိသည့်အခါ လော့ချန်၏ မျက်လုံးများတွင် အံ့သြမှုများ ပေါ်လာသည်။ ဂိုဏ်းကြီး သုံးဂိုဏ်းတွင်မူ ကြယ်သုံးပွင့် သိုင်းဝိညာဉ်ကို နိုးကြားထားသည့် တပည့်များမှာ အခြေခံအားဖြင့် အောက်ခြေအလုပ်သမား တပည့်များသာ ဖြစ်ကြပြီး ထုံရွှမ်နယ်ပယ်သို့ ရောက်ရှိကာ အပြင်စည်းတပည့် ဖြစ်လာသူပင် အလွန်တရာ နည်းပါးလှသည် မဟုတ်ပါလော။ သွေးကြောနိုးကြားမှုနယ်ပယ်သို့ တက်လှမ်းနိုင်ရန်မှာမူ ဆိုဖွယ်ရာ မရှိချေ။

ဤသည်မှာ ဂိုဏ်းအခြေခံ အနှစ်သာရ၏ ကွာခြားချက်ပင် ဖြစ်ပေသည်။ ဂိုဏ်းကြီးများ၏ ကျင့်စဉ်များ၊ သိုင်းကျမ်းများ၊ ဆေးလုံးများနှင့် အမွေအနှစ်များမှာ ဂိုဏ်းငယ်လေးများနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ချေ။

“ဘုန်း...”

သိုင်းဝိညာဉ် လေးခုမှာ လော့ချန်၏ ကိုယ်အတွင်းသို့ တစ်ပြိုင်နက်တည်း တိုးဝင်သွားသည်။ ထိုလေးဦး၏ သိုင်းဝိညာဉ် အနှစ်သာရ အများစုမှာ လွင့်ပြယ်နေခဲ့ပြီ ဖြစ်ရာ လော့ချန်အတွက် ဝါးမျိုရန်မှာ အလွန်ပင် လွယ်ကူလှပေသည်။

“ဟင်...”

ရုတ်တရက် လော့ချန်မှာ အံ့သြသွားသည်။ မူလက သူ ထင်မှတ်ထားသည်မှာ ထိုသွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူ၏ သိုင်းဝိညာဉ် အဆီအနှစ်မှာ အလွန်ပင် သန်မာလိမ့်မည် ဟူ၍ ဖြစ်သည်။ သို့သော်လည်း ရလဒ်မှာ ထင်မှတ်ထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ ဤလူ၏ သိုင်းဝိညာဉ် အနှစ်သာရမှာ ကျန်ရှိသည့် သုံးဦးထက်ပင် အနည်းငယ် အားနည်းနေခဲ့ခြင်းပင်။

“သူ သောက်လိုက်တဲ့ သွေးလောင်ကျွမ်းဆေးလုံးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်များလား...”

လော့ချန်သည် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်သည်။ တစ်ဖက်လူသည် သွေးလောင်ကျွမ်းဆေးလုံးကို သောက်ပြီးနောက် သူ၏ အရှိန်အဝါမှာ နှစ်ဆနီးပါး မြင့်တက်လာခဲ့သည် မဟုတ်ပါလော။ ဤမျှအထိ ပြင်းထန်လှသည့် ဝိညာဉ်ဆေးလုံးတွင် ဘေးထွက်ဆိုးကျိုး မရှိဘဲ မနေနိုင်ပေ။ သို့မဟုတ်ပါက တစ်ဖက်လူသည် နောက်ဆုံးအချိန်အထိ စောင့်ဆိုင်းနေမည် မဟုတ်ချေ။

ထိုလေးဦး၏ သိုင်းဝိညာဉ်များကို ဝါးမျိုပြီးနောက် လော့ချန်သည် မိမိ၏ ကိုယ်ပိုင်စွမ်းအားကို ပြန်လည် စဉ်းစားသည်။ ကျင့်ကြံမှုမှာ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် နောက်ပိုင်းသို့ ရောက်ရှိသွားသဖြင့် သူ၏ တိုးတက်မှုမှာ ဘက်ပေါင်းစုံသို့ လွှမ်းခြုံလာခြင်း ဖြစ်သည်။ ဤသည်ကို နောက်ဆုံးကျန်ရှိသည့် အနက်ဝတ်လူနှင့် တိုက်ခိုက်မှုတွင် မြင်တွေ့နိုင်သည်။ တစ်ဖက်လူမှာ စစ်မှန်သည့် သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူဖြစ်ပြီး သူ၏ စွမ်းအားမှာလည်း ယုံမှားသံသယ ရှိစရာ မလိုပေ။

လော့ချန်သည် သာမန်အခြေအနေတွင်ပင် တစ်ဖက်လူကို လွယ်ကူစွာ ဖိနှိပ်နိုင်ခဲ့သည် မဟုတ်ပါလော။ အနက်ဝတ်လူက သွေးလောင်ကျွမ်းဆေးလုံးကို သောက်ပြီး စွမ်းအား နှစ်ဆ မြင့်တက်လာကာ သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့် သန်မာသူများနှင့် နီးစပ်လာလျှင်ပင်... လော့ချန်သည် သိုင်းဝိညာဉ်နှင့် ၄၀ ရာနှုန်း ဓားဆန္ဒကို လှုံ့ဆော်လိုက်ရုံမျှဖြင့် တစ်ဖက်လူကို လွယ်ကူစွာ ဖိနှိပ်နိုင်ခဲ့သလို တစ်ခဏအတွင်းမှာပင် သတ်ဖြတ်နိုင်သည်။ သူ၏ အကြီးမားဆုံး ဝှက်ဖဲဖြစ်သော ဆန်းကြယ်နဂါးကျင့်စဉ်ကိုပင် အသုံးပြုရန် အခွင့်အရေး မရခဲ့ပေ။

“ကောင်းပြီ... ဆန်းကြယ်နဂါးကျင့်စဉ်ကိုပါ ပေါင်းစပ်လိုက်မယ်ဆိုရင် သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးအဆင့် သန်မာသူတွေရဲ့အောက်မှာ ငါ့ကို ယှဉ်နိုင်တဲ့သူ မရှိသလောက်ပဲ... သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့် သန်မာသူတွေနဲ့တောင် ငါ တုန့်ပြန်တိုက်ခိုက်နိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်...”

လော့ချန်၏ အကြည့်မှာ ထက်မြက်လာပြီး သူ၏ စကားများတွင်လည်း အနှိုင်းမဲ့ ယုံကြည်မှုများ ပြည့်နှက်နေသည်။ အကယ်၍ အခြားသူတစ်ဦးက ဤစကားကို ကြားရလျှင် သေချာပေါက် အထင်သေးမိမည်ဖြစ်ကာ လော့ချန်မှာ စိတ်ဖောက်ပြန်နေသည်ဟုပင် ထင်မြင်ပေလိမ့်အုံးမည်။ ကမ္ဘာကြီးမှာ အလွန်တရာ ကျယ်ပြောလှပြီး ပါရမီရှင်များမှာလည်း ရေတွက်၍ မရနိုင်အောင် များပြားလှပေသည်။ လူအများ ပြောလေ့ရှိသည့် "နယ်ပယ်တူတွင် ပြိုင်ဘက်ကင်းခြင်း" ဆိုသည်မှာ နယ်မြေတစ်ခုအတွင်းရှိ ပြိုင်ဘက်ကင်းခြင်းကိုသာ ဆိုလိုခြင်း ဖြစ်သည်။ နယ်မြေအဆင့် သတ်မှတ်ချက်တွင် နံပါတ်တစ် ရသူသည်ပင် နယ်မြေတစ်ခုအတွင်း၌သာ နယ်ပယ်တူ တိုက်ခိုက်ရေးစွမ်းအား ပြိုင်ဘက်ကင်းခြင်း ဖြစ်ပေသည်။

မည်သူက တစ်ကမ္ဘာလုံးတွင် နယ်ပယ်တူ ပြိုင်ဘက်ကင်းသည်ဟု ပြောဝံ့ပါမည်နည်း။ ၎င်းမှာ ရူးသွပ်သူတစ်ဦးသာ ဖြစ်ပေလိမ့်မည်။ သို့သော် လော့ချန်တွင်မူ ထိုယုံကြည်မှု ရှိနေသည်။

“ဘာတွေ ရခဲ့သလဲဆိုတာ ကြည့်ရအောင်...”

လော့ချန်သည် သွေးဝိညာဉ်ဂိုဏ်း တပည့်လေးဦး၏ ပစ္စည်းများအပေါ် စိတ်ဝင်စားနေသည်။ အကယ်၍ သွေးဝိညာဉ်ဆေးလုံး အနည်းငယ်မျှသာ ထပ်မံ ရှာဖွေတွေ့ရှိပါက သူသည် တိုတောင်းလှသော အချိန်အတွင်း သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့်သို့ တက်လှမ်းရန် ကြိုးစားနိုင်ပေမည်။

သူသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ထိုလေးဦး၏ သိုလှောင်လက်စွပ်များ ထွက်ပေါ်လာ၏။ သူသည် ထိုလေးဦး၏ ဝိညာဉ်အမှတ်အသားများကို ဖယ်ရှားပစ်လိုက်ပြီး တစ်ခုချင်းစီကို စတင် စစ်ဆေးလိုက်သည်။ ပထမဆုံး ဖွင့်လိုက်သည်မှာ ကျင့်ကြံမှုအဆင့် နိမ့်ပါးသည့် အနက်ရောင်ဝတ် သုံးဦး၏ သိုလှောင်လက်စွပ်များပင်။ ထိုသုံးဦး၏ ကိုယ်ပေါ်တွင် စွမ်းအင်ဆေးလုံးမှာ အလွန်ပင် နည်းပါးလှပြီး စုစုပေါင်းမှ ရာဂဏန်းခန့်သာ ရှိပေသည်။

သို့သော်လည်း အခြားသော သွေးရောင်ဆေးလုံးများမှာမူ လေးငါးထောင်ခန့်အထိ များပြားလှသည်။ ထိုသွေးရောင်ဆေးလုံးမှာ ကြယ်တစ်ပွင့် ဝိညာဉ်ဆေးလုံး ဖြစ်ပြီး အရောင်အသွေး စုံလင်လှကာ ပြင်းထန်လှသည့် ချီစွမ်းအင်များ ထွက်ပေါ်နေသလို သွေးညှီနံ့ အနည်းငယ်လည်း ပါဝင်နေသည်။

“ဒါက သွေးဝိညာဉ်ဂိုဏ်း ရဲ့ နာမည်ကြီး သွေးဆေးလုံးလား မသိဘူး”

လော့ချန်သည် သွေးဆေးလုံးတစ်လုံးကို ကောက်ယူလိုက်ရာ အကြည့်များမှာ ဝင်းလက်သွားသည်။ သွေးဆေးလုံးမှာ စွမ်းအင်ဆေးလုံးနှင့် ဆင်တူသော်လည်း ကျင့်ကြံမှုအတွက် အခြေခံအကျဆုံး ဝိညာဉ်ဆေးလုံး ဖြစ်ကာ ချီစွမ်းအင်များကို ဖြည့်တင်းပေးနိုင်သလို ကျင့်ကြံမှုအရှိန်ကိုလည်း မြန်ဆန်စေသည်။ ကွဲပြားချက်မှာ သွေးဆေးလုံးသည် ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ပေးရုံတင် မကဘဲ သွေးစွမ်းအင်များကိုပါ သန်မာစေခြင်းပင် ဖြစ်သည်။ အာနိသင်မှာ စွမ်းအင်ဆေးလုံးထက် အဆင့်များစွာ သာလွန်ပေသည်။

တစ်စုံတစ်ယောက်က စမ်းသပ်ခဲ့ဖူးသည်မှာ သွေးဆေးလုံးကို သောက်၍ ကျင့်ကြံပါက သာမန် စွမ်းအင်ဆေးလုံးထက် ကျင့်ကြံမှုအရှိန် ၃၀ ရာခိုင်နှုန်းကျော် ပိုမိုမြန်ဆန်စေသည်ဟူ၍ ဖြစ်သည်။ သို့သော်လည်း သွေးဆေးလုံး ဖော်စပ်သည့် နည်းလမ်းမှာ အလွန်ပင် ရက်စက်လှပြီး အဓိက ပါဝင်ပစ္စည်းမှာ လူ၏ သွေးအနှစ်သာရ ဖြစ်ကာ သွေးဝိညာဉ်ဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်များဖြင့် ဖော်စပ်ထားခြင်းပင် ဖြစ်ပေသည်။ ထို့ကြောင့်လည်း သွေးဝိညာဉ်ဂိုဏ်းက သတ်ဖြတ်မှုများကို အကြီးအကျယ် လုပ်ဆောင်နေခြင်း ဖြစ်သည်။

လော့ချန်သည် သွေးဆေးလုံး အားလုံးကို တိုက်ရိုက် သိမ်းဆည်းလိုက်သည်။ စွမ်းအားသည်သာ အခြေခံဖြစ်ရာ မည်သို့ ဖော်စပ်ထားသည်ကို ဂရုစိုက်နေရန် မလိုအပ်ပေ။ အသက်သည် အရာရာထက် ပိုမို အရေးကြီးလှသည်။ သူသည် ရတနာတောင်ကို မြင်ပါလျက် အသုံးမပြုဘဲ နေမည့်လူစားမျိုး မဟုတ်ချေ။

ပစ္စည်းများကို သိမ်းဆည်းပြီးနောက် လော့ချန်သည် နောက်ဆုံးကျန်ရှိသည့် အနက်ရောင်ဝတ်လူ၏ သိုလှောင်လက်စွပ်ကို ဖွင့်လိုက်သည်။ ဤလူ၏ ပိုင်ဆိုင်မှုမှာ ကျန်ရှိသည့် သုံးဦးထက် များစွာ သာလွန်လှသည်။ စွမ်းအင်ဆေးလုံး နှစ်ထောင်ခန့် ရှိသလို သွေးဆေးလုံးမှာလည်း တစ်သောင်းခန့်အထိ ရှိနေသည်။ ထို့အပြင် အခြားသော ပစ္စည်းမျိုးစုံလည်း ပါဝင်နေခဲ့ရာ အဆင့်နိမ့် သိုင်းကျမ်းများ၊ သွေးအနှစ်သာရ အမျိုးမျိုးနှင့် ဝိညာဉ်ဆေးလုံးမျိုးစုံ စသည်ဖြင့် ဖြစ်သည်။

လော့ချန်သည် သေသေချာချာ စစ်ဆေးကြည့်ခဲ့သော်လည်း မျှော်လင့်ထားသည့် သွေးဝိညာဉ်ဆေးလုံးကို မတွေ့ရှိခဲ့ဘဲ အခြားသော ဆေးလုံးတစ်မျိုးကိုသာ ရှာတွေ့သည်။

“သွေးလောင်ကျွမ်းဆေးလုံး...”

လော့ချန်သည် လက်ထဲက ကျောက်စီပုလင်းကို ကြည့်လိုက်ရင်း အကြည့်များမှာ တောက်ပလာသည်။ ပုလင်းပေါ်တွင် စာသားငယ်လေးများ ပါရှိပြီး ဆေးလုံး၏ အမည်နှင့် အာနိသင်ကို ဖော်ပြထားသည်။ သွေးလောင်ကျွမ်းဆေးလုံးမှာ ကြယ်ငါးပွင့် အဆင့်မြင့် ဝိညာဉ်ဆေးလုံး ဖြစ်ပြီး သောက်လိုက်ပါက ခန္ဓာကိုယ်၏ အလားအလာများကို တိုတောင်းလှသော အချိန်အတွင်း ပေါက်ကွဲထွက်ပေါ်လာစေကာ သွေးအနှစ်သာရများကို လောင်ကျွမ်းစေလျက် စွမ်းအားများကို တဟုန်ထိုး မြင့်တက်စေခြင်းပင်။

သို့သော်လည်း ဘေးထွက်ဆိုးကျိုးမှာ ကြီးမားလှသည်။ ဆေးအရှိန် ကုန်ဆုံးသွားသည့်အခါ တစ်ကိုယ်လုံးရှိ သွေးအနှစ်သာရများမှာ ဆုံးရှုံးသွားရပြီး စွမ်းအားမှာလည်း အထွတ်အထိပ် အချိန်၏ တစ်ဝက်ခန့်ပင် မရှိတော့ဘဲ ဖြစ်သွားပေလိမ့်မည်။ ပြန်လည် နိုးထလာနိုင်ရန် အနည်းဆုံး သုံးရက်ခန့် အချိန်ပေးရမည် ဖြစ်သလို သွေးအနှစ်သာရများကို ဖြည့်တင်းပေးနိုင်သည့် ရတနာများလည်း လိုအပ်သည်။

“တကယ့် ပစ္စည်းကောင်းပဲ... ဒီ သွေးလောင်ကျွမ်းဆေးလုံး တစ်လုံးရဲ့ တန်ဖိုးက အနည်းဆုံး ငွေသား သိန်းပေါင်း နှစ်ထောင်ကျော်မှာပဲ...”

လက်ထဲက သွေးလောင်ကျွမ်းဆေးလုံးကို ကြည့်ရင်း လော့ချန်မှာ အလွန်ပင် ဝမ်းသာသွားသည်။ အရေးကြီးသည့် အချိန်တွင် စွမ်းအားများ မြင့်တက်လာခြင်းမှာ အသက်ကို ကယ်တင်နိုင်သည့် အရာတစ်ခု ဖြစ်နိုင်သည် မဟုတ်ပါလော။ ဘေးထွက်ဆိုးကျိုးနှင့် ပတ်သက်၍မူ လော့ချန် အလွန်အမင်း ဂရုမစိုက်ခဲ့ပေ။ အသက်ပင် မရှိတော့လျှင် ဘေးထွက်ဆိုးကျိုးကို ကြောက်နေရန် မလိုအပ်တော့ချေ။ သွေးအနှစ်သာရများကို ဖြည့်တင်းပေးနိုင်သည့် ရတနာများကို ရှာဖွေရန်သာ လိုအပ်ပေသည်။ သူ၏ လက်ရှိ ချမ်းသာကြွယ်ဝမှုဖြင့်ဆိုလျှင် ၎င်းမှာ မခက်ခဲလှပေ။

လော့ချန်သည် ပုလင်းကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ သွေးလောင်ကျွမ်းဆေးလုံး သုံးလုံးအထိ ပါဝင်နေသည်ကို မြင်လိုက်ရသဖြင့် မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

“သွေးဝိညာဉ်ဆေးလုံး မဟုတ်ပေမယ့်... ဒီ သွေးလောင်ကျွမ်းဆေးလုံးကလည်း မဆိုးပါဘူး... နောက်ပြီး သွေးဆေးလုံးတွေလည်း အများကြီး ရခဲ့တာပဲ...”

“ဒါပေမဲ့ ဒီလူ့ဆီမှာ ဒီလောက်အထိ ချမ်းသာမှုတွေ ရှိနေတာကို ကြည့်ရတာ သူ့ရဲ့ အဆင့်အတန်းက မရိုးရှင်းနိုင်ဘူး...”

“ထားပါတော့... ဘယ်သူပဲဖြစ်ဖြစ် သတ်ပြီးသွားပြီပဲ... သွေးဆေးလုံးရဲ့ အာနိသင်က ဘယ်လိုရှိသလဲဆိုတာ စမ်းကြည့်ရမယ်...”

လော့ချန်က ခေါင်းခါယမ်းလိုက်ရင်း ပစ္စည်းအားလုံးကို သိမ်းဆည်းလိုက်ကာ သွေးဆေးလုံး အနည်းငယ်ကို ထုတ်ယူ၍ ဝါးမျိုလိုက်ပြီးနောက် အနားယူသည့် အခြေအနေသို့ ဝင်ရောက်သွားသည်။

အခန်း (၄၇၇) ပြီးပါပြီ။

All Chapters