အခန်း (၄၇၈-၄၈၀)
Vol. 32 Ch. 478-480
အခန်း ၄၇၈ - ပထမမင်းသားနှင့် နဝမမင်းသမီး လာရောက်လည်ပတ်ခြင်း...
သွေးဆေးလုံးကို ဝါးမျိုပြီးနောက် နာရီဝက်ပင်မပြည့်မီ လော့ချန်သည် မျက်လုံးများကို ဖွင့်လိုက်ရာ တစ်ကိုယ်လုံး စိတ်အားထက်သန်မှုများ ပြည့်နှက်နေသည်။
“သတင်းတွေက တကယ်မှန်တာပဲ... ဒီသွေးဆေးလုံးရဲ့ အာနိသင်က စွမ်းအင်ဆေးလုံးထက် အများကြီး သာလွန်တယ်... သွေးဝိညာဉ်ဆေးလုံးရဲ့ အသေးစားပုံစံလို့တောင် ပြောလို့ရတယ်...”
ဤမျှတိုတောင်းလှသော အချိန်အတွင်း လော့ချန်သည် သူ၏အခြေအနေကို အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိစေသည်။ သူ၏ကျင့်ကြံမှုနယ်ပယ်ပင် တိုးတက်လာသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေသည်။
“အံ့သြစရာပဲ... အရင်က သွေးဝိညာဉ်ဂိုဏ်းက ဘာလို့ ဒီလောက်အထိ သန်မာခဲ့တာလဲဆိုတာ သိပြီ... ယွန်လန်နယ်မြေအုပ်စုကို တစ်ယောက်တည်း စိုးမိုးနိုင်ခဲ့တာ မဆန်းပါဘူး... သူတို့ရဲ့ အခြေခံအနှစ်သာရက တကယ်ကို သန်မာလွန်းတယ်...”
လော့ချန် စိတ်ထဲမှ ရေရွတ်မိသည်။ သွေးဝိညာဉ်ဂိုဏ်းကို တွေးမိသည့်အခါ သူ၏စိတ်အာရုံမှာ အနည်းငယ် လေးလံသွားသည်။
ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲတုန်းက သွေးဝိညာဉ်ဂိုဏ်းအကြောင်း ပထမဆုံးကြားခဲ့ရစဉ်က မိမိနှင့် အလှမ်းဝေးသည်ဟု ထင်မှတ်ကာ အလေးမထားခဲ့ပေ။ သို့သော်လည်း မထင်မှတ်ဘဲ ဤမျှမြန်မြန် သွေးဝိညာဉ်ဂိုဏ်းဝင်များနှင့် နှစ်ကြိမ်တိုင်တိုင် ထိပ်တိုက်တွေ့ဆုံခဲ့ရပြီ ဖြစ်သည်။
သွေးဝိညာဉ်ဂိုဏ်းသည် တာယွဲ့မင်းဆက်အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်နေပြီ ဖြစ်သည်။ ထို့အပြင် နက်မှောင်သည့်တောင်တန်း၌လည်း အခြေစိုက်စခန်း ရှိနေသေးသည်။ ချီရှန်မြို့နှင့် နက်မှောင်သည့်တောင်တန်းမှာ မိုင်ရာဂဏန်းမျှသာ ဝေးကွာသည် မဟုတ်ပါလော။
ရွာလုံးကျွတ် သတ်ဖြတ်ခံရသည့် ရက်စက်ကြမ်းကြုတ်လှသော မြင်ကွင်းကို တွေးမိသည့်အခါ လော့ချန်၏စိတ်မှာ မတည်မငြိမ် ဖြစ်လာသည်။ ယခုအချိန်အထိ တာယွဲ့မင်းဆက်အတွင်းရှိ မြို့ကြီးများ အသတ်ခံရသည်ဟူသော သတင်းမျိုး မကြားရသေးသော်လည်း သွေးဝိညာဉ်ဂိုဏ်း တည်ရှိနေသရွေ့ ထိုကဲ့သို့သောကိစ္စမျိုး ဖြစ်မလာနိုင်ဟု မည်သူက အာမခံနိုင်ပါမည်နည်း။
ထိုကိစ္စက ချီရှန်မြို့၌ ဖြစ်မလာနိုင်ဟုကော မည်သူက ပြောနိုင်ပါမည်နည်း။ ထိုအချက်ကို တွေးမိသည့်အခါ လော့ချန် တစ်ကိုယ်လုံး အေးစက်သွားသည်။
“အမြန်ဆုံး သန်မာလာဖို့ လိုအပ်တယ်...”
လော့ချန် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ မကြာခင်မှာပင် သွေးဝိညာဉ်ဂိုဏ်းက ပြန်လည်ပေါ်ပေါက်လာလိမ့်မည်ဟု သူ ခံစားနေရသည်။ ထိုအချိန်ကျလျှင် ယွန်လန်နယ်မြေအုပ်စုတစ်ခုလုံးမှာ သွေးဝိညာဉ်ဂိုဏ်း၏ ထိန်းချုပ်မှုအောက်သို့ ပြန်ရောက်သွားနိုင်ပြီး တာယွဲ့မင်းဆက်လည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထိုအချိန် မရောက်လာမီ သူသည် မိမိကိုယ်ကိုယ်နှင့် မိသားစုကို ကာကွယ်နိုင်သည့် စွမ်းအားမျိုး အမြန်ဆုံး ရရှိအောင် ကျင့်ကြံရမည် ဖြစ်သည်။
“အရင် ပြန်ရအောင်...”
“ဝှစ်...”
စိတ်ကို ပြန်လည်ပြင်ဆင်လိုက်ပြီးနောက် လော့ချန်သည် အလင်းတန်းတစ်ခုအလား ချီရှန်မြို့ရှိရာဘက်သို့ ပျံသန်းထွက်ခွာသည်။ လမ်းခရီးတွင် ဝူးယန်မြို့သို့ သွားမည့်ကိစ္စကို သူ စဉ်းစားနေသည်။
“ငါ့ရဲ့ အခုလက်ရှိ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားက သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့် သန်မာသူတွေလောက် မရှိသေးရင်တောင် သိပ်ကို နီးစပ်နေပြီ... သွေးလောင်ကျွမ်းဆေးလုံးကိုပါ သုံးလိုက်မယ်ဆိုရင် ဆွန်ယင်ယန်က ငါ့အတွက် ကြောက်စရာ မဟုတ်တော့ဘူး...”
လော့ချန်၏ မျက်လုံးများတွင် အေးစက်သည့် အလင်းတန်းများ ဖြတ်ပြေးသွားသည်။ ချီရှန်မြို့သို့ တစ်ခေါက်ပြန်ပြီးသည်နှင့် ဝူးယန်မြို့သို့ ချက်ချင်းသွားရန် သူ ဆုံးဖြတ်လိုက်သည်။ ခဏအကြာတွင် လော့ချန်သည် ဝေးလံသောနေရာမှ ချီရှန်မြို့ကို လှမ်းမြင်လိုက်ရသည်။
“ဟင်...”
လော့ချန်၏ အကြည့်မှာ အံ့သြသွားသည်။ ယနေ့ ချီရှန်မြို့၏ အငွေ့အသက်မှာ အနည်းငယ် ထူးဆန်းနေသည်။ လမ်းပေါ်ရှိ လူသွားလူလာများမှာ အတော်လေး နည်းပါးနေသည်။
လော့မိသားစု အိမ်တော်အနီးသို့ ရောက်သည့်အခါ လော့အိမ်တော်ရှေ့ရှိ ကွင်းပြင်၌ ခမ်းနားထည်ဝါလှသော မြင်းရထား အနည်းငယ် ရပ်တန့်ထားသည်ကို လော့ချန် တွေ့ရှိသည်။ မြင်းရထားဘေးတွင် စောင့်ကြပ်နေသော အစောင့်များမှာလည်း ရွှေရောင်ဝတ်စုံများ ဝတ်ဆင်ထားပြီး အရှိန်အဝါမှာ ပြင်းထန်လှကာ သတ်ဖြတ်လိုသည့် ဆန္ဒများ ဖုံးလွှမ်းနေသဖြင့် သာမန်လူများမှာ တည့်တည့်ပင် မကြည့်ရဲကြပေ။
ရှေ့ဆုံးမှ မြင်းရထားတွင်မူ တစ်ကိုယ်လုံး ရွှေရောင်တောက်နေပြီး ကျားတစ်ကောင်နှင့် ဆင်တူသော ထူးဆန်းသည့် နတ်ဆိုးသားရဲ နှစ်ကောင်ကို ကုန်းနှီးတင်ထားသည်။ ၎င်းတို့၏ ကိုယ်ပေါ်တွင် ကြေးခွံများ ရှိနေကာ ခေါင်းတွင်လည်း ဦးချိုများ ပါရှိသည်။ ထိုထူးဆန်းသော နတ်ဆိုးသားရဲ နှစ်ကောင်မှာ ရွှေရောင်အလင်းတန်းများ ဝဲပျံနေပြီး အလွန်ပင် ခန့်ညားထည်ဝါလှသည်။ ခြေထောက်လေးဖက်မှာ မြေပြင်ပေါ်သို့ နင်းထားခြင်း မရှိဘဲ သုံးလက်မခန့် မြေပြင်မှ ကြွနေကာ ကိုယ်ပေါ်တွင် ကြယ်လေးလုံး ဝင်းလက်နေကြသည်။
“ကြယ်လေးပွင့် နတ်ဆိုးသားရဲ... ဘယ်သူ ရောက်နေတာလဲ...”
လော့ချန် မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း အလွန်ပင် အံ့သြသွားသည်။
“ဝှစ်...”
လော့ချန်သည် ကွင်းပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
“သခင်လေးလော့ချန်... သခင်လေးလော့ချန် ပြန်လာပြီ...”
လော့ချန်ကို မြင်လိုက်ရသည့်အခါ အနားရှိ လော့မိသားစုဝင်များ၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး ရိုသေလေးစားစွာ အလေးပြုကြသည်။ လင်းမိသားစုနှင့် တိုက်ခိုက်သည့်ပွဲပြီးနောက် မိသားစုအတွင်း လော့ချန်၏ သြဇာအာဏာမှာ အိမ်တော်သခင် လော့မင်ရှန် ထက်ပင် သာလွန်နေပြီ ဖြစ်သည်။
လော့ချန်က ခေါင်းညိတ်ပြလိုက်ရင်း မေးမြန်းလိုက်သည်။
“ဘယ်သူ ရောက်နေတာလဲ...”
“ပထမမင်းသားပါ... သခင်လေးကို လာတွေ့တာပါ...”
လော့မိသားစု အစောင့်တစ်ဦးက စိတ်လှုပ်ရှားစွာ ဖြေကြားလိုက်၏။ တာယွဲ့မင်းဆက်၏ ပထမမင်းသားကဲ့သို့သော ပုဂ္ဂိုလ်ကြီးက မိမိတို့သခင်လေးကို တွေ့ရန် ကိုယ်တိုင်လာရောက်သည်ကို ကြည့်ခြင်းဖြင့် သူတို့လည်း ဂုဏ်ယူနေကြခြင်းပင်။
ကျင်းထျန်တူ...
“သူ တကယ် ရောက်လာတာပဲ...”
လော့ချန် အနည်းငယ် အံ့သြသွားသည်။ ကျင်းထျန်တူက လာတွေ့မည်ဟု ပြောခဲ့သည်မှာ အားနာစရာ စကားအဖြစ်သာ သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
အိမ်တော်တံခါးအတွင်းသို့ ဝင်လိုက်ပြီး ဆွေးနွေးရေးခန်းမသို့ သွားရန် ပြင်လိုက်စဉ် လူအုပ်စုတစ်စုနှင့် ထိပ်တိုက်တွေ့သည်။ ရှေ့ဆုံးမှ မြင့်မြတ်သည့် အရှိန်အဝါရှိပြီး ခန့်ညားထည်ဝါသော အမျိုးသားမှာ ကျင်းထျန်တူပင် ဖြစ်သည်။ လော့မင်ရှန်နှင့် လော့ဟုန်တို့အပါအဝင် လော့မိသားစု အဆင့်မြင့်ပုဂ္ဂိုလ်များမှာ ဘေးမှနေ၍ ဧည့်ခံနေကြသည်။
လော့ချန်ကို မြင်လိုက်သည့်အခါ ကျင်းထျန်တူက အားရပါးရ ရယ်မောလိုက်သည်။
“ဟဲဟဲ... လော့ချန်... ငါ ရွှမ်ယွမ်ဂိုဏ်းကိုသွားပြီး မင်းကိုရှာခဲ့သေးတယ်... မင်း အိမ်ပြန်သွားပြီလို့ ကြားတာနဲ့ လမ်းကြုံဝင်လာတာ... ဖိတ်ခေါ်မထားဘဲ ရောက်လာတဲ့အတွက် ငါ့ကို အပြစ်မတင်ဘူးမလား...”
လော့ချန်က ပြုံးလျက် ဆိုလိုက်၏။
“ဟာ... ဘယ်ကလာ... ပထမမင်းသား ကိုယ်တိုင်လာတာကို ကျွန်တော်က ဝမ်းသာလွန်းလို့ပါ...”
“ခစ်ခစ်... ကျွန်မလည်း ပါသေးတယ်နော်...”
ကျင်းထျန်တူ၏ နောက်ကွယ်မှ ချစ်စဖွယ် ပုံရိပ်လေးတစ်ခု ထွက်ပေါ်လာသည်။ မိန်းကလေးငယ်မှာ အသက် တစ်ဆယ့်ခြောက်၊ ခုနစ်နှစ်ခန့်ရှိပြီး အနီရောင် ကိုယ်ကျပ်ဝတ်စုံလေးကို ဝတ်ဆင်ထားကာ ရုပ်ရည်မှာ ပန်းချီကားတစ်ချပ်နှယ် လှပပြီး ကိုယ်လုံးကိုယ်ပေါက်မှာလည်း ပြေပြစ်လှသည်။ အထူးသဖြင့် ပေါ်လွင်နေသည့် ခြေတံရှည်များမှာ ဖြူဝင်းနေပြီး ဆံပင်ရှည်များကို စည်းနှောင်ထားသဖြင့် လှပသလို ရဲရင့်သည့် အသွင်ကိုလည်း ဆောင်နေသည်။ သူမက လော့ချန်ကို ကြည့်ကာ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
လော့ချန် ခေါင်းညိတ်ပြလိုက်သည်။
“နဝမမင်းသမီး...”
ကျင်းယွီရှီက နှုတ်ခမ်းလေးကို ဆူလိုက်ရင်း ဆိုသည်။
“နဝမမင်းသမီးဆိုတာ နားထောင်လို့ မကောင်းဘူး... ယွီရှီလို့ပဲ ခေါ်ပါ...”
ကျင်းထျန်တူကလည်း ရယ်မောရင်း ဆိုလိုက်သည်။
“ငါတို့က သူငယ်ချင်းတွေလိုပဲ ဆက်ဆံကြတာပါ... ဒီနေရာမှာ ပထမမင်းသားလည်း မရှိဘူး... နဝမမင်းသမီးလည်း မရှိဘူး...”
“ကောင်းပါပြီ...”
လော့ချန် ခေါင်းညိတ်လိုက်သည်။ ကျင်းထျန်တူအပေါ် သူ၏ အမြင်မှာ အမြဲတမ်း ကောင်းမွန်နေသည်။
“မင်းတို့ စကားပြောကြဦး... ချန်အာ... ဧည့်သည်တော်တွေကို ပေါ့ဆလို့ မဖြစ်ဘူးနော်...”
လော့မင်ရှန်သည် ထိုသုံးဦး ပြောစရာရှိသည်ကို သိရှိသဖြင့် လူစုခွဲပေးသည်။ လော့ချန်သည် သူတို့နှစ်ဦးကို ဇရပ်တစ်ခုဆီသို့ ခေါ်ဆောင်သွားလိုက်သည်။ နေရာယူပြီးနောက် ကျင်းထျန်တူက ပြုံးလျက် ဆိုသည်။
“လော့ချန်... မကြာခင်က မင်းရဲ့သတင်းတွေက တကယ့်ကို ကျော်ကြားနေတာပဲ... ငါ နန်းမြို့တော်မှာတောင် ကြားနေရတယ်... အကြီးအကဲကို သတ်တယ်... မင်းသားတန်းခေါင်းဆောင် နန်ကုန်းကျွယ်နဲ့ ထိပ်တိုက်တွေ့တယ်... နောက်ပြီး ဟွားကျင်းယန်ကို အနိုင်ယူခဲ့တယ်... ဒီကိစ္စတွေက တစ်ခုချင်းစီတိုင်းက တကယ့်ကို တုန်လှုပ်စရာတွေပဲ... ဒါက မင်းရဲ့ ပုံစံပဲ ဖြစ်ရမယ်...”
ကျင်းယွီရှီက မျက်လုံးလေးများကို ဝိုင်းစက်နေအောင် လုပ်လျက် လော့ချန်ကို အံ့သြစွာ ကြည့်နေသည်။
“ထူးဆန်းတယ်နော်... ရှင်က ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်လည်း မရှိဘဲနဲ့ ဘယ်လိုလုပ် ဒီလောက်မြန်မြန် တိုးတက်လာတာလဲ... ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲ ပြီးကတည်းက အခုအထိ လအနည်းငယ်ပဲ ရှိသေးတာကို... ကျွန်မက နတ်ဘုရားတံတားကို အခုမှ တည်ဆောက်နေရတာ... ရှင်ကတော့ သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့် အစောပိုင်းကိုတောင် ရောက်နေပြီ...”
“သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် သန်မာသူတွေတောင် ရှင့်ရဲ့ ပြိုင်ဘက် မဟုတ်ကြဘူး... ရှင်က သိုင်းဝိညာဉ် မ...”
“ညီမလေး...”
ကျင်းထျန်တူက မျက်မှောင်ကြုတ်လိုက်သည်။ ကျင်းယွီရှီသည် စကားမှားသွားသည်ကို သိရှိသွားသဖြင့် လျှာလေးထုတ်ပြကာ မျက်နှာလေး နီမြန်းသွားရင်း ဆိုသည်။
“သိုင်းဝိညာဉ် မနိုးကြားသေးတဲ့သူ...”
လော့ချန်က ဆိုသည်။
“ကိစ္စမရှိပါဘူး...”
ပထမမင်းသားက လော့ချန်ကို ကြည့်ကာ ပြော၏။
“မင်း အခုက သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့် အစောပိုင်းတင် မဟုတ်တော့ဘူးမလား...”
လော့ချန် ခေါင်းညိတ်ပြလိုက်သည်။ ဤနေရာတွင် သူတို့သုံးဦးတည်း ရှိနေသဖြင့် ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။
“ကျွန်တော် သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် နောက်ပိုင်းကို အခုလေးတင် ချိုးဖြတ်နိုင်ခဲ့တာပါ...”
“မင်းက ရွှေခန္ဓာနယ်ပယ်ကို ကျင့်ကြံအောင်မြင်ပြီး ခန္ဓာသန့်စင်ကန်မှာ ကျင့်ကြံခဲ့တာဆိုတော့ တိုးတက်မှုက အနည်းအကျဉ်း မဟုတ်... ဘာ... သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် နောက်ပိုင်း...”
အမြဲတမ်း တည်ငြိမ်လှသည့် ပထမမင်းသားမှာ စကားပြောနေရင်းမှ ရုတ်တရက် အံ့အားသင့်သွားကာ ပါးစပ်အဟောင်းသားနှင့် လော့ချန်ကို ကြည့်နေမိရင်း တစ်ကိုယ်လုံး မှင်တက်မိသွားသည်။
လော့ချန်သည် ကျင်းထျန်တူ လာရသည့် ရည်ရွယ်ချက်ကို အနည်းငယ် ခန့်မှန်းမိသည်။ မိမိ၏ စွမ်းအားကို ပြသနိုင်မှသာ တစ်ဖက်လူက အလေးထားမည်ဖြစ်ကာ တန်းတူ ဆွေးနွေးနိုင်မည် ဖြစ်သဖြင့် သူ၏ အရှိန်အဝါကို မဖုံးကွယ်တော့ပေ။
“ဘုန်း...”
သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် နောက်ပိုင်းရှိ အရှိန်အဝါများမှာ အပြည့်အဝ ပေါက်ကွဲထွက်လာခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံး၌ လေပြင်းများ တိုက်ခတ်သွားလေသည်။
“ဒါ... ဒါ... ဒါ မဖြစ်နိုင်ဘူး...”
ကျင်းယွီရှီသည် သူမ၏ နှုတ်ခမ်းလေးကို လက်ဖြင့် အုပ်ထားရင်း အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေခဲ့ကာ လော့ချန်ကို နတ်ဆိုးတစ်ပါးနှယ် စိုက်ကြည့်နေမိသည်။
ကျင်းထျန်တူလည်း အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ရသည်။ လော့ချန် နန်းမြို့တော်မှ ထွက်ခွာသွားသည်မှာ မည်မျှကြာသေးသနည်း။ တစ်လကျော်ကျော်အတွင်း ကျင့်ကြံမှုမှာ သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့် အစောပိုင်းမှသည် စတုတ္ထအဆင့် နောက်ပိုင်းသို့ ရောက်ရှိသွားသည်တဲ့လား။
ဤသည်မှာ မည်သို့သော ကျင့်ကြံမှုအရှိန်နည်း။ ရွှမ်ယွမ်ဂိုဏ်း၏ ခန္ဓာသန့်စင်ကန်က ကျင့်ကြံမှုအာနိသင်သည် မည်သည့်အချိန်မှစ၍ ဤမျှအထိ ထူးဆန်းသွားရသနည်း။
အခန်း (၄၇၈) ပြီးပါပြီ။
အခန်း ၄၇၉ - မဟာမိတ်ဖွဲ့ခြင်း... ကျိမိသားစုမှလူ ရောက်လာခြင်း...
ကျင်းထျန်တူသည် လော့ချန်ကို ကြည့်နေမိရင်း စိတ်ထဲတွင် အတွေးပေါင်းစုံ ဖြတ်ပြေးသွားသည်။
ခန္ဓာသန့်စင်ကန်... ကျိမိသားစု... လင်ယွမ်ပြတိုက်...
နောက်ဆုံးတွင် သူက ခပ်ဖွဖွ ရယ်မောလိုက်ရင်း ဆိုလိုက်သည်။
“လော့ညီလေး... မင်းရဲ့ ဒီကျင့်ကြံမှုအရှိန်ကတော့ ငါ့ကို တကယ်ပဲ အံ့အားသင့်စေတယ်... ဂိုဏ်းသုံးဂိုဏ်းလုံးက တပည့်တွေထဲမှာတောင် မင်းနဲ့ ယှဉ်နိုင်တဲ့သူ အနည်းငယ်ပဲ ရှိလိမ့်မယ်...”
မသိမသာပင် ပထမမင်းသားသည် လော့ချန်ကို ခေါ်ဆိုသည့် အသုံးအနှုန်းကို ပြောင်းလဲလိုက်ပြီး ရင်းနှီးမှုကို တိုးမြှင့်လိုက်သည်။ လော့ချန်က အများကြီး ပြန်လည်မရှင်းပြဘဲ မေးမြန်းလိုက်သည်။
“ကျင်းအစ်ကို ဒီကိုလာတာက ကျွန်တော့်ကို ချီးကျူးဖို့တင်တော့ မဟုတ်ဘူးမလား...”
“ဟဲဟဲ... တကယ်တော့ တိုင်ပင်စရာ ကိစ္စတစ်ခု ရှိလို့ပါ... ဒါပေမဲ့ အဲ့ဒီမတိုင်ခင် ငါ့မှာ မေးစရာ မေးခွန်းတစ်ခု ရှိတယ်...”
ပထမမင်းသားက တည်ကြည်စွာ ဆိုသည်။
“တာ့ချူဧကရီ ပျောက်ကွယ်သွားကတည်းက အဖက်ဖက်က အင်အားစုတွေက လှုပ်လှုပ်ရှားရှား ဖြစ်နေကြတယ်... ငါတို့ တာယွဲ့မင်းဆက်ကလည်း အတွင်းရန်၊ အပြင်ရန်တွေနဲ့ လှိုင်းလေထန်နေရတာပဲ... ဒီလို အခြေအနေမျိုးမှာ မင်းက မိသားစုနဲ့ နိုင်ငံအပေါ် ဘယ်လို အမြင်ရှိသလဲ... ဂိုဏ်းနဲ့ မင်းဆက်အပေါ်ကော ဘယ်လို သဘောထားသလဲ...”
တစ်ဖက်လူက ဤကိစ္စကို မေးမြန်းလိမ့်မည်ဟု လော့ချန် မထင်ထားခဲ့ပေ။ သူ ခဏမျှ စဉ်းစားလိုက်စဉ် ရွာလုံးကျွတ် သတ်ဖြတ်ခံရသည့် မြင်ကွင်းက ခေါင်းထဲသို့ ဝင်လာသဖြင့် ချက်ချင်း ပြန်ဖြေလိုက်သည်။
“အသိုက်ပျက်ရင် ဥ မကျန်နိုင်ပါဘူး... နိုင်ငံရှိမှ မိသားစု ရှိမှာဖြစ်သလို မိသားစုရှိမှလည်း နိုင်ငံဆိုတာ ရှိလာမှာပါ... ဂိုဏ်းတွေဆိုတာကလည်း ဒီသဘောတရားပါပဲ...”
နဝမမင်းသမီး ကျင်းယွီရှီ၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး လော့ချန်ကို ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
“မိသားစုရှိမှ နိုင်ငံရှိမယ်... နိုင်ငံရှိမှ မိသားစုရှိမယ်...”
“ဟဲဟဲ... ကောင်းလိုက်တဲ့ စကား...”
ကျင်းထျန်တူက အားရပါးရ ရယ်မောလိုက်ရင်း တိုက်ရိုက်ပင် ဆိုလိုက်တော့သည်။
“မင်း ရွှမ်ယွမ်ဂိုဏ်းမှာ လော့မဟာမိတ်ကို တည်ထောင်ပြီး မင်းသားတန်းနဲ့ ထိပ်တိုက်တွေ့နေတယ်လို့ ငါ ကြားတယ်... ငါ ဒီကိုလာတာက တခြားကြောင့် မဟုတ်ပါဘူး... မင်းနဲ့ မဟာမိတ် ဖွဲ့ချင်လို့ပါ...”
“မဟာမိတ်ဖွဲ့မလို့...”
လော့ချန်၏ အကြည့်မှာ လှုပ်ခတ်သွားသည်။ ကျင်းထျန်တူ ဤသို့လာလိမ့်မည်ဟု သူ ကြိုတင်ခန့်မှန်းထားသည်။ အကယ်၍ ယခင်ကဆိုလျှင် လော့ချန်သည် ကျင့်ကြံမှုအပေါ်မှာသာ အာရုံစိုက်လိုသဖြင့် ဤကဲ့သို့သော အာဏာလုပွဲများတွင် ပါဝင်ပတ်သက်လိုမည် မဟုတ်ပေ။
သို့သော်လည်း သွေးဝိညာဉ်ဂိုဏ်းနှင့် နှစ်ကြိမ်တိုင်တိုင် ထိပ်တိုက်တွေ့ခဲ့ရပြီး ရွာလုံးကျွတ် သတ်ဖြတ်ခံရသည့် မြင်ကွင်းကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ဤသည်က လူတစ်ယောက်တည်း၏ အင်အားမှာ အကန့်အသတ်ရှိကြောင်းနှင့် သန်မာသည့် မဟာမိတ်များ လိုအပ်ကြောင်း လော့ချန်ကို သတိပေးလိုက်ခြင်းပင်။
သူသည် အဋ္ဌမမင်းသား ကျင်းမင်နှင့် ရန်သူဖြစ်နေသလို ကျင်းထျန်တူအပေါ်တွင်လည်း အမြင်ကောင်း ရှိသဖြင့် ဤသို့လုပ်ဆောင်ခြင်းက တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်ပေလိမ့်မည်။ လော့ချန်က ခေါင်းညိတ်လိုက်သည်။
“ရပါတယ်... ဒါပေမဲ့ ကျွန်တော်က ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအရပဲ ကိုယ်စားပြုမှာပါ... တခြားလူတွေကိုတော့ ကိုယ်စားမပြုနိုင်ဘူးနော်...”
“ဒါကို ငါ သိပါတယ်... မင်းက ငါ့ရဲ့ အဋ္ဌမမင်းသားနဲ့ ပြိုင်ဆိုင်ရမှာဖြစ်သလို ငါကလည်း သူ့ကို ဖိနှိပ်ထားရမှာဆိုတော့ ငါတို့ရဲ့ အကျိုးစီးပွားက တူညီနေတာပဲ...”
ပထမမင်းသားသည် လော့ချန်၏ ဆိုလိုရင်းကို နားလည်သည်။ သို့သော်လည်း လော့ချန်သည် ယွမ်မန်လီ၊ လင်ယွမ်ပြတိုက်တို့နှင့် ပတ်သက်မှုရှိသည်ကို သူ ကောင်းကောင်းသိသည်။ အချင်းချင်း ခိုင်မာသည့် သူငယ်ချင်းအဖြစ် ရှိနေသရွေ့ ယွမ်မန်လီ သို့မဟုတ် လင်ယွမ်ပြတိုက်က သူ့ကို တိုက်ရိုက်မကူညီနိုင်လျှင်ပင် သူ၏ အရှိန်အဝါကို မြင့်တက်စေနိုင်သည် မဟုတ်ပါလော။
“နောက်ပြီး ကျွန်တော့်မှာ အခြေအနေတစ်ခု ရှိသေးတယ်...”
“ပြောပါ... ငါ လုပ်နိုင်တဲ့ အရာဆိုရင်တော့ လုံးဝ ငြင်းမှာ မဟုတ်ဘူး...”
“ကျင်းအစ်ကို သိတဲ့အတိုင်းပဲ... ကျွန်တော်က အပြင်မှာ မကြာခဏ သွားရောက် ကျင့်ကြံရမှာဆိုတော့ ချီရှန်မြို့မှာ အမြဲ ရှိမနေနိုင်ဘူး... ကျွန်တော့်ရဲ့ မိသားစု လုံခြုံရေးအတွက် ကျင်းအစ်ကို ကူညီပေးစေချင်တယ်...”
နက်မှောင်သည့်တောင်တန်းမှ ထွက်ခွာလာကတည်းက လော့ချန် ဤကိစ္စကို စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ မူလက လော့ယောင်ကို အကူအညီတောင်းရန် သူ စိတ်ကူးခဲ့သော်လည်း တစ်ဖက်လူကို အကြွေးအများကြီး တင်နေသဖြင့် ထပ်မံ၍ ပါးစပ်ဟရန် ခက်ခဲနေသည်။ ပထမမင်းသား ရောက်လာခြင်းက သူ၏ ဤအခက်အခဲကို ဖြေရှင်းပေးလိုက်ခြင်းပင်။
“ချက်ချင်းကြီးတော့ သဘောမတူပါနဲ့ဦး...”
လော့ချန်က စကားလမ်းကြောင်းကို ပြောင်းလိုက်ရင်း ဆက်ပြောသည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော် နက်မှောင်သည့်တောင်တန်းကို သွားရင်း သွေးဝိညာဉ်ဂိုဏ်း တပည့်တွေနဲ့ တွေ့ခဲ့တယ်... သူတို့စကားအရ နက်မှောင်သည့်တောင်တန်းထဲမှာ သွေးဝိညာဉ်ဂိုဏ်းရဲ့ အခြေစိုက်စခန်း ရှိနေတယ်တဲ့...”
“သွေးဝိညာဉ်ဂိုဏ်း တပည့်တွေလား...”
ကျင်းထျန်တူ၏ အကြည့်မှာ ဝင်းလက်သွားသော်လည်း အလွန်အမင်း အံ့သြသွားပုံ မရပေ။ တော်ဝင်မိသားစုတွင် ကိုယ်ပိုင်သတင်းကွန်ရက် ရှိသဖြင့် သွေးဝိညာဉ်ဂိုဏ်းက တာယွဲ့မင်းဆက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်နေပြီဖြစ်ကြောင်း သူတို့ ကြိုတင်သိရှိထားခဲ့ကြသည်။ လော့ချန်က ခေါင်းညိတ်ပြလိုက်ရင်း ဆက်ပြောလိုက်သည်။
“ချီရှန်မြို့က နက်မှောင်သည့်တောင်တန်းနဲ့ သိပ်မဝေးဘူး... အဲ့ဒါကြောင့် အန္တရာယ်ကို ကာကွယ်တဲ့ အနေနဲ့ ချီရှန်မြို့မှာ တပ်စွဲထားဖို့ ကောင်းကင်နယ်ပယ် သန်မာသူတစ်ဦးကို စေလွှတ်ပေးစေချင်တယ်...”
“ကောင်းကင်နယ်ပယ် သန်မာသူ...”
နဝမမင်းသမီး ကျင်းယွီရှီက အံ့အားသင့်သွားသည်။
“ဒါက ဂိုဏ်းကြီး သုံးဂိုဏ်းရဲ့ အမာခံအကြီးအကဲ အဆင့်အတန်းပဲလေ... ဒီလို သန်မာသူမျိုး ငါတို့ တော်ဝင်မိသားစုမှာတောင် အနည်းငယ်ပဲ ရှိတာ... အစ်ကိုကြီးမှာ ဒီလို စေလွှတ်ပိုင်ခွင့် မရှိဘူး...”
လော့ချန်က ခေါင်းခါယမ်းလိုက်သည်။
“အနည်းဆုံး မြေကမ္ဘာနယ်ပယ် သန်မာသူတော့ လိုအပ်တယ်... ဒါက ကျွန်တော့်ရဲ့ တစ်ခုတည်းသော အခြေအနေပဲ...”
အကယ်၍ ဖြစ်နိုင်ပါက လော့ချန်သည် ကျန်းရန်နယ်ပယ် သန်မာသူတစ်ဦးကိုပင် လိုချင်မိသည်။ သို့သော်လည်း ဂိုဏ်းကြီး သုံးဂိုဏ်း၏ အကြီးအကဲချုပ်များမှသာ ကျန်းရန်နယ်ပယ်သို့ ရောက်ရှိကြသည် မဟုတ်ပါလော။ ၎င်းမှာ တာယွဲ့မင်းဆက်၏ အထွတ်အထိပ် ပုဂ္ဂိုလ်များပင် ဖြစ်သည်။
၎င်းမှာ တကယ်ကို မဖြစ်နိုင်သည့် တောင်းဆိုမှုမျိုးပင်။ ပထမမင်းသားသည်လည်း သေချာပေါက် လုပ်ဆောင်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် လော့မိသားစုတွင် တပ်စွဲထားရန် ကောင်းကင်နယ်ပယ် သန်မာသူတစ်ဦးကိုသာ သူ လျှော့ပေါ့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ပထမမင်းသား ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဆိုလိုက်သည်။
“ကောင်းကင်နယ်ပယ် သန်မာသူကို ငါ စေလွှတ်နိုင်ခဲ့ရင်တောင် ဒီလိုလူမျိုးတွေက လုံလောက်တဲ့ အကျိုးအမြတ် မရှိရင် ချီရှန်မြို့မှာ အချိန်အကြာကြီး နေမှာ မဟုတ်ဘူး... ဒီလိုလုပ်ရအောင်... ငါ့ရဲ့ ရွှေခြင်္သေ့မြင်းရထားကို မင်းကို ပေးမယ်...”
ထိုစကားကို ကြားရသည့်အခါ မင်းသမီးလေး ကျင်းယွီရှီမှာ ထိတ်လန့်သွားသည်။
“အစ်ကိုကြီး... အဲ့ဒီ ရွှေခြင်္သေ့မြင်းရထားက ခမည်းတော်က အစ်ကိုကြီးကို ပေးထားတာလေ...”
“ကိစ္စမရှိပါဘူး...”
ကျင်းထျန်တူက ခေါင်းခါယမ်းလိုက်ရင်း လော့ချန်ကို ဆက်ပြောလိုက်သည်။
“အဲ့ဒီ ရွှေခြင်္သေ့သားရဲ နှစ်ကောင်က ကြယ်လေးပွင့် အဆင့်မြင့် နတ်ဆိုးသားရဲတွေပဲ... သူတို့မှာ ရှေးဟောင်း သွေးအနှစ်သာရတွေ ပါဝင်နေသလို နှစ်ကောင်ပေါင်းလိုက်ရင် မြေကမ္ဘာနယ်ပယ် သန်မာသူတွေနဲ့တောင် ယှဉ်နိုင်တယ်... အရှိန်ဆိုရင်တော့ သာမန် မြေကမ္ဘာနယ်ပယ် သန်မာသူတွေထက် အများကြီး ပိုမြန်တယ်...”
လော့ချန်သည် ကွင်းပြင်ပေါ်ရှိ ခြင်္သေ့နှင့်ကျား ရောနှောထားသည့်နှယ် ရှိသော ထည်ဝါလှသည့် သားရဲကြီးများကို ချက်ချင်း သတိရသွားသည်။ ထိုသားရဲကြီးများမှာ ဤမျှအထိ သန်မာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ကောင်းပါပြီ...”
လော့ချန် ခေါင်းညိတ်ပြလိုက်သည်။ အဓိကမှာ စွမ်းအားဖြင့်သာ စကားပြောရမည် မဟုတ်ပါလော။ သူသည် ယခုအခါ သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့်သာ ရှိသေးသည်။ တစ်ဖက်လူက ဤမျှအထိ လုပ်ဆောင်ပေးသည်မှာပင် လွယ်ကူလှသည် မဟုတ်ချေ။ အကယ်၍ သူက ထပ်မံ၍ မကျေမနပ် ဖြစ်နေဦးမည်ဆိုလျှင် အခြေအနေကို မသိရာ ရောက်ပေလိမ့်မည်။
“ဟဲဟဲ... ငါတို့ အောင်အောင်မြင်မြင် ပူးပေါင်းနိုင်ကြပါစေ...”
ပထမမင်းသားက လက်ဖက်ရည်ခွက်ကို မြှောက်လိုက်သည်။ လော့ချန်လည်း လက်ဖက်ရည် တစ်ငုံသောက်လိုက်ရင်း မေးမြန်းပြန်သည်။
“သွေးဝိညာဉ်ဂိုဏ်း ကိစ္စကို ဘယ်လို စီစဉ်ထားသလဲ...”
ထိုစကားကို ကြားရသည့်အခါ ပထမမင်းသား၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
“သွေးဝိညာဉ်ဂိုဏ်း ကတော့ တကယ်ကို ခေါင်းခဲစရာပဲ... ကံကောင်းတာက သူတို့ဟာ အရင်တုန်းက တာ့ချူဧကရီကို ကြောက်ရွံ့ခဲ့ကြလို့ ယွန်လန်ဒေသစုရဲ့ တောင်ဘက်ပိုင်းမှာပဲ အခြေစိုက်ခဲ့ကြတာ... ငါတို့ တာယွဲ့မင်းဆက်ထဲမှာတော့ အမြစ်သိပ်မနက်သေးဘူး... ဒါကြောင့်လည်း သူတို့က ပုန်းလျှိုးကွယ်လျှိုးပဲ လုပ်နေကြပြီး လူရှေ့ထွက်မလာဝံ့ကြတာ...”
“အခု တော်ဝင်မိသားစုနဲ့ ဂိုဏ်းကြီး သုံးဂိုဏ်းက သွေးဝိညာဉ်ဂိုဏ်း ပုန်းအောင်းနေတဲ့ အခြေစိုက်စခန်းတွေနဲ့ သူတို့ရဲ့ အင်အားကို စုံစမ်းနေကြပြီ... အခု သိထားရသလောက် သူတို့ဟာ နက်မှောင်သည့်တောင်တန်းနဲ့ ကူးယွမ်မြို့ တစ်ဝိုက်မှာ ပုန်းအောင်းနေကြတယ်ဆိုတာပဲ...”
“သေသေချာချာ သိရပြီဆိုရင်တော့ ငါတို့တင် မကဘဲ အနီးအနားက မင်းဆက်အားလုံး စုပေါင်းပြီး တစ်ခဏအတွင်းမှာ သူတို့ကို အမြစ်ပြတ် ဖျက်ဆီးပစ်ကြမှာပဲ...”
“မင်းက အခု ရွှမ်ယွမ်ဂိုဏ်းရဲ့ အတွင်းစည်းတပည့် ဖြစ်နေပြီဆိုတော့ မကြာခင်မှာ ဒီသတင်းတွေကို ကြားရပါလိမ့်မယ်...”
လော့ချန်က ခေါင်းညိတ်ပြလိုက်သည်။ သွေးဝိညာဉ်ဂိုဏ်း ပြန်လည်နိုးထလာရန်အတွက် အရင်းအမြစ်များစွာ လိုအပ်ပေသည်။ အထူးသဖြင့် သွေးအနှစ်သာရများစွာပင်။ သို့မှသာ သွေးဆေးလုံးများကို အမြောက်အမြား ဖော်စပ်နိုင်ပြီး သန်မာသူများကို မွေးထုတ်နိုင်ပေလိမ့်မည်။ သွေးဝိညာဉ်ဂိုဏ်း အင်အားတောင့်တင်းလာမည်ဆိုလျှင် အနီးနားရှိ မင်းဆက်အားလုံးအတွက် ကပ်ဆိုးကြီး ဖြစ်လာပေလိမ့်မည်။
ပထမမင်းသားက ကူးယွမ်မြို့ကို ထည့်ပြောလိုက်သည့်အခါ လော့ချန်သည် ယွမ်မန်လီနှင့် ချိန်းဆိုထားသည်ကို သတိရသွားသည်။ ယွန်မန်လီက သူ့ကို နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်အကြာတွင် ကူးယွမ်မြို့သို့ သွား၍ လူသတ်ရန် ချိန်းဆိုထားခဲ့သည် မဟုတ်ပါလော။ ယခုအခါ နှစ်ပတ်ကျော်သွားပြီ ဖြစ်သလို သူသည်လည်း ဝူးယန်မြို့သို့ သွား၍ ဆွန်ယင်ယန်နှင့် စာရင်းရှင်းရန် ရှိနေသေးသဖြင့် ချက်ချင်း ပြန်သွားရန် မဖြစ်နိုင်တော့ချေ။
“နောက်တစ်ခါတွေ့မှပဲ ရှင်းပြရတော့မယ်... သူမက ဘယ်သူ့ကို သတ်ဖို့အတွက် အထူးတလည် သွားခဲ့တာလဲ မသိဘူး...”
လော့ချန် စိတ်ထဲမှ ရေရွတ်လိုက်သည်။
“ဘုန်း...”
ထိုစဉ် ကောင်းကင်ယံမှ ရွှေရောင်မီးကွင်းတစ်ခုသည် ချီရှန်မြို့ရှိရာဘက်သို့ တစ်ဟုန်ထိုး ပျံသန်းလာသည်။ ရွှေရောင်မီးကွင်း၏ အရှိန်အဝါမှာ ကြီးမားလှပြီး လှိုင်းလုံးကြီးများနှယ် ဆူဝေနေကာ ဝေးလံသော နေရာမှ ကြည့်လျှင် မီးလောင်နေသည့် တိမ်တိုက်ကြီးတစ်ခုနှယ် ရှိနေသည်။ မိုးကြိုးပစ်သံများမှာလည်း မိုင်ပေါင်းများစွာအထိ ပျံ့နှံ့နေသဖြင့် လူကို တုန်လှုပ်သွားစေသည်။
“ဟင်... ဘယ်လောက်တောင် သန်မာတဲ့ အရှိန်အဝါလဲ... မိုးမြေရဲ့ အငွေ့အသက်တွေကိုတောင် လှုပ်ခတ်စေနိုင်တယ်ဆိုတော့ မြေကမ္ဘာနယ်ပယ် သန်မာသူပဲ...”
ပထမမင်းသားမှာ အံ့အားသင့်သွားပြီး နေရာမှ ထရပ်လိုက်သည်။ လော့ချန်လည်း ထိုဘက်သို့ လှမ်းကြည့်လိုက်သည်။ အရှိန်အဝါ ပြင်းထန်လှသည့် ရွှေရောင်မီးကွင်းအတွင်း၌ ပုံရိပ်နှစ်ခုကို မှိန်ပျပျ မြင်တွေ့နေရသည်။
အခန်း (၄၇၉) ပြီးပါပြီ။
အခန်း ၄၈၀ - ယွဲ့ဟုန်ယီ... သေလူဖြစ်မည့်လမ်း...
“အစ်ကို့ကို လာရှာတာလား...”
အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာသော ရွှေရောင်မီးကွင်းကို ကြည့်ရင်း လော့ချန်က ပထမမင်းသား ကျင်းထျန်တူကို မေးလိုက်သည်။
ကျင်းထျန်တူက ခေါင်းခါယမ်းလိုက်သည်။
“ငါ ချီရှန်မြို့ကို လာတာ တခြားဘယ်သူမှ မသိဘူး...”
ထိုစကားကို ကြားသောအခါ လော့ချန် အနည်းငယ် အံ့အားသင့်သွားသည်။ ချီရှန်မြို့ကဲ့သို့ ဝေးလံခေါင်သီသော မြို့ငယ်လေးတွင် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူပင် တွေ့ရခဲလှသည် မဟုတ်ပါလား။ မြေကမ္ဘာနယ်ပယ် သန်မာသူကဲ့သို့သော ပုဂ္ဂိုလ်မျိုးဆိုလျှင်မူ ပို၍ပင် ဆိုဖွယ်ရာ မရှိချေ။
ရွှေရောင်မီးကွင်း၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှရာ ခုနကတင် မိုင်ပေါင်းဆယ်ချီ ဝေးကွာနေသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ချီရှန်မြို့၏ ကောင်းကင်ယံသို့ ရောက်ရှိလာသည်။ မီးကွင်း၏ ဗဟိုတွင် အသက်နှစ်ဆယ်အရွယ်ခန့်ရှိပြီး မီးတောက်ရောင် ဂါဝန်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်တစ်ဦး ရှိနေသည်။ အမျိုးသမီးငယ်၏ မျက်လုံးများမှာ ကြယ်တာရာများနှယ် တောက်ပနေပြီး ဆံနွယ်များမှာ ရေတံခွန်နှယ် ဖြာကျနေကာ နဖူးပေါ်တွင် အနီရောင်ကြိုးဖြင့် ကျစ်ဆံမြီးအချို့ ကျစ်ထားသဖြင့် သူမ၏ လှပသော ရုပ်ရည်မှာ လူကို ရင်သပ်ရှုမောစေသည်။ အထူးသဖြင့် သူမ၏ မျက်ခုံးနှစ်ခုကြားရှိ မီးတောက်ပုံသဏ္ဌာန် အမှတ်အသားမှာ သူမကို ပို၍ လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်ညားထည်ဝါသော အရှိန်အဝါကို ပေးစွမ်းနေသည်။
“ဟင်... တာ့လီမင်းဆက် လီဟော်ဂိုဏ်းက တပည့်ပဲ...”
အမျိုးသမီးငယ်၏ နဖူးပေါ်ရှိ မီးတောက်အမှတ်အသားကို မြင်သောအခါ ကျင်းထျန်တူ အကြီးအကျယ် အံ့အားသင့်သွားသည်။ ထိုအမျိုးသမီး၏ လက်ထဲတွင် လူငယ်တစ်ဦးကို ဆွဲကိုင်ထားသည်။ လူငယ်မှာ လျှပ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး တစ်မျက်နှာလုံးလည်း ဖူးယောင်နေကာ အောက်ဘက်ရှိ မြို့ကို မြင်သည့်အခါ အလျင်စလို ပြောလိုက်သည်။
“မမလေး... ဒါပဲ... ဒါ ခင်ဗျားရှာနေတဲ့ ချီရှန်မြို့ပဲ... ကျွန်တော့်ကို လွှတ်ပေးပါတော့...”
လူငယ်၏ အကြည့်တွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး အသံမှာလည်း တောင်းပန်တိုးလျှိုးနေကာ ထိုလှပသော အမျိုးသမီးကိုပင် တည့်တည့် မကြည့်ဝံ့ချေ။ သူသည် ယခင်က လူသူကင်းဝေးသော နေရာတစ်ခုတွင် ထိုအမျိုးသမီးနှင့် ဆုံခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်လူမှာ တစ်ဦးတည်း ဖြစ်နေသလို အလွန်လည်း လှပနေသဖြင့် သူ ယုတ်မာလိုစိတ် ဖြစ်ပေါ်ကာ စနောက်ခဲ့မိသည်။ ရလဒ်မှာမူ ထိုနုနယ်ပုံရသော အမျိုးသမီး၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး မြေကမ္ဘာနယ်ပယ် သန်မာသူ ဖြစ်နေခြင်းပင်။ တစ်ကွက်တည်းနှင့်ပင် သူ အကြီးအကျယ် ဒဏ်ရာရသွားကာ ထွက်ပြေးရန်ပင် မဖြစ်နိုင်တော့သဖြင့် နောက်ဆုံးတွင် ချီရှန်မြို့သို့ လမ်းပြပေးရသည့် အလုပ်သမား ဖြစ်သွားခဲ့ရသည်။
“သွားစမ်း... နောက်တစ်ခါ ငါနဲ့ ထပ်တွေ့ရင်တော့ မင်းကို ငါကိုယ်တိုင် သတ်ပစ်မယ်...”
ထိုအမျိုးသမီးငယ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ လူငယ်မှာ မီတာ ထောင်ချီဝေးရာသို့ လွင့်စင်သွားသည်။ တစ်ဖက်လူကို လွှင့်ပစ်လိုက်ပြီးနောက် သူမသည် အောက်ဘက်သို့ အကြည့်တစ်ချက် ဝေ့လိုက်ကာ ကြည့်ရှုနေသူအချို့ကို အော်ဟစ်မေးမြန်းလိုက်သည်။
“ချီရှန်မြို့ လော့မိသားစု ဘယ်မှာလဲ...”
ထိုလူများမှာ သူမ၏ အရှိန်အဝါကြောင့် ကြောက်လန့်တကြား ဖြစ်နေကြပြီ ဖြစ်ရာ တစ်ဦးက မြို့၏ အရှေ့တောင်ဘက်သို့ လက်ညှိုးထိုးပြရင်း တုန်တုန်ယင်ယင်ဖြင့် ဖြေကြားသည်။
“ဟို... ဟိုဘက်မှာ... အကျယ်ဆုံးနဲ့ အထင်ရှားဆုံး အဆောက်အအုံပဲ...”
အမျိုးသမီးငယ်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်ရင်း ကိုယ်ရိပ်တစ်ချက် လှုပ်ရှားလိုက်ရာ လော့အိမ်တော်၏ ကောင်းကင်ယံသို့ ရောက်ရှိသွားသည်။
“လော့မိသားစုက လော့ချန် ရှိသလား... ထွက်ခဲ့စမ်း...”
ချီစွမ်းအင်များ ပါဝင်နေသည့် အသံမှာ လော့မိသားစုအတွင်း ပျံ့နှံ့သွားသည်။
“ဘာဖြစ်တာလဲ...”
ဤမျှ ကြီးမားသော လှုပ်ရှားမှုကြောင့် လော့မိသားစုတစ်ခုလုံးမှာ တုန်လှုပ်သွားရပြီး လူတိုင်း ကွင်းပြင်ဆီသို့ အပြေးအလွှား ရောက်ရှိလာကြသည်။
“ငါ့ကို ရှာတာလား...”
လော့ချန် အလွန်ပင် အံ့အားသင့်သွားသည်။ ကျင်းထျန်တူက အဓိပ္ပာယ်ပါပါ ပြုံးလိုက်ရင်း ဆိုလိုက်သည်။
“လော့ညီလေး... မင်းက တကယ်ကို အဆက်အသွယ် ပေါများတာပဲ... တာ့လီမင်းဆက် လီဟော်ဂိုဏ်းက ပါရမီရှင် အမျိုးသမီးနဲ့တောင် သိနေတယ်ပေါ့...”
တစ်ဖက်လူ၏ အသက်မှာ အများဆုံး နှစ်ဆယ်ခန့်သာ ရှိသော်လည်း မြေကမ္ဘာနယ်ပယ် သန်မာသူ ဖြစ်နေပြီဖြစ်ရာ ချီစွမ်းအင်မှာ အလွန်ပင် နက်နဲလှပြီး ထုတ်လွှတ်နေသည့် အရှိန်အဝါမှာလည်း တောမီးနှယ် ပြင်းထန်လှသည်။ ဤအချက်က ကျင်းထျန်တူကိုပင် ဖိအားများ ခံစားရစေသည်။ သူမ၏ ပါရမီမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး တာယွဲ့မင်းဆက်တွင်ဆိုပါက ထိပ်တန်း ပါရမီရှင်တစ်ဦး သေချာပေါက် ဖြစ်ပေလိမ့်မည်။
လော့ချန်မှာမူ နောက်ပြောင်လိုသည့်စိတ် မရှိချေ။ ဤလူကို သူ မသိကြောင်း သေချာသည်။ တစ်ဖက်လူ၏ လေသံအရဆိုလျှင်လည်း ရန်သူသဘောမျိုး ဆောင်နေသည် မဟုတ်ပါလော။ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း လော့ချန်သည် ဇရပ်အတွင်းမှ ထွက်လာကာ ကျယ်လောင်စွာ ဆိုလိုက်သည်။
“ငါက လော့ချန်ပဲ... မင်းက ဘယ်သူလဲ... ငါ့ကို ဘာကိစ္စရှိလို့ ရှာတာလဲ...”
“အို... မင်းကိုး...”
ထိုလှပသော အမျိုးသမီးသည် ကွင်းပြင်ပေါ်သို့ ဆင်းသက်လိုက်ရင်း လော့ချန်ကို သေသေချာချာ ကြည့်ကာ အချိန်အတော်ကြာမှ တည်ငြိမ်စွာ ဆိုသည်။
“ငါ့နာမည်က ယွဲ့ဟုန်ယီ... လီဟော်ဂိုဏ်း တပည့်ပဲ... ငါ့အမေက ကျိမိသားစုရဲ့ မျိုးနွယ်စုဝင် တစ်ယောက်ပဲ... အဆင့်အတန်းအရဆိုရင် မင်း ငါ့ကို အစ်မလို့ ခေါ်ရမှာ... ဒါပေမဲ့ မင်းက မိသားစုကနေ အမည်ပယ်ဖျက်ခံထားရပြီး ကျိမိသားစုနဲ့ မပတ်သက်တော့ဘူးဆိုတော့ ငါ့နာမည်ကိုပဲ တိုက်ရိုက်ခေါ်ပါ...”
ထိုစကားကို ကြားသောအခါ လော့ချန်၏ အကြည့်မှာ ချက်ချင်း ပြောင်းလဲသွားသည်။
“မင်းက ကျိမိသားစုက လူလား...”
ယွဲ့ဟုန်ယီက ခေါင်းညိတ်လိုက်ပြီးနောက် ပြန်လည်ခေါင်းခါယမ်းကာ မိမိကိုယ်ကိုယ် လှောင်ပြောင်သကဲ့သို့ ဆိုလိုက်သည်။
“အဆက်အသွယ် အနည်းငယ် ရှိရုံပါပဲ... ဒါကြောင့်လည်း ဒီလို အသေးအမွှား ကိစ္စတွေကို လုပ်ဖို့ အစေခိုင်းခံရတာပေါ့... စစ်မှန်တဲ့ ကျိမိသားစုဝင်တွေကို မင်းသာ တွေ့ဖူးရင် သူတို့ရဲ့ ထူးခြားမှုကို သိလာလိမ့်မယ်...”
“ဟုတ်သားပဲ... မင်း ကျိယွမ်ဟောင်ကို တွေ့ဖူးတယ်ဆိုတော့ ဒီအချက်ကို သိမှာပါ... သူက ကောင်းကင်ယံက ကြယ်တစ်ပွင့်ဆိုရင် ငါတို့က မြေပြင်ပေါ်က ဖုန်မှုန့်တွေပဲ...”
“သူက ကြယ်... ငါတို့က ဖုန်မှုန့်တဲ့လား...”
လော့ချန်သည် ထိုစကားကို ပြန်လည်ရွတ်ဆိုလိုက်ရင်း အေးစက်စွာ ဆိုလိုက်သည်။
“ငါတော့ အဲ့ဒီလို မထင်ဘူး...”
“ဟင်...”
ယွဲ့ဟုန်ယီက မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း သူမ၏ လှပသော မျက်နှာတွင် မသိစိတ်ဖြင့် လှောင်ပြောင်သည့် အပြုံးတစ်ခု ပေါ်လာကာ ခေါင်းခါယမ်းလိုက်သည်။ တစ်ဖက်လူသည် သတင်းများအတိုင်းပင် မောက်မာလွန်းလှပြီး အခြေအနေကို မသိနားမလည်သူ ဖြစ်နေသည်။ ဤမျှဖြင့် ကျိယွမ်ဟောင်ကို စိန်ခေါ်ဝံ့သည်လား။ တကယ်ကို မသိနားမလည်သူက သတ္တိရှိသည်ဟု ဆိုရမည်ပင်။
“ဟင်း...”
ထိုစဉ် လော့မင်ရှန် ထွက်လာပြီး မကျေမနပ် ဆိုလိုက်သည်။
“ချန်အာက ကျိမိသားစုကနေ အမည်ပယ်ဖျက်ခံထားရပြီးသားဆိုရင် ကျိမိသားစုနဲ့ ဘာမှ မပတ်သက်တော့ဘူး... မင်းက ဘာဖြစ်လို့ သူ့ကို လာရှာနေသေးတာလဲ... အရင်က သူ့ကို အရှက်ခွဲခဲ့တာတွေက မလုံလောက်သေးလို့လား...”
တစ်ဖက်လူမှာ ရန်လိုစွာ ရောက်ရှိလာခြင်းဖြစ်ရာ သူသည် လော့ချန်အတွက် စိုးရိမ်နေသည်။
“ပတ်သက်တာ၊ မပတ်သက်တာကို မင်းတို့က ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး... ကျိမိသားစုက စွန့်ပစ်လိုက်တဲ့ အရာဆိုရင်တောင် အဲ့ဒါကို ကျိမိသားစုက ပိုင်တယ်...”
ယွဲ့ဟုန်ယီက ဂရုမစိုက်စွာ ခေါင်းခါယမ်းလိုက်ရင်း လော့ချန်ကို ကြည့်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။
“မင်းက အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားပေမဲ့ တစ်ယောက်ယောက်ကတော့ မင်းက ရွှေခန္ဓာနယ်ပယ်ကို ကျင့်ကြံအောင်မြင်ထားတယ်လို့ ပြောနေတယ်... မင်းရဲ့ ပါရမီက အပြင်ပန်း မြင်ရသလို မရိုးရှင်းဘူးဆိုတော့ မိသားစုထဲက လူအချို့က မကျေမနပ် ဖြစ်နေကြတယ်... ဒါကြောင့် ဒီသတင်းက အစစ်လား၊ အတုလားဆိုတာ လာကြည့်ခိုင်းလိုက်တာပဲ...”
‘ဘာ... ကျိမိသားစုက ငါ ရွှေခန္ဓာနယ်ပယ်ကို အောင်မြင်ထားတာကို ဘယ်လိုလုပ် သိတာလဲ...’
လော့ချန်၏ စိတ်ထဲတွင် လှုပ်ခတ်သွားရပြီး ဆွန်ယင်ယန်ကို ချက်ချင်း သတိရသွားကာ လေးနက်စွာ မေးမြန်းလိုက်သည်။
“အစစ်ဖြစ်တော့ ဘာဖြစ်လဲ... အတုဖြစ်တော့ကော ဘာဖြစ်မှာမို့လို့လဲ...”
ယွဲ့ဟုန်ယီ၏ အနီရောင်ဝတ်စုံမှာ လေထဲတွင် လွင့်မြောနေပြီး သူမက အေးအေးလူလူ ဆိုလိုက်သည်။
“မင်း နားမလည်သေးဘူး ထင်တယ်... ကျိမိသားစုဝင် အများစုရဲ့ မျက်လုံးထဲမှာ မင်းရှိနေတာက အမည်းစက်တစ်ခုပဲ... မိသားစုအတွက် အရှက်ရစရာပဲ... မင်း အခုလို အသက်ရှင်နေနိုင်တာတောင် မင်းအမေက သူမရဲ့ လွတ်လပ်မှုကို ရင်းပြီး လဲလှယ်ပေးခဲ့လို့ပဲ...”
“အဲ့ဒီလူတွေက မင်းကို ရွှမ်ဧကရာဇ်တောင်ထိပ်မှာ ပေါ်လာတာမျိုး၊ ဒါမှမဟုတ် ယွန်လန်ဒေသအုပ်စုကနေ ထွက်ခွာပြီး အလယ်ပိုင်း ကုန်းမြေကြီးထဲကို ဝင်ရောက်လာတာမျိုး လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူး...”
“ဒီတစ်ခေါက် ငါ့ကို လွှတ်လိုက်တာက မင်းရဲ့ သိုင်းဝိညာဉ်က တကယ်ပဲ အသုံးမကျတဲ့ သိုင်းဝိညာဉ် ဟုတ်၊ မဟုတ် ကြည့်ခိုင်းတာပဲ... မင်း တစ်သက်လုံး ဘာမှ ဖြစ်မလာဘဲ ယူလန်ဒေသစုထဲမှာပဲ ပိတ်မိနေမှသာ သူတို့ စိတ်အေးနိုင်မှာ...”
ထိုစကားကို ကြားသောအခါ လော့ချန်၏ မျက်နှာမှာ ချက်ချင်းပင် အကြည့်ရဆိုးသွားသည်။
“တကယ်လို့ မဟုတ်ခဲ့ရင်ကော...”
ယွဲ့ဟုန်ယီက တည်ငြိမ်စွာ ဆိုသည်။
“ငါ ပြောတာ ရှင်းမယ် ထင်ပါတယ်... သူတို့ကို စိတ်အေးစေနိုင်တဲ့ လူက နှစ်မျိုးပဲ ရှိတယ်... တစ်မျိုးက အသုံးမကျတဲ့သူ... နောက်တစ်မျိုးက သေလူပဲ...”
“မင်းက ဘယ်လိုလူမျိုး ဖြစ်ချင်လဲ...”
လော့မင်ရှန် အလွန်အမင်း ဒေါသထွက်သွားသဖြင့် မုတ်ဆိတ်မွေးများပင် တုန်ယင်နေသည်။
“မင်းတို့ ကျိမိသားစုက လူကို အရမ်း နှိမ်လွန်းတယ်...”
“အဘိုး...”
လော့ချန်က လော့မင်ရှန်ကို တားဆီးလိုက်သည်။ အခြေအနေအရ မိမိက အားနည်းနေသေးသဖြင့် ကျိမိသားစုကို ယခုအချိန်တွင် ဆန့်ကျင်ရန် မဖြစ်နိုင်ကြောင်း သူ သိသည်။ ရန်စလိုက်ပါက မိမိကိုယ်ကိုယ် သေတွင်းတူးသည်နှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။
သေချာသည်မှာ ထိုအချိန်မှာ အကြာကြီး မဟုတ်တော့ချေ။ ယနေ့ ကျိမိသားစုက သူ့အပေါ် ပြုမူသမျှကို နောင်တစ်ချိန်တွင် အဆပေါင်းများစွာ ပြန်လည်ပေးဆပ်စေရမည်... သူသည် ကျိမိသားစု၏ မြင့်မြတ်လှသော ကြယ်တာရာများကို ကိုယ်တိုင် ဆွဲချကာ ခြေဖဝါးအောက်တွင် နင်းခြေပစ်ရမည်။
မည်သူက ကောင်းကင်ယံမှ ကြယ်ဖြစ်ပြီး မည်သူက မြေပြင်ပေါ်မှ ဖုန်မှုန့်ဖြစ်ကြောင်းကို လူတိုင်း သိစေရမည်။
“ဝုန်း...”
ထိုသို့ တွေးတောရင်း လော့ချန် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ သူ၏ သိုင်းဝိညာဉ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။ ကိုးရောင်ခြည် အလင်းတန်းများ ဝင်းလက်သွားပြီး ကိုးရောင်ခြည် ဥ တစ်လုံးသည် ဟင်းလင်းပြင်တွင် ပေါ်ထွက်လာကာ ပတ်ဝန်းကျင်၌ အလင်းတန်းများမှာ ဝေဝါးနေပြီး လှပသည့် မြင်ကွင်းနှယ် ရှိနေသည်။
“ဒါက ငါ့ရဲ့ သိုင်းဝိညာဉ်ပဲ...”
“ဟင်... ကြယ်တစ်လုံးတောင် မပါတဲ့ မနိုးကြားသေးတဲ့ သိုင်းဝိညာဉ်ပဲ...”
လော့ချန်၏ သိုင်းဝိညာဉ်ကို မြင်သောအခါ ယွဲ့ဟုန်ယီ အနည်းငယ် မှင်တက်မိသွားသည်။ ယခင်ကမူ လော့ချန် အသုံးမကျသော သိုင်းဝိညာဉ်ကို နိုးကြားထားသည်ဟူသော သတင်းကို သူမ အနည်းငယ် မယုံကြည်ခဲ့ပေ။ လော့ချန်၏ ကိုယ်ပေါ်တွင် ကျိမိသားစု၏ သွေးအနှစ်သာရ ပါဝင်နေသည် မဟုတ်ပါလော။
ပါရမီက ဤမျှအထိ ဆိုးရွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ မျက်မှောက်က အဖြစ်မှန်က သူမကို မယုံကြည်၍ မရအောင် လုပ်ဆောင်လိုက်ခြင်းပင်။ သေသေချာချာ တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ယွဲ့ဟုန်ယီက ခပ်ဖွဖွ ခေါင်းခါယမ်းလိုက်သည်။
“မိသားစုကနေ အမည်ပယ်ဖျက်ခံရတာ မဆန်းပါဘူး...”
ကြယ်တစ်လုံးတောင် မပါသည့် အသုံးမကျသော သိုင်းဝိညာဉ်။ ဤကဲ့သို့သော ပါရမီမျိုးဖြင့်ဆိုလျှင် ဤတာယွဲ့မင်းဆက်ငယ်လေးထဲတွင်ပင် တစ်သက်လုံး ပိတ်မိနေရန် ကံပါလာပြီးသား ဖြစ်ပေသည်။ ရွှေခန္ဓာနယ်ပယ်ကို အောင်မြင်ထားခြင်း ရှိ၊ မရှိမှာ အရေးမကြီးတော့ချေ။
ယွဲ့ဟုန်ယီသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သစ်ကြားသီးအရွယ်အစားရှိသော ပုံရိပ်ဖမ်းကျောက်တုံးတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် ရှေ့မှောက်က မြင်ကွင်းများကို အချိန်အတန်ကြာ သိမ်းဆည်းထားနိုင်သည့် အရာပင်။ ခဏအကြာတွင် ယွဲ့ဟုန်ယီသည် ပုံရိပ်ဖမ်းကျောက်တုံးကို ပြန်သိမ်းလိုက်သည်။
လော့ချန်က သူမကို စိုက်ကြည့်ရင်း မေးမြန်းလိုက်သည်။
“ဘယ်သူက မင်းကို လွှတ်လိုက်တာလဲ...”
“ဟင်...”
လော့ချန်၏ အကြည့်ကို သတိပြုမိသည့်အခါ ယွဲ့ဟုန်ယီက ခေါင်းခါယမ်းလိုက်သည်။
“မင်း သိလည်း အသုံးမဝင်ပါဘူး... ငါ့စကားကို နားထောင်စမ်းပါ... အကောင်အထည်မဖော်နိုင်တဲ့ အရာတွေကို မျှော်လင့်မနေဘဲ မဖြစ်နိုင်တဲ့အရာတွေ နောက်ကို လိုက်မနေပါနဲ့... အသုံးမကျသူမှာ အသုံးမကျသူရဲ့ နေထိုင်နည်း ရှိပါတယ်... အေးအေးဆေးဆေး နေရတာက ပိုကောင်းပါတယ်...”
“မင်းရဲ့ ပါရမီနဲ့ဆိုရင် ယွမ်လန်ဒေသအုပ်စုကနေ မင်း ထွက်ခွာနိုင်မှာ မဟုတ်ဘူး... တကယ်လို့ မင်း အတင်းအဓမ္မ ထွက်ခွာဖို့ ကြိုးစားရင်တောင် မိသားစုထဲက လူတွေက ခွင့်ပြုမှာမဟုတ်ဘဲ မင်းရဲ့ အသက်ကိုပဲ ပေးလိုက်ရလိမ့်မယ်...”
“မင်းအတွက်တော့ ဒါက သေလမ်းပဲ...”
အခန်း (၄၈၀) ပြီးပါပြီ။