အခြေအနေကို အခွင့်ကောင်းယူခြင်း
Vol. 1 Ch. 478
“ငါအရူးလုပ်ခံရတာလား နတ်ဆိုးဧကရီလား ”
လင်းဂိုဏ်းဘိုးဘေးသည် စကားအရှေ့ပိုင်းကို ကြားသည့်အချိန်တွင် ဒေါသထွက်သွား၏။ သို့သော် နတ်ဆိုဧကရီ၏ အမည်ကို ကြားပြီးနောက် တုန်ယင်သွားတော့သည်။ ကျန်းရီသူ့ကို လှည့်စားနေသည်ဟု သူသံသယ ရှိနေသောငြား ပတ်ဝန်းကျင်ကို သူ၏ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးနေသေးဆဲ ဖြစ်သည်။
“အမျိုးယုတ်လေး မင်းကို ဆုတ်ဖြဲပစ်မယ်၊ ဟမ် တစ်ခုခုမှားနေပြီ မီးလျှံတွေ ”
လင်းဂိုဏ်းဘိုးဘေးသည် ကောင်းကင်စိတ်အာရုံကို ကြောက်မက်ဖွယ်အရှိန်ဖြင့် နေရာအနှံ့ ဖြန့်ကျက်ခဲ့သည်။ သူသည် ဤနေရာ၌ မည်သူမှမရှိတာ အတည်ပြုပြီးနောက် ဒေါသထွက်သွားသည်။ သို့သော် သူ တိုက်ခိုက်တော့မည့် အချိန်တွင် ယခုအခေါက် သူ့ဆီဝင်လာသည့် မီးလျှံများ ကွဲပြားခြားနားမှန်း ရုတ်တရက် သဘောပေါက်သွားသည်။ အပူချိန်က အလွန်မြင့်နေပြီး သူ့ကိုတောင် လောင်ကျွမ်းပစ်တော့မည့် လက္ခဏာပြသည်။
“ပြေး”
သူ၏ခန္ဓာကိုယ်က အစွမ်းထက်သောရောင်ဝါကို ထုတ်ဖော်မှုဖြင့် လက်ရှိလက်စွပ်က လင်းထိန်လာတော့သည်။ ဒိုင်းတစ်ခု ပေါ်ပေါက်လာပြီး သူက ဒိုင်းကို ကိုင်မြောက်ကာ သူ၏ခန္ဓာကိုယ်ကို မြန်နိုင်သမျှ အမြန်ဆုံးအရှိန်ဖြင့် ပြေးဝင်လိုက်သည်။
ဘီး
အဝိုင်းသဏ္ဍာန်ဒိုင်းက ရွှေရောင်အလင်းတန်းဖြင့် တောက်ပနေပြီး လျင်မြန်စွာ ပိုကြီးမားလာတော့သည်။ အချိန်တိုအတွင်း၌ ၎င်းက ကောင်းကင်၏တစ်ဝက်ကို ပိတ်ဆို့ခဲ့ပြီးနောက် မီးလျှံပင်လယ်များကို အပြည့်အဝ တားဆီးထားလိုက်သည်။
ခုခံမှု အထွတ်အမြတ်လက်နက် နှမြောစရာပဲ။
ကျန်းရီကစိတ်ထဲ သက်ပြင်းချလိုက်သည်။ ကုန်းပြင်မြင့်ပေါ်တွင် သူတော်စင်လက်နက်က အလွန်နည်းပါးပေ၏။ ပိုနည်းပါးသည်က ခုခံခြင်းသူတော်စင်လက်နက်များ ဖြစ်သည်။ မိုးပြာနဂါးအင်ပါယာသည် ကုန်းပြင်မြင့်ကို အုပ်စိုးရန်အတွက် နှစ်တစ်သောင်းနီးပါး အချိန်ကြာခဲ့သည်။ လင်းဂိုဏ်းဘိုးဘေး၌ ခုခံမှု သူတော်စင်လက်နက် ရှိနေတာ အံ့သြစရာ မကောင်းပေ။
ဒါအခွင့်ကောင်းတစ်ခုပဲ။
လင်းဂိုဏ်းဘိုးဘေး၌ ခုခံမှု သူတော်စင်လက်နက် မရှိခဲ့လျှင် သူသည် အနည်းဆုံးတော့ ထိခိုက်ဒဏ်ရာ ရရုံသာရှိပြီး အခုအချိန်တွင် အသတ်ခံရမှာ မဟုတ်ပေ။ သူ၏ခွန်အား အတော်လေး တိုးတက်လာသည်နှင့် ကျန်းရီက သူ့ကိုသတ်ရန် အခွင့်အရေး ရှိသွားပြီဖြစ်သည်။
သွား
တမလွန်လောက တစ္ဆေမီးလျှံများသည် ခုခံမှု သူတော်စင်လက်နက်ကို လောင်သွားစေ၏။ ထိုခုခံမှု သူတော်စင်လက်နက်ကို ဖြိုခွဲပစ်နိုင်ပုံပေါ်၏။ သို့သော် ကျန်းရီက ဂရုမစိုက်တော့ပေ။ သူ၏အကောင်းဆုံး ပစ်ချက်ကို လွဲချော်ခဲ့ပြီးဖြစ်သည်။ သူယခုအချိန်၌ မပြေးပါက နောက်ထပ် အခွင့်အရေး ထပ်ရတော့မှာ မဟုတ်ပေ။
လင်းဂိုဏ်းဘိုးဘေးက ကျန်းရှောင်နူကို မဖမ်းနိုင်ခဲ့သောကြောင့် စိတ်သက်သာ ရမိသည်။ သူထွက်ပြေးသွားမိလျှင် လင်းဂိုဏ်းဘိုးဘေးက သူ့နောက်ကိုလိုက်လာမှာ သေချာ၏။ ကျန်းရှောင်နူတို့အဖွဲ့က ပိုလုံခြုံသွားပေလိမ့်မည်။
ရွှီရွှီ
တမလွန်လောက တစ္ဆေမီးလျှံများက အမှန်တကယ် အစွမ်းထက်ပေ၏။ ထိုခုခံမှု သူတော်စင်လက်နက်က လောင်သွားပြီးနောက် ၎င်း၏ရွှေရောင်အလင်း လျင်မြန်စွာ မှိန်ဖျော့သွားသည်။ သေးသည်ထက် ပိုသေးလာပြီးနောက် နောက်ဆုံးတွင် သေးငယ်သော ဒိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြေကြီးပေါ် ပြုတ်ကျသွားတော့၏။ ယင်းက အပြည့်အဝ ဖျက်ဆီးခံလိုက်ရပြီး ကျန်ရှိသည့် တစ္ဆေမီးလျှံများနှင့် ဘုံကိုးဘုံနဂါးမီးလျှံများက ဆက်လက် လောင်ကျွမ်းနေပေ၏။
ဒိုင်းမှ ယာယီကာကွယ်ပေးမှုဖြင့် လင်းဂိုဏ်းဘိုးဘေးသည် အလွယ်တကူ လွတ်မြောက်သွားသည်။ ထို့အပြင် ကြောက်မက်ဖွယ်ကောင်းအောင် မြင့်မားသည့် အပူချိန်က သူ၏ဝတ်ရုံ၊ ဆံပင်နှင့် မုတ်ဆိတ်ပေါ် တောက်လောင်သွားတော့သည်။ သူကဒေါသတကြီးဖြင့် သူ၏ဝတ်ရုံကို အတွင်းအားဖြင့် တစ်စစီ ဖျက်ဆီးလိုက်ပြီးနောက် သူ့ဆံပင်နှင့် မုတ်ဆိတ်ပေါ်ရှိ မီးများကို အမြန်ငြိမ်းသက်လိုက်၏။ သူ မနာကျင်သော်ငြား အတော်လေး ကို့ယို့ကားယားပုံ ပေါ်နေပြီး မသေမသပ် ဖြစ်နေ၏။
“ကျန်းရီ ငါမင်းကို ဒါအတွက် မသတ်ရရင် ငါလူတစ်ယောက်ဖြစ်ဖို့ မထိုက်တန်တော့ဘူး ”
မီးခိုးများ ထွက်နေသေးဆဲဖြစ်သည့် ခေါင်းကို ထိကြည့်လိုက်ရာ မုတ်ဆိတ်နှင့် မျက်ခုံး ပျောက်သွားပြီဖြစ်ပြီး မျက်နှာနှင့် ခန္ဓာကိုယ်က မည်းနက်ကုန်တော့၏။ သူသည် ရှေးကောင်းကင် အဆီအနှစ်လက်စွပ်မှ နဂါးဝါဝတ်ရုံကိုထုတ်ပြီး သူ၏ခန္ဓာကိုယ်ကို မဆေးကြောဘဲ ဝတ်ဆင်လိုက်၏။ ခြေနှစ်ဖက် မြေပြင်ပေါ်သို့ ရောက်သွားသည်နှင့် မြေပြင်ကို ဘေးသို့ အက်ကွဲသွားစေသည်။ သူသည် ကျန်းရီရှိသည့် နေရာဆီသို့ ဦးတည်ပျံသန်းသွားတော့၏။
ကျန်းရီက အရှေ့တောင် အရပ်ဆီသို့ ပျံသန်းသွားပြီးနောက် ပင်လယ်ဆီ ဦးတည်သွားနေ၏။ သူသည် ယခုအချိန်၌ ပြင်းပြသည့် စိတ်ဆန္ဒတစ်ခု ရှိနေသည်။ သူသေခဲ့လျှင်တောင် လင်းဂိုဏ်းဘိုးဘေးကို သူနှင့်အတူ ငရဲသို့ ဆွဲချသွားချင်၏။
ပင်လယ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ပင်လယ်နတ်ဆိုးများ ရှိပေ၏။ စုန်းနတ်ဘုရားတောင် ထိုနားသို့ မသွားရဲခဲ့ချေ။ ကျန်းရီက လင်းဂိုဏ်းဘိုးဘေးကဲ့သို့ မမြန်ဆန်ရာ အနှေးနှင့်အမြန် သူမိသွားမှာ ဖြစ်သည်။ လွတ်မြောက်စရာ နည်းလမ်းမရှိပေ။ သူသည် အကောင်းဆုံး အခွင့်အရေးကို လွဲချော်ခဲ့ပြီး လင်းဂိုဏ်းဘိုးဘေးကို မသတ်နိုင်ခဲ့သောကြောင့် လင်းဂိုဏ်းဘိုးဘေးကို နက်ရှိုင်းသော ပင်လယ်ဆီ မျှားခေါ်ပြီး အစွမ်းထက်သော နတ်ဆိုးဘုရင်များဆီ ခေါ်လာရုံသာ တတ်နိုင်သည်။ သူသည် သူ့သေတွင်းထဲသို့ လင်းဂိုဏ်းဘိုးဘေးကို ဆွဲချသွားချင်ပေ၏။
အခွင့်ကောင်းကို အမိယူခြင်း
ပြင်ပအကူအညီမပါဘဲ လင်းဂိုဏ်းဘိုးဘေးကို သတ်ဖြတ်နိုင်မှာ မဟုတ်ဟု သူကောင်းစွာ သတိပြုမိသည်။ နက်ရှိုင်းသော ပင်လယ်ထဲတွင်မူ မျှော်လင့်ချက်ရေးရေး ရှိနေသေး၏။
သူသည် လင်းဂိုဏ်းဘိုးဘေးထက် တစ်လှမ်းကြိုထွက်လာခဲ့၏။ လင်းခေါင်းဆောင်က ခန္ဓာကိုယ်မှ မီးများကို ငြှိမ်းသတ်ပြီး အဝတ်အစား လဲသည့်အချိန်ပါ ထည့်တွက်ခဲ့လျှင် သူသည် လင်းဂိုဏ်းဘိုးဘေးထက် နှစ်မိနစ် စောနေတာပဲဖြစ်သည်။ သို့သော် နှစ်ဖက်လုံးက မြင့်မားသည့်အရှိန်ဖြင့် လှုပ်ရှားနေရာ လင်းဂိုဏ်းဘိုးဘေးအဖို့ သူကိုအချိန်တိုအတွင်း ဖမ်းမိဖို့ မဖြစ်နိုင်ပေ။
သူတို့က ရှားယွီမြို့၏ တောင်ဘက်သို့ ရောက်နေပြီးဖြစ်ကာ ပင်လယ်နှင့် အလွန်နီးကပ်နေပြီ ဖြစ်၏။ ကျန်းရီသည် ၁၂ကြိမ်ခန့် နေရာရွှေ့ပြောင်းပြီးနောက် ပင်လယ်ကို မြင်လိုက်ရတော့သည်။
ကောင်းကင်က အပြာရောင် သန်းနေသည်။ မျက်စိတစ်ဆုံး ဖြန့်ကျက်ကြည့်လိုက်ရာ ကျန်းရီနှင့် စိတ်ဝိညာဉ်တို့က ညင်သာသော ပင်လယ်လေညင်းကြောင့် အားပြန်ပြည့်လာသည်။
ယခုကပင်လယ်သို့ သူတတိယအကြိမ် ရောက်လာတာပဲဖြစ်သည်။ ပထမဆုံး အကြိမ်က ကြယ်ကြွေကျွန်းပေါ်၌ သူ၏မိခင်အကြောင်း သတင်းရှာရန် ရောက်လာတာဖြစ်သည်။ ဒုတိယအကြိမ်က အနက်ရောင် နကျယ်ကောင်ကိုရှာရန် အနောက်ဘက်ပင်လယ်ဆီသို့ ဦးတည်သွားတာပဲဖြစ်သည်။ သူသည် ထောင်ချောက်အဆင် ခံခဲ့ရပြီး နေနက်မိစ္ဆာနွယ် သတ်တာ ခံရလုနီးပါး ဖြစ်ခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသည့် တမလွန်လောကကို ပြန်တွေးမိသည့် အချိန်၌ သူ့ရင်ထဲ တုန်လှုပ်နေသေးဆဲဖြစ်သည်။
တမလွန်လောကက နေနက်မိစ္ဆာနွယ်တွေလား။
ထိုအကြောင်း တွေးမိသည့်အချိန်၌ အကြံတစ်ခု ပေါ်လာတော့သည်။ နေနက်မိစ္ဆာနွယ်က အင်မတန် အစွမ်းထက်လွန်းရာ နတ်ဆိုးဧကရီတောင် ၎င်းကို အနိုင်မယူနိုင်ခဲ့ပေ။ လင်းဂိုဏ်းဘိုးဘေးကို အနောက်ပင်လယ်ဆီသို့ မျှားခေါ်သွားလျှင် မည်သို့ဖြစ်မည်နည်း။ ပြီးနောက်သူသည် နေနက်မိစ္ဆာနွယ်၏ အကူအညီကို ငှားယူပြီး လင်းဂိုဏ်းဘိုးဘေးကို အလွယ်တကူ သတ်ဖြတ်နိုင်မှာဖြစ်၏။
မဟုတ်ဘူး။ နေအုံး။ ခဏလေး။
ကျန်းရီသည် ခေါင်းခါပြီးနောက် ထိုအတွေးကို ဖယ်ချလိုက်သည်။ ယခုအချိန်တွင်သူက မဟာရှတိုင်းပြည်၏ တောင်ဘက်တွင် ရောက်နေတာဖြစ်ပြီး ကုန်းပြင်မြင့်၏ အရှေ့တောင်ဘက်ပိုင်းတွင် ရောက်နေတာပင်။ အနောက်ပင်လယ်ဆီသို့ သွားရန်အတွက်သူသည် ရှန်မိတိုင်းပြည်၏ ပင်လယ်ဆီသို့ သွားရတာဖြစ်ပေမည်။ မရပ်မနား နေရာရွှေ့ပြောင်းခဲ့လျှင်တောင် အနည်းဆုံး တစ်လခန့် အချိန်ယူရမှာဖြစ်သည်။ ထို့အပြင်သူသည် လင်းဂိုဏ်းဘိုးဘေး လိုက်ဖမ်းခြင်း ခံနေရ၏။ လင်းဂိုဏ်းဘိုးဘေး သူ့နောက်တွင် မရှိခဲ့လျှင်တောင် သူသည် လမ်းတစ်ဝက်တွင် ပင်လယ်မိစ္ဆာများ စားသောက်ခြင်းကို ခံရမှာ သေချာပေ၏။
“အနောက်ပင်လယ်ကို ရွေးလို့မရဘူးဆို အရှေ့ပင်လယ်ကို သွားတာပေါ့ ”
ကျန်းရီက ရုတ်တရက် အတွေးပေါ်လာ၏။ သူဆုံးဖြတ်ချက် ချပြီးဖြစ်သည်။ သူသည် အနောက်ပင်လယ်ကို မသွားနိုင်လျှင် အရှေ့ပင်လယ်ဆီသို့ သွားပေမည်။ သူသည် သေမင်းပင်လယ်ပြင်ဆီသို့ သွားမှာဖြစ်၏။
သေမင်းပင်လယ်ပြင်ထဲတွင် ရေမှော်ပင်များလည်း ရှိပေ၏။ ယင်းတို့က နေနက်မိစ္ဆာနွယ်များနှင့် ဆင်တူပေသည်။ သေမင်းပင်လယ်ပြင်ထဲတွင် ဆန်းကြယ်သည့် အရံအတား အရာတစ်ခုရှိ၏။ ထို့အပြင် မိမွေးတိုင်း ဖမွေးတိုင်း မိန်းကလေးတစ်ဦးက အရံအတားထဲရှိ အခေါင်းတွင် လှဲနေပေသည်။
ရွှေယို့လန်သည် သေမင်းပင်လယ်ပြင်နားသို့ တစ်ခါသွားခဲ့ဖူး၏။ သို့သော် အထဲသို့ မဝင်ရဲခဲ့ပေ။ သူပြန်ရောက်လာပြီးနောက် ရွှေယွဲ့လျန်မျှော်စင်ဂိုဏ်းသားများကို သေမင်းပင်လယ်ပြင်နားသို့ ဘယ်တော့မှ မသွားရန် သတိပေးခဲ့၏။ ရွှေယို့လန်၏ ခွန်အားက လင်းဂိုဏ်းဘိုးဘေး၏ ခွန်အားနှင့် တူညီပေ၏။ ထိို့ကြောင့် ခေါင်းဆောင်က သေမင်းပင်လယ်ပြင်သို့ သွားခဲ့လျှင် သူအသက်ရှင်လျက် ပြန်ထွက်လာနိုင်မှာ မဟုတ်ပေ။
အရေးကြီးဆုံးအချက်က သေမင်းပင်လယ်ပြင်ကို လွန်ခဲ့သည့် တစ်နှစ်၊ နှစ်နှစ်ခန့်ကမှ ရှာတွေ့ခဲ့တာဖြစ်သည်။ ကြယ်ကြွေကျွန်းပေါ်ရှိ အရေးကြီးသော ဂလန်များအပြင် မြောက်ဘက် လျန်တိုင်းပြည်နှင့် ရှန်းဝူတိုင်းပြည်အပြင် ကျန်သည့်သူများ ထိုအကြောင်းကို မသိကြပေ။ လင်းဂိုဏ်းဘိုးဘေးက တံခါးပိတ် ကျင့်ကြံနေခဲ့တာ ဖြစ်၏။ နတ်ဆိုးဧကရီ ရိုက်နှက်တာ အချက်ပေါင်းများစွာ ခံရပြီးနောက် သူကုသခဲ့ရ၏။ သူသည် လတ်တလောအခါမှ ထွက်လာတာ ဖြစ်နိုင်ချေမြင့်ပြီး သေမင်းပင်လယ်ပြင်အကြောင်း မသိပေ။ ထို့အပြင် ကျန်းရီက သူ၏ဘုံကိုးဘုံး နဂါးမီးလျှံနှင့် နေနက်မိစ္ဆာကို ရှင်းထုတ်ပစ်နိုင်ရာ သေမင်းပင်လယ်ပြင်အတွင်းရှိ ရေမှော်ပင်များကို တမလွန်လောက တစ္ဆေမီးလျှံဖြင့် ဖျက်ဆီးပစ်နိုင်သည်။ သေမင်းပင်လယ်ပြင်ထဲတွင် အသက်ရှင်နိုင်ခြေက မြင့်ပေ၏။
ထိုအရာအားလုံးဖြင့် ကျန်းရီသည် သူ့ကံကို စမ်းကြည့်ရန် ထိုက်တန်ပေသည်။
သူအသက်ရှင်လျက် နေရမည်ဖြစ်ပြီး လင်းဂိုဏ်းဘိုးဘေးကို သေမင်းပင်လယ်ပြင်ဆီသို့ ဦးဆောင်ခေါ်သွားရမှာ ဖြစ်သည်။ ဆိုရလျှင် သေမင်းပင်လယ်ပြင်နှင့် အတန်ငယ် ဝေးနေသေး၏။ သူနေရာရွှေ့ပြောင်းခဲ့လျှင်တောင် ဆယ်ရက်ခန့် အချိန်ယူရအုံးမှာဖြစ်သည်။
ငါလုပ်ရမယ်။ သွားကြမယ်။
ကျန်းရီက သူ့ကိုယ်သူ အကောင်းဆုံး စိတ်အားတင်းပြီး အရှေ့မြောက် အရပ်မျက်နှာဆီသို့ နေရာရွှေ့ပြောင်းတော့၏။ ဖျတ်ခနဲ လှုပ်ရှားသွားပြီးနောက် သူသည် အကန့်အသတ်မဲ့ ပယ်လယ်အတွင်း ပျောက်ကွယ်သွားတော့သည်။
“ဟမ့် ” အချိန်တိုအတွင်း အဝါရောင်အရိပ် ပျံသန်းလာပြီး ကိုယ်ပေါ်ရှိအမွေးများ လောင်ကျွမ်းသွားသည့် လင်းဂိုဏ်းဘိုးဘေး ရောက်လာတော့သည်။ သူ၏မျက်နှာက မီးဟပ်ခံရမှုကြောင့် နက်မှောင်နေသည်။ ကြည့်ရတာထူးဆန်းပြီး ရယ်စရာ ကောင်းနေပေသည်။
ကျန်းရီကို မမြင်သော်ငြား လေထဲတွင် ကျန်းရီ၏ အငွေ့အသက်ကို ခံစားမိသေးသောကြောင့် အရပ်မျက်နှာကို ဆုံးဖြတ်နိုင်ပေ၏။
ဟိုကြည့်ဒီကြည့်ဖြင့် သူသည် အရပ်မျက်နှာတစ်ခုဆီသို့ ကမန်းကတန်း ပျံသန်းသွားတော့သည်။ ယခုကျန်းရီ၏ စကားတစ်ဝက်ကို သူယုံကြည်သွားပြီ ဖြစ်သည်။ သို့သော် ကျန်းရီက အမှန်ကို ပြောနေလျှင်တောင် ကောင်းကင်ကြယ်တာရာမြို့သို့ သူပြန်သွားမှာ မဟုတ်ပေ။
နတ်ဆိုးဧကရီက ကောင်းကင်ကြယ်တာရာမြို့ကို အမှန်တကယ် သွားခဲ့လျှင် သူကောင်းကင်ကြယ်တာရာမြို့ကိုလည်း ပြန်လျှင်တောင် သေရုံမှအပ မည်သည့်အကူအညီမှ ပေးနိုင်မှာ မဟုတ်ပေ။ သူသည် ကျန်းရီကို အသက်ရှင်လျက်ဖမ်းသည်ထက် တိုက်ရိုက် တန်းသတ်လိုက်တာက ပိုအဆင်ပြေပေမည်။
ကျယ်ပြောသော ပင်လယ်ကိုကြည့်ပြီး လင်းဂိုဏ်းဘိုးဘေး၌ အကြောက်တရား မရှိ။ သူကနှာခေါင်းရှုံ့ပြီး တိတ်တဆိတ် အော်လိုက်၏။
“နက်ရှိုင်းတဲ့ ပင်လယ်ထဲမှာပုန်းပြီး အခွင့်ကောင်း ရှာချင်တယ်ပေါ့၊ ဟိတ်ကောင် မင်းကို ဒီတစ်ခေါက် ထွက်ပြေးခွင့်ပေးလိုက်ရင် ငါနှစ်ရာချီ ရှင်သန်ခဲ့ရတာ အချည်းနှီး ဖြစ်တော့မှာပဲ ”
***