← Chapters

လျန်းယီ

Vol. 52 Ch. 722

လျန်းယီ

Vol. 52 Ch. 722

ထူးခြားဆန်းကြယ်သော နေရာတစ်ခု၌

ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ကိုင်ဆောင်ထားသော ဇူယွမ်မှာ အပေါ်ဖက်မှ လေဟာနယ် ဆုတ်ပြဲသွားသောကြောင့် မော့ကြည့်မိလိုက်သည်။ ထိုလေဟာနယ် အက်ကွဲကြောင်းမှတစ်ဆင့် မိုးကြိုးလျှပ်စီးကန် အပြင်ဖက်တွင် ရှိနေသော အဆင့်မြင့်ကျင့်ကြံသူများစွာအား တွေ့ရှိလိုက်ရသည်။

ရောက်ရှိနေသော အဆင့်မြင့်ကျင့်ကြံသူများမှာ ကမ္ဘာကြီးကိုပင် တုန်လှုပ်သွားစေနိုင်သည်အထိ ကြောက်မက်ဖွယ်ကောင်းကြသူများ ဖြစ်သည်။

ဇူယွမ်မှာ ဦးခေါင်းတစ်ခုလုံး ကိုက်ခဲလာသလိုပင် ခံစားလိုက်ရ၏။

ထိုအချိန်မှာပင် အဆင့်မြင့်ကျင့်ကြံသူများမှာလည်း ဇူယွမ်အား အံ့အားသင့်စွာဖြင့် ကြည့်ရှုလိုက်ကြလေသည်။

မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း ကွယ်ဝှက်ထားခဲ့သော ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ရှာဖွေနိုင်ရန် ကလန်အသီးသီးမှ အဆင့်မြင့်ကျင့်ကြံသူများမှာ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရခြင်း ဖြစ်သည်။

ယခုအခါတွင် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားမှာ ပြန်လည်ပေါ်ထွက်လာခဲ့ပြီ ဖြစ်လေသည်။ ကလန်များအားလုံးမှ အဆင့်မြင့်ကျင့်ကြံသူများမှာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ဦးစွာမြင်တွေ့နိုင်ရန်အတွက် သူ့ထက်ငါ အပြိုင်အဆိုင် ရောက်ရှိလာခဲ့ကြသော်လည်း လူငယ်လေးတစ်ဦးမှ လက်ဦးမှု ရရှိသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။

"ဟားဟား....ဘယ်သူများလဲလို့။ ကန်ရွှမ်းကလန်ရဲ့ တပည့်တစ်ယောက်ပါလား။"

နန်းဆောင်သခင် ရှမ့်ယွမ်မှ ရယ်မောကာ ပြောလိုက်သည်။ သူ၏အနေအထားနှင့်ဆိုလျှင် ကန်ရွှမ်းကလန်မှ သာမန်တပည့်လေးတစ်ဦးကို မှတ်မိနိုင်မည် မဟုတ်ပါသော်လည်း ဇူယွမ်နှင့် ဝူဟောင်တို့ကြား ဖြစ်ပျက်ခဲ့သော အကြောင်းကိစ္စများသည် ရှန့်ဇူတိုက်ကြီး တစ်ခုလုံးကိုပင် တုန်လှုပ်စေခဲ့သောကြောင့် အမှတ်ရနေခြင်း ဖြစ်သည်။

"ကြည့်ရတာ မင်းတို့ကန်ရွှမ်းကလန်ကို ကောင်းကင်ဘုံက တကယ်ကောင်းချီးပေးထားတဲ့ပုံပဲ။" နန်းဆောင်သခင် ရှမ့်ယွမ်မှ မထီမဲ့မြင်ဟန်ဖြင့် ချီးကျူးစကားဆိုလိုက်သည်။

အခြားသူများမှာလည်း ဇူယွမ်အားကြည့်ကာ အတွေးများဖြင့် ရှုပ်ထွေးသွားကြရသည်။

ထိုသူများမှာ ကန်ရွှမ်းကောင်းကင်ဒေသ၏ လက်ရှိအခြေအနေအား လက်ခံပျော်ရွှင်ကြသူများ ဖြစ်သည်။ ၎င်းတို့အထက်တွင် ကောင်းကင်အရှင်သခင်ဟူသော ဂုဏ်ပုဒ်ဖြင့် တစ်ဦးတစ်ယောက်မှ မရှိနေခြင်းကြောင့် စိတ်ကျေနပ်နေကြရပါသော်လည်း ဖြစ်နိုင်မည်ဆိုလျှင် သူသူငါငါ ကောင်းကင်အရှင်သခင် ဖြစ်ချင်ကြသူများသာ ဖြစ်ကြသည်။

ကလန်ခေါင်းဆောင် ချင်းယန်၊ တောင်ထွတ်ဆရာသခင်မ လျန်းယီနှင့် အခြားသော တောင်ထွတ်ဆရာသခင်များမှာ ဇူယွမ်အား တွေ့လိုက်ရခြင်းကြောင့် အံ့အားသင့်သွားရသည်။ ၎င်းတို့သည် ဇူယွမ်အား ဤနေရာ၌ မြင်တွေ့ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

အဖိုးအို မျက်ခုံးဖြူဆရာသခင် ပိုင်မေ့မှ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ "ဒီကောင်လေးက တကယ်ကံကောင်းတာပဲ။"

နန်းဆောင်သခင် ရှမ့်ယွမ်သည်ပင် ရှာဖွေရန် မတက်နိုင်ခဲ့သော ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား နတ်ဘုံခန်းဝါအဆင့်သာရှိသော ဇူယွမ်မှ ဦးစွာတွေ့ရှိခဲ့သည်။ ထိုသည်မှာ မယုံကြည်နိုင်စရာကောင်းလောက်အောင် အံ့အားသင့်စရာ ကောင်းလေသည်။

နန်းဆောင်သခင် ရှန့်ယွမ်မှ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "ဒါပေမယ့် တစ်ခါတစ်လေမှာ ကံကောင်းလွန်းတာ မကောင်းဘူး။"

လက်ရှိအခြေအနေအရ ဇူယွမ်မှာ ကျားအုပ်ထဲရောက်နေသော ကြွက်ပေါက်လေးတစ်ကောင်သာ ဖြစ်သည်။ အပြောင်စအလဲလေး တစ်ခုကပင် သူ့အား ဝိဉာဉ်နှုတ်သွားနိုင်ပေသည်။

"ဇူယွမ်က ကန်ရွှမ်းကလန်ရဲ့ တပည့်တစ်ယောက်ပဲ။ အဲ့ဒါကြောင့် သူဘာပဲ အန္တရာယ်ရှိရှိ ငါတို့ကာကွယ်ရလိမ့်မယ်။" ကလန်ခေါင်းဆောင် ချင်းယန်မှ ပြောလိုက်သည်။

ဤနေရာတွင် ရှိနေသော အဆင့်မြင့်ကျင့်ကြံသူများ၏ တိုက်ခိုက်မှု တစ်ချက်ကပင် ဇူယွမ်အား ဝိဉာဉ်နှုတ်လိုက်နိုင်ပါသော်လည်း ကံကောင်းထောက်မစွာဖြင့် သူ၏ဖက်တွင် ကျောထောက်နောက်ခံ ကန်ရွှမ်းကလန် ရှိနေခဲ့သည်။ ထို့ကြောင့် မည်သူကမှ ဇူယွမ်အား လက်လွတ်စပယ် သတ်ပစ်ရဲလိမ့်မည် မဟုတ်ပေ။

တောင်ထွတ်ဆရာသခင်မ လျန်းယီနှင့် အခြားသော တောင်ထွတ်ဆရာသခင်များမှာလည်း ကလန်ခေါင်းဆောင် ချင်းယန်၏ စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ဇူယွမ်မှာ အမှန်တကယ်ပင် ကန်ရွှမ်းကလန်၏ အားထားရသော တပည့်တစ်ဦး ဖြစ်လေသည်။ ထို့ကြောင့် ၎င်းတို့၏ မျက်စိရှေ့မှောက်၌ပင် ဇူယွမ်အသတ်ခံခဲ့ရပါက ကန်ရွှမ်းကလန်၏ ဂုဏ်သိက္ခာသည်လည်း ပျက်စီးသွားရပေလိမ့်မည်။

သို့သော် ဤနေရာတွင် ရှိနေကြသော အဆင့်မြင့်ကျင့်ကြံသူများမှာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ဇူယွမ်မှ ဦးစွာထိတွေ့ကိုင်တွယ်လိုက်သည်ကို စိုးရိမ်ပူပန်ကြဟန် မရှိပေ။ ဇူယွမ်သည် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ရယူပိုင်ဆိုင်နိုင်မည့် အစွမ်းမရှိဟု သေချာစွာ ယူဆထားကြဟန် ရှိသည်။

အဘယ့်ကြောင့်ဆိုသော် ဇူယွမ်မှာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ပိုင်ဆိုင်နိုင်ရန် လွန်စွာအားနည်းလွန်းကြောင့် ဖြစ်သည်။

ထူးခြားသော အထွဋ်အမြတ် ပစ္စည်းဖြစ်သည့် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား လူတိုင်းမှ ထိန်းချုပ်ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် အချိန်အနည်းငယ်မျှ အံ့အားသင့်ပြီးနောက်တွင် စုဝေးရောက်ရှိနေကြသော အဆင့်မြင့်ကျင့်ကြံသူများမှာ ဇူယွမ်ထံမှ အကြည့်များကို ဖယ်ခွာသွားကြသည်။

ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ကိုင်တွယ်ထိန်းချုပ်နိုင်မည့်သူမှာ ကန်ရွှမ်းကလန်မှ နတ်ဘုံခန်းဝါအဆင့် တပည့်လေးတစ်ဦး မဟုတ်ပဲ ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံး၏ ထိပ်သီးအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ရလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် ဇူယွမ်မှာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ဦးစွာထိတွေ့ကိုင်တွယ်ခဲ့စေကာမူ အရေးပါလိမ့်မည် မဟုတ်ပေ။

နန်းဆောင်သခင် ရှမ့်ယွမ်မှာ ဇူယွမ်အား အလေးမထားနေတော့ပဲ အခြားသော အဆင့်မြင့်ကျင့်ကြံသူများအားကြည့်ကာ ပြုံး၍ပြောလိုက်သည်။ "ကျုပ်တို့ရဲ့ ကန်ရွှမ်းကောင်းကင်ဒေသက ထျန်းယွမ်ကမ္ဘာကြီးထဲမှာ အဆင့်အနိမ့်ဆုံးဆိုတာ လူတိုင်းလည်း သိတယ်မလား။ အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ ကျုပ်တို့ကန်ရွှမ်းကောင်းကင်ဒေသရဲ့ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားက နှစ်ပေါင်းများစွာ ပျောက်ဆုံးနေပြီး ကျုပ်တို့ဆီမှာ အရှင်သခင် မရှိနေလို့လေ။"

"အခုကန်ရွှမ်းသူတော်စင်တံဆိပ်ပြားက ပြန်ပေါ်လာပြီဆိုတော့ ကန်ရွှမ်းကောင်းကင်ဒေသအတွက် အရှင်သခင်အသစ် တင်မြှောက်ရမယ့်အချိန်ပဲ။"

နန်းဆောင်သခင် ရှန့်ယွမ်မှ စကားဆိုလိုက်သော်လည်း မည်သူကမှ ပြန်လည်​ဖြေကြားပြောဆိုခြင်း မရှိပဲ အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်လျက် ပတ်ဝန်းကျင်၏ လေထုမှာ တင်းမာနေရလေသည်။

အချိန်အတော်မျှ ကြာမြင့်သွားပြီးနောက် ကလန်ခေါင်းဆောင် ချင်းယန်မှ တည်ငြိမ်စွာ ပြောလိုက်သည်။ "မင်းက မင်းကိုယ်မင်း ကောင်းကင်အရှင်သခင် အသစ်ဖြစ်သင့်တယ်လို့ ပြောနေတာလား။"

နန်းဆောင်သခင် ရှမ့်ယွမ်၏ မျက်ဝန်းများမှာ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များဖြတ်သန်းသွားပြီးနောက် ခပ်ဖွဖွပြုံးကာ စကားဆိုလိုက်သည်။ "မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းက ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် နောက်ဆုံးတော့ ငါ့ရဲ့မြင့်မြတ်သောနန်းတော် လက်ထဲမှာပဲ သေခဲ့ရတာပဲလေ။ ပြန်စဉ်းစားကြည့်ရင် ငါ့ရဲ့မြင့်မြတ်သောနန်းတော်က ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံးမှာ အကောင်းဆုံး မဟုတ်ဘူးလား။"

ကလန်ခေါင်းဆောင် ချင်းယန်၏ မျက်ဝန်းများမှာ အေးစက်သွားရသည်။

"တော်ဝင်နန်းတော်ရဲ့ အပေါက်စောင့် ခွေးအဆင့်ကများ ကန်ရွှမ်းကောင်းကင်ဒေသရဲ့ အရှင်သခင်အသစ် ဖြစ်ချင်နေတယ်ပေါ့။ ငါတို့ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံးက နင့်လိုမျိုး တော်ဝင်နန်းတော်ရဲ့ ခွေးဖြစ်ချင်မယ်များ ထင်နေလား။" ကလန်ခေါင်းဆောင် ချင်းယန်၏နောက်မှ အေးစက်တောင့်တင်းနေသော စကားသံတစ်ခု ထွက်ပေါ်လာသည်။

တောင်ထွတ်ဆရာသခင်မ လျန်းယီမှာ အမုန်းတရားများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် နန်းဆောင်သခင် ရှမ့်ယွမ်အားကြည့်ကာ ပြောလိုက်ခြင်း ဖြစ်သည်။

သူမ၏စကားလုံးများမှာ အညှာအတာ ကင်းမဲ့ရုံသာမက ရက်စက်လွန်းလှသည်။

နန်းဆောင်သခင် ရှမ့်ယွမ်မှ မျက်ဝန်းများ ကျဉ်းမြောင်းသွားကာ ပြောလိုက်သည်။ "ငါ့ရဲ့မြင့်မြတ်သောနန်းတော်က တော်ဝင်နန်းတော်ရဲ့ အစွမ်းနည်းနည်းလောက် ချေးငှားယူခဲ့တယ်ဆိုပေမယ့် ငါတို့က သူတို့ခွေးမဟုတ်ဘူး။"

သူသည် တောင်ထွတ်ဆရာသခင်မ လျန်းယီအားကြည့်ကာ ပြုံးလိုက်ရင်းဖြင့် ဆက်လက်စကားဆိုလိုက်သည်။ "အရှုံးသမားတစ်ယောက်ရဲ့ ပါးစပ်ကထွက်တဲ့ စကားတွေက ရယ်စရာအကောင်းဆုံးပဲတဲ့။ ကြည့်ရတာ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းက မင်းကို ကောင်းကောင်းမသင်ကြားပေးခဲ့ဘူးနဲ့ တူတယ်။"

ဝုန်း....

တောင်ထွတ်ဆရာသခင်မ လျန်းယီ၏ မျက်ဝန်းများမှာ နီရဲသွားရပြီးနောက် ပြင်းထန်လှသော ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ သူမထံမှ အသင်္ချေမျှသော ချီကြယ်ပွင့်များနှင့်အတူ လောကသစ်တစ်ခု ထွက်ပေါ်လာလေသည်။

ချီကြယ်ပွင့်များအနက် လောကကိုကြီးစိုးခြင်းအဆင့်တွင်ရှိသော ချီကြယ်ပွင့်များမှာ စိန်ပွင့်များကဲ့သို့ အတောက်ပဆုံး ဖြစ်သည်။

ဝုန်း....

လောကကိုကြီးစိုးခြင်း အဆင့်ရှိသော ကြယ်ပွင့်များမှာ ကြမ်းတမ်းခက်ထန်စွာဖြင့် နန်းဆောင်သခင် ရှမ့်ယွမ်ထံ ဦးတည်ပျံဝဲသွားကြသည်။

ကြယ်ပွင့်များတွင် ပါဝင်နေသော အဖျက်စွမ်းအင်မှာ ပြင်းထန်လွန်းလှပြီး ပတ်ဝန်းကျင်တစ်ခွင်လုံးအား ဖျက်စီးပစ်ရန်ပင် လုံလောက်သည်။

"မင်းက ရင်းမြစ်အခြေတည်အဆင့်ပဲ ရှိသေးတာပါ။ အဟက်...မင်းက လောကကိုကြီးစိုးခြင်းအဆင့်နဲ့ စရင်းနှီးလာပြီး လောကငယ်လေးတစ်ခုကို ဖန်တီးနိုင်ပြီဆိုရုံလောက်နဲ့ ဒီလူတွေအားလုံးရှေ့မှာ အရှက်မရှိ အစွမ်းပြရဲတယ်ပေါ့လေ။" နန်းဆောင်သခင် ရှမ့်ယွမ်မှာ လှောင်ပြောင်သရော်ဟန်ဖြင့် စကားဆိုလိုက်ပြီးနောက် ကောင်းကင်ထက်မှ ကြွေဆင်းလာနေသော ကြယ်ပွင့်များအား ကြည့်ရှုလိုက်သည်။

သူသည် လက်အား ညင်သာစွာ ဆန့်တန်းလိုက်သည်။

ထိုအချိန်၌ ကမ္ဘာကြီးတစ်ခုလုံး ရုတ်ချည်းဆိုသလို အေးခဲတောင့်တင်းသွားသည်ဟုပင် ထင်မှတ်ရလေသည်။ ကျဆင်းနေသော ကြယ်များမှာ ဦးတည်ရာ ပြောင်းသွားပြီးနောက် တောင်ထွတ်ဆရာသခင်မ လျန်းယီထံ ကြောက်မက်ဖွယ်ကောင်းသောအရှိန်ဖြင့် ပျံဝဲလာကြသည်။

ကလန်ခေါင်းဆောင် ချင်းယန်မှာ အေးစက်စွာဖြင့် လက်တစ်ဖက်အား ဝေ့ရမ်းလိုက်သည်နှင့်တစ်ပြိုင်နက် လေထုမှာ ဆုတ်ပြဲသွားကာ လေဟာနယ်တစ်ခု ဖြစ်ပေါ်သွားရပြီး ပျံဝဲလာနေသော ကြယ်ပွင့်များကို ချက်ချင်းဆိုသလို ဝါးမြိုပစ်လိုက်သည်။

သူသည် တောင်ထွတ်ဆရာသခင်မ လျန်းယီဖက်သို့လှည့်ကာ ပြောလိုက်သည်။ "မလောနဲ့။"

တောင်ထွတ်ဆရာသခင်မ လျန်းယီမှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ရှမ့်ယွမ်အား ကြည့်ရှုလိုက်သည်။

အခြားသော အဆင့်မြင့်ကျင့်ကြံသူများမှာ မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်ကြားမှ ပဋိပက္ခများ၌ ပါဝင်လိုခြင်း မရှိသဖြင့် မသိသလိုသာ နေနေကြလေသည်။

နန်းဆောင်သခင် ရှမ့်ယွမ်မှ တောင်ထွတ်ဆရာသခင်မ လျန်းယီအားကြည့်ကာ ပြုံးလိုက်သည်။ "ကြည့်ရတာ တောင်ထွတ်ဆရာသခင်မ လျန်းယီက ကျုပ်ကိုတကယ်မုန်းနေတဲ့ပုံပဲ။"

တောင်ထွတ်ဆရာသခင်မ လျန်းယီမှ အလိုမကျဟန်ဖြင့် စကားဆိုလိုက်သည်။ "နင်က ငါ့ရဲ့ဆရာသခင်ကို သတ်ခဲ့တဲ့ကောင်လေ။ နင်မသေမချင်း ငါ့အမုန်းတရားတွေက ပျောက်မှာမဟုတ်ဘူး။"

နန်းဆောင်သခင် ရှမ့်ယွမ်မှ ခပ်ဖွဖွ ရယ်မောကာ ပြောလိုက်သည်။ "အဟက်....တောင်ထွတ်ဆရာသခင်မ လျန်းယီ....မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းဆိုတာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကိုတောင် ပိုင်ဆိုင်တဲ့ သူတော်စင်အဆင့်ရှိတဲ့သူပါ။ တော်ဝင်နန်းတော်ကလူတွေ သူ့ကိုဝိုင်းထားမယ်ဆိုရင်တောင် နိုင်အောင်တိုက်ဖို့ မလွယ်ဘူး။"

လူတိုင်းမှာ နန်းဆောင်သခင် ရှမ့်ယွမ်သည် ထိုအကြောင်းအား အဘယ့်ကြောင့် ရုတ်တရက် ပြောဆိုနေရသည်ကို နားမလည်နိုင် ဖြစ်ကုန်ကြရသည်။

"သူ့ကို တကယ်သတ်နိုင်ဖို့ဆိုရင် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြား ချုပ်ကိုင်နိုင်စွမ်းကို အရင်ပျောက်အောင် လုပ်မှရမယ်။ အဲ့အချိန်ကြရင် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းက ကောင်းကင်အရှင်သခင်တစ်ယောက်ရဲ့ အစွမ်းတွေ ခဏပျောက်သွားမှာပဲ။ အဲ့ကာလအတွင်းမှာမှ သူ့ကိုသတ်လို့ရမှာ။"

တောင်ထွတ်ဆရာသခင်မ လျန်းယီ၏ အမူအရာမှာ သွေးဆုတ်ဖြူရော်သွားရသည်။

"တောင်ထွတ်ဆရာသခင်မ လျန်းယီ...အရင်တုန်းက မင်းဘာလုပ်ခဲ့တယ်ဆိုတာကိုရော မှတ်မိသေးရဲ့လား။" နန်းဆောင်သခင် ရှမ့်ယွမ်မှ တောင်ထွတ်ဆရာသခင်မ လျန်းယီအားကြည့်ကာ မေးလိုက်သည်။

ကလန်ခေါင်းဆောင် ချင်းယန်အပါအဝင် လူအားလုံးမှ တောင်ထွတ်ဆရာသခင်မ လျန်းယီအား နားမလည်နိုင်စွာ ကြည့်ရှုလိုက်ကြသည်။

နန်းဆောင်သခင် ရှမ့်ယွမ်မှ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလျက် စကားဆိုလိုက်လေသည်။

"ဟားဟားဟား.....မင်းသာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကို လောဘမတက်ခဲ့ဘူးဆိုရင် တော်ဝင်နန်းတော်က မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းကို သတ်နိုင်မယ်ထင်လား။"

"အဲ့ဒါကို မင်းကဘာလို့ ငါ့ကိုလာမုန်းနေရတာလဲ...အဟက်။ တကယ်ဆို မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း သေသွားရတဲ့ အကြောင်းအရင်းနောက်ကွယ်က အဓိကလူက မင်းပဲလေ..လျှိုလျန်းယီရဲ့..."

မိုးကြိုးလျှပ်စီးကန် အတွင်းပိုင်းထဲ ရှိနေသော ဇူယွမ်မှာ ကြားလိုက်ရသောစကားကြောင့် မျက်လုံးများ ပြူးကျယ်သွားရပြီး တောင်ထွတ်ဆရာသခင်မ လျန်းယီအား မယုံကြည်နိုင်စွာဖြင့် ကြည့်ရှုလိုက်သည်။

သူမသည် ကန်ရွှမ်းကလန်၏ အမည်းစက်တစ်ခုလေလော....

All Chapters