← Chapters

ကျိန်းလဲ့ကျွမ်း

Vol. 52 Ch. 724

ကျိန်းလဲ့ကျွမ်း

Vol. 52 Ch. 724

မဟူရာရေကန်၏ ကောင်းကင်ထက်၌

ကလန်အသီးသီးမှ အဆင့်မြင့်ကျင့်ကြံသူများမှာ ထိုမြင်ကွင်းအား အံ့အားသင့်စွာဖြင့် ကြည့်ရှုနေကြသည်။ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအတွက် အလုအယက် လာရောက်ခဲ့ကြပါသော်ခည်း ယခုတွင်မူ မထင်မှတ်ထားသော ကန်ရွှမ်းကလန်၏ ပဋိပက္ခများအား ကြည့်ရှုနေကြရပြီ ဖြစ်သည်။

ဇာတ်လမ်းအတက်အကျများကြောင့် စောင့်ကြည့်နေသော အဆင့်မြင့်ကျင့်ကြံသူများမှာလည်း အံ့ဩမှင်သက်ကုန်ကြရတော့သည်။

အချို့သူများမှာမူ ​ခပ်ဖွဖွအပြုံးဖြင့် ရပ်နေလျက်ရှိသော နန်းဆောင်သခင် ရှမ့်ယွမ်အား ကြည့်ရှုနေကြသည်။ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း သေဆုံးသွားခဲ့ရခြင်းမှာ မြင့်မြတ်သောနန်းတော်၏ ပြီးပြည့်စုံသော အကွက်ဆင်မှုကြောင့်ပင်ဖြစ်ကြောင်း ယခုအခါတွင် အားလုံးမှ သိရှိသွားရပြီ ဖြစ်သည်။

ဆန်းကြယ်သော နယ်မြေအတွင်းရှိနေသော ဇူယွမ်မှာလည်း အချိန်တိုအတွင်း ဖြစ်ပေါ်နေသော အပြောင်းအလဲ အတက်အကျများကြောင့် အံ့အားသင့်နေရသည်။

အစောပိုင်းကပင် ဇူယွမ်မှာ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ သေဆုံးမှုသည် တောင်ထွတ်ဆရာသခင်မ လျန်းယီနှင့် ဆက်နွယ်မှုရှိရမည်ဟု ထင်မှတ်မိခဲ့သည်။ သို့သော် စင်စစ်တွင်မူ တောင်ထွတ်ဆရာသခင်မ လျန်းယီနှင့် တောင်ထွတ်ဆရာသခင် လင်ကျွမ်းတို့မှာ တစ်ဖက်လူ၏ အသုံးချမှုအား ခံခဲ့ရခြင်းသာ ဖြစ်လေသည်။

နောက်ကွယ်တွင် အဓိကကြိုးကိုင်နေသော တရားခံမှာ မထင်မှတ်ရသည့် တောင်ထွတ်ဆရာသခင် လဲ့ကျွမ်း ဖြစ်နေခဲ့သည်။

ဇူယွမ်မှာ တံထွေးများကို မြိုချမိလိုက်သည်။ တောင်ထွတ်ဆရာသခင် လဲ့ကျွမ်းသည် ကန်ရွှမ်းကလန်၌ တောင်ထွတ်တစ်ခုအား ပိုင်စိုးရသောသူ ဖြစ်ပါသော်လည်း အနေအအေးဆုံးသူ ဖြစ်သည်။ ဇူယွမ်မှာ ကလန်သို့ စတင်ဝင်ရောက်ချိန်မှစ၍ တောင်ထွတ်ဆရာသခင် လဲ့ကျွမ်းနှင့် ပြောဆိုဆက်ဆံခြင်းပင် သိပ်မရှိခဲ့။

ဇူယွမ် သတိထားသည်မှာ တောင်ထွတ်ဆရာသခင် လဲ့ကျွမ်းသည် အပြစ်ဒဏ်ပေးရာ၌ အစဉ်အမြဲ တိကျမှုရှိပြီး တည်တည်တံ့တံ့သာ နေတက်သောကြောင့် တပည့်အများစုမှ သူ့အား လေးစားကြောက်ရွံ့ကြရသည်။ တောင်ထွတ်ဆရာသခင် လဲ့ကျွမ်းသည် ကလန်အတွင်းရှိ ပဋိပက္ခများစွာကိုလည်း ဘက်လိုက်ခြင်းမရှိ ကောင်းမွန်စွာ ဖြေရှင်းပေးခဲ့သူ ဖြစ်သည်။ အချုပ်အားဖြင့်ဆိုရလျှင် သူသည် ကလန်အတွင်း လူတိုင်းမှ လေးစားကြောက်ရွံ့ကြရသော တောင်ထွတ်ဆရာသခင်တစ်ဦးပင် ဖြစ်လေသည်။

ကလန်ခေါင်းဆောင် ချင်းယန်သည်ပင် တောင်ထွတ်ဆရာသခင် လဲ့ကျွမ်းထံမှ မကြာခဏဆိုသလို အကြံဉာဏ်များ တောင်းရပေသည်။

ထိုသို့သော သူမျိုးသည် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း သေဆုံးမှုနှင့် ပက်သတ်နေလိမ့်မည်ဟု မည်သူကမှ တွေးထင်ထားလိမ့်မည် မဟုတ်ပေ။

ဇူယွမ်တင် မယုံကြည်နိုင် ဖြစ်နေရသည် မဟုတ်ပဲ တောင်ထွတ်ဆရာသခင်မ လျန်းယီနှင့် အခြားသူများကပါ တောင်ထွတ်ဆရာသခင် လဲ့ကျွမ်းအား အမျက်ဒေါသထွက်စွာ ကြည့်ရှုလိုက်ကြသည်။

ကလန်ခေါင်းဆောင် ချင်းယန်မှာ အစောပိုင်းကပင် တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူ ပိုင်မေ့အား တိုက်ခိုက်ရန် ကြံစည်ခဲ့သော တောင်ထွတ်ဆရာသခင် လဲ့ကျွမ်းအားကြည့်ကာ ပြောလိုက်သည်။ "အရင်တုန်းက ကန်ရွှမ်းကလန်က လျှို့ဝှက်ထားတဲ့ ရှေးဟောင်းစာပေတွေကို ဆရာလဲ့ကျွမ်းကပဲ စီစဉ်ခဲ့ရတာမလား။"

"ခင်ဗျားတစ်ယောက်တည်းကပဲ လျှို့ဝှက်ရှေးဟောင်းစာပေတိုက်ထဲက အရာတွေကို ဂျူနီယာညီမတော်ကို သူမကိုယ်တိုင်တောင် မသိလိုက်ပဲ မြင်မိဖတ်မိအောင် လုပ်လို့ရတာလေ။"

"ခင်ဗျား.....ဘာလို့အဲ့လိုလုပ်ခဲ့ရတာလဲ။"

"ဆရာသခင်က ခင်ဗျားကို ဘယ်တုန်းကများ ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ဖူးလို့လဲ။"

တောင်ထွတ်ဆရာသခင် လဲ့ကျွမ်းမှာ စူးစိုက်ကြည့်ရှုနေကြသော အကြည့်များအား အလေးပင်မထားဟန်ဖြင့် ရွှမ်အဖိုးအိုကိုသာကြည့်ကာ ပြောလိုက်သည်။ "ကန်ရွှမ်းက ငါ့အပေါ် အရမ်းကောင်းပါတယ်။"

"ဒါပေမယ့် ငါမပျော်ဘူးလေ။"

တောင်ထွတ်ဆရာသခင် လဲ့ကျွမ်းမှာ ကောင်းကင်အား အချိန်တစ်ခုကြာအောင် မော့ကြည့်လိုက်ပြီးနောက် ဆက်လက်စကားဆိုလိုက်သည်။ "ကန်ရွှမ်းနဲ့ငါက ဟိုးငယ်ငယ်လေးထဲက သိကျွမ်းလာခဲ့ကြတာ။ မင်းတို့တော့ သိချင်မှသိလိမ့်မယ်။ ဒါပေမယ့် အဲ့အချိန်တုန်းက လူတိုင်းရဲ့ မျက်လုံးထဲမှာ ငါကအရမ်းအလားအလာရှိတဲ့ လူတစ်ယောက် ဖြစ်ခဲ့ပြီးတော့ ကန်ရွှမ်းက ငါ့လောင်းရိပ်အောက်က လူတစ်ယောက်သာသာပဲ ရှိတာ။"

"သူကငါ့ကို အကိုကြီးတစ်ယောက်အနေနဲ့ အမြဲရိုသေလေးစားတယ်။ ငါကလည်း သူ့ကိုကာကွယ်ပေးပြီးတော့ အမြဲလိုလို ကျင့်ကြံရေးအတွက် လိုအပ်တဲ့ မူလရင်းမြစ်တွေ ပေးခဲ့တယ်။"

"နောက်ကြတော့ အရာအားလုံး ပြောင်းလဲသွားတယ်။ ကန်ရွှမ်း အရွယ်ရောက်လာတာနဲ့အမျှ အရမ်းထူးချွန်ထက်မြက်လာပြီးတော့ ကမ္ဘာကြီးရဲ့ ထိပ်သီးအဆင့် ကျင့်ကြံသူတစ်ယောက်တောင် ဖြစ်လာတယ်။ ငါကသူ့နောက်မှာ ကျန်နေခဲ့ပြီးတော့ အဝေးကနေပဲ ငေးကြည့်ရတဲ့အဆင့် ဖြစ်သွားတယ်။"

"ဘယ်သူကမှ ငါ့ကိုအသိအမှတ် မပြုကြတော့တဲ့အပြင် ကန်ရွှမ်းရဲ့ အကိုကြီးဖြစ်ဖို့ တန်လို့လား ဆိုပြီးတော့တောင် လှောင်ပြောင်ခံခဲ့ရသေးတယ်။"

"နောက်ကြ သူက ကန်ရွှမ်းကလန်ကို တည်ထောင်လိုက်ပြီးတော့ ငါတို့နှစ်ယောက်ကြားက အနေအထားက ပိုတောင်ဝေးသွားသေးတယ်။ ဒါပေမယ့် သူကငါ့ကို ကန်ရွှမ်းကလန်ဆီ လာဖို့ဖိတ်ခေါ်ခဲ့တဲ့အတွက် ငါကတောင်ထွတ်ဆရာသခင် လဲ့ကျွမ်း ဖြစ်လာခဲ့ရတယ်။"

"ဒါပေမယ့် ကန်ရွှမ်းကလန်ထဲမှာ ဘယ်သူကမှ သူနဲ့အဆင့်အတန်းချင်း မယှဉ်နိုင်ဘူးလေ။ သူငါ့ကို တစ်ချိန်က ကြည့်ခဲ့သလို လေးစားရိုသေတဲ့ အကြည့်တွေနဲ့ လူတိုင်းက သူ့ကိုကြည့်ကြတယ်။ ငါကတော့ သူ့ရဲ့ အတိတ်တစ်ချိန်က အကိုကြီးတစ်ယောက်သာသာပဲ။"

"ကန်ရွှမ်းသာ မကြင်နာတက်ရင် ငါက တောင်ထွတ်ဆရာသခင်တစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူးဆိုပြီးတောင် ပြောကြသေးတယ်။"

"ငါလည်း ငါ့ကိုယ်ငါ သက်သေပြနိုင်ဖို့ တက်နိုင်သမျှ အကုန်ကြိုးစားခဲ့ပေမယ့် ဘယ်တော့မှ သူ့ကိုမမှီနိုင်ခဲ့ဘူး။"

"ငါ့ရဲ့မျှော်လင့်ချက်တွေ အကုန်လုံး ရေစုန်မျောခဲ့ရတယ်။ နောက်ဆုံးတော့ ငါသဘောပေါက်သွားခဲ့တယ်။ ကန်ရွှမ်းက ကောင်းကင်ပေါ်က တောက်ပနေတဲ့ နေမင်းကြီးတစ်စင်းဆိုရင် ငါကကြယ်တစ်လုံးသာသာအဆင့်ပဲ။ နေမင်းတောက်ပနေတဲ့အချိန်မှာ လူတွေက ကြယ်တစ်စင်းရဲ့ အလင်းရောင်ကို မြင်နိုင်ကြမှာ မဟုတ်ဘူး။ ဒါပေမယ့် ငါက လူတွေကို ငါ့ကိုမြင်စေချင်တာ။ အဲ့တောက်ပနေတဲ့ နေမင်းကြီး သေဆုံးသွားတဲ့ အချိန်ကြမှ လူတွေက ကြယ်တစ်စင်းဖြစ်တဲ့ ငါ့ကိုမြင်နိုင်ကြမှာ။ အသိအမှတ်ပြုနိုင်ကြမှာလေ။"

လူတိုင်းမှာ လဲ့ကျွမ်းအား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်ရှုလိုက်ကြသည်။ ၎င်းတို့အားလုံးသည်လည်း ကန်ရွှမ်းကောင်းကင်ဒေသအား ကောင်းစွာဖိနှိပ်ထားနိုင်ခဲ့သော မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းကို အမှတ်ရနေကြဆဲ ဖြစ်သည်။ ထိုစဉ်ကာလများ၌ လူတိုင်းမှာ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းနှင့် ယှဉ်ပြိုင်ရန် မဖြစ်နိုင်ခဲ့ပဲ သူ၏တောက်ပမှုအောက်တွင်သာ ရပ်တည်နေထိုင်ခဲ့ရသည်။

လူတိုင်းမှာ ထိုအရာအား ငြင်းဆန်ခြင်းမရှိ လက်ခံထားခဲ့ကြသည်။ သို့သော် လဲ့ကျွမ်းမှာ အတိတ်တစ်ချိန်က ကန်ရွှမ်းထက် အဆပေါင်းများစွာ သာလွန်ခဲ့ဖူးသူဖြစ်သဖြင့် ထိုအချက်အား လက်သင့်မခံနိုင်ခဲ့ပေ။ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံပေးလေလေ၊ သူ၏နှလုံးသားအတွင်း ရှိနေသော မနာလိုမှု အရှက်တရားမှာ ပို၍ကြီးမားလေလေပင် ဖြစ်လာရသည်။

ဤသို့ဖြင့် လဲ့ကျွမ်းမှာ တစ်စတစ်စ မကောင်းသော ရည်ရွယ်ချက်အား တွေးတောမိလာခဲ့သည်။

လဲ့ကျွမ်းမှာ အခြေအမြစ်မရှိ မလိုမုန်းထားတက်သူတစ်ဦး ဖြစ်ပါသော်လည်း ထိုသည်ကို ကောင်းစွာ ဖုံးကွယ်ထားနိုင်ခဲ့သည်။

ရွှမ်အဖိုးအိုမှာ လဲ့ကျွမ်း၏ လက်ကောက်ဝတ်အား ဆုပ်ကိုင်ထားရင်းဖြင့် စကားဆိုလိုက်သည်။ "ဒါက မင်းရဲ့အကြောင်းပြချက်တဲ့လား။ မင်းကန်ရွှမ်းကလန်ကို လာတုန်းက ဆရာသခင်က မင်းကိုဘယ်လောက်တောင် အကူအညီပေးခဲ့လဲ။ သူ့ဆီကနေ မင်းလိုအပ်တာတွေ အကုန်ရခဲ့တာပဲ မဟုတ်ဘူးလား။"

"ဆရာသခင်ကြောင့်သာမဟုတ်ရင် ဒီနေ့ မင်းဒီလိုနေရာကို ရောက်နေမယ်များ ထင်နေလား။"

လဲ့ကျွမ်းမှ ပြုံးကာပြောလိုက်သည်။ "တွေ့လား....ခင်ဗျားတောင်မှ ကန်ရွှမ်းမရှိရင် ကျုပ်က ဘာမှမဟုတ်တဲ့ကောင်လို့ ထင်နေသေးတာပဲ။"

သူသည် သက်ပြင်းချလျက် ဆက်လက်စကားဆိုလိုက်သည်။ "ဒါက ကျုပ်ကိုယ်တိုင် လိုလားခဲ့တာ မဟုတ်ဘူးဆိုပေမယ့် ရှမ့်ယွမ်က လျှို့ဝှက်ဆက်သွယ်လာတဲ့အခါ သူနဲ့အတူ ပူးပေါင်းဖို့ ကျုပ်သဘောတူခဲ့တယ်။ ဘာလို့လဲဆိုတော့ ကန်ရွှမ်းဆိုတဲ့ နေမင်းကြီးက နေဝင်ချိန်ရောက်သင့်ပြီလို့ တွေးခဲ့လို့လေ။"

"သူမရှိရင် ငါပိုပြီး တောက်ပလာနိုင်တယ်ဆိုတာ အားလုံးကို သက်သေပြချင်ခဲ့တာ။"

"မင်းက ကလန်ကို သစ္စာဖောက်ပြီး ကျေးဇူးရှင်ကို ကျေးစွပ်ခဲ့တဲ့ကောင်ပဲ။ အဲ့ဒါကို ဆရာသခင် မရှိတော့တာနဲ့ပဲ မင်းကပိုပြီး တောက်ပလာမယ် ထင်နေတာလား။" အဖိုးရွှမ်၏ ဒေါသထွက်စွာ အော်ဟစ်လိုက်ပြီးနောက် လေထုကိုပင် ဆုတ်ပြဲသွားစေသော ပြင်းထန်လှသည့် ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။

လဲ့ကျွမ်းမှာ အဖိုးရွှမ်အား တည်ငြိမ်စွာဖြင့် ကြည့်ရှုလိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်မှ ကြီးမားလှသော လောကသစ်တစ်ခု ထွက်ပေါ်လာတော့သည်။

ရွှမ်အဖိုးအို၏ ရိုက်ချက်မှာ လဲ့ကျွမ်း၏ လောကသစ်ကို ပြင်းထန်စွာ တုန်လှုပ်သွားစေပါသော်လည်း ၎င်းအား မဖြိုခွဲနိုင်ခဲ့ပေ။

"မင်းက လောကကိုကြီးစိုးခြင်းအဆင့်ကိုတောင် ရောက်နေပြီလား။" ရွှမ်အဖိုးအိုမှာ လဲ့ကျွမ်းအား စူးရဲစွာကြည့်လျက် မေးလိုက်သည်။

တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူ ပိုင်မေ့နှင့် ဟုန်ယာတောင်ထွတ်ဆရာသခင်တို့၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ ကန်ရွှမ်းကလန်အတွင်း ကလန်ခေါင်းဆောင် ချင်းယန် တစ်ဦးတည်းကသာ အစစ်အမှန် လောကကိုကြီးစိုးခြင်းအဆင့်သို့ ရောက်ရှိထားခြင်းဖြစ်ပြီး အခြားသော တောင်ထွတ်ဆရာသခင်များအားလုံးမှာ ရင်းမြစ်အ​ခြေတည်အဆင့်၌သာ ရှိနေကြခြင်း ဖြစ်သည်။

၎င်းတို့မှာ လောကကိုကြီးစိုးခြင်းအဆင့်အား စတင်ထိတွေ့နေပြီ ဆိုပါသော်လည်း ပြီးပြည့်စုံစွာ အဆင့်တက်လှမ်းနိုင်ခြင်း မရှိသေးပေ။

လဲ့ကျွမ်းသည် မည်သူမှပင် မသိရှိလိုက်ပဲ လောကကိုကြီးစိုးခြင်းအဆင့်အား ပထမဦးစွာ တက်သွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြချေ။

လဲ့ကျွမ်းမှာ အရာရာအား ကောင်းစွာလျှို့ဝှက်ထားနိုင်ခဲ့သည်။

လဲ့ကျွမ်းမှ ခပ်ဖွဖွပြုံးလိုက်သည်။ "ကန်ရွှမ်း သေသွားပြီးတဲ့အချိန်မှာ ငါက လောကကိုကြီးစိုးခြင်းအဆင့်ကို တက်နိုင်ခဲ့တာပဲ။ အဲ့ဒါက ငါမှန်တယ်ဆိုတာကို သက်သေပြနေတာပဲ။ ကန်ရွှမ်းသာ မရှိဘူးဆိုရင် ဒီကမ္ဘာကြီးက ငါ့ကိုတောင်ထွတ်ဆရာသခင် လဲ့ကျွမ်းအနေနဲ့ သိကြမှာ မဟုတ်ပဲ ကျိန်းလဲ့ကျွမ်းအနေနဲ့ သိကြမှာ။"

ကလန်ခေါင်းဆောင် ချင်းယန်၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်သွားရသည်။ "အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ဆက်ပြောနေလည်း အပိုပဲ။"

သူ၏ခန္ဓာကိုယ်ထံမှ လောကကိုကြီးစိုးခြင်း စွမ်းအင်များ ထွက်ပေါ်လာသည်။ ကန်ရွှမ်းကလန်မှာ လူအများ၏ လှောင်ပြောင်စရာ ဖြစ်နေရပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လဲ့ကျွမ်းမှာ ကန်ရွှမ်းကလန်အပေါ် သစ္စာဖောက်ခဲ့သောကြောင့် အပြစ်ဒဏ်အား ပေးဆပ်ခံယူရမည်ပင် ဖြစ်သည်။

သို့သော် ကလန်ခေါင်းဆောင် ချင်းယန်မှ လှုပ်ရှားတော့မည့် အချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာလေသည်။

နန်းဆောင်သခင် ရှမ့်ယွမ်မှာ ငွေမျှင်ရောင် မျက်ဝန်းများဖြင့် ကလန်ခေါင်းဆောင် ချင်းယန်အားကြည့်လျက် ပြုံးလိုက်သည်။ သူသည် ချင်းယန်နှင့် အခြားသူများမှ လဲ့ကျွမ်းနှင့် ပြဿနာဖြေရှင်းခန်းများကို ထိုင်၍ကြည့်နေမည် မဟုတ်ပေ။ ကန်ရွှမ်းကလန်မှာ လဲ့ကျွမ်း ရှိနေသမျှ ကာလပတ်လုံး အတောမသတ်နိုင်သော ပဋိပက္ခများ ဆက်လက်ဖြစ်တည်နေမည်ပင် ဖြစ်သည်။

"ချင်းယန်...ဒါက ကန်ရွှမ်းကလန်ရဲ့ ပြဿနာမလား။ ဘာလို့ ဒီနေရာမှာ လာဖြေရှင်းနေရတာလဲ။ အခုအဲ့ထက် ပိုပြီးအရေးကြီးတဲ့ကိစ္စ ရှိနေတယ်လေ။"

နန်းဆောင်သခင် ရှမ့်ယွမ်မှာ ငွေမျှင်ရောင် မျက်ဝန်းများဖြင့် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ကြည့်ရှုကာ စကားဆိုလိုက်သည်။

"အခုလူတိုင်းလည်း ဒီမှာရှိနေကြတာဆိုတော့ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားနဲ့ပက်သတ်ပြီး ဘာဆက်လုပ်ရင် ကောင်းမလဲဆိုတာ ဆွေးနွေးကြရအောင်လေ။ ဟုတ်တယ်မလား။"

All Chapters