← Chapters

အဆိပ်ထုတ်ခြင်း

Vol. 3 Ch. 21

အဆိပ်ထုတ်ခြင်း

Vol. 3 Ch. 21

ဒန်ကျွယ်ကျိသည် ရူးသွပ်စွာဖြင့် မြေပြင်ပေါ်တွင် လူးလှိမ့်နေသော မုန့်ဝမ်ကို အေးစက်သော အကြည့်များဖြင့် ကြည့်နေ၏။ အမွှေးတိုင်တစ်တိုင်စာခန့် ကြာပြီးနောက် သူသည် အမည်းရောင်ဆေးလုံးတစ်လုံးကို လက်ဖြင့်တောက်လိုက်ရာ မုန့်ဝမ်၏ ပါးစပ်ထဲသို့ တိကျစွာ ကျရောက်သွားတော့သည်။

ဆေးလုံးက ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် မုန့်ဝမ်၏ ခန္ဓာကိုယ်ပေါ်ရှိ ပြင်းထန်သော ယားယံမှုများမှာ ချက်ချင်း ရပ်တန့်သွား၏။

သူမသည် မိမိ၏ ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဒန်ကျွယ်ကျိကို ပြာပြာသလဲ ဦးတိုက်တော့သည်။

“စီနီယာ့ရဲ့ ဆေးလုံးအတွက် ကျေးဇူးတင်ပါတယ်! စီနီယာ့ကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်!”

ဒန်ကျွယ်ကျိက ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်၏။

“ဒီဆေးလုံးက ငါကိုယ်တိုင် ဖော်စပ်ထားတဲ့ လျှို့ဝှက်ဆေးပဲ။ ငါ့ဆီမှာပဲ အဆိပ်ဖြေဆေး ရှိတယ်။ အခု ငါပေးလိုက်တဲ့ ဆေးက အဆိပ်တက်လာမှာကို ခဏတာ တားဆီးပေးထားရုံပဲ။”

“ခုနစ်ရက် ပြည့်သွားရင် အဲဒီအဆိပ်က ပြန်ထလာလိမ့်မယ်။ အဆိပ်ဖြေဆေး မရှိရင်တော့ အဆိပ်တက်ပြီး တစ်နာရီအတွင်းမှာတင် နင် ရူးသွပ်ပြီး သေသွားလိမ့်မယ်။”

မြေပြင်ပေါ်တွင် ဝပ်စင်းနေသော သူမ၏ ခန္ဓာကိုယ်မှာ တုန်ရီသွားပြီးနောက် ပို၍ပင် ပြင်းပြင်းထန်ထန် ဦးတိုက်လိုက်လေတော့သည်။

“ကျွန်မ မသေချင်သေးပါဘူး! စီနီယာ... ကျွန်မကို လမ်းညွှန်ပေးပါဦးရှင်!”

မိမိ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာသော မုန့်ဝမ်ကို ကြည့်ကာ ဒန်ကျွယ်ကျိသည် နောက်ဆုံးတွင် သူ၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားလိုက်သည်။

“ငါ့အတွက် ပစ္စည်းတစ်ခု ခိုးပေးရမယ်.......”

“ပစ္စည်းခိုးပေးရမယ်?” မုန့်ဝမ်၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ “စီနီယာက ကျွန်မကို ဘာခိုးခိုင်းချင်လို့လဲဟင်?”

“လက်နက်သွန်းလုပ်ရေး အလုပ်ရုံက မီးဖိုတွေပဲ။ အဆင့်မြင့် မီးဖိုခြောက်လုံးကို ငါ့အတွက် ခိုးပေးနိုင်ရင် အဆိပ်ဖြေဆေး ပေးမယ်။”

မုန့်ဝမ်၏ မျက်ဝန်းများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။

“စီနီယာ... အလုပ်ရုံမှာ မီးဖိုက စုစုပေါင်း ခြောက်လုံးပဲ ရှိတာပါ။ ပြီးတော့ အဲဒီမှာ တစ်ချိန်လုံး စောင့်ကြည့်နေတဲ့သူတွေ ရှိနေတာ၊ ကျွန်မ ဘယ်လိုလုပ် ခိုးနိုင်မှာလဲ?”

ဒန်ကျွယ်ကျိ၏ အကြည့်က ပို၍ အေးစက်လာ၏။ “နင်က ငါနဲ့ ဈေးဆစ်ချင်နေတာလား?”

သူ့စကားအဆုံးတွင် မုန့်ဝမ်သည် ပိဿာချိန် တစ်ထောင်ခန့်ရှိသော ဖိအားတစ်ခုက သူမအပေါ်သို့ ဖိနှိပ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် မထိန်းချုပ်နိုင်ဘဲ မြေပေါ်သို့ ပြုတ်ကျသွားကာ ပါးစပ်နှင့် မြေပြင် ပြင်းထန်စွာ ရိုက်မိသွားသဖြင့် နှာခေါင်းနှင့် ပါးစပ်မှ သွေးများ ထွက်လာပြီး သွားအချို့ပင် ကျိုးသွားခဲ့သည်။

“စီနီယာ... ခွင့်လွှတ်ပေးပါ...”

သူမသည် ရှတတ အသံဖြင့် အသက်လုကာ တောင်းပန်လိုက်ရသည်။

“ဒါက 'ဝိညာဉ်ဖြတ်တောက်ခြင်း အဆောင်လက်ဖွဲ့' လို့ ခေါ်တယ်။ ဒီအဆောင်ကို သုံးပြီး မီးဖိုနဲ့ သူ့ပိုင်ရှင်ကြားက ဆက်နွှယ်မှုကို အတင်းအဓမ္မ ဖြတ်တောက်ပြီးရင် နင့်ရဲ့ သိုလှောင်အိတ် ထဲ ထည့်လိုက်ရုံပဲ။”

“အလုပ်ရုံထဲမှာ ငါ့ရဲ့ လူတစ်ယောက် ရှိတယ်၊ သူက နင့်ကို ကူညီလိမ့်မယ်။ ခုနစ်ရက်အတွင်း အဲဒီပစ္စည်းတွေကို ရအောင်ယူခဲ့၊ မဟုတ်ရင်တော့ နင် ဆက်အသက်ရှင်နေဖို့ မလိုတော့ဘူး။”

ဝိညာဉ်ဖြတ်တောက်ခြင်း အဆောင်ခြောက်ခုနှင့် ညွှန်ကြားချက်အချို့ ပေးပြီးနောက် ဒန်ကျွယ်ကျိ၏ ပုံရိပ်သည် မုန့်ဝမ်၏ ရှေ့မှ ပျောက်ကွယ်သွားတော့သည်။

သူ ပျောက်ကွယ်သွားသည်နှင့် မုန့်ဝမ်အပေါ် ဖိနှိပ်ထားသော ကြီးမားသည့် စွမ်းအားများလည်း လွင့်ပြယ်သွား၏။ မုန့်ဝမ်သည် မြေပြင်မှ အနိုင်နိုင် ထရပ်ကာ ပါးစပ်ထဲမှ ဖုန်မှုန့်များကို ထွေးထုတ်ရင်း တိုးတိုးလေး ဆဲဆိုလိုက်သည်။

“တောက်...!”

ထိုဒန်ကျွယ်ကျိဆိုသော အဘိုးကြီးသည် သူမကို အသက်ရှင်ခွင့်ပေးရန် ရည်ရွယ်ချက် လုံးဝမရှိပေ။ သူမကို ပစ္စည်းခိုးရန် ကိရိယာတစ်ခုအဖြစ်သာ အသုံးချနေခြင်း ဖြစ်သည်။

အကယ်၍ သူမ ခိုးယူရန် ပျက်ကွက်ပါက အဆိပ်တက်၍ သေရမည်ဖြစ်သလို၊ အောင်မြင်သွားခဲ့လျှင်လည်း ထိုခွေးအိုကြီး၏ သဘာဝအရ သူမကို အဆိပ်ဖြေဆေး ပေးလိမ့်မည် မဟုတ်ပေ။

ခုနစ်ရက်... သူမမှာ ခုနစ်ရက်သာ အချိန်ရှိတော့သည်!

မဟုတ်လျှင် သူမသည် 'မုန့်ဝမ်' ဆိုသော အထောက်အထားနှင့် ဤခန္ဓာကိုယ် ပိုင်ဆိုင်သမျှ အားလုံးကို ဆုံးရှုံးရတော့မည်။

သူမတွင် အဆိုးဆုံး အခြေအနေအတွက် အရန်အစီအစဉ် ရှိထားပြီးဖြစ်သော်လည်း (ရုပ်သေးရုပ်ခန္ဓာကိုယ်မှတစ်ဆင့် ဇီလင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ တစ်ဖန်ပြန်လည် မွေးဖွားခြင်း)၊ ထိုသို့လုပ်ပါက သူမ၏ ဝိညာဉ်မှာ ထိခိုက်ဒဏ်ရာရမည်ဖြစ်ပြီး မူလစွမ်းအင်များလည်း ဆုံးရှုံးသွားမည် ဖြစ်သဖြင့် ပြန်လည် နာလန်ထူရန် နှစ်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။

အဘိုးကြီး ဒန်ကျွယ်... နင်ကတော့ တကယ် သေသင့်တာပဲ!

မုန့်ဝမ်သည် ဆေးလုံးတစ်လုံးကို သောက်လိုက်ပြီး ကျိုးသွားသော အရိုးများကို ပြန်ဆက်ကာ ဆေးမှုန့်များ လိမ်းရင်း သူမ၏ ဒဏ်ရာများကို တည်ငြိမ်စွာ ကုသလိုက်သည်။

အပြင်ပန်းဒဏ်ရာများ သက်သာသွားပြီးနောက် သူမသည် သန့်စင်ခြင်း ဂါထာကို အသုံးပြုကာ ခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်ကာ အဝတ်အစားသစ် လဲလှယ်လိုက်ပြီး တပည့်များ နေထိုင်ရာဆောင်သို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားတော့သည်။

အခန်းထဲသို့ ပြန်ရောက်သောအခါ မုန့်ဝမ်သည် အပြင်မှ စုံစမ်းထောက်လှမ်းမှုများကို ကာကွယ်ရန် 'အစီအရင်' တစ်ခုကို အသက်သွင်းလိုက်သည်။ ထို့နောက် သူမသည် 'သွေးနတ်ဆိုး ကောင်းကင်ဘုံ ကျင့်စဉ်' ကို တိုက်ရိုက် လည်ပတ်စေပြီး သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများကို လှုံ့ဆော်ကာ ပုံမှန်မဟုတ်သော အရာများကို ရှာဖွေလေတော့သည်။

နောက်ဆုံးတွင် ငါးကြိမ်မြောက် ကြိုးစားမှုတွင် သူမ၏ အတွင်းအင်္ဂါများထဲ၌ မီးခိုးရောင် အစက်အပြောက်လေးများ ပေါ်နေသည်ကို ခပ်ရေးရေး သတိပြုမိလိုက်သည်။ ထိုအစက်အပြောက်များသည် အလွန်ပင် သေးငယ်လှသဖြင့် သေချာမကြည့်လျှင် မမြင်နိုင်ဘဲ သူမ၏ ခန္ဓာကိုယ်အနှံ့သို့ ဖြည်းညှင်းစွာ ပြန့်နှံ့နေသည်။

မုန့်ဝမ်သည် မျက်မှောင်ကြုတ်လိုက်ကာ ထိုအစက်အပြောက်များကို ထုတ်ရန် သွေးကြောများကို လှုံ့ဆော်လိုက်သော်လည်း သူမ၏ သွေးစွမ်းအင်များမှာ ထိုအစက်အပြောက်များနှင့် ထိတွေ့သည်နှင့် တိုက်ရိုက် ပယ်ထုတ်ခြင်း ခံလိုက်ရသည်။

'အခြေခံတည်ဆောက်ခြင်းအဆင့်' ကျင့်ကြံသူတစ်ယောက်၏ နည်းလမ်းများမှာ တကယ်ပင် ရင်ဆိုင်ရ ခက်ခဲလှပေသည်။ ယခင်က သူမ သောက်ခဲ့ဖူးသမျှ အဆိပ်များကို သွေးစွမ်းအင်ဖြင့် အလွယ်တကူ နှိမ်နင်းနိုင်ခဲ့သော်လည်း ယခု အဆိပ်မှာမူ သူမအတွက် ပထမဆုံးအကြိမ် ဖြေရှင်းမရနိုင်သော အဆိပ် ဖြစ်နေသည်။

သို့သော် မုန့်ဝမ်သည် အားမလျှော့ပေ။ သူမသည် ပိုမိုပြင်းထန်သော သွေးစွမ်းအင်များကို လှုံ့ဆော်ကာ အဆိပ်စက်များရှိသော အတွင်းအင်္ဂါများကို ပတ်ပတ်လည် ဝိုင်းရံလိုက်ပြီး တစ်ကိုယ်လုံးရှိ သွေးအင်အားများကို ထိုနေရာသို့ စုပြုံစေလိုက်သည်။

"ဂျောက်..."

ဒဏ်ကို မခံနိုင်တော့သော သူမ၏ အတွင်းအင်္ဂါများထံမှ အက်ကွဲသံသဲ့သဲ့ ထွက်ပေါ်လာသည်။

မုန့်ဝမ်သည် သွေးတစ်လုတ် ထွေးထုတ်လိုက်ရပြီး သူမ၏ မျက်နှာမှာ နီမြန်းသွားကာ ထိုသွေးများထဲတွင် မီးခိုးရောင် အစက်အပြောက်များ ကပ်ပါနေသည့် အတွင်းအင်္ဂါ အစအနများ ပါလာသည်ကို တွေ့လိုက်ရသည်။

အလုပ်ဖြစ်နေပြီ!

ဤနည်းလမ်းက ထိရောက်သည်ကို မြင်သောအခါ မုန့်ဝမ်သည် မိမိကိုယ်ကိုယ် နာကျင်အောင်လုပ်သည့် နည်းလမ်းဖြင့်ပင် အတွင်းအင်္ဂါများထဲမှ အဆိပ်စက်များကို အတင်းအဓမ္မ ဆက်လက် နှင်ထုတ်လေတော့သည်။

သူမ သွေးများနှင့် အသားစများကို ပို၍ ထွေးထုတ်လိုက်ရလေလေ၊ သူမ၏ အင်္ဂါအစိတ်အပိုင်းများထဲတွင် အမြစ်တွယ်နေသော မီးခိုးရောင်အစက်အပျောက် အချို့လည်း အပြင်သို့ ရောက်လာလေလေ ဖြစ်သည်။

မုန့်ဝမ်၏ မျက်နှာမှာ ဖြူလျော့နေပြီး နဖူးတွင် ချွေးစေးများ ထွက်နေ၏။ သူမ၏ အသက်ရှူသံမှာ ပြတ်တောင်းပြတ်တောင်းနှင့် ခပ်ရှရှ အသံများ ထွက်ပေါ်နေသည်။ သူမ၏ အတွင်းအင်္ဂါများကို ပြန်လည် စစ်ဆေးကြည့်သောအခါ ၎င်းတို့မှာ အပေါက်များစွာနှင့် ဆန်ခါတစ်ခုကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။

ဒီအတိုင်းသာ ဆက်သွားလျှင် အဆိပ်မကုန်ခင် သူမ အရင် သေသွားနိုင်ပေသည်။

မုန့်ဝမ်သည် ဝိညာဉ်အိတ်ထဲမှ သူမ ဝယ်ယူထားသော သုံ့ပန်းများကို ထုတ်ယူလိုက်သည်။ ခဏချင်းအတွင်းမှာပင် 'အခြေခံစွမ်းအင် စုစည်းမှုအဆင့်' ရှိသော သုံ့ပန်းအချို့မှာ သွေးစုပ်ယူခြင်း ခံလိုက်ရပြီး ခြောက်ကပ်နေသော အလောင်းများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ထိုသူများ၏ သွေးအဆီအနှစ်ကို စုပ်ယူပြီးနောက် မုန့်ဝမ်၏ မျက်နှာမှာ ပြန်လည် လတ်ဆတ်လာပြီး ပျက်စီးနေသော အတွင်းအင်္ဂါများတွင်လည်း ပြန်လည်ကောင်းမွန်လာသည်။ ထို့နောက် သူမသည် ဝိညာဉ်သားရဲများကိုပါ ထုတ်ယူကာ သွေးစုပ်ယူလိုက်ပြီးမှသာ အသက်ပြန်ရှင်သလို ခံစားလိုက်ရသည်။

'သွေးနတ်ဆိုး ကောင်းကင်ဘုံ ကျင့်စဉ်' ကို ဝိညာဉ်ကျောက်တုံးများဖြင့် ကျင့်ကြံခြင်းမှာ ယာယီသာ ဖြစ်သော်လည်း လူ့အသက်များကို အသုံးပြု၍ ကျင့်ကြံခြင်းကသာ စစ်မှန်သော ကျင့်ကြံခြင်း ဖြစ်သည်။ ကံဆိုးသည်မှာ 'ရွှမ်ယင်းဂိုဏ်း' တွင် လူ့အသက်မှာ တန်ဖိုးမရှိသော်လည်း သူမကဲ့သို့ အဆင့်နိမ့် တပည့်တစ်ဦးအနေဖြင့် အခြားတပည့်များကို သတ်ဖြတ်ကာ ကျင့်ကြံရေး အရင်းအမြစ်အဖြစ် အသုံးပြုခွင့် မရှိပေ။

အခြေခံစွမ်းအင်အဆင့် ကျင့်ကြံသူများမှာ အခြေခံတည်ဆောက်ခြင်းအဆင့် စီနီယာများနှင့် တစ်ဂိုဏ်းလုံးအတွက် အသုံးဝင်သော အရင်းအမြစ်များ ဖြစ်ကြသည်။ မုန့်ဝမ်ကဲ့သို့ အဆင့်နိမ့်ကျင့်ကြံသူမှာ ထိုအရင်းအမြစ်များကို သုံးစွဲပိုင်ခွင့် မရှိဘဲ ဂိုဏ်းက သိသွားပါက ပြင်းထန်သော အပြစ်ပေးမှုကို ခံရပေလိမ့်မည်။

မုန့်ဝမ်သည် မျက်လုံးမှိတ်ကာ ခန္ဓာကိုယ်ထဲမှ အဆိပ်များကို ပြန်စစ်ကြည့်လိုက်သည်။

ဤမျှ ဒုက္ခခံလိုက်ရသဖြင့် အဆိပ်၏ ငါးပုံတစ်ပုံခန့်ကို နှင်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။ နောက်ထပ် လေးကြိမ်ခန့် ဤသို့ ထပ်လုပ်နိုင်ပါက အဆိပ်ကို လုံးဝ ဖယ်ရှားနိုင်မည် ဖြစ်သည်။ သို့သော် သူမလက်ထဲတွင် ရှိသမျှ ဝိညာဉ်ကျောက်တုံးများမှာ သုံ့ပန်းများ ဝယ်ယူစဉ်ကတည်းက ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

အဆိပ်ကို လုံးဝ စင်ကြယ်စေရန်အတွက် သူမတွင် ဝိညာဉ်ကျောက်တုံး အမြောက်အမြား လိုအပ်နေသည်။ မုန့်ဝမ်သည် သွေးခဲစေသော ဆေးလုံးတစ်လုံးကို ပါးစပ်ထဲ ထည့်လိုက်ပြီး စိတ်ထဲတွင် အကြံတစ်ခု ရသွားပုံရသည်။

နောက်တစ်နေ့တွင် မုန့်ဝမ် အပြင်ထွက်လာသောအခါ သူမ၏ မျက်နှာမှာ ပုံမှန်အတိုင်းပင် ဖြစ်နေ၏။

သူမ လက်နက်သွန်းလုပ်ရေး အလုပ်ရုံထဲသို့ ဝင်လာသောအခါ လူအများ၏ အကြည့်များမှာ သူမထံသို့ တစ်ပြိုင်နက်တည်း ကျရောက်လာပြီးနောက် ချက်ချင်း ပြန်လည် ရုပ်သိမ်းသွားကြသည်။

စုရှင်းသည် ပြုံးရွှင်စွာဖြင့် မုန့်ဝမ်ထံသို့ လျှောက်လာသည်။

“ဂျူနီယာညီမလေး မုန့်... ရောက်ပြီလား။ အလုပ်ရုံအနှံ့ လိုက်ပြဖို့ စီနီယာက ငါ့ကို မှာထားတယ်။ အလုပ်ရုံနဲ့ ရင်းနှီးသွားပြီဆိုရင်တော့ ညီမလေး ကျွမ်းကျင်တဲ့ အလုပ်ကနေ စလုပ်လို့ရပြီ။”

မုန့်ဝမ်က ကျေးဇူးတင်သော လေသံဖြင့် “ဒါဆိုရင် စီနီယာအစ်မကို ဒုက္ခပေးရဦးမှာပဲ” ဟု ပြောလိုက်သည်။

စုရှင်းသည် နူးညံ့စွာ ပြုံးလိုက်ပြီး လျှောက်လှမ်းရင်း ပြောပြလေသည်။

“ညီမလေးက ဒီကို ရောက်တာ မကြာသေးသလို လက်နက်သွန်းလုပ်တဲ့ အပိုင်းမှာလည်း အတွေ့အကြုံ မရှိသေးတော့ ဖြည်းဖြည်းချင်း သင်ယူဖို့ အချိန်အများကြီး ရှိပါသေးတယ်။ အရင်ဆုံး အလုပ်ရုံရဲ့ အခင်းအကျင်းနဲ့ ရင်းနှီးအောင် အစ်မ လိုက်ပြပေးမယ်။”

မုန့်ဝမ်သည် ဘာမှကန့်ကွက်ခြင်းမရှိဘဲ စုရှင်း၏ နောက်မှ လိုက်သွားသည်။ စုရှင်းသည် စီနီယာအစ်မကောင်းတစ်ယောက်ပီသစွာပင် နေရာတစ်ခုချင်းစီ၏ လုပ်ဆောင်ချက်များကို သေချာ ရှင်းပြပေးနေသည်။

အလုပ်ရုံကို ကုန်ကြမ်းသိုလှောင်ရုံ၊ သွန်းလုပ်ရေး နယ်မြေ၊ ပြန်လည် သွန်းလုပ်ရေး နယ်မြေ စသည်ဖြင့် အပိုင်းအမျိုးမျိုး ခွဲထားပြီး နေရာတိုင်းတွင် တာဝန်ခံများ ရှိကြသည်။ မုန့်ဝမ်သည် ဤအချက်အလက်များကို ဇီလင်၏ မှတ်ဉာဏ်များမှတစ်ဆင့် သိရှိထားပြီးဖြစ်သော်လည်း ပထမဆုံးအကြိမ် ကြားရသည့်အလား ဟန်ဆောင်လိုက်သည်။

“အစ်မ တာဝန်ယူရတာကတော့ ပြန်လည်သွန်းလုပ်ရေး နယ်မြေပဲ။ အသုံးမရတော့တဲ့ ဒါမှမဟုတ် ပျက်စီးနေတဲ့ ဝိညာဉ်လက်နက်တွေကို အသုံးဝင်အောင် ပြန်လုပ်ပေးတာ၊ အဲဒီထဲကနေ ကောင်းတဲ့ သတ္တုရိုင်းတွေနဲ့ ကုန်ကြမ်းတွေကို ပြန်ထုတ်ယူရတာပေါ့။”

“ညီမလေး... ဒီကျိုးနေတဲ့ ဓားကို တစ်ချက်ကြည့်ကြည့်ဦး၊ ဘယ်လိုနေလဲ?”

All Chapters