ရည်မှန်းချက် အောင်မြင်ခြင်း
Vol. 3 Ch. 28
“အရင်က ‘မိုင်တစ်ရာ နယ်မြေကူးပြောင်း အဆောင်’ ကို သုံးလိုက်ပြီဆိုတော့ ငါ နင့်ကို နောက်ထပ် သုံးခု ထပ်ပေးမယ်။ ဒါ့အပြင် ‘ခရမ်းရွှေရောင် အမှတ်တသား’ တစ်ခုကိုလည်း ဆုလာဘ်အဖြစ် ပေးမယ်။ အဲဒါကိုသုံးပြီး ‘ကျင့်စဉ်ခန်းမရဲ့ ဒုတိယထပ်ကို တက်ပြီး ပိုကောင်းတဲ့ ‘ကျင့်စဉ်’ တွေကို ရွေးချယ်နိုင်တယ်!”
“ဆုလာဘ်အတွက် စီနီယာ့ကို ကျေးဇူးတင်ပါတယ်!”
မုန့်ဝမ်သည် သူမ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း သစ်သားသေတ္တာနှင့် အမှတ်အသားကို လက်ခံလိုက်သည်။
ပစ္စည်းများကို သိမ်းဆည်းပြီးနောက် သူမသည် တစ်ခုခုကို သတိရသွားဟန်ဖြင့် ရိုသေစွာ ပြောလိုက်သည်။
“စီနီယာ... အဘိုးကြီး ဒန်ကျွယ်ကျိ ကျွန်မကိုပေးခဲ့တဲ့ ‘အခြေခံတည်ဆောက်ခြင်းဆေးလုံး’ က ကျွန်မဆီမှာ ရှိနေသေးတယ်။ အဲဒါကို စီနီယာ့ဆီ နောက်မှ လာပို့ပေးရမလား?”
ရွှယ်လျန်ကျိက တိုက်ရိုက်ပင် ငြင်းဆိုလိုက်သည်။ “မလိုပါဘူး။ ဒန်ကျွယ်ကျိ နင့်ကိုပေးတဲ့ မိုင်တစ်သောင်း နယ်မြေကူးပြောင်း အဆောင်တောင် အတုဖြစ်နေတာပဲ။ အဲဒီ အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ငါ မစစ်ဆေးရသေးပေမဲ့ အစစ်ဖြစ်လိမ့်မယ်လို့ ငါမထင်ဘူး။”
မုန့်ဝမ်၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။ “အခြေခံတည်ဆောက်ခြင်းဆေးလုံးက အတုလုပ်လို့ ရတာလား?”
“ရတာပေါ့။ အဲဒီထဲမှာ လှည့်ကွက်တွေ အများကြီးရှိတယ်။ လူတော်တော်များများဟာ အတုတွေကို ဝယ်မိလို့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးကြရတယ်၊ ပြီးတော့ ‘အခြေခံတည်ဆောက်ခြင်း’ အဆင့်ကို တက်လှမ်းဖို့ မအောင်မြင်တဲ့အခါမှာလည်း အဲဒါဟာ သူတို့ရဲ့ ကံဆိုးမှု ဒါမှမဟုတ် သူတို့ရဲ့ ‘ပင်ကိုယ်အရည်အချင်း’ မပြည့်မီလို့လို့ပဲ ယုံကြည်နေကြတာ။”
ရွှယ်လျန်ကျိက နှာခေါင်းရှုံ့ကာ လှောင်ပြုံး ပြုံးလိုက်သော်လည်း ထိုအမူအရာမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး မုန့်ဝမ်ကို နူးညံ့စွာ ကြည့်လိုက်သည်။
“နင် အဲဒီအတွက် စိတ်ပူစရာမလိုပါဘူး။ နင့်ရဲ့ ကျင့်ကြံမှု အဲဒီအဆင့်ကို ရောက်တဲ့အခါကျရင် နင် အခြေခံတည်ဆောက်ခြင်း အဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ဖို့ ငါကိုယ်တိုင် ဆေးလုံးတစ်လုံး ဆုချပေးမယ်။”
မုန့်ဝမ်သည် ဒူးတစ်ဖက် ထောက်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ဝမ်လေးဟာ ဘဝတစ်ဝက်စာလောက် လွေလွင့်လာခဲ့ပေမယ့် စီနီယာလို ထူးချွန်တဲ့ သခင်မရဲ့ လက်အောက်မှာ အမှုထမ်းခွင့်ရတာဟာ မုန့်ဝမ်အတွက် တကယ့်ကို ကံကောင်းခြင်းပါပဲ!”
ရွှယ်လျန်ကျိက ပြုံးလျက် မုန့်ဝမ်ကို ထူပေးလိုက်သည်။ “ငါတို့ကြားမှာ ဒီလိုစကားတွေက အရမ်း ယဉ်ကျေးလွန်းနေပါပြီ။ နင် ‘ဂိုဏ်းငါးခု ညီလာခံကြီး’ မှာ ပါဝင်ဖို့ စာရင်းပေးထားတယ်လို့ ငါကြားတယ်?”
မုန့်ဝမ်သည် ထလိုက်ရင်း ထိုအကြောင်းကို ပြောလိုက်သဖြင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားဟန် ဆောင်လိုက်သည်။
“ကျွန်မရဲ့ အရည်အချင်းက အကန့်အသတ် ရှိမှန်း သိပါတယ်၊ ဒါပေမဲ့ ဂိုဏ်းကြီးငါးခုရှေ့မှာ ကျွန်မတို့ ‘ရွှမ်ယင်းဂိုဏ်း’ နဲ့ စီနီယာ့ရဲ့ နာမည်ကို ဂုဏ်တက်စေချင်လို့ပါ။ ကျွန်မ သဘောအတိုင်း ဒီညီလာခံမှာ ပါဝင်ဖို့ စာရင်းပေးမိတဲ့အတွက် စီနီယာ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ!”
“နင့်မှာ ဒီလို ရည်ရွယ်ချက်ရှိတာ ကောင်းပါတယ်။ ငါက ဘာလို့ အပြစ်တင်ရမှာလဲ?”
ရွှယ်လျန်ကျိက ကြင်နာစွာ ပြောလိုက်သည်။ “ဒါပေမဲ့ ညီလာခံက နောက် ၁၀ ရက်လောက်ဆို စတော့မှာ၊ အချိန်က အရမ်းနည်းတယ်။ နင် စိတ်ဖိစီးနေတယ်ဆိုရင် ဒီပြိုင်ပွဲမှာ မပါဝင်ဘဲနေဖို့ ငါ ဆုံးဖြတ်ပေးလို့ရတယ်။”
“စီနီယာ့ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ မုန့်ဝမ်ဟာ စစ်မြေပြင်ကိုတောင် ခြေမချရဲတဲ့ လူညံ့တစ်ယောက်တော့ မဖြစ်ချင်ပါဘူး။”
“ကောင်းပြီ! နင် ဆုံးဖြတ်ပြီးပြီဆိုမှတော့ ငါ ထပ်မပြောတော့ဘူး။ ငါလည်း အဲဒီညီလာခံကို တက်ရောက်မှာဆိုတော့ အဲဒီအချိန်ကျရင် နင် ငါနဲ့အတူ လိုက်ခဲ့လို့ရတယ်။”
“ဟုတ်ကဲ့ပါ၊ စီနီယာ စီစဉ်တဲ့အတိုင်းပါပဲ!”
ရွှယ်လျန်ကျိ ထွက်ခွာသွားသည်ကို မြင်သောအခါ မုန့်ဝမ်သည် တပည့်များနားနေဆောင်သို့ မပြန်ဘဲ ကျင့်စဉ်ခန်းမရှိရာသို့ အမြန်ဆုံး အရှိန်ဖြင့် ပြေးသွားတော့သည်။ ကျင့်စဉ်ခန်းမ တံခါးအတွင်းသို့ ဝင်လိုက်နိုင်မှသာ သူမသည် သက်ပြင်းချနိုင်တော့ပြီး သူမ၏ အသက်ဘေးမှာ ယာယီအားဖြင့် ဘေးကင်းသွားပြီဟု ခံစားလိုက်ရသည်။
သူမက အလွန်အမင်း သတိကြီးနေခြင်း မဟုတ်ပေ။ ဒန်ကျွယ်ကျိသည် ဂိုဏ်းမှ ထွက်မသွားသေးပေ။ အကယ်၍ သူသာ နောက်ကြောင်းပြန်လှည့်ပြီး စဉ်းစားကြည့်ရင်း ဒေါသထွက်ကာ မုန့်ဝမ်ကို လိုက်ရှာပြီး ရိုက်သတ်လိုက်လျှင် ဘယ်လိုလုပ်မနည်း?
ရှန်ယုသည် ဒန်ကျွယ်ကျိ၏ မျိုးဆက်ဖြစ်သည်မှာ မှန်သော်လည်း၊ ဤအခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် သူမသည် သာမန်လူတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ မိမိအသက်နှင့် ဆိုင်နေသဖြင့် မုန့်ဝမ်သည် သဘာဝကျစွာပင် ပေါ့ပေါ့ဆဆ မနေရဲပေ။ သူမ ဆုံးဖြတ်လိုက်သည်မှာ - ဒန်ကျွယ်ကျိ ဂိုဏ်းကနေ ထွက်မသွားမချင်း ကျင့်စဉ်ခန်းမထဲကနေ ခြေတစ်လှမ်းမှ မထွက်တော့ဟု ဖြစ်သည်။
ကျင့်စဉ်ခန်းမ၏ ဒုတိယထပ်သို့ ရောက်သောအခါ မုန့်ဝမ်သည် အစွမ်းထက်သော ကျင့်စဉ်များကို အလျင်စလို မရွေးချယ်သေးပေ။ ယင်းအစား သူမသည် ထောင့်တစ်နေရာတွင် ထိုင်ကာ ပြီးခဲ့သော ရက်အနည်းငယ်က ဖြစ်ရပ်များကို တည်ငြိမ်စွာ ပြန်လည် သုံးသပ်နေလိုက်သည်။ ဒန်ကျွယ်ကျိ သူမထံ လာရောက်ပြီး မီးဖိုကို ခိုးခိုင်းသည့် အချိန်မှစ၍ ကျင့်စဉ်ခန်းမထဲသို့ ဝင်လာသည့် အချိန်အထိ အသေးစိတ် အချက်အလက်တိုင်းကို သူမ ဂရုတစိုက် ပြန်စဉ်းစားသည်။
နာရီဝက်ခန့် ကြာပြီးနောက် မုန့်ဝမ် သက်ပြင်းသာသာ ချလိုက်သည်။ အရာအားလုံးက ပုံမှန်ပါပဲ၊ ဘာအမှားအယွင်းမှ ချန်မထားခဲ့မိပေ။ သူမ၏ ခန္ဓာကိုယ်ထဲမှ အဆိပ်အားလုံးကို နှင်ထုတ်ပြီးပြီ ဖြစ်သည်။ ဒန်ကျွယ်ကျိ ပေးခဲ့သော အဆိပ်ဖြေဆေးများနှင့် ပတ်သက်၍မူ - အရင်ပေးခဲ့သည်ဖြစ်စေ၊ နောက်မှပေးခဲ့သည်ဖြစ်စေ - သူမ လုံးဝ သောက်မည်မဟုတ်ပေ။
မုန့်ဝမ် မတ်တပ်ရပ်လိုက်ပြီး ကျမ်းစာဆောင်ရှိ ကျင့်စဉ်များကို စတင် ရှာဖွေတော့သည်။ ကျင့်စဉ်ခန်းမ၏ ဒုတိယထပ်တွင် စုဆောင်းထားသော ကျင့်စဉ်များမှာ ‘သွေးစုပ်ကျင့်စဉ်’ထက် ပို၍ လက်ရာမြောက်လှသည်။ သူမသည် ကျင့်စဉ်တစ်ခုချင်းစီ၏ အားသာချက်၊ အားနည်းချက်များကို ဂရုတစိုက် ဖတ်ရှု နှိုင်းယှဉ်သည်။ သူမတွင် ရွေးချယ်ရန် ရက်အနည်းငယ် အချိန်ရှိနေသဖြင့် ကောင်းမွန်သော ‘ကျင့်စဉ်’ တစ်ခုကို မရွေးချယ်မိပါက အချိန်ဖြုန်းရာ ရောက်မည်ဟု သူမ ခံစားလိုက်ရသည်။
ငါးရက်အကြာတွင် ဒန်ကျွယ်ကျိ တစ်ယောက် ရွှမ်ယင်းဂိုဏ်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက်မှသာ မုန့်ဝမ်သည် သူမ ရွေးချယ်ထားသော ကျင့်စဉ်ကို ယူကာ ကျမ်းစာဆောင်မှ ထွက်လာခဲ့၏။ သူမ ရွေးချယ်ခဲ့သည်မှာ ‘သွေးလမ်းစဉ်’ လျှို့ဝှက်ကျင့်စဉ်တစ်ခုဖြစ်သည့် ‘သွေးကျိန်စာအတတ်’ ဖြစ်သည်။ ၎င်းသည် မိမိ၏ အနှစ်သာရ သွေးအချို့ကို အသုံးပြုကာ ‘သွေးမျိုးဆက် စွမ်းအား’ ဖြင့် ပြိုင်ဘက်များကို အားနည်းသွားအောင် ကျိန်စာတိုက်နိုင်သော အတတ်ဖြစ်သည်။
တပည့်များ နေထိုင်ရာသို့ ပြန်ရောက်ပြီးနောက် မုန့်ဝမ်သည် သွေးကျိန်စာအတတ်ကို သင်ယူရန် တစ်နေ့ဝက်ခန့် အချိန်ပေးလိုက်ပြီး၊ မကြာသေးမီ ရက်များအတွင်း သူမ ရရှိခဲ့သော ပစ္စည်းများ ကို စတင် စာရင်းပြုစုတော့သည်။
ရွှေရောင်မီးလုံး ၂၅ လုံး၊ အဆိပ်ကာပုလဲ ၁၂ လုံးနှင့် မိုင်တစ်ရာ နယ်မြေကူးပြောင်း အဆောင်လက်ဖွဲ့ ၃ ခု။ အဆင့်မြင့် ဝိညာဉ်လက်နက်ဖြစ်သော ‘လေပြေဖိနပ်’ တစ်စုံနှင့် မပြင်ရသေးသော အဆင့်မြင့် ဝိညာဉ်လက်နက် ‘ကျောက်စိမ်းဖြူဆွဲသီး’ တစ်ခု။ ထို့အပြင် အလတ်စား ဝိညာဉ်ဓား ၂ လက်၊ အလယ်အလတ်ဆင့် လေး ၁ ခုနှင့် အဆင့်နိမ့်ဝိညာဉ်လက်နက် အချို့တို့ ဖြစ်သည်။
ယင်းတို့အပြင် ‘စွမ်းအင် စုစည်းဆေးလုံး’ ၃ လုံး၊ အတုဖြစ်သော အခြေခံတည်ဆောက်ခြင်းဆေးလုံး ၁ လုံး၊ အစစ် ဟုတ်၊ မဟုတ် မသေချာသော အဆိပ်ဖြေဆေး ၂ မျိုးနှင့် အခြား အသုံးမဝင်သော ပစ္စည်းများ ဖြစ်သည်။
မုန့်ဝမ်သည် အရေးကြီးသော ပစ္စည်းအချို့ကို သူမ၏ ‘သိုလှောင်လက်စွပ်’ ထဲတွင် သိမ်းဆည်းလိုက်ပြီး ကျန်တာများကို ‘သိုလှောင်အိတ်’ ထဲသို့ ပြန်ထည့်ကာ လက်နက်သွန်းလုပ်ရေး အလုပ်ရုံရှိရာသို့ တန်းသွားတော့သည်။ ရက်အနည်းငယ်လောက် ပြဿနာ မရှာရတော့သဖြင့် သူမအတွက် တစ်မျိုးကြီး ဖြစ်နေသည် မဟုတ်လား!
မုန့်ဝမ် အလုပ်မလာဖြစ်သော ရက်များအတွင်း သူမ၏ လုပ်ဆောင်ချက်များမှာ တပည့်များအကြား ပြန့်နှံ့နေပြီ ဖြစ်သည်။ ဘာတွေ အတိအကျ ဖြစ်ခဲ့သည်ကို သူတို့ မသိကြသော်လည်း သူမသည် ကြီးမားသော အမှုထမ်းမှုကို လုပ်ဆောင်ခဲ့ပြီး ရှန်ယု၏ နေရာတွင်ဝင်ပြီး ရွှယ်လျန်ကျိ၏ အချစ်ဆုံး တပည့်ဖြစ်လာကြောင်း သူတို့ သိကြသည်။
လက်နက်သွန်းလုပ်ရေး အလုပ်ရုံတွင် တပည့်အချို့မှာ မကြာသေးမီက သတင်းကြီးအကြောင်းကို ဆွေးနွေးနေကြသည်။
“စီနီယာအစ်မ မုန့်ရဲ့ ကံက တကယ်ကောင်းတာပဲ။ စီနီယာအစ်မ ရှန်ယုကို ရန်စမိလို့ ဒုက္ခရောက်တော့မယ် ထင်နေတာ၊ နောက်ဆုံးမှာ စီနီယာအစ်မ ရှန်ယုပဲ ဒုက္ခရောက်သွားလိမ့်မယ်လို့ ဘယ်သူ သိမှာလဲ?”
“အခုထိ စီနီယာအစ်မလို့ ခေါ်နေတုန်းလား? ရှန်ယုက စီနီယာ့ကို သစ္စာဖောက်ပြီး ယုံကြည်မှုကို ဖျက်ဆီးခဲ့တာ။ ဒီလိုလူမျိုးက အကြိမ်ပေါင်း တစ်သောင်းလောက် သေသင့်တာ!”
“ဟုတ်တယ်၊ ရှန်ယုက အဆိပ်ပြင်းတဲ့ မြွေပဲ။ ငါ့ကိုမေးရင်တော့ စီနီယာက အရမ်း သက်ညှာလွန်းတယ်။ အဲဒီလောက် အကြာကြီး အနားမှာ ခေါ်ထားခဲ့တာတောင် သူ့အသက်ကိုပဲ ယူလိုက်တာ။ ငါ့အထင်တော့ သူ့ကို အပိုင်းပိုင်း ခုတ်သတ်လိုက်ရင်တောင် မများသေးဘူး!”
မုန့်ဝမ်သည် အလုပ်ရုံထဲသို့ လှမ်းဝင်လိုက်စဉ် ဤစကားကို အချိန်ကိုက် ကြားလိုက်ရသဖြင့် မျက်ခုံးပင့်လိုက်မိသည်။ ရှန်ယု သေဆုံးသွားခြင်းမှာ သူမအတွက် အံ့သြစရာ မဟုတ်ပေ။ အဆိပ်ဖြေဆေးက လက်ထဲမှာ ရှိနေပြီး ဒန်ကျွယ်ကျိကလည်း ပြည်နှင်ဒဏ် အပေးခံလိုက်ရပြီဖြစ်ရာ ရှန်ယု အသက်ရှင်နေဖို့ အကြောင်းပြချက် မရှိတော့ပေ။ သူမသာ ရွှယ်လျန်ကျိနေရာမှာဆိုလျှင်လည်း မိမိကို သစ္စာဖောက်ခဲ့သူကို ဆက်ပြီး အသက်ရှင်ခွင့် ပေးမည် မဟုတ်ပေ။
သို့သော် ရွှယ်လျန်ကျိသည် သူမ၏ ကတိကို ဖျက်ကာ အဆိပ်ဖြေဆေးကို ယူပြီးမှ ရှန်ယုကို ရက်ရက်စက်စက် သတ်ပစ်ခဲ့သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဖြစ်သော ဒန်ကျွယ်ကျိကရော ဤအချက်ကို မစဉ်းစားမိဘဲ နေပါ့မလား?
မုန့်ဝမ်သည် သူမ၏ မျက်ဝန်းထဲမှ အတွေးများကို ဖုံးကွယ်ရန် အကြည့်ကို နှိမ့်ချလိုက်သည်။ ဒန်ကျွယ်ကျိ နောက်မှပေးခဲ့သော အဆိပ်ဖြေဆေးမှာ အတုဖြစ်ကြောင်း သူမ အသေအချာ ကောက်ချက်ချနိုင်သည်။ ယခင်က ရှန်ယုမှတစ်ဆင့် ပေးခဲ့သော၊ အဆိပ်ရှိန်ကို သုံးလအထိ ဆိုင်းငံ့ပေးနိုင်သော အဆိပ်ဖြေဆေးသာလျှင် အစစ်ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ရွှယ်လျန်ကျိ၏ အမြင်တွင် သူမ (မုန့်ဝမ်) သည် အလွန်ဆုံး သုံးလသာ အသက်ရှင်နိုင်မည့် လူသေတစ်ယောက်သာ ဖြစ်ပေသည်။
မုန့်ဝမ်သည် ထိုအတွေးများကို ဖိနှိပ်ထားလိုက်သည်။ သူမ ပြန်မော့ကြည့်လိုက်ချိန်တွင် မျက်နှာတစ်ခုလုံး ပြုံးရွှင်နေပြီး အလုပ်ရုံရှိ တပည့်များကို နှုတ်ဆက်လိုက်သည်။
“နင်တို့အားလုံး အသက်ရှင်နေကြသေးတာပဲ။”
တပည့်များ : “...”
ဒါက လူပြောရမယ့် စကားလားလို့ မေးကြည့်ချင်စရာပင်။ သူမက သူတို့ကို ကောင်းကောင်းမွန်မွန် မဆုတောင်းပေးနိုင်ဘူးလား?
လူတိုင်း စိတ်ထဲမှ ညည်းညူနေကြသော်လည်း မျက်နှာတွင်မူ ဖားသည့် အပြုံးများဖြင့် မုန့်ဝမ်ကို ပြိုင်တူ နှုတ်ဆက်ကြသည်။ စီနီယာ အကျဆုံးဖြစ်သော ရှန်ယုတောင် မုန့်ဝမ်ကို မယှဉ်နိုင်ခဲ့ရာ၊ နောင်တွင် လက်နက်သွန်းလုပ်ရေး အလုပ်ရုံကို မည်သူ အုပ်ချုပ်မည်မှာ ရှင်းလင်းနေပြီ ဖြစ်သည်။
“ဟုတ်ကဲ့ပါ... ဟားဟား၊ စီနီယာအစ်မ မုန့်၊ ရောက်ပြီလား?”
“အစ်မ လမ်းလျှောက်လာရတာ ပင်ပန်းနေမှာပေါ့။ လာပါ၊ ထိုင်ပြီး နားပါဦး။”
“စီနီယာ... လက်ဖက်ရည်နဲ့ ဝိညာဉ်သစ်သီးလေးတွေ သုံးဆောင်ပါဦး။ ကျွန်မ ယပ်ခပ်ပေးပါ့မယ်။”
မုန့်ဝမ်သည် လူကြီးတစ်ယောက်လို ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ဘေးတွင် လက်ဖက်ရည် တိုက်သူ၊ သစ်သီးဗန်း လာချပေးသူ၊ ယပ်ခပ်ပေးသူများနှင့် အလွန်ပင် ဇိမ်ကျနေတော့သည်။ သို့သော် သူမ၏ ဘဝင်မြင့်နေသော အမူအယာများကို လူတိုင်း မနှစ်သက်နိုင်ကြပေ။