စေတနာ
Vol. 4 Ch. 31
လူတိုင်းက တိုးတိုးတိတ်တိတ် ပြောဆိုနေကြစဉ်မှာပင် မုန့်ဝမ်သည် ချိုးနင်ကို ခြေထောက်ဖြင့် နင်းထားပြီးဖြစ်ကာ သူ့ကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အထက်စီးမှ ငုံ့ကြည့်နေသည်။
“အခုကော... လျောင်ချင်းချင်းဆိုတာ ဘယ်သူလဲဆိုတာ ပြောပြလို့ရပြီလား”
“အဟွတ်... အဟွတ်... ပြောပါ့မယ်၊ ပြောပါ့မယ်”
ချိုးနင်သည် နောင်တရလွန်းသဖြင့် သူ၏ အူများပင် အစိမ်းရောင် ပြောင်းသွားတော့မတတ် ခံစားနေရသည်။ မုန့်ဝမ်သည် သာမန် ‘အခြေခံစွမ်းအင်အဆင့် ကိုး’ ကျင့်ကြံသူထက် အနည်းငယ်မျှသာ ပိုသန်မာမည်ဟု သူ ထင်ခဲ့ခြင်းဖြစ်သည်။ သူမသည် ‘သွေးလမ်းစဉ်’ ၏ မာစတာတစ်ယောက် ဖြစ်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ သူမသာ ‘သွေးကျိန်စာအတတ်’ ကို အသုံးပြုနိုင်မှန်း သိခဲ့လျှင် လျောင်ချင်းချင်းအတွက်နှင့် သူ ဘာလို့ ခေါင်းခံပေးပါ့မည်နည်း? လေသင်္ဘော ပေါ်တွင် အေးအေးဆေးဆေး နေနေရသည်က ပိုမကောင်းပေလော။
ချိုးနင်က အားနည်းသော လေသံဖြင့် ပြောလိုက်သည်။ “လျောင်ချင်းချင်းက ကျွန်တော့်ရဲ့ ဂျူနီယာညီမလေးပါ။ သူမက စီနီယာအစ်မရဲ့ လက်ချက်နဲ့ သေဆုံးသွားတယ်လို့ သတင်းကြားခဲ့ရလို့ပါ”
“ဩော်... သူကောပဲလား”
မုန့်ဝမ်က နှုတ်ခမ်းမဲ့လိုက်ပြီး ချိုးနင်ကို လှောင်ပြုံးပြုံးကာ ကြည့်လိုက်သည်။ “နင်က သူ့အတွက် ကလဲ့စားချေပေးချင်လို့လား?”
ချိုးနင်က ခေါင်းကို အသည်းအသန် ခါလိုက်သည်။ “မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ အကယ်လို့ ဂျူနီယာညီမလေးက စီနီယာအစ်မရဲ့ လက်ချက်နဲ့ သေခဲ့တယ်ဆိုရင် အဲဒါက သူ့အမှားကြောင့်ပဲ ဖြစ်မှာပါ။ သူက သေသင့်ပါတယ်!”
“တောက်... နင့်ရဲ့ ဂျူနီယာညီမလေးသာ ကောင်းကင်ဘုံကနေ ဒီစကားကို ကြားသွားရင် ဘယ်လောက်တောင် ဝမ်းနည်းလိုက်မလဲ”
မုန့်ဝမ်သည် ချိုးနင်က သူမကို ပြောခဲ့သော စကားများကိုပင် သူ၏မျက်နှာအား ပြန်ပက်လိုက်သကဲ့သို့ အထင်အမြင်သေးစွာဖြင့် ကြည့်ကာ ပြောလိုက်၏။
“နင်လို အရည်အချင်းမျိုးနဲ့ ဘယ်လိုလုပ်ပြီး ဒီထဲ ရောက်လာတာလဲ ငါ တကယ်မသိဘူး။ ရွှေတိမ်တိုက်ဂိုဏ်းကို သွားတဲ့အခါ နင်က ငါတို့ ရွှမ်ယင်ဂိုဏ်း ကို အရှက်ခွဲဖို့ပဲ ရှိလိမ့်မယ်”
ချိုးနင်၏ မျက်နှာမှာ ရှက်လွန်းသဖြင့် နီရဲသွားသည်။ ရွှမ်ယင်ဂိုဏ်း တွင် သူသည် အဆင့်အတန်းတစ်ခု ရှိသူဖြစ်ပြီး၊ လေသင်္ဘော ပေါ်ရှိ တပည့်အားလုံးထဲတွင် သူ၏ အစွမ်းက ထိပ်ဆုံးငါးယောက်စာရင်း ဝင်သည်။ သို့သော် ယခုမူ ဘယ်ကမှန်းမသိ ပေါ်လာသော မိန်းကလေးငယ်တစ်ဦးက သူ့ကို အလွယ်တကူ အနိုင်ယူကာ ခြေထောက်ဖြင့် နင်းထားခြင်း ခံနေရသည်။
သို့သော် ချိုးနင်သည် ဒေါသကို ထုတ်မပြရဲဘဲ အရှက်ရမှုကို အောင့်အည်းကာ ဆက်လက် အသနားခံနေရသည်။
“စီနီယာအစ်မ မုန့်... ကျွန်တော် မှားသွားပါတယ်။ ကျွန်တော် မျက်စိမရှိလို့ စီနီယာအစ်မကို စော်ကားမိတာပါ။ ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့...”
မုန့်ဝမ်က စိတ်မရှည်စွာဖြင့် ဖြတ်ပြောလိုက်သည်။ “ငါ နင့်ကို လွှတ်ပေးစေချင်ရင်တော့ ရတယ်၊ ဒါပေမဲ့ ငါ နင့်ရဲ့ ‘စေတနာ’ ကို မြင်ချင်တယ်”
ချိုးနင်သည် သွားကို တင်းတင်းကြိတ်ကာ သူ၏ သိုလှောင်အိတ်ထဲမှ ဆေးလုံးပုလင်းတစ်လုံးကို ထုတ်ယူ၍ မုန့်ဝမ်ထံ ကမ်းပေးလိုက်သည်။
“စီနီယာအစ်မ မုန့်... ဒါက ‘အဆင့်မြင့်စွမ်းအင်စုစည်းဆေးလုံး’ တစ်ပုလင်းပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ”
မုန့်ဝမ်က စွမ်းအင် စုစည်းဆေးလုံးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချိုးနင်၏ ရင်ဘတ်ကို ခြေထောက်ဖြင့် အားကုန် နင်းချလိုက်ရာ အရိုးကျိုးသံများ ဆက်တိုက် ထွက်ပေါ်လာ၏။
“ဒီလောက်လေးနဲ့... နင် ဘယ်သူ့ကို အထင်သေးနေတာလဲ?”
“အားးးး!!!”
ချိုးနင်သည် နာကျင်မှုကြောင့် အော်ဟစ်လိုက်ပြီး၊ မုန့်ဝမ်၏ လောဘကြီးမှုကို စိတ်ထဲမှ ကျိန်ဆဲနေလျက်ပင် ချိုးနင်၏ လက်များ တုန်ရီနေပြီး သူ၏ သိုလှောင်အိတ်ထဲမှ နောက်ထပ် ဆေးလုံး နှစ်ပုလင်းကို ထုတ်ယူလိုက်ရသည်။
“စီနီယာအစ်မ မုန့်... ဒါက ‘စွမ်းအင်ပြန်ဖြည့်ဆေးလုံး’ တစ်ပုလင်းနဲ့ ‘အရိုးဆက်ဆေးလုံး’ သုံးလုံးပါ၊ အားလုံးက အဆင့်မြင့်တွေပါပဲ။ ဒီဆေးလုံးတွေက ကျွန်တော့်ရဲ့ စေတနာကို ပြသဖို့ လုံလောက်မယ်လို့ ထင်ပါတယ်”
မုန့်ဝမ်က ဆေးလုံးပုလင်းများကို ဖွင့်၍ စစ်ဆေးလိုက်ကာ ဆေးလုံးများမှာ အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုပြီးနောက် သူမ ပြုံးလိုက်ကာ ခြေထောက်ကို ပြန်ရုပ်လိုက်သည်။ ထို့နောက် ချိုးနင်၏ အင်္ကျီပေါ်မှဖုန်များကို ပုတ်ပေးကာရင်းနှီးစွာပင် သူ့ကို ထူပေးလိုက်သည်။
“ဂျူနီယာညီလေး ချိုး... ခုနက စီနီယာအစ်မ လက်နည်းနည်း ပါသွားတယ်၊ နင် စိတ်မရှိဘူး မဟုတ်လား?”
ချိုးနင်သည် မုန့်ဝမ်ကို အသည်းထဲအထိ နာကျည်းနေသော်လည်း မျက်နှာတွင်မူအားနာသည့် အမူအရာမျိုး လုပ်ပြနေရသည်။
“ကျွန်တော်က စီနီယာအစ်မကို အရင်စော်ကားမိတာပဲ၊ စီနီယာအစ်မ ဆုံးမတာက မှန်ပါတယ်”
မုန့်ဝမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“ဂျူနီယာညီလေး ချိုးက ငါ့ရဲ့ စေတနာကို နားလည်ပေးတာ ဝမ်းသာစရာပဲ။ ဂိုဏ်းငါးခု ညီလာခံကလည်း နီးနေပြီ။ ပြိုင်ပွဲစင်မြင့်ပေါ်မှာ အကြောင်းမဲ့ သေဆုံးသွားတာထက်စာရင် အခုလို နည်းနည်း ခံစားလိုက်ရပြီး ကိုယ့်အစွမ်းကိုယ် သိသွားတာက ပိုကောင်းတယ် မဟုတ်လား?”
ချိုးနင်သည် ဘေးနားသွားပြီး ဒဏ်ရာကုရန် ထွက်သွားပြီးနောက် မုန့်ဝမ်သည် သူ၏ နေရာဟောင်းကို သိမ်းပိုက်လိုက်သည်။ ထို့နောက် သူမသည် ကျန်သောလူများကို ကြည့်ကာ အပြစ်ကင်းစင်သော အမူအရာဖြင့်ပြုံးပြလိုက်၏။
“နင်တို့လည်း ဆက်ပြီး စကားပြောကြပါ၊ ငါ့ကို ထည့်မတွက်နဲ့”
တစ်ရက်အကြာတွင် လေသင်္ဘော သည် တောင်တံခါးတစ်ခု၏ ရှေ့တွင် ရပ်တန့်သွားတော့သည်။ ရွှေတိမ်တိုက်ဂိုဏ်းသို့ ရောက်ရှိလာပြီ ဖြစ်သည်။