စုဝေးကြခြင်း
Vol. 52 Ch. 721
အပိုင်း ( ၇၂၁ ) : စုဝေးကြခြင်း
မဟူရာရေကန် အပြင်ဖက်၌
မဟူရာရေကန် အတွင်းပိုင်းမှ ထွက်ပေါ်လာသော စွမ်းအင်များနှင့် ပြောင်းလဲမှုများမှာ ပြင်ပကမ္ဘာသို့တိုင် ပျံ့နှံ့ရောက်ရှိသွားလေသည်။ အသက်ဓာတ်ကင်းမဲ့နေသော မဟူရာရေကန်မှာ ချက်ချင်းဆိုသလို ပြန်လည်စိမ်းစိုလှပလာခြင်းကြောင့် လူအများစုမှာ နားမလည်နိုင် ဖြစ်ကုန်ကြရသည်။ အချို့သော သစ်ဥသစ်ဖုများဆိုလျှင် ကြက်သီးထလောက်အောင်ပင် မျက်စိတမှိတ်အတွင်း အရွယ်ရောက် ရင့်သန်ကုန်ကြသည်အထိ ဖြစ်သည်။
အသက်ဓာတ် ကင်းမဲ့နေခဲ့သော မဟူရာရေကန်ကြီးမှာ နေ့ချင်းညချင်းပင် နေပြောက်ပင် ထိုးမရလောက်အောင် ထူထဲနေသော တောအုပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ရေတစ်မှုန်ပင် မရှိခဲ့သော ပတ်ဝန်းကျင်မှာ ယခုဆိုလျှင် ငွေရောင်ပိုးထည်များ လွင့်မျောနေသည့်အလား ရေခိုးရေငွေ့များနှင့် မြစ်ချောင်းအင်းအိုင်များ စီးဆင်းနေကြလေပြီ။
အရာအားလုံးမှာ အသက်ဓာတ်များဖြင့် ရွှန်းစိုလှပနေလျက် ရှိသည်။
မဟူရာရေကန် ဒေသအတွင်း ရှိနေကြသူများမှာ အိမ်မက်မက်နေသည်ဟုပင် ထင်မှတ်ကြရသည်အထိ ဖြစ်သည်။
ထို့အပြင် လေထုအတွင်းရှိ ချီစွမ်းအင်များမှာလည်း ဖြည်းညင်းစွာဖြင့် ပိုမိုသန့်စင်ကောင်းမွန်လာပြီး ၎င်းတို့ခန္ဓာကိုယ်အတွင်း ရပ်တန့်နေခဲ့သော ချီစွမ်းအင်အဆင့်များပါ တိုးတက်လာခဲ့သည်။
လူတိုင်းမှာ အံ့အားသင့်စရာကောင်းလွန်းသော ပြောင်းလဲမှုများအတွက် ရူးသွပ်ရတော့မလိုအထိပင် ဖြစ်ကုန်ရသည်။
အတိတ်ကာလများ၌ မဟူရာရေကန်ဒေသသည် အသက်ဓာတ် ကင်းမဲ့နေခဲ့သောကြောင့် ၎င်းဒေသရှိ ချီစွမ်းအင်များမှာလည်း အလွန်ပါးလွှာအားနည်းနေခဲ့သည်။ ထို့ကြောင့် ယင်းဒေသသည် လူအများ၏ စွန့်ပစ်ခံနယ်မြေတစ်ခု ဖြစ်ခဲ့ရသည်။
သို့သော် ယခုအခါတွင် ယင်းမဟူရာနယ်မြေမှာ ကောင်းချီးပေးခံထားရသော နယ်မြေဟု ဆိုရလောက်အောင်ပင် စိတ်ကူးယဉ်ချင်စဖွယ် လှပရွှန်းစိုနေလေသည်။
မဟူရာရေကန်ဒေသ၏ ပြောင်းလဲမှုအား လူအများမှ သတိထားမိခဲ့ပြီး နားမလည်နိုင်လောက်အောင် အံ့အားသင့်နေကြရသည်။
သို့သော် ပြောင်းလဲမှုများကြောင့် ၎င်းတို့အောင်ပွဲခံ ပျော်ရွှင်နေကြသော အချိန်မှာပင် မဟူရာရေကန် ကောင်းကင်ထက်ရှိ လေထုမှာ ပြင်းထန်စွာ တုန်ခါလာရသည်။ ထို့နောက် လေဟာနယ်များ ဖြစ်ပေါ်လာကာ အဆင့်မြင့်ကျင့်ကြံသူများ ထွက်ပေါ်လာကြလေသည်။
ထိုသို့အဆင့်မြင့်ကျင့်ကြံသူများ ရောက်ရှိလာခြင်းကြောင့် မဟူရာရေကန် ဒေသအတွင်းရှိသူများမှာ ပြင်းထန်သော စွမ်းအင်ဖိအားများအား ခံနိုင်ရည်မရှိပဲ ခန္ဓာကိုယ်များအားလုံး အေးစက်တောင့်တင်းသွားသလို ခံစားလိုက်ကြရသည်။
ရောက်ရှိလာသော အဆင့်မြင့်ကျင့်ကြံသူများထဲမှ တစ်ဦးတစ်ယောက်ချင်းစီသည် မဟူရာရေကန် တစ်ခုလုံးအား ဖျက်စီးပစ်နိုင်သည်အထိ ကြောက်မက်ဖွယ်ကောင်းကြသူများ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ထိုအဆင့်မြင့်ကျင့်ကြံသူများ၏ မျက်ဝန်းထဲတွင် ၎င်းတို့မှာ အရေးတယူရှိရန်ပင် မထိုက်တန်သော ပုရွက်ဆိတ်သာသာ အကောင်မျှသာ ဖြစ်လေသည်။ ထို့ကြောင့် ယင်းအဆင့်မြင့်ကျင့်ကြံသူများမှာ ၎င်းတို့အား အရေးပင်မစိုက်ပဲ မဟူရာရေကန် အတွင်းပိုင်းဒေသသို့ တစိုက်မတ်မတ် ဝင်ရောက်သွားကြသည်။
အဆင့်မြင့်ကျင့်ကြံသူများ အဆက်မပြတ် ရောက်ရှိလာနေသောကြောင့် ပတ်ဝန်းကျင် တစ်ခွင်လုံးမှာ သိမ့်သိမ့်တုန်နေလျက် ရှိသည်။ မဟူရာရေကန် ဒေသအတွင်းရှိသူများမှာလည်း ခေါင်းပင်မဖော်ရဲပဲ ဒူးထောက်ကာ အရိုအသေပေးနေရလေသည်။
အချိန်အတော်ကြာမြင့်ပြီးသည့်နောက်မှသာ အဆင့်မြင့်ကျင့်ကြံသူများ အဆက်မပြတ် ရောက်ရှိလာနေမှုမှာ အဆုံးသတ်သွားရသည်။ ထိုအချိန်မှသာ မဟူရာရေကန် အနီးတဝိုက်ရှိ သူများမှာလည်း ခေါင်းကိုမော့ကာ အနည်းငယ် ကြည့်ရှုရဲကြတော့သည်။
၎င်းတို့မှာ မဟူရာရေကန်ဒေသ၏ အတွင်းပိုင်းတွင် မည်သည့်အကြောင်းကိစ္စများ ဖြစ်ပေါ်နေသောကြောင့် အဆင့်မြင့်ကျင့်ကြံသူများစွာ ရောက်ရှိလာကြရသည်ကို နားမလည်နိုင် ဖြစ်နေကြရသည်။
.........
မဟူရာရေကန်၏ အတွင်းပိုင်း မိုးကြိုးလျှပ်စီးကန် အပေါ်ဖက်၌
လေဟာနယ်တစ်ခု ဖြစ်ပေါ်လာပြီးနောက် ပြင်းထန်လှသော စွမ်းအင်ဖိအားများနှင့်အတူ ပုံရိပ်အချို့ ထွက်ပေါ်လာကြသည်။
ထိုပုံရိပ်များအား ဦးဆောင်ထားလျက်ရှိသူမှာ မြင့်မြတ်သောနန်းတော်မှ နန်းဆောင်သခင် ရှန့်ယွမ် ဖြစ်သည်။
သူသည် မိုးကြိုးလျှပ်စီးကန်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် စိတ်ဝင်တစားဖြင့် စကားဆိုလိုက်သည်။ "ဒါက အရင်တုန်းက မိုးကြိုးအပြစ်ဒဏ် ခံထားရတဲ့ နယ်မြေမဟုတ်လား။"
"ဟားဟား....စိတ်ဝင်စားစရာပဲ။ ဒီနေရာက တော်ဝင်နန်းတော် ဖျက်စီးထားခဲ့ဖူးတဲ့နေရာပဲ။ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းက သူတော်စင်တံဆိပ်ပြားကို ဒီလိုနေရာမှာ လာဖွက်ထားလိမ့်မယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ။"
"ဒါပေမယ့်.....အဲ့အကြံအစည်တွေက အသုံးမဝင်တော့ပါဘူး။"
"ဒီအချိန်မှာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားက ပိုင်ရှင်အသစ်ရတော့မှာလေ။"
ထိုအချိန်မှာပင် လေဟာနယ်တစ်ခု ပေါ်ပေါက်လာပြီးနောက် ပြင်းထန်လှသော စွမ်းအင်ဖိအားများနှင့်အတူ သြဇာညောင်းလှသော အသံတစ်ခုအား ကြားလိုက်ရသည်။ "ရှန့်ယွမ်....မင်းက ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားနဲ့ ထိုက်တန်လို့လား။"
နန်းဆောင်သခင် ရှန့်ယွမ်မှ ပြုံးကာပြောလိုက်သည်။ "ကြည့်ရတာ ကန်ရွှမ်းကလန်လည်း ရောက်လာပြီပဲ။"
ကလန်ခေါင်းဆောင် ချင်းယန်မှာ အခြားသော တောင်ထွတ်ဆရာသခင်များအား ဦးဆောင်ထားလျက် ကောင်းကင်ထက်တစ်နေရာတွင် ရပ်လိုက်သည်။
ထို့နောက် အားပြင်းလွန်းလှသော ချီစွမ်းအင်များ ထွက်ပေါ်လာကာ ကောင်းကင်ထက်၌ တိမ်လွှာများစွာအား ဖြစ်ပေါ်သွားစေလေသည်။
"ဟားဟား....ဒီနေရာမှာ တော်တော်လူစည်နေတာပဲ။"
ထင်း…
ထိုအချိန်မှာပင် လေဟာနယ်မှာ ထပ်မံဆုတ်ဖြဲသွားပြီးနောက် ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ယင်းပုံရိပ် ထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်တစ်ခွင်လုံး၌ ဓားတစ်ချောင်း၏ မြည်ဟီးသံသဲ့သဲ့အား ကြားလိုက်ကြရသည်။
၎င်းပုံရိပ်မှာ ရိုးရှင်းသော အဝတ်အစားများအား ဆင်မြန်းထားလျက်ရှိသော အသက်ကြီးကြီး လူကြီးတစ်ယောက် ဖြစ်သည်။ သူ၏ အသွင်အပြင်မှာ အိုမင်းနေပြီဟု ထင်မှတ်ရပါသော်လည်း နတ်ဘုရားများကိုပင် သတ်ဖြတ်ပစ်နိုင်သော ရှေးဟောင်းဓားတစ်ချောင်းအလား သြဇာရှိလှသည့်ဟန်ပန် ရှိသည်။
ထိုလူကြီးနောက်မှ အခြားသော အဆင့်မြင့်ကျင့်ကြံသူတစ်စုလည်း လိုက်ပါလာသည်။
ယင်းလိုက်ပါလာသူများထဲတွင် ဇူယွမ် ယခင်က တွေ့ခဲ့ဖူးသော မြစ်ဝှမ်းအရှင်သခင် ယင်ရှောင်းလည်း ပါဝင်နေပေသည်။ ထို့ကြောင့် ယခုရောက်ရှိလာကြသည်မှာ ဓားလမ်းစဉ်ကလန်ပင် ဖြစ်သည်။
"ဖန်ဆင်းရှင် ဓားဦးသျှောင်သခင်..."
ကလန်ခေါင်းဆောင်ချင်းယန်မှ လူအိုကြီးအား အရိုအသေပြု နှုတ်ဆက်လိုက်သည်။
ဖန်ဆင်းရှင် ဓားဦးသျှောင်သခင်သည် ဓားလမ်းစဉ်ကလန်၏ အုပ်ချုပ်သူဖြစ်ပြီး မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းနှင့် မျိုးဆက်တူ ဖြစ်သည်။ သူ၏ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် အလွန်မြင့်မားလှပြီး မကြာခဏဆိုသလို သီးခြားကျင့်ကြံခြင်းများ ပြုလုပ်လေ့ရှိသောကြောင့် သာမန်အားဖြင့် ၎င်းအား မြင်တွေ့ရရန် ခဲယဉ်းလှသည်။ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြား ပေါ်ပေါက်လာသောအချိန်တွင် ဖန်ဆင်းရှင် ဓားဦးသျှောင်သခင်ပါ ရောက်ရှိလာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
ဓားလမ်းစဉ်ကလန် ရောက်ရှိပြီး မကြာမီမှာပင် လေဟာနယ်များ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာလျက် ပုံရိပ်များလည်း အဆက်မပြတ် ရောက်ရှိလာကြလေသည်။
"ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားက တစ်နေ့နေ့မှာ ပြန်ပေါ်လာမယ်လို့တောင် မထင်ထားမိဘူး။" ဆုတ်ပြဲသွားသော လေဟာနယ်အတွင်းမှ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းသော သူတစ်ယောက် ထွက်ပေါ်လာသည်။ ထိုသို့ တောင့်တင်းလှသော ခန္ဓာကိုယ်ပေါ်တွင် ရှေးဟောင်းအမှတ်အသားများ ရေးထွင်းထားလျက် ရှိသည်။ ၎င်းကြံ့ခိုင်သန်စွမ်းလှသော ပုံရိပ် ပေါ်ပေါက်လာသောအချိန်တွင် လေထုသည်ပင် သူ၏အလေးချိန်အား ခံနိုင်ရည် မရှိသည့်အလား ပြင်းထန်စွာ အက်ကွဲတုန်ခါသွားရသည်။
တစ်ဦးတစ်ယောက်၏ ပြင်ပခန္ဓာသန်မာမှုသည် အထွဋ်အထိပ်သို့ ရောက်ရှိသွားသည့်အခါ ထိုသို့လက္ခဏာမျိုး မြင်ရလေ့ရှိသည်။
သူ၏အသံမှာလည်း ကမ္ဘာကြီးကိုပင် ကွဲအက်သွားစေနိုင်လောက်အောင် ကျယ်လောင်စူးရှလှသည်။
ထိုကြီးမားလှသော ခန္ဓာကိုယ်နှင့်လူကြီးမှာ လေထုတုန်ခါအက်ကွဲနေသည်ကို သတိပြုမိသွားပြီးနောက် မျက်စိတမှိတ်စာမျှသော အချိန်အတွင်းမှာပင် သာမန်သက်လတ်ပိုင်းအရွယ် လူတစ်ဦးအဖြစ် ပြောင်းလဲလိုက်သည်။
သူ၏အသွင်အပြင်သည် ရိုးရှင်းလွန်းလှပြီး ခန္ဓာကိုယ်အား ရှေးဟောင်းအမှတ်အသားများဖြင့် ခြယ်သထားသော ရိုးသားသည့် သာမန်ကျင့်ကြံသူတစ်ဦးနှင့် ဆင်တူလေသည်။
သူသည် မြောက်ပိုင်းနဂါးပင်လယ်ခန်းမ၏ မြတ်သောအရှင် ကုကျင်းပင် ဖြစ်သည်။
ကုကျင်း ရောက်ရှိပြီး မကြာမီမှာပင် လေထုအတွင်း သင်းပျံ့ထုံမွှန်းလှသော ရနံ့တစ်ခု ပျံ့လွင့်လာသည်။ ထို့နောက် လေဟာနယ်အတွင်းမှ ကြီးမားလှသော ကြာဖူးတစ်ခု လွင့်မျောလာကာ ဖြည်းညင်းစွာ ပွင့်ဟလာလေသည်။ ယင်းကြာပန်းအတွင်းမှ အရောင်စုံသော ပိုးထည်အင်္ကျီဖြင့် ခြေဗလာရှိနေသော တုနှိုင်းမမှီ မိန်းမလှလေးတစ်ဦးအား မြင်တွေ့လိုက်ကြရသည်။
သူမသည် အလှပန်းတစ်ရာနန်းတော်၏ သခင်မ ရှမ့်ချင်းဇယ် ဖြစ်သည်။
ယင်းကြာပန်း၏ အနီးတွင် အဆုံးမဲ့သော အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်နေလျက် ရှိလေသည်။ ထိုအနက်ရောင် အခိုးအငွေ့များအတွင်းမှ ကျောချမ်းဖွယ်ကောင်းသော အသံတစ်ခုအား ကြားလိုက်ရသည်။ "ဟားဟား....ငါတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ကြတာ တော်တော်ကြာနေပြီနော်။ ဒါပေမယ့် သခင်မရှမ့်ကတော့ အရင်တုန်းကအတိုင်း လှနေတုန်းပဲ။ ကန်ရွှမ်းကောင်းကင်ဒေသရဲ့ နံပါတ်တစ် အလှဘုရင်မဆိုတဲ့ဂုဏ်နဲ့ တကယ်ထိုက်တန်ပါတယ်။"
အနက်ရောင် အခိုးအငွေ့များအတွင်းမှ အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုအား ဖြည်းညင်းစွာ မြင်တွေ့လိုက်ကြရသည်။ ထိုသူသည် အခိုးအငွေ့များအတွင်းမှ ပျံ့လွင့်နေသော ဝိဉာဉ်တစ်ခုအား ဆွဲယူကာ စားသုံးလိုက်လေသည်။ ထို့နောက် သူ၏ စိမ်းဖန့်ဖန့် မျက်ဝန်းများဖြင့် အလှပန်းတစ်ရာနန်းတော်၏ သခင်မအား ဆွဲဆွဲငင်ငင် ကြည့်ရှုလိုက်သည်။
သူသည် ကောင်းကင်တစ္ဆေကလန်၏ အရှင်သခင် လော့မိစ္ဆာပင် ဖြစ်သည်။
ကန်ရွှမ်းကောင်းကင်ဒေသရှိ အင်အားကြီးကလန်ကြီး ခြောက်ခုလုံး ဤနေရာသို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။
ထိုသည်သာမက အခြားသော အဆင့်မြင့်ကျင့်ကြံသူများလည်း အလျှိုအလျှို ရောက်ရှိလာကြလေသည်။
သို့သော် ထိုအဆင်မြင့်ကျင့်ကြံသူများမှာ မိုးကြိုးလျှပ်စီးကန်၏ ခပ်လှမ်းလှမ်း အကွာအဝေးမှသာ အခြေအနေအား စောင့်ကြည့်နေလျက် ရှိကြသည်။
ကန်ရွှမ်းကောင်းကင်ဒေသမှ ကိုးဆယ်ရာခိုင်နှုန်းသော အဆင့်မြင့်ကျင့်ကြံသူများမှာ မဟူရာရေကန်ဒေသ၌ စုဝေးရောက်ရှိနေကြသည်ဟုပင် ဆိုနိုင်သည်။
နန်းဆောင်သခင် ရှန့်ယွမ်မှာ စုဝေးရောက်ရှိနေကြသော အဆင့်မြင့်ကျင့်ကြံသူများအား ကြည့်ရှုလိုက်ပြီးနောက် ပြုံးကာပြောလိုက်သည်။ "မြင့်မြတ်သောနန်းတော်နဲ့ ကန်ရွှမ်းကလန် ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ အချိန်တည်းက ကန်ရွှမ်းကောင်းကင်ဒေသက သိပ်ပြီးမစည်ကားတော့တာကြာပြီ။"
"အခုတော့ ဒီမှာအားလုံးနီးပါး ရောက်နေကြတယ်ဆိုတော့ ခင်ဗျားတို့အကုန်လုံးလည်း ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားဆီက ထွက်လာတဲ့ စွမ်းအင်လှိုင်းကို အာရုံခံမိကြတယ်နဲ့တူတယ်။"
"ဟားဟား....ကျုပ်တို့အားလုံး ရည်ရွယ်ချက် တစ်ခုထဲအတွက် ရောက်နေကြတာဆိုတော့ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြား သူ့ဘာသာ ကိုယ်ထင်ပြတာကို ကြည့်ကြရအောင်။"
နန်းဆောင်သခင် ရှန့်ယွမ်မှာ မိုးကြိုးလျှပ်စီးကန်အား လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
ဘုန်း....
မိုးကြိုးလျှပ်စီးကန်မှာ ကြမ်းတမ်းစွာ တုန်ခါသွားရပြီးနောက် ဖြည်းညင်းစွာဖြင့် ကွဲအက်သွားရသည်။ ကန်အတွင်း ရှိနေသော ထူးခြားဆန်ကြယ်သည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်နေရာ လျှို့ဝှက်နေရာကို မြင်တွေ့လိုက်ကြရသည်။
လူတိုင်းမှာ ထိုနေရာအား အလျင်အမြန် ကြည့်ရှုလိုက်ကြသည်။
ထို့နောက် နန်းဆောင်သခင် ရှန့်ယွမ် အပါအဝင် ယင်းနေရာ၌ ရှိနေကြသော လူများအားလုံး အေးစက်တောင့်တင်းသွားရသည်။
အဘယ်ကြောင့်ဆိုသော် လူငယ်လေးတစ်ဦးမှ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ရယူနေသောကြောင့် ဖြစ်သည်။ ထိုလူငယ်လေးမှာလည်း စိတ်ရှုပ်ထွေးနေဟန်ဖြင့် ၎င်းတို့အား မော့ကြည့်လိုက်သည်။
ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား တစ်စုံတစ်ဦးမှ ရရှိပိုင်ဆိုင်သွားခဲ့ပြီလား........