သံသယ
Vol. 4 Ch. 34
ရွှမ်ယင်ဂိုဏ်း တပည့်များမှာ ကြောင်တောင်တောင် ဖြစ်သွားကြသည်။ အတွင်းစည်းတပည့် တစ်ယောက်တည်း သေတာကို ဒီလောက်အထိ အုတ်အော်သောင်းနင်း လုပ်ဖို့ လိုသလော။ သို့သော် ဤနေရာမှာ သူတစ်ပါးနယ်မြေ ဖြစ်သည့်အပြင် ‘အခြေခံတည်ဆောက်ခြင်းအဆင့်’ ကျင့်ကြံသူကိုလည်း မယှဉ်နိုင်သဖြင့် မေးသမျှကိုသာ ဖြေရန် ဆုံးဖြတ်လိုက်ကြသည်။
ထို့ကြောင့် ရွှမ်ယင်ဂိုဏ်း တပည့်များသည် အခန်းများထဲမှ လိမ္မာသယောင်ထွက်လာပြီး အစစ်ဆေးခံရန် စောင့်ဆိုင်းနေကြသည်။ အများစုမှာ ဝင်းထဲသို့ ရောက်ကတည်းက အပြင်မထွက်ကြသဖြင့် စစ်ဆေးမှုမှာ မြန်ဆန်လှ၏။ မကြာမီ လူအုပ်ထဲရှိ မုန့်ဝမ်၏အလှည့်သို့ ရောက်လာပေသည်။
ရွှေတိမ်တိုက်ဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ‘ကျူးယွီရှန်း’ သည် မုန့်ဝမ်ကို ဖောက်ထွက်မတတ် စူးစိုက်ကြည့်ကာ - “နင့်နာမည် ဘယ်သူလဲ? မနေ့က အပြင်ထွက်ခဲ့သေးလား?” ဟု မေးလိုက်သည်။
မုန့်ဝမ်က ရိုးရိုးသားသားပင် ပူးပေါင်းဆောင်ရွက်ပြလိုက်သည်။ “ကျွန်မနာမည် မုန့်ဝမ်ပါ။ မနေ့က တစ်ခေါက်တော့ အပြင်ထွက်ခဲ့ပါတယ်။ လမ်းလျှောက်ကြည့်ပြီးတာနဲ့ ပြန်လာခဲ့တာပါ”
‘မုန့်’ ဆိုတဲ့ မျိုးရိုးနာမည်လား?
ကျူးယွီရှန်းက မုန့်ဝမ်ကို အကဲခတ်သလို ထပ်ကြည့်ပြီးနောက် - “အပြင်ထွက်တုန်းက ဘာလုပ်ခဲ့လဲ? ဘယ်သူနဲ့ တွေ့ခဲ့လဲ? အမှန်အတိုင်းပြော!” ဟု ငေါက်လိုက်သည်။
မုန့်ဝမ်က အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် - “အပြင်ရောက်တော့ ဘာမှမလုပ်ပါဘူး။ ဒီတောင်က တောင်ကတုံးကြီးမှန်း သိသွားလို့ ခဏလျှောက်ကြည့်ပြီး ပြန်လာခဲ့တာပါ” ဟု ဖြေသည်။
မုန့်ဝမ်၏ကျင့်စဉ်မှာ ‘အခြေခံစွမ်းအင်အဆင့် ခုနစ်’ သာ ရှိသော်လည်း ကျူးယွီရှန်းက သူမကို အလွန်သံသယဝင်နေဆဲဖြစ်သည်။ ဤမိစ္ဆာကျင့်ကြံသူများတွင် ထူးဆန်းသော နည်းလမ်းပေါင်းစုံ ရှိကြရာ သူမက ကျင့်စဉ်အဆင့်ကို ဖုံးကွယ်ထားသလား မည်သူသိနိုင်မည်နည်း။
“ဟိုဘက်မှာ သွားရပ်နေ။ ငါ့အမိန့်မရဘဲ မလှုပ်နဲ့!”
မုန့်ဝမ်သည် သူမကိုယ်သူမ အဓိကသံသယဖြစ်ဖွယ်လူအဖြစ် သတ်မှတ်ခံလိုက်ရမှန်း သိလိုက်သည်။ သို့သော် သူမ ဘာမှမပြောဘဲ အေးအေးဆေးဆေးပင် သွားရပ်နေလိုက်သည်။ စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရာ မနေ့က အပြင်ထွက်ခဲ့သူအားလုံးမှာ သံသယရှိသူများအဖြစ် သတ်မှတ်ခံရသည်။
လူအားလုံးကို စစ်ဆေးပြီးနောက် ကျူးယွီရှန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ဂိုဏ်းငါးခု ညီလာခံကို တက်ရောက်မယ့် တပည့် ၃၂ ယောက် ရှိရမှာကို အခု ဒီမှာ ၃၁ ယောက်ပဲ ရှိတယ်။ ကျန်တဲ့တစ်ယောက် ဘယ်မှာလဲ?”
တစ်ယောက်က ပြန်ဖြေသည်။ “စီနီယာအစ်ကို ဝူယဲ့က မနေ့က ထွက်သွားကတည်းက ပြန်မလာသေးဘူးခင်ဗျ”
ဝူယဲ့... ကျူးယွီရှန်း၏မျက်ဝန်းများ နက်မှောင်သွားသည်။ ထိုနာမည်ကို သူ ကြားဖူးသည်။ ထိုသူမှာ ‘ကုချီ’ နှင့်အမျှ နာမည်ကြီးသူဖြစ်ပြီး ဤညီလာခံတွင် ပထမဆုရရန် ရေပန်းစားသူတစ်ဦး ဖြစ်သည်။
ကျူးယွီရှန်းက သတင်းပို့တံဆိပ်ကို ထုတ်ယူကာ အမိန့်ပေးလိုက်သည်။
“မိစ္ဆာကျင့်ကြံသူဝူယဲ့ကို ရွှေတိမ်တိုက်ဂိုဏ်း နယ်မြေအတွင်း ဖမ်းဆီးဖို့ အမိန့်ထုတ်လိုက်စမ်း။ အကယ်လို့ သူက ခုခံရင် ထိုနေရာတင် ကွပ်မျက်လိုက်...”
သူ စကားမဆုံးမီမှာပင် ပြင်းထန်သော ဝိညာဉ်စွမ်းအင်တစ်ခုက သူ၏လက်ထဲမှ သတင်းပို့တံဆိပ်ကို လာရောက်ရိုက်ခတ်ပြီး သတင်းစကားကို ဖြတ်တောက်လိုက်သည်။
“ကျူးယွီရှန်း... မင်း လုပ်ရပ်က သိပ်မတင့်တယ်ဘူးနော်။ ငါတို့ ခဏမရှိခိုက်မှာ ငါ့ရဲ့ ရွှမ်ယင်ဂိုဏ်း တပည့်ကို လက်ဖျားနဲ့ ထိဖို့ ကြံနေတာလား?”
ရောက်ရှိလာသူမှာ အပြာနုရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ရွှမ်ယင်ဂိုဏ်း မှ ‘ပိရွှေနတ်သမီး’ ပင် ဖြစ်သည်။ သူမ၏နောက်တွင် ရွှယ်လျန်ကျိ၊ ချီယန်ကျိနှင့် ဟေးရှန်းတို့ အတူတူ ရောက်ရှိလာကြပြီး ကျူးယွီရှန်းကို အရှိန်အဝါဖြင့် ဖိအားပေးလိုက်ကြသည်။
ကျူးယွီရှန်း၏ မျက်နှာ ပျက်သွားသည်။ “ငါ့ဂိုဏ်းရဲ့ အတွင်းစည်းတပည့် တစ်ယောက် အသတ်ခံလိုက်ရလို့ ငါ စုံစမ်းနေတာ။ ဝူယဲ့ကသာ လိမ္မာပါးနပ်စွာပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ငါ သူ့ကို အခက်တွေ့အောင် လုပ်မှာ မဟုတ်ဘူး”
ပိရွှေနတ်သမီးက လှောင်ပြုံးပြုံးလိုက်သည်။
“ဟက်... အမှန်တရားက ဘာလဲဆိုတာ မင်းပါးစပ်က ထွက်သမျှ ဖြစ်နေမှာပဲ။ ငါတို့ဂိုဏ်းသားကို မင်းက တမင်တကာ စွပ်စွဲပြီး အပြစ်ပုံချမလားဆိုတာ ဘယ်သူသိမှာလဲ?”
ကျန်ရှိသူများကလည်း ဝင်ပြောကြသည်။ “ဟုတ်တယ်။ မင်းတို့ ရွှေတိမ်တိုက်ဂိုဏ်းက တပည့်သေတာ မင်းတို့ကိစ္စပဲ။ ငါတို့ ရွှမ်ယင်ဂိုဏ်း ကိုသာ လက်လှမ်းလာရင်တော့ ငါတို့ကလည်း အားနာနေမှာ မဟုတ်ဘူး!”
ကျူးယွီရှန်း အနည်းငယ် နောင်တရသွား၏။ သူသည် အခွင့်အရေးကို အသုံးချကာ ဝူယဲ့ကို သတ်ပစ်ရန် ကြံစည်ခဲ့သော်လည်း ရွှမ်ယင်ဂိုဏ်း မှ လူများမှာ ထင်ထားသည်ထက် စောစီးစွာ ရောက်ရှိလာခဲ့သည်။
သူက အေးစက်စွာ ပြောလိုက်သည်။ “ငါက အမှန်တရားကိုပဲ သိချင်တာ။ ဘာပဲဖြစ်ဖြစ် မင်းတို့ ရောက်လာပြီးမှ ငါ့ဂိုဏ်းသား သေသွားတာလေ”
“စကားကလည်း ထူးဆန်းလိုက်တာ။ အဲဒီတော့ မင်းတို့ ရွှေတိမ်တိုက်ဂိုဏ်းမှာ ခွေးတစ်ကောင် သေရင်တောင် ငါတို့ ရွှမ်ယင်ဂိုဏ်း ကို အပြစ်ပုံချတော့မှာလား?”
ပိရွှေနတ်သမီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ဒါကို ငါတို့တပည့် လုပ်တယ်ဆိုတဲ့ သက်သေရှိလား? သက်သေမပြနိုင်ရင် အခုချက်ချင်း ထွက်သွားလိုက်တော့”
ကျူးယွီရှန်း မျက်မှောင်ကြုတ်ကာ တစ်ခုခု ပြောရန်ပြင်စဉ် သူ၏ သတင်းပို့တံဆိပ်မှာ တုန်ခါလာသည်။ သတင်းကို နားထောင်ပြီးနောက် သူ၏ အကြည့်မှာ မုန့်ဝမ်ထံသို့ ချက်ချင်း ရောက်သွားသည်။
“နင်က မုန့်ဝမ်လား? နင်က မုန့်ကျွင်းရှင်းရဲ့ ညီမလား?”
မုန့်ဝမ်သည် ဇဝေဇဝါ ဖြစ်သွားဟန်ဖြင့် ရွှယ်လျန်ကျိကို လှည့်ကြည့်လိုက်သည်။ ရွှယ်လျန်ကျိ၏ ခွင့်ပြုချက် ရပြီးနောက်မှ သူမက - “ကျွန်မမှာ မုန့်ကျွင်းရှင်းဆိုတဲ့ အစ်ကိုတစ်ယောက် ရှိတာတော့ မှန်ပါတယ်” ဟု ဖြေလိုက်သည်။
“ဒါတောင် နင်က အပြစ်မရှိဘူးလို့ ပြောရဲသေးတယ်ပေါ့!”
ကျူးယွီရှန်းသည် ပြင်းထန်သော အရှိန်အဝါများကို ထုတ်ဖော်ကာ မုန့်ဝမ်ကို ဖိနှိပ်လိုက်သည်။ “မုန့်ကျွင်းရှင်းကို နင် သတ်လိုက်တာ မဟုတ်လား?”
မုန့်ဝမ်သည် ဒူးထောက်ကျသွားပြီး နှာခေါင်းနှင့် ပါးစပ်မှ သွေးများ ထွက်လာသော်လည်း သူမ၏ မျက်ဝန်းများမှာ အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။
“မုန့်ကျွင်းရှင်းက တကယ်ပဲ သေသွားပြီလား? ဟားဟား... တကယ်ကို ဝမ်းသာစရာပဲ!”
ကျူးယွီရှန်း ဒေါသပိုထွက်သွားပြီး ဆက်လက် စစ်ဆေးရန်ပြင်စဉ် လူရိပ်တစ်ခုက ကာဆီးလိုက်သည်။
“တော်တော့!”
၎င်းမှာ ရွှယ်လျန်ကျိပင် ဖြစ်သည်။ ရွှမ်ယင်ဂိုဏ်းထဲမှာပင် သူမ၏လူကို ဘယ်သူမှ စော်ကားခွင့် မပေးထားရာ ရွှေတိမ်တိုက်ဂိုဏ်းမှာ ဆိုလျှင်တော့ ပို၍ပင် ခွင့်လွှတ်မည် မဟုတ်ပေ။
“ကျူးယွီရှန်း... ငါ့လူကို လက်ဖျားနဲ့ ထိရဲတယ်ဆိုတော့ မင်း ငါနဲ့ တိုက်ချင်နေတာလား?”
ကျူးယွီရှန်း၏မျက်ဝန်းထဲတွင် စိုးရိမ်စိတ် အနည်းငယ် ဖြတ်ပြေးသွားသော်လည်း မုန့်ဝမ်ကို လွှတ်ပေးရန် ဝန်လေးနေသည်။
“သူ ဝန်ခံတာ မင်းမကြားဘူးလား? သူက သေသွားတဲ့ ငါ့တပည့်ရဲ့ ညီမဖြစ်ပြီး သူတို့ကြားမှာ ရန်ငြိုးကြီးကြီးမားမား ရှိနေတာ!”
ရွှယ်လျန်ကျိက စိတ်မရှည်စွာဖြင့် - “ကျင့်ကြံရေးလောကမှာ ရန်ငြိုးရှိတဲ့လူတွေ အများကြီးပဲ။ မုန့်ဝမ် သတ်တယ်ဆိုတဲ့ သက်သေရှိရင်တော့ မင်း ကြိုက်သလို စီရင်နိုင်တယ်။ ဒါပေမဲ့ သက်သေမရှိဘဲ ငါ့ ရွှမ်ယင်ဂိုဏ်း တပည့်ကို ထပ်ပြီး တိုက်ခိုက်ဦးမယ်ဆိုရင်တော့ ငါ ရွှယ်လျန်ကျိနဲ့ ရန်ဖြစ်ဖို့သာ ပြင်ထားလိုက်တော့!”
ကျူးယွီရှန်းမှာ မကျေမနပ် ဖြစ်နေမိသည်။ မုန့်ကျွင်းရှင်းမှာ သူ၏ ကျင့်ကြံရေးဂူထဲတွင် ‘ရွှေမီးလုံး’ ပေါက်ကွဲပြီး သေဆုံးသွားခြင်း ဖြစ်သည်။ သူ သေပြီးနောက် အရိုးစပင် ရှာမရတော့ရာ သက်သေက ဘယ်မှာ သွားရှာရပါမည်နည်း?
ကျူးယွီရှန်း စကားမပြောနိုင်သည်ကို မြင်သောအခါ ရွှယ်လျန်ကျိ၏ မျက်ဝန်းထဲတွင် ကောက်ကျစ်သောအရိပ်အယောင်များက ဖြတ်ပြေးသွားသည်။
“သက်သေမရှိဘဲ စွပ်စွဲတာလား? ငါ့တပည့်ကို အကြောင်းမဲ့ ဒဏ်ရာရအောင် လုပ်တဲ့ကိစ္စကို ဒီအတိုင်း အလွယ်တကူ ကျေအေးပေးမှာ မဟုတ်ဘူး!”
ကျူးယွီရှန်းက စိတ်ပျက်လက်ပျက်ဖြင့် - “မုန့်ဝမ်နဲ့ မုန့်ကျွင်းရှင်းမှာ ရန်ငြိုးရှိသလို၊ သူမရဲ့ မနေ့က သွားလာမှုတွေကလည်း သံသယဖြစ်စရာ ကောင်းနေတယ်...”
သူ စကားမဆုံးမီ ရွှယ်လျန်ကျိက ကြားဖြတ်ပြောလိုက်သည်။
“မင်းတို့ ရွှေတိမ်တိုက်ဂိုဏ်းက ‘သက်သေမရှိရင် အပြစ်မရှိဘူး’ ဆိုတဲ့ မူဝါဒကို ကိုင်စွဲထားတာ မဟုတ်လား? ငါတို့ ရွှမ်ယင်ဂိုဏ်းကျမှ ဘာလို့ စံနှုန်းတွေ ပြောင်းသွားတာလဲ? မင်း ငါတို့ကို တမင်တကာ အခက်တွေ့အောင် လုပ်နေတာပဲ!”
ကျူးယွီရှန်း ဒေါသထွက်သော်လည်း သံသယသက်သက်ဖြင့် မုန့်ဝမ်ကို အပြစ်ပေးရန် မဖြစ်နိုင်မှန်း သူ သိလိုက်သည်ပင်။
“ဟက်... အမှန်တရားအတွက် ငြင်းခုံနေစရာ မလိုပါဘူး။ မတရားမှုတွေ အများကြီး လုပ်တဲ့လူတွေဟာ နောက်ဆုံးမှာတော့ ပျက်စီးခြင်းနဲ့ပဲ ရင်ဆိုင်ရမှာပါ။ မင်းတို့ မိစ္ဆာကျင့်ကြံသူတွေလည်း တစ်နေ့နေ့မှာ ဝဋ်လည်ဦးမှာပါ….!”
ကျူးယွီရှန်းက ထိုသို့ပြောပြီး မကျေမနပ် ထွက်သွားသည်ကို ကြည့်ကာ ရွှယ်လျန်ကျိ ဒေါသထွက်သွား၏။
“ငါ့လူကို ဒဏ်ရာရအောင် လုပ်ပြီး ကျိန်ဆဲသွားသေးတယ်ပေါ့။ ကျူးယွီရှန်း... အခုချက်ချင်း ရပ်လိုက်စမ်း!”
“တော်ပါတော့၊ သူ့ကို ပြန်မခေါ်နဲ့တော့”
ပိရွှေနတ်သမီးက ရွှယ်လျန်ကျိကို တားလိုက်သည်။ “ဒါက ရွှေတိမ်တိုက်ဂိုဏ်း နယ်မြေပဲလေ၊ အေးအေးဆေးဆေး နေပါဦး”
ရွှယ်လျန်ကျိက မျက်စောင်းထိုးလိုက်ပြီး မုန့်ဝမ်ထံသို့ ဆေးလုံးပုလင်းတစ်လုံး ပစ်ပေးလိုက်သည်။ ထို့နောက် လူတိုင်းကို အားပေးစကား အနည်းငယ်ပြောကာ ပိရွှေနတ်သမီးတို့နှင့်အတူ ထွက်ခွာသွားကြသည်။ မုန့်ကျွင်းရှင်းကို မုန့်ဝမ် သတ်လိုက်သလား ဆိုသည်မှာ ရွှမ်ယင်ဂိုဏ်း မှ ဤ ‘အခြေခံတည်ဆောက်ခြင်းအဆင့်’ ကျင့်ကြံသူများအတွက် အရေးမကြီးပေ။
မုန့်ဝမ်သည် ဆေးလုံးပုလင်းကို ဆုပ်ကိုင်ထားရင်း ဤအခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိလိုက်သည်။ ရွှေတိမ်တိုက်ဂိုဏ်းက သက်သေမပြနိုင်သရွေ့ သူမကို ဘာမှလုပ်နိုင်မည် မဟုတ်ချေ။