နောက်ကွယ်မှ လက်မဲကြီး
Vol. 4 Ch. 35
မုန့်ဝမ်သည် ဆေးပုလင်းကို ဖွင့်ကြည့်လိုက်ရာ ရွှယ်လျန်ကျိက သူမကို ‘အဆင့်မြင့် သွေးစွမ်းအင်ဆေးလုံး’ တစ်ပုလင်း ပေးထားမှန်း သိလိုက်ရသဖြင့် သူမ၏ စိတ်အခြေအနေမှာ ပို၍ပင် ကောင်းမွန်သွားတော့သည်။ မုန့်မိသားစုဝင် အားလုံးကို မသတ်နိုင်သေးသော်လည်း သူမသည် ထိုပန်းတိုင်သို့ရောက်ရန် ဆက်လက် ကြိုးစားသွားမည်သာ ဖြစ်သည်။
မုန့်ဝမ် စိတ်ကြည်လင်နေသော်လည်း အခြားသော မုန့်မိသားစုဝင်များမှာမူ အလွန်ပင် စိတ်မသက်မသာ ဖြစ်နေကြပြီး အထူးသဖြင့် မုန့်ချင်းရွှယ် ဖြစ်သည်။ မုန့်ကျွင်းရှင်း သေဆုံးသွားပြီဖြစ်ရာ သူမအနေဖြင့် သူမ၏အစ်ကို မုန့်ချင်းစုန်းကို မည်သို့ မျက်နှာပြရမည်နည်း။
မုန့်ချင်းရွှယ်သည် ကျူးယွီရှန်းကို ကြည့်ကာ ရှိုက်ကြီးတငင် ပြောလိုက်သည်။
“စီနီယာအစ်ကို ကျူး... ကျွင်းရှင်းကို အဲဒီမိစ္ဆာမ မုန့်ဝမ် သတ်လိုက်တာ သေချာပါတယ်။ ကျွန်မကို ယုံပါ! အစ်ကို့ရဲ့ ဒန်ထျန်(ဝိညာဉ်ဗဟိုချက်)ကိုလည်း အဲဒီမိစ္ဆာမကပဲ ဖျက်ဆီးခဲ့တာပါ။ အခု သူမက မိစ္ဆာကျင့်ကြံသူ ဖြစ်သွားပြီဆိုတော့ သူမရဲ့ နည်းလမ်းတွေက ပိုပြီးတော့တောင် ရက်စက်လာမှာပါ!”
ကျူးယွီရှန်းက သက်ပြင်းချလိုက်သည်။
“ဂျူနီယာညီမလေး... ငါ မင်းကို မယုံတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဂျူနီယာတူလေး ကျွင်းရှင်းကို သတ်သွားတဲ့သူက လက်စလက်န သိပ်သေလွန်းတယ်။ သက်သေမရှိဘဲ ငါ့သဘောနဲ့ငါ သူမကို အပြစ်ပေးလို့ မရဘူးလေ၊ ဟုတ်တယ်မလား?”
မုန့်ချင်းရွှယ်၏ မျက်ဝန်းတွင် မျက်ရည်များ ဝဲလာသည်။ သူမသည် ‘အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း’ သာ ရှိသေးသဖြင့် ထိုမိစ္ဆာကျင့်ကြံသူများကို မယှဉ်နိုင်ပေ။
“ဒါဆို ကျွန်မက တူလေးကို သတ်သွားတဲ့ လူသတ်သမား လွတ်မြောက်နေတာကို ဒီအတိုင်းပဲ ထိုင်ကြည့်နေရမှာလား?”
“နည်းလမ်းမရှိတာတော့ မဟုတ်ပါဘူး”
ကျူးယွီရှန်းက ခဏမျှ စဉ်းစားပြီးနောက် - “သဘက်ခါမှာ ဂိုဏ်းငါးခု ညီလာခံ စတော့မယ်။ မုန့်ဝမ်ကလည်း ဒီညီလာခံမှာ ပါဝင်ဖို့ စာရင်းသွင်းထားတာဆိုတော့၊ သူမကို သေတွင်းထဲ ပို့ပေးနိုင်မယ့် အစွမ်းထက်တဲ့ ပြိုင်ဘက်တွေနဲ့ တွေ့အောင် ငါတို့ စီစဉ်ပေးလို့ရတယ်” ဟု ပြောလိုက်သည်။
မုန့်ချင်းရွှယ်၏ မျက်နှာတွင် အံ့သြဝမ်းသာမှုများ ပေါ်လာသော်လည်း ဇဝေဇဝါလည်း ဖြစ်သွား၏။
“ဒီလိုလုပ်တာက... စည်းကမ်းတွေကို ဖောက်ဖျက်ရာ မကျဘူးလား?”
ကျူးယွီရှန်းက လှောင်ပြုံးပြုံးကာ - “အဲဒီမိစ္ဆာခေါင်းဆောင်တွေက ငါတို့ကိုတောင် လာနှိမ်နေကြပြီပဲ၊ ဘာစည်းကမ်းတွေအကြောင်း ပြောနေဦးမှာလဲ?” ဟု ဆိုသည်။
အကယ်၍ ဤညီလာခံကို အခြားနေရာတွင် ကျင်းပခြင်းဖြစ်ပါက ဝင်ရောက်စွက်ဖက်ရန် ခက်ခဲနိုင်သော်လည်း ယခုမူ ရွှေတိမ်တိုက်ဂိုဏ်း က အိမ်ရှင်ဖြစ်နေသဖြင့် ဘာမှမခက်ခဲပေ။
“ညီမလေး စိတ်မပူပါနဲ့။ ဒီကိစ္စကို ငါ ကိုင်တွယ်ပါ့မယ်။ မုန့်ဝမ် သေမယ့်ရက်ကိုသာ စောင့်နေလိုက်တော့”
ကျူးယွီရှန်းထံမှ ထွက်လာပြီးနောက် မုန့်ချင်းရွှယ်သည် သူမ၏ ‘ကျင့်ကြံရေးဂူ’ သို့ မရောက်မီ လူရိပ်နှစ်ဦးက တားဆီးလိုက်သည်။
“ဦးလေးကြီး... ဦးလေးငါး”
မုန့်ချင်းရွှယ်က ထိုနှစ်ဦးကို နှုတ်ဆက်လိုက်သည်။ ဦးလေးငါးဖြစ်သူ မုန့်ယွမ်ဖုန်းက စိတ်အားထက်သန်စွာ ဖြတ်မေးလိုက်သည်။
“ချင်းရွှယ်... စီနီယာအစ်ကို ကျူးက ဘာပြောလဲ? အဲဒီမိစ္ဆာမ မုန့်ဝမ်က ဝန်ခံပြီး ပြစ်ဒဏ်ပေးခံရပြီလား?”
မုန့်ချင်းရွှယ်က ခေါင်းခါပြလိုက်သည်။ “စီနီယာအစ်ကို ကျူးက သက်သေမရှိလို့ မုန့်ဝမ်ကို အပြစ်ပေးလို့ မရဘူးလို့ ပြောပါတယ်”
မုန့်ယွမ်ဖုန်း၏ မျက်မှောင်များမှာ တင်းကြပ်စွာ ကြုတ်သွားသည်။
“သက်သေမရှိဘူး ဟုတ်လား? ဒါက သိသာလွန်းနေတာပဲ၊ အဲဒီမိစ္ဆာမ မုန့်ဝမ် လက်ချက်ပဲ ဖြစ်ရမယ်။ သူမက သူမရဲ့ ဖခင်အရင်းကိုတောင် လုပ်ကြံရဲတာဆိုတော့၊ အစ်ကိုဖြစ်သူကို သတ်ဖို့ဆိုတာ သူမအတွက် ဘာမှမဟုတ်ဘူး!”
ဦးလေးကြီးဖြစ်သူ မုန့်ယွမ်ရှီးက မုန့်ယွမ်ဖုန်းကို ခေါင်းခါပြလိုက်ကာ - “ဒီနေရာက စကားပြောဖို့ နေရာမဟုတ်ဘူး။ ချင်းရွှယ်ရဲ့ ကျင့်ကြံရေးဂူကို အရင်သွားကြစို့” ဟု ဆိုသည်။
ကျင့်ကြံရေးဂူထဲသို့ ရောက်သောအခါ မုန့်ချင်းရွှယ်က ကျူးယွီရှန်း၏ အစီအစဉ်ကို ပြောပြလိုက်သည်။ မုန့်ယွမ်ဖုန်း၏ အမူအရာမှာ အနည်းငယ် ပြေလျော့သွားပြီး - “ငါသိသားပဲ၊ ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး။ ကျွင်းရှင်းက အလကား မသေစေရဘူး!” ဟု ပြောသည်။
သို့သော် မုန့်ယွမ်ရှီးမှာမူ သူ့လောက် စိတ်မချနိုင်ဘဲ - “မုန့်ဝမ်က အခြေခံစွမ်းအင်အဆင့်ပဲ ရှိသေးပေမဲ့ သူမက အကွက်ချတာ တော်သလို လှည့်ကွက်တွေလည်း များတယ်၊ ပေါ့ပေါ့ဆဆ တွက်လို့မရဘူး!” ဟု ဆိုသည်။
မုန့်ယွမ်ရှီး၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားပြီး သူ၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိနေပြီးသား ဖြစ်သည်။ မုန့်ဝမ်ဆိုသည့် အမျိုးသမီးကို သူမ အားနည်းနေစဉ်မှာပင် အပြတ်ရှင်းပစ်ရမည်။
ဂိုဏ်းငါးခု ညီလာခံ စတင်သည့်နေ့တွင် မုန့်ဝမ်သည် ရွှမ်ယင်ဂိုဏ်း အဖွဲ့နှင့်အတူ ပြိုင်ပွဲကွင်းသို့ လိုက်ပါလာခဲ့သည်။ ထိုအချိန်မှာပင် ဤညီလာခံ၌ ပါဝင်မည့် ဂိုဏ်းအသီးသီးမှ တပည့်များမှာ တရားဝင် တွေ့ဆုံကြတော့သည်။
လူအားလုံးထဲတွင် အာရုံစိုက်ခြင်း အခံရဆုံးမှာ မျောလွင့်နန်းတော် မှ လူများပင် ဖြစ်သည်။ အထူးသဖြင့် အရှေ့ဆုံးမှ အမျိုးသမီးမှာ သူမ၏ မျက်နှာကို ပါးလွှာသော ပိတ်စဖြင့် ဖုံးအုပ်ထားသော်လည်း သူမ၏ လှပမှုကိုမူ မဖုံးကွယ်နိုင်ပေ။ သူမမှာ ‘ယွမ်ယောင်နတ်သမီး’ ပင် ဖြစ်ချေသည်။
ရွှေတိမ်တိုက်ဂိုဏ်း၊ ထာဝရစိတ်ဝိညာဉ်ဂိုဏ်း နှင့် ရွှန်ထျန်းဓားဂိုဏ်း တို့မှ တပည့်များသည် မျောလွင့်နန်းတော် ဘက်သို့ အေးစက်တည်ငြိမ်သော အမူအရာများဖြင့် ကြည့်နေကြသော်လည်း သူတို့၏ လက်အင်္ကျီထဲမှ သတင်းပို့တံဆိပ်များမှာမူ မရပ်မနား တုန်ခါနေကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် ရွှမ်ယင်ဂိုဏ်း တပည့် အများစုမှာမူ အသိစိတ် ကပ်နေကြသည်။ အချိန်မရွေး အသက်ဆုံးရှုံးနိုင်သည့် ဤ ရွှမ်ယင်ဂိုဏ်း တပည့်များအတွက် အလှအပသည် အသုံးမဝင်သည့်အပြင် ဘေးဒုက္ခပင် သယ်ဆောင်လာနိုင်သည်။
မုန့်ဝမ်သည် အကြည့်ကို လွှဲလိုက်ပြီး ကျန်ရှိသော အရပ်သုံးမျက်နှာသို့ ကြည့်လိုက်သည်။ အခြားဂိုဏ်းသုံးခုမှ တပည့်များကို ခွဲခြားရ လွယ်ကူသည်။ ရွှန်ထျန်းဓားဂိုဏ်း က ဓားပုံစံ၊ ရွှေတိမ်တိုက်ဂိုဏ်း က ရွှေရောင်မင်္ဂလာတိမ်တိုက်ပုံစံနှင့် ထာဝရစိတ်ဝိညာဉ်ဂိုဏ်း ကမူ အစိမ်းရောင် ဝိညာဉ်သစ်ပင်ပုံစံ ဖြစ်၏။
ယခင်လေသင်္ဘောပေါ်တွင် ကြားခဲ့ရသော သတင်းများအရ မုန့်ဝမ်သည် ‘ယဲ့လင်လော့’၊ ‘ကုချီ’ နှင့် ‘ဖန်ဟန်’ တို့ကို မှတ်မိလိုက်သည်။ မုန့်ဝမ်က ကုချီကို ကြည့်လိုက်စဉ် သူက သူမ၏ အကြည့်ကို ခံစားမိသွားဟန်ဖြင့် အေးစက်သော အကြည့်တစ်ချက် ပြန်ဝေ့ကြည့်လိုက်သည်။ မုန့်ဝမ်သည် အကြည့်ကို အသာအယာပင် လွှဲလိုက်သော်လည်း သူမ၏ စိတ်ထဲတွင် ကုချီဆိုသော ထိုလူက သူမကို ပစ်မှတ်ထားနေသကဲ့သို့ ခံစားလိုက်ရသည်။
လာမည့် တိုက်ပွဲတွင် သူမသည် ကုချီနှင့် ရင်ဆိုင်ရမည်လား? မဲနှိုက်ရုံသက်သက်ဆိုပါက ကုချီနှင့် တွေ့ရန် အခွင့်အရေးမှာ အလွန်နည်းပါးသည်။ သို့သော် ဤညီလာခံကို ရွှေတိမ်တိုက်ဂိုဏ်း က အိမ်ရှင်အဖြစ် ကျင်းပနေခြင်းဖြစ်ရာ တစ်ခုခု လုပ်ချင်ပါက အလွန်လွယ်ကူလှသည်။
ဂိုဏ်းငါးခု ညီလာခံ စတင်ချိန်သို့ ရောက်သောအခါ ရွှေတိမ်တိုက်ဂိုဏ်း မှ ‘ရွှေအမြုတေအဆင့်’ လူကြီးတစ်ဦးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ကျူးယွီရှန်းသည် စင်ပေါ်သို့ တက်လာကာ ပြိုင်ပွဲစည်းကမ်းများကို ကြေညာလိုက်သည်။
“ထုံးစံအတိုင်း ဂိုဏ်းတစ်ခုစီက တပည့် ၃၂ ယောက်စီ စေလွှတ်ရမယ်။ အုပ်စု လေးစု ခွဲပြီးတော့ ကျန်တဲ့ ဂိုဏ်းလေးခုက တပည့်တွေနဲ့ ယှဉ်ပြိုင်ရမယ်။ ရှုံးတဲ့သူက ထွက်ရမှာဖြစ်ပြီး နိုင်တဲ့သူကတော့ ထိပ်ဆုံး ဆယ်ယောက် မရမချင်း နောက်တစ်ဆင့်ကို တက်လှမ်းသွားရမှာ ဖြစ်တယ်.......”