အစားထိုးခြင်း
Vol. 4 Ch. 36
ကျူးယွီရှန်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ဆက်လက်ပြောကြားသည်။
“ဒီညီလာခံဟာ အဓိကအားဖြင့် အချင်းချင်း ပညာဖလှယ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ယှဉ်ပြိုင်နေစဉ်အတွင်း တစ်ဖက်လူရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေမယ့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုတွေကို တားမြစ်ပါတယ်။ ပြိုင်ဘက်က အရှုံးပေးကြောင်း ပြောပြီးရင် ဆက်လက်တိုက်ခိုက်ခွင့် မရှိပါဘူး။ စည်းကမ်းဖောက်ဖျက်သူကို ပြိုင်ပွဲကနေ ထုတ်ပယ်မယ့်အပြင် ပြစ်မှုအခြေအနေအပေါ် မူတည်ပြီး အပြစ်ပေးသွားမှာ ဖြစ်တယ်”
စည်းကမ်းများကို အကျဉ်းချုံး ကြေညာပြီးနောက် ကျူးယွီရှန်းသည် တပည့်များကို အုပ်စုခွဲရန်အတွက် စင်ပေါ်တက်ကာ မဲနှိုက်ခိုင်းလိုက်သည်။ ရွှေတိမ်တိုက်ဂိုဏ်း က ပထမဆုံး မဲနှိုက်ပြီးနောက် ရွှန်ထျန်းဓားဂိုဏ်း၊ ထာဝရစိတ်ဝိညာဉ်ဂိုဏ်း တို့က အသီးသီး မဲနှိုက်ကြသည်။ နောက်ဆုံးတွင် မျောလွင့်နန်းတော် နှင့် ရွှမ်ယင်ဂိုဏ်း တို့၏ အလှည့်သို့ ရောက်လာသည်။
မုန့်ဝမ်သည် အခြားတပည့်များနှင့်အတူ စင်ပေါ်တက်သွားသည်။ သူမ အလှည့်ရောက်သောအခါ မဲတစ်စောင်ကို ပေါ့ပေါ့ပါးပါးပင် နှိုက်လိုက်ပြီး စင်ပေါ်မှ ဆင်းလာခဲ့သည်။ စင်အောက်ရောက်မှ မဲကို တိတ်တဆိတ် ဖွင့်ကြည့်လိုက်ရာ ထင်ထားသည့်အတိုင်း “ရွှေတိမ်တိုက်ဂိုဏ်း ကုချီ” ဟူသော စာလုံးကြီးငါးလုံးကို တွေ့လိုက်ရသည်။
“ဟမ့် ....... ဒီမဲနှိုက်တဲ့ နည်းလမ်းကတော့ နာမည်ကြီးဂိုဏ်းကြီးတွေရဲ့ လုပ်ရပ်နဲ့ တကယ်ကို လိုက်ဖက်ပါပေတယ်”
မုန့်ဝမ်သည် လက်ထဲမှ မဲကို ဆုပ်ကိုင်ထားရင်း ချဉ်းကပ်ရန် ပစ်မှတ်တစ်ခုကို ရှာဖွေလိုက်ရာ စီနီယာအစ်ကိုတစ်ဦးကို ချက်ချင်း တွေ့ရှိသွားသည်။
“စီနီယာအစ်ကို... အစ်ကို့ပြိုင်ဘက်က ဘယ်သူကျလဲဟင်?”
သူမ ပုခုံးပုတ်လိုက်သော ထိုစီနီယာအစ်ကိုက သူမကို သံသယဖြင့် ကြည့်ကာ နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး လက်ထဲမှ မဲကို တင်းတင်းဆုပ်ကိုင်ထားသည်။
“ဘာလို့ ငါက နင့်ကို ပြောပြရမှာလဲ?”
မုန့်ဝမ်က သက်ပြင်းချလိုက်သည်။ သူမ ရှေ့သို့ လှမ်းတက်လိုက်စဉ် လက်ကို မြှောက်ကာ ထိုစီနီယာအစ်ကို၏ ပုခုံးကို ပုတ်လိုက်ရာ သူ၏ လက်မောင်းမှာ အဆစ်ပြုတ်သွားပြီး မုန့်ဝမ်က သူ၏လက်ထဲမှ မဲကို တိုက်ရိုက် လုယူလိုက်သည်။
“အားးးး!!”
မုန့်ဝမ် ရွေးချယ်လိုက်သော ကံဆိုးသူ စီနီယာအစ်ကိုမှာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။ သူသည် အဆစ်ပြုတ်သွားသော လက်မောင်းကို ဂရုမစိုက်နိုင်တော့ဘဲ သူ၏မဲကို အလျင်အမြန် ပြန်လုရန် ကြိုးစားတော့သည်။
မုန့်ဝမ်မှာမူ အောင်မြင်စွာ လုယူပြီးနောက် နောက်သို့ ဆုတ်သွားနှင့်ပြီ ဖြစ်သည်။ သူ လိုက်လာသည်ကို မြင်သောအခါ ကုချီ၏ မဲကို သူ့ထံသို့ တိုက်ရိုက် ပစ်ပေးလိုက်သည်။
“ရော့... ဒါက အစ်ကို့အတွက်”
ထိုသူသည် သူ့ကိုယ်ပေါ်သို့ ကျလာသော မဲကို မသိစိတ်ဖြင့် ဖမ်းလိုက်သည်။ မဲပေါ်မှ စာလုံးများကို မြင်လိုက်ရသောအခါ သူ၏ မျက်စိရှေ့မှာ မှောင်အတိ ကျသွားပြီး သွေးလေများပင် ဆူပွက်လာတော့သည်။ ဂိုဏ်းသားချင်း လာချဉ်းကပ်တာ ဘယ်တော့မှ မကောင်းမှန်း သူ သိထားသင့်သည်။
သူ အတော်လေး သတိထားခဲ့သည့်တိုင်အောင် သားကောင် ဖြစ်သွားခဲ့ရပြီ။ သူ၏ အစွမ်းကို သူ ဘယ်လောက်ပင် ယုံကြည်မှု ရှိပါစေ၊ စီနီယာအစ်ကို ဝူယဲ့နှင့်အမျှ နာမည်ကြီးသည့် ကုချီကို အနိုင်ယူနိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။
“မုန့်... ဝမ်!”
“ဂျွတ်ခနဲ” အသံနှင့်အတူ ထိုကံဆိုးသူ စီနီယာအစ်ကိုသည် သူ၏ လက်မောင်းကို ခက်ထန်သော မျက်နှာပေးဖြင့် ပြန်ဆက်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် မုန့်ဝမ်ကို စိုက်ကြည့်နေသည်။ ဒီနေ့တော့ သူ ‘သွေးကျိန်စာအတတ်’ ရဲ့ ကျိန်ဆဲခြင်းကို ခံရရင်ခံရပါစေ၊ မုန့်ဝမ်ကို သင်ခန်းစာ ပေးရမှ ဖြစ်တော့မည်!
လူအုပ်နောက်တွင် ပုန်းနေသော မုန့်ဝမ်သည် သူမ နာမည်ခေါ်သံ ကြားမှ ခေါင်းလေးပြူထွက်လာပြီး အပေါ်သို့ ရိုးရိုးသားသား လက်ညှိုးထိုးပြလိုက်သည်။
“စီနီယာအစ်ကို... တိုက်ပွဲက စနေပြီလေ။ စီနီယာအစ်ကို ကုက အစ်ကို့ကို စင်ပေါ်မှာ စောင့်နေတယ်နော်”
ထိုကံဆိုးသူ စီနီယာအစ်ကို နောက်သို့ လှည့်ကြည့်လိုက်ရာ စင်ပေါ်တွင် မရင်းနှီးသော မျက်နှာနှစ်ဦးကို မြင်လိုက်ရသဖြင့် သူ နောက်တစ်ကြိမ် လှည့်စားခံလိုက်ရမှန်း သိလိုက်သည်။ သူ မုန့်ဝမ်ကို ပြန်ပြီး ပြဿနာရှာရန် ကြည့်လိုက်ချိန်တွင် သူမ၏ အရိပ်အယောင်ကိုပင် ရှာမတွေ့တော့ပေ။
စီနီယာအစ်ကိုတစ်ဦးကို စနောက်ပြီးနောက် မုန့်ဝမ်သည် တန်ဖိုးကြီး ဝတ်ရုံတစ်ခုကို ခြုံလိုက်ကာ မျောလွင့်နန်းတော် အဖွဲ့ထဲသို့ ရောနှောဝင်ရောက်သွားပြီး တိုက်ပွဲများကို ကြည့်ရှုနေဟန် ဆောင်လိုက်သည်။ မဲနှိုက်ပြီး ပြိုင်ဘက် သတ်မှတ်ပြီးပါက ပြိုင်ဘက်နှစ်ဦးထဲမှ တစ်ဦးဦး စင်ပေါ်တက်လာလျှင် ကျန်တစ်ဦးက စိန်ခေါ်မှုကို လက်ခံရမည် ဖြစ်သည်။ မဟုတ်ပါက ရှုံးနိမ့်ကြောင်း သတ်မှတ်ခြင်း ခံရမည်။
လက်ရှိတွင် ရွှေတိမ်တိုက်ဂိုဏ်း နှင့် ထာဝရစိတ်ဝိညာဉ်ဂိုဏ်း မှ တပည့်နှစ်ဦး ယှဉ်ပြိုင်နေကြသည်။ ထိုနှစ်ဦးမှာ သူတို့၏ ကျင့်စဉ်များကို ထုံးစံအတိုင်းပင် အသုံးပြုနေကြရာ မုန့်ဝမ်မှာ အနိုင်အရှုံး မပေါ်မချင်း ငိုက်မြည်းလုနီးပါး ဖြစ်သွားရသည်။
ထိုနှစ်ဦး စင်ပေါ်မှ ဆင်းသွားပြီးနောက် ရွှေတိမ်တိုက်ဂိုဏ်း ဘက်မှ အနက်ရောင်ဝတ် လူငယ်တစ်ဦး ထွက်ပေါ်လာပြီး စင်ပေါ်သို့ လှမ်းတက်လာသည်။
“စီနီယာအစ်ကို ကုချီ ပါလား! ပထမဆုံးအကျော့မှာတင် စီနီယာအစ်ကို ကုချီနဲ့ တွေ့ရတဲ့သူကတော့ တကယ့်ကို ကံဆိုးတာပဲ၊ ဟားဟား!”
“စီနီယာအစ်ကို ကုက အသက်ရှူ သုံးကြိမ်အတွင်း တိုက်ပွဲကို အဆုံးသတ်နိုင်မလားဆိုတာ ဝိညာဉ်ကျောက်တုံး ငါးတုံးနဲ့ ငါ လောင်းတယ်”
“ငါကတော့ ပြိုင်ဘက်က အစွမ်းထက်တဲ့သူ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။ ဒါမှလည်း စီနီယာအစ်ကို ကုရဲ့ အရည်အချင်းကို မြင်ရမှာလေ”
ကုချီသည် စင်ပေါ်သို့ လှမ်းတက်လိုက်ပြီးနောက် သူ၏ အကြည့်မှာ ရွှမ်ယင်ဂိုဏ်း ဘက်သို့ အေးစက်စွာ ဝေ့ကြည့်လိုက်သည်။ ဦးလေးလေး ကျူးက သူ့ကို တိုက်ပွဲအတွင်း မုန့်ဝမ်ကို အပြတ်ရှင်းရန် ကြိုးစားဖို့ ပြောထားသည်။ သူ၏ နာမည်ကို မြင်ပြီး ပြိုင်ဘက်က ကြောက်လန့်ပြီး အရှုံးပေးမလား သူ စဉ်းစားနေမိသည်။
ကုချီ စင်ပေါ်တက်လာပြီးနောက် တစ်ဖက်လူမှာ အတော်ကြာသည်အထိ တိတ်ဆိတ်နေသဖြင့် ရွှေတိမ်တိုက်ဂိုဏ်း တပည့်များ၏ ပြောဆိုသံများမှာ ကျယ်လောင်လာသည်။
“ဘာဖြစ်တာလဲ? စင်ပေါ်တက်ဖို့ ကြောက်နေတာလား?”
“ဘယ်ဂိုဏ်းက တပည့်က ဒီလောက်အထိ သူရဲဘောကြောင်နေတာလဲ၊ ဟားဟား! ရွှမ်ယင်ဂိုဏ်း ဒါမှမဟုတ် မျောလွင့်နန်းတော် ကများ ဖြစ်မလား?”
“အဲဒီမိစ္ဆာကျင့်ကြံသူတွေက အားနည်းသူကိုပဲ နှိပ်စက်တတ်ကြတာ။ သူတို့မဟုတ်ရင် ဘယ်သူရှိဦးမှာလဲ?”
မုန့်ဝမ်သည် ကုချီကို မယှဉ်နိုင်မှန်း သိသွားသဖြင့် အရှုံးပေးလိုက်တာလား?
ကျူးယွီရှန်း မျက်မှောင်အနည်းငယ် ကြုတ်သွားသော်လည်း စည်းကမ်းအတိုင်းသာ ပြောလိုက်ရသည်။ “အသက်ရှူ အကြိမ်ဆယ်အတွင်း စင်ပေါ်တက်မလာရင် အရှုံးပေးတယ်လို့ သတ်မှတ်မယ်”
ထိုစကားပြောပြီးသည်နှင့် မုန့်ဝမ် ရွေးချယ်ခဲ့သော ကံဆိုးသူ စီနီယာအစ်ကိုမှာ စိတ်တင်းကာ စင်ပေါ်သို့ တက်လာရတော့သည်။ ထိုလူကို မြင်လိုက်ရသောအခါ ကျူးယွီရှန်းနှင့် ကုချီတို့ နှစ်ဦးစလုံး အံ့သြသွားကြသည်။
ကုချီ၏ ပြိုင်ဘက်က မုန့်ဝမ် မဟုတ်ဘူးလား? ဘယ်အချိန်မှာ ပြောင်းသွားတာလဲ? သူတို့ ဘာလို့ မသိလိုက်ရတာလဲ? သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်သော်လည်း သံသယကို မျိုသိပ်ကာ ဤတိုက်ပွဲကို အရင်ဆုံး အဆုံးသတ်လိုက်ရသည်။
ရလဒ်ကတော့ အံ့သြစရာ မရှိပေ။ မုန့်ဝမ်၏ လှည့်ကွက်အသေးလေးကိုတောင် မရှောင်နိုင်သည့် ထိုကံဆိုးသူ စီနီယာအစ်ကိုမှာ ကုချီ၏ ပြိုင်ဘက် မဟုတ်ပေ။ သူသည် ငါးကြိမ် ခြောက်ကြိမ်မျှသာ ခံနိုင်ပြီးနောက် အပြင်းအထန် ဒဏ်ရာရကာ ရှုံးနိမ့်သွားတော့သည်။ အကယ်၍ သူသာ အလျင်အမြန် အရှုံးမပေးခဲ့ပါက သူ၏ ခေါင်းမှာ ကုချီ၏ ဓားချက်ကြောင့် နှစ်ခြမ်းကွဲသွားလုနီးပါး ဖြစ်သွားပေလိမ့်မည်။
ရှုံးနိမ့်သွားပြီးနောက် ထိုစီနီယာအစ်ကိုမှာ ဒဏ်ရာကုသရန် အမြန်ပြန်သွားရသဖြင့် မုန့်ဝမ်ကို ပြဿနာရှာရန် စိတ်မကူးနိုင်တော့ပေ။ အခြေခံတည်ဆောက်ခြင်းအဆင့် လူကြီးများကို တောင်းပန်စကား ဆိုပြီးနောက် အလျင်အမြန် ထွက်ခွာသွားတော့၏။
မုန့်ဝမ်မှာမူ သူမကို ဘယ်သူမှ ဒုက္ခမပေးတော့သဖြင့် ပျော်ရွှင်နေသည်။ သူမသည် မျောလွင့်နန်းတော် အဖွဲ့ထဲတွင် ပုန်းကာ တိုက်ပွဲများကို ဆက်ကြည့်နေစဉ်မှာပင် အသံတစ်ခုက သူမကို လှမ်းခေါ်လိုက်သည်။
“ဒီဂျူနီယာညီမလေးက အတော်လေး မျက်နှာစိမ်းနေပါလား။ မျောလွင့်နန်းတော် မှာ တစ်ခါမှ မမြင်ဖူးသလိုပဲ”
မုန့်ဝမ် မော့ကြည့်လိုက်ရာ ပိတ်စအောက်မှ လှပသော မျက်ဝန်းတစ်စုံကို မြင်လိုက်ရသဖြင့် ထိုသူမှာ မည်သူဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ သူမသည် ချက်ချင်းပင် မနာလိုမှု၊ စွဲလမ်းမှုနှင့် အားငယ်မှုတို့ ရောယှက်နေသော အမူအရာကို လုပ်ပြလိုက်သည်။
“အစ်မက အရမ်းလှတာပဲ၊ ကျွန်မလို သာမန်တပည့်လေးကို သတိမထားမိတာ မဆန်းပါဘူး”
ယွမ်ယောင်က ပြုံးလိုက်ပြီး - “စကားအပြောအဆို တော်သားပဲ။ ငါ့နားမှာ ပါးနပ်တဲ့ အစေခံမလေးတစ်ယောက် လိုနေတာနဲ့ အတော်ပဲ။ ငါ့အနားကို လာချင်ရဲ့လား?” ဟု မေးလိုက်သည်။
မုန့်ဝမ် ဘာမှမစဉ်းစားရသေးမီမှာပင် တစ်ဖက်လူ၏ စကားကို သဘောတူလိုစိတ်များ တားမရအောင် ဖြစ်ပေါ်လာသည်။ ယွမ်ယောင်သည် သူမကို စကားပြောနေဟန် ဆောင်နေသော်လည်း တိတ်တဆိတ်တွင် သူမ၏ စိတ်ဆန္ဒကို လွှမ်းမိုးရန် ကျင့်စဉ်တစ်ခုခု အသုံးပြုနေခြင်းဖြစ်ကြောင်း မုန့်ဝမ် ချက်ချင်း နားလည်လိုက်သည်။
“ရပါတယ်”
မုန့်ဝမ်က ချိုသာစွာ ပြုံးပြလိုက်ပြီး ယွမ်ယောင်၏ တောင်းဆိုမှုကို အလိုက်သင့်ပင် သဘောတူလိုက်သည်။ “အစ်မရဲ့ အနားမှာ အလုပ်အကျွေး ပြုခွင့်ရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါ။ အစ်မက အရမ်းအစွမ်းထက်တယ်လို့ ကြားဖူးပါတယ်။ ခုနက ကုချီနဲ့ ဆိုရင်ကော ဘယ်သူက ပိုတော်ပြီး ဘယ်သူက ပိုအားနည်းမလဲဟင်?”
“ကုချီက ယွမ်အစ်မနဲ့ နှိုင်းယှဉ်ဖို့တောင် တန်လို့လား?”
ယွမ်ယောင်က ဘာမှမပြောသော်လည်း သူမနောက်မှ ချောမောသော လူငယ်လေးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ယွမ်အစ်မ လှုပ်ရှားစရာတောင် မလိုပါဘူး၊ ငါတစ်ယောက်တည်းနဲ့တင် ကုချီကို ကိုင်တွယ်လို့ ရတယ်”
မျောလွင့်နန်းတော် က လူတွေက ဒီလောက်တောင် အစွမ်းထက်တာလား?
မုန့်ဝမ်၏ မျက်နှာတွင် အထင်ကြီးအားကျသော အမူအရာ ပေါ်လာသည်။ “အစ်မ ယွမ် လှုပ်ရှားတာကို ကျွန်မ မြင်ချင်တယ်၊ ရမလားဟင်?”
“ရတာပေါ့။ နင်က ငါ့ရဲ့ အစေခံမလေး ဖြစ်ဖို့ သဘောတူပြီးပြီပဲ၊ ဒီလောက် တောင်းဆိုချက်လေးကိုတော့ ငါ မငြင်းပါဘူး”
ထိုအချိန်မှာပင် စင်ပေါ်မှ နောက်ထပ် တိုက်ပွဲတစ်ခု ပြီးဆုံးသွားသည်။ ယွမ်ယောင်သည် ခပ်တိုးတိုး ရယ်မောလိုက်ပြီး စင်ပေါ်သို့ တိုက်ရိုက် ပျံတက်သွားတော့သည်။ ယွမ်ယောင် ပေါ်လာခြင်းကြောင့် ပတ်ဝန်းကျင်မှာ ဆူညံသွားသည်။ အချို့လူများ၏ အကြည့်မှာ ယွမ်ယောင်ထံမှ မခွာနိုင်အောင် ဖြစ်နေကြသော်လည်း သူတို့၏ အကြည့်များမှာ ရိုးသားမှု မရှိသဖြင့် သူတို့ဂိုဏ်းမှ လူကြီးများ စိတ်ဆိုးမည်ကိုလည်း စိုးရိမ်နေကြသည်။ ထို့ကြောင့် သူတို့မှာ မျက်မှောင်ကြုတ်ကာ သူမကို မမြင်ချင်ယောင် ဆောင်နေကြရသည်။
“ဟွန်း... သူမရဲ့ ရုပ်ရည်နဲ့ လူတွေကို ဖြားယောင်းနေတဲ့ မြေခွေးမပဲ။ အလှအပလေး နည်းနည်းကို အားကိုးပြီး ဒီမှာ လာကြွားနေတာ”
“မကြာခင်မှာ ပုပ်သိုးသွားမယ့် အရေခွံပုပ်ကြီးပါကွာ..... မျောလွင့်နန်းတော် က မိစ္ဆာကျင့်ကြံသူတွေပဲ ဒီလို ရုပ်ရည်ရောင်းစားပြီး အာရုံစိုက်ခံရအောင် လုပ်တဲ့ အောက်တန်းကျတဲ့ ကျင့်စဉ်တွေကို လေ့ကျင့်ကြတာ”