ပထမဆုံး အောင်ပွဲ
Vol. 4 Ch. 37
ကဲ့ရဲ့ရှုတ်ချသံများကို ကြားနေရသော်လည်း ယွမ်ယောင်၏ မျက်ခုံးတန်းလေးများမှာ ကွေးညွတ်နေပြီး စိတ်ဆိုးနေဟန် လုံးဝမပေါ်ပေ။ သူမသည် စင်ပေါ်တွင် စိတ်ရှည်လက်ရှည် ရပ်နေရင်း ပြိုင်ဘက်ကို စောင့်ဆိုင်းနေသည်။
နောက်ဆုံးတွင် ရွှန်ထျန်းဓားဂိုဏ်း မှ အမျိုးသားတပည့်တစ်ဦးမှာ တုန်တုန်ရင်ရင်ဖြင့် စင်ပေါ်သို့ တက်လာသည်။ သူသည် စင်အလယ်ရှိ ယွမ်ယောင်ကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိရာ ယွမ်ယောင်က ပြုံးပြလိုက်သဖြင့် သူ၏ တစ်ကိုယ်လုံးမှာ ထုံကျဉ်သွားပြီး လက်ထဲမှ ဓားကိုပင် မြဲအောင် မကိုင်နိုင်တော့ပေ။
သူ၏ အရိုးမရှိသလို ပျော့ညံ့လှသော အမူအရာကို ကြည့်ပြီး ရွှန်ထျန်းဓားဂိုဏ်း မှ ‘အခြေခံတည်ဆောက်ခြင်းအဆင့်’ လူကြီးများ၏ မျက်နှာမှာ အိုးဖင်ကဲ့သို့ မည်းမှောင်သွားပြီး အရှက်ရလွန်းနေကြသည်။ ဒီလို အသုံးမကျတဲ့ကောင်ကို မည်သူကများ ရွေးခဲ့သည်နည်း။
“စီနီယာအစ်ကို... အဆင်သင့်ဖြစ်ပြီလား? ကျွန်မ စတော့မယ်နော်”
ယွမ်ယောင် ပြောပြီးသည်နှင့် သူမ၏ လက်အင်္ကျီကို အသာအယာ ဝေ့ယမ်းလိုက်သည်။ သူမ၏ လက်အင်္ကျီထဲမှ အဖြူရောင် ပိုးချည်ကြိုးတစ်ချောင်းမှာ မြွေတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာပြီး တစ်ဖက်တပည့်ထံသို့ ဝှေ့ယမ်းရိုက်ခတ်သွားသည်။
ပိုးချည်ကြိုးမှာ သူ၏မျက်နှာနားသို့ ရောက်ခါနီးမှ ထိုတပည့်မှာ သတိဝင်လာပြီး ကာကွယ်ရန် ဓားကို ဆွဲထုတ်လိုက်သည်။ သို့သော် ယွမ်ယောင်နှင့် ရင်ဆိုင်ရချိန်တွင် အကြောင်းရင်းမသိဘဲ သူ၏ ပြောင်မြောက်လှသော ဓားသိုင်းမှာ သုံးပုံတစ်ပုံခန့်သာ အစွမ်းပြနိုင်တော့သည်။ အကွက်အနည်းငယ်ကို ပျာပျာသလဲ ကာကွယ်ပြီးနောက် သူသည် အဖြူရောင်ကြိုးဖြင့် ရိုက်ထုတ်ခြင်း ခံလိုက်ရပြီး စင်အောက်သို့ လိမ့်ကျသွားတော့သည်။
“သင်ကြားပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို”
ယွမ်ယောင်က စင်အောက်သို့ လိမ့်ကျသွားသော ထိုတပည့်ကို မျက်စိတစ်ချက် မှိတ်ပြလိုက်ပြီးနောက် လေထဲတွင် ဝဲပျံကာ ယခင်နေရာသို့ ပြန်လည် ရောက်ရှိလာသည်။ သူမ၏ အကြည့်မှာ တပည့်များထဲတွင် တစ်စုံတစ်ဦးကို ရှာဖွေနေသကဲ့သို့ ဝေ့ကြည့်နေသည်။
ချောမောသော လူငယ်လေးက ယွမ်ယောင်အနားသို့ အမြန်တိုးကပ်လာပြီး အသံကိုနှိမ့်ကာ ပြောလိုက်သည်။ “ယွမ်အစ်မ... အဲဒီမိန်းကလေး ထွက်ပြေးသွားပြီ။ သူမက ရွှမ်ယင်ဂိုဏ်း ကပဲ”
“တကယ်ပဲ ထွက်ပြေးသွားတာလား? ဝမ်းနည်းစရာပဲ”
ယွမ်ယောင်က ရွှမ်ယင်ဂိုဏ်း ဘက်သို့ လှမ်းကြည့်လိုက်ရာ မရင်းနှီးသော မျက်နှာတစ်ခုကို မြင်လိုက်ရသဖြင့် သူမ၏ ခေါင်းကို ချစ်စနိုးဖြင့် ခါလိုက်သည်။
“လူလည်လေးပဲ”
ယွမ်ယောင်၏ နှုတ်ခမ်းလှုပ်ရှားမှုကို မြင်လိုက်ရသောအခါ မုန့်ဝမ်သည် မျက်မှောင်တစ်ချက် ကြုတ်လိုက်ပြီး ဘာမှမသိသလိုပင် အကြည့်ကို လွှဲလိုက်ကာ စင်ပေါ်ရှိ တိုက်ပွဲများကိုသာ အာရုံစိုက်နေရင်း သူမ၏ ပြိုင်ဘက်ပေါ်လာမည့်အချိန်ကို စောင့်နေလိုက်သည်။
နာရီဝက်ခန့်အကြာတွင် ထာဝရစိတ်ဝိညာဉ်ဂိုဏ်း မှ တပည့်တစ်ဦး စင်ပေါ်သို့ တက်လာပြီး သူ၏အမည်ကို ကြေညာလိုက်သည်။ ထိုအခါမှ မုန့်ဝမ်သည် ထရပ်လိုက်ပြီး စင်ပေါ်သို့ လှမ်းတက်သွားသည်။
ဂိုဏ်းငါးခု ညီလာခံသို့ မလာမီကပင် သူမသည် အရာအားလုံးကို ရှင်းလင်းစွာ စီစဉ်ထားပြီးသားဖြစ်သည်။ ပထမပွဲကို နိုင်အောင်တိုက်မည်၊ သို့မှသာ ရွှယ်လျန်ကျိ၏ မျက်နှာကို မပျက်စေမည် ဖြစ်သည်။ ဒုတိယပွဲတွင်မူ အစွမ်းကုန် တိုက်ခိုက်ပြပြီး သင့်တော်သော အခွင့်အရေးကို ရှာကာ အရှုံးပေးမည်။
ညီလာခံ၏ စည်းကမ်းမှာ ရိုးရှင်းသည်—လေးပွဲဆက်တိုက် နိုင်ပါက ထိပ်ဆုံး ဆယ်ယောက်စာရင်းထဲသို့ ဝင်မည်ဖြစ်ရာ မိမိ၏ အစွမ်းနှင့် အရည်အချင်းကို သက်သေပြနိုင်သော်လည်း တစ်ချိန်တည်းမှာပင် အခြားဂိုဏ်းများ၏ မျက်စိစပါးစူးစရာ ပစ်မှတ် ဖြစ်သွားပေလိမ့်မည်။
မုန့်ဝမ်သည် လိုအပ်လျှင် အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်သူ ဖြစ်သည်။ ဂိုဏ်းကြီးငါးခုရှေ့တွင် နာမည်ကျော်ကြားအောင် လုပ်ရမည့် တာဝန်ကို သူမ မယူလိုသဖြင့် အခြားသူများကိုသာ လွှဲပေးရန် ဆုံးဖြတ်ထားသည်။
မုန့်ဝမ် စင်ပေါ်သို့ တက်လာပြီးနောက် သူမ၏ အလွန်နိမ့်ကျသော ကျင့်စဉ်အဆင့်ကြောင့် အာရုံစိုက်ခြင်း အနည်းငယ် ခံလိုက်ရသည်။ သို့သော် နောက်ဆက်တွဲ တိုက်ပွဲမှာမူ သာမန်ကာလျှံကာသာ ဖြစ်သည်။
မုန့်ဝမ်သည် သူမ၏ ‘လေပြေးဖိနပ်’ ကို အားကိုးကာ ပြိုင်ဘက်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေပြီး ရံဖန်ရံခါ ပြန်လည် တိုက်ခိုက်သော်လည်း ပြိုင်ဘက်၏ ကာကွယ်မှုကိုပင် မဖောက်နိုင်ဘဲ အတော်လေး ရုန်းကန်နေရဟန် ပေါ်နေသည်။ သူမသည် ပြိုင်ဘက်၏ လိုက်လံတိုက်ခိုက်ခြင်းကို အတော်ကြာအောင် ခံခဲ့ရပြီး စင်အောက်သို့ ပြုတ်ကျလုနီးပါး ဖြစ်ကာမှ ဝန်လေးစွာဖြင့် ‘သွေးကျိန်စာအတတ်’ ကို အသုံးပြုကာ အခြေအနေကို ပြောင်းပြန်လှန်လိုက်တော့သည်။
“ကျွန်တော်... အရှုံးပေးပါတယ်!”
ထာဝရစိတ်ဝိညာဉ်ဂိုဏ်း မှ ထိုတပည့်သည် ‘အခြေခံစွမ်းအင်အဆင့် ခုနစ်’ သာရှိသော မုန့်ဝမ်ကို ရှုံးနိမ့်ရခြင်းအတွက် အလွန်ပင် မကျေမနပ် ဖြစ်နေသော်လည်း ‘သွေးကျိန်စာအတတ်’ ၏ စွမ်းအားကို မခုခံနိုင်သဖြင့် မလိုလားအပ်ဘဲ အရှုံးပေးလိုက်ရသည်။
မုန့်ဝမ်သည် သူမ၏လက်ကို ရုပ်သိမ်းလိုက်ပြီး သွေးအနှစ်သာရများစွာ ဆုံးရှုံးသွားဟန်ဖြင့် စင်ပေါ်တွင် နောက်တစ်စက္ကန့်မှာတင် မေ့လဲသွားတော့မည့်အတိုင်း ယိမ်းထိုးလျက် ရပ်နေသည်။ ကျူးယွီရှန်း၏ အကြည့်မှာ စင်ပေါ်တွင် ခဏမျှ ရပ်တန့်နေပြီးနောက် ရလဒ်ကို ကြေညာလိုက်သည်။
“ရွှမ်ယင်ဂိုဏ်း က မုန့်ဝမ် အနိုင်ရတယ်”
မုန့်ဝမ်သည် စင်အောက်သို့ ဆင်းလာပြီး ရွှယ်လျန်ကျိထံသို့ အရှက်ရနေဟန်ဖြင့် လျှောက်သွားသည်။
“စီနီယာ... ကျွန်မ အစ်ကို့ကို အရှက်ရအောင် လုပ်မိပါပြီ”
သို့သော် ရွှယ်လျန်ကျိမှာ အလွန်ပင် သဘောကျနေပြီး မုန့်ဝမ်ကို နှစ်သိမ့်ပေးလိုက်သည်။
“မင်းရဲ့ အစွမ်းနဲ့ ဒီလိုအဆင့်အတန်းမျိုးမှာ နိုင်အောင် တိုက်နိုင်တာကိုက အတော်လေး ကောင်းနေပါပြီ။ စိတ်မပူပါနဲ့။ နောက်လာမယ့် တိုက်ပွဲတွေမှာလည်း မင်း တတ်နိုင်သလောက်ပဲ လုပ်ပါ”
“ဟုတ်ကဲ့ပါ၊ နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ ကျွန်မ အစွမ်းကုန် ကြိုးစားပါ့မယ်၊ စီနီယာ့ကို အရှက်မကွဲစေရပါဘူး!”
မုန့်ဝမ်၏ ကျောပြင်ကို ကြည့်ရင်း ရွှယ်လျန်ကျိ၏ မျက်ဝန်းထဲတွင် နှမြောတသမှု အချို့ ပေါ်လာသည်။ သူမ၏ အရည်အချင်းနှင့် သူ့အပေါ် သစ္စာရှိမှုအရ ဆိုလျှင် အချိန်ကြာလာသည်နှင့်အမျှ သူမသည် သွေးကျောက်စိမ်း နှင့် သွေးပန်းပွင့် တို့ကဲ့သို့ သူ၏ အားကိုးရသောလက်ရုံးတစ်ဆူ ဖြစ်လာပေလိမ့်မည်။(ရှားပါးပြီး အဖိုးတန်တယ်လို့ပြောချင်တာပါ)
သို့သော် နှမြောစရာ ကောင်းသည်မှာ သူမသည် ‘ဒန်ကျွယ်အဖိုးကြီး’ ၏ အဆိပ်မိထားပြီး အသက်ရှင်ရန် သုံးလပင် မလိုတော့ခြင်းပင်... ဒါပေမဲ့ သူမ မသေခင်မှာ သူ့အတွက် နောက်ထပ် ကိစ္စအနည်းငယ်ကို ကူညီပေးနိုင်ပါသေးသည်။ ဒီညီလာခံမှာ သူမ ဘယ်လောက်အထိ ခရီးပေါက်မလဲ ဆိုတာကို စောင့်ကြည့်ရဦးမည်။
ရွှယ်လျန်ကျိသည် မျက်စိမှိတ်လိုက်ပြီး စင်ပေါ်မှ ရုန်းကန်မှုများကို အာရုံမစိုက်တော့ပေ။ ပထမရက် တိုက်ပွဲများသည် သူ အားစိုက်ကြည့်ရန် မထိုက်တန်ဟု ယူဆထားသည်။
မုန့်ဝမ်မှာမူ စိတ်ဝင်တစား ကြည့်နေပြီး အထူးသဖြင့် ဂိုဏ်းအသီးသီးမှ နာမည်ကြီး ပညာရှင်များကို အထူး အာရုံစိုက်ထားသည်။ သူတို့ ပိုမို အစွမ်းထက်လေ၊ သူတို့၏ သွေးအနှစ်သာရထဲတွင် ပါဝင်သော ဝိညာဉ်စွမ်းအင်များမှာ ပို၍ ပေါကြွယ်ဝလေ ဖြစ်ရာ—တကယ့်ကို အားဆေးကောင်းကြီးများပင်! အကယ်၍ သူမသာ... တော်ပါပြီ အခုတော့တွေး၍မရနိုင်သေးပါချေ။
မုန့်ဝမ်သည် သူမ၏ စိတ်ထဲမှ လောဘဇောကို ထိန်းချုပ်လိုက်ပြီး တိုက်ပွဲများကို ဆက်ကြည့်နေသည်။ တစ်နေ့တာ တိုက်ပွဲများကို ကြည့်ပြီးနောက် ဂိုဏ်းကြီးငါးခုမှ တပည့်များကို ခွဲခြားရန် လွယ်ကူမှန်း သူမ တွေ့ရှိသွားသည်။
ရွှေတိမ်တိုက်ဂိုဏ်း တွင် အများအားဖြင့် ‘မှော်ကျင့်စဉ်သမား’ များ ဖြစ်ကြပြီး၊ ရွှန်ထျန်းဓားဂိုဏ်း ကမူ ဓားကျင့်ကြံသူများ ဖြစ်ကြသည်။ မျောလွင့်နန်းတော် ကမူ ‘ပိုးမွှားကျင့်စဉ်’ များတွင် ကျွမ်းကျင်ပြီး ထာဝရစိတ်ဝိညာဉ်ဂိုဏ်း မှ တပည့်များမှာမူ အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်။
သူတို့သည် သူတို့၏ ကျင့်စဉ်စွမ်းအားကို အသုံးပြုပြီး သူတို့၏ ခန္ဓာကိုယ်ဖြင့် ‘အသိအမြင်’ ကို ကျင့်ကြံနိုင်ဟန် တူသည်။ ကမ္ဘာလောကတွင် အသိအမြင် အမျိုးမျိုး ရှိကြသည်။ ကျောက်ခဲတိုင်း၊ ငှက်တိုင်း၊ မြက်တစ်ပင်နှင့် သစ်တစ်ပင်တိုင်းတွင် ၎င်းတို့၏ စစ်မှန်သော အသိအမြင်များ ရှိကြသည်။ ထာဝရစိတ်ဝိညာဉ်ဂိုဏ်း ၏ ကျင့်စဉ်မှာ ၎င်း၏ တပည့်များကို ခပ်သိမ်းသော အရာတို့၏ စစ်မှန်သော အသိအမြင်ကို နားလည်စေရန် ကူညီပေးပြီး ထိုမှတစ်ဆင့် ထူးဆန်းသော အသုံးချမှု အမျိုးမျိုးကို ရှာဖွေတွေ့ရှိစေခြင်း ဖြစ်သည်။
ဥပမာအားဖြင့် အချို့လူများသည် သစ်ပင်မှ ‘ဖူးပွင့်ခြင်းအသိ’ ကို နားလည်သဘောပေါက်ကြရာ ဝိညာဉ်စွမ်းအင်ဖြင့် အပင်များ လျင်မြန်စွာ ကြီးထွားမှုကို ထိန်းချုပ်နိုင်ကြသည်။ အချို့မှာ ကျောက်ခဲမှ ‘ခိုင်မာသော ကျောက်သားအသိ’ ကို နားလည်ကြပြီး သူတို့၏ ခန္ဓာကိုယ်ကို ဓား၊ မီးနှင့် ရေတို့ကပင် မဖျက်ဆီးနိုင်လောက်အောင် မာကျောစေနိုင်သည်။ အချို့မှာမူ နေရောင်ခြည်မှ ‘တောက်ပခြင်းအသိ’ ကို နားလည်ပြီး ကုသခြင်း စွမ်းရည်များကို ရရှိကြသည်။
ထာဝရစိတ်ဝိညာဉ်ဂိုဏ်း တပည့်များသည် ကျင့်စဉ်များနှင့် ရှေးခေတ်ပညာရှင်များ၏ အတွေ့အကြုံများအကူအညီဖြင့် စစ်မှန်သော အသိအမြင်အချို့ကို သဘောပေါက်ကြသော်လည်း သူတို့၏ ကျင့်စဉ်အဆင့်မှာ နိမ့်လွန်းနေပြီး သူတို့နားလည်ထားသော အသိအမြင်မှာလည်း မပြည့်စုံသေးသဖြင့် ထုတ်ဖော်နိုင်သော စွမ်းအားမှာ အလွန်ပင် ကန့်သတ်ချက် ရှိနေသည်။ ထို့ကြောင့် ထာဝရစိတ်ဝိညာဉ်ဂိုဏ်း တပည့်များသည် ဂိုဏ်းများအကြားတွင် အဆင့်နိမ့်ဆုံးသို့ လျင်မြန်စွာ ရောက်ရှိသွားတော့သည်။
အောက်မှရေတွက်လျှင် ဒုတိယအဆင့်မှာ ရွှန်ထျန်းဓားဂိုဏ်း မှ ‘ဓားကျင့်ကြံသူများ ဖြစ်သည်။ ဓားကျင့်ကြံသူနှင့် ပတ်သက်ပြီး ကောလာဟလများစွာ ရှိကြပြီး အစွမ်းထက်သော ဓားကျင့်ကြံသူများသည် မိုင်ပေါင်းထောင်ချီ အကွာအဝေးမှပင် တစ်ဖက်လူ၏ ခေါင်းကို ဖြတ်နိုင်ကြသည်ဟု ဆိုကြသည်။ သို့သော် စင်ပေါ်တွင် တိုက်ခိုက်နေကြသူများမှာ ‘အခြေခံစွမ်းအင်အဆင့်’ သာ ရှိကြသေးသော ကျင့်ကြံသူလေးများသာ ဖြစ်သည်။ ဤအသက်အရွယ်တွင် အခြေခံဓားသိုင်းများကို ကောင်းကောင်း အသုံးချနိုင်လျှင်ပင် အတော်နေပြီဖြစ်ရာ ‘ဓားအသိ’ ကို နားလည်ရန်မှာ မဖြစ်နိုင်သေးပေ။
တတိယအဆင့်မှာမူ မျောလွင့်နန်းတော် ဖြစ်သည်။ စိတ်ဓာတ်မခိုင်မာသော တပည့်များအတွက် မျောလွင့်နန်းတော် ၏ ‘ပိုးမွှားကျင့်စဉ်’ များမှာ အမြဲတမ်း ထိရောက်လှသည်။ သို့သော် စိတ်ဓာတ်ခိုင်မာသူများနှင့် တွေ့ပါက ထိုကျင့်စဉ်များ၏ အကျိုးသက်ရောက်မှုမှာ များစွာ လျော့နည်းသွားသည်။
မုန့်ဝမ်ကို အံ့သြစေသည်မှာ ရွှမ်ယင်ဂိုဏ်း သည် ရွှေတိမ်တိုက်ဂိုဏ်း ကိုပင် ကျော်ဖြတ်ကာ အပြတ်အသတ် အသာစီးဖြင့် ပထမအဆင့် ဖြစ်နေခြင်းပင်။ သို့သော် သေချာစဉ်းစားကြည့်လိုက်သောအခါ သူမ ချက်ချင်း နားလည်သွားသည်။ ရွှမ်ယင်ဂိုဏ်း သည် စစ်မှန်သော မိစ္ဆာဂိုဏ်းတစ်ခု ဖြစ်သည်။ အားနည်းသော တပည့်များကား သေဆုံးသွားသည်မှာ ကြာလှပြီပင်ဖြစ်၏။ယနေ့တိုင် အသက်ရှင်နေသူများမှာ ကိုယ်ပိုင်လှည့်ကွက်များနှင့် အစွမ်းကိုယ်စီ ရှိကြသူများသာ ဖြစ်သည်။
အခြားဂိုဏ်းများထဲတွင် အတွင်းရေး ပဋိပက္ခများနှင့် ပြိုင်ဆိုင်မှုများ ရှိကြသော်လည်း၊ ဆရာများက တပည့်များကို အပြင်သို့ လေ့ကျင့်ရန် စေလွှတ်ကြသော်လည်း ရွှမ်ယင်ဂိုဏ်း ၏ ပြင်းထန်မှုနှင့် နှိုင်းယှဉ်ပါက ထိုအရာများမှာ ကလေးကစားစရာသာ ဖြစ်သည်။ မျောလွင့်နန်းတော် မှ တပည့်များကို ကြည့်လျှင် သိနိုင်သည်။ သူတို့၏ ‘ပိုးမွှားကျင့်စဉ်’ များကို အခြားဂိုဏ်းသားများအပေါ် အသုံးပြုလျှင် ၁၀ ယောက်တွင် ၈ ယောက်မှာ အမြဲတမ်း သားကောင် ဖြစ်ကြရသော်လည်း၊ ရွှမ်ယင်ဂိုဏ်း မှ မိစ္ဆာလေးများနှင့် တွေ့ပါက ၁၀ ယောက်တွင် ၁ ယောက် မိလျှင်ပင် အတော်နေပြီ ဖြစ်သည်။ ထို့ကြောင့် ရွှမ်ယင်ဂိုဏ်း က အခြားဂိုဏ်းများကို ဖိနှိပ်ထားနိုင်ခြင်းမှာ အကြောင်းမဲ့ မဟုတ်ပေ။