မျှားခေါ်ခြင်း
Vol. 5 Ch. 45
မုန့်ဝမ် သည် သူမ၏ အဖြေကို ကျေနပ်ပုံရပြီး သူမ၏ လေသံမှာ အနည်းငယ် ပျော့ပြောင်းသွားသည်။
“နင် ဝိညာဉ်နယ်မြေထဲမှာ ရှိနေတဲ့ အချိန်အတွင်းမှာ ဘာတွေလုပ်ခဲ့လဲ? အခြေခံတည်ဆောက်ခြင်းအဆင့် က စီနီယာဦးလေးတွေ ရှာခိုင်းထားတဲ့ ကောင်းကင်နဲ့မြေကြီးရတနာ တွေကိုကော တွေ့ခဲ့လား?”
ရွှယ်ရှို့ က ခေါင်းငြိမ့်ပြလိုက်သည်။ သူမ၏ သိုလှောင်အိတ်မှာ မုန့်ဝမ်၏ လက်ထဲတွင် ရှိနေသဖြင့် အထဲတွင် ဘာရှိသည်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေသည်။ ထိုကဲ့သို့သော ကိစ္စမျိုးကို လိမ်ညာနေရန် မလိုပေ။
“ကျွန်မနဲ့ ရှောင်ဖန့်တို့ အတူတူ လှုပ်ရှားခဲ့ကြတာပါ။ ထိုင်ကူထင်းအပ် အချို့တင်မကဘူး၊ အဖြူရောင်ငှက်မွေးပန်း နှစ်ပွင့်ကိုလည်း ရှာတွေ့ခဲ့ပါတယ်”
ထိုရတနာများကို စောင့်ကြပ်နေသော အခြေခံတည်ဆောက်ခြင်းအဆင့် ရှိသော ဝိညာဉ်သားရဲများကို ရင်ဆိုင်ရန်အတွက် သူမနှင့် ရှောင်ဖန့်တို့သည် သူတို့၏ ဝှက်ဖဲအားလုံးကို အသုံးပြုခဲ့ရပြီး နောက်ဆုံးတွင် ဝူယဲ့ နှင့် ပူးပေါင်းရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။
ရလဒ်အနေဖြင့် သူတို့ ဝိုင်းရံခံရချိန်တွင် ဝူယဲ့ မှာ မိမိအသက်လွတ်ရုံသာ ကြည့်ပြီး ထွက်ပြေးသွားခဲ့သည်။ သူက သူတို့ကို ဘယ်မှာ သတိရတော့မည်နည်း။
ဝူယဲ့ ၏ လုပ်ရပ်နှင့် ပတ်သက်၍ ရွှယ်ရှို့ မှာ တည်ငြိမ်နေဆဲဖြစ်သည်။ ရွှမ်ယင်ဂိုဏ်း မှ မိစ္ဆာကျင့်ကြံသူများမှာ ဤအတိုင်းပင် ဖြစ်သည်။ သူတို့ကြားတွင် ယုံကြည်မှုဟူသည် မရှိသလောက်ပင်ဖြစ်ပြီး တစ်ဖက်လူက မိမိကို သစ္စာဖောက်မည်ကို အမြဲတမ်း သတိထားနေရသည်။ အကယ်၍ နေရာချင်းသာ လဲလိုက်မည်ဆိုပါက သူမသည်လည်း အခြားတစ်ဖက်ကို စွန့်ပစ်ကာ အသက်လု ထွက်ပြေးမည်မှာ သေချာသည်။
“ဝူယဲ့ ကော? သူက စီနီယာတွေ လိုချင်တာတွေကို ရှာတွေ့ခဲ့လား?”
ရွှယ်ရှို့ က ခေါင်းခါပြကာ - “ကျွန်မ မသိဘူး၊ ဒါပေမဲ့ စီနီယာအစ်ကို ဝူ ရဲ့ အစွမ်းက ရှောင်ဖန့်နဲ့ ကျွန်မထက် ပိုသာသလို ဝှက်ဖဲတွေလည်း အများကြီး ရှိတာဆိုတော့ သူ ဘာမှမရဘဲတော့ မနေပါဘူး”
မုန့်ဝမ် သည် ဝူယဲ့ ကို မျှားခေါ်ရန် နည်းလမ်းတစ်ခု ရှာရမည်ဖြစ်သည်။ သူမသည် ရှေ့တွင်ရှိသော ရွှယ်ရှို့ ကို အကဲခတ်ရင်း မေးစေ့ကို ပွတ်သပ်ကာ သူမ၏ စိတ်ထဲတွင် အကြံတစ်ခု ရလာတော့သည်။
၁၅ မိနစ်ခန့် ကြာပြီးနောက် ရွှယ်ရှို့ သည် သတင်းပို့ သစ်သားပြား ကို အသက်သွင်းကာ ဝူယဲ့ ကို ဆက်သွယ်လိုက်သည်။
“စီနီယာအစ်ကို ဝူ... ရှောင်ဖန့် သေသွားပြီ။ အစ်ကို အခု ဘယ်မှာလဲ? ကျွန်မ လာရှာလို့ ရမလား?”
ခဏအကြာတွင် ဝူယဲ့ က ပြန်ဖြေသည်။
“နင် ဘယ်လို လွတ်လာတာလဲ?”
“မျောလွင့်နန်းတော်က လူတွေနဲ့ တခြားသူတွေ တိုက်နေကြတုန်းမှာ သူတို့က ကျွန်မနဲ့ ရှောင်ဖန့်ကို အာရုံမစိုက်မိကြဘူး။ နောက်ပိုင်းမှာ မျောလွင့်နန်းတော်က လူတွေ ထွက်ပြေးဖို့အတွက် အဆိပ်အတားအဆီးပုလဲသုံးလုံးကို သုံးလိုက်တော့ လူတိုင်း မျက်စိလည်သွားကြတာ။ ကျွန်မနဲ့ ရှောင်ဖန့်လည်း အခွင့်အရေးယူပြီး တစ်ယောက်တစ်လမ်းစီ ထွက်ပြေးခဲ့ကြတယ်။ ကံမကောင်းစွာနဲ့ ရှောင်ဖန့်ကတော့ သူတို့လက်ထဲမှာ အသတ်ခံလိုက်ရတယ်။ ကျွန်မကတော့ ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း လွတ်လာခဲ့တာပါ။ ဘေးကင်းပြီဆိုတာ သေချာမှ အစ်ကို့ကို ဆက်သွယ်ရဲတာပါ”
ရွှယ်ရှို့ က အလွန် နှိမ့်ချသော ပုံစံဖြင့် ပြောလိုက်သည်။ “စီနီယာအစ်ကို ဝူ... ကျွန်မ သက်ရှည်သီး ကို မမျှော်လင့်ရဲတော့ပါဘူး။ ဝိညာဉ်နယ်မြေထဲကနေ အသက်ရှင်ရုံပဲ ထွက်သွားချင်ပါတော့တယ်။ ကျွန်မ ဒဏ်ရာက ပြင်းထန်နေသလို ဒဏ်ရာကုဆေးလုံးတွေလည်း ကုန်သွားပြီ။ ကျွန်မဆီမှာအဖြူရောင် ငှက်မွေးပန်း တစ်ပွင့် ရှိပါတယ်။ အကယ်၍ စီနီယာအစ်ကို စိတ်ဝင်စားတယ်ဆိုရင် ဂိုဏ်းတူတပည့်ချင်း ကိုယ်ချင်းစာတဲ့အနေနဲ့ ကျွန်မကို ဆေးလုံးအချို့နဲ့ လဲပေးလို့ ရမလား?”
ထိုစကားကို ကြားသောအခါ ဝူယဲ့ မှာ ခဏမျှ ဝေခွဲမရ ဖြစ်နေပုံရပြီးမှ စကားဆိုလာသည်။
“ကောင်းပြီ၊ ဒါပေမဲ့ ငါ နင့်ကို ဒဏ်ရာကုဆေး နှစ်လုံးပဲ ပေးနိုင်မယ်။ ငါ့ဆီမှာ ပိုမရှိတော့ဘူး!”
ရွှယ်ရှို့ က ခါးသီးစွာ ပြုံးလိုက်ပြီး - “စီနီယာအစ်ကို ဝူ... အဖြူရောင်ငှက်မွေးပန်းက အခြေခံတည်ဆောက်ခြင်းအဆင့် စီနီယာတွေတောင် လိုချင်တဲ့ ရတနာလေ။ ဆေးနှစ်လုံးတည်းဆိုတာ နည်းလွန်းမနေဘူးလား?”
ဝူယဲ့ က အေးစက်စွာ နှာခေါင်းရှုံ့ရင်း - “ယူချင်ယူ၊ မယူချင်နေ! အပြင်လောကမှာဆိုရင် ဒီဈေး မဟုတ်ပေမဲ့ ဒါက ဝိညာဉ်နယ်မြေထဲမှာဆိုတာ မမေ့နဲ့! ငါ နင့်ကို ဆေးနှစ်လုံး ပေးတာကိုပဲ ကျေနပ်လိုက်..........”
ရွှယ်ရှို့ က မတတ်သာသည့်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။ “ကောင်းပါပြီ၊ နှစ်လုံးဆိုလည်း နှစ်လုံးပေါ့။ ဘယ်မှာ လာလဲရမလဲ?”
ဝူယဲ့ ခဏစဉ်းစားပြီးနောက် - “ဒီချိုင့်ဝှမ်းက သိပ်မလုံခြုံဘူး။ ချိုင့်ဝှမ်းကနေ ပြန်ဆုတ်ပြီး အစွန်အဖျားက တောအုပ်ထဲမှာ လာလဲကြရအောင်”
“ဟုတ်ကဲ့ပါ”
တွေ့ဆုံမည့်နေရာကို သဘောတူပြီးနောက် ရွှယ်ရှို့ သည် သူမ၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ဆွဲကာ စတင်ထွက်ခွာလာခဲ့သည်။ သို့သော် သဘောတူထားသော နေရာသို့ ရောက်သောအခါ ဝူယဲ့ က ရုတ်တရက် စကားပြန်ဖျက်ပြီး နေရာပြောင်းလိုက်ပြန်သည်။ ရွှယ်ရှို့ မှာမူ အကူအညီတောင်းနေရသူဖြစ်သဖြင့် ဝူယဲ့ ခိုင်းသည့်အတိုင်း လိုက်နာရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။
နေရာအသစ်သို့ ရောက်သောအခါ ရွှယ်ရှို့ မှာ အတော်ပင် မောဟိုက်နေပြီဖြစ်သည်။ သူမသည် သူမ၏ သတင်းပို့ သစ်သားပြားကို ထုတ်ကာ ဝူယဲ့ ဆီသို့ သတင်းပို့ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အလွန်အမင်း ထိတ်လန့်စရာကောင်းသော ခံစားချက်တစ်ခုကို ရလိုက်သည်။
သူမသည် မြေပြင်ပေါ်တွင် အမြန်လှိမ့်လိုက်သော်လည်း သူမ၏နောက်ကျောမှာ ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေလက်သည်းဖြင့် ရိုက်ခတ်ခြင်း ခံလိုက်ရသည်။ အကယ်၍ သူမ ကျန်းမာနေပါက ဤတိုက်ခိုက်မှုကို ရှောင်နိုင်ကောင်း ရှောင်နိုင်မည်ဖြစ်သော်လည်း ဒဏ်ရာများကြောင့် သူမ၏ အရှိန်မှာ သိသိသာသာ နှေးကွေးနေခဲ့သည်။
“ဝူယဲ့!”
ရွှယ်ရှို့ သည် မြေပေါ်သို့ လဲကျသွားပြီး မျက်လုံးများမှာ ဒေါသဖြင့် တောက်ပနေသော်လည်း သူမ၏ စကားသံများမှာ အားနည်းနေခဲ့သည်။
“ကျွန်မက ဒဏ်ရာကုဆေး နှစ်လုံးပဲ လိုချင်တာပါ။ ဒဏ်ရာပြင်းထန်နေတဲ့ လူတစ်ယောက်ကို တကယ်ပဲ တိုက်ခိုက်ဖို့ လိုလို့လား?”
ရွှယ်ရှို့ မှာ ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိတော့သည်ကို မြင်သောအခါ ဝူယဲ့ သည် သူမ၏ ခါးမှ သိုလှောင်အိတ်ကို လုယူလိုက်သည်။ အထဲက ပစ္စည်းများကို စစ်ဆေးပြီးနောက် သူက အားရပါးရ ရယ်မောတော့သည်။
“တကယ်ကို အဖြူရောင်ငှက်မွေးပန်း ပဲ.......! အဖြူရောင်ငှက်မွေးပန်းကို အခြေခံတည်ဆောက်ခြင်း အဆင့် ရှိတဲ့ အဖြူရောင်ငှက်မွေးလင်းယုန် က စောင့်ကြပ်နေတာလေ။ နင် ဒီပန်းကို ရအောင် ခူးနိုင်ခဲ့တာ တကယ်ကို ချီးကျူးစရာပဲ”
ရွှယ်ရှို့ က စကားမပြောဘဲ ဝူယဲ့ ကို ဒေါသတကြီး စိုက်ကြည့်နေသည်။ ဝူယဲ့ မှာ စိတ်အခြေအနေ အလွန်ကောင်းနေသည်။ ရွှယ်ရှို့ ၏ ဒေါသထွက်နေသော မျက်နှာကို မြင်ရသည်မှာ သူ၏အပြုံးကို ပိုမိုတောက်ပစေသည်။
“ရွှယ်ရှို့... နင်က တကယ်ကို နုံအတာပဲ။ ဒါက ဝိညာဉ်နယ်မြေထဲမှာမို့လို့ ငါ နင့်ကို ရန်မမူဘူးလို့ နင်တကယ် ထင်နေတာလား?”
ဝူယဲ့ က ရယ်မောရင်း ခေါင်းခါလိုက်သည်။ “သက်ရှည်သီး က တန်ဖိုးရှိတာ မှန်ပေမဲ့ အသက်ရှင်မှ စားလို့ရမှာလေ။ ပြီးတော့ ဒီလို ရတနာမျိုးကို အပြင်ကို ယူသွားနိုင်ရင်တောင် ငါ့လက်ထဲ ရောက်လာမှာမှ မဟုတ်တာ၊ ဘာလို့ ငါက အသက်နဲ့လဲပြီး အဲဒါအတွက် တိုက်နေရမှာလဲ?”
ထိုစကားကို ကြားသောအခါ ရွှယ်ရှို့ တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး သွားကြိတ်လိုက်မိသည်။
“နင်က အစကတည်းက သက်ရှည်သီး ကို ရည်ရွယ်ခဲ့တာ မဟုတ်ဘူးပဲ!”
“အခုမှ သိတာ နောက်ကျမနေဘူးလား?”
ဝူယဲ့ က သူမကို သနားစရာသတ္တဝါလေးကဲ့သို့ ကြည့်ကာ - “ရှောင်ဖန့်သာ မသေသေးရင် နင်တို့နှစ်ယောက်လုံးကို ရင်ဆိုင်ဖို့က နည်းနည်း ခက်ခဲကောင်း ခက်ခဲနိုင်ပေမဲ့ အခုတော့...”
ထိုအချိန်မှာပင် ဝူယဲ့ ၏ မျက်နှာထားမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ လေးမြှားတစ်စင်းမှာ သူ၏ ခန္ဓာကိုယ်ကို ဝဲပျံဖြတ်သန်းသွားပြီး သူ၏ အင်္ကျီလက်ကို အဝတ်စုတ်ဖြစ်အောင် ဆွဲဖြဲသွားသဖြင့် သူက ဘေးသို့ အမြန်ရှောင်လိုက်ရသည်။ သူ၏ လက်မောင်းတွင်လည်း မြှားစထိသွားသဖြင့် သွေးစအချို့ ထွက်ပေါ်လာသည်။
ဝူယဲ့ ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားသည်။ သူသည် မြှားလာရာဘက်သို့ ကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။ သူ၏ သတိမှာ အမြင့်ဆုံးသို့ ရောက်ရှိနေသည်။ သူက နေရာပြောင်းရန် ပြင်လိုက်စဉ်မှာပင် သူ၏ နောက်ကွယ်တွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး အငိုက်ဖမ်း တိုက်ခိုက်လိုက်တော့သည်။
ထိုပုံရိပ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဝူယဲ့ သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ ပုံမှန်မဟုတ်ဘဲ ဆူပွက်လာသည်ကို သတိထားမိလိုက်သည်။ သွေးကြောများအတွင်းမှ သွေးများမှာ အပြင်သို့ ပေါက်ထွက်မတတ် ရုန်းကန်နေကြသည်။ သူ မသိလိုက်ဘဲ သွေးကျိန်စာအတတ် ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်းပင်!
ဝူယဲ့ သည် စိတ်ထဲမှ ကျိန်ဆဲရင်း ဆူပွက်နေသော သွေးများကို တည်ငြိမ်သွားအောင် သူ၏ ဝိညာဉ်စွမ်းအားများဖြင့် အတင်းဖိနှိပ်လိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် သူ၏ ညာလက်ကို ဝေ့ယမ်းလိုက်ရာ သူ၏ အသားအရေမှာ ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေလက်သည်း အဖြစ်သို့ ပြောင်းလဲသွားပြီး နောက်ကွယ်ရှိ နေရာတစ်ခုသို့ ကန့်လန့်ဖြတ် ရိုက်ချလိုက်သည်။
မုန့်ဝမ် ၏ ဖြူဖွေးသော လက်ဝါးမှာ ထိုတစ္ဆေလက်သည်းနှင့် ထိမိသွားသည်။ ထို့နောက်တွင် "ဂျွတ်" ဟူသော အသံနှင့်အတူ တစ္ဆေလက်သည်းမှာ ထက်ပိုင်းကျိုးသွားပြီး အရိုးကျိုးသွားသည့် အသံမှာ ပီပြင်စွာ ထွက်ပေါ်လာသည်။
ဝူယဲ့ မှာ အလွန်အမင်း ထိတ်လန့်သွားသည်။ သူ အပင်ပန်းခံ ကျင့်ကြံထားသော တစ္ဆေလက်သည်း၏ နာကျင်မှုကို ဂရုမစိုက်နိုင်ဘဲ သူ၏ကိုယ်ပေါ်ရှိ အရှိန်မြှင့်အဆောင်များကို အသက်သွင်းကာ အမြန်ထွက်ပြေးတော့သည်။ သူ ထွက်ပြေးနေစဉ်မှာပင် နောက်ကွယ်မှ ရန်သူကို အဟန့်အတားဖြစ်စေရန်အတွက် သူ၏ အသက်ကယ်ဝှက်ဖဲများကို တစ်ခုပြီးတစ်ခု ပစ်ချနေခဲ့သည်။
ဝူယဲ့ သည် အမှန်ပင် ပြတ်သားသူဖြစ်သည်။ မအောင်နိုင်သော ရန်သူနှင့် တွေ့လျှင် အရင်ဆုံး ထွက်ပြေးခြင်းမှာ အကောင်းဆုံးပင် မဟုတ်ပါလား။ သို့သော် ကံဆိုးစွာဖြင့် သူ တွေ့လိုက်ရသည်မှာ မုန့်ဝမ် ဖြစ်နေခြင်းပင်။
ဝူယဲ့ ပစ်ချခဲ့သော လျှို့ဝှက်လက်နက်များ ပေါက်ကွဲသွားစဉ်မှာပင် မုန့်ဝမ် ၏ ပုံရိပ်မှာ ရေလှိုင်းတွန့်များကဲ့သို့ပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူမ ပြန်လည်ပေါ်လာချိန်တွင် 'ဝိညာဉ်ရိပ် ရွှေ့ပြောင်းခြင်း'ကို အသုံးပြုကာ ဝူယဲ့ ၏ လမ်းကို ပိတ်ဆို့ထားလိုက်ပြီ ဖြစ်သည်။
“နင် တကယ်ပဲ မုန့်ဝမ် ဖြစ်နေတာပဲ!”
စောစောက ထိတွေ့မှုမှာ အလွန်တိုတောင်းသဖြင့် ဝူယဲ့ သည် ရန်သူ၏ ရုပ်ရည်ကို သဲသဲကွဲကွဲ မမြင်ခဲ့ရပေ။ သို့သော် သူသိရသလောက် ဝိညာဉ်နယ်မြေထဲ ဝင်လာသော ခုနစ်ဦးထဲတွင် မုန့်ဝမ် တစ်ဦးတည်းသာ သွေးကျိန်စာအတတ် ကို တတ်မြောက်ထားခြင်း ဖြစ်သည်။
မုန့်ဝမ် တွင် အခြေခံစွမ်းအင်အဆင့် ကိုးကျင့်ကြံမှု ရှိနေသည်ကို တွေ့လိုက်ရသောအခါ ဝူယဲ့ ၏ မျက်လုံးသူငယ်အိမ်များမှာ ကျဉ်းမြောင်းသွားပြီး မုန့်ဝမ် သည် သူမ၏ ကျင့်ကြံမှုနှင့် အစွမ်းကို ဖုံးကွယ်ထားခဲ့ကြောင်း သဘောပေါက်သွားတော့သည်။
မုန့်ဝမ် က ဘာမှပြန်မပြောဘဲ သူမ၏ လက်ကို တစ်ဖန်မြှောက်ကာ ဝူယဲ့ ထံသို့ ဖိချလိုက်သည်။ သူမ၏ လှုပ်ရှားမှုမှာ နူးညံ့သိမ်မွေ့ပုံရသော်လည်း ဝူယဲ့ ၏ သွေးများမှာမူ သူမ၏ လှုပ်ရှားမှုကြောင့် တစ်ဖန် ရူးသွပ်စွာ ဆူပွက်လာတော့သည်။