သူတော်စင်မီးတောက်
Vol. 52 Ch. 725
ရှမ့်ယွမ်၏ စကားသံနှင့်အတူ ပတ်ဝန်းကျင်မှာလည်း အနည်းငယ်မျှ တိတ်ဆိတ်ငြိမ်သက်သွားရသည်။
လူတိုင်းမှာ အတွေးများကြား နစ်မြုပ်ကုန်ကြရသည်။ လက်ရှိအချိန်တွင် ကန်ရွှမ်းကောင်းကင်ဒေသ၌ မြင့်မြတ်သောနန်းတော်မှာ ထိပ်သီးအဆင့်၌ ရပ်တည်နေပြီး ကန်ရွှမ်းကလန်မှာလည်း အနည်းငယ်မျှသာ ကွာခြားသော အနေအထားဖြင့် အမှီလိုက်နေလျက် ရှိသည်။ ကလန်နှစ်ခုသည် ရှေးယခင်တည်းက ပဋိပက္ခများ ရှိနေခဲ့ပြီး တွေ့ဆုံသည့် နေရာတိုင်းတွင် တိုက်ခိုက်ကြစမြဲ ဖြစ်သည်။
ထို့ကြောင့် အခြားသော ကလန်အသီးသီးမှာ ကျားနှစ်ကောင် သတ်ဖြတ်ကြသည်ကို ဝင်ရောက်စွက်ဖက်ခြင်းမပြုပဲ ထိုင်ကြည့်နေရန်သာ ရွေးချယ်လေ့ရှိကြသည်။
ရှမ့်ယွမ်သည် ကန်ရွှမ်းကလန်၏ ကြီးမားလှသော လျှို့ဝှက်ချက်အား ဖော်ထုတ်လိုက်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။ ယခုဆိုလျှင် ကန်ရွှမ်းကလန်မှာ တောင်ထွတ်ဆရာသခင်တစ်ဦးအား ဆုံးရှုံးလျက် လောကကိုကြီးစိုးခြင်း အဆင့်ရှိသည့် ရန်သူတစ်ဦးအား ရရှိသွားခဲ့ပြီ ဖြစ်သည်။ ပြောရမည်ဆိုလျှင် ကန်ရွှမ်းကလန်မှာ ပြဿနာ ကြီးကြီးမားမားနှင့် ရင်ဆိုင်လိုက်ရခြင်းပင်။
တစ်ဖက်တွင်မူ မြင့်မြတ်သောနန်းတော်၏ အနေအထားမှာ နှိုင်းယှဉ်၍ မရအောင် မြင့်မားနေပြီ ဖြစ်သည်။
ဆန်းကြယ်သော နေရာငယ်တစ်ခုအတွင်း ရှိနေသော ဇူယွမ်မှာ လက်ရှိအခြေအနေများကြောင့် မျက်ဝန်းများ၌ စိုးရိမ်ပူပန်မှု အငွေ့အသက်များ ယှက်သန်းလာရသည်။ ကန်ရွှမ်းကလန်သည် သူ၏ကျောထောက်နောက်ခံ အင်အားစုပင် ဖြစ်သည်။ ထို့ကြောင့် ကန်ရွှမ်းကလန်ကသာ မြင့်မြတ်သောနန်းတော်နှင့် မယှဉ်ပြိုင်နိုင်တော့ပါက အရာအားလုံးမှာ ပိုမိုဆိုးရွားသွားရပေတော့မည်ပင်။
သို့သော် ဇူယွမ်ကဲ့သို့သော နတ်ဘုံခန်းဝါ အခြေတည်အဆင့်မျှသာရှိသော အဆင့်နိမ့်ကျင့်ကြံသူမှာ လက်ရှိပြဿနာများအပေါ် ဝင်ရောက်ဖြေရှင်းနိုင်သော အရည်အချင်းမျိုး မရှိသဖြင့် စောင့်ကြည့်နေရုံမျှသာ တက်နိုင်တော့သည်။
မိုးကြိုးလျှပ်စီးကန်ထက်တွင် တိတ်ဆိတ်ငြိမ်သက်မှုကသာ အချိန်အတော်ကြာ ကြီးစိုးထားလျက် ရှိသည်။
"အဟမ်း..."
ဓားလမ်းစဉ်ကလန်မှ ဖန်းဆင်းရှင် ဓားဦးသျှောင်သခင်မှာ ချောင်းဟန့်လျက် တည်ငြိမ်စွာ စကားဆိုလိုက်သည်။ "ကန်ရွှမ်းသူတော်စင်တံဆိပ်ပြား ပေါ်လာတာ ကောင်းတယ်ဆိုပေမယ့် အခုလည်း ကန်ရွှမ်းကောင်းကင်ဒေသရဲ့ အခြေအနေက တည်ငြိမ်နေတာပဲလေ။ ဒီကိစ္စကြောင့်နဲ့ သွေးချောင်းစီးကုန်ရရင် ကောင်းမှာမဟုတ်ဘူး။ အဲ့လိုဆိုရင် ကန်ရွှမ်းကောင်းကင်ဒေသကိုပဲ ထိခိုက်စေလိမ့်မယ်။"
အနက်ရောင် အခိုးအငွေ့များကြား ရှိနေသော ကောင်းကင်တစ္ဆေကလန်၏ လော့မိစ္ဆာမှ သူ၏ဝမ်းဗိုက်အားပုတ်ကာ ပြုံး၍ပြောလိုက်သည်။ "ဒါပေမယ့် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြား ပေါ်လာပြီဆိုမှတော့ ကျုပ်တို့ဒီတိုင်း လျစ်လျူရှုထားလို့ မရဘူးလေ။ ဟုတ်တယ်မလား။"
မြောက်ပိုင်းနဂါးပင်လယ်ခန်းမ၏ မြတ်သောအရှင် ကုကျင်းမှာလည်း ခပ်ဖွဖွရယ်မောလျက် ဝင်ရောက်ပြောဆိုလိုက်သည်။ "အဲ့တော့ မင်းက ကန်ရွှမ်းကောင်းကင်ဒေသရဲ့ အရှင်သခင်သစ် ဖြစ်ချင်တာလား။"
"အဟင်း....ကောင်းကင်တစ္ဆေကလန်က အဲ့လိုဖြစ်ဖို့ အရည်အချင်း အနည်းဆုံးပဲ။" အလှပန်းတစ်ရာနန်းတော်၏ သခင်မ ရှမ့်ချင်းဇယ်မှ ပြောလိုက်သည်။
နန်းဆောင်သခင် ရှမ့်ယွမ်မှာ ရယ်ကာမောကာဖြင့် စကားဆိုလိုက်သည်။ "ငါ့မှာ အကြံရှိတယ်။ ထပ်ပြီး ပြဿနာတွေ ဖြစ်မလာရအောင် ငါတို့ အဓိက ကလန်ကြီးခြောက်ခုက ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကို အလှည့်ကျ ထိန်းသိမ်းထားရင် မကောင်းဘူးလား။"
အခြားသူများမှာ အကြံပေးချက်ကြောင့် တိတ်ဆိတ်ငြိမ်သက်သွားရသည်။
ကလန်ခေါင်းဆောင် ချင်းယန်မှ အေးစက်စွာ ပြုံးလိုက်သည်။ "ငါတို့အတူ ပူးပေါင်းကြမယ်ဆိုတော့ ပိုပြီးအရေးပါတာရယ်၊ သိပ်အရေးမပါတာရယ်ဆိုပြီး ရှိမှာပဲ။ မင်းရဲ့ကမ်းလှမ်းချက်အရဆိုရင် မင်းက ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကို ပထမဆုံး ထိန်းသိမ်းစောင့်ရှောက်ခွင့်ရမယ့်သူ ဖြစ်ချင်နေတာမလား။"
နန်းဆောင်သခင် ရှမ့်ယွမ်မှ တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။ "ငါ့ရဲ့မြင့်မြတ်သောနန်းတော်က ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံးမှာ အကောင်းဆုံးပဲလေ။ ငါတို့က ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကို ဦးဆောင်ပြီး မထိန်းသိမ်းဘူးဆိုရင် မင်းတို့လို အခြေမခိုင်တဲ့ ကန်ရွှမ်းကလန်က ထိန်းသိမ်းနိုင်မှာမို့လို့လား။"
သူသည် အနည်းငယ်မျှပင် ကွေ့ဝိုက်မနေပဲ တဲ့တိုးပြောဆိုလိုက်ခြင်း ဖြစ်သည်။
ကလန်ခေါင်းဆောင် ချင်းယန်မှ အခြားသူများအားကြည့်ကာ စကားဆိုလိုက်သည်။ "ငါကတော့ မင်းရဲ့ရည်ရည်ရွယ်ချက်က ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားမှာတင် ရပ်မသွားပဲ တခြားကလန်တွေကိုပါ ဖိနှိပ်ပြီး ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံးကို အမှန်တကယ် ကြီးစိုးဖို့ထိ လုပ်လာမှာကို စိုးရိမ်မိတယ်။"
ဖန်ဆင်းရှင် ဓားဦးသျှောင်သခင်၊ ရှမ့်ချင်းဇယ်နှင့် အခြားသူများ၏ မျက်ဝန်းများမှာ ခက်ထန်သွားကြရသည်။ ၎င်းတို့သည် မည်သည့်စကားမှ ဝင်ရောက်ပြောဆိုခြင်းမပြုပဲ တိတ်ဆိတ်ငြိမ်သက်နေကြပါသော်လည်း အခြေအနေများအပေါ် သတိဝီရိယအပြည့်ဖြင့် စောင့်ကြည့်နေကြခြင်း ဖြစ်သည်။
အကယ်၍ နန်းဆောင်သခင် ရှမ့်ယွမ်သာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ဦးစွာထိန်းသိမ်းရသူ ဖြစ်ခဲ့ပါက သူသည် တံဆိပ်ပြားအား ထိန်းချုပ်ကိုင်တွယ်နိုင်ရန် မုချမလွဲ ကြိုးစားပေလိမ့်မည်။ အောင်မြင်သွားသည်နှင့်တစ်ပြိုင်နက် နန်းဆောင်သခင် ရှမ့်ယွမ်၏ ကျင့်ကြံခြင်းများမှာ အဆမတန် မြင့်တက်သွားမည်ပင်ဖြစ်ပြီး လောကကိုကြီးစိုးခြင်းအဆင့်အား ကျော်လွန်ကာ သူတော်စင်အဆင့်သို့ တက်လှမ်းသွားနိုင်မည် ဖြစ်သည်။ ထိုသို့ဖြစ်လာပါက ကန်ရွှမ်းကောင်းကင်ဒေသအတွင်း သူ့အား ယှဉ်ပြိုင်နိုင်မည့်သူ ရှိတော့မည်မဟုတ်ပေ။
ထို့ကြောင့် နန်းဆောင်သခင် ရှမ့်ယွမ်၏ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ဦးစွာထိန်းသိမ်းခွင့် ရရှိရန်အခွင့်အရေးမှာ နည်းပါးသွားရသည်။
နန်းဆောင်သခင် ရှမ့်ယွမ်မှာ ကြည့်ရှုနေသော အကြည့်များအား သတိထားမိသောကြောင့် ပြုံးကာပြောလိုက်သည်။ "ကြည့်ရတာ ဘယ်သူကမှ ငါ့ကမ်းလှမ်းချက်ကို စိတ်မဝင်စားတဲ့ပုံပဲ။"
လူတိုင်းမှာ တိတ်ဆိတ်ငြိမ်သက်နေလျက်သာ ရှိသည်။
နန်းဆောင်သခင် ရှမ့်ယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချကာ စကားဆိုလိုက်သည်။ "အစကတော့ ဒီကိစ္စကို အေးအေးဆေးဆေးပဲ ဖြေရှင်းလို့ရမယ် ထင်ခဲ့တာ။ ဒီလိုဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး။"
ဝုန်း...
စကားသံနှင့်အတူ သူ၏ခန္ဓာကိုယ်ထံမှ ငွေရောင်လောကသစ်တစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဖိအားများ ထွက်ပေါ်လာကာ နန်းဆောင်သခင် ရှမ့်ယွမ်မှာ တစ္ဆေတစ်ကောင်အလား လျင်မြန်လှသောအရှိန်ဖြင့် ကလန်ခေါင်းဆောင် ချင်းယန်၏နောက်သို့ ရောက်ရှိသွားသည်။
နန်းဆောင်သခင် ရှမ့်ယွမ်၏ လက်ဝါးထက်၌ ငွေရောင်အလင်းမျှင်များ စုဝေးပေါ်ထွက်လာသည်။ ထိုသည်မှာ အစစ်အမှန် လောကကိုကြီးစိုးခြင်း၏ စွမ်းအင်များပင် ဖြစ်သည်။ လောကကိုကြီးစိုးခြင်း အထွဋ်အထိပ်သို့ ရောက်ရှိနေသူများမှာ လောကကိုကြီးစိုးခြင်း စွမ်းအင်နှင့် ချီစွမ်းအင်များကို ပေါင်းစည်းကာ ထူးခြားဆန်းကြယ်သော စွမ်းအင်တစ်မျိုးအား ဖန်တီးရယူနိုင်ပေသည်။
ထိုသည်မှာ လောကသစ်၏မူလချီပင် ဖြစ်သည်။
၎င်းစွမ်းအင်မှာ လောကကိုကြီးစိုးခြင်း၏ ထူးခြားသောစွမ်းအင်တစ်ခု ဖြစ်၏။
နန်းဆောင်သခင် ရှမ့်ယွမ်၏ လက်ဝါးအနီးမှ လေထုများမှာ ပြင်းထန်ကြမ်းတမ်းသော စွမ်းအင်ဖိအားများကို ခံနိုင်ရည် မရှိသဖြင့် ဆုတ်ပြဲကုန်ရသည်။
သူ၏စွမ်းအင်အား ချီကြယ်ပွင့်များဖြင့် ရေတွက်ရမည်ဆိုလျှင် ကြယ်ပွင့်သန်းတစ်ရာကျော်မျှပင် ရှိနိုင်ပေလိမ့်မည်။
ဝုန်း....
အဖျက်စွမ်းအားများစွာ ပါဝင်နေသော လက်ဝါးချက်မှာ ကလန်ခေါင်းဆောင် ချင်းယန်ထံသို့ ရောက်ရှိလာသည်။ ရှမ့်ယွမ်မှာ အခြားသော အဆင့်မြင့်ကျင့်ကြံသူများအား ဟန့်တားနိုင်ရန် ချင်းယန်အား ပစ်မှတ်ထား တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
"မင်းလုပ်ရဲတယ်ပေါ့..."
ရွှမ်အဖိုးအိုမှာ ရှမ့်ယွမ်၏ရည်ရွယ်ချက်အား ဦးစွာသတိပြုမိလိုက်ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လျက် လောကသစ်တစ်ခုအား ထွက်ပေါ်စေလိုက်သည်။
သို့သော် လဲ့ကျွမ်း၏ပုံရိပ်မှာ ရွှမ်အဖိုးအိုရှေ့၌ ချက်ချင်းဆိုသလို ပေါ်ထွက်လာလေသည်။ သူသည် လောကကိုကြီးစိုးခြင်းအဆင့်၏ စွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် ရွှမ်အဖိုးအိုအား လက်သီးဖြင့်ထိုးကာ တားဆီးလိုက်သည်။
အစောပိုင်းတွင် ဖြစ်ပေါ်ခဲ့သော အကြောင်းကိစ္စများကြောင့် ကန်ရွှမ်းကလန်မှ သူ့အား လက်ခံတော့မည် မဟုတ်ကြောင်း လဲ့ကျွမ်းမှ သိရှိနေသည်။ ထို့ကြောင့် သူသည် မြင့်မြတ်သောနန်းတော်ဖက်သို့ ကူးပြောင်းလိုက်တော့သည်။ မြင့်မြတ်သောနန်းတော် အနိုင်ရရှိမှသာ သူ့အနေဖြင့် အဆင်ပြေလိမ့်မည်ဖြစ်ကြောင်း ကောင်းစွာသိရှိနေလေသည်။
"လဲ့ကျွမ်း....သစ္စာဖောက်ကောင်..." ရွှမ်အဖိုးအိုမှာ အော်ဟစ်လျက် ကြမ်းတမ်းခက်ထန်စွာ တိုက်ခိုက်လိုက်သည်။
လဲ့ကျွမ်းမှာ တည်ငြိမ်သောအမူအရာဖြင့်ပင် ရွှမ်အဖိုးအို၏ တိုက်ခိုက်မှုအား လောကသစ်ဖြင့် ခုခံကာကွယ်လိုက်သည်။
အခြားသော အဆင့်မြင့်ကျင့်ကြံသူများမှာ ကလန်နှစ်ခု တိုက်ခိုက်နေသည်ကို မြင်တွေ့လိုက်ရသောအခါတွင် အနောက်သို့ ဆုတ်ပေးလိုက်ကြသည်။ ၎င်းတို့မှာ တောင်တန်းများပေါ်တွင် ထိုင်စရာပြုလုပ်ကာ ကျားသားရဲများ တိုက်ခိုက်နေကြသည်ကို အနှောင့်အယှက်ပင် မဖြစ်စေရပဲ ကြည့်ရှုနေကြသည်။ လက်ရှိအခြေအနေအရ ကန်ရွှမ်းကလန်မှာ အတွင်းစည်း ဟန်ချက်ပျက်သွားရပါသော်လည်း မြင့်မြတ်သောနန်းတော်မှာ ထိုသို့ဖြစ်စေခဲ့သည့်အတွက် ကြီးကြီးမားမား ပြန်လည်ပေးဆပ်ရမည့်ဟန် ရှိသည်။
ထိုသို့ဖြစ်လာပါက မြင့်မြတ်သောနန်းတော်မှာ အားနည်းသွားမည်ပင် ဖြစ်သည်။
"ရှမ့်ယွမ်...မင်းငါ့ကို သတ်ချင်တယ်ဆိုရင် မင်းရဲ့အစွမ်းတွေကို ထုတ်ပြလိုက်လေ။ မင်းက ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့လူပဲ။" ကလန်ခေါင်းဆောင် ချင်းယန်မှာ စကားဆိုလိုက်ပြီးသည့်နောက် စွမ်းပြာရောင် လောကသစ်တစ်ခုအား ထွက်ပေါ်စေလိုက်သည်။ ရှမ့်ယွမ်မှာ ကလန်ခေါင်းဆောင် ချင်းယန်အား အလွယ်တကူဖြင့် အနိုင်ရနိုင်လိမ့်မည် မဟုတ်ပေ။
နန်းဆောင်သခင် ရှမ့်ယွမ်မှာ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားအောင် ပြုံးလိုက်သည်။
"အဲ့လိုလုပ်ရမလား...."
နန်းဆောင်သခင် ရှမ့်ယွမ်၏ ဦးခေါင်းထက်မှ ရွှေရောင်အငွေ့အသက်များ ထွက်ပေါ်လာသည်။ ထို့နောက် လောင်ကျွမ်းသံများနှင့်အတူ ယင်းအခိုးအငွေ့များမှာ ရွှေရောင်မီးလျှံတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
ရွှေရောင်မီးလျှံ ဖြစ်ပေါ်လာသောအချိန်တွင် ကမ္ဘာလောကကြီးတစ်ခုလုံး အေးစက်ငြိမ်သက်သွားသကဲ့သို့ ထင်မှတ်ရသည်။ ရွှေရောင်မီးလျှံ၏ လောင်ကျွမ်းမှုနှင့်အတူ လေထုမှာလည်း တုန်ခါလျက် ပန်းချီဆွဲရာတွင် အသုံးပြုသော ဆီဆေးမီးလောင်နေသကဲ့သို့ အသံများ ထွက်နေလျက် ရှိသည်။
မယုံကြည်နိုင်စရာကောင်းလောက်အောင် ပြင်းထန်သော စွမ်းအင်တစ်ခု မွေးဖွာလာခြင်း ဖြစ်လေသည်။
ရွှေရောင်မီးလျှံမှာ အရာအားလုံးကို လောင်ကျွမ်းပြာကျစေနိုင်မည့် အစွမ်းသတ္တိမျိုး ပါဝင်နေမည်ဟု ထင်မှတ်ရလေသည်။
ကလန်ခေါင်းဆောင် ချင်းယန်အပါအဝင် အခြားသော အဆင့်မြင့်ကျင့်ကြံသူများမှာ ရွှေရောင်မီးလျှံအား မယုံကြည်နိုင်စွာဖြင့် ကြည့်ရှုလိုက်ကြသည်။
"ဒါ...ဒါသူတော်စင်မီးတောက်မလား..."
မကြာလှသော အချိန်အတွင်းမှာပင် အာမေဋိတ်သံများ အသီးသီး ထွက်ပေါ်လာကြတော့သည်။
"ရှမ့်ယွမ်က သူတော်စင်အဆင့်တောင် ရောက်နေပြီလား။"
လောကကိုကြီးစိုးခြင်း အဆင့်ထက်မြင့်သော ကျင့်ကြံသူများအား သူတော်စင်ဟု ခေါ်ဆိုကြသည်။ သူတော်စင်အဆင့်သည် ဤကမ္ဘာလောကကြီး တစ်ခုလုံးတွင် အမြင့်ဆုံးပင် ဖြစ်သည်။
သို့သော် ကန်ရွှမ်းကောင်းကင်ဒေသ စတင်ပေါ်ပေါက်လာချိန်မှစ၍ အစစ်အမှန် သူတော်စင်အဆင့်သို့ ရောက်ရှိခဲ့သူမှာ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းတစ်ဦးတည်းသာ ရှိသည်။ ယခုတွင်မူ နန်းဆောင်သခင် ရှမ့်ယွမ်သည်လည်း ထိုသို့လောကထိပ်သီးအဆင့်အား ရောက်ရှိသွားပြီလော....
အံ့အားသင့်နေသော အကြည့်များစွာ၏အောက်၌ပင် နန်းဆောင်သခင် ရှမ့်ယွမ်မှာ လက်နှစ်ချောင်းအား ဆန့်ထုတ်လိုက်သည်။ ရွှေရောင်မီးလျှံများမှာ လေထုအား ဖြတ်သန်းလျက် သူ၏လက်ချောင်းထိပ်ပေါ်သို့ ချက်ချင်းဆိုသလို ရောက်ရှိလာလေသည်။ ထို့နောက် နန်းဆောင်သခင် ရှမ့်ယွမ်မှာ သူ၏လက်ချောင်းများဖြင့် ကလန်ခေါင်းဆောင် ချင်းယန်၏ စွမ်းပြာရောင် လောကသစ်အား ညွှန်ပြလိုက်သည်။
ဝုန်း....
ပျံဝဲလာသော ရွှေရောင်မီးလျှံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းလှသော လောကသစ်ကြီးမှာ စက္ကူစတစ်ခုအလား လောင်ကျွမ်းသွားရသည်။
"ချင်းယန်....မင်းဆရာသခင်ကိုပဲ သွားအဖော်ပြုပေးလိုက်တော့..."
နန်းဆောင်သခင် ရှမ့်ယွမ်မှ လျှို့ဝှက်စွာ ပြုံးလိုက်သည်။ သူ၏လက်ချောင်းများထံမှ ရွှေရောင်မီးလျှံများ ထွက်ပေါ်လာကာ လောကသစ်အား ထိုးဖောက်လျက် ကလန်ခေါင်းဆောင် ချင်းယန်အား ထိုးစိုက်လိုက်သည်။
ယင်းရွှေရောင်မီးလျှံနှင့် ထိတွေ့လိုက်ရပါက လောကကိုကြီးစိုးခြင်းအဆင့်ရှိသူများသည်ပင် ပြာမှုန့်အဖြစ်သို့ ကူးပြောင်းသွားရလိမ့်မည်ပင်။
အဘယ့်ကြောင့်ဆိုသော် ယင်းရွှေရောင်မီးလျှံမှာ သူတော်စင်မီးတောက် ဖြစ်နေသောကြောင့်ပင် ဖြစ်လေတော့သတည်း.....