← Chapters

ရင်းမြစ်အခြေတည်၏ စွမ်းအင်ဗဟိုအား လောင်ကျွမ်းစေခြင်း

Vol. 52 Ch. 726

ရင်းမြစ်အခြေတည်၏ စွမ်းအင်ဗဟိုအား လောင်ကျွမ်းစေခြင်း

Vol. 52 Ch. 726

ရွှပ်....

နန်းဆောင်သခင် ရှမ့်ယွမ်၏ သူတော်စင်မီးတောက်မှာ ကလန်ခေါင်းဆောင် ချင်းယန်ထံသို့ တည့်မတ်စွာ ပျံဝဲသွားသည်။ ယင်းရွှေရောင်မီးလျှံ ဖြတ်သန်းသွားရာ လမ်းတလျှောက်ရှိ အရာအားလုံးသည် ဗလာနတ္ထိအဖြစ် လောင်ကျွမ်းပြာကျကုန်ရသည်။

ကလန်ခေါင်းဆောင် ချင်းယန်အား ကာရံပေးထားသော လောကသစ်သည်ပင် ရွှေရောင်မီးလျှံ၏ ပြင်းထန်လှသော စွမ်းအင်များကို ခံနိုင်စွမ်းမရှိပဲ ချက်ချင်းဆိုသလို လောင်ကျွမ်းသွားရလေသည်။

ပုံမှန်အားဖြင့် လောကသစ်တစ်ခုအား အခြားသော လောကသစ်တစ်ခုဖြင့်သာ တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။

သို့သော် သူတော်စင်အဆင့်ရှိသူများအတွက်မူ လောကသစ်တစ်ခုမှာ မပြောပလောက်သော အရာတစ်ခုသာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူတော်စင်အဆင့် ရှိသူများ၌ ကမ္ဘာကြီးတစ်ခုလုံးအား လောင်ကျွမ်းပြာကျစေနိုင်သော သူတော်စင်မီးတောက် ရှိနေခြင်းကြောင့်ပင်။ ထို့​ကြောင့် လောကကိုကြီးစိုးခြင်း အဆင့်ရှိသူများ၏ လောကသစ်ကိုပင် စက္ကူတစ်ခုအလား လောင်ကျွမ်းသွားစေနိုင်ပေသည်။

နန်းဆောင်သခင် ရှမ့်ယွမ်၏ တိုက်ခိုက်မှုကြောင့် စောင့်ကြည့်နေသော လူများအားလုံး အံ့အားသင့်သွားကြရသည်။

နန်းဆောင်သခင် ရှမ့်ယွမ်သည် သူတော်စင်မီးတောက်အား ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။

ကလန်ခေါင်းဆောင် ချင်းယန်မှာ အံ့အားသင့်ကာ ထိတ်လန့်တုန်လှုပ်သွားရပါသော်လည်း တိုက်ခိုက်မှုအား ရှောင်လွှဲရန် မဖြစ်နိုင်တော့ပေ။ သူသည် ကူကယ်ရာမဲ့စွာဖြင့်သာ ရွှေရောင်မီးလျှံများ သူ့ထံတိုးဝင်လာနေသည်ကို ကြည့်ရှုနေရတော့သည်။

ရွှေရောင်မီးလျှံနှင့် ထိတွေ့လိုက်ရသည်နှင့် ကလန်ခေါင်းဆောင် ချင်းယန်၏ဘဝမှာလည်း လောင်ကျွမ်းပြာကျကာ ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲသွားရလိမ့်မည် ဖြစ်သည်။

"ကလန်ခေါင်းဆောင်..."

တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူ ပိုင်မေ့၊ ဟုန်ယာတောင်ထွတ်ဆရာသခင်နှင့် အခြားသူများမှာ အထိတ်တလန့် အော်ဟစ်လိုက်ကြသည်။

၎င်းတို့မှာ နန်းဆောင်သခင် ရှမ့်ယွမ်သည် ကလန်ခေါင်းဆောင် ချင်းယန်ထက် တိုက်ပွဲစွမ်းရည် အနည်းငယ်မျှသာ ပို၍သာလွန်လိမ့်မည်ဟု ယူဆထားခဲ့ကြသည်။ ထို့ကြောင့် နန်းဆောင်သခင် ရှမ့်ယွမ်အနေဖြင့် ကလန်ခေါင်းဆောင် ချင်းယန်အား အနိုင်ရရန် လွယ်ကူလိမ့်မည်မဟုတ်ဟု ထင်မှတ်ထားခဲ့ကြပါသော်လည်း ရှမ့်ယွမ်ဟူသော မြေခွေးအိုကြီးသည် သူ၏စွမ်းအင်များကို ကောင်းစွာဖုံးကွယ်ထားခြင်း ဖြစ်နေခဲ့သည်။

ကလန်ခေါင်းဆောင် ချင်းယန်သည် အန္တရာယ်များသော အခြေအနေနှင့် ရင်ဆိုင်နေရသည်ကို သိရှိနေပါသော်လည်း ၎င်းတို့အခြေအနေဖြင့် အကူအညီပေးရန် မဖြစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့မှာ အစစ်အမှန် လောကကိုကြီးစိုးခြင်းအဆင့်ကိုပင် မရောက်သေးသော တောင်ထွတ်ဆရာသခင်များသာ ဖြစ်ကြသောကြောင့် ဖြစ်သည်။

တိုက်ပွဲအား ကြည့်ရှုနေကြသော အခြားကလန်များမှ အဆင့်မြင့်ကျင့်ကြံသူများ၏ အမူအရာမှာလည်း လေးနက်ခက်ထန်နေလျက် ရှိသည်။

"ဟားဟား.....ကန်ရွှမ်းကလန်ကတော့ ဒုက္ခအကြီးကြီး ရောက်ပြီပဲ။" ကောင်းကင်တစ္ဆေကလန်၏ လော့မိစ္ဆာမှ အလိုရမ္မက်များ ပြည့်နှက်နေသော မျက်ဝန်းမျာဖြင့် ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်။ ကန်ရွှမ်းကလန်သည် အင်အားကြီးကလန်ကြီး ခြောက်ခု၌ တစ်ခု အပါအဝင် ဖြစ်သည်။ ကလန်ခေါင်းဆောင် ချင်းယန်သာ တစ်စုံတစ်ခု ဖြစ်သွားခဲ့​ပါက ထိပ်သီးနေရာတွင် ရပ်တည်နေသော ကန်ရွှမ်းကလန်၏ အဆင့်မှာလည်း ကျဆင်းသွားရပေလိမ့်မည်။ ထိုသို့ဖြစ်လာခဲ့ပါက များပြားလှသောလူများမှ ကန်ရွှမ်းကလန်၏ အခြေခံအုတ်မြစ်အား ဖျက်စီးပစ်ရန် အခွင့်အရေးရကြမည်မှာ သေချာပေသည်။

အခြားသော အင်အားကြီးကလန်ကြီးများမှ အဆင့်မြင့်ကျင့်ကြံသူများမှာ စိုးရိမ်သွားကြရသည်။ ၎င်းတို့သည် ကလန်ခေါင်းဆောင် ချင်းယန် တစ်စုံတစ်ခု ဖြစ်သွားမည်ကို မလိုလားကြပေ။ အဘယ့်ကြောင့်ဆိုသော် ထိုအကြောင်းအရာသည် ကန်ရွှမ်းကောင်းကင်ဒေသအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။ ထို့အပြင် ကန်ရွှမ်းကလန်၏အဆင့်သာ နိမ့်ကျသွားခဲ့ပါက မြင့်မြတ်သောနန်းတော်မှာ မည်သူမှ နှိုင်းယှဉ်မရအောင် မြင့်မားလာတော့မည်ပင် ဖြစ်လေသည်။

ထို့အပြင် နန်းဆောင်သခင် ရှမ့်ယွမ်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူတော်စင်မီးတောက်သည် အရာအားလုံးကို လောင်ကျွမ်းစေနိုင်သော အစွမ်းသတ္တိရှိနေသောကြောင့် မည်သူကမှ အကူအညီပေးရန် မဝံ့ရဲကြချေ။

ကလန်ခေါင်းဆောင် ချင်းယန် ဒုက္ခရောက်ရတော့မည်ကို အားလုံးမှ ကူကယ်ရာမဲ့စွာ ကြည့်ရှုနေရုံသာ တက်နိုင်ပေသည်။

ဝှစ်....

ထိုအချိန်မှာပင် တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူ ပိုင်မေ့နှင့် အခြားသူများနောက်မှ ရုတ်ချည်းဆိုသလို ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

"ဂျူနီယာညီမတော်လေး..."

တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူ ပိုင်မေ့၊ ဟုန်ယာတောင်ထွတ်ဆရာသခင်နှင့် အခြားသူများ၏ အမူအရာမှာ ပြောင်းလဲသွားရသည်။

"လျန်းယီ...."

တောင်ထွတ်ဆရာသခင် လင်ကျွမ်း၏ မျက်ဝန်းများမှာ စိုးရိမ်ပူပန်နေသော အငွေ့အသက်များဖြင့် ပြည့်နှက်သွားရသည်။

လျှို့လျန်းယီမှာ အော်ဟစ်သံများအား လျစ်လျူရှုလျက် ရှမ့်ယွမ်၏ ရွှေရောင်မီးလျှံများထံ အရှိန်အဟုန်ပြင်းစွာ ပျံဝဲသွားသည်။

လျှို့လျန်းယီထံမှ ရင်းမြစ်အခြေတည်စွမ်းအင်များမှာ ပြင်းထန်စွာ တုန်ခါလျက် အလုံးအရင်းဖြင့် ထွက်ပေါ်လာလေသည်။

ရှမ့်ယွမ်မှာ လျှို့လျန်းယီ၏ လှုပ်ရှားမှုအား သတိပြုမိလိုက်ပြီးနောက် အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိပဲ စကားဆိုလိုက်သည်။ "မင်းက လောကကိုကြီးစိုးခြင်းအဆင့်တောင် မရောက်သေးပဲနဲ့...သေချင်နေတာလား။"

သူ၏လက်ဝါးထက်မှ လောကကိုကြီးစိုးခြင်းအဆင့်၏ ကြောက်မက်ဖွယ်ရာ စွမ်းအင်များ ထွက်ပေါ်လာကာ လေထုကိုပင် အက်ကွဲသွားစေသည်။

သို့သော် လျှို့လျန်းယီမှာ အနည်းငယ်မျှပင် နောက်ဆုတ်မည့်ဟန်မရှိပဲ တည်ငြိမ်စွာဖြင့် လက်နှစ်ဖက်အား ချိတ်ဆက်လိုက်သည်။

ဝုန်း....

သူမ၏ ခန္ဓာကိုယ်အတွင်းမှ ရင်းမြစ်အခြေတည်အဆင့်၏ စွမ်းအင်များမှာ စတင်လောင်ကျွမ်းလာလေသည်။

ဝုန်း....

ပြင်းထန်လွန်းလှသော ချီစွမ်းအင်များ အတိုင်းအဆမရှိ ပေါက်ကွဲထွက်ပေါ်လာသည်။

လျှို့လျန်းယီထံမှ ထွက်ပေါ်နေသော ကြမ်းတမ်းခက်ထန်လှသည့် စွမ်းအင်ဖိအားများကြောင့် ပတ်ဝန်းကျင်ရှိ လေထုသည်ပင် ရောင်စဉ်များ ပြောင်းလဲလာရသည်။

စောင့်ကြည့်နေကြသောသူများမှာ လျှို့လျန်းယီ၏လုပ်ရပ်ကြောင့် မျက်မှောင်ကျုံ့မိလိုက်ကြသည်။ "သူမက ရင်းမြစ်အခြေတည်စွမ်းအင်ဗဟိုကို လောင်ကျွမ်းပစ်နေတာပဲ။ သူမ ရူးများသွားတာလား။"

ရင်းမြစ်အခြေတည်စွမ်းအင်ဗဟိုတစ်ခုလုံး အပြည့်အဝ လောင်ကျွမ်းသွားသည်နှင့်တစ်ပြိုင်နက် လျှို့လျန်းယီလည်း သေဆုံးသွားလိမ့်မည် ဖြစ်သည်။

"ဂျူနီယာညီမတော်လေး..." တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူ ပိုင်မေ့၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ ၎င်းတို့သည် လျှို့လျန်းယီ၏ အကြံအစည်အား နားလည်သွားပြီပင် ဖြစ်သည်။ လျန်းယီသည် ကလန်ခေါင်းဆောင် ချင်းယန်အား ကူညီနိုင်ရန်အတွက် သူမ၏ရင်းမြစ်အခြေတည်စွမ်းအင်ဗဟိုကို လောင်ကျွမ်းပစ်ရန် ကြံရွယ်နေခြင်းပင်။

တောင်ထွတ်ဆရာသခင် လင်ကျွမ်းမှာ လျန်းယီထံသို့ လျင်မြန်စွာ ပျံဝဲသွားရင်းဖြင့် အော်ဟစ်လိုက်သည်။ "မဖြစ်ဘူး...."

လျန်းယီမှာ ပျံဝဲလာနေသော တောင်ထွတ်ဆရာသခင် လင်ကျွမ်းအား လှည့်ကြည့်လိုက်ပြီးနောက် လှပစွာပြုံးလိုက်ရင်းဖြင့် ပြောလိုက်သည်။ "လင်ကျွမ်း...ဒီနှစ်တွေအတွင်း ငါနင့်ကို စိတ်ပဲဆိုးနေခဲ့မိလို့ တောင်းပန်ပါတယ်။"

"တကယ်တော့ ငါကမှ အပြစ်ရှိတဲ့သူပါ။ ဆရာသခင်က ငါ့ကြောင့်သေသွားရတာ။ အဲ့ဒါကြောင့် အခုငါ့အပြစ်တွေကို ပေးဆပ်ပါရစေတော့..."

ထို့နောက် လျန်းယီ၏ခန္ဓာကိုယ်မှ အသင်္ချေမျှသော ရောင်စဉ်တန်းများ ထွက်ပေါ်လာတော့သည်။ အတိုင်းအဆမဲ့သော ချီစွမ်းအင်များမှာလည်း သူမ၏ခန္ဓာကိုယ်တဝိုက်တွင် သလင်းကျောက်အလွှာတစ်ခုအဖြစ် စုစည်းသွားလေသည်။ အဆုံးသတ်တွင်မူ ကြောက်မက်ဖွယ်ကောင်းလှသော အဖျက်စွမ်းအင်များမှာ ရှမ့်ယွမ်ထံသို့ ဦးတည်ပျံဝဲသွားသည်။

"သေစမ်း..."

နန်းဆောင်သခင် ရှမ့်ယွမ်၏ အမူအရာမှာ ခက်ထန်သွားရသည်။ ရင်းမြစ်အခြေတည်အဆင့် အထွဋ်အထိပ်သို့ ရောက်ရှိနေသူတစ်ဦး၏ မိမိကိုယ်ကို ပျက်စီးခံကာ တိုက်ခိုက်လာသော ပြင်းထန်လှသည့် တိုက်ခိုက်မှုမျိုးကို သူ့အနေဖြင့် လျစ်လျူရှုထား၍ မရနိုင်ပါချေ။ သူသည် ချက်ချင်းဆိုသလိုပင် သူတော်စင်မီးတောက်များကို ရင်းမြစ်အခြေတည်စွမ်းအင်များကို လောင်ကျွမ်းပစ်နေသော လျန်းယီထံ ပစ်လွှတ်လိုက်သည်။

ဝုန်း....

စွမ်းအင်နှစ်ခု ထိတွေ့သွားကြပြီးနောက် ကမ္ဘာမြေပြင် တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေသော ပြင်းထန်လှသည့် စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာသည်။

ကမ္ဘာကြီးတစ်ခုလုံး ပြိုကျပျက်စီးသွားတော့မည့်အလားပင် ထင်မှတ်ရလေသည်။

မဟူရာရေကန်မှာ ကွဲအက်သွားရကာ ကြီးမားလှသော အက်ကြောင်းကြီးများ အဆက်မပြတ် ပေါ်ပေါက်လာရသည်။ ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ ပြန်လည်ပြုပြင်၍မရအောင် အက်ကြောင်းများ ထပ်နေသော သလင်းကျောက်တစ်ခုကဲ့သို့ ဖြစ်သွားရသည်။

စောင့်ကြည့်နေကြသော အဆင့်မြင့်ကျင့်ကြံသူများမှာ စွမ်းအင်လှိုင်းဂယက်များထံမှ ရှောင်ရှားရန်အတွက် အနောက်သို့ ဆုတ်ခွာလိုက်ကြသည်။

ကလန်ခေါင်းဆောင် ချင်းယန်မှာလည်း လေးနက်ခက်ထန်သော မျက်ဝန်းများဖြင့် စွမ်းအင်လှိုင်းဂယက်များကို ကြည့်ရှုနေရင်း အနောက်သို့ ဆုတ်ခွာလိုက်ရသည်။ သူသည် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်းဖြင့် ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။ "လျန်းယီ....မင်းကငယ်ငယ်လေးတည်းက ပြဿနာတွေကိုပဲ အမြဲလုပ်နေတာပဲ။"

စွမ်းအင်လှိုင်းဂယက်များမှာ အချိန်အတော်ကြာထိ ပျံ့လွင့်နေပြီးနောက်တွင် ဖြည်းညင်းစွာ ငြိမ်သက်သွားသည်။

လူများစွာမှ အလျင်အမြန် ကြည့်ရှုလိုက်သောအခါတွင် ကောင်းကင်ထက်၌ ခက်ထန်သော အမူအရာဖြင့် ရှိနေသည့် နန်းဆောင်သခင် ရှမ့်ယွမ်အား တွေ့ရှိလိုက်ကြရသည်။ သူ၏အဝတ်အစားများမှာ ဆုတ်ပြဲနေလျက်ရှိပြီး လက်ချောင်းထိပ်မှ သွေးများယိုစီးကျနေသည်။ ရွှေရောင်မီးလျှံမှာလည်း ယခင်ကထက် အားနည်းနေသည်ကို တွေ့မြင်နိုင်ပေသည်။

သို့သော် လျှို့လျန်းယီ၏ပုံရိပ်အား အစအနမျှပင် တွေ့ရှိရခြင်း မရှိတော့ပေ။

ပတ်ဝန်းကျင် တစ်ခွင်လုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားရသည်။

ရင်းမြစ်အခြေတည်အဆင့် အထွဋ်အထိပ်သို့ ရောက်ရှိနေသူတစ်ဦးမှာ ယနေ့တွင် သေဆုံးသွားရလေပြီ။

"အား....."

တောင်ထွတ်ဆရာသခင် လင်ကျွမ်းမှာ ကောင်းကင်ထက်၌ နာကျင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏မျက်ဝန်းများ ရဲတွတ်လာကာ ခန္ဓာကိုယ်အတွင်းရှိ ရင်းမြစ်အ​ခြေတည်စွမ်းအင်များ စတင်လောင်ကျွမ်းလာတော့သည်။

"ဘန်း...."

ကလန်ခေါင်းဆောင် ချင်းယန်မှာ တောင်ထွတ်ဆရာသခင် လင်ကျွမ်း၏ရှေ့သို့ အလျင်အမြန် ရောက်ရှိလာပြီးနောက် ၎င်း၏ရင်ဘတ်အားရိုက်လိုက် အနောက်သို့ တွန်းပို့လိုက်သည်။ "လင်ကျွမ်း....စိတ်လျှော့ထား..."

တောင်ထွတ်ဆရာသခင် လင်ကျွမ်းမှာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားရကာ ဒဏ်ရာရထားသော သားရဲတစ်ကောင်အလား နာကျင်စွာ အော်ဟစ်မြည်ဟမ်းနေလေသည်။

တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူ ပိုင်မေ့၊ ဟုန်ယာတောင်ထွတ်ဆရာသခင်နှင့် အခြားသူများမှာလည်း နာကျင်နေသော မျက်ဝန်းများဖြင့် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားကြသည်။

လျှို့လျန်းယီသည် နှလုံးသားအတွင်း သူမကိုယ်သူမ အပြစ်တင်ခြင်းများနှင့်သာ ပြည့်နှက်နေသည်ကို ၎င်းတို့အားလုံး သိရှိနေကြသည်။ ထို့ကြောင့် လျန်းယီမှာ အာဃာတများအား လွှတ်ချကာ ငြိမ်းချမ်းမှု ရနိုင်ရန်အတွက် သူမ၏အသက်အား စွန့်လွှတ်ရန် ရွေးချယ်ခဲ့လေသည်။

ထိုမှသာ ယနေ့တွင် ဖြစ်ပေါ်နေရသော ကန်ရွှမ်းကလန်၏ ဆုံးရှုံးနစ်နာမှုများ နည်းပါးသွားမည် ဖြစ်သည်။

ဆန်းကြယ်သောနေရာငယ်အတွင်း ရှိနေသော ဇူယွမ်မှာလည်း မိုးကြိုးလျှပ်စီးကန် အပြင်ဖက်၌ ဖြစ်ပေါ်နေသော အခြေအနေများကို တွေ့မြင်သိရှိနေသည်။ တောင်ထွတ်ဆရာသခင်မ လျန်းယီမှာ ရင်းမြစ်အခြေတည်စွမ်းအင်များအား လောင်ကျွမ်းစေကာ နန်းဆောင်သခင် ရှမ့်ယွမ်အား သူမနှင့်အတူ မရဏလမ်းဆီသို့ ခေါ်ဆောင်သွားရန် ကြိုးစားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

တောင်ထွတ်ဆရာသခင်မ လျန်းယီမှာ နူးညံ့လှပသော အမျိုးသမီးတစ်ဦး ဖြစ်ပါသော်လည်း သူမ၏စိတ်ဓာတ်မှာ အလွန်မာကျောလှပေသည်။

ဇူယွမ်မှာ သူမ၏သေဆုံးမှုအတွက် အလွန်ဒေါသထွက်နေမိသည်။ တောင်ထွတ်ဆရာသခင်မ လျန်းယီသည် ကန်ရွှမ်းကလန်၏ ဂုဏ်ယူရသော၊ တပည့်များ ချစ်ခင်လေးစားရသော သူတစ်ဦး ဖြစ်သည်။

လီချင်းချန်နှင့် အခြားသူများလည်း ဤသတင်းအား ကြားရသောအခါ အလွန်အမင်း ဒေါသထွက်ကြမည်မှာ သေချာပေသည်။

ထို့အပြင် လက်ရှိအခြေအနေအရ ကန်ရွှမ်းကလန်မှာ တောင်ထွတ်ဆရာသခင် နှစ်ဦးအား ဆုံးရှုံးသွားရပြီ ဖြစ်သည်။ ထို့ကြောင့် ကန်ရွှမ်းကလန်၏ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ဆုပ်ကိုင်ထားနိုင်မည့် အခွင့်အရေးမှာလည်း နည်းပါးသွားရလေပြီ။

ကန်ရွှမ်းကလန် တစ်ခုလုံးမှာ ယခုအချိန်တွင် ကြီးမားလှသော အကြပ်အတည်းနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ဇူယွမ်အနေဖြင့် ကန်ရွှမ်းကလန်ကိုသာ ဆုံးရှုံးလိုက်ရပါက အ​ခြေအနေများ ပို၍ဆိုးရွားသွားရန်သာ ရှိတော့သည်။

သူတစ်ယောက်တည်းတင်မဟုတ် ကြီးမြတ်သောဇူအင်ပါယာသည်လည်း ဒုက္ခရောက်ရလိမ့်မည်ပင်။

ဇူယွမ်မှာ အဖက်ဖက်မှ ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များအား တွေးတောကာ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ဇူယွမ်အနေဖြင့် မည်သည်ကို လုပ်ဆောင်သင့်ပါသနည်း....

All Chapters