ရှမ့်ယွမ်၏ရွေးချယ်မှု
Vol. 53 Ch. 727
ပတ်ဝန်းကျင်မှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်သည်။ အဆင့်မြင့်ကျင့်ကြံသူများအားလုံးမှာ လျှို့လျန်းယီ၏ ရင်းမြစ်အခြေတည်စွမ်းအင်များ လောင်ကျွမ်းသွားရသည်ကို ယခုထိ အံ့အားသင့်နေမိကြသည်။ ရင်းမြစ်အခြေတည်အဆင့်သည် အင်အားကြီးကလန်ကြီးများတွင်ပင် အထူးအဆင့်မြင့်ကျင့်ကြံခြင်းအဆင့်အဖြစ် သတ်မှတ်ခြင်းခံရလေသည်။
ဤနှစ်ပေါင်းများစွာအတွင်း ရင်းမြစ်အခြေတည်အဆင့်ရှိသူ တစ်ဦးတစ်ယောက်မျှ သေဆုံးခဲ့ခြင်း မရှိပါသော်လည်း ယနေ့တွင်မူ ၎င်းတို့အားလုံး တောင်ထွတ်ဆရာသခင်မ လျန်းယီ သေဆုံးသွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြီပင် ဖြစ်သည်။
နန်းဆောင်သခင် ရှမ့်ယွမ်၏ အမူအရာမှာ ခက်ထန်နေရသည်။ သူ၏ပစ်မှတ်မှာ ချင်းယန်ဖြစ်နေသောကြောင့် လျှို့လျန်းယီအား သတ်ဖြတ်နိုင်ခဲ့ခြင်းအပေါ် အနည်းငယ်မျှပင် စိတ်ကျေနပ်ခြင်းမရှိပေ။
ချင်းယန်သာ သေဆုံးသွားပါက ကန်ရွှမ်းကလန်၏ အဆင့်အတန်းမှာ ပြောစရာပင် မလိုလောက်အောင် များစွာကျဆင်းသွားလိမ့်မည် ဖြစ်သည်။
ယခုတွင်မူ ချင်းယန်မှာ အသက်ရှင်နေဆဲ ဖြစ်သည့်အပြင် ရှမ့်ယွမ်အတွက်လည်း အစောပိုင်းကကဲ့သို့ အခွင့်အရေးမျိုး ထပ်မံရရှိရန် မလွယ်ကူတော့ပေ။ သူ၏စွမ်းအင် အစစ်အမှန်အား ထုတ်ဖော်ပြသလိုက်ပြီဖြစ်သောကြောင့် ချင်းယန်မှာ ယခင်ကထက် အစစအရာရာ သတိထားနေလေပြီ။
ထို့အပြင် သူသည် အစစ်အမှန် သူတော်စင်တစ်ဦး မဟုတ်ပါချေ.....
နန်းဆောင်သခင် ရှမ့်ယွမ်မှာ လက်နှစ်ဖက်အား နောက်ကျောဖက်တွင် ယှက်သိုင်းလျက် တည်ငြိမ်စွာဖြင့် စကားဆိုလိုက်သည်။ "ခုနတုန်းက ငါ့ရဲ့ကမ်းလှမ်းချက်ကို ဘယ်လိုမြင်ကြလဲ။"
လူတိုင်း၏ မျက်ဝန်းများ၌ အတွေးစများ ဖြတ်သန်းသွားပါသော်လည်း မည်သည့်စကားမှ ပြောဆိုကြခြင်း မရှိ။
ကလန်ခေါင်းဆောင် ချင်းယန်မှာ နန်းဆောင်သခင် ရှမ့်ယွမ်အား အေးစက်စွာ ကြည့်ရှုနေပြီးနောက် ရုတ်ချည်းဆိုသလို ပြောလိုက်သည်။ "ရှမ့်ယွမ်....မင်းက အစစ်အမှန် သူတော်စင်တစ်ယောက် မဟုတ်ဘူး။"
အခြားသော အဆင့်မြင့်ကျင့်ကြံသူများမှာ အံ့အားသင့်သွားရကာ နန်းဆောင်သခင် ရှမ့်ယွမ်အား သံသယဖြစ်စွာ ကြည့်ရှုလိုက်ကြသည်။
နန်းဆောင်သခင် ရှမ့်ယွမ်၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားရပြီးနောက် ရွှေရောင်မီးလျှံအား လက်ချောင်းထိပ်၌ ထွက်ပေါ်စေကာ စကားဆိုလိုက်သည်။ "အဲ့တော့ မင်းကထပ်ပြီး စမ်းကြည့်ချင်တာလား။"
ကလန်ခေါင်းဆောင် ချင်းယန်မှ အေးစက်ခက်ထန်စွာ ပြောလိုက်သည်။ "မင်းသာ အစစ်အမှန် သူတော်စင် ဖြစ်နေပြီဆိုရင် ဘာလို့ငါတို့ကို အချိန်ကုန်ခံပြီး စကားပြောနေဦးမှာလဲ။ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကို ယူပြီးနေလောက်ပြီပေါ့။"
"ပြီးတော့ မင်းရဲ့ရွှေရောင်မီးလျှံက သူတော်စင် အငွေ့အသက်ရှိတယ်ဆိုပေမယ့် မတည်ငြိမ်တဲ့အပြင် မင်းရဲ့မီးတောက်နဲ့ ငါ့ဆရာသခင်မီးတောက်က တော်တော့်ကိုကွာတယ်။"
စောင့်ကြည့်နေကြသောသူများမှာ ရှမ့်ယွမ်၏ လက်ဝါးအား ကြည့်ရှုလိုက်ကြသည်။ လျှို့လျန်းယီ၏ တိုက်ခိုက်မှုအား ခုခံခဲ့ရပြီးနောက် ရွှေရောင်မီးလျှံမှာ ယခင်ကထက် မှေးမှိန်သွားသည်ကို သိသာစွာ မြင်တွေ့နိုင်ပေသည်။
ယင်းမီးလျှံ၏ လွှမ်းမိုးနိုင်မှုမှာလည်း အနည်းငယ်မျှ ကျဆင်းသွားသည်။
ထို့ကြောင့် အဆင့်မြင့်ကျင့်ကြံသူများမှာ ကလန်ခေါင်းဆောင် ချင်းယန်၏စကားအား မှန်ကန်လောက်သည်ဟု သံသယဖြစ်ကုန်ကြသည်။ ရှန့်ယွမ်သာ အစစ်အမှန် သူတော်စင်အဆင့်ကို ရောက်ရှိနေပါက မည်သည့်ကမ်းလှမ်းချက်မှ ပြုလုပ်နေရန် မလိုအပ်ပေ။ အစစ်အမှန် သူတော်စင်တစ်ဦးသည် ကန်ရွှမ်းကောင်းကင်ဒေသအား ကောင်းစွာထိန်းချုပ်ထားနိုင်မည်ပင်ဖြစ်ပြီး လူအများအား သူ့ထံတွင် ဒူးထောက်ခစားစေလိမ့်မည် ဖြစ်သည်။
နန်းဆောင်သခင် ရှမ့်ယွမ်မှာ အမူအရာ ပျက်ယွင်းသွားရပြီးနောက် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကလန်ခေါင်းဆောင် ချင်းယန်အား ကြည့်ရှုလိုက်သည်။ ဒီအဖိုးကြီးကို သတ်ပစ်လိုက်သင့်တာ....
ကလန်ခေါင်းဆောင် ချင်းယန်မှ မထီမဲ့မြင်ပြုစွာ ပြောလိုက်သည်။ "ဆရာသခင် ငါ့ကိုပြောပြဖူးတာတော့ အစစ်အမှန် သူတော်စင်အဆင့်က စိတ်ကူးကြည့်လို့မရလောက်အောင် မြင့်မားလွန်းတယ်တဲ့။ ဒါပေမယ့် လောကကိုကြီးစိုးခြင်းအဆင့်နဲ့ အစစ်အမှန် သူတော်စင်အဆင့်ကြားမှာ ရွှေရည်စိမ် သူတော်စင်အဆင့်ဆိုတာ ရှိသေးတယ်လို့ ဆရာသခင်က ပြောခဲ့တယ်။"
"သူတော်စင်မီးတောက်ကို မင်းဘယ်လိုရထားလဲ ငါမပြောနိုင်ပေမယ့် မင်းက ရွှေရည်စိမ် သူတော်စင်အဆင့်ပဲ ရှိသေးတဲ့ကောင်ပဲ။"
"ရှမ့်ယွမ်....မင်းရဲ့ သူတော်စင်မီးတောက်က အတုအယောင်ပဲ။ မင်းက ကျားတစ်ကောင်ရဲ့ ကြီးမြတ်မှုမျိုးကို လိုချင်နေတဲ့ မြေခွေးပဲကွ။"
ချင်းယန်မှာလည်း အစောပိုင်းတွင် နန်းဆောင်သခင် ရှမ့်ယွမ်၏ သူတော်စင်မီးတောက်ကြောင့် အတော်အံ့သြသွားခဲ့ရသည်။ သူ၏နှလုံးသားများမှာ လှိုင်းထန်သွားရကာ ပြန်လည်တည်ငြိမ်စေရန်ပင် မတက်နိုင်ခဲ့ပေ။ သို့သော် လျှို့လျန်းယီမှာ အသက်နှင့်လဲ၍ ရှန့်ယွမ်အား တိုက်ခိုက်သွားပြီးနောက်တွင် သူ၏တည်ငြိမ်မှုများအား ပြန်၍ရရှိလိုက်သည်။
နန်းဆောင်သခင် ရှမ့်ယွမ်မှာ ငွေမျှင်ရောင် မျက်ဝန်းများဖြင့် ကလန်ခေါင်းဆောင် ချင်းယန်အား ကြည့်ရှုလိုက်ပြီးနောက် ခံစားချက်မဲ့စွာ ပြောလိုက်သည်။ "မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းတောင် အထင်ကြီးခဲ့ရတဲ့အတိုင်း မင်းကတကယ် ဉာဏ်ကောင်းတာပဲ။"
သူ၏စကားလုံးများသည် ကန်ရွှမ်း၏ထင်မြင်ချက်အား အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။
"ဒါပေမယ့် ရွှေရည်စိမ် သူတော်စင်အဆင့်နဲ့တောင် မင်းကိုတော့ လွယ်လွယ်လေး သတ်ပစ်လိုက်လို့ရတယ်။" နန်းဆောင်သခင် ရှမ့်ယွမ်၏ မျက်ဝန်းများမှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေလျက် ရှိသည်။
စောင့်ကြည့်နေသောသူများမှာ နန်းဆောင်သခင် ရှမ့်ယွမ်၏စကားကြောင့် အထိတ်တလန့် ဖြစ်သွားကြရသည်။
ရှမ့်ယွမ်မှာ မည်မျှပင် ယုံကြည်ချက် ပြည့်ဝနေကြောင်း သူ၏စကားဖြင့်ပင် သိရှိနိုင်ပေသည်။ သူသည် ကလန်ခေါင်းဆောင် ချင်းယန်ထက် ခြေတစ်လှမ်း သာသွားခဲ့ခြင်းကပင် ချင်းယန်အား သတ်ဖြတ်ရန်အတွက် လုံလောက်နေပြီ ဖြစ်သည်။
တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူ ပိုင်မေ့၊ ဟုန်ယာတောင်ထွတ်ဆရာသခင်နှင့် အခြားသူများ၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ ၎င်းတို့မှာ စိတ်ခံစားချက်များအာစ အလျင်အမြန် ပြန်လည်တည်ငြိမ်စေလျက် ကလန်ခေါင်းဆောင် ချင်းယန်၏နောက်သို့ သွားလိုက်ကြသည်။
ကလန်ခေါင်းဆောင် ချင်းယန်မှာ မျက်မှောင်ကျုံ့လျက် တွေးတောချိန်ဆနေရသည်။ လက်ရှိအခြေအနေသည် ကန်ရွှမ်းကလန်အတွက် အတော်အန္တရာယ်များနေပြီ ဖြစ်သည်။
တောင်ထွတ်ဆရာသခင် လဲ့ကျွမ်းမှာ သစ္စာဖောက်သွားသောကြောင့် ရွှမ်အဖိုးအိုမှာ ၎င်းအား မျက်ခြေမပြတ် စောင့်ကြည့်နေရလေသည်။ ယခုအနေအထားအရ ကန်ရွှမ်းကလန်၏ တိုက်ပွဲစွမ်းရည်မှာ အတော်ပင် ကျဆင်းနေလေပြီ။
ကလန်ခေါင်းဆောင် ချင်းယန်မှ အဆင့်မြင့်ကျင့်ကြံသူများအားကြည့်ကာ ပြောလိုက်သည်။ "ရှမ့်ယွမ်က ကျုပ်တို့ထက်အရင် ရွှေရည်စိမ် သူတော်စင်အဆင့်ကို ရောက်နေပြီ။ အဲ့ဒါကြောင့် ကျုပ်တစ်ယောက်တည်းနဲ့ သူ့ကိုမယှဉ်နိုင်ဘူး။ အခုအတိုင်း ဆက်သွားနေရင် ကန်ရွှမ်းကလန်က တကယ်ဒုက္ခရောက်ရတော့မယ်။"
"ဒါပေမယ့် ကန်ရွှမ်းကလန် ဖျက်စီးခံလိုက်ရလို့ မျှခြေပျက်သွားပြီဆိုရင် တခြားကလန်တွေကရော အရင်အတိုင်းပဲ ဆက်နေလို့ရတယ်ထင်လား။"
ဓားလမ်းစဉ်ကလန်၏ ဖန်ဆင်းရှင် ဓားဦးသျှောင်သခင်၊ မြောက်ပိုင်းနဂါးပင်လယ်ခန်းမ၏ မြတ်သောအရှင် ကုကျင်းနှင့် အလှပန်းတစ်ရာနန်းတော်၏ သခင်မ ရှမ့်ချင်းဇယ်မှ ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ၎င်းတို့သည်လည်း အကြောင်းအရာများကို ရှင်းလင်းစွာ သိရှိနေပေသည်။
ကန်ရွှမ်းကလန်သာ ၎င်းတို့မျက်စိရှေ့မှောက်၌ ဖျက်စီးခံလိုက်ရပါက အနာဂတ်တွင် မည်သူကမှ မြင့်မြတ်သောနန်းတော်အား မော်ကြည့်ရဲတော့မည် မဟုတ်ပေ။
ရှန့်ယွမ်၏ အမူအရာမှာ ခက်ထန်သွားရပြီးနောက် ဖန်ဆင်းရှင် ဓားဦးသျှောင်သခင်နှင့် အခြားသူများအားကြည့်ကာ ပြောလိုက်သည်။ "ဒါက ငါ့ရဲ့မြင့်မြတ်သောနန်းတော်နဲ့ ကန်ရွှမ်းကလန်ကြားက ကိစ္စပါ။ တခြားသူတွေက ဘာမှဝင်မပါဖို့ မျှော်လင့်တယ်။ မဟုတ်ရင်တော့ ဝင်ပါတဲ့က မြင့်မြတ်သောနန်းတော်ရဲ့ ရန်သူဖြစ်လာလိမ့်မယ်။"
ထိုစကားနှင့်အတူ သူ၏လက်ဝါးထက်၌ ရွှေရောင်မီးလျှံ ပေါ်ထွက်လာကာ လေထုအား ဆုတ်ပြဲသွားစေလျက် ပတ်ဝန်းကျင် တစ်ခွင်လုံးအား ကြောက်မက်ဖွယ် အငွေ့အသက်များ လွှမ်းခြုံသွားစေသည်။
သို့သော် ဖန်ဆင်းရှင် ဓားဦးသျှောင်သခင်မှ ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်။ "ကြည့်ရတာ တကယ်ပဲ သူတော်စင်အဆင့်ကို မရောက်သေးဘူးနဲ့တူတယ်။ မဟုတ်ရင် ငါတို့ကိုဘာလို့ အဲ့လောက်ကြောက်နေပါ့မလဲ။"
ရှမ့်ယွမ်၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်သွားရသည်။ ဒီဉာဏ်များတဲ့ မြေခွေးအိုကြီးကတော့....
"မင်းသာ အစစ်အမှန် သူတော်စင်ဆိုရင် ငါတို့က မင်းကိုဘယ်လိုမှ နိုင်အောင်တိုက်နိုင်မှာ မဟုတ်ဘူးလေ။ အဲ့အခါကြရင် ငါတို့ရွေးချယ်စရာမရှိပဲ မင်းကိုဦးညွတ်ရမှာပဲ။ ဒါပေမယ့် မင်းက ရွှေရည်စိမ် သူတော်စင်အဆင့်ပဲ ရှိသေးတာဆိုတော့ ငါတို့အားလုံးသာ ပေါင်းပြီးတိုက်ရင် မင်းကိုကြောက်စရာ မလိုပါဘူး။"
ဖန်ဆင်းရှင် ဓားဦးသျှောင်သခင်မှ သက်ပြင်းချကာ ဆက်လက်စကားဆိုလိုက်သည်။ "ရှမ့်ယွမ်....မင်းကရည်မှန်းချက်ကြီးတယ်ဆိုတာကို ငါသိပါတယ်။ ဒါပေမယ့် အခုလက်ရှိ ကန်ရွှမ်းကောင်းကင်ဒေသရဲ့ အခြေအနေကလည်း တည်ငြိမ်နေတာပဲလေ။ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကြောင့်နဲ့ ပြဿနာတွေ မဖြစ်စေချင်ဘူး။"
မြောက်ပိုင်းနဂါးပင်လယ်ခန်းမ၏ မြတ်သောအရှင် ကုကျင်းမှ တည်ငြိမ်စွာ ဝင်ရောက်ပြောဆိုလိုက်သည်။ "မင်း ကလန်ခေါင်းဆောင် ချင်းယန်ကို သတ်ချင်တဲ့ကိစ္စကို ငါတို့မြောက်ပိုင်းနဂါးပင်လယ်ခန်းမက လုံးဝသဘောမတူပေးနိုင်ဘူး။"
သခင်မ ရှမ့်ချင်းဇယ်မှ ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။ "ကျွန်မရဲ့ အလှပန်းတစ်ရာနန်းတော်ကလည်း သဘောမတူနိုင်ဘူး။"
ရှမ့်ယွမ်၏ အမူအရာမှာ ခက်ထန်လာရပြီးနောက် မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုသော အငွေ့အသက်များ ပိုမိုပြည့်နှက်လာရသည်။
သူသည် ရွှေရည်စိမ် သူတော်စင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ချင်းယန်အား လွယ်လင့်တကူ သတ်ဖြတ်လိုက်နိုင်ပါသော်လည်း ဓားလမ်းစဉ်ကလန်၏ ဖန်ဆင်းရှင် ဓားဦးသျှောင်သခင်၊ မြောက်ပိုင်းနဂါးပင်လယ်ခန်းမ၏ မြတ်သောအရှင် ကုကျင်းနှင့် အလှပန်းတစ်ရာနန်းတော်၏ သခင်မ ရှမ့်ချင်းဇယ်တို့အားလုံးကို ကိုင်တွယ်ဖြေရှင်းရန်မှာ မလွယ်ကူပေ။
ဆန်းကြယ်သောနေရာငယ်အတွင်း ရှိနေသော ဇူယွမ်မှာ ယခုမှသာ သက်ပြင်းချနိုင်တော့သည်။ ကလန်ခေါင်းဆောင် ချင်းယန်မှာ အမှန်တကယ်ပင် သြဇာရှိသူတစ်ဦး ဖြစ်လေသည်။ ကန်ရွှမ်းကလန်သာ မြင့်မြတ်သောနန်းတော်အား ထောက်ကန်မထားနိုင်တော့ပါက မည်သို့သော အခြေအနေများ ဖြစ်ပေါ်လာမည်ကို အားလုံးမှ ကောင်းစွာသိရှိထားကြပုံ ရသည်။
ယခုကဲ့သို့ ကလန်များ စုစည်းလိုက်သောအခါတွင် မြင့်မြတ်သောနန်းတော်အား ဆန့်ကျင်နိုင်မည်မှာ သေချာပေသည်။
ထိုအချိန်မှာပင် သခင်မ ရှမ့်ချင်းဇယ်၏နောက်မှ အနက်ရောင် အခိုးအငွေ့များမှာ မျက်နှာသွင်ပြင်တစ်ခုသဏ္ဍန် ဖြစ်ပေါ်လာပြီးနောက် လျှို့ဝှက်စွာဖြင့် သူမထံ တိုးဝှေ့ဝင်ရောက်လာသည်။
သို့သော် ယင်းအနက်ရောင် မျက်နှာသဏ္ဍာန် အခိုးအငွေ့မှ သူမ၏ခန္ဓာကိုယ်အား ထိတွေ့တော့မည့်အချိန်၌ ဖြူဖွေးလှပသော လက်တစ်ခုမှ ၎င်းမျက်နှာအား ဆွဲကိုင်ကာ ဖျက်စီးပစ်လိုက်သည်။
"အား...."
မျက်နှာသဏ္ဍာန် အခိုးအငွေ့ ပျောက်ကွယ်သွားရပြီး ကျယ်လောင်လှသော အော်ဟစ်သံတစ်ခုသာ ထွက်ပေါ်လာသည်။
ရှမ့်ချင်းဇယ်၏ လှပသော မျက်နှာလေးမှာ အေးစက်တောင့်တင်းသွားရပြီးနောက် တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်သည်။ "ဂိုဏ်းသခင်လော့....ဒီလိုမဖြစ်စလောက်နည်းလမ်းလေးတွေနဲ့ ဘာလို့ကိုယ့်ကိုယ်ကို အရှက်ရအောင် လုပ်နေတာလဲ။"
သူမ၏အနီးတွင် ရှိနေသော လော့မိစ္ဆာမှာ အနက်ရောင် အခိုးအငွေ့များကြားမှ ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်။ "အခုကန်ရွှမ်းကောင်းကင်ဒေသက မစီးဆင်းတော့တဲ့ ရေကန်ကြီးနဲ့ တူနေတာပဲလေ။ အရာရာကို အတင်းအကြပ်ကြီး ဆုပ်ကိုင်ထားစရာ မလိုပါဘူး။ ပြောင်းလဲသင့်ပြီဆိုတဲ့ ရှမ့်ယွမ်ရဲ့ အယူအဆကို ငါသဘောတူတယ်။"
စောင့်ကြည့်နေကြသော ကလန်အသီးသီးမှ အဆင့်မြင့်ကျင့်ကြံသူများ၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ ကောင်းကင်တစ္ဆေကလန်သည် တိတ်ဆိတ်စွာပင် မြင့်မြတ်သောနန်းတော်ဘက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
တစ်ဖက်တွင်မူ အင်အားကြီးကလန်ကြီး လေးခုဖြစ်သော ကန်ရွှမ်းကလန်၊ ဓားလမ်းစဉ်ကလန်၊ မြောက်ပိုင်းနဂါးပင်လယ်ခန်းမနှင့် အလှပန်းတစ်ရာနန်းတော်တို့ ရှိနေကြသည်။
အကယ်၍ ဤအင်အားစုနှစ်ခုသာ တိုက်ခိုက်ကြပါက ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံးအပေါ် ကြီးမားလွန်းသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေပေလိမ့်မည်။
မြတ်သောအရှင် ကုကျင်းမှ လေးနက်သောအမူအရာဖြင့် စကားဆိုလိုက်သည်။ "နန်းဆောင်သခင် ရှမ့်ယွမ်က တိုက်ပွဲမစဖို့ပဲ ကျုပ်မျှော်လင့်တယ်။ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကိုတော့ ကန်ရွှမ်းကောင်းကင်ဒေသထဲမှာ အစစ်အမှန် သူတော်စင် မရှိလာမခြင်း ချိပ်ပိတ်ထားလိုက်ကြတာပေါ့။ တစ်နေ့ ကန်ရွှမ်းကောင်းကင်ဒေသထဲမှာ အစစ်အမှန် သူတော်စင်အဆင့် ရောက်သွားတဲ့သူရှိရင် အဲ့လူက တံဆိပ်ပြားကို ယူနိုင်တယ်။"
စောင့်ကြည့်နေသောသူများမှာ ကလန်ခေါင်းဆောင် ရှမ့်ယွမ်အား ကြည့်ရှုလိုက်ကြသည်။ သူ၏ဆုံးဖြတ်ချက်သည် ကန်ရွှမ်းကောင်းကင်ဒေသ၏ အနာဂတ်အပေါ် အဆုံးအဖြတ်ပေးလိမ့်မည်ပင် ဖြစ်သည်။
ကြည့်ရှုနေသော အကြည့်များစွာ၏အောက်၌ပင် နန်းဆောင်သခင် ရှမ့်ယွမ်မှာ မျက်ဝန်းများကို ပိတ်လိုက်သည်။ ထို့နောက် အချိန်အတော်မျှ ကြာမြင့်ပြီးနောက်တွင် သူ၏နှုတ်ခမ်းထောင့်စွန်းများအား အေးစက်စက်ဖြင့် တွန့်ကွေးနေအောင် ပြုံးလိုက်သည်။ သူသည် ယနေ့အတွက် နှစ်ပေါင်းများစွာ ကြံစည်စောင့်မျှော်လာခဲ့ရခြင်း ဖြစ်သည်။ ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသူများမှာ သူ့အားတားဆီးနိုင်မည်ဟု ထင်မှတ်နေလျှင် ၎င်းတို့အားလုံး ရူးသွပ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
သူ၏သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများကို တစ်ဖန်ပြန်လည် ဖွင့်ဟလိုက်သည်။
"မင်းတို့အားလုံးက အရမ်းကို ခေါင်းမာနေမှတော့..."
"ကန်ရွှမ်းကောင်းကင်ဒေသထဲမှာ မင်းတို့အားလုံး ဆက်ပြီးအသက်ရှင်နေစရာ အကြောင်းမရှိတော့ဘူး။"
သူ၏စကားသံနှင့်အတူ သတ်ဖြတ်လိုသော အငွေ့အသက်များနှင့် ကြောက်မက်ဖွယ် စွမ်းအင်ဖိအားများမှာ လေထုထဲ၌ ပို၍ပို၍ ပျံ့နှံ့လွှမ်းခြုံလာလေသည်။
ရှမ့်ယွမ်မှာ သူ၏ရွေးချယ်မှုအား ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သည်။
ကန်ရွှမ်းကလန်နှင့် အခြားသူများမှာ သူအားပိတ်ဆို့ထားရဲသည့်အတွက် အကုန်လုံးကို သတ်ဖြတ်ပစ်ရန်သာ ရှိသည်။
"ထျန်းရှန်ခန်းဆောင်သခင်နဲ့ မြင့်မြတ်သောသွေးစက်တော်ခန်းဆောင်သခင် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကို သွားယူကြ။"
"အဲ့မျက်စိနောက်စရာကောင်စုတ်လေးက ဘာမှအသုံးဝင်တာ မဟုတ်ဘူး။ ဝူဟောင်အတွက် လက်စားချေတဲ့အနေနဲ့ သူ့ကိုသတ်ပစ်လိုက်။"
"ကျန်တာကတော့ ဂိုဏ်းသခင်လော့နဲ့ငါနဲ့ ရှင်းလိုက်မယ်။"
မြင့်မြတ်သောနန်းတော်ဖက်မှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာကာ ပြင်းထန်လှသော ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလျက် မိုးကြိုးလျှပ်စီးကန်အတွင်း ဆင်းသက်သွားကြသည်။
ဆန်းကြယ်သောနေရာငယ်အတွင်း ရှိနေသော ဇူယွမ်၏ အမူအရာမှာ ပြောင်းလဲသွားရလေသည်။
မြင့်မြတ်သောနန်းတော်က ဇာတ်လမ်းစလိုက်ပြီပေါ့.....