← Chapters

ကြောက်မက်ဖွယ်​ကောင်းလှသောတိုက်ပွဲများ

Vol. 53 Ch. 728

ကြောက်မက်ဖွယ်​ကောင်းလှသောတိုက်ပွဲများ

Vol. 53 Ch. 728

ဝှစ်.....

ထျန်းရှန်ခန်းဆောင်သခင်နှင့် မြင့်မြတ်သောသွေးစက်တော်သခင်တို့ မိုးကြိုးလျှပ်စီးကန်အတွင်း ဆင်းသက်သွားသည်နှင့်တစ်ပြိုင်နက် နန်းဆောင်သခင် ရှမ့်ယွမ်မှာ စတင်လှုပ်ရှားတော့သည်။ သူ၏လက်ဝါးထက်မှ ရွှေရောင်မီးလျှံအား ကောင်းကင်ထက်သို့ ပစ်လွှတ်လိုက်လေသည်။

ရွှေရောင်မီးလျှံမှာ ကောင်းကင်သို့ ထိုးတက်သွားရာ လမ်းတလျှောက်ရှိ လေထုများအား လောင်ကျွမ်းသွားစေသည်။ ထို့နောက် ရွှေရောင်နဂါးသုံးကောင်အဖြစ် ကွဲထွက်သွားကာ ကလန်ခေါင်းဆောင် ချင်းယန်၊ ဖန်ဆင်းရှင် ဓားဦးသျှောင်သခင်နှင့် မြတ်သောအရှင် ကုကျင်းတို့ထံ အသီးသီး ပျံဝဲဆင်းသက်လာသည်။

ရွှေရောင်နဂါးများ ပျံသန်းလာရာ လမ်းတလျှောက်တွင် လေထုများပင် ပျော်ကျကုန်ပြီး လေဟာနယ်များ ဖြစ်ပေါ်ကုန်ရသည်။

ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသူများမှာ အနည်းငယ်မျှပင် သတိလက်လွတ် မနေရဲပဲ ၎င်းတို့၏ လောကသစ်များအား ပေါင်းစည်းလိုက်သည်။ ထို့ကြောင့် ကျယ်ပြန့်ခမ်းနားလှသော ချီစွမ်းအင်များ ထွက်ပေါ်လာရကာ ရွှေရောင်နဂါးများနှင့် ထိပ်တိုက်တွေ့ဆုံသွားကြသည်။

ဝုန်း....

စွမ်းအင်နှစ်ခု တွေ့ဆုံမှုကြောင့် ကမ္ဘာမြေပြင် တစ်ခုလုံးသည်ပင် ကွဲအက်ကြေမွသွားတော့မည့်အလား ထင်မှတ်ရလေသည်။

နန်းဆောင်သခင် ရှမ့်ယွမ်မှာ လောကကိုကြီးစိုးခြင်း အထွဋ်အထိပ်သို့ ရောက်ရှိနေသူ သုံးဦးနှင့် ရင်ဆိုင်တိုက်ခိုက်နေစဉ် ဂိုဏ်းသခင်လော့မှာ တဏှာရာဂများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် သခင်မ ရှမ့်ချင်းဇယ်အား ကြည့်ရှုနေလျက် ရှိသည်။

"ဟီးဟီး.....ကိုယ်မင်းနဲ့ ကစားပေးမယ်လေ သခင်မလေး ရှမ့်ချင်းဇယ်...."

သူ၏အမူအရာမှာ သားရေကျမတက် ဖြစ်နေပါသော်လည်း မျက်ဝန်းများ၌ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ လွှမ်းခြုံနေလေသည်။

ဂိုဏ်းသခင်လော့ထံမှ လောကကိုကြီးစိုးခြင်း စွမ်းအင်များနှင့်အတူ အနက်ရောင်လောကသစ်တစ်ခု ထွက်ပေါ်လာသည်။ ထိုလောကသစ်သည် ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေမျက်နှာအဖြစ် ပြောင်းလဲသွားကာ ရှမ့်ချင်းဇယ်ထံ အရှိန်အဟုန်ပြင်းစွာ ပျံဝဲသွားသည်။

အလှပန်းတစ်ရာနန်းတော်နှင့် ကောင်းကင်တစ္ဆေကလန်အကြားတွင် နက်နဲသော ပဋိပက္ခ ပြဿနာများစွာ ရှိခဲ့လေသည်။

ရှမ့်ချင်းဇယ်မှာ နှာခေါင်းရှုံ့လိုက်ပြီးနောက် သူမထံမှ အရောင်အသွေး စုံလင်လှပလွန်းသော လောကသစ်တစ်ခု ထွက်ပေါ်လာကာ တိုက်ခိုက်မှုအား ခုခံလိုက်သည်။

ဝုန်း.....

လောကကိုကြီးစိုးခြင်း အဆင့်ရှိသူနှစ်ဦး၏ တိုက်ပွဲသည် ပတ်ဝန်းကျင်ရှိ လေထုများအား ပြင်းထန်စွာ တုန်ခါစေလျက် ရှိသည်။

ရွှမ်အဖိုးအိုမှာ လဲ့ကျွမ်းအား အနီးကပ် စောင့်ကြည့်နေဆဲ ဖြစ်သည်။ လဲ့ကျွမ်းသည် ကျောချမ်းစရာကောင်းသော တိုက်ပွဲအားကြည့်ကာ ပြုံး၍ပြောလိုက်သည်။ "ကန်ရွှမ်းကောင်းကင်ဒေသမှာ ဒီလိုတိုက်ပွဲမျိုး မဖြစ်ခဲ့တာ တော်တော်ကြာပြီပဲ။"

သူသည် ရွှမ်အဖိုးအိုအားလှည့်ကြည့်ကာ ဆက်လက်စကားဆိုလိုက်သည်။ "ခင်ဗျားမမြင်ဘူးလား။ ကန်ရွှမ်းကောင်းကင်ဒေသမှာ အပြောင်းအလဲတွေ ဖြစ်လာတော့မှာ။ ခင်ဗျားလည်း လောကကိုကြီးစိုးခြင်းအဆင့်ကို ရောက်နေတဲ့သူတစ်ယောက်ပဲ။ တကယ်ဆိုရင် နေရာတစ်ခုခုကို အုပ်ချုပ်တဲ့ အရှင်သခင် ဖြစ်နေသင့်တာပေါ့။ ဘာလို့တောင်ထွတ်ကို စောင့်ရှောက်တဲ့ အစေခံအိုကြီး လုပ်နေရတာလဲ။"

ရွှမ်အဖိုးအိုမှ တည်ငြိမ်သောအမူအရာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ "ငါကမင်းလို ကျေးဇူးမေ့တက်တဲ့ လူမဟုတ်ဘူး။ အရင်တုန်းက ငါကျင့်ကြံလို့တောင် မရခဲ့တုန်းက ဆရာသခင်က သူကိုယ်တိုင် ငါ့ရဲ့စွမ်းအင်ဝင်ပေါက်တွေနဲ့ သွေးကြောတွေကို သန့်စင်ပေးခဲ့တာ။ မဟုတ်ရင် ငါက သုံးစားမရတဲ့ လူ့အမှိုက် ဖြစ်နေလောက်ပြီ။ ငါဘယ်နေရာမှာမှ အရှင်သခင် မဖြစ်ချင်ဘူး။ ဆရာသခင်ရဲ့ ကျေးဇူးတွေကိုပဲ ပြန်ပေးဆပ်ချင်တာ။"

"လဲ့ကျွမ်း... ငါအခုလုပ်ချင်နေတာကတော့ မင်းကိုဆရာသခင်ဆီသွားပြီး တောင်းပန်စေချင်တာပဲ။"

ဝုန်း....

ထိုစကားနှင့်အတူ ရွှမ်အဖိုးအိုထံမှ လောကသစ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများသည် ကြောက်မက်ဖွယ် အရှိန်အဝါကို ပေးစွမ်းလျက်ရှိပြီး ကမ္ဘာမြေပြင်ကိုပင် ဖိနှိပ်ထားတော့မည့်အလား ပြင်းထန်ကြမ်းတမ်းလျက် ရှိသည်။

ထို့နောက် ရွှမ်အဖိုးအိုမှာ ချက်ချင်းဆိုသလို အရှေ့သို့ ပျံဝဲသွားလိုက်သည်။

မိုးကြိုးလောကသစ်ဖြင့် ဝန်းရံကာကွယ်ထားလျက်ရှိသော လဲ့ကျွမ်း၏ အမူအရာမှာ ခက်ထန်သွားရသည်။ သူသည် အနည်းငယ်မျှပင် တွေဝေမနေတော့ပဲ ရွှမ်အဖိုးအိုအား မိုးကြိုးဧကရာဇ် တစ်ဦးကဲ့သို့ တိုက်ခိုက်လိုက်တော့သည်။

ဝုန်း....

ပတ်ဝန်းကျင် တစ်ခွင်လုံးမှာ အသီးသီးသော တိုက်ပွဲနေရာများအဖြစ် ပြန့်ကြဲနေပြီ ဖြစ်သည်။ ခပ်လှမ်းလှမ်းတွင်မူ ကလန်အသီးသီးမှ အဆင့်မြင့်ကျင့်ကြံသူများမှာ ထိတ်လန့်စွာဖြင့် တိုက်ပွဲများကို စောင့်ကြည့်နေကြသည်။

တိုက်ပွဲမှာ အင်အားကြီးကလန်ကြီး ခြောက်ခုကြား ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ကမ္ဘာမြေပြင် တုန်ဟီးမတက် ပြင်းထန်လွန်းလှသည်။

လောကကိုကြီးစိုးခြင်း အဆင့်သို့ မတက်လှမ်းနိုင်သေးသောသူများသည် ဤတိုက်ပွဲအား ပါဝင်တိုက်ခိုက်ရန် အရည်အချင်း ပြည့်မှီလိမ့်မည် မဟုတ်။

လောကကိုကြီးစိုးခြင်း အဆင့်ရှိသူများ တိုက်ခိုက်နေကြသကဲ့သို့ အင်အားကြီးကလန်ကြီး ခြောက်ခုမှ ရင်းမြစ်အခြေတည်အဆင့် ရှိသူများလည်း အချင်းချင်း တိုက်ခိုက်နေကြသဖြင့် ပတ်ဝန်းကျင်မှာ ပိုမိုရှုပ်ထွေးကုန်ရသည်။

ထိုအချိန်၌ မြင့်မြတ်သောနန်းတော်၏ ခန်းဆောင်သခင် နှစ်ဦးမှာလည်း မိုးကြိုးလျှပ်စီးကန်အတွင်း ဆင်းသက်ရောက်ရှိလာပြီး ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ရယူနိုင်ရန် ဆန်းကြယ်သောနေရာငယ်ထံသို့ ဦးတည်သွားလိုက်ကြသည်။

ဇူယွမ်မှာ ရင်းမြစ်အခြေတည်အဆင့် ရှိသူနှစ်ဦးအား ကြည့်ရှုလိုက်ခြင်းဖြင့် ဦးခေါင်းများ ကိုက်ခဲလာသလို ခံစားလိုက်ရသည်။ သူသည် နတ်ဘုံခန်းဝါအဆင့်သာ ရှိသေးသောကြောင့် ရင်းမြစ်အခြေတည်အဆင့် ရှိသူနှစ်ဦး၏လက်မှ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။

သူသည် ကျင့်ကြံခြင်းအဆင့်၌ လွန်စွာအားနည်းနေဆဲ ဖြစ်သည်။

မြင့်မြတ်သောသွေးစက်တော်ခန်းဆောင်သခင်မှ အေးစက်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ မြင့်မြတ်သောခန်းဆောင်က တပည့်တွေကို သေစေခဲ့တာမင်းလား။"

ဝုန်း....

ဇူယွမ်မှာ မည်သည့်စကားမှ မပြောရသေးခင်မှာပင် သူသည် အင်္ကျီလက်မောင်းအိုးအား ခါယမ်းလျက် ပြင်းထန်လှသော သွေးနီရောင် ချီစွမ်းအင်များကို ထွက်ပေါ်စေလိုက်သည်။ ယင်းစွမ်းအင်များသည် မျက်စိတမှိတ်စာမျှသော အချိန်အတွင်းမှာပင် သွေးနီရောင် စပါးအုံးတစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။ ထိုစပါးအုံးကြီး၏ ကြေးခွံတစ်ချပ်စီတိုင်းသည် လွန်စွာထက်ရှနေလျက်ရှိပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်ဖိအားများကိုလည်း ထုတ်လွှတ်နေလျက် ရှိသည်။

နတ်ဘုံခန်းဝါ အဆင့်ရှိသူများအနေဖြင့် ချီစွမ်းအင်အား ပုံသဏ္ဍာန် အသွင်အပြင် အမျိုးမျိုးအား ဟန်ဆောင်တုပကာ ပြုလုပ်နိုင်ပါသော်လည်း ရင်းမြစ်အခြေတည်အဆင့်ရှိသူများသည် ချီစွမ်းအင်အား အသွင်တုမဟုတ်ပဲ အစစ်အမှန် ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲနိုင်ပေသည်။

၎င်းတို့ဖန်တီးလိုက်သော ချီစွမ်းအင် အသွင်အပြင်များသည် အစစ်အမှန်အဖြစ်သို့ ပြောင်းလဲသွားသောကြောင့် ပိုမိုကြောက်မက်ဖွယ်ကောင်းသွားစေသည်။

ဇူယွမ်မှာ သွေးနီရောင် စပါးအုံးကြီးအား ကြည့်ရှုနေရင်းဖြင့် ၎င်းအားခုခံကာကွယ်ရန်ပင် ကြောက်ရွံ့နေမိသည်။ အဘယ့်ကြောင့်ဆိုသော် နတ်ဘုံခန်းဝါအဆင့်နှင့် ရင်းမြစ်အခြေတည်အဆင့် အကြားရှိ စွမ်းအင်ကွာခြားမှုမှာ ကြီးမားလွန်းသောကြောင့်ပင်။

ဝုန်း....

ဇူယွမ်မှာ စွမ်းအင်ဖိအားများကြောင့် ကြောက်ရွံ့နေရစဉ်မှာပင် ဓားတစ်ချောင်း၏ မြည်ဟည်းသံမှာ ​ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။ ဓားအလင်းတန်းတစ်ခုမှာ လေဟာနယ်အတွင်းမှ ထွက်ပေါ်လာပြီးနောက် သွေးနီရောင် စပါးအုံးကြီးအား နှစ်ပိုင်းဖြတ်ပစ်လိုက်သည်။

အေးစက်ထက်ရှသော ချီစွမ်းအင်များမှာ စပါးအုံးကြီးအား အစိပ်စိပ်အမွှာမွှာ ဖြစ်သွားစေတော့သည်။

ဇူယွမ်နှင့် မြင့်မြတ်သောနန်းတော်မှ ခန်းဆောင်သခင် နှစ်ဦးအကြားတွင် လေဟာနယ် ဆုတ်ပြဲသွားကာ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

"တောင်ထွတ်ဆရာသခင် လင်ကျွမ်း...."

ဇူယွမ်မှာ အံ့အားသင့်သွားရသည်။

လင်ကျွမ်းမှာ ဓားအားကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလျက်ရှိပြီး သူ၏ခန့်ညားတည်ကြည်သော မျက်နှာမှာ အေးစက်တောင့်တင်းနေလျက် ရှိသည်။

"လင်ကျွမ်း....မင်းက အချစ်အတွက်နဲ့ အသက်ကိုတောင် မမှုတက်တော့ဘူးလား။" မြင့်မြတ်သောသွေးစက်တော်ခန်းဆောင်သခင်မှ လှောင်ပြောင်စကားဆိုလိုက်သည်။

လင်ကျွမ်းမှာ အလေးပင်မထားပဲ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကိုယူပြီး ပြေးဖို့လုပ်ထား။ မင်းဒီနေရာမှာ ကြာကြာနေနိုင်မှာ မဟုတ်ဘူး။"

ဇူယွမ်မှာ တိတ်တဆိတ် ငြီးတွားလိုက်မိသည်။ သူသည် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား မည်ကဲ့သို့ ယူဆောင်သွားရမည် မသိချေ။ အစောပိုင်း၌ တံဆိပ်ပြားအား ယူဆောင်နိုင်ရန် ကြိုးစားခဲ့ပါသော်လည်း ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားသည် လွန်စွာလေးလံလွန်းလှသည်။ စွမ်းအင်အပြည့်အဝဖြင့်ပင် တံဆိပ်ပြားအား ရွေ့လျားသွားအောင် မလုပ်နိုင်ခဲ့ပေ။

သို့သော် တောင်ထွတ်ဆရာသခင်မှာ စကားများ ဆက်လက်ပြောဆိုနေရန် အချိန်မရှိတော့။ ခန်းဆောင်သခင် နှစ်ဦးလုံးသည် သူ့ထက် အနည်းငယ်မျှပင် အားမနည်းကြသူများ ဖြစ်သည်။ လင်ကျွမ်းအနေဖြင့် တစ်ဦးချင်း တိုက်ခိုက်ရန် မကြောက်ရွံ့ပါသော်လည်း နှစ်ဦးစလုံးအား တစ်ချိန်ထဲ ကိုင်တွယ်ရမည့်အရေးမှာ မလွယ်ကူလှပေ။

"အဟက်....မင်းတစ်ယောက်တည်းနဲ့ ငါတို့ကို တားနိုင်မယ်များ ထင်နေတာလား။ လင်ကျွမ်း....မင်းက ကိုယ်ကိုယ့်ကို အထင်ကြီးနေတာပဲ။" မြင့်မြတ်သောသွေးစက်တော်ခန်းဆောင်သခင်မှ နီရဲနေသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။ သူ၏နောက်မှ ပြင်းထန်လှသော သွေးစွမ်းအင်လှိုင်းများ ချက်ချင်းဆိုသလို ထွက်ပေါ်လာလေသည်။

လေထုအတွင်း ပြည့်နှက်သွားသော သွေးစွမ်းအင်လှိုင်းများနှင့်အတူ သူ၏အဝတ်အစားများမှာလည်း တဖျတ်ဖျတ် လွင့်မျောနေလျက် ရှိသည်။ ထို့နောက် မြင့်မြတ်သောသွေးစက်တော်ခန်းဆောင်သခင်မှာ အကန့်အသတ်မဲ့သော အဖျက်စွမ်းအင်များ ထုတ်လွှတ်လျက် တောင်ထွတ်ဆရာသခင် လင်ကျွမ်းထံ ဦးတည်ပျံဝဲသွားတော့သည်။

တောင်ထွတ်ဆရာသခင် လင်ကျွမ်းမှာ ဓားအားကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလျက် အသင်္ချေမျှသော ဓားအလင်းတန်းများကို ထွက်ပေါ်စေလိုက်ကာ ဓားပင်လယ်တစ်ခု ဖြစ်ပေါ်စေလျက် သွေးစွမ်းအင်လှိုင်းနှင့် တွေ့ဆုံစေလိုက်သည်။

ဝုန်း.....

စွမ်းအင်နှစ်ခု ထိတွေ့သွားကြပြီးနောက် ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာကာ မိုးကြိုးလျှပ်စီးကန်အား လွှမ်းခြုံသွားသည်။

ထျန်းရှန်ခန်းဆောင်သခင်၏ အမူအရာမှာ ခက်ထန်နေလျက် ရှိသည်။ သူသည် တောင်ထွတ်ဆရာသခင် လင်ကျွမ်းအား အနည်းငယ်မျှပင် ဂရုမစိုက်ပဲ အောက်သို့ဆက်လက်ဆင်းသွားသည်။

တောင်ထွတ်ဆရာသခင် လင်ကျွမ်းမှာ ထျန်းရှန်ခန်းဆောင်သခင်အား တားဆီးနိုင်ရန် ဓားအားဝေ့ယမ်းလိုက်သည်။

ဘန်း....

သို့သော် သွေးနီရောင်မိစ္ဆာမှာ ပါးလွှာသော လေထုအတွင်းမှ ထွက်ပေါ်လာပြီးနောက် ဓားအလင်းတန်းအား တစ်လုပ်ထဲဖြင့် မြိုချလိုက်သည်။

"လင်ကျွမ်း...မင်းရဲ့ပြိုင်ဖက်ကငါပဲ။ သူ့ကိုတားဖို့ ကြိုးစားမနေနဲ့။ မဟုတ်ရင် လျှို့လျန်းယီလို ဘဝဖြစ်သွားလိမ့်မယ်။" သွေးစွမ်းအင်လှိုင်းများကြားမှ မြင့်မြတ်သောသွေးစက်တော်ခန်းဆောင်သခင် ထွက်ပေါ်လာသည်။

တောင်ထွတ်ဆရာသခင် လင်ကျွမ်း၏ မျက်ဝန်းများမှာ အေးစက်သွားရပြီးနောက် သလင်းကျောက်ကဲ့သို့ ဓားစွမ်းအင်စက်ဝန်းမှာ ဦးခေါင်းထက်မှ ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင် တစ်ခွင်လုံးမှာ ဓားများ၏ မြည်ဟည်းသံများဖြင့် ပြည့်နှက်သွားရသည်။

မြင့်မြတ်သောသွေးစက်တော်ခန်းဆောင်သခင်၏ မျက်ဝန်းများမှာ ပူပန်သော အငွေ့အသက်များ ယှက်သန်းသွားရပြီးနောက် သွေးစွမ်းအင်လှိုင်းအတွင်းမှ သွေးနီရောင် ဓားမော့တစ်ခု ထွက်ပေါ်လာကာ သူ၏ရှေ့သို့ ရောက်ရှိလာသည်။

တောင်ထွတ်ဆရာသခင် လင်ကျွမ်းမှာ ပတ်ဝန်းကျင်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ထျန်းရှန်ခန်းဆောင်သခင် ထွက်ခွာသွားပြီးကို သိရှိလိုက်ရသောအခါတွင် သက်ပြင်းသာ နာနာချလိုက်မိသည်။ သူသည် အမှန်တကယ်ပင် ခန်းဆောင်သခင် နှစ်ဦးလုံးအား တားဆီးထားရန် အရည်အချင်း မရှိပါချေ။

ထို့အပြင် မြင့်မြတ်သောနန်းတော်၌ ထျန်းရှန်ခန်းဆောင်သခင်မှာ အထူးချွန်ဆုံး ဖြစ်သည်။

"ဇူယွမ်....မင်းကံကောင်းပါစေလို့ပဲ ငါဆုတောင်းပါတယ်။"

ဇူယွမ်မှာ ကန်ရွှမ်းကလန်အတွင်း ဓားကပ်ဘေးတောင်ထွတ်အား အကြိမ်ပေါင်းများစွာ မျက်နှာပျက်စေခဲ့ပါသော်လည်း လင်ကျွမ်းမှာ တောင်ထွတ်ဆရာသခင်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူသည် တပည့်တစ်ဦးအပေါ် မည်သည့်အငြှိုးအတေးမှ မထားပါချေ။ သို့သော် လက်ရှိအချိန်၌ နှစ်ကိုယ်ခွဲ၍ ဇူယွမ်အား ကာကွယ်ပေးရန် မည်သို့မျှ မဖြစ်နိုင်ပေ။

......

ဆန်းကြယ်သောနေရာငယ်အတွင်း၌

ဇူယွမ်မှ ဖြည်းညင်းစွာ ဆုတ်ပြဲလာသော လေဟာနယ်အတွင်းမှ ထွက်ပေါ်လာသည့် ပုံရိပ်အား ကြည့်ရှုလိုက်သည်။ ၎င်းမှာ ထျန်းရှန်ခန်းဆောင်သခင် ဖြစ်သည်။

ထျန်းရှန်းခန်းဆောင်သခင်သည် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား အလျင်စလို ကြည့်ရှုလိုက်သည်။ သူ၏ မျက်ဝန်းများအတွင်း လိုချင်ရမ္မက်များ တောက်လောင်နေသော အငွေ့အသက်များ တမုဟုတ်ချင်း ယှက်ပြေးသွားလေသည်။

သူသည် ဇူယွမ်အား တစ်ချက်မျှပင် ကြည့်ရှုခြင်းမပြုပဲ လက်နှစ်ဖက်ကို ကျောဖက်တွင် ယှက်သိုင်းလိုက်ပြီးနောက် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ကြည့်နေရင်းဖြင့်ပင် ပြောလိုက်သည်။

"ကောင်လေး....မင်းကိုယ်မင်း ဖျက်စီးပစ်လိုက်စမ်း။ ငါလာလုပ်ရင် မင်းကိုယ်မင်း မဖျက်စီးမိရကောင်းလားဆိုပြီး နောင်တရနေရလိမ့်မယ်။"

ဇူယွမ်မှာ လှေကားအဆုံးတွင် ရှိနေသော ယောင်ယောင်အားကြည့်ကာ ပြောလိုက်သည်။ "သွားတော့...."

ယခုအခြေအနေသည် အလွန်အန္တရာယ်များနေသော အနေအထား ဖြစ်သည်။ ဇူယွမ်အနေဖြင့်လည်း ရင်းမြစ်အခြေတည်အဆင့် ရှိသူများအား မည်သို့ခုခံရမည်ကို မသိတော့ပေ။ သူနားလည်သည်မှာ လက်ရှိသည် လမ်းဆုံးသို့ ရောက်ရှိနေပြီပင်။

ဇူယွမ်မှာ သေရမှာ မကြောက်ရွံ့ပါသော်လည်း ယောင်ယောင် လွတ်​မြောက်နိုင်ရန် အချိန်ဆွဲထားပေးချင်မိသည်။

ထျန်းရှန်ခန်းဆောင်သခင်မှ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကိုသာကြည့်နေလျက် ဇူယွမ်အား အလေးပင်မထားဟန်ဖြင့် ပြောလိုက်သည်။ "အခုထိ ကိုယ့်ကိုယ်ကို မဖျက်စီးပစ်သေးဘူးလား။"

ဇူယွမ်မှာ နှုတ်ခမ်းအစုံ ရှုံ့မဲ့သွားရပြီးနောက် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။

ထို့နောက် ချက်ချင်းဆိုသလို အရှေ့သို့ ပျံဝဲသွားလိုက်သည်။

သူ၏မျက်ဝန်းများ၌ ရူးသွပ်နေသည်ဟုပင် ထင်မှတ်ရလောက်သော အရိပ်အယောင်များ ယှက်သန်းနေလျက် ရှိသည်။

မဖြစ်မနေ သေဆုံးရတော့မည်ဆိုလျှင် ကြီးကျယ်ခမ်းနားစွာသာ သေဆုံးချင်ပါသည်။

All Chapters