ထျန်းရှန်ခန်းဆောင်သခင်
Vol. 53 Ch. 729
ဝုန်း.....
ဇူယွမ့်ထံမှ ချီစွမ်းအင်များနှင့်အတူ စကြာဝဠာရောင်လျှံဝန်းတစ်ခု ထွက်ပေါ်လာသည်။ သူ၏မျက်ဝန်းများမှာ ရက်သက်ကြမ်းကြုတ်မှု အငွေ့အသက်များဖြင့် ပြည့်နှက်နေဟန် ရှိသည်။
ထို့နောက် ကောင်းကင်ဘုံယွမ်စုတ်တံအား ဆင့်ခေါ်လိုက်သည်။ စုတ်တံထိပ်ရှိ နှင်းမှုန်ကဲ့သို့ ဖြူဖွေးနေသော အမွှေးများသည် ချက်ချင်းဆိုသလိုပင် မည်းနက်နေသော မဟူရာရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
"ဝမ်...."
ဇူယွမ်မှာ အနည်းငယ်မျှပင် တွေဝေခြင်းမရှိပဲ နတ်ဘုံခန်းဝါ ချီပင်လယ်အတွင်းမှ အကန့်အသတ်မဲ့သော ချီစွမ်းအင်များကို ထွက်ပေါ်စေလျက် ကောင်းကင်ဘုံယွမ်စုတ်တံအား များစွာသော ပုံရိပ်များအဖြစ် ပြောင်းလဲကာ တိုက်ခိုက်လိုက်သည်။
ဇူယွမ်မှာ ပိုင်ဆိုင်ထားသမျှ စွမ်းအင်များအားလုံးကို ထုတ်ဖော်နေခြင်း ဖြစ်သည်။
သို့သော် ထျန်းရှန်ခန်းဆောင်သခင်မှာ အလေးပင်မထားပဲ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားသည်အထိပြုံးကာ လှောင်ပြောင်ဟန်ဖြင့် စကားဆိုလိုက်သည်။ "သနားစရာ ပုရွက်ဆိတ်တစ်ကောင်တောင် ချောင်ပိတ်ထားရင် ပြန်ကိုက်မှာပဲဆိုတဲ့သဘောလား။"
သူသည် လက်အားဆန့်တန်းလျက် ရောက်ရှိလာနေသော ကောင်းကင်ဘုံယွမ်စုတ်တံအား ညင်သာစွာ ထိတွေ့လိုက်သည်။
ချလန်း.....
ဇူယွမ်၏ စွမ်းအင်အကုန်အစင် ထည့်သွင်းထားရသော ကောင်းကင်ဘုံယွမ်စုတ်တံ၏ ချွန်ထက်လှသော ထိပ်ဖျားမှာ ထျန်းရှန်ခန်းဆောင်သခင်၏ လက်ချောင်းထိပ်နှင့် ထိတွေ့သွားရသည်။ ကောင်းကင်ဘုံယွမ်စုတ်တံသည် နှစ်ပေါင်းအသင်္ချေ အေးခဲနေသော သတ္ထုချောင်းနှင့် တွေ့ဆုံသွားရသည့်အလား တောင့်တင်းသွားလေသည်။
ဇူယွမ်၏စွမ်းအင်များအားလုံးမှာ အဆုံးမရှိသော တွင်းနက်ကြီးအတွင်း ဝင်ရောက်သွားသည့်အလား ပျောက်ကွယ်ကုန်ရသည်။
ဝုန်း....
ထျန်းရှန်ခန်းဆောင်သခင်မှာ ကောင်းကင်ဘုံယွမ်စုတ်တံ၏ ထိပ်ဖျားနေရာအား တောက်ထုတ်လိုက်သည်။
စုတ်တံထိပ်ဖျားရှိ အမွှေးများမှာ ဖြာထွက်လာရပြီးနောက် ဇူယွမ့်ထံသို့ ကြောက်မက်ဖွယ်အရှိန်ဖြင့် ပျံဝဲလာကြသည်။
ဇူယွမ်မှာ လက်ချောင်းများ ပေါက်ကုန်ရကာ သွေးများယိုစီးကျလာသည်။
အန္တရာယ် အငွေ့အသက်အား ခံစားမိသောကြောင့် စကြာဝဠာရောင်လျှံဝန်းမှာ ဇူယွမ်၏ရှေ့၌ ကာကွယ်ပေးပါသော်လည်း ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်ဖိအားများကြောင့် အချိန်အနည်းငယ် အကြာတွင်ပင် ကွဲအက်ပျောက်ကွယ်သွားရသည်။
"အား...."
ဇူယွမ်မှာ ပါးစပ်အပြည့် သွေးတစ်လုတ်အား အန်ထုတ်လိုက်ရသည်။ ထို့နောက် အမြှောက်ဆံတစ်ခုအလား အဝေးသို့ လွင့်စင်သွားရကာ လှေကားတလျှောက် ဒလိမ့်ကောက်ကွေး ပြုတ်ကျသွားရလေသည်။
ဇူယွမ်၏ခန္ဓာကိုယ် တစ်ခုလုံး သွေးများဖုံးလွှမ်းနေကာ အရေပြားများလည်း ဆုတ်ပြဲနေလျက် ရှိသည်။ သူ၏ပြင်ပခန္ဓာသာ သန်မာခြင်း မရှိပါက ယခုဆိုလျှင် နှစ်ပိုင်းပြတ်နေလောက်ပြီပင် ဖြစ်သည်။
လက်ရှိတွင်မူ ဇူယွမ်မှာ အလွန်ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေရသည်။
အကြိမ်ရေ အနည်းငယ်မျှသာ တိုက်ခိုက်ရသေးပါသော်လည်း ဇူယွမ်မှာ သိသာစွာ အရေးနိမ့်နေလေပြီ။ ၎င်းတို့နှစ်ယောက်ကြားရှိ စွမ်းအင်ကွာခြားချက်မှာ လယ်ပြင်တွင် ဆင်သွားနေသကဲ့သို့ ထင်ရှားလျက် ရှိသည်။
ဇူယွမ်မှာ နှုတ်ခမ်းထောင့်စွန်းမှ ကျဆင်းနေသော သွေးစများကို သုတ်လိုက်ပြီးနောက် ခါးသက်စွာ ပြုံးလိုက်သည်။ ဒါက ရင်းမြစ်အခြေတည်အဆင့်ရဲ့ စွမ်းအင်တဲ့လား....ထင်ထားတဲ့အတိုင်း နတ်ဘုံခန်းဝါအဆင့်နဲ့ တော်တော်ကွာတာပဲ....
ထျန်းရှန်ခန်းဆောင်သခင်မှာ ဇူယွမ်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် အလေးပင်မထားဟန်ဖြင့် ပြောလိုက်သည်။ "ငါမင်းရဲ့ သတ္တိကိုတော့ တကယ်အံ့သြမိတယ်။ ဒါပေမယ့် သတ္တိရှိရုံလေးနဲ့ ဘာမှလုပ်လို့ မရဘူးလေ။"
သူသည် လက်အားဆန့်ထုတ်လျက် ကြောက်မက်ဖွယ်ကောင်းလှသော ချီစွမ်းအင်များကို ထပ်မံစုစည်းစေလိုက်သည်။
"ဝေါင်း..."
ထျန်းရှန်ခန်းဆောင်သခင်မှ ထပ်မံတိုက်ခိုက်တော့မည့် အချိန်မှာပင် ကျယ်လောင်လှသော ဟိန်းဟောက်သံနှင့်အတူ ကြီးမားလှသော ရွှေရောင်ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုသည်မှာ ထန်ထန်ပင် ဖြစ်သည်။
ထန်ထန်သည် လေထုအား အကြိမ်ရေများစွာ ကုတ်ဖြဲလျက် ပတ်ဝန်းကျင်အား ပြင်းထန်စွာ တုန်ခါသွားစေသည်။
ထျန်းရှန်ခန်းဆောင်သခင်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရပြီးနောက် ထန်ထန်အား နောက်လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်သည်။ ထန်ထန်မှာ လက်သည်းများကိုထုတ်လျက် ခန်းဆောင်သခင်၏လက်အား ကြမ်းတမ်းစွာ ကုတ်ဆွဲလိုက်လေသည်။
"ဟမ်..." ထန်းရှန်ခန်းဆောင်သခင်မှာ အံ့အားသင့်သွားရသည်။ ထန်ထန်သည် နတ်ဘုံခန်းဝါအဆင့်မျှသာ ရှိသေးပါသော်လည်း သူ၏ခန္ဓာကိုယ်ပေါ်၌ သေးငယ်သော ကုစ်ခြစ်ရာများ ထင်ကျန်ရစ်စေခဲ့သည်။ ထိုဒဏ်ရာများမှာ မပြောပလောက်ပါသော်လည်း သူ့အားထိခိုက်စေနိုင်သည်နှင့်ပင် ထန်ထန်သည် ပုံမှန်သားရဲမဟုတ်ကြောင်း ထင်ရှားနေပေသည်။
"အပေါက်စောင့်လုပ်ဖို့ ကောင်းတဲ့အကောင်ပဲ။" ထျန်းရှန်ခန်းဆောင်သခင်မှာ ပြုံးလိုက်ပြီးနောက် လက်အားခါယမ်းလျက် အဝေးသို့ လွှင့်ပစ်လိုက်သည်။
"ဝုန်း..."
ထန်ထန်အား လွှင့်ပစ်လိုက်သော အချိန်မှာပင် လေထုမှာ ဆုတ်ပြဲသွားရပြီးနောက် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ တိတ်တဆိတ်ဖြင့် ခန်းဆောင်သခင်၏ မျက်ခုံးနှစ်ခုကြား ဦးတည်ပျံဝဲလာသည်။
ချက်ချင်းဆိုသလို ခန်းဆောင်သခင်မှာ ရွှေရောင်အလင်းတန်းငယ်အား သတိထားလိုက်မိသောကြောင့် မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။ သူသည် ရွှေရောင်အလင်းတန်းငယ်အတွင်း ပါဝင်နေသော ဆန်းကြယ်သောစွမ်းအင်တစ်မျိုးကို ခံစားမိလိုက်သည်။
မည်သည့်အကြောင်းအရင်းကြောင့်မှန်း မသိရှိရပါသော်လည်း သူ၏နှလုံးသားတစ်ခုလုံး တုပ်လှုပ်သွားရသည်။
"ဝှစ်..."
ခန်းဆောင်သခင်မှာ ရွှေရောင်အလင်းတန်းငယ်အား လက်နှစ်ချောင်းဖြင့် ဖမ်းယူကာ ကြည့်ရှုလိုက်သည်။ အနီးကပ် ကြည့်ရှုလိုက်သောအခါတွင် ၎င်းအလင်းတန်းငယ်အတွင်း သွေးအဆီအနှစ်တစ်စက် ပါဝင်နေသည်ကို တွေ့ရှိလိုက်ရသည်။
ခန်းဆောင်သခင်မှာ ခံစားချက်ကင်းမဲ့နေဟန်ဖြင့် ရွှေရောင်အလင်းတန်းငယ်အား ဗလာနတ္ထိအဖြစ် လောင်ကျွမ်းစေလိုက်သည်။
သို့သော် သူ၏မျက်ခုံးနှစ်ခုအကြား၌ သေးငယ်လွန်းလှသော အပေါက်ငယ်တစ်ခု ဖြစ်ပေါ်သွားသည်ကို ခံစားမိလိုက်လေသည်။
"စိတ်ဝင်စားစရာပဲ။"
ခန်းဆောင်သခင်၏ မျက်ဝန်းများမှာ ခက်ထန်သွားရပြီးနောက် လှေကားအဆုံးသို့ လှည့်ကြည့်လိုက်သောအခါတွင် သူ့အားအေးစက်စွာ ကြည့်ရှုနေသော အလွန်လှပသည့် မိန်းမငယ်လေးအား တွေ့ရှိလိုက်ရသည်။
"ဒီကောင်မလေးက ချီစွမ်းအင် အငွေ့အသက် လုံးဝမရှိပေမယ့် အန္တရာယ်ရှိသလို ခံစားနေမိပါလား။" သူ၏မျက်ဝန်းများမှာ အေးစက်သွားရသည်။ မိန်းမငယ်လေးထံမှ ချီစွမ်းအင် အငွေ့အသက် တစ်စုံတစ်ရာ ရရှိနေခြင်း မရှိပါသော်လည်း သူ၏နှလုံးသားအတွင်း မဖော်ပြနိုင်သော ကြောက်ရွံ့မှုအချို့ကို ခံစားနေရသည်။
"ထူးဆန်းလိုက်တာ...."
"ဒါပေမယ့် ဘာမှမဖြစ်ပါဘူး။ မင်းက အန္တရာယ်အများဆုံးဆိုမှတော့ မင်းကိုအရင်ဆုံး သတ်ပစ်ရမှာပေါ့။"
သူသည် ခေါင်းကိုခါယမ်းလျက် လက်ဖြောက်တစ်ချက်တီးကာ ချီစွမ်းအင်များကို စုဝေးစေလိုက်ပြီးနောက် ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားစေသည်။
"ဝမ်...."
ဓားအလင်းတန်းမှာ လေထုအား ပြင်းထန်စွာ တုန်ခါစေလျက် ယောင်ယောင့်ထံသို့ ဦးတည်ပျံဝဲသွားသည်။
ယောင်ယောင်မှာ ဓားအလင်းတန်းအား ကြည့်ရှုနေရင်းဖြင့် အံကိုတင်းတင်း ကြိတ်ထားလိုက်မိသည်။ ယခုကဲ့သို့ စွမ်းအားကြီးလှသော ရန်သူမျိုးနှင့် ရင်ဆိုင်ရခြင်းမှာ သူမအတွက် ပထမဆုံးပင် ဖြစ်သည်။
သူမ၏လက်ရှိအခြေအနေနှင့်ဆိုပါက ထိုတိုက်ခိုက်မှုအား ခုခံနိုင်ရန် မလွယ်ကူပေ။
ငါတကယ်ပဲ ရွေးချယ်စရာ မရှိတော့ဘူးလား....
ယောင်ယောင်မှာ တွေဝေနေမိသည်။
သို့သော် ဓားအလင်းတန်းမှ သူမထံ ရောက်ရှိတော့မည့် အချိန်မှာပင် ပုံရိပ်တစ်ခုမှ ဝင်ရောက်ကာဆီးလိုက်သည်။
ထိုသည်မှာ ဇူယွမ်ပင် ဖြစ်သည်။
"ရွှပ်..."
ယောင်ယောင်မှ ရုတ်တရက် အံ့အားသင့်နေစဉ်မှာပင် ဓားအလင်းတန်းမှာ ဇူယွမ်၏ရင်ဘတ်အား ဖောက်ဝင်သွားသောကြောင့် သွေးများပန်းထွက်လာရသည်။
ပန်းထွက်လာသော သွေးများမှာ ယောင်ယောင်၏ လှပနူးညံ့သော ပါးပြင်လေးအား စွန်းထင်သွားစေသည်။
ယောင်ယောင်မှာ သူမအား မျက်နှာချင်းဆိုင်လျက်ရှိနေသော ဇူယွမ်အားကြည့်ကာ နှုတ်ခမ်းများ တုန်ရီလာရသည်။
ဇူယွမ်မှာ ရင်ဘတ်အား စိုက်ဝင်နေသော ဓားအလင်းတန်းအား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ခါးသက်စွာပြုံးရင်းဖြင့် ယောင်ယောင်အားကြည့်ကာ ပြောလိုက်သည်။ "ဒီလိုအန္တရာယ်များတဲ့ အခြေအနေထဲ ဆွဲခေါ်ခဲ့မိလို့ တောင်းပန်ပါတယ်။"
"ယောင်ယောင်က ကျွန်တော့်ထက် သာတယ်ဆိုတာ ကျွန်တော်သိပါတယ်။"
"ဒါပေမယ့် ဆရာသခင်ကန်းယွမ်ကို ကျွန်တော် ကတိပေးထားတယ်လေ။ တကယ်လို့ တစ်နေ့မှာ ယောင်ယောင့်ကို မကာကွယ်ပေးနိုင်တော့ရင်တောင် အဲ့လူတွေ အနည်းဆုံး ကျွန်တော့်အလောင်းကို အရင်ကျော်သွားရလိမ့်မယ်လို့။"
ယောင်ယောင်၏ မျက်ဝန်းများမှာ အနည်းငယ် နီရဲသွားဟန် ရှိသည်။
ဇူယွမ်မှာ စူးအောင့်နေသော ရင်ဘတ်မှနာကျင်မှုအား တောင့်ခံထားလျက် စကားဆိုလိုက်သည်။ "ကျွန်တော့်ကို ဦးနှောက်မရှိဘူးလို့ ထင်ရင်ထင်နေမှာပေါ့။ ကျွန်တော် အရမ်းအားနည်းတယ်ဆိုတာ ကိုယ့်ကိုယ်ကို သိပါတယ်။"
ယောင်ယောင်မှ ခေါင်းအားခါယမ်းလိုက်သည်။
"ဝေါင်း...."
ထန်ထန်မှာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပါ်သော်လည်း ထျန်းရှန်ခန်းဆောင်သခင်မှာ လက်နှစ်ဖက်အား အတူတကွ ချိတ်ဆက်လျက် ကြီးမားလှသော ချီလက်ဝါးကြီးတစ်ခုကို ဖြစ်ပေါ်စေကာ ထန်ထန်အား ဖိနှိပ်ထားလိုက်သည်။
သူသည် ဇူယွမ်နှင့် ယောင်ယောင်တို့အားကြည့်ကာ ခပ်ဖွဖွရယ်မောလိုက်သည်။ "တော်တော်ခံစားရတဲ့မြင်ကွင်းပဲ။"
"ကောင်းပြီလေ။ ငါက နှလုံးသားကြီးစွာနဲ့ မင်းတို့နှစ်ယောက်လုံးကို အတူပေးသေရမှာပေါ့။"
ထိုစကားနှင့်အတူ ထျန်းရှန်ခန်းဆောင်သခင်ထံမှ
ပြင်းထန်လှသော ချီစွမ်းအင်လှိုင်းများ ထွက်ပေါ်လာကာ ဓားအလင်းတန်းများ ဖြစ်ပေါ်သွားသည်။
"ဝမ်...."
ဓားအလင်းတန်းများမှာ မြည်ဟည်းတုန်ခါလျက် လေဟာနယ်များကို ဆုတ်ပြဲစေကာ ဇူယွမ်တို့နှစ်ဦးထံ ဦးတည်ပျံဝဲလာသည်။
ဇူယွမ်မှာ အနောက်မှ ရောက်ရှိလာနေသော အဖျက်စွမ်းအင်များကို အာရုံခံမိလိုက်သောကြောင့်
စိုးရိမ်ပူပန်စွာဖြင့် ခပ်ဖွဖွပြုံးကာ တုန်ရီနေသော လက်များဖြင့် ယောင်ယောင်အား ကာကွယ်ထားလိုက်သည်။
ယောင်ယောင်မှာ အေးစက်နေသောလက်များဖြင့် သွေးစများ စွန်းပေနေသော ဇူယွမ်၏မျက်နှာအား ထိတွေ့လိုက်ပြီးနောက် မျက်ရည်စများမှာ သူမ၏ရှည်လျားသော မျက်တောင်များမှတဆင့် ကျဆင်းလာတော့သည်။
"ဇူယွမ်....ငါ့ရဲ့နှလုံးသားထဲမှာတော့ နင်ကသူရဲကောင်းပါပဲ။"
သူမသည် ခြေဖျားထောက်လျက် ဇူယွမ်၏ နှုတ်ခမ်းအစုံအား နမ်းရှိုက်လိုက်သည်။
ကျောက်စိမ်းကဲ့သို့ အေးစက်နေသော အထိအတွေ့ကြောင့် ဇူယွမ်၏နှလုံးသားများ ခါယမ်းသွားရသည်။
"ဇူယွမ်....ဒီနှစ်တွေအတွက် နင့်ကိုကျေးဇူးတင်ပါတယ်။"
ထိုအချိန်၌ တိုးညင်းသော အက်ကွဲသံတစ်ခု ထွက်ပေါ်လာလေသည်။
ဇူယွမ်မှာ ယောင်ယောင်၏ မျက်ခုံးနှစ်ခုအကြားမှ ဆန်းကြယ်သော မှော်စာလုံး ကွဲအက်လာသည်ကို မြင်တွေ့လိုက်ရသောကြောင့် အလွန်ထိတ်လန့်သွားရသည်။
သူမ၏ ချိပ်စည်းမှာ ပျက်ပြယ်သွားခဲ့လေပြီ....