← Chapters

ချိပ်စည်းပျက်ပြယ်ခြင်း

Vol. 53 Ch. 730

ချိပ်စည်းပျက်ပြယ်ခြင်း

Vol. 53 Ch. 730

ဝုန်း....

များပြားလှသော ဓားအလင်းတန်းများမှာ လေထုအား ဆုတ်ဖြဲလျက် လေဟာနယ်များကို ဖြစ်ပေါ်သွားစေသည်။ ဓားအလင်းတန်းတစ်ခုချင်းစီအတွင်း ပါဝင်နေသော စွမ်းအင်များသည် ဇူယွမ်ကဲ့သို့ နတ်ဘုံခန်းဝါအဆင့်ရှိသူတစ်ဦးအား အကြိမ်ပေါင်း ထောင်သောင်းမက အသက်နှုတ်လိုက်နိုင်သည်အထိ ပြင်းထန်ပေသည်။

ထျန်းရှန်ခန်းဆောင်သခင်မှာ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးနေအောင်ပြုံးလျက် မြင်ကွင်းအား ကျေနပ်စွာ ကြည့်ရှုနေလျက် ရှိသည်။ သူ၏ရှေ့တွင်ရှိနေသော မိန်းမငယ်လေးနှင့် ဇူယွမ်တို့သည် ဓားအလင်းတန်းများကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားရတော့မည်ပင် ဖြစ်သည်။ ဤတိုက်ခိုက်မှုမှ ၎င်းတို့၏ အရိုးတစ်မှုန်မျှပင် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

"မင်းတို့က မခွဲနိုင်မခွာနိုင်အောင် ဖြစ်နေကြမှတော့ မင်းတို့ရဲ့ အသွေးအသားတွေရောပြီး သေသွားရအောင် လုပ်ပေးမယ်။"

သူ၏မထီမဲ့မြင်ပြုသော အကြည့်များအောက်၌ပင် ဓားအလင်းတန်းများမှာ ဇူယွမ်တို့နှစ်ဦးအား အဖက်ဖက်မှ ခြံရံထားလိုက်သည်။ သို့သော် ထိုအချိန်မှာပင် ဆန်းကြယ်သော စွမ်းအင်လှိုင်းတစ်ခု ထွင်ပေါ်လာလေသည်။

အချိန်နှင့် စကြာဝဠာ၏ လည်ပတ်မှုအားလုံး ရပ်တန့်သွားသည်ဟုပင် ထင်မှတ်လိုက်ရသည်။

ဓားအလင်းတန်းများမှာလည်း အေးခဲသွားသည့်အလား အနည်းငယ်မျှပင် မရွေ့လျားနိုင်တော့ပေ။

ထျန်းရှန်ခန်းဆောင်သခင်၏ အပြုံးများလည်း ပျောက်ကွယ်သွားရသည်။

အဘယ့်ကြောင့်ဆိုသော် ဓားအလင်းတန်းများမှာ သူ၏ထိန်းချုပ်မှုအောက်တွင် ရှိမနေတော့သောကြောင့် ဖြစ်သည်။ သူမည်မျှပင် ကြိုးစားပါစေ ဓားအလင်းတန်းများမှာ မလှုပ်မယက်သာ ရှိနေသည်။

ထျန်းရှန်ခန်းဆောင်သခင်မှာ စိတ်များရှုပ်ထွေးသွားရသည်။

သူသည် စိတ်များရှုပ်ထွေးကာ အနည်းငယ် ကြောက်ရွံ့လာစဉ်မှာပင် ဓားအလင်းတန်းများအားလုံး ဖြည်းညင်းစွာဖြင့် ပြာမှုန်များအဖြစ် ​ပြောင်းလဲသွားသည်။

ဇူယွမ်မှာ အခြေအနေများအား ဂရုပင်မစိုက်နိုင်ပဲ အနီးတွင်ရှိနေသော လှပလွန်းလှသည့် ယောင်ယောင်၏မျက်နှာလေးကိုသာ ငေးမောကြည့်ရှုနေမိသည်။

ယောင်ယောင်၏ မျက်ခုံးနှစ်ခုကြားမှ ဆန်းကြယ်သောချိပ်စည်းမှာ ဖြည်းညင်းစွာဖြင့် အက်ကွဲလာလျက် ရှိသည်။

ဇူယွမ်မှာ ယောင်ယောင့်ထံမှ ထွက်ပေါ်လာသော ထူးခြားဆန်းကြယ်သော မြင့်မြတ်သန့်စင်လွန်းသည့် စွမ်းအင်လှိုင်းများကို အာရုံခံမိသည်။

ထိုစွမ်းအင်လှိုင်းများမှာ ယောင်ယောင်၏အနီးတဝိုက်တွင် ပျံ့နှံ့လွှမ်းခြုံထားလျက် ရှိလေသည်။

ယောင်ယောင်၏ ကြည်လင်နေသော မျက်ဝန်းများမှာ တောက်ပရွှန်းစိုကာ လေးနက်လွန်းသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားရသည်။ ဇူယွမ်မှာ ​ယောင်ယောင်၏ဦးခေါင်းထက်မှ ထွက်ပေါ်လာသော ရွှေရောင်အလင်းမျှင်များကိုလည်း သတိထားမိလိုက်သည်။

ယင်းရွှေရောင်အလင်းမျှင်များမှာ သူမ၏ဆံနွယ်တလျှောက် စီးဆင်းသွားသည်။ ထို့နောက် ယောင်ယောင်၏ နက်မှောင်နေသော ဆံကေသာမှာ ရွှေရောင်ဆံနွယ်များအဖြစ် ပြောင်းလဲသွားလေသည်။

သူမသည် ဤကမ္ဘာမြေထက်သို့ ဆင်းသက်လာသော နတ်ဘုရားမတစ်ပါးအလား သန့်စင်မြင့်မြတ်သော အရှိန်အဝါများမှာ ပိုမိုလွှမ်းခြုံလာသည်။

ဇူယွမ်မှာ ယောင်ယောင်အား ကြည့်ရှုနေရင်းဖြင့် သိမ်ငယ်လာသလို ခံစားလိုက်ရသည်။ သာမန်လူတစ်ဦးမှ အမတဘုံရှိ နတ်ဘုရားမတစ်ပါးကို မော့ကြည့်နေမိသကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။

သူသည် ကူကယ်ရာမဲ့စွာဖြင့် ယောင်ယောင်၏ပြောင်းလဲမှုအားကြည့်ကာ အံ့အားသင့်နေရသည်။

နှလုံးသားအတွင်း အမည်မဖော်နိုင်သော ခံစားချက်များစွာ ပေါက်ဖွားလာရလေသည်။

"ယောင်ယောင်...."

သန်းခေါင်ယံညကဲ့သို့ လေးနက်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်သည်။ အကြည့်ချင်းဆုံသွားသည့်အချိန်တွင် သူမ၏နှုတ်ခမ်းဖျားမှ နူးညံ့စွာဖြင့် နာမည်တစ်ခုအား ရေရွတ်လိုက်သည်။ "ဇူ....ယွမ်..."

ဇူယွမ်၏မျက်နှာအား ထွေးပွေ့ထားသော သူမ၏လက်ချောင်းများကို အေးစက်စွာဖြင့် ပြန်လည်ရုတ်သိမ်းလိုက်သည်။

ယောင်​ယောင်၏လှပသော ခန္ဓာကိုယ်လေးမှာ လေထုထဲသို့ မြောတက်သွားပြီး သူမ၏ရွှေရောင်ဆံနွယ်များမှာလည်း ယိမ်းနွဲ့ကခုန်နေလျက် ရှိသည်။

လှေကားအပေါ်ဖက်တွင် ရှိနေသော ထျန်းရှန်ခန်းဆောင်သခင်မှာ ယောင်ယောင်၏ ပြောင်းလဲမှုအား ကြည့်ရှုနေရင်းဖြင့် နှလုံးသားအတွင်း မဖော်ပြနိုင်သော ခက်ခဲသည့်ခံစားမှုမျိုး ခံစားလိုက်ရသည်။

သို့သော် သူ၏မျက်ဝန်းများ၌ ရက်စက်ကြမ်းတမ်းသော အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။

ဝုန်း......

ထျန်းရှန်ခန်းဆောင်သခင်ထံမှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသောကြောင့် ပတ်ဝန်းကျင်မှာ ကြမ်းတမ်းစွာ တုန်ခါသွားရသည်။ ထိုမျှကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများအောက်တွင် ကောင်းကင်ဘုံနေမင်းအဆင့်သည်ပင် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ယောင်ယောင်၏ တောက်ပရွှန်းစိုသော မျက်ဝန်းများမှာ တည်ငြိမ်နေလျက်သာ ရှိသည်။ သူမသည် တစ္ဆေတစ်ကောင်အလား ထျန်းရှန်ခန်းဆောင်သခင်၏ရှေ့သို့ မျက်စိတမှိတ်အတွင်း ရောက်ရှိသွားသည်။

"ကောင်းကင်ဧကရာဇ်ရဲ့ စိတ်ဝိဉာဉ်ဖိနှိပ်ခြင်းချိပ်စည်း..."

ထျန်းရှန်ခန်းဆောင်သခင်ထံမှ အကန့်အသတ်မဲ့သော ချီစွမ်းအင်များ ထပ်မံထွက်ပေါ်လာကာ စိတ်ဝိဉာဉ်ချိပ်စည်းတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ ပတ်ဝန်းကျင်ရှိ လေထုမှာ ချိပ်စည်း၏အလေးချိန်ကို ခံနိုင်ရည် မရှိသည့်အလား ကွဲအက်ကုန်ရသည်။

ဝုန်း....

စိတ်ဝိဉာဉ်ချိပ်စည်းမှာ ယောင်ယောင်ထံသို့ ဦးတည်ကျဆင်းလာသည်။

ယောင်ယောင်မှာ လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်လျက် ကျဆင်းလာနေသော ကြီးမားလှသည့် စိတ်ဝိဉာဉ်ချိပ်စည်းအား ထိုးနှက်လိုက်သည်။

ဒုန်း.....

ကျယ်လောင်လှသော ထိတွေ့ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာလေသည်။

ခန်းဆောင်သခင်မှာ အလင်းမှုန်များအဖြစ် ပျက်စီးပျောက်ကွယ်သွားသော စိတ်ဝိဉာဉ်ချိပ်စည်းအားကြည့်ကာ ကြောက်လန့်တုန်လှုပ်သွားရသည်။

ယောင်ယောင်၏ ထိုးနှက်ချက်မှာ အမှန်တကယ်ပင် ကျောချမ်းဖွယ်ကောင်းလှ၏။

ထျန်းရှန်ခန်းဆောင်သခင်မှာ ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲသွားတော့မည့်အလား ခံစားလိုက်ရသည်။ သူသည် ရွှေရောင်ဆံနွယ်များဖြင့် ထူးခြားဆန်းကြယ်လွန်းသော မိန်းမငယ်လေးအားကြည့်ကာ နှလုံးသားအတွင်းမှ ကြောက်ရွံ့စိတ်များ တိုးပွားလာရလေသည်။

"မင်း......မင်းဘယ်သူလဲ..." သူသည် တုန်ရီစွာဖြင့် ထိုစကားလုံးများအား ရေရွတ်လိုက်သည်။

ဝှစ်....

ထိုစကားသံနှင့်အတူ ထျန်းရှန်ခန်းဆောင်သခင်၏ ခန္ဓာကိုယ်မှာ ပုံရိပ်ယောင်အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။ သူသည် ထွက်ပြေးသွားလေပြီ။

ယောင်ယောင်၏ထိုးနှက်ချက်မှာ သူ့အားအလွန် ကြောက်ရွံ့သွားစေသည်။

သို့သော် ယောင်ယောင်မှာ အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိပဲ လေထုထဲမှ တစ်စုံတစ်ရာအား ဖမ်းဆုပ်လိုက်သည်။

ယောင်ယောင်ဖမ်းဆုပ်လိုက်သည်မှာ ထျန်းရှန်ခန်းဆောင်သခင်၏ပုံရိပ်ပင် ဖြစ်သည်။

ခန်းဆောင်သခင်၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားရသည်။ သူသည် ကြောက်ရွံ့လွန်းသဖြင့် စိတ်ဝိဉာဉ်များ ပြိုကွဲသွားတော့မည့်အလား ထင်မှတ်နေမိသည်။ ပုရွက်ဆိတ်တစ်ကောင်သာသာမျှ ထင်မှတ်မိခဲ့သော မိန်းမငယ်လေးသည် ထိုသို့ကြောက်မက်ဖွယ်စွမ်းအင်များကို ပိုင်ဆိုင်ထားလိမ့်မည်ဟု တစ်ခါမျှ မတွေးတောခဲ့မိပေ။

ထို့အပြင် သူသည် လေဟာနယ်တစ်ခုပင် ဖန်တီးကာ ထွက်ပြေးခဲ့ပါသော်လည်း သူမမှ ပြန်လည်ဆွဲယူနိုင်ခဲ့သည်။

သူမသည် မည်သို့သော အစွမ်းမျိုးကို ပိုင်ဆိုင်ထားပါသနည်း....

ယောင်ယောင်မှာ တောက်ပရွှန်းစိုနေသော မျက်ဝန်းများဖြင့် ခန်းဆောင်သခင်အားကြည့်ကာ ပြောလိုက်သည်။ "ရှင်က...ကျွန်မတို့ကို သတ်ချင်နေတာတဲ့လား..."

ခန်းဆောင်သခင်မှာ လွန်စွာသိမ်ငယ်သော ခံစားချက်အား ခံစားလိုက်ရကာ ဒူးများတုန်လျက် မေးများပင် တဆတ်ဆတ် ရိုက်နေရသည်။

"ဘာလို့လဲ.....ဘာလို့...ရှင်က ကျွန်မကို ဖိအားပေးရတာလဲ..."

ယောင်ယောင်၏စကားသံအတွင်း ဒေါသသံများ ရောယှက်နေလျက် ရှိသည်။

"ငါ....ငါ..." ခန်းဆောင်သခင်မှာ ကျဆင်းလာသော မျက်ရည်များကို ပွတ်ထုတ်လိုက်သည်။ သူသည် အမှန်တကယ်ပင် သူ၏လုပ်ရပ်များအပေါ် နောင်တရနေမိလေပြီ။ ထိုမိန်းမငယ်လေးသာ ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းမှန်း သိရှိခဲ့ပါက ဖိအားပေးခဲ့လိမ့်မည် မဟုတ်ပေ။

မိန်းမငယ်လေး၏ ခန္ဓာကိုယ်အတွင်းမှ ​ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများအား ခန်းဆောင်သခင်မှ ခံစားမိနေသည်။

အစောပိုင်း၌ သူ၏တိုက်ခိုက်မှုကြောင့် ထိုစွမ်းအင်များ နိုးထလာရခြင်းပင်။

ယခုအချိန်သည် သူလုပ်ခဲ့သော လုပ်ရပ်များ၏ အသီးအပွင့်အား ခံစားရတော့မည့်အချိန်ပင် ဖြစ်လေသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် သာမန်လူတစ်ယောက် မဟုတ်။ ထို့ကြောင့် စိတ်အားပြန်လည် တည်ငြိမ်စေကာ အခြေအနေအား ကောင်းစွာတွေးတောလိုက်သည်။ ထို့နောက် သူ၏မျက်ဝန်းများအတွင်း ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ယှက်သန်းသွားရလေသည်။

ဝုန်း......

ထျန်းရှန်ခန်းဆောင်သခင်သည် မိမိကိုယ်ကို ဖျက်စီးပစ်လိုက်ခြင်း ဖြစ်သည်။

အတိုင်းအဆမဲ့သော စွမ်းအင်လှိုင်းများမှာ ယောင်ယောင့်ထံသို့ အရှိန်အဟုန်ဖြင့် ပျံ့လွင့်သွားသည်။

သို့သော် ပြင်းထန်လွန်းလှသော စွမ်းအင်လှိုင်းများမှာ ယောင်ယောင်နှင့် ထိတွေ့သွားသည်နှင့်တစ်ပြိုင်နက် ညင်သာသော လေပြေလေညင်းလေးများအဖြစ် ပြောင်းလဲသွားတော့သည်။ ယင်းလေပြေလေညင်းလေးများ​ကြောင့် ယောင်ယောင်၏ ရှည်လျားသော ရွှေရောင်ဆံနွယ်လေးများသည်ပင် လှပသေသပ်စွာ ဝဲခါသွားသည်။

ယောင်ယောင်မှာ လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်လျက် ပြန်လည်ဖြန့်လိုက်သောအခါတွင် သူမ၏လက်ဝါးထက်၌ လူတစ်ဦး၏ပုံရိပ် ပါဝင်နေသော အလင်းလုံးငယ်တစ်ခု ပေါ်ထွက်လာသည်။

ထိုလူ၏မျက်နှာသွင်ပြင်မှာ ထျန်းရှန်ခန်းဆောင်သခင်နှင့် အလွန်ဆင်တူနေသည်။

ထိုသည်မှာ ထျန်းရှန်ခန်းဆောင်သခင်၏ ရင်းမြစ်အ​ခြေတည်စွမ်းအင်ဗဟိုပင် ဖြစ်သည်။

ရင်းမြစ်အခြေတည်စွမ်းအင်ဗဟို ရှိနေသမျှ ကာလပတ်လုံး ပြင်ပခန္ဓာအား လွယ်ကူစွာ ပြန်လည်တည်ဆောက်နိုင်ပေသည်။ ထို့ကြောင့် ထျန်းရှန်ခန်းဆောင်သခင်မှာ မိမိကိုယ်ကို ဖျက်စီးကာ ထွက်ပြေးလွတ်မြောက်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။

သို့သော် သူသည် ယောင်ယောင်၏စွမ်းအင်များအပေါ် လျှော့တွက်မိခဲ့ပုံ ရသည်။

ခန်းဆောင်သခင်မှာ တုန်လှုပ်ခြောက်ခြားစွာဖြင့် အော်ဟစ်လိုက်သည်။ "မင်း...မင်း...လူမဟုတ်ဘူး။"

သူသည် ခန္ဓာကိုယ်အား ဖောက်ခွဲဖျက်စီးခဲ့ပါသော်လည်း ယောင်ယောင်အား အနည်းငယ်မျှပင် မထိခိုက်စေနိုင်ခဲ့ပေ။ သူမ၏စွမ်းအင်မှာ စိတ်ကူးကြည့်နိုင်သည်ထက် အဆပေါင်းများစွာ မြင့်မားလွန်းလှသည်။

"နည်းနည်းတော့ ညှာတာပါဦး..."

"ငါ....ငါ့ကိုသနားပါ...ငါမှားပါတယ်။ မင်းကိုသတ်ဖို့ မကြိုးစားခဲ့သင့်ဘူး....ငါမှားပါတယ်။"

"မင်းငါ့ကိုသတ်ရင် နန်းဆောင်သခင် ရှမ့်ယွမ်က မင်းကိုအလွတ်ပေးမှာ မဟုတ်ဘူးနော်။"

ယောင်ယောင်၏လက်ထဲတွင် သူ၏ရင်းမြစ်အခြေတည်စွမ်းအင်ဗဟို ရှိနေသောကြောင့် ထျန်းရှန်ခန်းဆောင်သခင်မှာ အမှန်တကယ် ကြောက်ရွံ့နေရပြီ ဖြစ်သည်။ သူသည် ယခင်ကကဲ့သို့ မမောက်မာတော့ပဲ ညှာတာပေးရန် တောင်းပန်နေရ၏။ အဘယ့်ကြောင့်ဆိုသော် သူ၏ရင်းမြစ်အခြေတည်စွမ်းအင်ဗဟိုအား ဖျက်စီးခံလိုက်ရပါက သူသည်လည်း ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားရမည် ဖြစ်သောကြောင့်ပင်။

ခန်း​ဆောင်သခင်မှာ ခွင့်လွှတ်မှုကို တောင်းခံနေပါသော်လည်း ယောင်ယောင်၏မျက်ဝန်းများမှာ ခံစားချက် ကင်းမဲ့နေဟန်သာ ရှိသည်။

ထို့နောက် သူမ၏လက်ဝါးလေးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တော့သည်။

လေဟာနယ်မှာ ဆုတ်ပြဲသွားလေသည်။

ဘန်း....

ချက်ချင်းဆိုသလိုပင် သူ၏ရင်းမြစ်အခြေတည်စွမ်းအင်ဗဟို ဖျက်စီးခံလိုက်ရသည်။

ပေါက်ကွဲသွားသော စွမ်းအင်များမှာ အလင်းမှုန်များအဖြစ် ပြောင်းလဲကာ လေထုအား ပြည့်နှက်သွားစေသည်။

ထျန်းရှန်ခန်းဆောင်သခင်၏ ရင်းမြစ်အခြေတည်စွမ်းအင်ဗဟို ဖျက်စီးခံလိုက်ရခြင်းကြောင့် အဆင့်မြင့်ကျင့်ကြံသူများမှာ ထိတ်လန့်သွားကြရသည်။ နန်းဆောင်သခင် ရှမ့်ယွမ်နှင့် ကလန်ခေါင်းဆောင် ချင်းယန်တို့သည်ပင် ဆန်းကြယ်သောနေရာငယ်အတွင်းသို့ ကြည့်ရှုလိုက်ကြသည်။

၎င်းတို့မှာ လေထုအတွင်း ပျံဝဲနေသော ရွှေရောင်ဆံနွယ်များဖြင့် ယောင်ယောင်အား တွေ့ရှိလိုက်ရသောအခါ အံ့အားသင့်သွားရသည်။

သူမသည် အမှန်တကယ်ပင် လူ့ဘုံသို့ ဆင်းသက်လာသော နတ်ဘုရားမတစ်ပါးအလား ခမ်းနားထည်ဝါနေလေတော့သတည်း....

All Chapters