← Chapters

အခန်း (၂၂၃)

Vol. 23 Ch. 223

အခန်း (၂၂၃)

Vol. 23 Ch. 223

တုပိုင်သည် ရှားလုံစော်ဘွားကို လေးစားသွားလေသည်။ အခြားသူများအတွက် အန္တရယ်ကို သူကမူ အခွင့်အရေးအဖြစ် ပြောင်းလဲပြစ်လိုက်သည်။

ရှားလုံစော်ဘွားက ပြောလိုက်သည်။ “မင်း မသိလောက်သေးဘူး။ လီချန်ချန်က ယဇ်ပလ္လင်မီးပုံကြီးထဲမှာ ပြန်လည်ရှင်သန်လယ်။ အခု မီးနတ်ဘုရားဘာသာရဲ့ နိမိတ်ဖတ်ထားတဲ့ မီးနတ်ဘုရားစုန်းမကြီး ဖြစ်လာပြီ။ နောက်ဆိုရင် သူက အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ တစ်ခုလုံးရဲ့ ဝိညာဉ်ရေးရာ ခေါင်းဆောင် ဖြစ်လာတော့မှာ။ ပြီးတော့ အနောက်တောင်ပိုင်းဒေသ တစ်ခုလုံးကို သိမ်းပိုက်ဖို့အတွက် လီရူဟိုင်ရဲ့ လက်နက်တစ်ခု ဖြစ်လာလိမ့်မယ်”

တုပိုင် ချက်ချင်း အံ့သြမှင်သက်သွားသည်။

“မဖြစ်နိုင်တာ။ လီချန်ချန်က သေသွားပါပြီ။ ကျွန်တော် သူ့နှလုံးကို ဓားနဲ့ ထိုးစိုက်ခဲ့တာလေ။ သူ သေတာထက် ပိုသေချာတာ မရှိတော့ဘူး” တုပိုင်က အလေးအနက် ပြောလိုက်သည်။ “ပြီးတော့ သေပြီးသားလူက ပြန်မရှင်နိုင်ဘူး။ ဒါကြောင့် အဲဒီ မီးနတ်ဘုရားစုန်းမကြီး ဆိုတာ သူ လုံးဝ မဖြစ်နိုင်ဘူး”

ရှားလုံစော်ဘွားက ပြောလိုက်သည်။ “အဲဒါတွေက အရေးမကြီးတော့ပါဘူး။ အမှန်တရားက အရေးမကြီးတော့ဘူး”

တုပိုင် တုန်လှုပ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ အမှန်ပင်။ အမှန်တရားက အရေးမကြီးတော့ပေ။

အရေးအကြီးဆုံး အချက်မှာ မီးနတ်ဘုရားစုန်းမကြီး ပေါ်ထွက်လာခြင်းသည် အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ တစ်ခုလုံးကို ပေါင်းစည်းရန်နှင့် သိမ်းပိုက်ရန် လီရူဟိုင်၏ ခြေလှမ်းများကို များစွာ အရှိန်မြှင့်တင်ပေးလိုက်ခြင်းပင် ဖြစ်သည်။

သူ့လမ်းကို ပိတ်ဆို့ဟန့်တားနိုင်သူဟူ၍ အန်လုံစော်ဘွားအိမ်တော်မှ ချူဟုန်မြန်နှင့် ဤကြောက်မက်ဖွယ်ကောင်းသော ရှားလုံစော်ဘွားတို့ နှစ်ဦးသာ ရှိတော့သည်။

တုပိုင်က မေးလိုက်သည်။ “ရှားလုံဘုရင်ကြီး။ ခင်ဗျား တာ့နင်အင်ပါယာရဲ့ အုပ်ချုပ်မှုအောက်ကို ပြန်ဝင်ပြီး ဧကရာဇ်ရဲ့ ခန့်အပ်မှုကို လက်ခံပြီးတော့ အင်ပါယာ ဒေသခံခေါင်းဆောင်တစ်ဦး အဖြစ် ခံယူဖို့ ဆန္ဒရှိပါသလား”

ရှားလုံစော်ဘွားက ပြန်ဖြေသည်။ “ငါ ခန့်အပ်မှုကို လက်ခံမယ်။ ဒါပေမဲ့ ဘယ်အမိန့်ကိုမှ လက်မခံနိုင်သလို တာ့နင်အင်ပါယာက စေလွှတ်တဲ့ ဘယ်အရာရှိကိုမှလည်း လက်ခံမှာ မဟုတ်ဘူး”

တုပိုင်က ပြောလိုက်သည်။ “လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားအနေနဲ့ မြို့တော်ကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပြီး အရှင်မင်းမြတ်ကို ဝင်ရောက်ခစားရမယ်။ ပြီးတော့ သစ္စာရှိကြောင်း ပြသတဲ့အနေနဲ့ သားတော်တစ်ပါးကို မြို့တော်မှာ ပညာသင်ကြားဖို့ စေလွှတ်ပေးရမယ်”

ရှားလုံစော်ဘွားက ပြောလိုက်သည်။ “ငါ့သားက အရမ်းငယ်သေးတယ်။ ပြီးတော့ မင်းတို့မြို့တော်မှာ နေရတာ သူ့အတွက် သိပ်ဘေးကင်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ မွေးစားသားတစ်ယောက်ကို မွေးစားပြီး မင်းတို့မြို့တော်မှာ ပညာသင်ကြားဖို့ လွှတ်ပေးလိုက်မယ်”

“ကောင်းပြီ” တုပိုင်က ပြောလိုက်သည်။ “ဒါ့အပြင် ကျွန်တော်တို့ မဟာမိတ် ဖွဲ့လို့ရတယ်။ ဘာတာဝန် ဝတ္တရားမှ မရှိတဲ့ ၊ ဘာစည်းနှောင်မှုမှ မရှိတဲ့ ၊ ခင်မင်ရင်းနှီးမှု သက်သက်ပဲ ရှိတဲ့ မဟာမိတ်မျိုးပေါ့”

ရှားလုံစော်ဘွား ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ “ငါ မိန်းမစိုးဂိုဏ်းနဲ့ မဟာမိတ် မဖွဲ့ချင်ဘူး။ ဒါပေမဲ့ အမတ်မင်း လီဝမ်ဟွေ့နဲ့တော့ မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိတယ်”

“ကောင်းပြီ” တုပိုင် လက်ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။ “ကျွန်တော်က ကျွန်တော့် မွေးစားအဖေ ကိုယ်စား ခင်ဗျားနဲ့ မဟာမိတ်ဖွဲ့တယ်”

ရှားလုံစော်ဘွားသည် သူ၏ လက်ကြီးဖြင့် တုပိုင်လက်ကို ဆုပ်ကိုင်လိုက်ပြီးနောက် သူတို့နှစ်ဦး နဖူးချင်း တိုက်လိုက်ကြသည်။

ထိုကဲ့သို့ပင် ရိုးရှင်းသော မဟာမိတ်ဖွဲ့ခြင်း ပြီးမြောက်သွားသည်။

တုပိုင်က မေးလိုက်သည်။ “ရှားလုံဘုရင်ကြီး။ ခင်ဗျား ဘယ်အချိန် စစ်တပ်စေလွှတ်ဖို့ စိတ်ကူးထားလဲ”

ရှားလုံစော်ဘွားက ပြန်ဖြေသည်။ “သဘက်ခါ မနက်အစောပိုင်း”

တုပိုင်က ပြောလိုက်သည်။ “ဒါဆိုရင် သားတော်တစ်ပါးနဲ့ ကိုယ်စားလှယ်အဖွဲ့ကို ပြင်ဆင်ပေးပါ။ သူတို့က မနက်ဖြန် ချက်ချင်း ထွက်ခွာသင့်တယ်။ အန်နမ်နိုင်ငံ (ဗီယက်နမ်) ဘက်ကနေ ကွေ့ပတ်ပြီး မြောက်ဘက် မြို့တော်ဆီကို သွားရမယ်။ ပြီးတော့ ကိုယ်စားလှယ်အဖွဲ့ကတဆင့် အရှင်မင်းမြတ်ဆီ ပေးပို့ဖို့အတွက် သစ္စာခံစာလွှာကို ကိုယ်တိုင်ရေးပေးပါ”

နောက်တစ်နေ့ နံနက်ခင်း။

ရှားလုံလူမျိုးစု စစ်သည်များ ပိုမိုများပြားစွာ ရောက်ရှိလာပြီး ရှားလုံဘုရင်ကြီး၏ မသေမျိုးလိုဏ်ဂူ ရှေ့ရှိ ချိုင့်ဝှမ်းတွင် စုရုံးနေကြသည်။

ရှားလုံလူမျိုးစုသည် အတော်လေး သေးငယ်ပြီး စီရင်စုခွဲ နှစ်ခု သုံးခုစာခန့်သာ ကျယ်ဝန်းသည့်အပြင် ဤလူရိုင်းစစ်သည်များသည် ရိက္ခာသယ်ဆောင်ရန် မလိုသလောက် ဖြစ်သောကြောင့် သူတို့၏ စုရုံးမှု အရှိန်အဟုန်သည် အလွန်မြန်ဆန်လှသည်။

နံနက်မှ နေ့လယ်ပိုင်းအထိ စစ်သည်များ ပိုမို စုဝေးလာကြသည်။

တုပိုင် တွေ့ရှိလိုက်ရသည်မှာ ဤစစ်သည်များတွင် သံချပ်ကာများ ရှိကြသော်လည်း အားလုံးကို ကြိမ်ဖြင့် ရက်လုပ်ထားခြင်း ဖြစ်သည်။ သုံးပြည်ထောင်ခေတ်ဇာတ်လမ်းထဲမှ ကြိမ်ချပ်ဝတ်စုံများကဲ့သို့ မီးလောင်လွယ်ခြင်း မရှိပေ။

ထို့အပြင် ရှားလုံလူမျိုးစုတွင် မြင်းစီးတပ်ဖွဲ့များလည်း ရှိပြီး အရေအတွက် နှစ်ထောင်အောက် မနည်းပေ။ သို့သော် သူတို့အားလုံး မြင်းစီးကြသည် မဟုတ်ဘဲ အမျိုးမျိုးသော တောရိုင်းသားရဲများကိုလည်း စီးနင်းကြသည်။

လူရိုင်းစစ်သည် တစ်ဦးချင်းစီသည် အရပ်မရှည်သော်လည်း အလွန် ကျစ်လျစ်ကြသည်။ သူတို့၏ ကြွက်သားများသည် သံနက်ကဲ့သို့ မာကျောနေပြီး တောင်တက်ခြင်း ၊ သစ်ပင်တက်ခြင်း တို့သည် သူတို့အတွက် မြေပြန့်တွင် လမ်းလျှောက်သကဲ့သို့ လွယ်ကူလှသည်။

လူရိုင်းစစ်သည်တိုင်း၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုဟူသည် မရှိဘဲ သတ်ဖြတ်ခြင်းနှင့် လုယက်ခြင်းအတွက် ဆာလောင်မှုသာ ရှိနေသည်။

ဤလူများသည် ကြောက်ရွံ့မှု ကင်းမဲ့သူများ ၊ အရိုင်းဆန်ပြီး ရက်စက်ကြမ်းကြုတ်သူများ ၊ သေရမည်ကို မကြောက်သူများဖြစ်ကြ၏။ ထိုကဲ့သို့သော စစ်တပ်သည် အကြောက်မက်ဖွယ် အကောင်းဆုံး ဖြစ်ပြီး တောင်တန်းများထဲသို့ ဝင်ရောက်သွားပါက လိုက်လံတိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ ရှားလုံလူမျိုးစုသည် လီရူဟိုင်အတွက် မျက်စိစပါးမွှေး စူးစရာ ဖြစ်နေသည်မှာ အံ့သြစရာ မဟုတ်ပေ။

နေ့လယ်ပိုင်းတွင် လူဒါဇင်ပေါင်းများစွာ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာသွားသည်။ သူတို့ကို ဦးဆောင်သူမှာ ရှားလုံစော်ဘွား၏ အသက် ၁၆ နှစ်အရွယ်ခန့်ရှိ မွေးစားသား တစ်ဦး ဖြစ်သည်။ ဤအဖွဲ့သည် ရှားလုံစော်ဘွား၏ သစ္စာခံစာလွှာကို သယ်ဆောင်ပြီး အန်နမ်နိုင်ငံဘက်မှ ကွေ့ပတ်ကာ မြောက်ဘက် မြို့တော်သို့ သွားရောက်ကြမည် ဖြစ်သည်။ ဤကိုယ်စားလှယ်အဖွဲ့သည် ဧကရာဇ်အတွက် အခြေအနေကို ပြောင်းပြန်လှန်ပစ်မည့် အရေးကြီးသော နိုင်ငံရေးလက်နက် ဖြစ်လာမည်ဖြစ်ပြီး လီဝမ်ဟွေ့ကို ကယ်တင်ရန် အရေးပါသော အပေးအယူပစ္စည်း ဖြစ်လာပေလိမ့်မည်။

**--**--**--**--**--**--**--**

တချိန်တည်းမှာပင် ဝမ်ရှန်းမြို့ ၊ လီမိသားစု စော်ဘွားစီရင်စု၌ လီရူဟိုင်၏ သစ္စာဆိုပွဲ အခမ်းအနားသည် ပို၍ ကြီးကျယ်ခမ်းနားပြီး ပို၍ လေးနက်ကာ ပို၍ ထည်ဝါနေပုံ ရသည်။ သံချပ်ကာများ တောက်ပနေပြီး အလံများ တလွင့်လွင့် ဖြစ်နေသည့် စစ်သည် တစ်သိန်းနီးပါးကလည်း ကောင်းကင်နန်းတော်ကိုပင် ကျူးကျော်တော့မလို အရှိန်အဝါဖြင့် ရှိနေကြသည်။

လီရူဟိုင်၏ နှစ်စဉ် ဝင်ငွေ ငွေတုံး သန်းပေါင်းများစွာကို ဤ တိုက်ရိုက်အုပ်ချုပ်မှုအောက်ရှိ သောင်းနှင့်ချီသော တပ်ဖွဲ့များအပေါ်တွင် သုံးစွဲထားသည်။

ထက်မြက်သော ဓားများ ၊ ခိုင်ခံ့သော ဒိုင်းများ ၊ မာကျောသော သံချပ်ကာများ ၊ လျင်မြန်သော စစ်မြင်းများ ၊ သွားကြားထိအောင် လက်နက်တပ်ဆင်ထားသော ထိပ်တန်းစစ်သည် သောင်းပေါင်းများစွာနှင့်အတူ မြင်းစီးတိုက်ပွဲသည် အနောက်တောင်ပိုင်းတွင် မသင့်လျော်သော်လည်း လီရူဟိုင်သည် မြင်းစီးတပ်သား ငါးထောင်ကို ငွေကြေးအမြောက်အမြား အကုန်အကျခံကာ ဖွဲ့စည်းထားသေးသည်။ ယခုအချိန်တွင် ဤစစ်တပ်ကြီး ထွက်ပေါ်လာသောအခါ ဒေသခံခေါင်းဆောင် အားလုံးကို ချက်ချင်း ခြိမ်းခြောက်နိုင်ခဲ့ပြီး ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားစေကာ မလွန်ဆန်နိုင်ဘဲ သူ့ထံသို့ အညံ့ခံလိုက်ရလေသည်။

“ငါ့ကို လိုက်နာသူ ချမ်းသာရာရမယ် ၊ ဆန့်ကျင်သူ သေမယ်” ဤသည်မှာ ယခုအချိန်တွင် လီရူဟိုင်၏ စစ်မှန်သော ခံစားချက် ဖြစ်သည်။

စစ်သည် တစ်သိန်းနီးပါး စုဝေးနေသော အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ တစ်ခုလုံးသည် အမှန်တကယ်ပင် ကြီးမားကျယ်ပြန့်ပြီး ခမ်းနားကာ အဆုံးအစမဲ့နေသကဲ့သို့ ဖြစ်နေသည်။

“ဒီခံစားချက်က တကယ့်ကို ယစ်မူးစရာပဲ”

“လောကကြီး တစ်ခုလုံး ငါ့လက်ထဲ ရောက်နေသလို ခံစားရတယ်”

“တစ်နေ့ကျရင် ငါ ဒီစစ်တပ်ကို ဦးဆောင်ပြီး မြေပြင်အနှံ့ တိုက်ခိုက်ကာ ငါ့ရဲ့ လီမိသားစု အင်ပါယာကို တည်ထောင်မယ်”

“ဧကရာဇ် ငါ့ရဲ့ အာဏာစက်အောက်မှာ ဒူးထောက်လိုက်စမ်း”

“လီဝမ်ဟွေ့ သေစမ်း ၊ သေလိုက်စမ်း”

“ဒီနေ့ကစပြီး ငါ့ လီမိသားစုကို ဆန့်ကျင်တဲ့ ဘယ်သူမဆို လုံးဝ ချေမှုန်းခံရပြီး အမြစ်ဖြတ် သုတ်သင်ခံရမယ်”

ထိုအချိန်တွင် ဒုတိယတပ်မှူး လီရူလုံက တိုးတိုးလေး သတိပေးလိုက်သည်။ “သခင်ကြီး။ မင်္ဂလာအချိန်ကျပါပြီ”

လီရူဟိုင် ခေါင်းညိတ်လိုက်​ကာ ထူးခြားစွာ မြင့်မားပြီး ကျက်သရေရှိသော လီတစ်ထောင်မြင်းကို စီးနင်းကာ ပြင်းထန်စွာ ဒုန်းစိုင်းထွက်လိုက်သည်။ လက်ထဲမှ ဓားကို ဝှေ့ယမ်းပြီး စစ်သည် တစ်သိန်း၏ တပ်ဖွဲ့ကို ပတ်ကာ စီးနင်းလိုက်သည်။

နောက်ဆုံးတွင် လီရူဟိုင်သည် တောင်ထိပ်တစ်ခုပေါ်သို့ ပြေးတက်သွားပြီး အဆုံးအစမဲ့နေသော စစ်သည် တစ်သိန်းအား ဟိန်းဟောက်လိုက်သည်။ “ဧကရာဇ်အတွက် သစ္စာဖောက်တွေကို နှိမ်နင်းမယ်”

စစ်သည် တစ်သိန်းနီးပါး ပြိုင်တူ ဟိန်းဟောက်လိုက်ကြသည်။ “ဧကရာဇ်အတွက် သစ္စာဖောက်တွေကို နှိမ်နင်းမယ်”

“ဧကရာဇ်အတွက် သစ္စာဖောက်တွေကို နှိမ်နင်းမယ်”

“ဧကရာဇ်အတွက် သစ္စာဖောက်တွေကို နှိမ်နင်းမယ်”

“ဧကရာဇ်အတွက် သစ္စာဖောက်တွေကို နှိမ်နင်းမယ်”

လီရူဟိုင်သည် ဓားကို ပြင်းထန်စွာ ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်သည်။ “စစ်သည်တို့ ချီတက်ကြ”

မြေကြီးတစ်ခုလုံးကိုပင် တုန်ခါသွားစေသော စစ်ဗုံသံများ ထွက်ပေါ်လာသည်။ ကြီးကျယ်ခမ်းနားသော စစ်သည် တစ်သိန်းသည် တာ့နင်အင်ပါယာရှိရာ မြောက်ဘက်သို့ စတင် ချီတက်လာပြီဖြစ်၏။ ချက်ချင်းပင် မရေမတွက်နိုင်သော ခိုစာပို့ငှက်များသည် အတောင်ပံခတ်ကာ ကောင်းကင်သို့ ပျံတက်သွားပြီး အရပ်မျက်နှာ အသီးသီးသို့ ပျံသန်းသွားကြသည်။ လီမိသားစု ပုန်ကန်လိုက်ပြီဖြစ်သည်။ ဤသတင်းသည် မကြာမီ ကမ္ဘာလောက အနှံ့အပြားသို့ ပျံ့နှံ့သွားတော့မည် ဖြစ်ပြီး အင်ပါယာ တစ်ခုလုံး လုံးဝ တုန်လှုပ်သွားပေလိမ့်မည်။

**--**--**--**--**--**--**--**

နောက်တစ်ရက် ကုန်ဆုံးသွားပြန်သည်။ အရုဏ်တက်ချိန်တွင် တုပိုင် နိုးလာပြီး ရှားလုံဘုရင်ကြီး၏ မသေမျိုးလိုဏ်ဂူထဲမှ ထွက်လာကာ တောင်အောက်ရှိ မြေကွက်လပ်ကို ကြည့်လိုက်သည်။ သူ ချက်ချင်းပင် လိပ်ပြာလွင့်မတတ် လန့်ဖျပ်သွားသည်။

တစ်ညတည်းနှင့် လူအများအပြား စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။ ဆယ်ကျော်သက်အရွယ်မှ အသက်ငါးဆယ်အရွယ်အထိ အမျိုးသားများ ပါဝင်သော လူရိုင်းစစ်သည် နှစ်သောင်း သုံးသောင်းခန့် ရှိပြီး တစ်ဦးစီသည် လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ထားကာ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် ခေါင်းကိုးခုမြွေ တက်တူးများကို ထိုးထားကြသည်။ စစ်မြင်းများ ၊ မြည်းများ ၊ တောဝက်များနှင့် အခြားသော တောရိုင်းသားရဲ အမျိုးမျိုးကို စီးနင်းထားသော မြင်းစီးတပ်သား နှစ်ထောင် သုံးထောင်ခန့်လည်း ရှိသည်။ သူတို့အားလုံးက ချိုင့်ဝှမ်းထဲတွင် ပုရွက်ဆိတ်များကဲ့သို့ ပြည့်ကျပ်နေသည်။

ထို့အပြင် ကျောပေါ်တွင် စစ်ဗုံကြီးများ တင်ဆောင်ထားသော ဆင်​ကြီးများ တစ်ဒါဇင်ကျော်လည်း ရှိနေသေးသည်။ ရှားလုံလူမျိုးစု တစ်ခုလုံး၏ လူဦးရေသည် တစ်သိန်းထက် မပိုသော်လည်း ဤတိုက်ပွဲတွင် လူရိုင်းစစ်သည် နှစ်သောင်း သုံးသောင်းကို စုစည်းနိုင်ခဲ့ရာ အမှန်တကယ်ပင် လူမျိုးစု တစ်ခုလုံး စစ်ထွက်ခြင်း ဖြစ်သည်။

ရှားလုံစော်ဘွားသည် လေးနက်တည်ကြည်နေပုံ ရသည်။ ပထမဆုံးအကြိမ်အဖြစ် သူသည် ခေါင်းပေါ်တွင် သရဖူတစ်ခုကို ဆောင်းထားပြီး ယင်းသရဖူကို အဆိပ်ပြင်းမြွေ၏ အစွယ်များဖြင့် လုပ်ထားခြင်း ဖြစ်သည်။ သူသည် မသေမျိုးလိုဏ်ဂူထဲမှ ထွက်လာပြီး မြင့်မားသော စင်မြင့်ပေါ်သို့ တက်ကာ တောင်အောက်ရှိ လူရိုင်းစစ်သည် နှစ်သောင်း သုံးသောင်းကို ငုံ့ကြည့်လိုက်သည်။

“ဝေါင်းးးးးး”

ရှားလုံစော်ဘွားသည် ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။ ချက်ချင်းပင် ချိုင့်ဝှမ်းတစ်ခုလုံး တုန်ခါသွားပြီး မရေမတွက်နိုင်သော ငှက်များနှင့် သားရဲများသည် တောအုပ်ထဲမှ ထွက်ပြေးလာကြသည်။ အောက်ဘက်ရှိ လူရိုင်းစစ်သည် နှစ်သောင်း သုံးသောင်းသည် အလွန်အမင်း စိတ်လှုပ်ရှားလာကြပြီး ရင်ဘတ်များကို ထုကာ သူတို့၏ ဘုရင်ကို တုံ့ပြန်သည့်အနေဖြင့် ကောင်းကင်သို့ မော့၍ အော်ဟစ်လိုက်ကြသည်။

ရှားလုံစော်ဘွားက လူရိုင်းဘာသာစကားဖြင့် ပြောလိုက်သည်။ “လီရူဟိုင်က ငါတို့မြေကို သိမ်းပိုက်တယ် ၊ ငါတို့ရဲ့ မိန်းမတွေနဲ့ ကလေးတွေကို မတရားပြုကျင့်တယ် ၊ ပြီးတော့ ငါတို့ရဲ့ ဂူသခင်ကို အဆိပ်ခတ်ဖို့ လူလွှတ်ခဲ့တယ်။ ဒီလောက်ကြီးမားတဲ့ အမုန်းတရားနဲ့ ပတ်သက်ပြီး ငါတို့ ဘာလုပ်သင့်တယ်လို့ မင်းတို့ ပြောချင်လဲ”

သူ့အသံသည် အက်ကွဲပြီး နက်ရှိုင်းသော်လည်း နေရာအနှံ့သို့ ပျံ့လွင့်သွားသည်။

“သတ်ပစ် သူ့ကို သတ်ပစ်” အောက်ဘက်ရှိ လူရိုင်းစစ်သည် နှစ်သောင်း သုံးသောင်း ဟိန်းဟောက်လိုက်ကြသည်။

“ဟုတ်တယ်။ သတ်ပစ်” ရှားလုံစော်ဘွား ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။ “လီမိသားစုဝင် အကုန်လုံးကို သတ်ပစ် ၊ လီမိသားစု နယ်မြေကို ကျူးကျော်ကြ။ မြင်သမျှ အရာအားလုံးကို လုယက် ၊ မြင်သမျှ မိန်းမအားလုံးကို မုဒိမ်းကျင့် ၊ မြင်သမျှ ယောက်ျားအားလုံးကို သတ်ပစ်”

“ဝေါင်းးး၊ ဝေါင်းးး၊ ဝေါင်းးး။”

အောက်ဘက်တွင် လူရိုင်းစစ်သည် နှစ်သောင်း သုံးသောင်းသည် စိတ်လှုပ်ရှားမှုကြောင့် ဆူပွက်နေကြသည်။

“အကုန်သတ် ၊ အကုန်မီးရှို့ ၊ အကုန်လုယက်ကြ… ချီတက်” ရှားလုံစော်ဘွား အော်ဟစ်လိုက်သည်။

ထို့နောက် သူသည် မီတာပေါင်းများစွာ မြင့်သော စင်မြင့်ပေါ်မှ တိုက်ရိုက် ခုန်ချလိုက်ပြီး ဆင်တစ်ကောင်၏ ကျောပေါ်သို့ တည့်မတ်စွာ ကျရောက်သွားသည်။ ပြီနောက်တွင် ဗုံတုတ်ကို ကောက်ယူပြီး မြေကြီးတုန်ခါစေသော စစ်ဗုံကြီးကို ပြင်းထန်စွာ ထုလိုက်သည်။

“ဘုန်းး ဘုန်းး ဘုန်းး ဘုန်းး ဘုန်းး။”

“ချီတက်ကြ”

“လီမိသားစုကို တိုက်ခိုက်ကြ”

“အကုန်သတ် ၊ အကုန်မီးရှို့ ၊ အကုန်လုယက်ကြ”

ထို့နောက် ဤလူရိုင်းစစ်သည် နှစ်သောင်း သုံးသောင်းသည် တောရိုင်းသားရဲများကဲ့သို့ လီမိသားစု စော်ဘွားစီရင်စု နယ်မြေဆီသို့ အလုံးအရင်းနှင့် ဝင်ရောက်သွားကြသည်။

နောက်အကျဆုံး မနက်ဖြန်ဆိုလျှင် သူတို့သည် လီမိသားစု နယ်မြေကို ကျူးကျော်ဝင်ရောက်နိုင်တော့မည် ဖြစ်သည်။

ဤနေရာသည် လီမိသားစု စော်ဘွားနယ်မြေ ဟုန်ဟယ်စီရင်စုနှင့် လီ ၁၀၀ ခန့်သာ ကွာဝေးသည်။

ယမန်နေ့က လီရူဟိုင်သည် စစ်သည် တစ်သိန်းကို ဦးဆောင်ပြီး မြောက်ဘက်သို့ ခမ်းနားစွာ ချီတက်သွားခဲ့သည်။ မကြာမီတွင် သူ၏ ကျောဘက်ကို တစ်စုံတစ်ယောက်က ဓားဖြင့် ထိုးလိုက်သည်ကို အားလုံး တွေ့ရှိရတော့မည် ဖြစ်သည်။

ဧကရာဇ်ကို အကျပ်ကိုင်ပြီး လီဝမ်ဟွေ့ကို သတ်ဖြတ်မည့် သူ့အစီအစဉ်သည် သဲထဲရေသွန် ဖြစ်သွားတော့မည်။

လီရူဟိုင်၏ မျက်နှာထား မည်သို့ ဖြစ်နေမည်ကို တွေးကြည့်ရုံနှင့် စိတ်ဝင်စားစရာ ကောင်းနေကာ တုပိုင်ပိတိအပြည့်ဖြင့် ပြုံးလိုက်မိလေသည်။

အပိုင်း ၂၂၃ ပြီး။

All Chapters