အခန်း (၂၂၅)
Vol. 23 Ch. 225
မရေမတွက်နိုင်သော ပြည်သူများသည် သားသမီးများကို ပွေ့ပိုက်ရင်း အုပ်စုလိုက် ထွက်ပြေးနေကြသည်။ စစ်ပွဲ မစတင်မီ အခြေအနေကပင် ဖရိုဖရဲနိုင်သော ခေတ်ပျက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။ ကွမ်ရှီးပြည်နယ် ၊ ယွန်းနန်ပြည်နယ်နှင့် စီချွမ်ပြည်နယ်တို့မှ အစောင့်တပ်ဖွဲ့များသည် စုစည်းလိုက်ပါက စစ်သည်အင်အား ငါးသောင်း ၊ ခြောက်သောင်းခန့် ရှိသော်လည်း သူတို့အားလုံးသည် ဒုတိယတန်းစား တပ်ဖွဲ့များသာ ဖြစ်ကြသည်။
သို့သော် ထိုစစ်သည် သောင်းချီသော တပ်ဖွဲ့များသည် ရှေ့ဆက်ချီတက်ခြင်း မပြုဘဲ ရပ်တန့်လိုက်ကြသည်။ စစ်သည်ရိက္ခာနှင့် လစာငွေ မရောက်ရှိသေးသောကြောင့် လုံးဝ မဟုတ်ပေ။ ဤကဲ့သို့ အရေးကြီးသော အချိန်မျိုးတွင် တပ်ဖြန့်ကျက်ရန်အတွက် ငွေကြေး သူတို့ထံ၌ အလုံအလောက် ရှိသည်။
ပြည်နယ်သုံးခုမှ စစ်ဘက်ဆိုင်ရာ တပ်မှူးများသည် ဧကရာဇ်ထံသို့ ပူးတွဲ အသနားခံစာ တင်သွင်းကြသည်။ အသနားခံစာတွင် ဖော်ပြထားသည်မှာ ဤစစ်သည် သောင်းချီသော တပ်ဖွဲ့များသည် အရှင်မင်းကြီးအတွက် တိုက်ခိုက်လိုစိတ် ရှိပြီး ရန်သူများကို တားဆီးရန် သူတို့ကိုယ်၌၏ အသွေးအသားများကို အသုံးပြုရန် ဆန္ဒရှိကြသည်။ သို့သော် အရှင်မင်းကြီး အနေဖြင့် ပြည်သူများ၏ ငိုကြွေးသံများကို နားထောင်ပြီး သစ္စာဖောက်အရာရှိ လီဝမ်ဟွေ့ကို သုတ်သင်ရှင်းလင်းကာ အရှေ့ဘက်ကွပ်ကဲရေးရုံးမှ လီလျန်တင်းကို မောင်းထုတ်ပေးရန် တောင်းဆိုထားသည်။
အကယ်၍ ထိုသို့ ဆောင်ရွက်ပေးမည် ဆိုပါက ဤစစ်သည် သောင်းချီသော တပ်ဖွဲ့များသည် အရှင်မင်းကြီးအတွက် သေံဘေးကို မကြောက်ရွံ့ဘဲ ရဲရင့်စွာ တိုက်ပွဲဝင်ကြမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ ဤအသနားခံစာကို တပ်မှူးအများအပြားက ရေးသားခြင်း မဟုတ်ဘဲ သာမန်စစ်သားတစ်ဦးက သွေးဖြင့် ရေးသားထားသော သွေးစာတစ်စောင် ဖြစ်ပြီး စစ်သည် သောင်းချီ၏ လက်မှတ်များ ပါဝင်နေသည်။
ဤသည်မှာ တကယ်ကို ကြီးမားသော သောက်တလွဲအရာဖြစ်သည်။ အကယ်၍ ဧကရာဇ်ကသာ လီဝမ်ဟွေ့ကို သတ်ပြီး လီလျန်တင်းကို မောင်းထုတ်လိုက်လျှင် သူတို့အနေဖြင့် ကြောက်ရွံ့ခြင်းကင်းမဲ့စွာ တိုက်ပွဲဝင်ရန်ပင် လိုအပ်တော့မည် မဟုတ်ပေ။ ထို့အပြင် တုပိုင်သည် ကွမ်ရှီးပြည်နယ် ၊ လျန်ကျိုးစီရင်စုသို့ ပြန်ရောက်ရောက်ချင်းတွင်ပင် သူ့ကို မှင်သက်သွားစေသည့် သတင်းတစ်ပုဒ်ကို ကြားသိလိုက်ရသည်။
“သခင်လေး။ ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီရဲ့ ကျောင်းအုပ်ကြီးအသစ်က အမိန့်ထုတ်လိုက်ပါတယ်။ အရှင်မင်းကြီးရဲ့ မွေးနေ့ပွဲတော်ကို ဂုဏ်ပြုတဲ့အနေနဲ့ မိန်းမစိုးဂိုဏ်းအကယ်ဒမီရဲ့ ဘွဲ့ယူစာမေးပွဲကြီးကို ရက်ပေါင်း ၇၀ စောပြီး ကျင်းပမယ်တဲ့”
“မွေးနေ့ပွဲတော် ကျင်းပတဲ့နေ့မှာ ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီက ကျောင်းသားတွေ အကုန်လုံး သိုင်းပြိုင်ပွဲ ယှဉ်ပြိုင်ကြပြီး အရှင်မင်းကြီး အသက်ရာကျော် ရှည်ပါစေကြောင်း ဆုတောင်းပေးကြရမယ်။ မွေးနေ့ပွဲတော် ဒုတိယနေ့မှာတော့ အရှင်မင်းကြီးကို ဂုဏ်ပြုဖို့ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပမယ်။ ဒါပေမဲ့ အဲဒါကို ဘွဲ့ယူစာမေးပွဲ အမှတ်စာရင်းထဲမှာ ထည့်သွင်းမှာ မဟုတ်ဘူး။ မွေးနေ့ပွဲတော် တတိယနေ့မှာတော့ မိန်းမစိုးဂိုဏ်းအကယ်ဒမီက ဆရာတွေနဲ့ ကျောင်းသားတွေ အားလုံး မီးဒြပ်စင် ဆေးလုံးအမျိုးမျိုးကို သန့်စင်ဖော်စပ်ကြပြီး ညဘက်မှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်ကာ အရှင်မင်းကြီး တောင်တန်းကြီးတွေလို အသက်ရှည်ပါစေကြောင်း ဆုတောင်းပေးကြရမယ်”
“မွေးနေ့ပွဲတော် သုံးရက် ပြီးဆုံးပြီးတာနဲ့ ဘွဲ့ယူစာမေးပွဲကြီးကို တရားဝင် စတင်တော့မယ်”
ဤသတင်းကို ကြားလိုက်ရသောအခါ တုပိုင် လုံးဝ ကြောင်အသွားသည်။ ဘွဲ့ယူစာမေးပွဲကြီးကို ရက်ပေါင်း ၇၀ စောပြီး ရွှေ့လိုက်သည် ဟုတ်သည်လော။ သဘက်ခါသည် အရှင်မင်းကြီး၏ မွေးနေ့ရက်မြတ် ဖြစ်သည်။ ထိုမွေးနေ့ပွဲတော် သုံးရက်ကို ထည့်ပေါင်းလိုက်လျှင် ဘွဲ့ယူစာမေးပွဲကြီးသည် ခြောက်ရက်အောက် လျော့နည်းသော အချိန်အတွင်း ကျင်းပတော့မည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။
ဤကိစ္စသည် လုံးဝ ရယ်စရာကောင်းလွန်းနေသည်။ တစ်ချိန်တည်းတွင် သောက်ကျိုးးနည်းလွန်းလှသည်။ တုပိုင်တွင် မလေ့လာရသေးသော ဘာသာရပ် အများအပြား ရှိနေသေးပြီး အရေးကြီးဆုံးဖြစ်သော သိုင်းပညာဓားသိုင်း ဆိုလျှင် စပင် မစရသေးပေ။ သူသည် သိုင်းပြိုင်ပွဲတွင် လီချန်ချန်ကို အနိုင်ယူပြီး သတ်ဖြတ်နိုင်ခဲ့သော်လည်း ထိုအရာသည် ကောင်းကင်မှ လျှပ်စီးကို ဖိတ်ခေါ်နိုင်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ သူ တတ်မြောက်ထားသော ဓားသိုင်းဟူ၍ ဝဲကတော့ ဓားသိုင်း တစ်ခုတည်းသာ ရှိပြီး ဤအရာသည် တကယ့် ဓားသိုင်းစစ်စစ် မဟုတ်သလို တိုက်ခိုက်ရာတွင် အသုံးပြု၍လည်း မရနိုင်ပေ။
တုပိုင်အတွက် သူ၏ မွေးစားအဖေကို ကယ်တင်ရန်မှာ အလွန်တရာ အရေးကြီးသည်။ သို့သော် စာမေးပွဲကြီးသည်လည်း အလွန် အရေးကြီးပြီး သူ၏ အသက်နှင့် တိုက်ရိုက် သက်ဆိုင်နေသည်။ သူသည် စာမေးပွဲကြီးတွင် မဖြစ်မနေ ပထမ ရမှ ဖြစ်မည်။ တုပိုင်သည် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး သူ၏ စိတ်စွမ်းအင်ကို အသုံးပြုကာ အိပ်မက်ထဲသို့ ဝင်ရောက်လိုက်သည်။ ယခုအချိန်တွင် ထူးဆန်းသော အလင်းရောင်အရိပ်နှင့် ဆက်သွယ်ရသည်မှာ သူ့အတွက် သာမန်ကိစ္စတစ်ခု ဖြစ်နေပြီ ဖြစ်သည်။
“ခင်ဗျား အရင်က ပြောဖူးတယ်။ တကယ်လို့ ကျွန်တော်က ဘွဲ့ယူစာမေးပွဲကြီးမှာ ပထမ မရခဲ့ရင် ခင်ဗျားက ကျွန်တော့်ရဲ့ တည်ရှိမှုကို ဖျက်ပစ်မယ်ဆို။ အဲဒါ တကယ်လား”
“ဟုတ်တယ်”
“ဘာလို့လဲ။ ခင်ဗျားတို့ရဲ့ အဲဒီအချက်ကို ကျွန်တော် မုန်းတယ်။ အမြဲတမ်း ကျွန်တော့်ကို ဖျက်ပစ်မယ်လို့ပဲ ခြိမ်းခြောက်နေတော့တာပဲ။ ဒါ့အပြင် ကျွန်တော် ပထမ မရရင်တောင်မှ အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ သခင်ကြီး ဖြစ်လာနိုင်သေးတာပဲ ၊ မိန်းမစိုးဂိုဏ်းကို လွှမ်းမိုးချုပ်ကိုင်နိုင်ဦးမှာပဲလေ”
“အတိအကျ ပြောရရင် ဖျက်စီးပစ်မှာ မဟုတ်ဘူး ၊ စွန့်ပစ်လိုက်မှာ။ မင်းကို ဒီလို တကယ့်လက်တွေ့ကမ္ဘာကြီးထဲမှာ ဆက်ပြီး ရပ်တည်နိုင်ဖို့အတွက် စွမ်းအင် ဘယ်လောက် လိုအပ်လဲဆိုတာ မင်း သိမှာ မဟုတ်ဘူး။ မင်းအမြင်မှာတော့ ဘွဲ့ယူစာမေးပွဲမှာ ပထမ မရရင်တောင် မင်းမှာ တောက်ပတဲ့ အနာဂတ် ရှိနေသေးတယ်လို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမဲ့ ဒီလို အဆုံးအဖြတ်ပေးမယ့် အဆင့်တွေမှာ လုံးဝ အမှားခံလို့ မရဘူး။ ဒီလိုမှ မဟုတ်ရင် အရင်က ကြိုးစားခဲ့သမျှ အားလုံး သဲထဲရေသွန် ဖြစ်သွားလိမ့်မယ်။ ဒါက အရေးကြီးတဲ့ အဆင့်တက်လှမ်းမှုနဲ့ သက်ဆိုင်နေတယ်”
တုပိုင် နားလည်လိုက်သည်။
ဘွဲ့ယူစာမေးပွဲကြီးတွင် ပထမရခြင်းသည် အရေးကြီးသော အဆင့်တက်လှမ်းမှုများထဲမှ တစ်ခု ဖြစ်သည်။ အကယ်၍ သူ ကျရှုံးခဲ့လျှင် သူ၏ နောက်ဆက်တွဲ လမ်းကြောင်းသည် လွဲချော်သွားမည် ဖြစ်ပြီး အနာဂတ်တွင် မိန်းမစိုးဂိုဏ်းကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့လျှင်ပင် ထိုလမ်းကြောင်းသည် လမ်းမှားသို့ ရောက်ရှိသွားပေလိမ့်မည်။
“ဒါဆို ပြောပြ။ တကယ်လို့ ကျွန်တော် အခု ဘွဲ့ယူစာမေးပွဲကြီးကို ဝင်ဖြေမယ်ဆိုရင် ပထမရဖို့ အခွင့်အရေး ဘယ်လောက် ရှိလဲ”
“အစကတော့ ၇၀ ရာခိုင်နှုန်း ရှိတယ်။ ဒါပေမဲ့ မင်းက မွေးနေ့ပွဲတော် သုံးရက်တာ လှုပ်ရှားမှုတွေမှာ ပါဝင်မှာ မဟုတ်တဲ့အတွက် အပိုဆုကြေးမှတ်တွေ မရနိုင်ဘူး။ ဒါကြောင့် မင်း ပထမရဖို့ အခွင့်အရေးက ၅၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီ”
ဤဖြစ်နိုင်ခြေ ရာခိုင်နှုန်းသည် မနည်းလှသော်လည်း တုပိုင်သည် အမှားအယွင်း လုံးဝ မခံနိုင်ပေ။ သူသည် လုံးဝဥဿုံ အောင်ပွဲကို လိုချင်သည်။
“အဓိက အကြောင်းပြချက်က ဘာလဲ။ ကျွန်တော် ဘာလို့ မနိုင်နိုင်ရတာလဲ”
ထူးဆန်းသော အလင်းရောင်အရိပ်။ “မင်းရဲ့ စိတ်စွမ်းအင်က မလုံလောက်သေးဘူး ၊ ၄၀ ပဲ ရှိသေးတယ်။ ဒါကြောင့် လေးပစ်တာ ၊ မြင်းစီးလေးပစ်တာ ၊ အဂ္ဂိရတ်ပညာ စတဲ့ ဘာသာရပ် အများအပြားမှာ အမှတ်ပြည့် မရနိုင်ဘူး။ ပြီးတော့ အဆုံးအဖြတ်ပေးမယ့် ဓားသိုင်းပညာမှာလည်း အတိုင်းအတာတစ်ခုအထိ ထိုးဖောက်အောင်မြင်တဲ့ အဆင့်ကို ရောက်ဖို့ အရမ်း ခက်ခဲလိမ့်မယ်”
“ကျွန်တော် ဘွဲ့ယူစာမေးပွဲကြီးမှာ မဖြစ်မနေ နိုင်မှ ဖြစ်မယ်။ ထန်ယန်ကို မဖြစ်မနေ အနိုင်ယူရမယ်”
“နားလည်ပါပြီ။ ဘွဲ့ယူစာမေးပွဲကို တရားဝင် ဖွင့်လှစ်လိုက်ပါပြီ။ ရည်မှန်းချက် - လုံးဝဥဿုံ ပထမနေရာ”
**--**--**--**--**--**--**--**
အန်လုံ စော်ဘွားစီရင်စု ၊ မြောက်လေတိုက် ခံတပ်ဂိတ်။
ဤခံတပ်ဂိတ်သည် လီမိသားစု စော်ဘွားစီရင်စုနှင့် တာ့နင်အင်ပါယာကြားတွင် တည်ရှိသည်။ လီရူဟိုင်၏ စစ်တပ်သည် မြို့တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်ပြီး သောင်းချီသော စစ်သည်များသည် မြောက်လေတိုက် ခံတပ်ဂိတ်ကို လုံးဝ ဝိုင်းရံထားကြသည်။ မြောက်လေတိုက် ခံတပ်ဂိတ်၏ တပ်မှူး ချူဟုန်ယဲ့သည် အိုမင်းမစွမ်းနှင့် အားနည်းသော လက်ကျန်တပ်သား လေးထောင်ဖြင့် ဤဂိတ်ကို ကာကွယ်ထားသည်။
လီရူဟိုင်သည် ဤလမ်းကြောင်းအတိုင်း ချီတက်လာခဲ့ရာ တာ့နင်အင်ပါယာ၏ နယ်မြေထဲသို့ ဝင်ရောက်ရန်အတွက် မြောက်လေတိုက် ခံတပ်ဂိတ်ကို မဖြစ်မနေ သိမ်းပိုက်ရမည် ဖြစ်သည်။ လီရူဟိုင်သည် သူ ပုန်ကန်သည့် သတင်းကို အချိန်ယူ၍ အချဉ်ဖောက်ရန်နှင့် အင်ပါယာ တစ်ခုလုံးသို့ ပျံ့နှံ့သွားစေရန် ၊ အရေးအကြီးဆုံးမှာ ဧကရာဇ်၏ နားထဲသို့ ရောက်ရှိစေရန်အတွက် တမင်သက်သက် စစ်ချီ နှေးကွေးနေခဲ့သည်။
ဟောင်းနွမ်းပျက်စီးနေသော မြို့ရိုးပေါ်ရှိ လှပသော အမျိုးသမီးစစ်သူကြီး ချူဟုန်ယဲ့ကို ကြည့်ကာ လီရူဟိုင်က အေးစက်စွာ ပြောလိုက်သည်။
“ငါက ပုန်ကန်ဖို့အတွက် စစ်သည်တွေ စုစည်းပြီး မြောက်ဘက်ကို ချီတက်လာတာ မဟုတ်ဘူး။ အရှင်မင်းကြီးရဲ့ ဘေးရန်တွေကို ရှင်းလင်းဖို့နဲ့ သစ္စာဖောက်အရာရှိတွေကို သတ်ဖို့ လာတာ။ မြို့တံခါးကို ချက်ချင်း ဖွင့်ပေးပြီး ငါ့ကို ပေးဖြတ်ပါ”
တုပိုင်၏ မွေးစားမိခင်တစ်ပိုင်း ဖြစ်သော စစ်သူကြီး ချူဟုန်ယဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါက အင်ပါယာအတွက် နယ်စပ်ဂိတ်ကို ကာကွယ်နေတာ။ အမိန့်တော် မရှိဘဲ ဘယ်စစ်တပ်ကိုမှ အဖြတ်မခံနိုင်ဘူး။ နင် ဖြတ်သွားချင်ရင် ငါ့အလောင်းကို ကျော်သွား”
“ဒီမိန်းမကတော့ သေချင်နေတာပဲ” လီရူဟိုင်က မထီမဲ့မြင် ပြုလိုက်သည်။
နယ်စပ်ဂိတ်ကို စောင့်ကြပ်နေသော ဤလက်ကျန်တပ်သား လေးထောင်မျှကို နာရီဝက်အောက် လျော့နည်းသော အချိန်အတွင်း လုံးဝ သုတ်သင်ချေမှုန်းပစ်နိုင်သည်။
“အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်ပဲ ပေးမယ်။ တကယ်လို့ မြို့တံခါး မဖွင့်ပေးဘူးဆိုရင် ငါ ချက်ချင်း ခံတပ်ကို တိုက်ခိုက်တော့မယ်။ အဲဒီအချိန်ကျရင် မင်းတို့အားလုံး မြေမှုန့် ဖြစ်သွားလိမ့်မယ်”
ထိုအချိန်မှာပင် ခိုစာပို့ငှက် ရာပေါင်းများစွာသည် မည်းမှောင်နေသော တိမ်တိုက်တစ်ခုအလား လီရူဟိုင်၏ စစ်တပ်ဆီသို့ ပျံသန်းလာကြသည်။ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သတင်းတစ်ပုဒ်သည် ကောင်းကင်ယံမှတစ်ဆင့် ခရီးနှင်လာခြင်း ဖြစ်သည်။ လွန်ခဲ့သော တစ်ရက်က ရှားလုံရွှိုသည် လူရိုင်းစစ်သည် နှစ်သောင်းခုနစ်ထောင်ကို ဦးဆောင်ကာ လီမိသားစု၏ ဟုန်ဟယ်စီရင်စု အတွင်းသို့ ဝင်ရောက်စီးနင်းခဲ့သည်။
လေးနာရီမျှသော အချိန်တိုအတွင်း သူတို့သည် တောင်ဘက်အကျဆုံး ဖြစ်သော ပိုင်ရှုစီရင်စုခွဲကို ဖောက်ဝင်ခဲ့ပြီး ကာကွယ်စောင့်ရှောက်နေသော စစ်သည် သုံးထောင်စလုံးကို သုတ်သင်ရှင်းလင်းခဲ့သည်။ ထို့နောက် ရှားလုံ လူရိုင်းစစ်သည် နှစ်သောင်းကျော်သည် မြို့ထဲသို့ ဝင်ရောက်ကာ ရူးသွပ်စွာ မီးရှို့ ၊ သတ်ဖြတ် ၊ လုယက်ကြတော့သည်။
ယခုအခါ လီမိသားစု စော်ဘွားစီရင်စု၏ ပိုင်ရှုစီရင်စုခွဲသည် ငရဲဘုံကဲ့သို့ ဖြစ်နေပြီး မြို့တစ်မြို့လုံးကို သွေးဖြင့် ဆေးကြောထားသကဲ့သို့ ဖြစ်နေသည်။ မီးရှို့ ၊ သတ်ဖြတ် ၊ လုယက်၍ ဝသွားသောအခါ ရှားလုံရွှိုသည် သူ၏ လူရိုင်းစစ်သည် နှစ်သောင်းခုနစ်ထောင်ကို ဦးဆောင်ကာ လီမိသားစု စော်ဘွားစီရင်စု၏ အခြားသော အဓိကမြို့တော် ဖြစ်သည့် ဟုန်ဟယ်မြို့ဆီသို့ လျှပ်စီးကဲ့သို့သော အရှိန်ဖြင့် တိုက်ရိုက် ဦးတည်ချီတက်သွားသည်။
လူဦးရေ သုံးသိန်းခန့် နေထိုင်ပြီး လီမိသားစု နယ်စားမင်း၏ အိမ်တော် တည်ရှိရာ ဟုန်ဟယ်မြို့သည် အလွန်အမင်း အန္တရာယ်ကျရောက်မည့် ဆဲဆဲ အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ လီမိသားစု နယ်မြေတစ်ခုလုံးသည် လုံးဝ ထိတ်လန့်တုန်လှုပ် သွားခဲ့ရသည်။
အပိုင်း ၂၂၅ ပြီး။