အခန်း (၂၂၆)
Vol. 23 Ch. 226
ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ။
မိန်းမစိုးဂိုဏ်းအကယ်ဒမီက ဘွဲ့ယူစာမေးပွဲကြီးကို စောစီးစွာ ကျင်းပခြင်းသည် တုပိုင်အတွက် အဆင်မပြေဖြစ်စေပြီး ဖိနှိပ်လိုသော သဘောထား ပါဝင်နေသော်လည်း မည်သူကမျှ အပြစ်ရှာ၍ မရနိုင်ပေ။
ယခုနှစ်တွင် ဧကရာဇ်သည် အသက် ၄၉ နှစ် ရှိပြီ ဖြစ်ပြီး ၅၀ ပြည့်ရန် နီးကပ်နေပြီ ဖြစ်သည်။
အခြားသော ဧကရာဇ်များသာ ဆိုပါက တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် ပွဲတော်များ ကျင်းပကြမည် ဖြစ်ပြီး နိမိတ်ကောင်း အမျိုးမျိုး ပေါ်ထွန်းလာကာ နိုင်ငံအသီးသီးမှ သံတမန်များသည် မြို့တော်သို့ လာရောက်၍ မွေးနေ့လက်ဆောင်များ ဆက်သကြကာ ခမ်းနားကြီးကျယ်စွာ ဂုဏ်ပြုကြမည် ဖြစ်သည်။
သို့သော် ဧကရာဇ်ထျန်ယွင်သည် ထိုကဲ့သို့သော ဟိတ်ဟန်ထုတ်မှုများနှင့် အခမ်းအနားများကို လုံးဝ မကြိုက်နှစ်သက်ပေ။ နှစ်စဉ် သူ၏ မွေးနေ့သည် အလွန် ရိုးရှင်းပြီး အများဆုံး လုပ်လေ့ရှိသည်မှာ မယ်တော်ကြီး ၊ ဧကရီ ၊ အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးတို့နှင့်အတူ အသက်ရှည်ခေါက်ဆွဲ တစ်ပန်းကန်ကို မျှဝေစားသောက်ခြင်းသာ ဖြစ်သည်။
သို့သော်လည်း အရပ်ဘက်နှင့် စစ်ဘက် အရာရှိများသည် ထိုကဲ့သို့ ခြိုးခြံချွေတာပြီး ဉာဏ်များသော ဧကရာဇ်မျိုးကို မကြိုက်နှစ်သက်ကြပေ။ သူတို့သည် ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများနှင့် ဖြုန်းတီးမှုကို နှစ်သက်သော ဧကရာဇ်မျိုးကိုသာ ပိုနှစ်သက်ကြသည်။ အကြောင်းမှာ ထိုသို့မှသာလျှင် သူတို့အနေဖြင့် အခြေအနေကို အခွင့်ကောင်းယူ၍ ကိုယ်ကျိုးရှာနိုင်မည် ဖြစ်သောကြောင့် ဖြစ်သည်။
ဧကရာဇ်၏ ကိုယ်ပိုင်အစေခံများ ဖြစ်ကြသည့်အားလျော်စွာ မိန်းမစိုးဂိုဏ်းသည် ထိုကဲ့သို့သော အရေးပါသည့် မွေးနေ့မှတ်တိုင်အတွက် မဖြစ်မနေ လေးစားမှုကို ပြသကြရမည် ဖြစ်သည်။ ထို့ကြောင့် ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ မိန်းမစိုးဂိုဏ်းအကယ်ဒမီ ထက်ဝက်ခန့်သည် သူတို့၏ ဘွဲ့ယူစာမေးပွဲကြီးကို စောစီးစွာ ကျင်းပကြတော့မည် ဖြစ်သည်။
ထို့အပြင် ဧကရာဇ်၏ မွေးနေ့ပွဲတော် သုံးရက်တာ ကာလအတွင်း အပိုဆောင်း စာမေးပွဲများကို ကျင်းပမည် ဖြစ်ရာ ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ တစ်ခုတည်းသာ ခြွင်းချက်အနေဖြင့် လုပ်ဆောင်ခြင်း မဟုတ်ပေ။
မူလက ဧကရာဇ်၏ အသက် ၅၀ ပြည့် မွေးနေ့အတွက် မြို့တော်ရှိ အရပ်ဘက်နှင့် စစ်ဘက် အရာရှိများသည် သူတို့၏ လေးစားမှုကို အတိုင်းအတာ အမျိုးမျိုးဖြင့် ပြသကြရမည် ဖြစ်သည်။ သို့သော် ကြီးမားသော ဖြစ်ရပ်ဆိုးကြီး ဖြစ်ပေါ်နေသဖြင့် မွေးနေ့ပွဲတော်ဟု ဆိုအပ်သော အရာသည် လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ အရာရှိတစ်စုနှင့် ဟန်လင်းအကယ်ဒမီမှ ကျောင်းသားများသည် ဧကရာဇ်ကို ဖိအားပေးနေကြပြီး မရေမတွက်နိုင်သော အသနားခံစာများသည် ဧကရာဇ်ကို အရည်အချင်းမရှိသော မင်းတစ်ပါးအဖြစ် ပြစ်တင်ရှုတ်ချနေကြရာ မည်သည့် မွေးနေ့ပွဲမျိုးကို ကျင်းပနိုင်ပါတော့မည်နည်း။
လာမည့်နှစ်တွင် ကျရောက်မည့် မယ်တော်ကြီး၏ ၆၉ နှစ်ပြည့် မွေးနေ့ကိုမူ ခမ်းနားကြီးကျယ်စွာ ကျင်းပလိမ့်မည် ဖြစ်သည်။ ငွေကြေး မည်မျှ သုံးစွဲမည် ဆိုသည်ထက် ထိုပွဲတွင် အပိုဆောင်း ဧကရာဇ်မင်းမြတ်စာမေးပွဲ တစ်ခု ပါဝင်လာမည် ဖြစ်သောကြောင့် ဖြစ်သည်။
အငြိမ်းစားယူပြီးသော ကုန်းကုန်းအိုကြီး ငါးဦးသည် ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ အတွင်းသို့ ဝင်ရောက်လာကြသည်။ အချို့သည် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ ဖြစ်ကြပြီး အချို့သည် အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနမှ ဖြစ်ကြသလို အချို့မှာမူ တော်ဝင်မြင်းဇောင်းဦးစီးဌာနမှ ဖြစ်ကြသည်။ သူတို့သည် ယခု ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီတွင် ကျင်းပမည့် ဘွဲ့ယူစာမေးပွဲကြီး၏ တရားမျှတမှုကို တာဝန်ယူ စစ်ဆေးပေးကြရမည် ဖြစ်သည်။
ဤပုဂ္ဂိုလ်ငါးဦးစလုံးသည် ရာထူးကြီးများမှ အနားယူခဲ့သူများ ဖြစ်ပြီး အားလုံးသည် အဆင့် ၃ နှင့်အထက် အရာရှိဟောင်းများ ဖြစ်ကြသည်။ သူတို့သည် အတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ကြပြီး ဤမျှ အသက်အရွယ်ထိ နေထိုင်လာခဲ့ကြရာ ကုန်းကုန်းများ ဖြစ်လင့်ကစား သူတို့၏ ဂုဏ်သိက္ခာကို အတိုင်းအတာတစ်ခုအထိ တန်ဖိုးထားကြသည်။ ထို့ကြောင့် ပြောရလျှင် သူတို့ ကြီးကြပ်သော ဘွဲ့ယူစာမေးပွဲကြီးသည် တော်တော်လေး တရားမျှတမှု ရှိသည်။
ယခုအချိန်တွင် ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ ကျောင်းအုပ်ကြီးအသစ်နှင့် ဒုတိယကျောင်းအုပ် လန်ထင်တို့သည် ထိုကုန်းကုန်းအိုကြီး ငါးဦးကို ဧည့်ခံနေကြသည်။
“အရှင်မင်းကြီးရဲ့ မွေးနေ့ပွဲတော် ပထမနေ့မှာ အပိုဆောင်း သိုင်းစာမေးပွဲ တစ်ခု ရှိပါမယ်။ ဒုတိယနေ့မှာ အပိုဆောင်း ကဗျာစာမေးပွဲ တစ်ခုနဲ့ တတိယနေ့မှာတော့ အပိုဆောင်း မီးဒြပ်စင် အဂ္ဂိရတ်စာမေးပွဲ တစ်ခု ရှိပါမယ်”
မီးဒြပ်စင် အဂ္ဂိရတ်ပညာ ဆိုသည်မှာ အရှင်မင်းကြီး၏ မွေးနေ့ကို ဂုဏ်ပြုရန်အတွက် အသုံးပြုသော အဂ္ဂိရတ်နည်းဖြင့် ဖော်စပ်ထားသည့် မီးရှူးမီးပန်းများနှင့် အတူတူပင် ဖြစ်သည်။
“ဒီအပိုဆောင်း စာမေးပွဲ သုံးခုအတွက် ပထမရသူက အပိုဆုကြေး ၁၀ မှတ် ၊ ဒုတိယရသူက ၅ မှတ်နဲ့ တတိယရသူက ၃ မှတ် အသီးသီး ရရှိကြပါမယ်”
ကျောင်းအုပ်ကြီးအသစ်က အသေးစိတ် တင်ပြလိုက်သည်။ “လေးစားရပါသော အရှင်ဘိုးဘေးတို့။ ကန့်ကွက်စရာများ ရှိပါသလား”
ကြီးကြပ်ရေးမှူး ကုန်းကုန်းအိုကြီး ငါးဦးသည် ခေါင်းညိတ်လိုက်ကြပြီး ကန့်ကွက်စရာ မရှိကြောင်း ပြသလိုက်ကြသည်။ ဤသည်မှာ ပုံမှန် လုပ်ရိုးလုပ်စဉ်ဟု ယူဆနိုင်ပြီး ကွမ်ရှီး တစ်ခုတည်းကသာ လုပ်ဆောင်နေခြင်း မဟုတ်ပေ။
ရုတ်တရက် ကုန်းကုန်းအိုကြီးတစ်ဦးက မေးလိုက်သည်။
“တုပိုင်ဆိုတဲ့ ကလေးက ဘယ်မှာလဲ”
ကြီးကြပ်ရေးမှူးချုပ်ဟု အမည်ရသော ဤကုန်းကုန်းအိုကြီးသည် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ လာသူဖြစ်ပြီး လီလျန်တင်းထက် အသက်အနည်းငယ် ပိုကြီးကာ အရှေ့ဘက်ကွပ်ကဲရေးရုံး မင်းကြီး ရာထူးမှ အနားယူထားသူ ဖြစ်သည်။
ကျောင်းအုပ်ကြီးအသစ်က ပြန်လည် ဖြေကြားလိုက်သည်။ “အရှင်ဘိုးဘေးကို တင်ပြအပ်ပါတယ်။ တုပိုင်က ခွင့်ယူထားတဲ့အတွက် ကျောင်းထဲမှာ မရှိပါဘူး။ ကျောင်းအုပ်ကြီးဟောင်း လီဝမ်ဟွေ့ ကိုယ်တိုင် အထူးခွင့်ပြုချက် ပေးထားခဲ့တာပါ”
ကြီးကြပ်ရေးမှူးချုပ်။ “မင်းတို့က ဘွဲ့ယူစာမေးပွဲကြီးကို စောပြီး ကျင်းပတာဆိုတော့ သူ့ကို လာဖို့ လူလွှတ်ပြီး အကြောင်းကြားပြီးပြီလား”
“အကြောင်းကြားပြီးပါပြီ အရှင်ဘိုးဘေး”
ကြီးကြပ်ရေးမှူးချုပ်က စိုက်ကြည့်ပြီး ပြောလိုက်၏။ “မင်းက သိပ်ပြီး သဘောထား မကြီးပါလား။ တုပိုင်မှာ မူလက အပိုဆုကြေးမှတ် ၅၀ ရှိတယ်။ ဒါပေမဲ့ မင်းက ကလေးဆီကနေ ပြန်ယူလိုက်တယ်။”
“အရှင်ဘိုးဘေး။ တကယ်တမ်းကျတော့ အဲဒီလို စည်းမျဉ်းမျိုး မရှိပါဘူး။ အရှင်မင်းကြီးရဲ့ မွေးနေ့အတွက် အပိုဆုကြေး စာမေးပွဲတွေ ကျင်းပတာက ဆယ်စုနှစ်ပေါင်းများစွာ ရှိနေပါပြီ။ ကွမ်ရှီး တစ်ခုတည်း လုပ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ တက္ကသိုလ်သုံးခု ပူးပေါင်းပြိုင်ပွဲအတွက် အပိုဆုကြေးမှတ် ၅၀ ပေးတယ် ဆိုတာကတော့ အဲဒါအတွက် ရှေးထုံးတမ်းစဉ်လာ လုံးဝ မရှိခဲ့ပါဘူး”
ကြီးကြပ်ရေးမှူးချုပ်က မထီမဲ့မြင် ပြုံးလိုက်ပြီး ပြောလိုက်သည်။ “မင်းရဲ့ ဉာဏ်နီဉာဏ်နက် ကစားကွက်လေးတွေကို ငါတို့ မသိဘူးလို့ ထင်နေလား။ ဆက်ပြီး မွှေစမ်းပါ။ ငါတို့ မိန်းမစိုးဂိုဏ်းရဲ့ ဓလေ့ထုံးတမ်းတွေ အကုန်လုံးကို မင်း စိတ်ကြိုက် ဖျက်ဆီးပြီးမှ မင်း စိတ်ချလက်ချ နေနိုင်မှာပေါ့”
ကျောင်းအုပ်ကြီးအသစ်သည် ချက်ချင်း ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။ “အရှင်ဘိုးဘေး။ စိတ်လျော့ပါခင်ဗျာ။ ဂျူနီယာက တုပိုင်ကို တမင်သက်သက် ပစ်မှတ်ထားနေတာ မဟုတ်ပါဘူး။ တကယ်ပဲ ရှေးထုံးတမ်းစဉ်လာ မရှိခဲ့လို့ပါ။ ဒါ့အပြင် အပိုဆုကြေးမှတ် ၅၀ ဆိုတာက တခြားသူတွေအတွက် အရမ်းကို မတရားလွန်းရာ ရောက်ပါတယ်။ ပြီးတော့ အရှင်မင်းကြီးရဲ့ မွေးနေ့ အပိုဆောင်းစာမေးပွဲ သုံးခုထဲက တစ်ခုက အရှင်မင်းကြီးကို ဂုဏ်ပြုရမယ့် ကဗျာပြိုင်ပွဲ ဖြစ်နေပါတယ်။ အဲဒါက တုပိုင် ကျွမ်းကျင်တဲ့ အရာပဲလေ”
ကြီးကြပ်ရေးမှူးချုပ်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဘာမျှ ဆက်မပြောတော့ပေ။
ဤကြီးကြပ်ရေးမှူးချုပ်သည် လီဝမ်ဟွေ့၏ ဖိတ်ကြားချက်အရ ရောက်ရှိလာခြင်း ဖြစ်သည်။ လီဝမ်ဟွေ့ ကျောင်းတက်စဉ်က သူသည် မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ ကျောင်းအုပ်ကြီး ဖြစ်ခဲ့ပြီး လီဝမ်ဟွေ့ကို အထူးအလေးထားခဲ့သည်။ လီဝမ်ဟွေ့ကို လီလျန်တင်းက မွေးစားသားအဖြစ် လက်ခံအောင် စီစဉ်ပေးခဲ့သူမှာလည်း ဤကြီးကြပ်ရေးမှူးချုပ်ပင် ဖြစ်သည်။
မိန်းမစိုးဂိုဏ်း၏ ဘိုးဘေးအများအပြားထဲတွင် ကြီးကြပ်ရေးမှူးချုပ်သည် လီဝမ်ဟွေ့ကို အခိုင်အမာ ထောက်ခံသူများထဲမှ တစ်ဦး ဖြစ်သည်။
ကြီးကြပ်ရေးမှူးချုပ်က စားပွဲကို လက်ဆစ်ဖြင့် ခေါက်လိုက်ရင်း ပြောလိုက်သည်။ “ပြီးခဲ့တာတွေလည်း ပြီးပါစေတော့။ ဒါပေမဲ့ ငါ ဒီမှာ ပွင့်ပွင့်လင်းလင်းပဲ ပြောထားမယ်။ ဒီဘွဲ့ယူစာမေးပွဲကြီးမှာ တစ်ယောက်ယောက်က ပြဿနာရှာဖို့ ကြိုးစားရင် ဒါမှမဟုတ် မတရားမှု တစ်ခုခု ဖြစ်လာခဲ့ရင် ငါကို အပြစ်မတင်နဲ့”
“မလုပ်ရဲပါဘူး ၊ မလုပ်ရဲပါဘူး” ကျောင်းအုပ်ကြီးအသစ်က အလျင်အမြန် ပြန်ပြောလိုက်သည်။
သူသည် အပေါ်ယံတွင် ရိုသေလေးစားမှုကို ပြသနေသော်လည်း စိတ်ထဲတွင်တော့ မထီမဲ့မြင် ဖြစ်နေသည်။
တုပိုင်သည် အမြဲတမ်း နောက်ဆုံးမှသာ ချိတ်သူ ဖြစ်သည်။ ဆရာသခင်ကြီး နင်ဇောင်ဝူထံတွင် ငါးလကြာမျှ လေ့လာဆည်းပူးခဲ့လျှင်ပင် မည်မျှ တိုးတက်လာနိုင်မည်နည်း။ ဘာသာရပ် တစ်ခု သို့မဟုတ် နှစ်ခုခန့်ကို ပြီးမြောက်အောင် ဖြေဆိုနိုင်လျှင်ပင် အတော်ကောင်းမွန်နေပြီ ဖြစ်သည်။ သူ့အား သီးသန့် ဖိနှိပ်နေရန် လိုအပ်ပါသလော။
ထို့ပြင် ဤဘွဲ့ယူစာမေးပွဲကြီးကို ရွှေ့ဆိုင်းလိုက်သည့်အတွက် တုပိုင်၌ လေ့လာရန်အချိန် ပိုပြီးနည်းသွားပြန်သည်။ ထိုသည်သာမက တုပိုင်သည် ဤအတောအတွင်း စာလေ့လာနေချိန်ပင်မရှိပဲ ပြဿနာပေါင်းသောင်းခြောက်ထောက်နှင့် နပန်းလုံးနေခဲ့ရကာ စာလေ့လာရာတွင် အရှေ့ရောက်လိမ့်မည် မဟုတ်ချေ။
တုပိုင်၏ ကဗျာနှင့် စာပေပါရမီမှာ မည်သို့ အရာရောက်မည်နည်း။ နင်ဇောင်ဝူက ဝိညာဉ်မြင်းစီးခြင်း ပညာရပ်ကို လျှို့ဝှက်နည်းလမ်းဖြင့် သင်ကြားပေးလိုက်လျှင်ကော မည်သို့ ထူးခြားလာမည်နည်း။ ဓားသိုင်းပညာနှင့် ပတ်သက်၍မူ တုပိုင်သည် အခြေခံအကျဆုံး ဓားကွက်များကိုပင် မတတ်မြောက်ကြောင်း လူအများအပြားက ရှင်းလင်းစွာ မြင်တွေ့ထားပြီး ဖြစ်သည်။ အကယ်၍ လီချန်ချန်သာ မိုးကြိုးပစ်ခံရပြီး မသေဆုံးခဲ့ပါက တုပိုင်သည် ဟိုးယခင်ကတည်းက အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားခဲ့လောက်ပြီ ဖြစ်သည်။
ဘွဲ့ယူစာမေးပွဲကြီးသည် ရိုးရာစာပေလေ့လာမှုများနှင့် သိုင်းပညာအပြင် အဂ္ဂိရတ်ပညာကိုပါ အဓိကထားသည်။ တုပိုင်သည် ဤဘာသာရပ် အများစုကို လေ့လာရန် အချိန် မရခဲ့ပေ။ အောင်မြင်ရုံ ဖြေဆိုနိုင်လျှင်ပင် ကောင်းလှပြီဟု ယူဆရမည်။ ထို့အပြင် တုပိုင်နှင့် ယန်ရှီတို့ လောင်းကြေးထပ်ထားကြရာ ရှုံးနိမ့်သူသည် ချက်ချင်းပင် အိမ်တော်အစေခံ မိန်းမစိုး ဖြစ်သွားရမည် ဖြစ်သည်။ ထို့ကြောင့် သူသည် ထန်ယန်နှင့် ယှဉ်ပြိုင်ရန် အရည်အချင်းပင် မရှိသေးရာ တမင်သက်သက် ဖိနှိပ်သည်ဟု မည်သို့ ခေါ်ဆိုနိုင်မည်နည်း။
“ကန့်ကွက်စရာ မရှိဘူးဆိုရင် အားလုံးပဲ အရှင်မင်းကြီး မွေးနေ့အတွက် အပိုဆောင်းစာမေးပွဲတွေနဲ့ နောက်ရက်အနည်းငယ်မှာ ကျင်းပမယ့် တရားဝင် ဘွဲ့ယူစာမေးပွဲကြီးအတွက် ကြိုးကြိုးစားစား ပြင်ဆင်ထားသင့်တယ်”
“ဒါက မိန်းမစိုးဂိုဏ်းအတွက် အင်ပါယာအတွက်နဲ့ အရှင်မင်းကြီးအတွက် အရည်အချင်းရှိတဲ့ လူတွေကို ရွေးချယ်ပေးဖို့ပဲ။ ဒါက ငါတို့ မိန်းမစိုးဂိုဏ်း အင်အားတောင့်တင်းဖို့အတွက် အခြေခံအုတ်မြစ်ပဲ။ အပြင်မှာ ဘယ်လောက်ပဲ ဖရိုဖရဲ ဖြစ်နေပါစေ အကယ်ဒမီကို မထိခိုက်စေရဘူး”
“ဟုတ်ကဲ့ပါ”
စိတ်ဓာတ် တက်ကြွညီညွတ်စွာဖြင့် ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ တစ်ခုလုံးသည် သတ်မှတ်ချိန်ထက် စောပြီး ကျင်းပမည့် ဘွဲ့ယူစာမေးပွဲကြီးအတွက် အသင့်ပြင်ဆင်သည့် အခြေအနေသို့ ရောက်ရှိသွားသည်။
လျန်ကျိုးစီရင်စု ၊ သွေးကွမ်ရင်မယ်တော်၏ နေအိမ်အတွင်း။
တုပိုင်သည် အိပ်မက်ထဲတွင် ထူးဆန်းသော အလင်းရောင်အရိပ်နှင့် ဆက်သွယ်နေဆဲ ဖြစ်သည်။
“မင်းမှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်။ ပထမတစ်ခုက မိန်းမစိုးဂိုဏ်းအကယ်ဒမီကို ချက်ချင်း ပြန်သွားပြီး အရှင်မင်းကြီး မွေးနေ့အတွက် သုံးရက်တာ အပိုဆောင်းစာမေးပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ပဲ”
တုပိုင်သည် အရှင်မင်းကြီး မွေးနေ့အတွက် အပိုဆောင်းစာမေးပွဲများ အကြောင်းကို သိသည်။ ယင်းတို့သည် အခြေခံအားဖြင့် ဆယ်နှစ်လျှင် တစ်ကြိမ်သာ ပေါ်ပေါက်လေ့ ရှိသည်။ လီဝမ်ဟွေ့သည် ထိုကဲ့သို့သော ဟန်ပြလုပ်ရပ်များကို မနှစ်သက်သဖြင့် ယခုနှစ် အရှင်မင်းကြီး မွေးနေ့ပွဲတော်တွင် ပါဝင်ရန် အစီအစဉ် မရှိခဲ့သော်လည်း ကျောင်းအုပ်ကြီး ရာထူးမှ စောစီးစွာ ထွက်ခွာရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ရှေးရိုးစွဲ ဆန်သော ကုန်းကုန်းတစ်ဦးဖြစ်သည့် ကျောင်းအုပ်ကြီးအသစ် ရာထူးတက်လာပြီးနောက် သူသည် ချက်ချင်းပင် အခြားသူများနည်းတူ လိုက်လုပ်ကာ အရှင်မင်းကြီး မွေးနေ့အတွက် အပိုဆောင်းစာမေးပွဲများကို ကျင်းပလိုက်ခြင်း ဖြစ်သည်။
ထူးဆန်းသော အလင်းရောင်အရိပ်က ပြောလိုက်သည်။ “အရှင်မင်းကြီး မွေးနေ့အတွက် အပိုဆောင်းစာမေးပွဲ သုံးခုကနေ စုစုပေါင်း အပိုဆုကြေး အမှတ် ၃၀ ရနိုင်တယ်”
တုပိုင်က မေးလိုက်သည်။ “တကယ်လို့ ကျွန်တော် ဝင်ပြိုင်ရင် အမှတ် ဘယ်လောက် ရနိုင်မလဲ”
“၁၅ မှတ် ၊ ဒါမှမဟုတ် ၂၀” ထူးဆန်းသော အလင်းရောင်အရိပ်က ပြန်ဖြေလိုက်သည်။ “မင်းရဲ့ စိတ်စွမ်းအင်က မလုံလောက်သေးဘူး။ ထန်ယန်ရဲ့ စိန်ခေါ်မှုကို မင်း ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။ မင်း ယုံယုံကြည်ကြည်နဲ့ အနိုင်ရနိုင်တဲ့ တစ်ခုတည်းသော အရာက ဒုတိယနေ့မှာ ကျင်းပမယ့် အရှင်မင်းကြီးကို ဂုဏ်ပြုတဲ့ ကဗျာ အပိုဆောင်းစာမေးပွဲပဲ ရှိတယ်”
တုပိုင်က မေးလိုက်သည်။ “ဒုတိယ ရွေးချယ်စရာကရော”
ထူးဆန်းသော အလင်းရောင်အရိပ်က ပြောလိုက်သည်။ “မစ်ရှင်တစ်ခု သွားလုပ်ပါ”
အပိုင်း ၂၂၆ ပြီး။