← Chapters

အခန်း (၂၃၀)

Vol. 23 Ch. 230

အခန်း (၂၃၀)

Vol. 23 Ch. 230

ဤနေရာတွင် လူများစွာရှိနေပြီး လူအချို့ကို ဘယ်သူမှန်း သိရှိရန်အတွက် မျက်နှာကို မြင်တွေ့ရန်ပင် မလိုအပ်ပေ။လူအုပ်ကြီးကြားထဲတွင် ရှိနေလျှင်ပင် တစ်ချက်ကြည့်ရုံဖြင့် သူမှန်း မှတ်မိနိုင်ပေသည်။ “အားပါးပါး ၊ အကြီးကြီးပဲ”

တစ်ခါတစ်ရံတွင် တုပိုင် အမှန်တကယ် နောင်တရမိသည်။ မင်းသမီးယွီကျိန်းသည် ခေတ်သစ်ကမ္ဘာမြေတွင် နေထိုင်သင့်သူ ဖြစ်သည်။ ထိုအချိန်တွင် ဆရာသခင်ကြီးချွမ်ရှယ်၏ အသံသည် တုပိုင်၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။ “ဒါယကာ။ အခု ဘာတွေ တွေးနေတာလဲ”

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် မင်းသမီးယွီကျိန်း အပါအဝင် လူအုပ်ကြီးသည် ခေါင်းကို ဗြုန်းခနဲ လှည့်ကာ တုပိုင်ကို ကြည့်လိုက်ကြသည်။ ထိုလူအုပ်ကြီး၏ မျက်လုံးများထဲတွင် လေးစားအားကျမှုနှင့် မထီမဲ့မြင်ပြုမှု နှစ်မျိုးစလုံး ပါဝင်နေသည်။ လူတိုင်းတွင် ထိုအတွေးမျိုး ရှိသော်လည်း မင်းတစ်ယောက်တည်းသာ ပေါ်တင် ထုတ်ပြောရဲသည်ဟူသည့် အကြည့်မျိုးဖြင့် ကြည့်နေကြခြင်းဖြစ်သည်။

လူတစ်ယောက်၏ အကြည့်ကမူ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ မင်းသမီးယွီကျိန်းသည် တုပိုင်ကို လှည့်ကြည့်လိုက်ရာ ပထမတွင် မှင်သက်သွားပြီးနောက် လည်ပင်းကို ဓားဖြင့်လှီးသည့် ပုံစံမျိုး လုပ်ပြလိုက်သည်။

တုပိုင် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ‘သောက်ကျိုးနည်း။ ဒီနေရာက ဆရာသခင်ကြီးချွမ်ရှယ်ရဲ့ စိတ်စွမ်းအင် လွှမ်းမိုးမှုအောက်မှာ ရှိနေတာပဲ။ ငါ့ရဲ့ အတွေးမှန်တွေကို အကုန် ထုတ်ပြောမိစေတာကိုး’

ဤအချိန်တွင် ဂူထဲ၌ တုပိုင်အပါအဝင် လူတစ်ဆယ့်သုံးယောက် ရှိနေကြောင်း သူ သတိထားမိလိုက်သည်။ ထိုလူများသည် ဆရာသခင်ကြီးချွမ်ရှယ်၏ စိတ်စွမ်းအင် အမွေအနှစ်ကို လိုချင်နေကြသော သူ၏ ပြိုင်ဘက်များ ဖြစ်ကြသည်။ မင်းသမီးယွီကျိန်းလည်း ပါဝင်သည်။ အဘယ်ကြောင့်ဆိုသော် စိတ်စွမ်းအင် တိုးတက်လာခြင်းသည် အမြင့်ဆုံး သိုင်းပညာလမ်းစဉ် တိုးတက်လာခြင်းကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။

စိတ်စွမ်းအင် ၅ မှတ်လောက် တိုးလာလျှင်ပင် သိုင်းပညာအဆင့် တစ်ဆင့် တိုးတက်သွားနိုင်သည်။ လူအချို့အတွက်မူ အထွတ်အထိပ်သို့ ရောက်ရှိသွားနိုင်သည်။ သို့သော် တုပိုင်သည် ဆရာသခင်ကြီးချွမ်ရှယ်၏ မျက်နှာကို လုံးဝ မမြင်ရပေ။

သူသည် တင်ပျဉ်ခွေ ထိုင်နေပြီး ပိန်လှီသော ခန္ဓာကိုယ်ကို ဝေဝါးစွာသာ မြင်တွေ့ရသည်။ သူ၏ မျက်နှာကိုမူ စိတ်စွမ်းအင် မြူခိုးများ ဖုံးလွှမ်းထားသကဲ့သို့ လုံးဝ မမြင်ရပေ။ တုပိုင် အတွေးလွန်နေခြင်း မဟုတ်သော်လည်း အိုမင်းသော ရဟန်းတစ်ပါးနှင့် တပည့်တစ်ဆယ့်သုံးယောက်တို့ စိတ်စွမ်းအင် အမွေအနှစ်ကို လက်ခံရယူမည့် အခြေအနေသည် ဇာတ်လမ်းဆန်လွန်းနေသည်။

ဆရာသခင်ကြီးချွမ်ရှယ်က ပြောလိုက်သည်။ “မင်းတို့အားလုံး ငါ့ရဲ့ စိတ်စွမ်းအင် အမွေအနှစ်ကို လိုချင်ကြတာမလား”

“ဟုတ်ပါတယ်” တုပိုင် အပါအဝင် လူတစ်ဆယ့်သုံးယောက်စလုံး ဦးညွှတ်လိုက်ကြသည်။

“ကောင်းပြီ။ ငါ မင်းတို့ကို မေးခွန်းသုံးခု မေးမယ်။ ဘယ်သူက ဉာဏ်အကောင်းဆုံးနဲ့ နားလည်သဘောပေါက်နိုင်စွမ်း အရှိဆုံးလဲဆိုတာ ကြည့်ကြတာပေါ့”

ချက်ချင်းပင် လူတစ်ဆယ့်သုံးယောက်စလုံး စိတ်စွမ်းအင်ကို စုစည်းလိုက်ကြသည်။

“ငါ့ရဲ့ ဒီမေးခွန်းသုံးခုမှာ စံသတ်မှတ်ထားတဲ့ အဖြေမရှိသလို အမှားအမှန်လည်း မရှိဘူး။ မင်းတို့ရဲ့ စိတ်ထဲကနေပဲ ဖြေဆိုရမယ်။ ခုနက လူငယ်လေးလိုမျိုး ပါးစပ်ကနေ ထုတ်ပြောစရာ မလိုဘူး”

ချက်ချင်းပင် မင်းသမီးယွီကျိန်းက သတ်ဖြတ်လိုသော အကြည့်ဖြင့် ထပ်မံ ကြည့်လိုက်သည်။

‘ငါ့နှမ ၊ သောက်ကတုံးအိုကြီး’ တုပိုင် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

“ဟုတ်ပြီ။ အဲဒီလိုမျိုး စိတ်ထဲကနေပဲ ပြောပါ” ဆရာသခင်ကြီးချွမ်ရှယ်က ပြောလိုက်သည်။

တုပိုင် စိတ်ထဲကနေပါ လိမ္မာစွာ ပါးစပ်ပိတ်လိုက်သည်။ ဤရဟန်းအိုကြီးသည် ကြောက်စရာ ကောင်းလွန်းလှသည်။ သူ၏ စိတ်စွမ်းအင် လွှမ်းမိုးမှု နယ်ပယ်အတွင်းတွင် သူသည် စိတ်ဖတ်နိုင်စွမ်း ရှိနေသကဲ့သို့ ဖြစ်နေသည်။

“ပထမမေးခွန်း ၊ မင်းက ဘယ်သူလဲ”

လူတိုင်း မှင်သက်သွားကြသည်။ ရိုးရှင်းလိုက်သည့် မေးခွန်း။ ခက်ခဲလိုက်သည့် မေးခွန်း။ မည်သူမဆို ဖြေဆိုနိုင်သဖြင့် ရိုးရှင်းသည်။ တစ်ချိန်တည်းတွင် ပြောင်မြောက်စွာ ဖြေဆိုရန် ခက်ခဲသောကြောင့် ခက်ခဲသည်။

တုပိုင်သည် ဘာတွေဖြစ်လာမည်ကို ကြိုတင်သိမြင်ရန်နှင့် ဆရာသခင်ကြီးချွမ်ရှယ်၏ မျှော်လင့်ချက်နှင့် အကိုက်ညီဆုံး အဖြေကို ရှာဖွေရန် အိပ်မက်စနစ်ထဲသို့ ဝင်ရောက်လိုစိတ် ဖြစ်ပေါ်လာသည်။

“မင်းရဲ့ စိတ်ရင်းအတိုင်းပဲ ရိုးရိုးသားသားဖြေပါ။ တရားဝင်စားခြင်း မပြုပါနဲ့။ ဒီရဟန်းအိုကြီးရဲ့ ရည်ရွယ်ချက်ကို စဥ်းစားစရာမလို့ဘူး” ဆရာသခင်ကြီးချွမ်ရှယ်၏ အသံသည် တုပိုင်၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။

‘သောက်ကျိုးနည်း ၊ သရဲခြောက်နေတာလား။ ဒီရဟန်းအိုကြီးက တကယ်ပဲ အဲဒီလောက် စွမ်းသလား။ တကယ့်ကို နိုင်ငံတော်အဆင့် စိတ်စွမ်းအင် ဆရာသခင်ကြီး ဖြစ်ထိုက်ပါပေတယ်။ ငါက ဘယ်သူလဲတဲ့လား’

ဤသည်က ဒဿနိကဗေဒရဲ့ အဆုံးစွန် မေးခွန်းသုံးခု ဖြစ်ပြီး ဆရာသခင်ကြီးချွမ်ရှယ်က ပထမတစ်ခုကို မေးနေခြင်း ဖြစ်သည်။ တုပိုင်သည် တက္ကသိုလ်တွင် ဒဿနိကဗေဒ မေဂျာ ယူခဲ့ဖူးသည်။ သို့သော် အသုံးမဝင်ပေ။ ဒဿနိကဗေဒ ဆိုသည်မှာ စာဖတ်လေလေ ပိုပြီးတော့ သောက်ကျိုးနည်းလာလေလေ ဖြစ်သော ဘာသာရပ်ဖြစ်သည်။ လေ့လာပြီးနောက် ဘာမှ မရလိုက်သလို ခံစားရရုံသာမက လေ့လာခြင်း မပြုခင်ကထက်ပင် ပိုဆိုးသွားသကဲ့သို့ ခံစားရစေသည်။

ငါက ဘယ်သူလဲဆိုသည့် မေးခွန်းအတွက် တုပိုင် စာလုံးရေ သုံးသောင်းခန့် စာစီကုံး ရေးသားနိုင်သည်။ သို့သော် သူသည် အဖြေကောင်း တစ်ခုကို အမှန်တကယ် ရှာမတွေ့ခဲ့ပေ။

“ကျွန်တော်က တုပိုင်ပါ” တုပိုင် ရိုးသားစွာ ဖြေလိုက်သည်။

“အင်း ဟားဟားဟား” ဆရာသခင်ကြီးချွမ်ရှယ် ရယ်မောလိုက်သည်။ လူတိုင်း ဖြေဆိုပြီးသွားပုံ ရသည်။ အခြားသူများ၏ အဖြေကို တုပိုင် မသိသော်လည်း မင်းသမီးယွီကျိန်း၏ အဖြေကို သူ သိလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဆရာသခင်ကြီးချွမ်ရှယ်က ပြောလိုက်သောကြောင့် ဖြစ်သည်။ “စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။ ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်များတဲ့သူနဲ့ ဖြူစင်ရိုးသားပြီး ဒဲ့တိုးဆန်တဲ့သူက တူညီတဲ့အဖြေ ထွက်လာလိမ့်မယ်လို့ ထင်မထားဘူး”

မင်းသမီးယွီကျိန်းသည် အလိုအလျောက် တုပိုင်ကို လှမ်းကြည့်လိုက်သည်။ ဆရာသခင်ကြီးချွမ်ရှယ်က ထပ်ပြောလိုက်သည်။ “မှန်တယ်။ အဲဒီ လူငယ်လေးပဲ”

တုပိုင် ပေါက်ကွဲလုနီးပါး ဖြစ်သွားပြီး နာကြည်းစွာ တွေးလိုက်သည်။ ‘သောက်ကတုံးအိုကြီး ၊ ငါ့ကို ဓားတစ်ချောင်းလောက် ပေးစမ်းပါ။ ခင်ဗျားကို သတ်ပစ်မယ်’

**--**--**--**--**--**--**--**

ဆရာသခင်ကြီးချွမ်ရှယ်က ပြောလိုက်သည်။ “ဒုတိယမေးခွန်း ၊ မင်း ဘယ်က လာသလဲ”

ဤမေးခွန်းကို တုပိုင် အကြိမ်ပေါင်း တစ်သောင်းထက်မနည်း စဉ်းစားခဲ့ဖူးသည်။

နောက်ဆုံးအဖြေမှာ သောက်ကျိုးနည်း ၊ ငါ ဘယ်ကလာမှန်း ငါ ဘယ်လိုသိမလဲ ဟူ၍ ဖြစ်သည်။

‘ငါ့အမေ ဘယ်သူလဲဆိုတာတောင် ငါ မသိတာ ၊ ငါ ဘယ်ကလာလဲဆိုတာ မေးနေသေးတယ်။’

သေချာသည်မှာ လက်ရှိ တုပိုင်အနေဖြင့် မာန်မာနထောင်လွှားစွာဖြင့် ငါက အခြားကမ္ဘာမြေတစ်ခုက လာတာ ဟု ပြောနိုင်သည်။

ထိုမျှမက သူသည် စကြဝဠာ၏အစဖြစ်သော ဘစ်ဘန် ၊ မျိုးစိတ်များ၏ မူလအစ ၊ သက်ရှိနှင့် စကြဝဠာအကြား ဆက်နွယ်မှု စသည်တို့ကိုပါ ပြောပြနိုင်သည်။ ဤမေးခွန်းအတွက် တုပိုင် စာလုံးရေ တစ်သိန်းခန့် ရေးသားနိုင်သည်။

သို့သော် နောက်ဆုံးတွင် တုပိုင် ဖြေလိုက်သည်။ “ကျွန်တော် ကွမ်ရှီးပြည်နယ်က လာတာပါ”

ဤသည်မှာ ရိုးရှင်းမှုကို ပြန်သွားခြင်း မဟုတ်သလို ၊ ဖြူစင်ချင်ယောင် ဆောင်နေခြင်းလည်း မဟုတ်ပေ။

သူသည် ဤမေးခွန်းကို သေချာစွာ မစဉ်းစားရသေးသောကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် နက်နဲသော အဖြေများသည် အလွန်အမင်း အဆင်မပြေ ဖြစ်နေတတ်ပြီး ကြားရသူကို ကျောချမ်းသွားစေလောက်အောင် ရှက်ရွံ့စေတတ်သည်။

သူ၏ အဖြေသည် ဆိုးရွားသော်လည်း အိုင်းစတိုင်း၏ ထိုင်ခုံပုလေး ဖြစ်နေသည်။ ‘ဒီထိုင်ခုံပုလေးက ဆိုးရွားတယ်လို့ မင်း ထင်နေလား။ အေး ၊ အဲဒါက မင်း ဒီထက်ဆိုးတာတွေကို မမြင်ဖူးသေးလို့ပဲ။ အဲဒါတွေ အကုန်လုံးကိုလည်း ငါ လုပ်ထားတာ။’

အခြားသူများ မည်သို့ဖြေဆိုသည်ကို တုပိုင် မသိသော်လည်း ဆရာသခင်ကြီးချွမ်ရှယ် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ကြက်သီးမွေးညင်း ထသွားသည်ကို သူ အထင်အရှား မြင်တွေ့လိုက်ရသည်။ ထင်ရှားသည်မှာ ဉာဏ်ကြီးရှင်အချို့၏ ဟန်ဆောင်ကောင်းသော အဖြေများက ဆရာသခင်ကြီးကို အလွန်အမင်း ရှက်ရွံ့သွားစေခဲ့ပုံ ရသည်။

စကားပုံတစ်ခု ရှိသည်။ လူသားတွေ တွေးခေါ်ကြတဲ့အခါ ဘုရားသခင် ရယ်မောတော်မူတယ် ဟူ၍ ဖြစ်သည်။

အိုင်းစတိုင်းအတွက် အရှက်ရဆုံး အချိန်သည် တစ်စုံတစ်ယောက်က နှိုင်းရသီအိုရီအကြောင်း သူ့ကို အလေးအနက်ထား ဆွေးနွေးပြီး ထိုသူက အိုင်းစတိုင်းထက် သာလွန်သော ရှာဖွေတွေ့ရှိမှုများ ရှိနေသောအချိန် ဖြစ်ပေလိမ့်မည်။

“မိန်းကလေး ၊ အဲဒီလူငယ်လေးက မင်းနဲ့ ထပ်ပြီး တူညီတဲ့အဖြေ ဖြေပြန်ပြီ” ဆရာသခင်ကြီးချွမ်ရှယ်က ပြောလိုက်သည်။ “ပေါက်ကွဲတယ် ဆိုတဲ့ စကားလုံးကလည်း သူ့ရဲ့ မူရင်းစကားလုံးပဲ”

မင်းသမီးယွီကျိန်း၏ သတ်ဖြတ်လိုသော ဆန္ဒသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

သူမသည် နူးညံ့သော လက်သီးကို ဆုပ်လိုက်ပြီး အတွင်းအား အကုန်ထုတ်ကာ မြေကြီးကို ပြင်းထန်စွာ ထိုးချလိုက်သည်။

“ဝုန်း”

ကျယ်လောင်သော အသံနှင့်အတူ မာကျောသော ကျောက်သားမြေပြင်သည် ချိုင့်ဝင်သွားပြီး ဘေးပတ်ဝန်းကျင်ရှိ ကျောက်သားများ အားလုံး အက်ကွဲကုန်သည်။

“ဒါမှ ပေါက်ကွဲတာ” မင်းသမီးယွီကျိန်းက ပြောလိုက်သည်။

ထို့နောက် ဆရာသခင်ကြီးချွမ်ရှယ်က ပြောလိုက်သည်။ “အခု တတိယမေးခွန်း မေးမယ်။ လူငယ်လေး ၊ မင်းရဲ့ အဖြေကို သေချာစဉ်းစားဖို့ လိုမယ်လို့ ထင်တယ်။ တကယ်လို့ ဒီမိန်းကလေးနဲ့ ထပ်တူနေရင် မင်းကို သူ ရိုက်သတ်လိမ့်မယ်လို့ ငါ စိုးရိမ်မိတယ်”

တုပိုင် ဆွံ့အသွားသည်။ ‘ဆရာသခင်ကြီး ၊ ခင်ဗျား ရဟန်းတစ်ပါးလို ကျင့်ကြံလို့ မရဘူးလား။ ဂျူနီယာတွေအတွက် စံပြ ဖြစ်အောင် နေလို့ မရဘူးလား။’

“တတိယမေးခွန်း ၊ မင်း ဘယ်ကို သွားမှာလဲ” ဆရာသခင်ကြီးချွမ်ရှယ်က မေးလိုက်သည်။

ယခင် ပုံစံအတိုင်းဆိုလျှင် တုပိုင်သည် ကျွန်တော် ကွမ်ရှီးပြည်နယ်ကို ပြန်မှာပါဟု ဖြေရမည် ဖြစ်သည်။ သို့သော် ဒဲ့တိုးဆန်ပြီး ကြမ်းတမ်းသော မိန်းကလေး ယွီကျိန်းကမူ ကျွန်မ စစ်မြေပြင်ကို သွားမယ်ဟု ဖြေပေလိမ့်မည်။

သူမနှင့် အဖြေတူညီခြင်း ကို ရှောင်ရှားရန် တုပိုင် အနည်းငယ် ကြိုတင် စဉ်းစားရန် လိုအပ်သည်။ (မှတ်ချက် - စာသားချင်း တူညီခြင်းကို ဆိုလိုတာမဟုတ်ပဲ အဓိပ္ပာယ်ချင်း တူညီခြင်းကို ဆိုလိုတာပါဗျ။)

ချက်ချင်း လက်ငင်း သွားမည့်နေရာ မဟုတ် ၊ မနက်ဖြန် သွားမည့်နေရာ မဟုတ် ၊ သဘက်ခါ သွားမည့်နေရာ မဟုတ် ၊ ဤကမ္ဘာလောကကြီးတွင် သူ၏ အဆုံးစွန် ပန်းတိုင် ၊ သူ၏ အန္တိမ ဘဝပေးတာဝန်ကို ဆိုလိုခြင်း ဖြစ်သည်။

ဒဿနိကဗေဒ မေးခွန်းများသည် အကွက်ချထားခြင်းများ ဖြစ်ပြီး ထောင်ချောက်များ ရှိသည်။

တုပိုင် ဤအချက်ကို နက်ရှိုင်းစွာ နားလည်ထားသည်။ အဘယ်ကြောင့်ဆိုသော် သူ စဉ်းစားလိုက်တိုင်း နာရီပေါင်းများစွာ ကြာမြင့်တတ်ပြီး အဖြေမရဘဲ စိတ်ပျက်အားငယ်မှုများနှင့်သာ အဆုံးသတ်ရလေ့ ရှိသောကြောင့် ဖြစ်သည်။

ဤတစ်ကြိမ်တွင် တုပိုင် အချိန်ကြာမြင့်စွာ စဉ်းစားလိုက်သော်လည်း ရလဒ်က အတူတူပင် ဖြစ်သည်။

အဖြေ လုံးဝ မရှိပေ။

“ကျွန်တော် မသိဘူး” တုပိုင် ဖြေလိုက်သည်။

ထိုအချိန်တွင် အခြားသူများ အားလုံး ဖြေဆိုပြီးသွားကြပြီ ဖြစ်သည်။ ဆရာသခင်ကြီးချွမ်ရှယ် တစ်ကိုယ်လုံး တုန်ယင်နေသည်ကို တုပိုင် အထင်အရှား မြင်လိုက်ရသည်။ ထင်ရှားသည်မှာ ဤမေးခွန်းအတွက် လူအချို့၏ အဖြေများက ဆရာသခင်ကြီးချွမ်ရှယ်ကို သေချင်စိတ် ပေါက်သွားအောင် လုပ်ဆောင်လိုက်သကဲ့သို့ ဖြစ်နေသည်။ မေးခွန်းသုံးခုစလုံး ဖြေဆိုပြီးသွားပြီ ဖြစ်သည်။

ဆရာသခင်ကြီးချွမ်ရှယ်သည် အလွန်အမင်း ဆွေးမြေ့သော လေသံဖြင့် ပြောလိုက်သည်။ “ဒီရလဒ် ထွက်လာမယ်ဆိုတာ ငါ သိပြီးသားပါ။ သိုင်းလောက ၊ အာဏာလောကမှာ လူတိုင်းက အင်အားကို လိုက်စားကြတယ် ၊ လူတိုင်းက အာဏာကို လိုက်စားကြတယ်။ ဘယ်သူက ကောင်းကင်နဲ့ မြေကြီးရဲ့ လမ်းစဉ် ၊ စကြဝဠာရဲ့ လမ်းစဉ်ကို ရှာဖွေကြမှာလဲ”

“အဖြေထွက်လာပြီ” ဆရာသခင်ကြီးချွမ်ရှယ်က ပြောလိုက်သည်။ “ဒီမိန်းကလေးနဲ့ ဒီလူငယ်လေးကလွဲရင် ကျန်တဲ့ ၁၁ ယောက်စလုံး ထွက်သွားလို့ ရပြီ။ မင်းတို့ အရည်အချင်း မမီဘူး”

ထိုစကား ထွက်ပေါ်လာသည်နှင့် ကျန်ရှိနေသော ၁၁ ယောက်စလုံး ဒေါသထွက်သွားကြသည်။

အပိုင်း ၂၃၀ ပြီး

All Chapters