အခန်း (၂၂၇)
Vol. 23 Ch. 227
တုပိုင်က မေးလိုက်သည်။ “ဘာမစ်ရှင်လဲ”
ထူးဆန်းသော အလင်းရောင်အရိပ်က ပြောလိုက်သည်။ “ဝိညာဉ်ဆရာသခင်တစ်ပါး နိဗ္ဗာန်စံဝင်ခြင်း”
တုပိုင်က မေးလိုက်သည်။ “ကျွန်တော့်ရဲ့ စိတ်စွမ်းအင်ကို မြှင့်တင်ဖို့လား”
“ဟုတ်တယ်”
သိုင်းပညာရှင်တစ်ယောက်အတွက် စိတ်စွမ်းအင်သည် အရေးအကြီးဆုံး ၊ တစ်ခုတည်းသောအရာဖြစ်သည်။
စိတ်စွမ်းအင်အဆင့်သည် သိုင်းပညာရှင်တစ်ဦး ရောက်ရှိနိုင်မည့် အမြင့်ဆုံးအကန့်အသတ်ကို လုံးဝ ဆုံးဖြတ်ပေးသည်။ တုပိုင်၏ စိတ်စွမ်းအင်သည် လက်ရှိတွင် ၄၀ သာ ရှိသေးသဖြင့် သူ၏ သိုင်းပညာအဆင့်သည် အများဆုံး သိုင်းပညာရှင်အဆင့် ၇ တွင်သာ ကန့်သတ်ခံထားရနိုင်သည်။ အဘယ်ကြောင့်ဆိုသော် စိတ်စွမ်းအင် မလုံလောက်ပါက အတွင်းအားနှင့် မူလချီစွမ်းအင်များကို ပိုမို ထိန်းချုပ်နိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။
တုပိုင်၏ လေးပစ်ခြင်း ၊ မြင်းစီးလေးပစ်ခြင်း ၊ အဂ္ဂိရတ်ပညာနှင့် အခြားသော ဘာသာရပ်များတွင် အမှတ်ပြည့် မရရှိနိုင်ခြင်းမှာလည်း သူ၏ စိတ်စွမ်းအင် မလုံလောက်သောကြောင့် ဖြစ်သည်။ စိတ်စွမ်းအင် ၄၀ မျှသာ ရှိခြင်းသည် အလွန် သာမန်ဆန်လွန်းပြီး ထန်ယန်နှင့် လုံးဝ ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် စိတ်စွမ်းအင် တိုးတက်လာခြင်း မရှိဘဲ ဘွဲ့ယူစာမေးပွဲကြီးတွင် ပထမရရန် အခွင့်အလမ်းမှာ အလွန် နည်းပါးလှသည်။
တုပိုင်က ပြောလိုက်သည်။ “ပြီးခဲ့တဲ့ တက္ကသိုလ်ကြီးသုံးခု ပူးပေါင်းပြိုင်ပွဲတုန်းက ရူးသွပ်သောလောင်းကြေးမစ်ရှင် အောင်မြင်ပြီးတဲ့နောက် ကျွန်တော့်စိတ်စွမ်းအင် ၁၀ မှတ် တိုးလာခဲ့ဖူးတယ်။ ဒါကိုကြည့်ရင် ခင်ဗျားက ကျွန်တော့်ရဲ့ စိတ်စွမ်းအင်ကို မြှင့်တင်ပေးနိုင်စွမ်း အပြည့်အဝ ရှိပုံရတယ်။ ဘာလို့ ကျွန်တော်က အပိုမစ်ရှင်တွေကို ပြီးမြောက်အောင် လုပ်နေရဦးမှာလဲ”
“မင်း အတွေးလွန်နေပြီ” ထူးဆန်းသော အလင်းရောင်အရိပ်က ရှားရှားပါးပါး ဟာသနှော၍ ပြောလိုက်သည်။ “ပြီးခဲ့တဲ့တစ်ခေါက် မင်းရဲ့ စိတ်စွမ်းအင် ၁၀ မှတ် တိုးလာတာက မင်းရဲ့ ဝိညာဉ်နှစ်ခု ပေါင်းစည်းသွားလို့ ဖြစ်ပြီး အဲဒီအခြေအနေအောက်မှာ ငါ့ရဲ့ ထိန်းချုပ်မှုနဲ့ စိတ်စွမ်းအင်ကို မြှင့်တင်ပေးနိုင်ခဲ့တာ။ အဲဒီလို အခွင့်အရေးမျိုးက ဒုတိယအကြိမ် ဘယ်တော့မှ ဖြစ်လာတော့မှာ မဟုတ်ဘူး။ မင်းရဲ့ ဝိညာဉ်သေဆုံးသွားပြီး ခန္ဓာကိုယ်ကို လာရောက်လုယူမယ့် သက်ရှိသစ်တစ်ခု ရောက်မလာသရွေ့ပေါ့။ အဲဒီလိုဆိုရင်တော့ ဝိညာဉ်သုံးခု ပေါင်းစည်းခြင်းကနေ စိတ်စွမ်းအင် နောက်ထပ် ၁၀ မှတ် တိုးလာနိုင်လောက်တယ်”
“ဖြီးးး ၊ ဖြီးးး ၊ ဖြီးးး ၊ နမိတ်မရှိတာတွေ လျောက်ပြောစမ်းပါနဲ့ဗျာ။” ပိုင် အော်ပြောလိုက်သည်။ “ဒါဆို ဒီ ဝိညာဉ်ဆရာသခင်တစ်ပါး နိဗ္ဗာန်စံဝင်ခြင်း ဆိုတာက ဘာလဲ”
ထူးဆန်းသော အလင်းရောင်အရိပ်က ပြောလိုက်သည်။ “အလွန်တရာ အစွမ်းထက်တဲ့ နိုင်ငံတော်အဆင့် ရဟန်းအိုကြီးတစ်ပါးက နိဗ္ဗာန်စံဝင်တော့မယ်။ မပျံလွန်တော်မူခင်မှာ သူက သူ့ရဲ့ မှတ်ဉာဏ်တွေနဲ့ စိတ်စွမ်းအင်တစ်စိတ်တစ်ပိုင်းကို လွှဲပြောင်းပေးချင်နေတယ်။ အဲဒါက တစ်နည်းအားဖြင့် အမွေလက်ဆင့်ကမ်းမှုတစ်မျိုးပဲ”
တုပိုင်က မေးလိုက်သည်။ “တကယ်လို့ သူ့ရဲ့ မှတ်ဉာဏ်တွေနဲ့ စိတ်စွမ်းအင်တွေက ကျွန်တော့်ဦးနှောက်ထဲ ဝင်လာရင် ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်ထိခိုက်သွားနိုင်လောက်လား။”
“မထိခိုက်ပါဘူး” ထူးဆန်းသော အလင်းရောင်အရိပ်က ပြန်ဖြေသည်။ “ဒီ မှတ်ဉာဏ်လွှဲပြောင်းခြင်းနဲ့ စိတ်စွမ်းအင် အမွေလက်ဆင့်ကမ်းမှုက ထင်းရှူးသီးပုံဂလင်းကိုပဲ အဓိက သက်ရောက်မှုမာလေ။ ကျန်တဲ့ ဆယ်ပုံနှစ်ပုံလောက်ကပဲ ဦးနှောက်ကို သက်ရောက်မှု ရှိလိမ့်မယ်”
ဆရာသခင်ကြီး နင်ဇောင်ဝူက သူ၏ နဖူးကို လက်ညှိုးဖြင့် ထောက်လိုက်ပြီး အစွမ်းထက်သော စိတ်စွမ်းအင်ဖြင့် ထင်းရှူးသီးပုံဂလင်းကို လှုံ့ဆော်ကာ စိတ်စွမ်းအင်နိုးထခြင်း အခြေအနေကို ယာယီ ခံစားစေခဲ့ဖူးသည်ကို တုပိုင် သတိရလိုက်သည်။ ဤအရာနှစ်ခု၏ သဘောတရားမှာ အတော်လေး ဆင်တူသည်။
တုပိုင်က ပြောလိုက်သည်။ “ဒါဆို စိတ်စွမ်းအင် ဘယ်လောက် တိုးလာမှာလဲ”
ထူးဆန်းသော အလင်းရောင်အရိပ်က ပြောလိုက်သည်။ “သာမန်လူဆိုရင် ၅ မှတ်ပဲ တိုးမယ် ၊ မင်းကတော့ ၁၅ မှတ် တိုးနိုင်တယ်”
တုပိုင် အံ့အားသင့်သွားသည်။ ဆရာသခင်ကြီးတစ်ပါး သေဆုံးချိန်တွင် ပေးအပ်သော အမွေအနှစ်က စိတ်စွမ်းအင် ၅ မှတ်သာ တိုးစေသည်လော။ ဤအမှတ်ပမမာဏသည် သောက်ကျိုးနည်း ပိစိလောက်သာရှိ၏။ စိတ်စွမ်းအင် ဆိုသည်မှာ မွေးရာပါ ပါရမီဖြစ်ပြီး ပြင်ပအကူအညီဖြင့် ပြောင်းလဲ၍ မရနိုင် ၊ တိုးတက်အောင် လုပ်၍ မရနိုင်ဟု နင်ဇောင်ဝူ အမြဲတမ်း အလေးအနက် ပြောခဲ့သည်မှာ အံ့သြစရာ မရှိတော့ပေ။ ဆျာကြီးပြောသည်မှာ တကယ်ပဲ မှန်ကန်နေသည်။
အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ဆရာသခင်တစ်ပါး၏ သေဆုံးခါနီး အမွေပေးအပ်ခြင်းမျိုးသည် ဆယ်စုနှစ်များစွာကြာမှ တစ်ကြိမ်သာ ကြုံရတတ်သောကြောင့် ဖြစ်သည်။ တုပိုင်အနေဖြင့် အခြားသူများထက် သုံးဆပိုများသော ၁၅ မှတ်အထိ တိုးနိုင်ခြင်းမှာ သူ့စိတ်ထဲရှိ အိပ်မက်စနစ်ကြောင့် ဖြစ်ကြောင်း ထင်ရှားသည်။ ထိုစနစ်က ဝိညာဉ်ဆရာသခင် နိဗ္ဗာန်စံဝင်မည့် အခိုက်အတန့်တွင် ထွက်ပေါ်လာသော စိတ်စွမ်းအင်များကို အပြည့်အဝ စုပ်ယူနိုင်သောကြောင့် ဖြစ်သည်။
ထူးဆန်းသော အလင်းရောင်အရိပ်က ပြောလိုက်သည်။ “မင်း ဘယ်တစ်ခုကို ရွေးမလဲ။ အရှင်မင်းကြီး မွေးနေ့ပွဲတော် အထိမ်းအမှတ် အပိုစာမေးပွဲကို ဝင်ဖြေမလား ၊ ဒါမှမဟုတ် ဝိညာဉ်ဆရာသခင် နိဗ္ဗာန်စံဝင်ခြင်း မစ်ရှင်ကို ပြီးမြောက်အောင် လုပ်မလား”
တုပိုင်က ပြောလိုက်သည်။ “ဒုတိယတစ်ခု”
အရူးတစ်ယောက် ဆိုလျှင်ပင် ဒုတိယရွေးချယ်မှုကို ရွေးချယ်လိမ့်မည်။ စိတ်စွမ်းအင် တိုးတက်ခြင်းသည် ထာဝရ ဖြစ်သည်။ စိတ်စွမ်းအင် တိုးတက်လာမှသာ တုပိုင်သည် ဘွဲ့ယူစာမေးပွဲကြီး၏ ဘာသာရပ်အများအပြားတွင် အမှတ်ပြည့် ရရှိနိုင်မည် ဖြစ်ပြီး ထန်ယန်ကို ကျော်တက်နိုင်ခြေ ရှိမည် ဖြစ်သည်။ ရေရှည်ကြည့်လျှင် စိတ်စွမ်းအင် တိုးတက်လာမှသာ အဆင့် ၇ အထက် သိုင်းပညာရှင်တစ်ယောက်ဖြစ်လာလေမည်။ မဟုတ်ပါက တုပိုင်အနေဖြင့် တစ်သက်လုံး အဆင့် ၇ သိုင်းပညာရှင်တစ်ယောက်သာဖြစ်နေပေလိမ့်မည်။
လက်ရှိတုပိုင်သည် သာမန်သူများနှင့်ယှဥ်လျှင် နတ်ဘုရားတစ်ပါးအလား အစွမ်းထက်သော်လည်း မည်သည့်အဆင့်မြင့် သိုင်းပညာရှင်မဆို တုပိုင်အား လက်တစ်ချောင်းမပြောနှင့် တစ်ချက်လောက် စိုက်ကြည့်လိုက်ရုံမျှဖြင့် သတ်ဖြတ်ပြစ်နိုင်လေသည်။
သေချာသည်မှာ ဒုတိယရွေးချယ်မှုကို ရွေးလိုက်သည်နှင့် ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီတွင် ကျင်းပမည့် အရှင်မင်းကြီး မွေးနေ့ပွဲတော် အထိမ်းအမှတ် အပိုစာမေးပွဲကို လွဲချော်သွားမည် ဖြစ်သည်။ သို့သော် အပိုဆုကြေး ၁၅ မှတ် ဆိုသည်မှာ စိတ်စွမ်းအင် ၁၅ မှတ် တိုးခြင်းနှင့် ယှဉ်လျှင် ဘာမှ မဟုတ်ပေ။ ဤကဲ့သို့သော အခွင့်အရေးမျိုးသည် လက်လွတ်သွားပါက နောက်တစ်ကြိမ် ပြန်ရတော့မည် မဟုတ်ပေ။
ထူးဆန်းသော အလင်းရောင်အရိပ်က ပြောလိုက်သည်။ “ဝိညာဉ်ဆရာသခင် နိဗ္ဗာန်စံဝင်ခြင်း မစ်ရှင် စတင်ပါပြီ”
“မစ်ရှင် ရည်မှန်းချက် - ဝိညာဉ်ဆရာသခင် ချွမ်ရှယ် နိဗ္ဗာန်မစံဝင်မီ သူ၏ စိတ်စွမ်းအင် အမွေအနှစ်ကို ရယူပါ”
ဤရဟန်းအိုကြီးသည် တကယ့်ကို ထူးခြားသည်။ ဤကဲ့သို့သော အမည်နာမမျိုးကို ယူထားသည်။ သို့သော် ဆရာသခင်ကြီးတစ်ပါး၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလေလေ ပို၍ နှိမ့်ချလေလေ ဖြစ်သည်။
“မစ်ရှင် ဆုလာဘ် - စိတ်စွမ်းအင် ၁၅ မှတ် ထာဝရ မြင့်တတ်လာမည်”
“မစ်ရှင် ကျရှုံးပါက ဖြစ်လာမည့် အကျိုးဆက် - အကောင်းဆုံး အခြေအနေတွင် ဘွဲ့ယူစာမေးပွဲကြီးကို လွဲချော်မည်။ အဆိုးဆုံး အခြေအနေတွင် လမ်းလျှောက်နေသော အလောင်းကောင် ဖြစ်သွားမည်”
မစ်ရှင် ကျရှုံးပါက ဖြစ်လာမည့် အကျိုးဆက်ကို ကြားလိုက်ရသောအခါ တုပိုင်၏ နှလုံးသည် ဒိန်းခနဲ တစ်ချက် ခုန်သွားပြီးနောက် မည်သည့် တုံ့ပြန်မှုမှ မရှိတော့ပေ။ ခေါင်းကိုးလုံးမြွေနက်နက်ထဲ ခုန်ချရသည်ထက် ပိုအန္တရာယ်များဦးမည်လော။ ထိုတုံးက သူ လုံးဝ အသက်နှင့်ရင်းပြီး လောင်းကြေးထပ်ခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း တုပိုင်က သူလုပ်နိုင််မည်ဟူသော ယုံကြည်ချက်ရှိနေဆဲဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အိပ်မက်စနစ် ဟူသော ရွှေလက်ချောင်းလေး ရှိနေသရွေ့ အန္တရာယ်အများစုကို သူ၏ကောင်းကျိုးအဖြစ်ပင် ပြောင်းလဲနိုင်စွမ်း ရှိသည်။
တုပိုင်က ပြောလိုက်သည်။ “အဲဒီ ဝိညာဉ်ဆရာသခင်က ဘယ်မှာလဲ။ သူ့ရဲ့ အမွေအနှစ်ကို ဘယ်မှာ သွားယူရမှာလဲ”
“ခွေးအိမ်သခင်ကြီး ရဟန်းအိုရဲ့ ကျောင်းတော် ၊ ချွမ်ရှယ်ကျောင်းတော်” ထူးဆန်းသော အလင်းရောင်အရိပ်က ပြောလိုက်သည်။ “အန်နမ်နိုင်ငံရဲ့ တျန်ပြန်ဖူနဲ့ လွမ်ပရာဘွမ်နိုင်ငံ နယ်စပ်ကြားက ရွာလေးတစ်ရွာမှာ ရှိတယ်။ ဒီကနေ လီပေါင်း ၁၉၀၀ ဝေးတယ်။ မင်း ချက်ချင်း ထွက်ခွာမှ ရမယ်။ ဘာလို့လဲဆိုတော့ နောက်ထပ် ၁၀ နာရီကျော်လောက်ကြာရင် သူက ဆက်ခံသူကို ရွေးချယ်တော့မှာမို့လို့ပဲ။ ပြီးတော့ မင်းမှာ ပြိုင်ဘက် တစ်ယောက်မက ရှိနေတယ်”
လွမ်ပရာဘွမ်နိုင်ငံ ဆိုသည်မှာ ယနေ့ခေတ် ကမ္ဘာမြေ လာအိုနိုင်ငံ၏ လွမ်ပရာဘွမ်ပြည်နယ် ဖြစ်ပြီး ကျော်ကြားသော ရှေးဟောင်းမြို့တော်နှင့် ဗုဒ္ဓဘာသာ အချက်အချာကျသော နေရာဖြစ်သည်။ တုပိုင်က ဒေါသတကြီး ပြောလိုက်သည်။ “ဟ သောက်ခွေးတဲ့မှ ဘာလို့ စောစောက မပြောတာလဲ။ ငါ အခုမှ အန်နမ်နိုင်ငံက ပြန်ရောက်တာလေ။ ဘယ်လောက်တောင် ခရီးလမ်း အလဟဿ ဖြစ်သွားလဲ” တုပိုင်ဒေါသထွက်သွားသောကြောင့် ယဥ်ကျေးနိုင်စွမ်းပင် မရှိတော့ချေ။
“ဟဲ ဟဲ” ထူးဆန်းသော အလင်းရောင်အရိပ်က အကြောင်းပြချက်ကို ရှင်းမပြခဲ့ပေ။
အကယ်၍ တုပိုင်သာ ကြိုသိခဲ့လျှင် နောက်ဆက်တွဲ ဖြစ်ရပ်များသည် လုံးဝ ကွဲပြားသွားနိုင်ပြီး ကပ်ဘေးသင့်သော အကျိုးဆက်များပင် ဖြစ်ပေါ်လာနိုင်သည်။
ထို့ကြောင့် ကံဆိုးသော တုပိုင်သည် မြင်းပေါ်သို့ နောက်တစ်ကြိမ် တက်လိုက်ပြီး အန်နမ်နိုင်ငံ တျန်ပြန်ဖူ ဦးတည်ရာအရပ်ဆီသို့ ဒုန်းစိုင်း နှင်သွားတော့သည်။
**--**--**--**--**--**--**--**
မြောက်လေတိုက် ခံတပ်ဂိတ်။
လီရူဟိုင်သည် မြို့ရိုးပေါ်ရှိ အမျိုးသမီး ချူဟုန်ယဲ့ကို ကြည့်ပြီး နှမြောတသစွာ သက်ပြင်းချလိုက်သည်။ ဤအမျိုးသမီးသည် အိမ်ထောင်မပြုဖူးသလို လှပသော ရုပ်ရည်သွင်ပြင် ၊ မြင့်မားသော သိုင်းပညာနှင့် ထူးချွန်သော စစ်ရေးဉာဏ်ပညာများကို ပိုင်ဆိုင်ထားသည်။ အကယ်၍ သူမသာ လီရူဟိုင်၏ ကိုယ်လုပ်တော်အဖြစ် လက်ထပ်မည် ဆိုပါက သူသည် ရဲရင့်သော စစ်သူကြီးတစ်ဦးကို ထပ်မံ ပိုင်ဆိုင်ရမည် ဖြစ်သည်။
ကံဆိုးသည်မှာ ဤအမျိုးသမီးသည် ခေါင်းမာလွန်းပြီး ပျက်စီးယိုယွင်းနေသော တာ့နင်မင်းဆက်အပေါ် သစ္စာစောင့်သိနေသည့် ချူဟုန်မြန်နောက်သို့ လိုက်နေခြင်း ဖြစ်သည်။ ဤခံတပ်မြို့ကို သိမ်းပိုက်ပြီးပါက အတွင်းရှိ ထောင်ဂဏန်းမျှသော အိုမင်းနေပြီး ငယ်စဥ်တုန်းကလို အစွမ်းမထက်တော့သည့် အိုမင်းမစွမ်း ဝံပုလွေစစ်သည်များသည် အသတ်ခံကြရပေလိမ့်မည်။
ချူဟုန်ယဲ့ကို ဖမ်းဆီးပြီးနောက် သူ သူမကို နောက်ဆုံးအခွင့်အရေး ပေးမည် ဖြစ်သည်။ လီမိသားစု၏ ကိုယ်လုပ်တော်အဖြစ် ဝင်ရောက်လိုခြင်း ရှိမရှိ မေးမြန်းမည်။ အကယ်၍ သူမ ငြင်းဆန်ပါက ဤအလှပဂေးလေးကို သူ၏ ဓားဖြင့် ၂ ပိုင်းဖြတ်အောင် ခုတ်ပိုင်းပစ်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်သည် လျင်မြန်စွာ ကုန်ဆုံးတော့မည် ဖြစ်သည်။
“တပ်ဖြန့်ကြ”
လီရူဟိုင်၏ အမိန့်ပေးသံနှင့်အတူ သူ၏ သောင်းချီသော စစ်သည်များသည် တပ်ဖွဲ့များ စတင် နေရာယူလိုက်ကြသည်။ ဧရာမ ကျောက်ခဲပစ်စက်ကြီးများ စတင် ပွင့်ဟလာပြီး စစ်သည် နှစ်သောင်း၊ သုံးသောင်းခန့်သည် လေးများကို ဆွဲတင်ကာ မြှားများကို တပ်ဆင်လိုက်ကြသည်။
အင်အားချင်း အဆနှစ်ဆယ် ကွာခြားနေသဖြင့် ဤပျက်စီးယိုယွင်းနေသော ခံတပ်မြို့ကို သိမ်းပိုက်ရန်မှာ အများဆုံး နာရီအနည်းငယ်သာ ကြာမြင့်မည် ဖြစ်သည်။
လီရူဟိုင်သည် သူ၏ လက်ကြီးကို မြှောက်လိုက်ပြီး အမွှေးတိုင် မီးငြိမ်းသွားသည်နှင့် တိုက်ခိုက်ရန် အမိန့်ပေးတော့မည် ဖြစ်သည်။
သို့သော် ထိုအချိန်မှာပင် ကျီးကန်းသံများ အဆက်မပြတ်ထွက်ပေါ်လာဝည်။
“အားးး ၊ အားးး ၊ အားးး ၊ အားးး”
ဆွေးမြေ့ဖွယ်ရာ ကျီးကန်းအော်သံများသည် ကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ်လာပြီးနောက် အမည်းရောင် ခိုစာပို့ကျီးကန်း ရာပေါင်းများစွာသည် စစ်တပ်ဆီသို့ ပျံသန်းလာကြသည်။
လီရူဟိုင်၏ နှလုံး ရုတ်တရက် တုန်သွားသည်။ မည်မျှ ကြီးကျယ်သော ကိစ္စရပ် ဖြစ်ပျက်ခဲ့သနည်း။ သတင်းစကား လွတ်သွားမည်ကို စိုးရိမ်သကဲ့သို့ ခိုစာပို့ကျီးကန်း ရာပေါင်းများစွာကို စေလွှတ်လိုက်သည် ဟုတ်ပါလော။ ထိုခိုစာပို့ကျီးကန်းများသည် စစ်တပ်အတွင်းရှိ နားနေစင်များကို ရှာဖွေတွေ့ရှိသွားကြပြီး တစ်ကောင်ပြီး တစ်ကောင် ဆင်းသက်လာကြသည်။ လီရူဟိုင်၏ ကျီးကန်းထိန်းသိမ်းရေးသမားသည် အမြန် ရှေ့တိုးလာပြီး ကျီးကန်းခြေထောက်မှ လျှို့ဝှက်ပေးစာများကို ဖြည်လိုက်သည်။ သူသည် စာကို ကြည့်ရှုရဲခြင်း မရှိဘဲ လီရူဟိုင်ထံသို့ တိုက်ရိုက် ပေးအပ်လိုက်သည်။
ချက်ချင်းပင် လီရူဟိုင်၏ လက်ထဲ၌ လျှို့ဝှက်ပေးစာ ဒါဇင်ပေါင်းများစွာ ရောက်ရှိလာပြီး အခြားသော လျှို့ဝှက်ပေးစာများလည်း ဆက်တိုက် ပေးပို့နေကြသည်။ လီရူဟိုင် အသက်ရှူရပ်လုနီးပါး ဖြစ်သွားသည်။ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ပြီ ဆိုတာ သူ သိလိုက်သည်။ ထိုအရာက ကြီးမားသော ကိစ္စရပ်တစ်ခု ဖြစ်ပေလိမ့်မည်။
“မဖြစ်ပါစေနဲ့ ၊ ကျေးဇူးပြုပြီး မဖြစ်ပါစေနဲ့”
လီရူဟိုင် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် အသက်အောင့်ကာ လျှို့ဝှက်ပေးစာ တစ်စောင်ကို ပြတ်သားစွာ ဖွင့်လိုက်သည်။ ချက်ချင်းပင် သူ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
သူ၏ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ယင်သွားပြီး မျက်နှာသည် ချက်ချင်း မည်းမှောင်သွားလေသည်။ သူ၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီး ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များ အားလုံး ချက်ချင်း ထောင်မတ်လာကာ ချွေးပေါက်များ အားလုံး ပိတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
လျှို့ဝှက်ပေးစာထဲတွင် ရေးသားထားသည်မှာ ရှားလုံရွှိုသည် စစ်သည် နှစ်သောင်း သုံးသောင်းခန့် စေလွှတ်လိုက်ပြီး ပိုင်ရှုစီရင်စုခွဲကို သိမ်းပိုက်ကာ သတ်ဖြတ်ပွဲ ဆင်နွှဲနေပြီ ဖြစ်သည်။ ရူးသွပ်စွာ လုယက်နေကြပြီး အိမ်ခြေ ဆယ်အိမ်လျှင် ကိုးအိမ်ခန့် ပြောင်သလင်းခါသွားပြီ ဖြစ်သည်။
လီရူဟိုင် မဖြစ်ပါစေနဲ့ဟု အကြိမ်ကြိမ်အခါခါ ဆုတောင်းနေသည့် အဆိုးရွားဆုံး အခြေအနေ ဖြစ်ပျက်လာခဲ့ပြီဖြစ်၏။
အပိုင်း ၂၂၇ ပြီး
ဘာသာပြန်သူအချောကြီး၏ မှတ်ချက် - လွမ်ပရာဘွမ်နိုင်ငံဆိုတာက ခေတ်သစ်မယ်ဆိုရင် လာအိုနိုင်ငံပါ။ အန်နမ်ကတော့ ဗီယက်နမ်ပါ။
ဘာသာပြန်သူအချောကြီး၏ ဒုတိယမြောက် မှတ်ချက် - ချွမ်ရှယ်ရဲ့ နာမည်အဓိပ္ပါယ်က ခွေးအိမ်တဲ့။