← Chapters

သွေးထောင်အရာရှိ ...

Vol. 65 Ch. 770

သွေးထောင်အရာရှိ ...

Vol. 65 Ch. 770

စုရီအတွက် ယခင်ဘဝ၌ ရွှေတောင်ပံ ဂဠုန်ကဲ့သို့သော အမည်ခံတပည့်များစွာအပြင် စစ်မှန်သောတပည့်ကိုးဦးရှိသည်။

ပြန်လည်ဝင်စားခြင်းမပြုမီတွင် သူသည် အရေးပေါ်အစီအစဉ်များစွာကို ပြုလုပ်ထား၏။ ဥပမာအားဖြင့် ကျင့်ကြံမှုနုနယ်သော ရွှမ်းနင်ကို ကျောက်တုံးနှလုံးသားထံ ပေးပို့ခဲ့ခြင်းမျိုးပင်။

တစ်ဖက်တွင်လည်း ရန်သူများကို ကာကွယ်ရန် ထောင်ချောက်များစွာချမှတ်ခြင်း စသည်တို့လုပ်ဆောင်ခဲ့သည်။

သို့သော် မျှော်လင့်မထားသည့် ပြဿနာများဖြင့် သူ့အစီစဉ်များ ပျက်စီးကုန်၏။ ပင်းမိုသည် ပြင်ပရန်သူများနှင့် ပူးပေါင်းကာ သူ့အမွေကို လုယူရန်ကြံစည်သည်။ တတိယ တပည့်သည် တားမြစ်ဝင်္ကပါထိန်းချုပ်မည့် ရတနာကြေးမုံကို ခိုးယူထွက်ပြေး၏။

ချင်းတျန်သည် သူမအစ်ကိုများကို မောင်းထုတ်ကာ ကောင်းကင်လှိုဏ်ဂူကြီးအား သိမ်းယူသွားသည်။ ဤဖြစ်စဉ်များသည် သူ့ကို များသွာ နာကျင်စေ၏။

အဆုံးတွင် သူ့ဘဝတွင် တပည့်များကို လွန်ကြူးစွာ ဆက်ဆံခဲ့ဖူးသည်လောဟူသော အတွေးများပင် ဝင်ရောက်လာသည်။

အခြားတစ်ဖက်တွင် ပင်းမိုမှတပါး အခြားသောတပည့်အားလုံး သူ့ကိုအမှန်ပင် သစ္စာဖောက်ခဲ့သည်လောဟု သေချာမှု မရှိတော့ချေ။ အထူးသဖြင့် ချင်းတန်ဖြစ်၏။

“ တကယ်တော့ ငါ့ရဲ့ပြန်ဝင်စားမှုမှာ အလျင်စလိုလုပ်ခဲ့မိလို့ အရန်အစီအစဉ်တွေ မလုံလောက်တာပါ ... ဒါငါ့အမှားလည်း ပါလာနိုင်ပါတယ် … ။ ”

စုရီက အနက်ဝတ်လူနှင့် စကားပြောနေသကဲ့သို့ တစ်ယောက်တည်း ပြောကြားလိုက်သည်။

ပြန်လည်ဝင်စားခြင်း၌ အန္တရာယ်များ မရှိခဲ့သော်လည်း မမျှော်လင့်ထားသည့် ရလာဒ် ထွက်ပေါ်လာခဲ့ရ၏။

ထို့ကြောင့် ပထမဆုံးအကြိမ်အဖြစ် သူသည်သာ အလျင်စလိုမပြုဘဲ အစီအစဉ်များ ခိုင်မာစွာချမှတ်သင့်ကြောင်း သတိဝင်လာကာ နောင်တရမိလာသည်။

“ ခေါင်းဆောင်မရှိတဲ့ နဂါးမျိုးရိုးတောင် မလွဲမသွေ ဘေးအန္တရာယ်တွေ ခံယူရလိမ့်မယ် ကောင်းကင်လှိုဏ်ဂူက မင်းတစ်ယောက်တည်း တည်ထောင်ထားခဲ့တဲ့ မျိုးရိုးပဲ ...

... မင်းရှိနေသေးရင် ပြိုလဲမှာ မဟုတ်ဘူး မရှိတော့ရင်တော့ ရှုပ်ထွေးမှုတွေ သေချာပေါက် ဖြစ်လာမှာ သဘာဝပါပဲ။”

အနက်ဝတ်အဖိုးအိုသည်လည်း စုရီနှင့်ထပ်တူကျသော သုံးသပ်ချက်မျိုး ပေးစွမ်း လာတော့၏။

“ အတိတ်တုန်းကလည်း အလားတူ ကြေကွဲဖွယ်ရာတွေ ဖြစ်ခဲ့ဖူးတယ် အသန်မာဆုံး ငရဲနန်းတော်တောင် မြေအောက်ကမ္ဘာဧကရာဇ် ကျဆုံးခြင်းနဲ့အတူ ပြိုကွဲသွားခဲ့ရတယ် ...

... ငရဲလမ်းခြောက်သွယ်ကို တစ်ချိန်က အုပ်ချုပ်ခဲ့တဲ့ ရှေးဟောင်းမျိုးနွယ်စုတွေလည်း ချွင်းချက်မရှိ ဦးခေါင်းဆောင်မဲ့နေပြီး ... အခု အချင်းချင်း တိုက်ခိုက်နေကြတယ် ... ။”

ဤတစ်ကြိမ်တွင် စုရီသည် တုန့်ပြန်ဆွေးနွေးခြင်း မပြုတော့ချေ။ အချိန် အတော်ကြာ တိတ်ဆိတ်သွား၏။ ပြီးနောက်၊

“ ကောင်းပြီ ... ငါအဆင်ပြေပြီ ... ခဏလောက် ဒီမှာငါနေမယ် ... မနက်ဖြန်မှာ ထာဝရညမြို့တော်ကနေ လျိုချန်ရှန်နဲ့အတူ ထွက်သွားမယ်။ ”

-ဟုဆိုကာ အခန်းတစ်ခုထဲ ဝင်ရောက်လိုက်တော့သည်။ သူသည် ဝမ်းနည်းပူဆွေးမှုအတွင်း နစ်မြောနေရခြင်း၊ အတိတ်ကို တွေးပူနေရခြင်း စသည်တို့ကို မကြိုက်ချေ။

***

ထာဝရညမြို့သည် တစ်နှစ်ပတ်လုံး မှောင်မိုက်နေပြီးနေ့နှင့်ည ကွာခြားမှုမရှိချေ။ ထို့ကြောင့် မြို့တော်၌ ညစောင့်တစ်ယောက် ရှိနေခြင်းပေပင်။

“ ဒင် ... ဒင် ... ။ ”

ရုတ်တရက် မြို့အနှံ့ ပြန့်ကျဲနေသော လူအများသည် ရှေးဟောင်းနာရီကြီးများ၏ မြည်ဟည်းသံများကို ကြားလိုက်ရ၏။

ဤနည်းဖြင့် မြို့ထဲရှိလူအများသည် အချိန်ကုန်လွန်မှုကို သိရှိသွားစေတော့သည်။ အခန်းတစ်ခုထဲတွင် စုရီသည် တင်ပျဉ်ခွေ ထိုင်နေခဲ့၏။

သူ့ရှေ့၌သပ်ရပ်စွာ စီစဉ်ထားသော ဉာဏ်အလင်းကျောက်တုံး အတုံးနှစ်ဆယ်ကို စုပုံထားသည်။

ကျောက်တုံးတိုင်းသည် ခုနစ်ရောင်တောက်ပလျက် အလင်းရောင်များ ဖြာထွက်နေကာ အခန်းအတွင်း၌ လင်းကျင်းနေ၏။  

“ ဒီပမာဏလောက်နဲ့ ငါ့ရဲ့ဒုက္ခကို ကျော်လွှားပြီး ဧကရာဇ်ဖြစ်လာတဲ့အချိန်မှာ အသန့်ရှင်းဆုံးနဲ့ အစွမ်းထက်ဆုံး မူလချီကို သန့်စင်နိုင်ပါလိမ့်မယ်။ ”

ထို့နောက် ကျေနပ်မှုအရိပ်အယောင်ဖြင့် လက်ဝှေ့ယမ်းပြီး ကျောက်တုံးအတုံးနှစ်တုံးကို သိမ်းဆည်းလိုက်၏။

တစ်ဆက်တည်းမှာပင် ကောင်းကင်နိဗ္ဗာန်ကျောက်တုံး သုံးတုံးနှင့် သွေးဝိညာဉ်ကျောက်တုံး တစ်လုံးကို ထုတ်ယူ စတင်သန့်စင်တော့သည်။

ကောင်းကင်နိဗ္ဗာန် ကျောက်တုံးကို နတ်ဝိညာဉ်ကျောက်တုံးဟု ခေါ်ဆိုတတ်ကြပြီး နတ်အာရုံကိုသန့်စင်ပေးရာတွင် ပထမတန်းစား ရတနာဖြစ်၏။

ဤနည်းဖြင့် စိတ်ဝိညာဉ်သန့်ရှင်းကာ ဧကရာဇ်နယ်ပယ် ဓမ္မပုံရိပ်တည်ဆောက်ရာတွင် အကူအညီရနိုင်ပေမည်။

သွေးဝိညာဉ်ကျောက်တုံးအတွက်မူ ခန္ဓာကိုယ်ရှိ သွေးနှင့်ချီကိုသန့်စင်ပေးသည်။ အင်မော်တယ်သွေးနှင့် သန့်စင်သောချီ စွမ်းအားသည် ထာဝရအသက်နှင့် ထာဝရဝိညာဉ်ကို ရရှိနိုင်၏။ 

ကောင်းကင်နှင့် မြေကြီးကြား ဤသို့သောရတနာမျိုးသည် ဧကရာဇ်အဆင့် ဘီလူးအိုကြီးများကိုပင် တပ်မက်စေသည်။

ထိုသို့သောရတနာကို စုရီသည် ဝိညာဉ်တာအိုအဆင့်၌ သန့်စင်ရန် ကြိုးစား နေတော့၏။ အဆိုပါသတင်း ပြန့်နှံ့သွားသော် လူတိုင်း နှမျောစိတ်ဖြင့် သွေးအန်ပေမည်။

စုရီအတွက် စိတ်ဝိညာဉ်ကို သန့်စင်ပေးနိုင်သည့် နတ်ဝိညာဉ်ကျောက်တုံးမှာ တိုင်းတာ၍ မရသော ရတနာဖြစ်၏။

အသိစိတ်ပင်လယ်ထဲရှိ ငရဲဘုံကိုးပါးဓားရောင်ဝါကို အသုံးပြုခြင်းသည် များစွာသော စိတ်ဝိညာဉ်စွမ်းအားကို ကုန်ဆုံးစေသည်။

ထို့ကြောင့် စိတ်ဝိညာဉ်သန့်ရှင်းလာသော် ပြန်လည်ဖြည့်တင်းနိုင်နှုန်း မြင့်မားလာပေမည်။ မတော်ဆမှုသည်သာ မရှိသော် မိုးသောက်ချိန် ဝိညာဉ်တာအိုနယ်ပယ် ပြီးပြည့်စုံမှုသို့ ရောက်ရှိနိုင်ချေ၏။

ထိုအချိန်တွင် ကျင့်ကြံမှု၊ ဝိညာဉ်နှင့် တာအိုခန္ဓာကိုယ်သည် လုံးဝပြီးပြည့်စုံစွာဖြင့် ပေါင်းစပ်သွားပေမည်။

စုရီတစ်ယောက် ကျင့်ကြံနေချိန်တွင် ထာဝရညမြို့တော် တည်းခိုခန်းတစ်ခုအထဲ၌ ငရဲဘုရင်သည် ဟုန်ယင်နှင့် တွေ့ဆုံနေ၏။

“ အကြီးအကဲ လက်ဖက်ရည်သောက်ပါဦး။ ”

ဟုန်ယင်က အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လူငယ်တစ်ယောက်အသွင်ဖြင့် လက်ဖက်ရည်တစ်ခွက် ကမ်းပေးလိုက်၏။   

ထို့နောက် မဝေးလှသော ထိုင်ခုံတစ်ခုတွင် ထိုင်ချလိုက်ပြီး ဆွဲဆောင်မှုရှိကာလှပလွန်းသည့် ငရဲဘုရင်ထံ စိုက်ကြည့်နေသည်။

“ ငါဟာ အမိန့်အရ ပြန်လည်ဝင်စားခြင်း လျှို့ဝှက်ချက်တွေကိုစုံစမ်းဖို့ မရဏကမ္ဘာကို ရောက်လာခဲ့တာပဲ ... ဒါပေမယ့် ...

... မှားယွင်းစွာသေဆုံးခြင်းမြို့မှာ ဒီလောက်ကြာကြာ ပိတ်မိနေလိမ့်မယ်လို့ ငါတစ်ခါမှ မတွေးမိခဲ့ဖူးဘူး ...

... ဆန့်ကျင်ဘက်အနေနဲ့ နင်ကတော့ ကိုးနှစ်တည်းနဲ့ မြေအောက်ကမ္ဘာသင်္ချိုင်းမှာ ပြန်လည်ဝင်စားခြင်းရဲ့ လျှို့ဝှက်ချက်တွေ ရှိနိုင်တယ်ဆိုတာ ရှာဖွေတွေ့ရှိနေပြီ အဲဒါကငါ့ကို တကယ်အံ့သြမိစေတယ်။ ”

ငရဲဘုရင်က ရေနွေးကြမ်းခွက်ကို တစ်ချက်ကြည့်ကာ မသောက်ဘဲ စကားပြော ကြားလာ၏။ ဟုန်ယင်တစ်ယောက် ပြုံးလျက်၊

“ အကြီးအကဲရဲ့ ဒီလိုချီးကျူးမှုကို မခံယူဝံ့ပါဘူး ငါတို့အဖွဲ့က အခွင့်အရေးကောင်း တစ်ခုကို ဖမ်းမိလိုက်တာပါ ... ဒီအနက်ရောင် သင်္ဘောသာ မရှိရင် ...

... မြေအောက်ကမ္ဘာသင်္ချိုင်းလို တားမြစ်နယ်မြေကြီး ပင်လယ်ကြမ်းပြင်ကနေ ပေါ်ထွက်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ”

-ဟု ရှင်းပြလိုက်၏။ ငရဲဘုရင်က စိတ်မပါ့တပါဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် ရုတ်တရက် သတိရလာကာ၊

“ ငါပိတ်မိနေတဲ့ ဒီနှစ်တွေအတွင်းမှာ ဂိုဏ်းကအပြောင်းအလဲတွေ အများကြီးကို ကြုံခဲ့ရမယ် မဟုတ်လား။ ”   

-ဟု မေးမြန်းလိုက်သည်။

ထိုမေးခွန်းကြောင့် ဟုန်ယင်၏ မျက်လုံးများသည် အနည်းငယ်ထူးဆန်းသော အမူအရာမျိုးကို ပြသလာကာ၊

“ ကမ္ဘာကြီးက ပြောင်းလဲနေပြီး ... ဒီလောကမှာ ဘာမှတည်မြဲမနေပါဘူး ငါတို့ရဲ့ ကောင်းကင်ကိုးပါး နန်းတော်ဟာလည်း ချွင်းချက်မရှိပါ ...

... ဒါပေမယ့် ကောင်းကင်ဆန္ဒ ကြယ်နယ်မြေမှာတော့ ငါတို့ကောင်းကင်ကိုးပါး နန်းတော်က အလျှို့ဝှက်ဆုံးနဲ့ အမြင့်မြတ်ဆုံး အုပ်စိုးရှင်ဖြစ်နေဆဲပါပဲ ဂိုဏ်းအတွင်းမှာ ...

... ကောင်းကင်ဘုံလွတ်မြောက်သူ သုံးပါးဟာအမြဲရှိနေခဲ့ပြီး ကြယ်အရာရှိခုနစ်ပါးနဲ့၊ အာဏာပါးကွက်သား တစ်ဆယ့်ရှစ်ပါးကတော့ မျက်နှာသစ်တွေ ဝင်ရောက်လာပါပြီ။ ” 

ထိုအဖြေကိုကြားချိန်၌ ငရဲဘုရင်၏ အကြည့်များ အနည်းငယ် မှေးစင်းသွားသည်။ ဤသည်မှာ မျိုးဆက်ဟောင်းများ ပျောက်ကွယ် သွားသည်ဟု အဓိပ္ပါယ်ရ၏။

တစ်ဖက်တွင် မျိုးဆက်ဟောင်းများ၏ ခွန်အားကို မျိုးဆက်သစ်များမှ ကျော်လွန်ခြင်း သည်လည်း ဖြစ်နိုင်သည်။

“ ငါ့ရာထူး... အစားထိုးခံရပြီလား။ ”

ငရဲဘုရင်မှ သိချင်သွား၏။ ဟုန်ယင်တစ်ယောက် ခဏတာ တိတ်ဆိတ်နေ ပြီးနောက်၊

“ နှစ်ပေါင်းများစွာကြာအောင် ... ရာထူးလစ်လပ်သွားတဲ့အတွက် အကြီးအကဲ နေရာကို ငါ့အတွက်ပဲ အမြဲထားပေးမယ်လို့ လွတ်မြောက်သူက ပြောပါတယ်။ ”

“ ဟမ့် ... မင်းအတွက်လား။ ”

ငရဲဘုရင်ခမျာ အံ့အားသင့်သွား၏။ ဟုန်ယင်က အလိုဆန္ဒတစ်ခုကို ချက်ချင်း မျိုသိပ်လျက် ခေါင်းညိတ်ပြကာ၊

“ မှန်ပါတယ် ငါသာ ပြန်လည် ဝင်စားခြင်းအကြောင်း သဲလွန်စရှာတွေ့နိုင်ရင် ဂိုဏ်းကိုပြန်ရောက်တဲ့အခါ ရွှမ်ဟဲအဆင့်ကို ဝင်ရောက်နိုင်အောင် ကူညီပေးမယ်လို့ ...

... ဂိုဏ်းက ကတိပေးထားပါတယ် ... အဲဒီအချိန်မှာ အကြီးအကဲရဲ့လစ်လပ်နေရာကို ငါနဲ့အစားထိုးပြီး သတ္တမမြောက်ကြယ်အရာရှိ အသစ်အဖြစ်ခန့်အပ်မယ်လို့ ပြောပါတယ်။ ”

ဤတစ်ကြိမ်၌ သူ့မျက်ဝန်းများအတွင်း တောက်လောင်နေသောရမ္မက်သည် ငရဲမီးလျှံ အလား ဖြာကျလာ၏။

“ ဒါပေမယ့် မင်းက အခုချိန်မှာ ရွှမ်ယု အလယ်အလတ်အဆင့်မှာပဲ ရှိပါသေးတယ် ငါ မကြာခင် ဒီအခြေအနေကနေ လွတ်မြောက် လာနိုင်ပါတယ်။ ”

ဆိုလိုရင်းမှာ ရှင်း၏။ တစ်ဖက်လူသည် သူမနေရာအတွက် အစားထိုးရန် အရည်အချင်း မပြည့်မီကြောင်း သတိပေးလိုက်ခြင်းပေပင်။ သို့သော် ဟုန်ယင်သည် ယုံကြည်မှုရှိသော အပြုံးတစ်ခုပေါ်လာပြီး၊

“ အမှန်အတိုင်းပြောရရင် လွတ်မြောက်သူသုံးဦးစလုံးက ဒီကိစ္စအတွက် ဆွေးနွေးနေခဲ့တာကြာပါပြီ အကြီးအကဲသာ ဂိုဏ်းကိုပြန်လာခဲ့ရင် သူတို့က ရာထူးအသစ် စီစဉ်ပေးလိမ့်မယ်လို့ ပြောပါတယ်။ ”

“ ဘာရာထူးလဲ ... ။ ”

ငရဲဘုရင်က စိတ်ဝင်စားသွား၏။

“ သွေးထောင်အရာရှိ။ ”

“ ..... ။ ”

ဟုန်ယင်မှ တပ်မက်သောအကြည့်ကို မထိန်းချုပ်တော့ဘဲ ပြန်လည်ဖြေကြားသည်။ ဤအဖြေက ငရဲဘုရင်၏ ဆွဲဆောင်မှုရှိသော မျက်လုံးများတွင် သွေးကိုမြင်လာစေ၏။

ထိုအသက်ကြီးသော လူယုတ်မာသူသုံးဦးလုံးသည် အမှန်တကယ်ပင် ကောက်ကျစ်လွန်းချေပြီ။

သွေးထောင်အရာရှိသည် သွေးဂူကို ကြီးကြပ်ရန်နှင့် ယဇ်ပူဇော်ခြင်းများအတွက် တာဝန်ရှိသည်။  

ရာထူးမြင့်မားပုံရသော်လည်း ၎င်းသည် အမှန်တကယ် လွတ်လပ်ခွင့် အနည်းငယ်သာ ရှိ၏။ သွေးဂူကို စောင့်ကြပ်ရန် တစ်သက်တာ ဝန်ဆောင်ရပေမည်။

အဆင့်အတန်းအရ သွေးထောင် အရာရှိဟူသည် အာဏာပါးကွက်သားထက် အနည်းငယ်မြင့်မားပြီး ကြယ်အရာရှိထက် များစွာ နိမ့်ကျချေပြီ။

ထိုကဲ့သို့သော အစီအစဉ်ကြောင့် မည်သို့စိတ်ဓာတ်မကျဘဲ နေနိုင်မည်နည်း။ တစ်ဖက်တွင် ဟုန်ယင်သည် သူမမျက်နှာပေါ်ရှိ အဆက်မပြတ်ပြောင်းလဲနေသည့် အမူအရာကို သတိပြုမိကာပြုံး၏။  

“ ဒါပေမယ့် ... ငါ့မှာ တောင်းဆိုမှု တစ်ခုရှိနေပါတယ် အကြီးအကဲသာသဘောတူ လိုက်ရင် သတ္တမမြောက်ကြယ်အရာရှိရာထူးကို ငါစွန့်လွှတ်ပေးနိုင်ပါတယ်။ ”

“ ဟုတ်လား ပြောပါဦး။ ”

ဟုန်ယင်က ရှေ့သို့ အနည်းငယ် ကိုင်းညွှတ်လိုက်ပြီး ငရဲဘုရင်၏ခန္ဓာကိုယ်ကို ရဲရင့်စွာ စိုက်ကြည့်ကာ၊

“ ငါနဲ့အတူ နှစ်မွှာကျင့်ကြံပေးပြီး ရွှမ်ဟဲအဆင့်ကိုဝင်နိုင်အောင် ကူညီပေးပါ။ ”

-ဟု တောင်းဆိုလိုက်သည်။

နှစ်မွှာကျင့်ကြံခြင်းဟူသော စကားလုံးကိုသုံးလိုက်ချိန်၌ ဟုန်ယင်အတွက် လည်ချောင်းထဲ တင်းကျပ်လာပြီး ရုတ်တရက် ခြောက်သွေ့သွားတော့၏။

လျှို့ဝှက်ဆန်းကြယ်သော ဤမှော်ခန္ဓာမျိုးပိုင်ဆိုင်သည့် အမျိုးသမီးသည် သတ္တဝါအားလုံးကို ဆွဲဆောင်နိုင်ချေမည်။

မည်သည့် တန်ခိုးကြီးသတ္တဝါမဆို လိုချင်တပ်မက်စေမည့် အလွန်ကောင်းမွန်သော ကျင့်ကြံမှုဆေးအိုးလည်းဖြစ်၏။

တစ်ဖက်လူ၏ အံ့မခန်း အလှနှင့် တိတ်ဆိတ်ငြိမ်သက်ပြီး လွှမ်းမိုးနိုင်လွန်းသော အရှိန်အဝါသည် သူ့ကိုရူးသွပ်စေသည်မှာ ကြာပြီဖြစ်သည်။

အဝတ်အစားများကို ချက်ချင်းချွတ်ပြီး ရက်စက်စွာ ရိုက်နှက်အနိုင်ယူရန် တောင့်တနေ မိခဲ့ဖူးသည်။

ငရဲဘုရင်တစ်ယောက် မယုံကြည်နိုင်စွာ ဖြစ်သွားသည်။ ဟုန်ယင်၏မျက်လုံးများတွင် ဖုံးကွယ်မထားသော ရမ္မက်နှင့် ရွံ့ရှာဖွယ်ကို သူမမြင်နေရ၏။

အာဏာပါးကွက်သားတစ်ယောက်မှ ဤမျှပြောရဲနေသည့်အပေါ် ထိန်းမနိုင်သိမ်းမရ သတ်ဖြတ်လိုသောဆန္ဒတစ်ခု တိတ်တဆိတ် ထွက်ပေါ်လာခဲ့တော့သည်။

All Chapters