ထာဝရညမြို့မှ ထွက်ခွာခြင်း
Vol. 65 Ch. 771
စုရီတစ်ယောက် သူ့အခန်းထဲက ထွက်လာချိန်တွင် လျူချန်ရှန်းကို အသင့် မြင်လိုက်ရ၏။
ဤသည်မှာ မြေအောက်ကမ္ဘာ၏ အစွမ်းထက်ဘုရင်ခြောက်ပါးအနက် ဓားရူး အဖြစ် အဆင့်သတ်မှတ်ခံရသူဖြစ်၏။
ပိန်ပိန်ပါးပါး မီးခိုးရောင်လျှော်ပင် အဝတ်အစားများဝတ်ဆင်ထားကာ သာမန် ဖြစ်လေသည်။ သူ့ကျော၌ ဓားတစ်လက်ကို ချိတ်ဆွဲထားပြီး မျက်ဝန်းများသည် နေနှင့် လကဲ့သို့ တောက်ပနေ၏။
“ ညလူက မင်းကိုထာဝရညမြို့ကနေ ငါနဲ့အတူ လိုက်လာစေချင်တယ်လို့ ပြောတယ်။ ”
စုရီကိုမြင်ချိန်၌ လျူချန်ရှန်မှာ အနည်းငယ် အံ့အားသင့်သွားရ၏။ ဝိညာဉ်တာအိုနယ်ပယ်မှ လူငယ်တစ်ယောက်နှင့်အတူ ထွက်ခွာရန် ရွေးချယ်ရသည့်အပေါ် နားမလည်နိုင်ချေ။
“ ငါသူ့ကို အဲဒီလိုလုပ်ဖို့ မှာထားတယ်။ ”
စုရီမှ ပေါ့ပေါ့ပါးပါး ပြော၏။ လျူချန်ရှန် တစ်ယောက် မျက်ခုံးပင့်လိုက်သည်။ ဤစကား အတွင်း မည်မျှ မာနကြီးသည်ကို မြင်နိုင်၏။
ဤကမ္ဘာကြီး၌ ညလူတစ်ယောက်ကို ထိုအရာများလုပ်တတ်အောင် သင်ပေးနိုင်တဲ့သူ တစ်ယောက်မျှ မကြားဖူးချေ။ အတွေးထဲ စိတ်ကူးများပေါ်လာ၏။
ဆိုလိုသည်မှာ တစ်ဖက်လူသည် အားနည်းနေသော်လည်း တမလွန်ဂိုဏ်းကို ရင်ဆိုင်ရန် နည်းလမ်းများရှိနေပုံရမည်။
ယင်းသည် သူကိုယ်တိုင်ပင် မရဏကမ္ဘာအထွတ်အထိပ်တွင် ရပ်နေနိုင်သည့် ဓားသမားတစ်ယောက်ဖြစ်သော်မှ တစ်ဖက်လူ နောက်ခံကို မသိနိုင်သည့်အပေါ် အနည်းငယ် အနှောင့်အယှက်ဖြစ်စေသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော တမလွန်ဂိုဏ်းသားများသည် သူ့ကဲ့သို့လူကိုပင် ထာဝရညမြို့၌ ခိုလှုံရသည်အထိ အတင်းအကျပ်စေခိုင်းနိုင်၏။
၎င်းတို့၏စွမ်းအားသည် မရဏ ကမ္ဘာကြီးအတွင်း ထိပ်တန်းမျိုးနွယ်များစွာကို ခြိမ်းခြောက်ရန် လုံလောက်နေသည်။
အဆုံးတွင် ရှုပ်ထွေးနေသော အတွေးများကိုဖိနှိပ်ပြီး၊
“ မိတ်ဆွေလေး ... ငါတို့ ဘယ်တော့ ထွက်ကြမလဲ။ ”
-ဟု မေးမြန်းလိုက်၏။
ဤလူငယ်ကို ယုံကြည်မှု မရှိသော်လည်း ထိုညလူသည် သစ္စာဖောက်လိမ့်မည် မဟုတ်ဟု ယုံကြည်လိုက်ရသည်။
“ ငါတို့ထွက်မသွားခင် တစ်ခုခု အတည်ပြုဖို့လိုတယ်။ ”
“ ကျေးဇူးပြုပြီး လွတ်လပ်စွာပြောပါ။ ”
“ ကျန်းပေ့ချီက မင်းကိုသတ်ဖို့လား ... ဒါမှမဟုတ် မင်းကိုကူညီဖို့ ထာဝရညမြို့တော်ကို ရောက်လာတာလား။ ”
ထိုစကားကိုကြားချိန်၌ လျူချန်ရှန်က အံ့အားသင့်သွားပြီး မျက်လုံးများတောက်ပလာ လေသည်။
“ မင်း ဘာကိုဆိုလိုတာလဲ မိတ်ဆွေ။”
“ မိတ်ဆွေလား၊ ရန်သူလား၊ အရင်ဆုံးရှင်းရှင်းလင်းလင်း သိသင့်တယ်။ ”
ဤလူငယ်သည် ကျန်းပေ့ချီနှင့် သူ၏ဆက်ဆံရေးကို သိပြီးသားဖြစ်နိုင်ကြောင်း လျူချန်ရှန်မှ သဘောပေါက်လိုက်သည်။
“ သူက ... ငါ့ကို တခြားတစ်ယောက် သတ်တာကို မကြည့်ချင်ဘူး။ ”
“ ကောင်းပြီ ... သွားကြစို့။ ”
စုရီက ခေါင်းညိတ်ပြပြီး ခြံဝင်းထဲမှ ထွက်သွားသည်။ လျူချန်ရှန်မှ မျက်ခုံးပင့်လျက် တိတ်ဆိတ်စွာ လိုက်ပါလာ၏။ ထာဝရညမြို့၏ လမ်းမပေါ်တွင် ထိုမြင်ကွင်းသည် လူတိုင်းကို ဆွဲဆောင်နိုင်ခဲ့သည်။
လျူချန်ရှန်သည် မရဏကမ္ဘာ၌ နာမည်ကြီး၏။ ထို့ကြောင့် ခဏချင်းမှာပင် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။
“ ဟမ့် ... အဲဒီညလူက လျူချန်ရှန်ကို ကူညီဖို့မကြိုးစားတော့ဘူးလား။ ”
ဟုန်ယင်သည်လည်း သတင်းကို ကြားသိလိုက်ရကာ အံ့အားသင့်သွားလေသည်။ ချက်ချင်း မတ်တပ်ရပ်ပြီး၊
“ ကြည့်ရတာ ဒီရက်ပိုင်းအတွင်း ကောင်းတဲ့အရာတွေ တစ်ခုပြီးတစ်ခု ငါ့ဆီ လာနေပုံရတယ်။ ”
-ဟု ညည်းတွားတော့၏။ သူ့ဘေးရှိ အဘိုးကြီးတစ်ဦးက၊
“ သခင် ... လျူချန်ရှန် ဒီတစ်ခါ တစ်ယောက်တည်း ထွက်လာတာမဟုတ်ပါဘူး။ ”
-ဟု သတင်းပေးသည်။
“ ဝိုး ... ဟုတ်လား ဘယ်သူပါသေးလဲ။ ”
“ ကျောက်စိမ်းရောင် ဝတ်ရုံဝတ်ထားတဲ့ လူငယ်တစ်ယောက်ပါပဲ ... အဲဒီကောင်လေးက ထာဝရညမြို့ကို မိုးကြိုးနတ်ဆိုးဝမ်ချုံးလုနဲ့ ရောက်လာသူပါ ...
... သခင် ... မင်းသိတဲ့အတိုင်းပဲ ... မိုးကြိုးနတ်ဆိုးဝမ်ချုံးလုကို လိုက်ရှာဖို့အတွက် ထောင်မှူးနှစ်ယောက် စေလွှတ်ထားတာ သူတို့အားလုံး သေဆုံးသွားပါပြီ။ ”
ဟုန်ယင်မှ မျက်မှောင်ကြုတ်လိုက်သည်။
“ အဲဒီလူငယ်က ထူးဆန်းလို့လား။ ”
အဘိုးကြီးက တွန့်ဆုတ်သွား၏။
“ တကယ်တော့ သူက အရမ်းထူးဆန်းနေပါတယ် ဘာလို့လဲဆိုတော့ သူ့ကျင့်ကြံမှုက ...
... ဝိညာဉ်တာအိုနယ်ပယ်မှာပဲ ရှိတာမို့ အားနည်းလွန်းတယ် ထောင်မှူးနှစ်ယောက်ကို သတ်ခဲ့တာသူလို့ ပြောရင် မယုံနိုင်စရာပါပဲ။”
“ ဒီကောင်လေးလား ... ။ ”
ဟုန်ယင်က ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး အင်္ကျီလက်ဝှေ့ယမ်းပြလိုက်၏။ လေဟာနယ်အတွင်း အလင်းများရစ်သိုင်းလျက် လူငယ်တစ်ယောက်ပေါ်လာသည်။
ကျောက်စိမ်းရောင်ဝတ် လူငယ်သည် ကြိမ်ကုလားထိုင်ပေါ်တွင် ပျင်းရိစွာထိုင်နေပြီး လိမ္မော်ရောင် ကြောင်တစ်ကောင်ကို ပွေ့ဖက်ထားသည့် ပုံဖြစ်၏။
“ ဟုတ်တယ် သူပဲ ... ။ ”
ဟုန်ယင်က သူ့လက်ချောင်းကို လှုပ်လိုက်သောအခါ အလင်းမြင်ကွင်းသည် ချက်ချင်းပျောက်ကွယ်သွားသည်။ ထို့နောက် မျက်မှောင်ကြုတ်ပြီး၊
“ ဒီကောင်လေးက တကယ့်ကို ထူးဆန်းလွန်းပါတယ် ကျင့်ကြံမှုအားနည်းနေ ပေမယ့်လည်း နောက်ခံကတော့ အလွန်ထူးခြားတယ်။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
လွန်ခဲ့သည့်ရက်က ညလူခြံထဲတွင် ဤလူငယ်ကို မြင်ထားဖူး၏။ ထိုလူငယ်သည် သတ္တမကြယ်အရာရှိနှင့် အတူထိုင်နေပြီး စကားစမြည် ပြောကြားနေခဲ့သည်။
“ သတ္တမကြယ်အရာရှိကို ဆက်သွယ်ပါ လျူချန်ရှန်ဟာ ထာဝရညမြို့ကနေထွက်ခွာဖို့ စီစဉ်နေပြီး ငါတို့စစ်ဆင်ရေးကိုအခုစမယ်လို့ သတင်းပေးလိုက်။ ”
ဟုန်ယင်က အမိန့်ပေးလိုက်၏။ သူ့အမြင်အရ သတ္တမကြယ်အရာရှိသည် လူငယ် နောက်ခံကို သိနိုင်ပေမည်။ သည့်ပြင် သူမသည် ညှိနှိုင်းမှုကို သဘောတူထား၏။
“ ဟုတ်ကဲ့ ... ။ ”
အဘိုးကြီးမှ အလျင်အမြန် ထွက်သွားတော့သည်။
***
ယီလောင်က ပြတင်းပေါက်မှနေပြီး လမ်းမပေါ်ရှိမြင်ကွင်းထံ ကြည့်နေလေသည်။ ကျောက်စိမ်းရောင်ဝတ်လူငယ်သည် လျူချန်ရှန် နှင့်အတူ မြို့ပြင်သို့ လျှောက်လှမ်းသွား၏။
ဆေးအိုးခန်းမအကြီးအကဲကို ဝိညာဉ်ရှာဖွေမှုအရ ထိုလူငယ်လက်ထဲတွင် ဉာဏ်အလင်းကျောက်တုံးများ ရှိနိုင်ပေမည်။ အဘယ့်ကြောင့်ဆိုသော် ညလူသည် အသုံးပြုစရာ မရှိချေ။
ထို့ကြောင့် သခင်ကြောင်၏ လုယက်မှုသည် ဤလူငယ်ထံရောက်ရှိသွားနိုင်မည်။ ယနေ့တွင် အဆိုပါလူငယ်သည် မြို့မှထွက်ခွာရန်ပြင်နေ၏။
ဤအခွင့်အရေးကို အသုံးချကာ ဉာဏ်အလင်းကျောက်တုံးများကို ပြန်လည် ဝယ်ယူနိုင်ပေမည်။ အတွေးဖြင့် ချက်ချင်း ထရပ်လိုက်ကာ လက်နှစ်ဖက် နောက်ပို့လျက် မြို့ပြင်သို့ လိုက်ပါသွားတော့သည်။
“ ဝူး ... ။ ”
မြို့ပြင်တစ်နေရာတွင် လေထုအလယ် မှုန်ဝါးဝါးလှေတစ်စင်း ချက်ချင်းပေါ်လာ၏။ စုရီက လှေဦးပိုင်းသို့ ရွေ့လျားသွားကာ၊
“ မင်း ပဲ့ကိုင်လိုက်။ ”
- ဟု အမိန့်ပေးလိုက်သည်။
လျူချန်ရှင်ခမျာ အံ့အားသင့်သွား၏။ အထူးသဖြင့် ဝိညာဉ်တာအိုနယ်ပယ် လူငယ် တစ်ဦးထံမှ ဤသို့ အမိန့်ပေးခံရလိမ့်မည်ဟု မျှော်လင့်မထားချေ။
သို့သော် ညလူ၏ ညွှန်ကြားချက်ကို သတိပြန်ရကာ မသက်မသာဖြစ်မှုအပေါ်ဖိနှိပ် လျက်ဖြင့်၊
“ ဘယ်ကိုသွားမလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
“ မြေအောက်သင်္ချုင်း။ ”
စုရီက သက်တောင့်သက်သာ နေရာယူလိုက်ကာ ဝိုင်တစ်လုံးကို ထုတ်သောက် လိုက်လေသည်။ ထာဝရညမြို့တော်မှ ထွက်ခွာ လာချိန်တွင် သူသည် ညစောင့်ထံမှ ဝိုင်အချို့ ယူဆောင်လာခဲ့၏။
လျူချန်ရှန်က ထပ်မပြောတော့ဘဲ ထာဝရလှေကို မောင်းနှင်ထွက်ခွာလိုက်သည်။ ထာဝရညမြို့တော်၏ တည်ရှိရာအရပ်နှင့် ဝေးကွာလာသောအခါ ကောင်းကင်သည် ပြန်လည်တောက်ပလာ၏။
နာရီပေါင်းများစွာ အမှောင်ထဲ နေထိုင်ခဲ့ရပြီးနောက် ရုတ်တရက် ထိုကဲ့သို့သော နေ့အလင်းရောင်ကို မြင်လိုက်ရချိန်တွင် စုရီ ရင်ထဲ၌ နွေးထွေးလာခဲ့သည်။
“ မိတ်ဆွေ ... ငါ့မင်းကို ထုံးကွယ်မထားတော့ပါဘူး ... မကြာသေးခင်က ဒဏ်ရာတွေရရှိခဲ့ပြီး အပြည့်အဝ ပြန်ကောင်း လာတာမျိုးလည်း မရှိသေးဘူး ... ငါ့အစွမ်းရဲ့ အများဆုံး (၇၀%)လောက်ပဲ ...
... ငါသုံးနိုင်ပါတယ် ... ဒါကြောင့် ငါ့ရန်သူတွေကို သေတဲ့အထိတိုက်ရင်တောင် မယှဉ်နိုင်တော့မှာ ကြောက်မိတယ်။ ”
“ ငါသိတယ် ... ။ ”
စုရီက အံ့သြခြင်းမရှိဘဲ တုန့်ပြန်လာသဖြင့် လျူချန်ရှန်တစ်ယောက် မျက်လုံးပြူးသွားသည်။ သို့တိုင် သူ့စကားကို ဆက်ပြောလိုက်၏။
“ ငါ့ဂိုဏ်းတူညီငယ် ကျန်းပေ့ချီက ကူညီပေးလာခဲ့ရင်တောင်မှ အများဆုံးတော့ မျှော်လင့်နိုင်တာဆိုလို့ အချိန်ဆွဲနိုင်ရုံပါပဲ အနိုင်ရဖို့ အခွင့်အလမ်းမရှိဘူး။ ”
ဤတစ်ကြိမ်၌ သူ့အသံသည် အဆုံးတွင် နည်းနည်းတိုးသွား၏။ ရန်သူသည် ထူးခြားသော စွမ်းအားတစ်ခုကို အသုံးပြုနိုင်နေသည်။ ယင်းသည် သူ့ကို ကူကယ်ရာမဲ့စေ၏။
“ ကျန်းပေ့ချီရဲ့ ဓားပညာက အထင်ကြီးစရာပေမယ့် အာဏာပါးကွက်သား အဆင့် မင်းရန်သူကို ယှဉ်နိုင်လောက်အောင် မလုံလောက်တာငါသိတယ်။ ”
“ ဟမ့် အာဏာပါးကွက်သားလား။ ”
လျူချန်ရှန်မှ မျက်ခုံးပင့်လိုက်၏။ ထိုအမည်သည်ပင် သူ့နှလုံးသားကို အေးစက် စေလေသည်။ အားဏာပါးကွက်သားဟူသည် ဤလောကတွင် သတ်ဖြတ်ခြင်းအတွက် မွေးဖွားလာသူများဖြစ်၏။
“ မိတ်ဆွေ ငါ့ကို ရှင်းပြပေးနိုင်မလား။ ”
လျူချန်ရှန်မှ မေးသည်။ စုရီက ပင်လယ်ပြင်ကို ငေးကြည့်လျက် ဝိုင်အိုးကို မော့သောက်လိုက်ပြီး၊
“ မင်းရဲ့ ရန်သူက ကောင်းကင်ဆန္ဒနယ်မြေက လာတဲ့ အင်အားစု တစ်ခုပဲ ... သူတို့ရဲ့အားကိုးရာက ကောင်းကင် ဆန္ဒဥပဒေလို့ ခေါ်တဲ့ တာအိုကပ်ဘေးပါ ...
... မင်းသတ်လိုက်တဲ့ လူက ထောင်စောင့်အဆင့်ပဲရှိပြီး လက်ရှိအဖွဲ့ကို ဦးဆောင်နေတာက အာဏာပါးကွက်သား တစ်ယောက်ပဲ သူ့လက်အောက်မှာ ထောင်မှူးနဲ့ ထောင်စောင့်တွေ ရှိတယ်။ ”
စုရီက မည်သည့်အရာမျှ ဖုံးကွယ်မထားတော့ဘဲ ကောင်းကင်ဘုံကိုးပါး နန်းတော်အကြောင်း အကျဉ်းချုံး ပြောပြလိုက်လေသည်။
“ ဒါဆို သူတို့က ကြယ်တွေပြည့်နေတဲ့ ကောင်းကင်ရဲ့ အနက်ဆုံးကနေ လာကြတာပေါ့ … ။ ”
လျူချန်ရှန်တစ်ယောက် သဘောပေါက်သွားသလို တုန်လှုပ်သွားသည်။ ကြည်တွေပြည့်နေတဲ့ ကောင်းကင်ကြီးအတွင်းမှ မည်သူမဆို လွယ်ကူမည်မဟုတ်ချေ။
တစ်ဆက်တည်းမှာပင် စုရီထံ မသိမသာပြန်ကြည့်သည်။ ဤလူငယ်လေးသည် ကျင့်ကြံမှုနိမ့်ကျပြီး ထိုမျှသောလျှို့ဝှက်ချက်များ သိရှိနေ၏။ မယုံနိုင်စရာပေပင်။
“ မိတ်ဆွေလေး ... ဒီတာအိုကပ်ဘေး စွမ်းအားကို ဘယ်လိုဖြေရှင်းသင့်တယ်ထင်လဲ။ ”
“ တကယ်တိုက်ခိုက်ရမယ့် အချိန်ရောက်လာရင်တော့ မင်းနဲ့ကျန်းပေ့ချီက ထိန်းထားပေးပါ ငါသူတို့ကိုသတ်ပစ်မယ်။ ”
လျူချန်ရှန်သည် သူ့ဘဝတလျှောက် တိုက်ပွဲပေါင်းများစွာ ဖြတ်ကျော်နိုင်သော်လည်း ဤစကားလောက် ကြောက်စရာကောင်းသည့် စကားမျိုးမကြားဖူးချေ။
“ အဲဒီလောက် ရိုးရှင်းလား မိတ်ဆွေလေး။ ”
“ ဟုတ်တယ်၊ မင်းထင်တာထက်ကို ရိုးရှင်းပါတယ်။ ”
လျူချန်ရှန်မှ စကားမပြောနိုင်တော့ချေ။ သူသည် ရွှမ်ယုအဆင့် ပြီးပြည့်စုံမှုကို ရရှိထား သော်လည်း တမလွန်ဂိုဏ်း၏စွမ်းအားအပေါါ ဖြေရှင်းရန် နည်းလမ်းမရှိချေ။
တစ်ဖက်တွင် ဝိညာဉ်တာအိုနယ်ပယ် လူငယ်တစ်ယောက်သည် ထိုအင်အားစုများကို ကြက်ကလေးများကဲ့သို့ သဘောထားနေ၏။ တစ်ဖက်တွင် စုရီသည် မျက်ဝန်းများ မှိတ်ကာအနားယူနေသည်။
လျူချန်ရှန်ဟူသည် တစ်ချိန်က အလွန်ကောင်းမွန်သော ခရီးသွားဖော်ကောင်း တစ်ယောက် ပေပင်။ ယခုမူ တမလွန်ဂိုဏ်းသား များကြောင့် စိတ်အခြေအနေ ယို့ယွင်းနေပြီ ဖြစ်လေသည်။
“ လျူချန်ရှန်၊ ငါ မင်းကို စောင့်နေတာကြာပြီ။ ”
ရုတ်တရက် နဂါးတစ်ကောင်ဟိန်းသံနှင့် ကျားတစ်ကောင်၏ အော်သံကဲ့သို့ အသံမျိုးကြီး ချက်ချင်းပဲ့တင်ထပ်လာသည်။
ခဏအတွင်းမှာပင် လှိုင်းလုံးများ ငြိမ်သက်သွားကာ လေးလံသောဖိအားများ ဆင်းသက်လာတော့၏။
“ သူတို့ ရောက်လာပြီ။ ”
လူတစ်စုသည် ဝေးလံသောအရပ်၌ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာ သည်ကို မြင်လိုက်ရလေသည်။