ဆရာ၊ အဲဒါ မင်းလား ...
Vol. 65 Ch. 775
ဓားမြည်သံ နားထဲဝင်လာသောအခါ ဟုန်ယင်ဝိညာဉ်သည် နာကျင်မှုများ ရုတ်တရက် ခံစားလာရလေသည်။ မရေမတွက်နိုင်သော ထက်ရှသည့်ဓားများဖြင့် တစ်ပြိုင်နက်တည်း လှီးဖြတ်ခံနေရသလိုပေပင်။
ရွှမ်ယုတာအိုကိုစုစည်းထားပြီး ဇာတိဓမ္မပုံရိပ်ကို ပိုင်ဆိုင်ထားခဲ့သော်လည် ထိုဓားသည် ထိုးဖောက်လာနိုင်၏။ ကြောက်စရာ ကောင်းလွန်းချေမည်။
“ ရွှပ် ... ။ ”
ထိုမျှတဒင်္ဂလေးအတွင်းမှာပင် နာကျင်မှုလျော့ပါးသွားကာ ခေါင်းနှင့်ခန္ဓာ အိုးစားကွဲသွားခဲ့ချေပြီ။
အဆုံးတွင် ဟုန်ယင်၏ မလိုလားအပ်သော အကြည့်အောက်တွင် သူ့တာအိုခန္ဓာကိုယ်သည် မရေမတွက်နိုင်သော ပြာမှုန်အဖြစ်ပြောင်းပြီး အာကာသထဲ ပြန့်ကျဲသွားတော့၏။
“ ငါအခု နားလည်သွားပြီ ... ငါတို့ဂိုဏ်းချုပ်ကြီးက နှစ်ပေါင်းများစွာ ရှာဖွေ နေခဲ့တဲ့သူက မင်းပဲ ... ။ ”
“ ဝုန်း ... ။ ”
ဟုန်ယင်အကြည့်များက စုရီထံ ရောက်ရှိသွားပြီးနောက် လုံးဝသတိလစ်သွား၏။ လူအများ၏ အံ့အားသင့်နေသော အကြည့်များ အောက်တွင် ဟုန်ယင်၏ဦးခေါင်းသည် ပေါက်ကွဲပျောက်ကွယ်သွားချေပြီ။
လေထုအလယ် ရှင်ခြင်းနှင့် သေခြင်း ဗုဒ္ဓတံဆိပ်သည် ရုတ်တရက် ပြန်၍မှိန်သွား၏။ ငရဲဘုရင်က ဖမ်းဆွဲကာသိမ်းယူလိုက်သည်။
ဤသို့ဖြင့် တိုက်ပွဲပြီးဆုံးသွားကာ ဟုန်ယင်နှင့်အတူ လိုက်ပါလာသော အဖွဲ့ဝင် ခုနစ်ဦးစလုံး သေဆုံးသွားကြ၏။
မူလက ဟုန်ယင်မသေဆုံးမီတွင် ထုတ်လွှတ်တော့မည့် တားမြစ်နည်းစနစ်သည် ကြောက်ရွံ့ တုန်လှုပ်စေလောက်အောင် လုံလောက်လေသည်။
သို့သော် ဤတားမြစ်နည်းစနစ်ကို အမှန်တကယ် မထုတ်လွှတ်နိုင်မီ အလွယ်တကူ သေဆုံးလိမ့်မည်ဟု မည်သူမျှ မထင်ထားချေ။
“ ဒီဓားအမိန့်သံက ဘယ်လို စွမ်းအားမျိုးကြီးလဲ ရွှမ်ယုဧကရာဇ်ရဲ့ဝိညာဉ်ကို ဒီလိုထိခိုက်စေနိုင်တယ်ပေါ့။ ”
ယီလောင် မျက်နှာအမူအရာသည် မသေချာမရေရာမှုများဖြင့် စိတ်ရှုပ်ထွေးသွား၏။ ထိုဓားမြည်သံတွင် ထူးဆန်းပြီး မှိန်ဖျော့ဖျော့ ဓားအမိန့်တစ်ခုပါရှိကြောင်း ကောင်းကောင်း ခံစားမိခဲ့သည်။
“ ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ။ ”
တစ်ဖက်တွင် ငရဲဘုရင်သည် ထိတ်လန့်သွား၏။ စုရီသည် အင်မော်တယ်တူ မပါဘဲ သူမကို တိုက်ခိုက်နိုင်ကြောင်း နားလည်လာသည်။
“ ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး အနာဂတ်မှာ မင်းနဲ့ပူးပေါင်းဖို့ အခွင့်အရေးတွေ အများကြီးရလိမ့်မယ်လို့ ငါယုံကြည်တယ်။ ”
“ တာအိုမိတ်ဆွေ စိတ်မပျက်စေရပါဘူး။ ”
ငရဲဘုရင်မှ ပြုံးလိုက်၏။ ထိုအပြုံးသည် ဖော်ပြ၍မရအောင်လှပပြီး မှော်ဆန်လွန်းသဖြင့် ဧကရာဇ်များအားလုံး အံ့သြသွားသည်။
“ မင်းရော ငါ့အရည်အချင်းနဲ့ ပတ်သတ်ပြီး ပြောစရာရှိသေးလား။ ”
ထိုစဉ် စုရီက ရုတ်တရက်ပြန်လှည့်ကာ ယီလောင်ကိုမေးမြန်းလိုက်သည်။ လူတိုင်း၏ အကြည့်များ ကျရောက်သွား၏။
“ ငါ့အမြင်မှားသွားတာ ဝန်ခံပါတယ်။ ”
ယီလောင်က သူ့နှာခေါင်းကို ပွတ်သပ်ပြီး ပြန်ဖြေ၏။ သို့တိုင် ချက်ချင်းပြုံးပြကာ စုရီနှင့် အကြည့်ချင်းဆုံလျက်၊
“ ဒါပေမယ့် ငါဒါကို အလွယ်တကူ လွှတ်မပေးနိုင်ဘူး။ ”
-ဟု ပြတ်သားစွာ ဆိုတော့သည်။ စုရီတစ်ယောက် မျက်ခုံးပင့်ကာ လျိုချန်ရှန်နှင့် အခြားသူများထံ လှည့်ကြည့်ပြီး၊
“ လူတိုင်း၊ ငါ့ကိုကျေးဇူးပြုပြီး ... အဲဒီကလေးကို သင်ခန်းစာတစ်ခု သင်ပေးပါဦး။ ”
-ဟုတောင်းဆိုလိုက်တော့သည်။
“ ကောင်းပြီ ... စိတ်မပျက်စေရပါဘူး။ ”
လျိုချန်ရှန်၊ ကျန်းပေ့ချီနှင့် အခြားသူများက အလွယ်တကူ သဘောတူပြီး သတ်ဖြတ်လိုသော ရည်ရွယ်ချက်ဖြင့် ပြေးတက်သွားကြသည်။ ငရဲဘုရင်ပင် စမ်းကြည့်ချင်စိတ်ဝင်လာ၏။
ထိုမြင်ကွင်းက ယီလောင်ကို မျက်နှာအမူအရာသည် ချက်ချင်းပြောင်းစေကာ လှည့်ထွက်ပြေးသွားတော့သည်။
မရဏကမ္ဘာ၏ အထွတ်အထိပ်တွင် ရပ်နေသော ဤလူအိုကြီးများစွာ၏ ဝိုင်းရံမှုကို ရင်ဆိုင်ရသောအခါ သူမည်မျှပင် ယုံကြည်မှု ရှိနေပါစေ အကျိုးမရှိသည့် တိုက်ပွဲတစ်ခုသာ ဖြစ်လာပေလိမ့်မည်။
“ ကောင်လေး၊ မင်းစောင့်ကြည့်နေပါ ငါတို့မပြီးသေးဘူး။ ”
ယီလောင်အသံတွင် ဒေါသများ ရောယှက်လျက် အဝေးမှ ပျံ့လွင့်ကျန်ရစ်ခဲ့၏။
“ ဟားဟားဟား ... ။ ”
စုရီတစ်ယောက် သဘောကျစွာ ရယ်မောလိုက်သည်။ ဤကောင်လေးသည် ယခင်ကဲ့သို့ပင် လိုအပ်နေသေးကြောင်း နားလည်လိုက်ချေပြီ။
“ ငါ့အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ တာအိုမိတ်ဆွေ။ ”
ဤအချိန်တွင် လျိုချန်ရှန်သည် ရှေ့သို့တိုးလာပြီး လေးစားစွာ ဦးညွှတ်လျက် ရှက်ရွံ့နေပုံရလေသည်။
“ ငါအရင်က မျက်စိကန်းခဲ့ဖူးပါတယ် ... ဒါကမင်းကို စိတ်အနှောင့်အယှက် ဖြစ်စေရင် ခွင့်လွှတ်ပါ။ ”
ကျန်းပေ့ချီသည်လည်း လေးစားမှု အရိပ်အယောင်ဖြင့် ပြောကြားသည်။ ဝမ်ချုံးလု အတွက်မူ ရှုပ်ထွေးနေတော့၏။ အစောပိုင်း မျက်စိကန်းသည့်အထဲ သူသည်လည်း အပါအဝင်ပေပင်။
“ ကောင်းပြီ၊ ကိစ္စပြီးပြီ မင်းတို့အခု ထာဝရညမြို့ကို ပြန်သွားသင့်တယ်။ ”
ထို့နောက် စုရီက ထွက်သွားရန် ပြင်လိုက်သည်။
“ ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်။ ”
ငရဲဘုရင်က စုရီ၏ ခွင့်ပြုချက်ကိုပင် မတောင်းတော့ဘဲ ထာဝရလှေငယ်အပေါ်သို့ ချက်ချင်းပျံသန်းသွား၏။
“ ငါဘယ်သွားမလို့လဲလို့ မမေးဘူးလား။ ”
စုရီက မျက်ခုံးပင့်လိုက်သည်။ ငရဲဘုရင်မှ လှေနောက်မြီးတွင် နေရာယူလျက်၊
“ ဘယ်သွားသွား အရေးမကြီးပါဘူး။ ”
-ဟု ပြန်ဖြေသည်။
“ နှုတ်ဆက်ပါတယ် ... ။ ”
စုရီက သူမနှင့် စကားမဆိုတော့ဘဲ လေထုအလယ်ရပ်နေသည့် လျိုချန်ရှန်နှင့် အခြားသူများထံမော့ကြည့်ကာ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
“ ဂရုစိုက်ပါ၊ တာအိုမိတ်ဆွေ။ ”
ထို့နောက်တွင် လှေငယ်တစ်စင်းသည် ကျယ်ပြောလှသော ပင်လယ်ပြင်အတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားတော့၏။
“ တာအိုလျူ ... တာအိုစုရဲ့မူလကို မင်းမြင်နိုင်လား။ ”
ထာဝရညမြို့သို့ အပြန်တွင် ဝမ်ချုံးလုမှ သည်းမခံနိုင်တော့ဘဲ မေးမြန်းလိုက်၏။ နတ်ဆိုး စစ်သူကြီး(၁၃ )ဦးသည်လည်း နားစွင့်ကုန်သည်။
လျူချန်ရှန်က အနည်းငယ် တိတ်ဆိတ်သွားပြီး အဆုံး၌ ခေါင်းခါပြကာ ‘ပြောရခက်တယ်’-ဟု တုန့်ပြန်လာ၏။
သူ မသိခြင်းမဟုတ်ဘဲ စိတ်ထဲတွင် ပြောရခက်သော ခန့်မှန်းချက်အချို့ ရှိနေပြီးသား ဖြစ်သည်ကို မြင်သာနေသည်။ ဝမ်ချုံးလုက ကျန်းပေ့ချီထံ လှည့်သွား၏။
“ တာအိုကျန်း ... ခင်ဗျားရော ဘယ်လိုလဲ။ ”
“ ဟမ့် ... ဒီမတိုင်မီက မင်းနဲ့တာအိုစုတို့ နှစ်ယောက်လုံး ညလူဆီကို အတူတူလာခဲ့တာ မဟုတ်ဘူးလား။ ”
ကျန်းပေ့ချီက ဝမ်ချုံးလုထံ ထူးဆန်းစွာ ပြန်ကြည့်လေသည်။ ဝမ်ချုံးလုမှ ရှုပ်ထွေးစွာ ခေါင်းညိတ်လျက်၊
“ မှန်ပါတယ် ... အဲဒီတုန်းက သူ့ကို နတ်ဓားရှင်ရွှမ်ကြွယ်ရဲ့မျိုးဆက်လို့ သံသယ ဝင်ခဲ့ဖူးတယ် ဒါပေမယ့် ... သူက သူ့ကိုယ်သူ စုရွှမ်ကြွယ်လို့ပြောခဲ့တယ်။ ”
-ဟု တုန့်ပြန်၏။ လူတိုင်း တိတ်ဆိတ်သွားလေသည်။ အဆုံး၌ ဝမ်ချုံးလုက သက်ပြင်းချပြီး၊
“ ဒီလိုဖော်ပြချက်က ငါ့ရဲ့ဉာဏ်ရည်ကို စော်ကားတာထင်ရှားပါတယ် စုရွှမ်ကြွယ်အဖြစ် သူ့လို ဆယ်ကျော်သက်တစ်ယောက်က ဟန်ဆောင်ဝံ့တာ မယုံနိုင်စရာပါပဲ။ ”
“ မှန်တယ် ... ။ ”
နတ်ဆိုးစစ်သူကြီး (၁၃)ယောက်က အထပ်ထပ် ခေါင်းညိတ်ကာ ထောက်ခံလိုက်၏။ တစ်ဖက်တွင် လျူချန်ရှန်းနှင့်ကျန်းပေ့ချီသည် မျက်နှာအမူအရာများ ပြောင်းလဲလာသည်။ ဝမ်ချုံးလုက သတိမထားမိချေ။
“ ညလူကို ... တာအိုစုအကြောင်း မေးကြည့်ပေမယ့် မဖြေဘူး ... ဆန့်ကျင်ဘက် အနေနဲ့ အဲဒီစာငှက်က ငါ့ရဲ့ညံ့ဖျင်းတဲ့ မျက်စိကို လှောင်ပြောင်နေခဲ့သေးတယ် … ။ ”
“ ဟားဟားဟား ... ။ ”
ဤတစ်ကြိမ်တွင် ကျန်းပေ့ချီသည် သည်းမခံနိုင်တော့ဘဲ ရယ်မောပြီး ကူကယ်ရာ မဲ့နေသော ဝမ်ချုံးလုပခုံးကိုပုတ်ကာ၊
“ အဲဒီတာအိုစုက ငယ်ရွယ်ပေမယ့် တမလွန်ဂိုဏ်းကို ဖျက်စီးနိုင်တယ်မဟုတ်လား ဒါဆို စုရွှမ်ကြွယ်မဟုတ်ရင် ဘယ်သူလဲ။ ”
-ဟု မေးမြန်းလာ၏။ ဝမ်ချုံးလုက အံ့အားသင့်သွားသည်။ ကျန်းပေ့ချီတစ်ယောက် ပြုံးလိုက်ပြီး စကားဆက်ပြော၏။
“ အဲဒီစာငှက်ကို ... အမိန့်ပေးရဲတဲ့သူ ဒီကမ္ဘာမှာ တစ်ယောက်ယောက် ရှိနေတယ်လို့ မင်းကြားဖူးလား။”
ဝမ်ချုံးလုခမျာ မဖြေနိုင်ချေ။
“ ပြီးတော့ အဲဒီခိုင်ယန်သခင်ဆိုတဲ့ ကြောင်ဝါကြီးကို အိမ်မွေး တိရစ္ဆာန်တစ်ကောင် လိုမျိုး ဘယ်သူ ဆက်ဆံရဲလဲ ...
... အရေအကြီးဆုံးက ညလူအနေနဲ့ တမလွန်ဂိုဏ်းကိုဖြေရှင်းဖို့ တောင်းဆိုခဲ့တာပဲ ... ဒါတွေအားလုံးက ထူးဆန်းနေတယ်လို့ မင်း မထင်ဘူးလား။ ”
“ ဟမ့် ... ဒါဆို တကယ် ... တကယ်ပဲ ဘီလူးစုလား။ ”
လျူချန်ရှန်က သက်ပြင်းချလျက် ပျံသန်းခြင်းကိုရပ်ကာ စုရီထွက်ခွာသွားသည့် ဦးတည်ရာသို့ လှည့်ကြည့်လိုက်တော့၏။
“ အဲဒီအဖိုးကြီးရဲ့ အကျင့်စရိုက် အတိုင်းသာဆိုရင် မင်းကိုဘယ်လိုလုပ် သူက နောက်ပြောင်နေမှာလဲ။ ”
***
လူသူဆိတ်သုဉ်းနေသော ကျွန်းတစ်ကျွန်းပေါ်တွင် ပင်လယ်လေပြင်းများ တဟူးဟူးတိုက်ခတ်နေပြီး လှိုင်းလုံးကြီး တဝုန်းဝုန်း ရိုက်ခတ်နေ၏။
ယီလောင်က ကျောက်တုံးကြီး တစ်တုံးပေါ်တွင်ထိုင်နေကာ မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ် နေခဲ့ချေပြီ။
“ ဝှစ် ... ။ ”
“ ဂလု ... ဂလု ... ။ ”
အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ ပြီးနောက် ဝိုင်တစ်လုံးထုတ်ယူကာ အလျင်စလို သောက်ချလိုက်သည်။
“ အဟွတ် ... အဟွတ် ... ။ ”
ယင်းသည် အသက်ရှူကြပ်လာကာ ချောင်းဆိုးသွား၏။ ခဏအကြာတွင် သူ့ကိုယ်သူ ငြိမ်သက်အောင် လုပ်ယူလျက် အသက်ပြင်းပြင်း ရှူလိုက်ကာ ကြေးမှန်တစ်ချပ် ထုတ်ယူသည်။
ပန်းများ၊ ငှက်များ၊ အင်းဆက်များနှင့် ငါးများ၏ပုံစံများထွင်းထုထားသော ရှေးဟောင်း ကြေးမုံတစ်ချပ်ဖြစ်၏။
လက်ချောင်းထိပ်ကို ကိုက်လိုက်ပြီး သွေးစက်တစ်စက်ညှစ်ထုတ်ကာ ကြေးမှန်၏ မျက်နှာပြင်ပေါ်ချလိုက်သည်။
“ ချီ ... ချီ ... ။ ”
ကြေးမှန်သည် အနည်းငယ် တုန်ခါသွားပြီးနောက် အလင်းများ လှည့်ပတ် ရစ်ဝဲလာကာ အသက်ဝင်နေသည့် ပုံရိပ်တစ်ခု ချက်ချင်းပေါ်လာသည်။
ဤသည်မှာ ညလူခြံဝင်းကြီးကို ပုံဖော်ထားသည့်မြင်ကွင်း တစ်ရပ်ပေပင်။ ကျောက်စိမ်းရောင် လူငယ်တစ်ယောက်သည် ထိုခြံဝင်းထဲရှိ သစ်ပင်အောက်တွင် ကုလားထိုင်ဖြင့် ပျင်းရိစွာထိုင်နေ၏။
သူ့ရင်ခွင်ထဲ၌ လိမ္မော်ရောင်ကြောင် တစ်ကောင်ကို ပွေ့ဖက်ထားကာ အရာရာကို လျစ်လျူရှုထားတော့၏။
ယီလောင်ခမျာ ထိုလူငယ်ထံသို့ စူးစိုက်ကြည့်နေလျက်ဖြင့် ခဏအကြာတွင် သူ့အင်္ကျီလက်ကို လှုပ်လိုက်သည်။
“ ချီ ... ချီ ... ။ ”
ကြေးဝါမှန် တုန်ခါသွားပြီး လှည့်ပတ်နေသော အလင်းရောင်များနှင့်အတူ ပုံရိပ်အသစ်များ ဖြစ်ပေါ်လာ၏။
ဤသည်မှာ ကောင်းကင်ကိုးပါး နန်းတော်မှ ပညာရှင်များကိုသတ်နေသည့် မြင်ကွင်းပေပင်။ လှုပ်ရှားမှုတိုင်း၊ မျက်နှာအမူအရာတိုင်းကို မလွတ်စေဘဲ အသေးစိတ်ပြန်ကြည့်၏။
“ ချီ ... ချီ ... ။ ”
အချိန်အတော်ကြာ ပုံရိပ်များ ဖြစ်ပေါ်နေပြီးနောက် အလင်းတန်းများ မှိန်ဖျော့ ပျောက်ကွယ်သွားတော့သည်။
အဆုံး၌ အတွေးထဲ နစ်မြုပ်နေရာမှ ပြန်လည်နိုးထလာကာ လက်ချောင်းများ တုန်ရီ လာခဲ့သည်။
“ ငါ့ဆရာက လွန်ခဲ့တဲ့ ... အနှစ်ငါးရာက ကွယ်လွန်သွားပေမယ့် ဒီကောင်လေးအသက်က အများဆုံးရှိလှ (၁၈)နှစ်ပဲရှိဦးမယ် ...
... ဒါဆို သူက ငါ့ဆရာမဟုတ်ရင် ဒီလိုမာန်မာနထောင်လွှားနေတာက ဘာလို့ ဆရာနဲ့ အရမ်းတူနေရတာလဲ ...
... တိုက်ခိုက်တဲ့ အမူအရာ၊ သတ်ဖြတ်ခြင်း၊ ဆုံးဖြတ်ချက်နဲ့ ဓားကိုင်ထားတဲ့ဒီကျက်သရေက လောကကြီးမှာ တစ်ယောက်ပဲရှိနိုင်ပါတယ်။ ”
ထိုအတွေးက သူ့ကို အနည်းငယ် မူးဝေလာစေပြီး နှလုံးသားသည် ငြိမ်သက်မှု ပျောက်ဆုံးသွား၏။ အဆုံး၌ ရှုပ်ထွေးစွာဖြင့် ပင်လယ်ပြင်သို့ မျှော်ကြည့်တော့သည်။
“ ဆရာ ... အဲဒါမင်းလား ... ။ ”