← Chapters

နိုင်ပြီ

Vol. 63 Ch. 915

နိုင်ပြီ

Vol. 63 Ch. 915

ယီထျန်းယွမ်သည် အတွင်းပိုင်း၌ ပြင်းထန်စွာ တိုက်ခိုက်နေချိန်တွင် အပြင်ဘက်၌လည်း လောင်းကြေးများမှာ အလွန်ပင် အားကောင်းလှသည်။ သို့သော် အများစုမှာ ဘေးမှကြည့်ရန်သာ ရွေးချယ်ကြပြီး အားလုံးက လာရောက်လောင်းကြေးထပ်ကြခြင်းတော့ မဟုတ်ချေ။

ယီထျန်းယွမ်ဘက်တွင်မူ လောင်းကြေးအနည်းငယ် ရှိနေသေးပြီး သူ့ဘက်မှ လောင်းသူများမှာ အခြေခံအားဖြင့် လူသားကျင့်ကြံသူများသာ ဖြစ်ကြသည်။ ၎င်းတို့သည် ယီထျန်းယွမ်နှင့် ချန်ပိုင်ဟန်တို့၏ ပြိုင်ပွဲကို ကြည့်ပြီး မိမိတို့၏ လူသားမျိုးနွယ်ဝင်ကို အခြားသူများအထင်မသေးစေရန်အတွက် တစ်ဦးချင်းစီက လောင်းကြေးအနည်းငယ်စီ ထည့်ဝင်ကြခြင်း ဖြစ်သော်လည်း အလွန်အမင်းပုံအော၍မူ မလောင်းရဲကြချေ။

၎င်းတို့သည် ကိစ္စရပ်၏ အခြေအနေမှန်ကို သိရှိကြသဖြင့် မည်သူက အမှန်တကယ် ပုံအောရဲမည်နည်း။ အားလုံးမှာ ကြယ်တာရာသလင်းကျောက် ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းခန့်သာ ရှိကြပြီး ယင်းမှာပင် များပြားလှပြီ ဖြစ်သည်။ ကြယ်တာရာသလင်းကျောက်ဆိုသည်မှာ အလွန်အဖိုးတန်လှပြီး အကျိုးပြုမှုအမှတ်များဖြင့် လဲလှယ်ယူရသောကြောင့် ဖြစ်သည်။

အခြေခံအားဖြင့် အကျိုးပြုမှုအမှတ် ၁ မှတ်သည် ကြယ်ကျောက် ၁ လုံးနှင့် ညီမျှသော်လည်း ကြယ်ကျောက်ကိုမူ အကျိုးပြုမှုအမှတ်အဖြစ် ပြန်လည်လဲလှယ်၍ မရနိုင်ချေ။ ဤနှစ်ခုမှာ လဲလှယ်ပုံချင်း မတူညီကြချေ။ သီအိုရီအရဆိုလျှင် ရွေးချယ်ခွင့်တံဆိပ်ပြားမှာ အကျိုးပြုမှုအမှတ်ထက် တန်ဖိုးရှိပြီး အကျိုးပြုမှုအမှတ်မှာ ကြယ်ကျောက်ထက် တန်ဖိုးရှိသည်။

လဲလှယ်နှုန်းများကို ကြည့်လျှင် သိနိုင်သည်။ ပြန်လည်မွေးဖွားခြင်းအဆင့် ရတနာများကို ကြယ်ကျောက်ဖြင့် လဲလှယ်၍ မရနိုင်ဘဲ အကျိုးပြုမှုအမှတ်နှင့် ရွေးချယ်ခွင့်တံဆိပ်ပြားများဖြင့်သာ လဲလှယ်ရသည်။ အပြင်ဘက်ရှိ နတ်ဘုရားလက်နက်များကိုမူ ကြယ်ကျောက်ဖြင့် လဲလှယ်နိုင်သဖြင့် ကွာခြားချက်မှာ သိသာလှသည်။

ကြယ်ကျောက်မှာ ငွေကြေးဖြစ်သော်လည်း အကြွင်းမဲ့ငွေကြေးမျိုး မဟုတ်ချေ၊ အချို့သော အရာဝတ္ထုများ၏ တန်ဖိုးမှာ ထိုသို့ပင်ဖြစ်သော်လည်း ကြယ်ကျောက်ဖြင့် လဲလှယ်မည်ဆိုပါက အလွန်ပင် ရှုံးနိမ့်လှသည်။

ဥပမာအားဖြင့် မိမိအတွက် အထောက်အကူဖြစ်စေသော နတ်ဘုရားဆေးလုံးတစ်လုံးကို ကျင့်ကြံရာတွင် အသုံးပြုသည့် ကြယ်ကျောက်အဖြစ် လဲလှယ်လိုက်ပါက ကြယ်ကျောက် အရေအတွက်မှာ များပြားပုံရသော်လည်း တကယ့်အာနိသင်မှာ နတ်ဘုရားဆေးလုံးကို မမီနိုင်ချေ။ ထို့ကြောင့် နတ်ဘုရားဆေးလုံးကို ရယူလိုပါက အခြားအဆင့်ရှိသော နတ်ဘုရားဆေးလုံးများဖြင့်သာ အဓိကထား လဲလှယ်ကြရသည်။

ငွေကြေးသည် လုံးဝအသုံးမဝင်သည်တော့ မဟုတ်ချေ။ လေလံပွဲများတွင်မူ အတော်လေး အရေးပါလှသည်။

“ချန်ပိုင်ဟန်က ဒီတစ်ခါ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲမသိဘူး၊ အရင်တစ်ခါက သူ နှစ်ရက်တိတိ တောင့်ခံနိုင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး၊ နှမြောစရာပဲ...”

“သူက ပြိုင်ဘက်နဲ့ မပြတ်တိုက်ခိုက်နေရတဲ့ အခြေအနေမှာ နှစ်ရက်တောင့်ခံနိုင်ခဲ့တာလေ... အခုက ဘယ်သူက ပိုကြာကြာခံမလဲဆိုတာ ပြိုင်နေတာဆိုတော့ သူ သေချာပေါက် ပုန်းနေမှာပဲ… အဲဒီအခါကျရင် နှစ်ရက်တင်မကဘူး… လေးရက်တောင် ပြဿနာမရှိဘူး...”

“အဲဒါလည်း ဟုတ်တာပဲ… ဒီတစ်ခါတော့ ချန်ပိုင်ဟန် သေချာပေါက် နိုင်မှာပဲ… ဒီကောင်လေးက တကယ်ကို နားမလည်တာပဲ… ပြိုင်ပွဲမစခင်ကတည်းက ပြိုင်ဘက်က ဘယ်သူလဲဆိုတာ မသိဘဲနဲ့ ဒီအတိုင်း ဇွတ်တိုးတာကတော့ ကိုယ့်သေတွင်းကိုယ်တူးတာပဲ...”

တစ်ဦးချင်းစီမှာ ခေါင်းခါလိုက်ကြပြီး ဘေးနားမှ ဒိုင်လုပ်သူကို ကြည့်ကာ မျက်လုံးများမှာ အရောင်တောက်နေကြသည်။ ၎င်းတို့အတွက်မူ ဤသည်မှာ ကြီးမားလှသော ပိုင်ဆိုင်မှုတစ်ခုဖြစ်ပြီး မကြာမီ နှစ်ဆတိုးလာတော့မည်ဖြစ်ရာ တွေးကြည့်ရုံနှင့်ပင် အလွန်စိတ်လှုပ်ရှားနေကြသည်။

ဒိုင်လုပ်သူမှာမူ မုဆိုး ချောင်းမြောင်းခြင်းခံနေရသော သားကောင်တစ်ကောင်အလား ခံစားနေရပြီး ကျောချမ်းနေတော့သည်။ သူသည် အခြေအနေကို ပြောင်းပြန်လှန်နိုင်မည့် အလှည့်အပြောင်းတစ်ခု ပေါ်လာရန်သာ မျှော်လင့်နေတော့သည်။

အချိန်များစွာ မကုန်လွန်မီမှာပင် ယီထျန်းယွမ်၏ ကိုယ်ပေါ်မှ ဖုံးအုပ်ထားသော အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် သူသည် ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်ရာ ပြင်းထန်သော အလင်းတန်း နှစ်ခု ထွက်ပေါ်လာသည်။

“ဟားဟား... ဒီလောက်အမြန်ကြီး ထွက်လာတာလား... နှစ်နာရီတောင် မပြည့်သေးဘူး ထွက်လာပြီ... ငါပြောသားပဲ ဒီကောင်လေး ရှုံးမှာပါလို့...”

“မှန်တယ်... ဒိုင်လုပ်သူ... မြန်မြန် ပိုက်ဆံပေးတော့... ငါတို့ နိုင်ပြီ...”

“အရမ်းမြန်တာပဲ၊ ငါ့ဖင်တောင် မပူသေးဘူး ပြီးသွားပြီ၊ ဒီပိုက်ဆံကတော့ တကယ်ကို ရရတာ လွယ်လွန်းတယ်...”

တစ်ဦးချင်းစီမှာ ဒိုင်လုပ်သူထံသို့ အလုအယက် တိုးဝှေ့လာကြပြီး ပိုက်ဆံများကို ခွဲဝေယူရန် ပြင်ဆင်နေကြသည်။ ဒိုင်လုပ်သူ၏ မျက်နှာမှာ အလွန်ညှိုးငယ်နေပြီး ပိုက်ဆံများကို ထုတ်ပေးရန်သာ ပြင်ဆင်ရတော့သည်။ မူလက အမြတ်ထုတ်ရန် စဉ်းစားခဲ့သော်လည်း ယခုမူ အကုန်အစင် ရှုံးတော့မည် မဟုတ်ပါလား။

ယီထျန်းယွမ် ရှုံးနိမ့်သွားပြီဟု လူတိုင်း ထင်မှတ်နေချိန်တွင် ဘေးနားရှိ ဆန်းကြယ်ကောင်းကင်ကျင့်စဉ်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ယီထျန်းယွမ်၏ ဦးခေါင်းအတွင်းသို့ တိုက်ရိုက် စီးဝင်သွားသည်။ အတွင်းပိုင်းရှိ အကြောင်းအရာများကို သူ၏ ဦးနှောက်အတွင်းသို့ ထည့်သွင်းပေးနေသည့်အလား ဖြစ်နေသည်။

- ‘ဆန်းကြယ်ကောင်းကင်ကျင့်စဉ်’ ကို လက်ခံလိုပါသလား

“လက်ခံမယ်”

- ဆန်းကြယ်ကောင်းကင်ကျင့်စဉ်၏ ပထမ သုံးဆင့်ကို အောင်မြင်စွာ သင်ယူပြီးစီးသည်။

“ဟမ်... ပထမ သုံးဆင့်ပဲလား၊ တကယ်ကို ကပ်စေးနှဲတာပဲ၊ အကုန်လုံးတော့ မပေးဘူးပေါ့...”

ယီထျန်းယွမ်သည် ခေါင်းခါလိုက်သည်။ သူသည် အားလုံးကို ပေးလိမ့်မည်ဟု ထင်ထားသော်လည်း သေချာပေါက် တစ်ကွက်ချန်ထားခဲ့ခြင်း ဖြစ်သည်။

ဤမျှ အဖိုးတန်လှသော ကျင့်စဉ်ကို မည်မျှပင် ထူးချွန်သော တပည့်ဖြစ်စေကာမူ စိတ်ကြိုက် အကုန်မပေးနိုင်ချေ။ အကယ်၍ သူလျှိုသာ ဆိုလျှင် မည်သို့လုပ်မည်နည်း။ ပထမ သုံးဆင့်ဆိုသည်မှာပင် အလွန်ကောင်းမွန်သော အကြောင်းအရာများ ဖြစ်ပြီး အနည်းဆုံး မြေကမ္ဘာအရှင် အဆင့်အတွင်းရှိ သူများအတွက်မူ လုံလောက်လှသည်။

“ဒါ...”

ဒိုင်လုပ်သူထံမှ ပိုက်ဆံရယူရန် ပြင်ဆင်နေကြသော ကျင့်ကြံသူ အမြောက်အများမှာ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မှင်တက်မိသွားကြသည်။ ဘေးနားရှိ တုံဖုန်း အပါအဝင် တစ်ဦးချင်းစီမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြတော့သည်။

မျက်စိမကန်းသူတိုင်း ယီထျန်းယွမ် အောင်မြင်သွားပြီဖြစ်ကြောင်း သိရှိကြသည်။ ထို ဆန်းကြယ်ကောင်းကင်ကျင့်စဉ်က သူ့အပေါ် တုံ့ပြန်မှု ပြသပြီး အတွင်းပိုင်းရှိ အကြောင်းအရာများကို ယီထျန်းယွမ်၏ ဦးနှောက်အတွင်းသို့ လွှဲပြောင်းပေးလိုက်ခြင်းမှာ အလွန် သိသာလွန်းလှသည် မဟုတ်ပါလား။

ဆန်းကြယ်ကောင်းကင်ကျင့်စဉ်ကို ရရှိပြီးနောက် အပေါ်ရှိ ထို ကျင့်စဉ်အုပ်ကို တိုက်ရိုက် ပေးအပ်လိုက်ခြင်း မဟုတ်ဘဲ မှတ်ဉာဏ်အတွင်းရှိ အကြောင်းအရာများကိုသာ လွှဲပြောင်းပေးခြင်း ဖြစ်သည်။ ထို့ကြောင့် အခြားသော တပည့်များလည်း စိန်ခေါ်မှု အောင်မြင်ပါက ထပ်မံ ရယူနိုင်မည် ဖြစ်သည်။

“ဒီတစ်ခါ ရလဒ်က တကယ်ကို မဆိုးဘူးပဲ၊ ကျင့်စဉ်အဆင့် တိုးတက်လာရုံတင်မကဘဲ ဒီကျင့်စဉ်ကိုပါ ရခဲ့တာဆိုတော့ အရှုံးမရှိပါဘူး...”

ယီထျန်းယွမ် ထရပ်လိုက်သည်။ သူသည် လက်ရှိ အခြေအနေအပေါ် အလွန် ကျေနပ်နေသည်။

သူ၏ ကျင့်စဉ်အဆင့်မှာ ကြယ်တာရာသခင် အဆင့် ၈ မှ အဆင့် ၉ သို့ ထိုးဖောက်သွားခဲ့ပြီ ဖြစ်သည်။ နှမြောစရာကောင်းသည်မှာ အမြင့်ဆုံးအဆင့်သို့ မရောက်ရှိခဲ့ခြင်းပင်။ သူ သတ်ဖြတ်နေရင်းနှင့်ပင် ရူးသွပ်သောင်းကျန်းသူများမှာ ကုန်ဆုံးသွားခဲ့သည်။ အစပိုင်းတွင် တစ်ဦးချင်းစီဖြစ်သော်လည်း နောက်ပိုင်းတွင် နှစ်ဦး၊ သုံးဦးနှင့် နောက်ဆုံးတွင် ငါးဦးအထိ ဖြစ်လာခဲ့သည်။ ဆက်တိုက် အကြိမ်ပေါင်းများစွာ လာရောက်ပြီးနောက်တွင်မူ စမ်းသပ်မှု ပြီးဆုံးသွားခဲ့သည်။

ဤသည်မှာ စမ်းသပ်မှုပင် ဖြစ်သည်။ ဆန်းကြယ်ကောင်းကင်ကျင့်စဉ်ကို အသုံးပြုသော ကျင့်ကြံသူ အစုအဝေးကို ရူးသွပ်သောင်းကျန်းသူဟု ခေါ်ဆိုသည်။ အသုတ်ပေါင်းများစွာကို သတ်ဖြတ်ပြီးနောက်တွင်မူ အောင်မြင်မှု ရရှိခဲ့ပြီ ဖြစ်သည်။ ခက်ခဲမှုမှာ အမှန်တကယ်ပင် ထိတ်လန့်ဖွယ် ကောင်းလှသော်လည်း သူ၏ ပြင်းထန်သော စွမ်းအားကြောင့်သာ မဟုတ်ပါက သေချာပေါက် ရှုံးနိမ့်သွားပေလိမ့်မည်။

သူ ထရပ်လိုက်သည့်အခါ လူတိုင်းက သူ့ကို မှင်တက်မိကာ ကြည့်နေကြသည်ကို တွေ့လိုက်ရသဖြင့် ဘာဖြစ်နေသည်ကို သူ ချက်ချင်း သိရှိလိုက်သည်။ ထို့နောက် ၎င်းတို့ဘက်သို့ လှည့်ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

“ကျွန်တော် ပစ္စည်းကို ရသွားပြီဆိုတော့ ဒါကို အနိုင်ရတယ်လို့ သတ်မှတ်လို့ ရပြီလား... ဒါမှမဟုတ် ခင်ဗျားတို့က အချိန်ကိုပဲ ဆက်ပြီး နှိုင်းယှဉ်နေဦးမှာလား...”

တုံဖုန်းတို့၏ မျက်နှာများမှာ တွန့်ရှုံ့သွားကြသည်။ မည်သူမျှ ရတနာကို ရယူနိုင်လိမ့်မည်ဟု မထင်ထားခဲ့ကြသဖြင့် အချိန်ကို နှိုင်းယှဉ်မည်ဟု ပြောခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးက ရယူနိုင်ခဲ့လျှင်မူ ရယူနိုင်သူကသာ သေချာပေါက် အနိုင်ရရှိသူ ဖြစ်ပေလိမ့်မည်။

အကယ်၍ မည်သူက ပိုကြာကြာ တောင့်ခံနိုင်သလဲဆိုသည်ကိုသာ အနိုင်အရှုံးအဖြစ် သတ်မှတ်မည်ဆိုလျှင် ထိုသူ၏ ဦးနှောက်မှာ သေချာပေါက် မြင်းကန်ခံထားရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤကျိုးကြောင်းဆင်ခြင်မှုအရ လူတစ်ယောက်က အနိုင်ရရှိသွားပြီဆိုသည်မှာ အတွင်းပိုင်း၌ မိမိစိတ်ကြိုက် လုပ်ဆောင်နိုင်စွမ်း ရှိနေပြီဖြစ်ကြောင်း ကိုယ်စားပြုသောကြောင့် ဖြစ်သည်။

ထိုသို့ဆိုလျှင် သူ အထဲတွင် ကြာကြာနေလိုပါက မည်မျှပင် ဖြစ်စေ ပြဿနာ မရှိတော့ဘဲ အလွယ်တကူ အနိုင်ရရှိပေလိမ့်မည်။

“ဝိုး... ငါတို့ နိုင်ပြီ၊ ငါတို့ လူသားမျိုးနွယ် နိုင်ပြီ... ဒိုင်သမားရေ ပိုက်ဆံပေး၊ ဒိုင်ရေ ငါတို့ကို လျော်တော့...”

“မှန်တယ်... ငါတို့ နိုင်ပြီ၊ ငါတို့ လူသားမျိုးနွယ် နိုင်ပြီ...”

တစ်ဦးချင်းစီမှာ စိတ်လှုပ်ရှားသွားကြပြီး ဒိုင်လုပ်သူထံသို့ အလုအယက် သွားကြတော့သည်။ ပိုက်ဆံရရှိသည့် ပျော်ရွှင်မှုမှာ ယီထျန်းယွမ် ဤပြိုင်ပွဲကို အနိုင်ရရှိသွားသည့် ခံစားချက်ကို မမီနိုင်တော့ချေ။ မည်သို့ပင်ဆိုစေ ဤသည်မှာ ၎င်းတို့ကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်ခြင်းနှင့် တူညီလှသည် မဟုတ်ပါလား။ ယခင်က ၎င်းတို့သည် ယီထျန်းယွမ်ကို အထင်သေးခဲ့ကြသော်လည်း ယခု သူ အလွယ်တကူ အနိုင်ရရှိသွားသဖြင့် ၎င်းတို့၏ မျက်နှာများမှာ သေချာပေါက် ရောင်ကိုင်းသွားခဲ့ပြီ ဖြစ်သည်။

“တစ်ယောက်ချင်းစီ လာကြပါ၊ မလောကြနဲ့... မလောကြနဲ့...”

ဒိုင်လုပ်သူမှာ ပြုံးပျော်နေပြီး ပိုက်ဆံများကို ဝမ်းသာအားရ ပေးကမ်းနေသည်မှာ ဘာမှမသိသူများအဖို့ သူ့ကို အရူးဟုပင် ထင်မှတ်ရပေလိမ့်မည်။

တကယ်တော့ သူသည် အကြီးအကျယ် မြတ်စွန်းသွားခြင်းပင်။ လူအမြောက်အများက ချန်ပိုင်ဟန်ဘက်တွင် လောင်းကြေးထပ်ထားကြသဖြင့် သူ မည်သို့ မမြတ်ဘဲ နေမည်နည်း။

“ဒီ အမျိုးသမီးလေးအတွက် ကြယ်ကျောက် တစ်သောင်းပါ...”

ဒိုင်လုပ်သူက ထို သိုလှောင်လက်စွပ်ကို သာမန်ရုပ်ရည်ရှိသော အမျိုးသမီးထံသို့ ကမ်းပေးကာ လက်ခံရန် အချက်ပြလိုက်သည်။

ထို သာမန်အမျိုးသမီးက လက်ခံပြီးနောက် စင်မြင့်ပေါ်ရှိ ယီထျန်းယွမ်ကို ကြည့်ကာ အသာအယာ ပြုံးလျက် ပြောလိုက်သည်။

“စိတ်ဝင်စားဖို့ ကောင်းသားပဲ၊ တကယ်ကို မျှော်လင့်ထားတာထက် ကျော်လွန်သွားတယ်...”

ယီထျန်းယွမ်သည်လည်း သူမဘက်သို့ လှည့်ကြည့်လိုက်ရာ မျက်လုံးများမှာ ကျုံ့သွားတော့သည်။ သူ့ဘက်တွင် လောင်းကြေးထပ်ပေးခဲ့သော ဤအမျိုးသမီးမှာ အမှန်တကယ်တော့ နျန်ချီယွီ ဖြစ်နေသည် မဟုတ်ပါလား။

အခန်း (၉၁၅) ပြီးပါပြီ။

All Chapters