လမ်းစဉ်ခြောက်ပါးလှိုဏ်ဂူ ...
Vol. 65 Ch. 779
ရှေးယခင်ကတည်းက တည်ရှိခဲ့သော မြေအောက်ကမ္ဘာသင်္ချိုင်းသည် ကျယ်ပြန့်သည့် နယ်မြေတစ်ခုဖြစ်၏။ ဤနယ်မြေထဲတွင် နေ့နှင့်ညသည် ခုနစ်ရက်တစ်ကြိမ်သာ ချိန်းသွားပေမည်။
နေ့အလင်းရောင်သည် တိုတောင်းပြီး တစ်ရက်သာကြာမြင့်ကာ ထိုအတောအတွင်း၌ မြေအောက်ကမ္ဘာသင်္ချိုင်းမြေသည် အလုံခြုံဆုံးပေပင်။
အန္တရာယ်များပြီး ထူးဆန်းသော အဖြစ်အပျက်များ ပျောက်ကွယ်နေတတ်၏။ တစ်ဖက်တွင် ညသည် ခုနစ်ရက်ကြာသည်။
ထိုခုနစ်ရက်အတွင်း မြေအောက်ကမ္ဘာ သင်္ချိုင်း၏ နေရာတိုင်းတွင်မမျှော်လင့်ထားသည့် အဖြစ်အပျက်များ ဖြစ်ပျက်နေတတ်၏။
မြေအောက်အတွင်း သေဆုံးနေသော ရှေးဟောင်းသူရဲကောင်းဝိညာဉ်များ ရုတ်တရက် ပေါ်ပေါက်လာခြင်း၊ ထိတ်လန့်စရာကောင်းပြီး ရက်စက်ကြမ်းကြုတ်သော မကောင်းဆိုးဝါး ဝိညာဉ်များ ရှင်သန်ထမြောက်လာခြင်း စသည်တို့ဖြစ်သည်။
ထို့ကြောင့် မြေအောက်ကမ္ဘာသင်္ချိုင်း၏ ညအချိန်သို့ရောက်သော် ဧကရာဇ်များပင်လျှင် အလွန်သတိထားပြီး လှုပ်ရှားရပေမည်။
စုရီအတွက်မူ အခြားအဓိပ္ပါယ်ဖြစ်၏။ ယခင်ဘဝ ပြန်လည်ဝင်စားခြင်း လျှို့ဝှက်ချက် ရှာဖွေရာတွင် နေရာတိုင်းရောက်ရှိခဲ့သည်။
ထို့ကြောင့် အန္တရာယ်များစွာသည် မည်သည့်အရပ်၌ ရှိနေသည်ကိုသိရှိထားသဖြင့် လက်နှစ်ဖက်နောက်ပို့လျက် တောင်နှင့် မြစ်များကို ဖြတ်သန်းနေခဲ့သည်။
ငွေရောင်လပြည့်ဝန်းသည် သူ့ကို မတော်တဆမှုမရှိစေဘဲ၊ လေပြေနှင့်အတူ လိုက်ပါလာ၏။
“ အဲဒီ အခေါင်းထမ်းသရဲအိုကြီးကတော့ ပိတ်မိနေပြီဖြစ်ရမယ် အရင်ဆုံးကြက်ဖကြီးကို ရှာပြီးမှ သူ့ကိုဆက်ရှာရင် နောက်မကျ လောက်သေးပါဘူး ...
... အဲဒီမတိုင်ခင် တာအိုသက်သေပြဖို့ ပြန်လည်ဝင်စားခြင်း ပလက်ဖောင်းဆီသွားမယ် အဲဒီနေရာမှာ ပြန်လည်မွေးဖွားခြင်းရေကန်နဲ့ ဆက်စပ်နေတဲ့ တာအိုဥပဒေတွေရှိတယ်။ ”
အတွေးများဖြင့် တစ်ယောက်တည်း ရေရွတ်သည်။ ပြန်လည်မွေးဖွားခြင်း ရေကန်ကို ကြာမြင့်စွာတည်းကပင် ဖျက်ဆီးခံခဲ့ရ၏။
ပြန်လည်ဝင်စားခြင်း ပလက်ဖောင်းသာ ပြန်လည်ဝင်စားခြင်းနိယာမများကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။
နှစ်နာရီအကြာတွင် ပေတစ်ထောင် မြင့်မားသော အနက်ရောင် တောင်တန်းကြီး တစ်ခု အဝေးတွင် ပေါ်လာ၏။
ဤသည်မှာ ဝိညာဉ်ခွဲခြမ်းစိတ်ဖြာရေး တောင်ကြောဖြစ်၏။ ဖူတုံဟွာ၏ အဆိုအရ ရွှမ်းကြွယ်မဟာမိတ်အဖွဲ့သည် ဤအရပ်၌ တပ်စွဲထားသည်။
တောင်ကြောမရောင်ခင် သွေးမြူများ ဖုံးလွှမ်းနေသော လယ်ကွင်းပြင်ကြီးတစ်ခုရှိပြီး ကောင်းကင်ရှိ ငွေရောင်လပြည့်ဝန်းကို ပိတ်ဆို့ထားချေပြီ။
စုရီက သွေးနီရောင်မြူခိုးများကို ဖြတ်လျှောက်လျက် ခြေလှမ်းများ သိသိသာသာ နှေးကျသွား၏။ တစ်ခါတစ်ရံ ရပ်တန့်သွားသည် အထိပေပင်။
သူ ရပ်တန့်လိုက်ချိန်တိုင်းတွင် သွေးနီမြူခိုးများအတွင်း ကျဉ်းမြောင်းသော လေဟာနယ် အက်ကွဲကြောင်းများစွာ တိတ်တဆိတ်ပေါ်လာတတ်သည်။
ဤသည်မှာ သွေးမြူလွင်ပြင်၏ အတားအဆီးများဖြစ်၏။ ထိုအက်ကြောင်းဖြင့် တိုက်မိသော် အပိုင်းအပိုင်း ပြတ်တောက်နိုင်၏။ ရွှမ်ကျောက်ဧကရာဇ်များမှာ ချွင်းချက်မရှိချေ။ အလွယ်တကူ သေကျေနိုင်နိုင်၏။
ရွှမ်ယုဧကရာဇ်သည်ပင် အသက်မသေသော်မှ ပြင်းစွာသောဒဏ်ရာရရှိ သွားနိုင်မည်။ စုရီအတွက် ထိုအရာကို ကျင့်သားရနေချေပြီ။
နာရီဝက်အကြာတွင် သွေးမြူလွင်ပြင်အတွင်းမှ အန္တရာယ်ကင်းစွာ လှမ်းထွက်လာနိုင်သည်။
အဝေးရှိ ငွေလရောင်အောက်တွင် တောင်ထိပ်ခြောက်ခုသည် ခြောက်ထောင့်ပုံစံ လွင့်မျောနေ၏။
တောင်ထိပ်ခြောက်ခုစလုံးသည် အမြင့်ပေတစ်ထောင်ကျော်ပြီး တောင်တန်းကြီး တစ်ခုကို အတူတကွ ကာကွယ်ထားသည်။
အနက်ရောင်အရည်များသည် တောင်ထိပ်ခြောက်ခုဆီကနေ ရေတံခွန်ကဲ့သို့ စီးဆင်းလာပြီး ထိုမြင်ကွင်းကြီးကိုမှုန်ဝါးကာ ရှုပ်ထွေးနေစေသည်။
လမ်းစဉ်ခြောက်ပါးလှိုဏ်ဂူ။ မြေအောက်ကမ္ဘာသင်္ချိုင်းအတွင်း အန္တရာယ် အရှိဆုံးသော တားမြစ်နယ်မြေများ အနက်မှ တစ်ခုဖြစ်၏။
တောင်ထိပ်ခြောက်လုံးဆုံရာ အလယ်ဗဟိုသည် နယ်မြေတစ်ခုဖြစ်လေသည်။ ထိုတောင်တန်းသည် အကြောက်စရာ အကောင်းဆုံးအရပ်ဖြစ်၏။
ထို့နောက် လေထဲ လှမ်းတက်ကာ အရှေ့ဘက်တောင်ထိပ်ပေါ် ဆင်းသက်လိုက် တော့သည်။ တောင်ထိပ်ကြီးတစ်ခုလုံးကို ရေတံခွန်လိုများပြားသော အနက်ရောင် အလင်းတန်းများ ဖုံးလွှမ်းနေ၏။
ယင်းသည် ဖျက်ဆီးနိုင်စွမ်းများ ပြည့်နှက်နေသည့် ဥပဒေစွမ်းအားပင်။ ရွှမ်ယု ဧကရာဇ်တစ်ပါးတည်းသာ ထိုဥပဒေစွမ်းအားကို ခံနိုင်ရည်ရှိသည်။ ရွှမ်ယုအောက် မည်သူမဆို ထိမိရုံဖြင့် ပျက်စီးနိုင်၏။
စုရီက လက်ဖဝါးကို ဖွင့်လိုက်ရာ အင်မော်တယ်တူ ပေါ်လာ၏။ ၎င်းကို လေထဲ လွှဲယမ်းလိုက်ရုံဖြင့် နက်မှောင်နေသော အလင်းတစ်ခု ပြေးထွက်လာသည်။
တောင်ထိပ်မှ ကျဆင်းလာနေသော အနက်ရောင်ချည်မျှင်များသည် ရုတ်တရက် ဘေးနှစ်ဖက်သို့ ကွဲထွက်သွားပြီးနောက် တောင်ကမ်းပါးနံရံကို မြင်လိုက်ရ၏။
ထိုကမ်းပါးရံအတွင်း ကွေ့ကောက်ပြီး ကျဉ်းမြောင်းလွန်းသော လမ်းကြောင်းတစ်ခု ရှိနေသည်။ ၎င်း၏အဆုံးတွင် ဂူတစ်လုံးရှိ၏။
“ ဝှစ် ... ။ ”
လမ်းစဉ်ခြောက်ပါးဂူဖြစ်သည်။ စုရီ ပုံရိပ်သည် မျက်စိတမှိတ်အတွင်း ဂူအဝသို့ ဝင်ရောက်သွား၏။
ဂူအတွင်းပိုင်းသည် မှောင်မိုက်သော လမ်းကြားတစ်ခုဖြစ်ပြီး မီးခိုးရောင်မြူများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ထို့ကြောင့် လက်ဖဝါးကို လှုပ်လိုက်သောအခါ ကြေးဝါမီးခွက်တစ်ခု ထွက်ပေါ်လာသည်။
ဤသည်မှာ ကောင်းကင်အမိန့်တော် ကြာပန်းမီးအိမ်ဖြစ်၏။ အနောက်ဘက်သုခဘုံမှ ဗုဒ္ဓရတနာပေပင်။
မကောင်းဆိုးဝါးများအပေါ် တွန်းလှန်ပြီး ကံကောင်းခြင်းများ ယူဆောင်လာပေးနိုင်သည့် အံ့ဖွယ်စွမ်းအားရှိသည်။ မီးခွက်ရှိ မီးစာသည် ချက်ချင်းလင်းလက်သွားပြီး သုံးပေပတ်လည် ရွှေရောင်အလင်းစက်ဝန်းကြီး ပေါ်လာ၏။
ထို့နောက် ရှေ့သို့ တိုးသွားလိုက်သည်။ သူ ဖြတ်သွားသည့် နေရာတိုင်းတွင် လမ်းကြားရှိ မီးခိုးရောင်မြူများမှာ ကောင်းကင်အမိန့်တော် ကြာပန်းမီးအိမ်ကြောင့် ပျက်ပြယ်ကုန်၏။
ဤလမ်းကြောင်းသည် ယင်စွမ်းအင် မကောင်းဆိုးဝါးရောင်ဝါများဖြင့် ပြည့်နှက်နေပြီး ဧကရာဇ်တစ်ပါး၏ သွေးနှင့် ဝိညာဉ်ကိုပင် ယိုယွင်းပျက်စီးစေနိုင်သည်။
အလွန်ရက်စက်ကြမ်းကြုတ်ပြီး လွှမ်းမိုးနိုင်၏။ ထို့ပြင် တစ္ဆေမိစ္ဆာဟုခေါ်သော သတ္တဝါတစ်ကောင်သည် သေဆုံးသွားသည့် တန်ခိုးကြီးသတ္တဝါများ၏ အလောင်းများနှင့် အကြွင်းအကျန်များကို စားသုံးနေသည်။
၎င်းမိစ္ဆာသည် ချုံခိုတိုက်ခိုက်ခြင်းနှင့် လုပ်ကြံခြင်းတို့၌ထူးချွန်၏။ အနည်းငယ်မျှသော ပေါ့ဆမှုတစ်ခုသည်ပင် ရွှမ်ယုဧကရာဇ်၏ အသက်ကိုယူနိုင်မည်။
သို့သော် တစ္ဆေမိစ္ဆာသည် ကပ်ဘေးများဖယ်ရှားနိုင်သည့် ရတနာများကို ကြောက်ရွံ့ကြောင်း စုရီသိသည်။ ထို့ကြောင့် ကောင်းကင်အမိန့်တော် ကြာပန်းမီးအိမ်ကို ဝေးဝေးမှပင် ရှောင်ရှားပေလိမ့်မည်။
နာရီဝက်ခန့်အကြာတွင် သူ့ရှေ့ရှိ မြင်ကွင်းသည် ရုတ်တရက် ပြောင်းလဲသွား၏။ ဥမင်လမ်းကြောင်းများသည် ပင့်ကူအိမ်ကဲ့သို့ အရပ်မျက်နှာအသီးသီးထံ ပျံ့နှံ့နေသည်။
ထူးဆန်းစွာပင် ထိုလမ်းများသည် သက်ရှိများအလား ဖြည်းဖြည်းချင်း တွန့်လိမ် နေတော့သည်။ ဤလမ်းများအနက် တစ်လမ်း သည်သာ လမ်းစဉ်ခြောက်ပါးဂူအတွင်း ရောက်နိုင်၏။
ကျန်လမ်းကြောင်းများသည် ဧကရာဇ်များအပေါ်ပင် သတ်ဖြတ်နိုင်သော အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။
“ ဟမ့် ... ။ ”
ခဏမျှစဉ်းစားပြီးနောက် စုရီမှ ရုတ်တရက်ရပ်လိုက်၏။ အလုံခြုံဆုံးလမ်းသည် ရှုပ်ထွေးကာ ထူးဆန်းသောပုံစံတစ်ခုဖြင့် အမှတ်အသားပြထားသည်။
“ ဒါကောင်းကင်အမိန့်ပဲ ... အရိုင်းမြေကိုးပါးရဲ့ တာအိုဂိုဏ်းခြောက်ဂိုဏ်း ထဲက ကျားနဂါးတောင်ရဲ့ လျှို့ဝှက်တံဆိပ် ...
... ကြည့်ရတာ ရွှမ်ဂျွန်မဟာမိတ်အဖွဲ့က အထဲကိုဝင်ရောက်ပြီး ... ကြေးဝါဘုံကျောင်းကို ရှာတွေ့သွားပြီထင်တယ် ... ။ ”
စုရီက မျက်ခုံးပင့်လိုက်၏။ ထိုအမိန့်ဖြင့် မှတ်သားထားသော် လမ်းကြောင်းများ မည်မျှ ပြောင်းလဲနေပါစေ အလုံခြုံဆုံးလမ်းကို အလွယ်တကူ ရှာတွေ့နိုင်မည်။
ခဏမျှ တွေးတောပြီးနောက် အင်မော်တယ်တူဖြင့် ကောင်းကင်အမိန့်ကို ညင်သာစွာ တို့ထိလိုက်၏။
“ ဝုန်း ... ။ ”
အမိန့်ပုံစံသည် ချက်ချင်း အလင်းရောင်များအဖြစ် ပေါက်ကွဲပျောက်ကွယ် သွားလေသည်။
ထို့နောက် အခြားလမ်းကြောင်း တစ်ခုသို့သွားပြီး အင်မော်တယ်တူကို စုတ်တံ အဖြစ် အသုံးပြုကာ ကောင်းကင်အမိန့်တော် ပုံစံကို ပြန်လည်ထွင်းထုပေးလိုက်သည်။
ဤနည်းဖြင့် ရွှန်ကြွယ်မဟာမိတ်အဖွဲ့ ရောက်ရှိလာပါက ကြီးမားသောဆုံးရှုံးမှုများကို သေချာပေါက်ခံစားရပေလိမ့်မည်။
နောက်ထပ်နှောင့်နှေးခြင်း မရှိတော့ဘဲ၊ အလုံခြုံဆုံးလမ်းကြောင်းသို့ တည့်တည့်သွားပြီး လှမ်းဝင်လိုက်တော့သည်။
များမကြာခင် လူတစ်စု အပြေးအလွှား ရောက်ရှိလာ၏။ သူတို့ကိုဦးဆောင်နေသူသည် ကူကျန်းမင်ဖြစ်၏။ သူ့နောက်၌ ရှန်ကွမ်ကျဲနှင့် နင်ရွှမ်းတို့လိုက်ပါလာသည်။
သူတို့သုံးယောက်နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများ ထုတ်လွှတ်ထားသည့် လူတစ်ဒါဇင်ကျော် လိုက်ပါလာခဲ့၏။
“ ဂျူနီယာညီမနင်ရွှမ်း ... မင်းရဲ့ လူတွေကိုခေါ်ပြီး အနားမှာ ချုံခိုတိုက်ခိုက်ဖို့ ပြင်ပါ၊ ဒီအထဲဝင်မဲ့လူတိုင်း မလွတ်စေနဲ့။ ”
ကူကျန်းမင်က အမိန့်ပေးလိုက်သည်။
“ နားလည်ပါပြီ။ ”
နင်ရွှမ်းက ချက်ချင်းသဘောတူ၏။ ထို့နောက် ကျန်လူများကို ခေါ်ဆောင်လျက် ကူကျန်းမင်က ဂူဖွင့်ရန်လက်ပြလိုက်သည်။
ဆံပင်ဖြူဖြူနှင့် အသက်ကြီးသော လူတစ်ဦးက ရွှေရောင်တံဆိပ်ကို အသက်သွင်း လိုက်ရာ လမ်းကြောင်းအတွင်း ပြည့်နေသည့် အနက်ရောင်အလင်းများ ပျက်ပြယ်သွား၏။
“ သွားရအောင် ... ။ ”
လူတိုင်းသည် ဤလမ်းဖြင့် ရင်းနှီးပြီး ဖြစ်သောကြောင့် အန္တရာယ်များစွာကို ရှောင်ရှား နိုင်ခဲ့သည်။ သို့သော် များမကြာခင် သူတို့ရှေ့၌ တွန့်လိမ်နေသော အရိပ်များပေါ်လာ၏။
“ နေဦး ... ။ ”
ရုတ်တရက်တံဆိပ်ကို အသက်သွင်းခဲ့သော အဖိုးအိုမှ မျက်မှောင်ကြတ်လိုက်သည်။ လူတိုင်း ချက်ချင်းရပ်လိုက်တော့၏။
“ မြန်မြန် ... ငါတို့လမ်းမှားလာပြီ။ ”