← Chapters

အဲဒီလူငယ်လေး ပြန်ရောက်လာတာလား

Vol. 1 Ch. 481

အဲဒီလူငယ်လေး ပြန်ရောက်လာတာလား

Vol. 1 Ch. 481

“အဲဒါဘာလဲ ”

လင်းဘိုးဘေးက အနက်ရောင် နွယ်ပင်များကို သတိပြုမိသည့် အချိန်တွင် သူက ယင်းကို များများစားစား အာရုံမစိုက်ဘဲ ပင်လယ်နွယ်ပင် အမျိုးအစား နတ်ဆိုးဟုသာ ယူဆခဲ့သည်။ စိတ်ဝိညာဉ်မရှိသည့် နတ်ဆိုးဝိညာဉ် တစ်ကောင်အတွက် သူ၏ဧကရာဇ်ဆန္ဒ သက်ရောက်မှုမရှိတာက ပုံမှန်သာဖြစ်သည်။ ထို့ကြောင့်သူသည် အနက်ရောင် နွယ်ပင်များဆီသို့ သုံးချက်တိုက်ခိုက် လိုက်တော့သည်။

ထျန်း ထျန်း

သို့သော် သူ၏လက်ချောင်းအားက တောင်တန်းသုံးလုံးကို အလွယ်တကူ ဖြိုခွင်းနိုင်စွမ်းရှိသော သူ၏လက်ချောင်းအားက နွယ်ပင်များကို ထိခိုက်မှုတောင် မဖြစ်စေတာ သိလိုက်ရသည့်အချိန်၌ သူအံ့သြသွားတော့သည်။ ထုံထိုင်းထိုင်း ထိခတ်သံများ ပေါ်ပေါက်လာပြီး အနက်ရောင်နွယ်ကြိုးများကို မိုင်တစ်ရာအကွာဆီ လွင့်ထွက်သွားစေတော့၏။

“ဒီနွယ်ပင်တွေက တကယ်မာတာပဲ ”

လင်းဂိုဏ်း၏ဘိုးဘေးက စိတ်ထဲအံ့သြနေသည်။ သို့သော် သူက စိတ်ထဲမထားပေ။ သူ၌ ပိုသန်မာသည့် အရည်အချင်း ရှိပေသည်။ သူမရှိခဲ့လျှင်တောင် နွယ်ပင်များကို ထိခိုက်အောင် မလုပ်နိုင်လျှင် မည်သို့ဖြစ်မည်နည်း။ သူသည် အနက်ရောင် နွယ်ပင်များကို အလွယ်တကူ တွန်းကန်နိုင်ပြီး သူတို့ကို ချဉ်းကပ်ခွင့် ပေးမှာမဟုတ်ပေ။

“ဧကရီနန်းတော်က ဆွဲခေါ်ခံလိုက်ရတာလား ”

သူသည် နွယ်ပင်များဆွဲချတာ ခံနေရသည့် ဧကရီနန်းတော်ကို မြင်သည့်အချိန်၌ ဘေးကြပ်နံကြပ် ဖြစ်သွားတော့သည်။ အနည်းငယ် တွေဝေနေပြီးနောက် လျင်မြန်စွာ ဆင်းသွားတော့၏။ ထိုအနက်ရောင် နွယ်ပင်များက ပြဿနာများကောင်း များနိုင်ပေ၏။ သို့သော် သူတို့က အနည်းအကျဉ်းမျှသော ပြဿနာသာဖြစ်သည်။

ဘီး

သူ့လက်ထဲရှိ ရှေးဟောင်းနတ်ဘုရား လက်စွပ်က ဖျတ်ခနဲလင်းသွားတော့သည်။ ပြီးနောက် လှပသည့် အနက်ရောင်ဓားရှည် ပေါ်ပေါက်လာကာ အနက်ရောင်နွယ်သုံးခုကို သူပိုင်းဖြတ်လိုက်တော့၏။

ထျန်း ထျန်း ထျန်း

ပဲ့တင်သံများကို ကြားနေရပြီး ပတ်ဝန်းကျင်ထဲရှိ ပင်လယ်ရေက ရစ်ဝဲသွားစဉ် ထိုအနက်ရောင် နွယ်ပင်များက အနောက်သို့ လွင့်သွား၏။ လင်းဘိုးဘေး အမှန်တကယ် အစွမ်းထက်ပြီး ဖြုံလောက်သည့် အနက်ရောင်နွယ်ကြိုးများကို အလွယ်တူ တွန်းကန်နိုင်စွမ်း ရှိသည်ဟု သူဝန်ခံရမှာပဲဖြစ်သည်။ သို့သော် ကျန်းရီသည် အနက်ရောင် နွယ်ပင်များနှင့် ရင်ဆိုင်ရသည့် အချိန်၌ အမှန်တကယ် ကူကယ်ရာမဲ့နေ၏။

ဒီခေါင်းဆောင်က တကယ်အစွမ်းထက်တာပဲ။ အနက်ရောင်နွယ်တွေတောင် သူ့ကို မယှဉ်နိုင်ဘူး။ ကျန်းရီ၏ ကောင်းကင်စိတ်အာရုံကို ဧကရီနန်းတော် အပြင်ဘက်သို့ ဆန့်ထုတ်နိုင်ပေသည်။ သူသည်ရေထဲ၌ နဂါးတစ်ကောင်သဖွယ် သွားနေသည့် လင်းဘိုးဘေးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ ဧကရီနန်းတော်ကို လိုက်နေပြီးနောက် ထိုပင်လယ် နွယ်ပင်များကို အားစိုက်ထုတ်မှု မရှိဘဲ ဖယ်ထုတ်နိုင်ခဲ့သည်။

ပင်လယ်နွယ်ပင်များက လင်းဘိုးဘေးကို အလွယ်တူ ရစ်ပတ်နိုင်ခဲ့လျှင် သူသည်လင်းဘိုးဘေးကို ဖြေရှင်းရန်အတွက် တစ္ဆေမီးလျှံများ သုံးပစ်နိုင်သည်ဟု အစက ကျန်းရီထင်ခဲ့တာပဲဖြစ်သည်။ ယခုအချိန်၌ သူနားလည် သဘောပေါက်သွားပြီပဲ ဖြစ်၏။ အကြွင်းမဲ့အစွမ်းထက်သော အမျိုးသမီအလောင်း အောက်တွင်ရှိမှန်း သူသိလိုက်ရသည်။ လင်းဘိုးဘေးက အဆင်ပြေပြေ ပေါ်ထွက်လာပြီး အသတ်ခံရသည့်သူက သူဖြစ်နေခဲ့လျှင် မည်သို့ဖြစ်မည်နည်း။ ထိုအချိန်ရောက်လျှင် သူမည်သို့ လုပ်နိုင်မည်နည်း။

ရွေးချယ်စရာမရှိဘဲ အံ့ကြိတ်ကာ ဧကရီနန်းတော်ကို ပင်လယ်နွယ်ပင်များ ဆွဲချသွားတာပဲ ကြည့်နေရ၏။ ဧကရီနန်းတော်က ခုခံမှုပုံစံ လက်နက်ဖြစ်သည်။ သို့သော် တိုက်ခိုက်ရေးစွမ်းအားမရှိ သူကလွတ်မြောက်ချင်လျှင် ဧကရီနန်းတော်ကို ရုတ်သိမ်းပြီးနောက် ကိုယ်ပိုင်ခွန်အားကို အားကိုးရမှာပဲ ဖြစ်သည်။ အနီးပတ်ဝန်းကျင်ရှိ အနက်ရောင် နွယ်ပင်များဖြင့်သူသည် နေရာရွှေ့ပြောင်းရန် သေချာပေါက် ခက်ခဲနေပြီး ကိစ္စရပ်များကို ပိုတောင်ဆိုးသွားစေနိုင်သည်။

ဝှစ် ဝှစ်

လင်းဘိုးဘေးသည် နဂါးတစ်ကောင်သဖွယ် လျင်မြန်စွာ သွားနေပြီး သူကသူတော်စင်လက်နက် ဓားရှည်ကို အသုံးပြုကာ အနက်ရောင် နွယ်ကြိုးများကို တွန်းကန်နေ၏။ ကျန်သည့်လက်တစ်ဖက်ကမူ ဧကရီနန်းတော်၏ စွမ်းအင်ကို ကုန်ခမ်းသွားစေရန် လက်ချောင်းစွမ်းအား ထုတ်ဖော်နေ၏။

ငါကိုယ့်ထောင်ချောက်ထဲကို ပိတ်မိနေပြီ။ နက်ရှိုင်းတဲ့ ပင်လယ်ဒေသဆီ သူ့ကိုခေါ်သွားရမှာ ပြီးတော့ လင်းဂိုဏ်းရဲ့ အဘိုးကြီးကို အလွယ်တကူ ရှင်းလင်းပစ်နိုင်တဲ့ နတ်ဆိုးဧကရီနဲ့ တွေ့ကောင်းတွေ့မှာပဲ။

ကျန်းရီက တိတ်တဆိတ် စောတကတက်နေမိသည်။ သို့သော် ဧကရီနန်းတော်က ပင်လယ်ထဲ တစ်ဆယ်ကီလိုမီတာကျော် ရောက်နေပြီးဖြစ်၏။ အောက်ခြေတွင် ဝေဝါးဝါးမြင်နေရသည့် အလင်းစက်လေး တစ်စက်ရှိသည်။ သူ့အတွးများကို အမြန်ရုပ်သိမ်းပြီးနောက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်တော့၏။

ပင်လယ်၏ အနက်နဲဆုံး အပိုင်းထဲတွင် အရံအတားတစ်ခုက အလင်းတန်းဖျော့ဖျော့ ဖြာထွက်နေပြီး ပုလဲလုံးက ပင်လယ်၏အောက်ခြေတွင် ရှိနေပေ၏။ ပတ်ဝန်းကျင်က ပိန်းပိတ်အောင် နက်မှောင်နေကာ သက်ရှိနတ်ဆိုး သို့မဟုတ် ကျန်သည့်သက်ရှိများ၏ လက္ခဏာရှိမနေပေ။

အရံအတားအတွင်း၌ သံသယဖြစ်ဖွယ် ခေါင်းတလားတစ်ခု ရှိနေပေသည်။ ထိုခေါင်းတလားထဲတွင် ပကတိခန္ဓာကိုယ်ဖြင့် ခရမ်းရောင်ဆံနွယ် အမျိုးသမီးလေးတစ်ဦး လှဲလောင်းနေ၏။ သူမက အသက်ရှင်နေသည့် အရိပ်အယောင်မပေါ်။ အိပ်ပျော်နေသည့် အလှနတ်သမီးတစ်ပါးသဖွယ် ရှိနေသည်။ သို့တည်းမဟုတ် နှစ်တစ်ထောင်ခန့် လှပနေသည့် အလောင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။

မိန်းမပျိုလေးက အလွန်လှပပြီး ချောမွေ့သော ခရမ်းရောင်ဆံနွယ်ရှိသည်။ သူမ၏ ရုပ်ရည်သွင်ပြင်က စုလောရွှယ်ထက်ပိုပြီး ထူကဲပေ၏။ သူမ၏ခန္ဓာကိုယ်က နုနယ်ကာ ကောက်ကြောင်းများရှိသည်။ အသားအရည်ကလည်း ဖြူဖွေးကာ နူးညံ့သောလေ တိုက်ခတ်ရုံဖြင့် ကြွေလွင့်သွားနိုင်ပေ၏။ အင်မတန်စိတ်ထဲ စွဲထင်နိုင်စွမ်းရှိသည့် အလောင်းတစ်လောင်း ဖြစ်နေလျှင်တောင် သူမက ဖမ်းစားနိုင်သေးဆဲဖြစ်သည်။

“အမ် ” ထိုစဉ် အလောင်းက ရုတ်တရက် လှုပ်ရှားလာ၏။ သို့သော် ထိတ်လန့်ဖွယ်ကောင်းသည်မှာ သူမ၏ခန္ဓာကိုယ်က အသက်ရှိသည့် အရိပ်အယောင် မပေါ်သေးဘဲ မျက်လုံးအနည်းငယ် ပွင့်လာတာပဲဖြစ်သည်။ သူမ၏မျက်လုံးများက မူမမှန် ကျက်သရေရှိလွန်းလှပြီး ကြယ်ပွင့်လေးများသဖွယ် နက်နဲလှကာ အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်ပုံပေါ်၏။

သူမသည် သူမအထက်ရှိ ပိန်းပိတ်အောင် နက်မှောင်နေသော ပင်လယ်ဒေသကိုကြည့်ပြီး နှုတ်ခမ်းကအနည်းငယ် လှုပ်ရှားသွားကာ အံ့သြသည့်လေသံဖြင့် ပြောလိုက်၏။

“ဒီလူငယ်က ထပ်ရောက်လာပြန်တာလား၊ ဟမ် သူ့မှာ ကောင်းကင်မြေခွေး မျိုးနွယ်စုပိုင်ဆိုင်တဲ့ ဧကရီနန်းတော် ဘာကြောင့် ရှိနေရတာလဲ၊ အို သူဒီကိုလာတာ အံ့သြစရာ မရှိဘူးဘဲ သူ့ကိုနောက်ကနေ တစ်ယောက်ယောက် လိုက်နေတာကို ”

အမျိုးသမီးလေးက ပြောပြီးနောက် နှုတ်ခမ်းနှင့်မျက်လုံးကိုပိတ်ကာ အမျိုးသမီး အလောင်းတစ်ခုအဖြစ် ထပ်မံပြောင်းလဲသွားပြန်သည်။ ဘာဆိုဘာမှ မဖြစ်ခဲ့သည့် ပုံအတိုင်းပင်။

ဖုန်း

ဧကရီနန်းတော်က လျင်မြန်စွာ ဆွဲချခံလိုက်ရပြီး အရံအတားအတွင်းသို့ ကျသွား၏။ ရှေးဟောင်းခေါင်းတလား ဘယ်လက်အခြမ်းပေါ်ရှိ အရိုးစုများက တစ်စစီဖြစ်သွားပြီး မြေပြင်၏ မျက်နှာပြင်ပေါ်တွင် တုန်ခါမှုအနည်းငယ် ဖြစ်သွားတော့၏။

“ဒါ ဒါက ”

လင်းဘိုးဘေးက နောက်ကနေ နီးကပ်စွာလိုက်ပါလာ၏။ သို့သော် အရံအတားအထက် သုံးကီလိုမီတာ၌ လျင်မြန်စွာ ရပ်တန့်လိုက်ပေသည်။ သူက အံ့သြသည့်မျက်ဝန်းဖြင့် ကြည့်နေမိ၏။

သူ၌မယုံနိုင်စရာကောင်းသော အမြင်ရှိပြီး ခပ်ဝေးဝေးကနေ အရံအတားကို မြင်နိုင်ပေ၏။ ယခုအချိန်တွင် အရံအတားအတွင်းရှိ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ အရိုးခြောက်များ ပြည့်နေသည့် မြေပြင်ကို မြင်နိုင်သည်။ မျောလွင့်နေသော ရှေးဟောင်းခေါင်းတလားထဲတွင် လှပသည့် အမျိုးသမီးလေးတစ်ဦး၏ အလောင်းကိုလည်း သူမြင်နိုင်ပေ၏။ သူ၏အိုမင်းရင့်ရော်သော မျက်နှာက အင်မတန် စိတ်ရှုပ်ထွေးသွားတော့သည်။

လင်းဘိုးဘေး မဆိုထားနှင့် ဤကဲ့သို့ ထူးဆန်းသော မြင်ကွင်းကို မြင်သည့်သူတိုင်း ကြောက်လန့်သွားနိုင်ပေ၏။ ပင်လယ်ထဲ ကီလိုမီတာ သုံးဆယ်နက်ရှိုင်းသည့် အကွာအဝေး၌ ထူးဆန်းသော အနက်ရောင်နွယ်ပင်များ အရံအတားတစ်ခု ရှေးဟောင်းခေါင်းတလား အရိုးစုများနှင့် အမျိုးသမီး အလောင်းတစ်လောင်း အရာအားလုံးက ကြောက်မက်ဖွယ်ကောင်းပြီး ကျောချမ်းစရာ ကောင်းနေသည်။

“ငါသွားသင့်လား မသွားသင့်ဘူးလား ” လင်းဘိုးဘေး၏ မျက်လုံးများက တဖျတ်ဖျတ် ခတ်နေ၏။

သူအောက်သို့ မဆင်းသွားခဲ့လျှင် ကျန်းရီကို သတ်နိုင်မှာမဟုတ်။ ဧကရီနန်းတော်ကို အရယူနိုင်မှာမဟုတ်ပေ။ အောက်ခြေတွင်လည်း အလွန်ထူးဆန်းနေပြီး ယုံကြည်ချက်မရှိပေ။

ကျွတ် ကျွတ်

အနက်ရောင် နွယ်ပင်များက ဧကရီနန်းတော်ကို ပင်လယ်အောက်ခြေဆီ ဆွဲယူသွားပြီးနောက် မူမမှန်သည့် လှုပ်ရှားမှုများ ထပ်မတွေ့ရတော့ဘဲ ယင်းက ဧကရီနန်းတော်တစ်ဝိုက်ကို ဆက်လက် ရစ်ပတ်နေ၏။ အနက်ရောင် နွယ်ပင်သုံးပင်က လင်းဘိုးဘေးကို ဆက်တိုက် တိုက်ခိုက်နေသေးဆဲ ဖြစ်သည်။

သူ၌ရွေးချယ်စရာ နှစ်ခုရှိသည်။ ပထမတစ်ချက်က ဧကရီနန်းတော်ကို ဆက်လက်တိုက်ခိုက်ပြီး နန်းတော်ပြိုကွဲသွားပြီးနောက် ကျန်းရီကိုတိုက်ခိုက်ကာ တစ်ချိန်တည်းတွင် ဤလက်နက်ကို စုဆောင်းရန်ဖြစ်သည်။ နောက်ထပ် ရွေးချယ်ဖို့က နောက်ဆုတ်ရန်ဖြစ်၏။ မဟုတ်လျှင် သူမောပန်းလွန်းသွားပေလိမ့်မည်။ သူကဟာကွက်တစ်ကွက် ထုတ်ဖော်ပြသမိခဲ့လျှင် အရိုးခြောက်ပုံ ဖြစ်သွားနိုင်ပေ၏။

“ထွက်သွားရမှာလား ” လင်းဂိုဏ်းဘိုးဘေးက ဆန္ဒမရှိပေ။ ကျန်းရီနောက် အချိန်ကြာမြင့်စွာ လိုက်လာပြီး ဤအတိုင်း ထွက်ခွာသွားခဲ့လျှင် သူ၏အားစုုိုက်ထုတ်မှုများအားလုံး အချည်းနှီး ဖြစ်သွားပေမည်မလား။ သူသည် ကျန်းရီဤနေရာတွင် နှစ်ပေါင်းများစွာပုန်းပြီး ကောင်းကင်ဧကရာဇ် နယ်ပယ်သို့ ရောက်ရှိပြီးနောက် အပြင်သို့ထွက်လာကာ သူ့ကိုသတ်မည်ကို ခြေနှစ်ချောင်းကြား အမြှီးဖွက်ပြီး လှည့်ပြန်ပြီး စောင့်နေရမည်လော။

“မဟုတ်ဘူး စွန့်စားရမယ် ”

လင်းဘိုးဘေးက မစောင့်နိုင်တော့ပေ။ ကျန်းရီ၏ ထိုးနှက်မှု မြန်ဆန်လွန်းပေသည်။ သူသည် လင်းဘိုးဘေးကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေပြီးသားဖြစ်၏။ တစ္ဆေမီးလျှံနှင့် နေရာရွှေ့ပြောင်းခြင်းတို့ ပေါင်းလိုက်ရာ ရှောင်လုံဝမ်နှင့် ကျန်သည့်သူများက သူ့အတွက်ပြိုင်ဘက် မဟုတ်လောက်ပေ။ သူသည် ကျားပေါက်တစ်ကောင်ကို အရွယ်ရောက်သည်အထိ ပျိုးထောင်ရန် စောင့်မနေနိုင်။ ယခုအချိန်တွင် ကျန်းရီကို သတ်ကိုသတ်ရမည်။ နတ်ဆိုးဧကရီက ကောင်းကင်ကြယ်တာရာမြို့ဆီ သွားသည်ဖြစ်စေ မသွားသည်ဖြစ်စေ အရေးမကြီးပေ။ မိုးပြာနဂါး အင်ပါယာက ကျန်းရီဖျက်ဆီးတာ ခံရအုံးမှာပဲဖြစ်သည်။

သူဆုံးဖြတ်ချက် ချပြီးနောက် တိုက်ကွက်များက ပိုပြီးထက်မြက်လာကာ အနက်ရောင် နွယ်ပင်များကို ရုတ်တရက် တွန်းကန်လိုက်ပြီးနောက် အရံအတားဆီသို့ နဂါးတစ်ကောင်သဖွယ် ပြေးဝင်သွားတော့၏။

ဝှစ်

သူသည် အရံအတားအတွင်း အားစိုက်ထုတ်မှုမရှိဘဲ ဝင်သွားသည်။ မည်သည့်အန္တရာယ် အငွေ့အသက်ကိုမှ မခံစားမိပေ။ ထိုအနက်ရောင် ပင်လယ်နွယ်ပယ်များသည် သူ့ကို တိုက်ခိုက်နေခဲ့၏။ သို့သော်သူက စိတ်တည်ငြိမ်အောင် လုပ်ပြီးနောက် လက်တစ်ဖက်ထဲဖြင့် ပင်လယ်နွယ်ပင်များကို ဖြေရှင်းနေသည်။ ကျန်သည့် လက်တစ်ဖက်ကမူ ဧကရီနန်းတော်ကို လက်ချောင်းအားဖြင့် တိုက်ခိုက်နေပြီး အရှိန်က ပိုမြန်ဆန်ကာ အစွမ်းထက်လာတော့၏။

နှစ်နာရီ၊ လေးနာရီ၊ ခြောက်နာရီ

အရံအတားထဲတွင် ထူးဆန်းသည့် လက္ခဏာများ ရှိမနေပေ။ ဧကရီနန်းတော်က ဆက်တိုက် တိုက်ခိုက်ခံနေရပြီး စွမ်းအားက လျင်မြန်စွာ ယုတ်လျော့နေ၏။ ကျန်းရီက ဧကရီနန်းတော်အတွင်း ထိုင်နေပြီး သူ့အမူအရာက အံ့သြနေတော့သည်။

ဧကရီနန်းတော်က မလှုပ်ရှားပေ။ ဘိုးဘေးက အင်မတန်ဂရုစိုက်နေပြီး အရံအတား၏ ထိပ်ဆုံးအကျဆုံး အပိုင်းဆီ ပျံဝဲသွားလိုက်၏။ သူသည် ဧကရီနန်းတော်နှင့် သုံးကီလိုမီတာ အကွာသို့ ရောက်နေပြီး ကျန်းရီချောင်းမြောင်းတိုက်ခိုက်ရန် နည်းလမ်းမရှိပေ။ ထိုအတိုင်း ဆက်သွားနေခဲ့လျှင် ဧကရီနန်းတော်က စွမ်းအားအပြည့်အဝ ကုန်ဆုံးသွားပြီး သေခြင်းတရားကိုသာ သူစောင့်နေရုံသာရှိ၏။

ရှစ်နာရီ ကြာညောင်းသွား၏။ ရုတ်တရက် ပိန်းပိတ်အောင် နက်မှောင်နေသော ပင်လယ်ကားလိပ်က လင်းထိန်လာတော့၏။ လျှပ်စစ်လုံးများကလည်း ရက်စက်သော ငွေနဂါးတစ်ကောင်သဖွယ် ထိုးဖောက်လာပြီး အရံအတားဆီသို့ တန်းဝင်လာတော့သည်။ ယင်းက ညတာထဲတွင် နက်ရှိုင်းနေမှန်း သိသာနေပြီး သေမင်းပင်လယ်ပြင်အထက်၌ လျှပ်စီးမုန်တိုင်းတစ်ခု ဖြစ်နေတာဖြစ်၏။ ရှေးဟောင်းခေါင်းတလားက လျှပ်စီးစွမ်းအားများကို ထပ်မံစတင် ထုတ်ယူတော့သည်။

ကျွီ ကျွီ

လျှပ်စစ်လုံးများ၏အရှိန်က မြန်ဆန်လွန်းရာ လင်းဂိုဏ်း၏ဘိုးဘေးက အချိန်မှီ မတုန့်ပြန်နိုင်ခဲ့ပေ။ အခြေအနေ ပြောင်းလဲမှုကိုဖြစ်စေသည့် အရံအတားတွင်ဝင်ရန် မျက်တောင်တစ်ခတ်သာ အချိန်ကြာခဲ့သည်။

***

All Chapters