ငါဧကရာဇ်ဖြစ်လာတဲ့အခါ မင်းတို့ကို လိုက်ပို့ပေးမယ် ...
Vol. 65 Ch. 780
ကြေးဝါဘုံကျောင်းရှေ့တွင် စပါးကြီးမြွေဝတ်ရုံကို ဝတ်ဆင်ထားသည့် ခန့်ညားသောလူတစ်ဦးက ထွက်ပေါ်လာသည်။
သူ့ဘေးတွင် အရောင်အသွေးစုံစွာ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက် လိုက်ပါလာသည်။
ဤသည်မှာ ရွှယ်ယုဧကရာဇ်နှစ်ပါးပေပင်။ စုရီမှအံ့အားသင့်ခြင်းမရှိချေ။ အမှောင်ထဲ ထပ်မံ မော့ကြည့်ကာ၊
“ မင်းတို့ရော ဘာလုပ်နေတာလဲ ထွက်လာခဲ့။ ”
-ဟု ခေါ်လိုက်သည်။
“ ဟားဟားဟား ... ။ ”
အော်ဟစ်ရယ်မောသံနှင့်အတူ လူရိပ်နှစ်ရိပ်ထွက်ပေါ်လာသည်။ ကျားနဂါး ပုံသဏ္ဍာန်များ ရေးထိုးထားသောဝတ်ရုံဖြင့် အမျိုးသားတစ်ဦး၊ အနက်ဝတ် အဖိုးအို တစ်ဦးတို့ဖြစ်သည်။
ဤသည်မှာ အရိုင်းမြေကိုးပါးရှိ ကြယ်ကိုးပွင့်ဓားတောင်ကဲ့သို့သော မဟာတာအို ဂိုဏ်းကြီးလေးဂိုဏ်းမှ အကြီးအကဲများဖြစ်၏။
ကျားနဂါးတောင်၊ ကောင်းကင်မိုးကြိုး နတ်ဘုရားဂိုဏ်း၊ တိမ်လွှာနတ်ဆိုးဂိုဏ်းနှင့် ကြယ်ကိုးပွင့်ဓားတောင်တို့မှဖြစ်သည်။
“ ကောင်လေး ... မင်းက စုရီဖြစ်ရမယ် မျက်မမြင်အဖိုးကြီးရဲ့မှတ်ဉာဏ်ကနေ မင်းကို ငါတို့မြင်ဖူးတယ် ...
... မင်လို ကောင်းကင်ကိုစိန်ခေါ်နိုင်တဲ့ ပါရမီရှင်တစ်ယောက်ပဲ ဒီလောကကြီးအတွင်း တကယ်ပဲ ရှိနေလိမ့်မယ်လို့ ငါမယုံနိုင်ဘူး။ ”
ကောင်းကင်မိုးကြိုးနတ်ဘုရားဂိုဏ်း အကြီးအကဲမှ အံ့အားသင့်မှုအနည်းငယ်မျှဖြင့် ပြောကြားလာသည်။
“ အဲဒီမျက်မမြင်အဖိုးကြီးက မင်းကိုနတ်ဓားရှင်ရွှမ်ကြွယ်ရဲ့ မြေးဆက်လို့ သံသယဝင်နေတာ ဒါအမှန်လား။ ”
တိမ်လွှာနတ်ဆိုးဂိုဏ်းမှ အမျိုးသမီးက အပြုံးဖြင့် မေးသည်။ သူတို့စကားပြောနေစဉ် အခြားဧကရာဇ်နှစ်ပါးက စုရီ၏ ပြေးလမ်းကို ပိတ်ဆို့လိုက်၏။
လေထုအလယ်လေးလံပြီး ဖိနှိပ်ချုပ်ချယ်သော ရောင်ဝါများ ချက်ချင်း ပြည့်နှက်လာချေပြီ။ ဤသည်မှာ ရွှမ်ယုအဆင့် ဧကရာဇ်လေးပါးဖြစ်၏။
မျက်မမြင်အဘိုးကြီးခမျာ မျက်နှာ အမူအရာသည် ရေခဲဂူထဲ ပြုတ်ကျသွားသလို ဖြူဖျော့အေးစက်လာသည်။
“ ဆရာစု ... ဒါ ငါ့အမှားပါ။ ”
စုရီက သူ့ပခုံးကို ပုတ်ပြီး၊
“ ဘာလို့ ... ဒီလိုစကားတွေ ပြောနေရတာလဲ မင်းခဏလောက် အနားယူသင့်တယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ ဝင်လာခဲ့ ... ။ ”
ထို့နောက် သူ့အင်္ကျီလက်ကို ဝှေ့ယမ်းပစ်လိုက်ရာ အပြာရောင်မျိုးစေ့တစ်စေ့ လေထုအလယ် ပေါ်လာတော့၏။ မျက်မမြင် အဖိုးကြီးခမျာ အလင်းတန်းအဖြစ် ပြောင်းလဲလျက် စီးဝင်သွားလေသည်။
“ ကမ္ဘာ့မူလရင်းမြစ် ... ။”
အနက်ရောင်ဝတ်ရုံဝတ်ထားသော အဘိုးကြီးတစ်ဦး၏ မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး၊
“ ဒါတကယ့်ရတနာပဲ။ ”
-ဟု ရေရွတ်လိုက်သည်။
ကျန်သုံးယောက်သည်လည်း မျက်လုံးများတောက်ပ လာတော့၏။ သူတို့ အားလုံး မျက်မမြင်အဖိုးကြီးထံမှ ဤရတနာကို မြင်ထားဖူးသည်။
“ ဒီကောင်လေးမှာ ရတနာတွေ တစ်ခုထက်မက ရှိနေတယ်။ ”
ကျားနဂါးဝတ်ရုံဝတ် အမျိုးသားက သားကောင်ကို ကြည့်နေသလို ပျော်ရွှင်စွာ ပြောကြားလိုက်၏။
“ မျက်မမြင်အဖိုးကြီးရဲ့ မှတ်ဉာဏ်ကို ငါတို့စစ်ဆေးပြီးပြီ မင်းမှာမယုံနိုင်စရာ အရည်အချင်းတွေ အများကြီးရှိတယ်ဆိုတာ သိတယ် ...
... ကောင်းပြီ မင်းအဲဒီကြေးတံခါးကို ဖွင့်ပေးနိုင်ရင် ရတနာတွေထားပြီး အသက်ရှင်ဖို့ အခွင့်အရေးရှိလိမ့်မယ်။ ”
တိမ်လွှာနတ်ဆိုးဂိုဏ်းမှ အမျိုးသမီးက ပြုံးလျက်ပြောကြား၏။ ဤဘုံကျောင်းကြီးသည် အလွန်ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားတစ်ခု ရှိနေသည်။
အလွန်အန္တရာယ်များသဖြင့် စုရီသည်ပင် ယခင်ဘဝ၌ ဖွင့်လှစ်ရန်ဆန္ဒမရှိချေ။ ထို့ကြောင့် စကားဖြင့် တုန့်ပြန်ခြင်းမပြုဘဲ အင်မော်တယ် တူထုတ်ယူကာ လေထဲလှမ်းတက်လိုက်၏။
“ သတ် ... ။ ”
ထိုအရာကို သတိထားမိသွားသော အနက်ရောင်ဝတ်အဖိုးကြီးက မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
“ ဝုန်း ... ။ ”
သူ၏ နှင်းဖြူယပ်တောင်သည် အင်မော်တယ်တူကို ရိုက်ဖယ်ပစ်လိုက်တော့၏။ တစ်ချိန်တည်းမှာပင် အခြားသုံးယောက် သည်လည်း တိုက်ခိုက်လာသည်။
“ ဟမ့် ... ။ ”
စုရီမှ သူတို့ကိုလှည့်ပင် မကြည့်ဘဲ ရာပေါင်းများစွာသော နတ်သံကြိုးများကို အင်မော်တယ်တူဖြင့် ဆွဲယူကာ ရိုက်ချ ပစ်လိုက်သည်။
“ ချွင် ... ချွင် ... ။ ”
နတ်သံကြိုးများသည် ဖျက်ဆီးခြင်း တားမြစ်စွမ်းအားများဖြာလျက် ခေါက်ဆွဲကို တူဖြင့် ညှပ်ယူလိုက်သကဲ့သို့ ချက်ချင်း အသက် ဝင်လာသည်။ မြေပြင်တစ်ခုလုံး ပြင်းစွာ တုန်ခါလာ၏။
“ မကောင်းတော့ဘူး ... ။ ”
“ မြန်မြန် ... ။ ”
ရွှမ်ယုအဆင့် ဧကရာဇ်လေးယောက်ခမျာ မျက်နှာဖြူဖျော့သွားပြီး စုရီကို ကိုင်တွယ်ရမည့် အစား တိမ်းရှောင်လိုက်ကြ၏။
နတ်သံကြိုးများတွင် လှည့်ပတ်နေသည့် တားမြစ်စွမ်းအားသည် ကမ္ဘာကြီးကို ဖျက်ဆီး နိုင်ချေပြီ။ ၎င်းတို့သည် နိုးထလာသည့် သားရဲများအလား လွင့်ဝဲနေ၏။
“ ငါဧကရာဇ်ဖြစ်လာတဲ့အခါ ငါကိုယ်တိုင် မင်းတို့အားလုံးကိုလိုက်ပို့ပေးမယ် အဲဒီအချိန်မှာ သေချင်ပေမယ့် မသေနိုင်တာ ဘာလဲဆိုတာ မင်းတို့အားလုံးသိရလိမ့်မယ်။ ”
ထိတ်လန့်တကြား ထွက်ပြေးနေသော ရွှမ်ယုအဆင့် အဖိုးကြီးများထံကြည့်ကာ စုရီက လှောင်ပြောင်လိုက်၏။
ထို့နောက်တွင် စုရီ၏ ပုံရိပ်သည် လေဟာနယ်အတွင်းမှ ပျောက်ကွယ်သွားတော့ သည်။ သူ့နောက်တွင် မိုးခြိမ်းသံများ ပဲ့တင်ထပ် နေပြီး ကောင်းကင်နှင့်မြေကြီးတုန်ခါကုန်ကာ အလင်းရောင်များတောက်ပနေ၏။
“ ဟမ့် ... လူယုတ်မာလေး မပြေးနဲ့။ ”
တစ်ခါတစ်ရံတွင် အနက်ရောင် ဝတ်ရုံဝတ်ထားသော အဘိုးကြီးနှင့် အခြား သူများ၏ ဒေါသတကြီးအော်ဟစ်နေသံများကို ကြားနိုင်လေသည်။
“ မကောင်းဘူး ... ကြေးဝါဘုံကျောင်းရှေ့မှာ တစ်ခုခု ဖြစ်ပျက်နေပြီ။ ”
ဂူအတွင်းသို့ ဦးတည်နေသော လမ်းကြောင်းတွင် ကူကျန်းမင်နှင့် အခြားသူများ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲ သွားကြသည်။
ဤမျှအကွာအဝေးမှပင် အလင်းများ တောက်ပလျက် ကျယ်လောင်သောသတ္တု တိုက်မိသံများ ကြားနေရ၏။
“ စိတ်မပူပါနဲ့၊ အဲဒီနေရာကို ရွှမ်ယုအကြီးအကဲ လေးယောက်စောင့်ကြပ် နေတာပါ ... တစ်ခုခုဖြစ်လာရင်တောင် သူတို့ အလွယ်တကူ ဖြေရှင်းနိုင်ပါလိမ့်မယ်။ ”
ကူကျန်းမင်က အသက်ပြင်းပြင်း ရှူလိုက်ကာ နှစ်သိမ့်လိုက်သည်။ လူတိုင်း၏ ရင်ထဲတွင်တင်းမာမှုများ သိသိသာသာ လျော့ပါးသွား၏။ သို့သော်။
“ တစ်ယောက်ယောက် လာနေပြီ။ ”
တစ်စုံတစ်ယောက်မှ ချက်ချင်း သတိထားမိသွားကာ အော်ဟစ်လိုက်လေသည်။ လူတိုင်း မော့ကြည့်လိုက်ကြ၏။
အဝေးတွင် ကျောက်စိမ်းရောင်ဝတ် လူငယ်တစ်ယောက် လျှောက်လှမ်းထွက်လာနေ သည်ကို မြင်လိုက်ရ၏။ ခြေတစ်လှမ်းသည် ပေတစ်ရာကျယ်သည်။
“ ဝိညာဉ်တာအိုနယ်ပယ် ... အဲဒါသူပဲ ဒါပေမယ့် ဘယ်လိုလုပ်ထွက်ပြေးလာနိုင်တာလဲ အထဲမှာ တစ်ခုခု ဖြစ်သွားတာလား။ ”
ကူကျန်းမင်တစ်ယောက် မရေမရာဖြစ်လာ၏။ အခြားသူများသည်လည်း သံသယဝင်ကုန်သည်။ သို့သော် သူတို့တွင် ဆက်စဉ်းစားရန် အချိန်မရှိချေ။ စုရီက သူတို့ထံ တည့်တည့်ပြေးလာနေတော့၏။
“ ရပ်လိုက်စမ်း ... ။ ”
ဆံပင်ဖြူဖြူနှင့် အဘိုးကြီးက အော်ဟစ်လိုက်ပြီး ရွှေရောင်တာအိုဓားတံဆိပ် ထုလုပ်ကာ ပစ်ပေါက်လိုက်သည်။
“ ရွှပ် ... ။ ”
စုရီက ရှောင်တိမ်းခြင်းမပြုဘဲ ကောင်းကင်မိစ္ဆာဓားဆွဲထုတ်ကာ အလျားလိုက် ခုတ်ပိုင်းချလိုက်၏။
“ ဘန်း ... ။ ”
ရွှေရောင်တာအိုဓားတံဆိပ်ခမျာ ထက်ခြမ်းကွဲသွားပြီး ဓားအလင်းက ဆံပင်ဖြူ အဘိုးကြီးလည်ပင်းကို ဖြတ်ချသွားသည်။
“ ဒုတ် ... ။ ”
သွေးစွန်းနေသော ဦးခေါင်းတစ်လုံး လေထဲလွင့်စင်ပြုတ်ကျသွား၏။ ဆံပင်ဖြူဖြူ အဘိုးကြီး၏ ခေါင်းမဲ့အလောင်းသည်လည်း အသက်မဲ့သွားချေပြီ။
ဓားတစ်ချက်တည်းဖြင့် ရွှမ်ကျောက် ဧကရာဇ်တစ်ပါး အသတ်ခံလိုက်ရခြင်းပေပင်။ ဤသေဆုံးမှုကြောင့် ကူကျန်းမင်နှင့်အဖွဲ့သည် တွန့်ဆုတ်ခြင်းမရှိဘဲ သူတို့၏ရတနာများကို ထုတ်ယူကာ အစွမ်းကုန်တိုက်ခိုက်လိုက်၏။
“ မင်းတို့ သေချင်နေတာပဲ။ ”
“ သူ့ကို တား ... ။ ”
စုရီကအရှိန်ကိုမလျော့ဘဲ ရောင်ဝါဖွင့်ထုတ်လျက် ပြေးလာနေဆဲဖြစ်၏။ သူ့ဓားနှင့်အတူ ကြယ်မြစ်ကြီးတစ်စင်း လိုက်ပါ လာသည်။
အသီးသီးသော တိုက်ခိုက်မှုများသည် ထိုကြယ်မြစ်ကြီးအောက်တွင် ဝရုန်းသုန်းကား ဖြစ်ကုန်တော့၏။
“ ဘောင်း .. ဘောင်း ... ။ ”
“ ဒါ ... ။ ”
ကူကျန်းမင်နှင့် အခြားသူများအားလုံး တုန်လှုပ်သွားကြသည်။ ဝိညာဉ်တာအိုနယ်ပယ် လူငယ်တစ်ဦးသည် ဧကရာဇ်ဆယ်ပါးကျော်၏ စုပေါင်းတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခဲ့၏။
ကြောက်စရာကောင်းချေပြီ။ တိုက်ပွဲဖြစ်စဉ်များကြား စုရီပုံရိပ်မှာတဖျပ်ဖျပ် လွင့်ဝဲနေတော့သည်။
“ ဘောင်း ... ။ ”
များမကြာခင် ဓားကိုင်ဆောင်ထားသော ဧကရာဇ်တစ်ပါးသည် ရေတံခွန်ကဲ့သို့ သွေးများ ပန်းထွက်လာပြီး ပေါက်ကွဲသေဆုံးသွား၏။ အော်ဟစ်ရန်ပင် အချိန်မရှိခဲ့ပေ။
ဤရလာဒ်သည် အနီးအနားရှိ ဧကရာဇ်များ၏ ဦးရေပြားများကို ယားယံစေပြီး အလိုလိုတွန့်ဆုတ်ကုန်၏။
တစ်ဖက်လူငယ်၏ စွမ်းအားသည် အလွန်ကြောက်စရာကောင်းသည်။ မြန်ဆန်ပြီး မိုးကြိုးအလားပေပင်။
သူတို့ကဲ့သို့ ရွှမ်ကျောက်အဆင့် ဧကရာဇ်များသည် စက္ကူများအလားများစွာ အားနည်းကုန်တော့သည်။ မည်သူသည် အသတ်ခံချင်မည်နည်း။
ဤအခွင့်အရေးကိုအသုံးချ၍ စုရီသည် ထက်ရှသောဓားတစ်လက်ကဲ့သို့ ဥမင်လမ်းသို့ တိုးဝင်လာခဲ့သည်။
ဥမင်လမ်းကြောင်းသည် ကျဉ်းမြောင်းလွန်းသောကြောင့် အနီးကပ် တိုက်ပွဲများအဖြစ် ပြောင်းလဲသွား၏။
ထို့ကြောင့် ပြိုင်ဘက်များသည် အရေအတွက် အားသာချက်ရှိနေခြင်းမှသည် အားနည်းချက် ဖြစ်လာခဲ့သည်။
အချင်းချင်း နီးကပ်လွန်းသဖြင့် တစ်ယောက်ကို တစ်ယောက် အဟန့်အတား ဖြစ်စေပြီး လှုပ်ရှားမှုများကန့်သတ်ခံရ၏။
အလွန်အစွမ်းထက်သော လျှို့ဝှက်နည်းစနစ်များနှင့် ရတနာများသည် သူတို့အဖော်များကို မလွဲမသွေ ထိခိုက်စေမည် ဖြစ်ရာ မသုံးဝံ့ကြချေ။
“ ဝှစ် ... ။ ”
မျက်စိတမှိတ်အတွင်း စုရီသည် အခွင့်အရေးရရှိသွားကာ မုန်တိုင်းတစ်စင်းလို သူတို့ကြားဖြတ်ကျော်သွားတော့၏။
ထိုမြင်ကွင်းသည် စစ်သူကြီးတစ်ဦး မြင်းတစ်ကောင်ဖြင့် လူအုပ်ကို ဖြတ်ကျော်သွား သည်နှင့် တူနေခဲ့ချေပြီ။