← Chapters

လက်ထပ်ထိမ်းမြားခြင်း

Vol. 20 Ch. 211

လက်ထပ်ထိမ်းမြားခြင်း

Vol. 20 Ch. 211

ထိုစကားကို ကြားချိန်မှာ အံ့ဩထိတ်လန့်သွားရသူက ဝမ်အာတစ်ယောက်တည်း မဟုတ်ဘဲ တံခါးဝဆီ ပြေးလာခဲ့သော လီယောင်ပင်လျှင် ခန္ဓာကိုယ်တောင့်တင်းသွားရသည်။

လျို့ယွင်ရဲ့ ညီမလေးက အမှန်တကယ်ပဲ ဘုရင့်သမီးတော် ဖြစ်ပါသည်။

ဒါပေမဲ့ အဲ့ဒီလို အသက်လက်တောက်လောက်ပဲ ရှိတဲ့ ကောင်မလေးက ဘယ်လိုလုပ်ပြီး ကျောက်ယန်ကို သူ့အတွက် ယောက်ျားရှာပေးဖို့ အကူအညီတောင်းရတာလဲ … ။

ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး … ။

သူမက နန်းတော်ထဲမှာ ခြွေရံသင်းပင်းတွေနှင့် လိုတရဘဝမှာ ကြီးပြင်းလာခဲ့လို့ တဇွတ်ထိုးဆန်တယ် ဆိုရင်တောင် ဒီလို အတွေးမျိုးကိုတော့ တွေးမိမှာ မဟုတ်ပါ။

ပြီးတော့ တကယ်လို့သာ သူမက ဝမ်အာနှင့် လျို့ဝှက်စွာ တိတ်တဆိတ် လက်ထပ်ချင်ရင် သူ့ကို ပြန်ပေးဆွဲရာမှာ သူမတို့မိသားစုရဲ့ ကိုယ်ပိုင်သင်္ကေတပါတဲ့ ရထားလုံးကို အသုံးပြုခဲ့စရာအကြောင်းမရှိပေ။

နောက်ကွယ်မှာ ကိစ္စတွေကို ညွှန်ကြားနေတဲ့ တစ်ယောက်ယောက် သေချာပေါက် ရှိလိမ့်မည်။

ထိုလူက လျို့ယွင် ဆိုတာတော့ ပြောနေစရာပင် မလိုပါ။ လျို့ယွင် ဒီနေ့ အိမ်ကို ရောက်မလာတာ အံ့ဩစရာတော့ မရှိ။ သူက မလုံမလဲစိတ်ကြောင့် မျက်နှာမပြရဲတာ ဖြစ်သည်။ ဒါပေမဲ့ လီယောင်ကတော့ ထိုကောင်လေး ဘာတွေ ကျိတ်ကြံနေလဲ ဆိုတာ သိသည်။

ဒါက ဒုတိယနည်းဗျူဟာက လွဲပြီး တခြားမရှိ။

အဓိကအချက်တွေကို တွက်ဆပြီးသွားသော လီယောင်သည် ယဉ်ကျေးစွာ ပြုမူမနေတော့ဘဲ တံခါးခေါက်ကာ သူမ အခုမှ ရောက်လာသလို ဟန်ဆောင်လိုက်သည်။

“ အမေ … ” ဝမ်အာက လီယောင့်ကို မြင်တော့ ရုတ်တရက်ပဲ အားကိုးရာရသွားသလို ခံစားလိုက်ရသည်။ “ အမေ ရောက်လာပြီပဲ။ ”

“ အေး။ ငါ ရောက်လာပြီ။ ”

ကျောက်ယန်က အမြန် ရှေ့ထွက်လာပြီး လီယောင့်ကို ဦးညွှတ်လိုက်သည်။ “ အမျိုးသမီးလီကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ”

“ ရှင်က သဘောကောင်းတာပဲ ခမည်းခမက်။ ”

“ ဟမ် … ”

ကျောက်ယန်က ထိုရည်ညွှန်းခေါ်ဝေါ်မှုကြောင့် လုံးဝကို ဇဝေဇဝါဖြစ်သွား၏။ သူ့အစီအစဉ်အရ လီယောင်က ဒီလက်ထပ်ပွဲကို ပြတ်ပြတ်သားသား ကန့်ကွက်ရမှာ ဖြစ်သော်လည်း သူမက သူ့ကို တွေ့,တွေ့ချင်းမှာပင် ခမည်းခမက်လို့ ခေါ်နေပါပြီ။

လီယောင်ကတော့ သူ့ရဲ့ ကြောင်အမ်းအမ်း အမူအရာကို စိတ်ထဲ မထည့်ဘဲ မင်းသမီးလေးရှေ့သို့ သွားလိုက်သည်။ “ ( ၁၆ ) ယောက်မြောက် မင်းသမီးကို နှုတ်ခွန်းဆက်ပါတယ်။ ”

“ အင်း။ အဲ့လိုမျိုး ကျင့်ဝတ်ထုံးစံတွေအတိုင်း ပြောနေစရာမလိုပါဘူး အမျိုးသမီးလီ။ ”

လျို့ယောင်သည် ဘုရင့်သမီးတော်ဖြစ်သော်လည်း လီယောင်နှင့် တွေ့ရသည့်အတွက် ဘာ့ကြောင့်ရယ်မသိဘဲ စိတ်လှုပ်ရှားမိသည်။

“ မင်းသမီးက ကျွန်မရဲ့ သားကို ခင်ပွန်းတော်ဖို့ သဘောတူတဲ့အတွက် ကျွန်မ တကယ်ပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီမင်္ဂလာပွဲက ကျွန်မအတွက် ဂုဏ်ကျက်သရေရှိတဲ့ အခမ်းအနားတစ်ခုပါပဲ။ ” ဟု လီယောင်က ဆက်ပြောရင်း ကျောက်ယန်ဘက်ကို လှည့်လိုက်သည်။ “ သခင်ကြီးကျောက်ရဲ့ လုပ်ရပ်က ဒီနေရာမှာ မှားတာပဲ။ မင်းသမီးက အဆင့်အတန်းမြင့်မားတဲ့ မိန်းကလေးတစ်ယောက်ပါ ၊ သူ့အတွက် လက်ထပ်ပွဲဆိုတာ သိပ်ကို အရေးကြီးတဲ့ အရေးကိစ္စပဲ။ ရှင် သူ့လက်ထပ်ပွဲကို ဘယ်လိုလုပ်ပြီး ခိုးကြောင်ခိုးဝှက်နဲ့ ဖြစ်ကတတ်ဆန်း လုပ်နိုင်ရတာလဲ။ ”

ကျောက်ယန် : …… ဒီနေ့ လက်ထပ်ပွဲကျင်းပဖို့ ငါ့မှာ အစီအစဉ်မရှိဘူးလို့ ပြောရင် ဘာဖြစ်သွားလောက်မလဲ။ ငါ့ကို ယုံမှာလား … ။

“ ဒီလို လုပ်ရအောင်။ ” ဟု လီယောင်က ပြောလိုက်သည်။ “ အခြေအနေတွေက နောက်ကြောင်းပြန်လှည့်လို့ မရတော့ဘူး ဆိုတော့ သူ့အမေဖြစ်တဲ့ ကျွန်မကလည်း ကျွန်မရဲ့ သားကို ဖြစ်ကတတ်ဆန်း လက်မထပ်စေချင်ပါဘူး ၊ ( ၁၆ ) ယောက်မြောက် မင်းသမီးအတွက်ဆို ပိုလို့တောင် ဆိုးတာပေါ့။ ဒါ့ကြောင့် ကျွန်မတို့ အခုချက်ချင်း ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီး ဆွေမျိုး ၊ အသိမိတ်ဆွေတွေကို ဖိတ်ခေါ်ပြီး သူတို့နှစ်ယောက်အတွက် မင်္ဂလာပွဲကြီး ခမ်းခမ်းနားနား ကျင်းပပေးမယ်။ ယိကျိုးမြို့ထဲက အများပြည်သူတွေလည်း ဒီမင်္ဂလာပွဲကို လာရောက်ဂုဏ်ပြုပေးနိုင်ဖို့အတွက် ကြေညာစာထုတ်ပြန်လိုက်မယ်။ ”

ကျောက်ယန် : …

လျို့ယောင် : …

ဝမ်အာ : “ အမေ … ”

“ ဘာမှ မပြောနဲ့။ ” ဟု လီယောင်က ချက်ချင်း စကားဖြတ်ပစ်လိုက်သည်။ “ အိမ်ထောင်ရေးဆိုတာ မိဘတွေရဲ့ ဆုံးဖြတ်ချက်အရပဲ ဖြစ်သင့်တယ်။ ”

ဒီတစ်ခေါက်မှာ အမှန်တကယ် စိတ်ရှုပ်ထွေးသွားရသူကတော့ ကျောက်ယန်ပဲ ဖြစ်သည်။ သူ့အစီအစဉ်အရ လီယောင်က ဒီမင်္ဂလာပွဲကို ပြတ်ပြတ်သားသား ကန့်ကွက်မှာ ဖြစ်ပြီး ထိုအချိန်မှာ လျို့ယွင်က ရုတ်တရက် ရောက်လာကာ တော်ဝင်မျိုးနွယ်တွေရဲ့ လက်ထပ်ပွဲကို ပေါ့ပေါ့တန်တန် သဘောထားလို့ မရကြောင်း ပြောလိမ့်မည်။

သို့သော် ဝမ်အာ့မှာ စေ့စပ်ကြောင်းလမ်းထားတဲ့ မိန်းကလေးရှိပြီးသားမို့ ဝမ်အာ့ကို လွှတ်ပေးလိုက်ကာ သူ့ညီမနှင့် ဝမ်ရှောင်စစ်ကိုပဲ နောင်တစ်ချိန်မှာ လက်ထပ်ပေးဖို့ စီစဉ်ပါလိမ့်မည်။ အဲ့ဒီနောက် အရာအားလုံးက အစီအစဉ်အတိုင်း ချောချောမွေ့မွေ့ ပြီးဆုံးသွားလိမ့်မည်။

ဒါပေမဲ့ ဒီလီယောင်က ဇာတ်ညွှန်းအတိုင်း လုံးဝ မလိုက်နာခဲ့။ အခု ဘာလုပ်ရင် ကောင်းမလဲ … ။ ဒီလက်ထပ်ပွဲ အတည်ဖြစ်သွားဖို့ ဆိုတာ … လုံးဝ မဖြစ်နိုင်ဘူး … ။ မင်းသမီးတစ်ပါးကို ဘယ်လိုလုပ် ဒီလိုမျိုး ပြီးစလွယ် လက်ထပ်ပေးလို့ ရမှာလဲ … ။

“ အီးဟီး …. ” ဘေးမှာ ရပ်နေတဲ့ လျို့ယောင်က ရုတ်တရက် အော်ငိုသည်။ “ သမီး အိမ်ထောင်မပြုချင်ဘူး ဦးလေး။ သမီး မလုပ်ချင်ဘူး … အီးဟီး … ဦးလေး ပြောတော့ သမီးတို့က ဒီတိုင်း ကစားနေတာပါဆို။ သမီး ဆက်မကစားချင်တော့ဘူး … အီးဟီး … ”

ကဲ … အခုတော့ သူတို့ ဟန်ဆောင်တာတွေ ရပ်လိုက်လို့ ရပြီ။ ကျောက်ယန်သည် မှိုင်တွေညှိုးငယ်စွာဖြင့် “ အမျိုးသမီးလီ … တကယ်တော့ ဒါ … ဒါက … မင်းသမီးက မင်္ဂလာဆောင်တမ်းကစားဖို့ ရုတ်တရက် စိတ်ကူးရသွားတာပါ … ဒီတိုင်း ကလေးဆန်တဲ့ ကစားနည်းပါပဲ။ ”ဟု ပြောလိုက်သည်။

“ ဒီကစားနည်းနဲ့ ကစားဖို့ တွေးတာ သူ့စိတ်ကူးလို့ ရှင် ထင်နေတာလား။ ” လီယောင်က ရယ်မောလိုက်သည်။ “ ယိကျိုးမင်းသား … မင်း အဲ့ဒီခန်းဆီးနောက်မှာ ဘယ်အချိန်ထိ ဆက်ပုန်းနေမလို့မလဲ။ ”

လျို့ယွင်ရဲ့ နှလုံးသားထဲမှာ ထိတ်ခနဲ တုန်သွားသည်။ သူ အဆုံးသတ်မှာ အဒေါ်လီကို အရူးလုပ်လို့ ရမှာ မဟုတ်ဘူး ဆိုတာတော့ ကြိုသိပြီးသားပင်။ ထို့ကြောင့် ခန်းဆီးနောက်ကနေ အမြန် ပြေးထွက်လာခဲ့လိုက်သည်။

“ အဒေါ် ဘယ်လိုလုပ် သိသွားတာလဲ။ ”

“ ဒီလှည့်ကွက်လေးတွေက ငါ နင့်ကို သင်ပေးထားတာတွေပါ။ ငါ မသိဘဲ နေမလား။ ” လီယောင် မျက်မှောင်ကြုတ်လိုက်သည်။ “ နင် နည်းနည်းလေးပဲ သင်ယူခဲ့ရလို့ ငါ့ကိုတောင် ထောင်ချောက်ဆင်ဖို့ လုပ်နေတာလား။ နင် ဘာသဘောနဲ့ ဒီလို လုပ်တာလဲ။ ”

“ ကျွန်တော် … အတွေးတိမ်သွားမိပါတယ်။ ”

အနည်းဆုံးတော့ သူ့မှာ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ပိုင်းခြားနိုင်စွမ်း အနည်းငယ် ရှိသေးသည်။

“ ဦးလေးကျောက်ယန်ကို အပြစ်မတင်ပါနဲ့ အဒေါ်။ တကယ်တော့ ကျွန်တော်က ကျွန်တော်တို့မိသားစု နှစ်ခုကို နီးစပ်အောင် လုပ်ဖို့ မျှော်လင့်နေတာပါ။ ဒါပေမဲ့ အဒေါ် လက်မခံမှာ ကြောက်လို့ ဒီလို အရံအစီအစဉ်ကို စဉ်းစားထားတာပါ။ ”

လီယောင်က “ ဆွေမျိုးတော်စပ်သွားတာနဲ့ နှစ်ဖက်မိသားစုက တစ်ဖက်နဲ့ တစ်ဖက် သစ္စာမဖောက်တော့ဘူးလို့ နင် ထင်နေတာလား။ ” ဟု လေးလေးနက်နက် ပြောလိုက်သည်။ “ နင် အဲ့လို ထင်နေရင်တော့ ယိကျိုးမင်းသားအဖြစ် နင် အကြာကြီး ဆက်မရှိနိုင်မှာကို ငါ စိုးရိမ်မိတယ်။ နန်းတော်လိုမျိုး အာဏာအတွက်ဆို အရက်စက်ဆုံး နေရာမှာ ကြီးပြင်းလာတဲ့ နင်က မိတ်ဆွေအရင်းအချာတွေ ၊ သားအဖတွေတောင် သူတို့ မက်မောတဲ့ အရာတွေအတွက်ဆို အချင်းချင်း နောက်ကျောကို ဓားနဲ့ထိုးဖို့ ဝန်မလေးတာကို မသိဘူးလို့တော့ လာမပြောနဲ့။ ”

“ ကျွန်တော် အဲ့ဒါကို ကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ အဲ့လိုပုံစံကို ကျွန်တော် မကြိုက်ဘူး။ တစ်ယောက်အပေါ် တစ်ယောက် ချစ်ခြင်းမေတ္တာ နည်းနည်းလေးမှ မရှိဘူးဆိုရင် ကျွန်တော်တို့နဲ့ လမ်းလျှောက်နေတဲ့ အလောင်းကောင်တွေနဲ့ ဘာကွာတော့မှာလဲ။ ”

ကျွန်တော်က အဒေါ်လီနဲ့ တကယ် မိသားစုဖြစ်ချင်တာပါ … ။

တော်ဝင်မင်းသားတစ်ပါးအနေဖြင့် ထိုစကားလုံးတွေကို လျို့ယွင် ဘယ်တော့မှ ထုတ်ပြောလို့ မရသော်လည်း လီယောင်ကတော့ နားလည်သည်။

ဘာပဲပြောပြော သူက မိဘမေတ္တာနှင့် သံယောဇဉ်နှောင်ကြိုးတွေကို တောင့်တလိုအပ်နေတဲ့ ၊ ကမ္ဘာကြီးနှင့် ပတ်သက်တဲ့ လှပသော အထင်အမြင်မှားတွေကို ဆုပ်ကိုင်ထားဆဲဖြစ်တဲ့ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက် ဖြစ်နေတုန်းပါပဲ။

“ ဒါပေမဲ့ အဲ့လိုဆိုတာနဲ့ပဲ နင် ဒီနည်းလမ်းတွေကို အသုံးပြုသင့်တယ် ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ဘူးလေ။ ”

လျို့ယွင်က “ ကျွန်တော် မှားမှန်း သိပါတယ်။ ” ဟု အမှားကို ဝန်ခံလိုက်သည်။

လီယောင်က သူ့ရဲ့ စိတ်ရင်းအမှန်နှင့် အမှားဝန်ခံစကားကို နားထောင်ပြီး “ ငါတို့ ဟဲဝမ်ရွာကို မနက်ဖြန် ပြန်တော့မှာ။ နင်က အခု အရမ်း အလုပ်ရှုပ်နေတော့ မင်းသမီးလေးကို ဂရုစိုက်ပေးဖို့ အချိန်မရှိလောက်ဘူး ထင်တယ်။ သူ့ကို ဟဲဝမ်ရွာမှာ ရက်ပိုင်းလောက် လာဆော့ခွင့်ပေးလိုက်တာ မကောင်းဘူးလား။ ”

“ တကယ်လား။ ”

“ တကယ်ပေါ့။ နင်ကိုယ်တိုင်လည်း ဟဲဝမ်ရွာမှာ နေတုန်းက ပျော်ခဲ့ရတယ် မဟုတ်လား။ မင်းသမီးလေးကို အဖော်ပြုပေးမယ့် ရှောင်စစ်လည်း ရှိတော့ မင်းသမီးလေး ပျော်မယ်ဆိုတာ သေချာပါတယ်။ ”

“ ကျေးဇူးတင်ပါတယ် အဒေါ်။ ” လျို့ယွင်တစ်ယောက် အလွန် ဝမ်းသာသွားသည်။ အဒေါ်လီက ပါးစပ်က ထုတ်မပြောပေမဲ့ သူ့ရဲ့ မိသားစုဖြစ်ချင်တဲ့ ဆန္ဒကို အသိအမှတ်ပြုလိုက်ပြီဆိုတာ နားလည်လိုက်သည်။ နှစ်အနည်းငယ်အတွင်းမှာ ဝမ်ရှောင်စစ်နှင့် လျို့ယောင်တို့ လက်ထပ်လို့ ရလောက်သည်။

မဟုတ်ဘူး ၊ သူတို့ သေချာပေါက် လက်ထပ်ကို လက်ထပ်ရမှာ … ။

အဲ့လိုနှင့် ဟာသပြဇာတ်က ဆုံးခန်းတိုင်သွားခဲ့လေသည်။

အုပ်ချုပ်ရေးမှူးစုန့်က လီယောင် ရှင်းပြတဲ့ အကျိုးအကြောင်းကို နားထောင်ပြီး လျို့ယွင်ကို အဓိပ္ပာယ်ပါပါ ကြည့်ကာ သူ့ဇနီးဘက်ကို လှည့်ပြောလိုက်သည်။ “ နာတယ်ကွာ။ ဘာလို့ ကိုယ်တို့မှာ သမီးတစ်ယောက် မရှိရတာလဲ။ ”

“ ဒါမှမဟုတ် ကျွန်မတို့ လီယောင့်ကို စုန့်ကျယ်ရဲ့ ခေါင်းကိုင်အမေအဖြစ် သတ်မှတ်လိုက်ရင် ကောင်းမလား။ ”

“ သိပ်ကောင်းတဲ့ အကြံပဲ။ ” အုပ်ချုပ်ရေးမှူးစုန့် တက်ကြွသွားသည်။ သူ ခဏလောက် စဉ်းစားပြီးတော့ “ မင်း အဲ့ကိစ္စကို ချက်ချင်း သွားအကြံပေးသင့်တယ်။ လီယောင် မျက်နှာလိုက်လို့ မရဘူး။ ”

“ အဲ့လို လုပ်လို့ အဆင်ပြေပါ့မလား။ ကျွန်မတို့ အရမ်း တွက်ချက်တတ်တဲ့ ပုံစံပေါက်သွားရင် ဘယ့်နှယ့် လုပ်မလဲ။ ” ဟု အုပ်ချုပ်ရေးမှူးကတော်က ပြန်မေးလိုက်သည်။

“ ဘာအကျိုးအမြတ်မှ မရှိရင် ဘာမှ တွက်ချက်စရာလည်း မရှိပါဘူး။ ” တရားသူကြီးစုန့်က ရယ်မောလိုက်သည်။ “ ဘာပဲဖြစ်ဖြစ် စုန့်ကျယ်က သူ့အတွက် သားသမီးအရာရောက်ပြီးသားပါပဲ။ ”

လီယောင် : ….. နင်တို့နှစ်ယောက် တိုးတိုးတိတ်တိတ် နေပေးလို့ မရဘူးလား။ နင်တို့ရဲ့ ပေသီးတွက်ခုံက အသံတွေလို ဆူညံနေတဲ့ အသံကြောင့် ငါ နားငြီးလို့ သေတော့မယ် … ။

အုပ်ချုပ်ရေးမှူးရတော်က တောက်ပစွာ ပြုံးရင်း လီယောင့်ရှေ့ သွားလိုက်ပေမဲ့ သူမ စကားတစ်လုံးတောင် မပြောရသေးခင်မှာပဲ လီယောင်က သူမကို သဘောတူခဲ့သည်။

“ စုန့်ကျယ်ကို လက်ဆောင်တွေယူလာပြီး ကျွန်မအိမ်ကို မြန်မြန် လာခိုင်းလိုက်ပါ။ ”

အကြွေးထူလေ … ပူပင်စရာနည်းလေ ၊ သားသမီးများလေ … မြန်မြန် မအိုလေပဲ။

အုပ်ချုပ်ရေးမှူးစုန့် ပြောသလိုပဲ သူမက မင်းသမီးလေးကိုတောင် ဟဲဝမ်ရွာကို လာရောက်လည်ပတ်ခွင့်ပေးထားပါလျက်နှင့် စုန့်ကျယ်ကိုကျ သားသမီးအရာအဖြစ် မသတ်မှတ်လို့ မရတော့ပေ။

အငြိမ်းစားယူထားတဲ့ အဘိုးကြီး ၊ အဘွားကြီးတွေပင်လျှင် တစ်ခါတရံ သက်ဝင်လှုပ်ရှားမှု အနည်းငယ် လိုအပ်ပါသည်။

All Chapters