အမြဲတမ်း ပေါကြွယ်ဝနေမှာပါ
Vol. 20 Ch. 212
“ ဖြောင်း …. ဖြောင်း … ဖြောင်း … ”
အရှေ့ခြံဝင်းထဲမှာ လီယောင်က တာ့ကျွမ်းကို ဗြောက်အိုးတွေ ဖောက်ခိုင်းထား၏။ သူမ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ပျင်းပျင်းနှင့် လုပ်ထားတဲ့ ဒီကမ္ဘာရဲ့ ပထမဆုံး ဗြောက်အိုးတွေ ဖြစ်သည်။
ဗြောက်အိုးဖောက်ရတဲ့ ပထမ အကြောင်းအရင်းက စီရင်စုစာမေးပွဲအောင်သွားတဲ့ လီအောင့်ကို ဂုဏ်ပြုဖို့ ၊ သို့မဟုတ် စီရင်စုစာမေးပွဲမှာ အမှတ်အများဆုံးရတဲ့အတွက် ဂုဏ်ပြုဖို့ ဖြစ်ပြီး ဒုတိကတော့ ဝမ်အာ့လိုပဲ စာမေးပွဲအောင်သွားတဲ့ စုန့်ကျယ်ကို ဂုဏ်ပြုဖို့ ဖြစ်သည်။
စုန့်ကျယ်ရဲ့ ခေါင်းကိုင်အမေအဖြစ် သူ့ကို သားသမီးအရာသွတ်သွင်းလိုက်ခြင်းကို ဂုဏ်ပြုတာလည်း ပါသည်။
ယိကျိုးစီရင်စုရဲ့ ဓလေ့ထုံးစံအရ စုန့်ကျယ်က လီယောင့်ကို အရိုအသေပေးပြီး သူ့ရဲ့ ခေါင်းကိုင်အမေအဖြစ် အသိအမှတ်ပြုသည့်အနေဖြင့် လက်ဆောင်တွေ ပေးရသည်။ လီယောင်ကလည်း ထိုလက်ဆောင်တွေကို ယဉ်ကျေးစွာ လက်ခံပြီး သူတို့ဟာ မိသားစုဖြစ်သွားခဲ့သည်။
အုပ်ချုပ်ရေးမှူးစုန့်က သူ့နှုတ်ခမ်းမွေးတိုတိုကို ပွတ်သပ်နေပြီး အလွန် ကိုယ်စိတ်နှစ်ဖြာချမ်းသာနေကာ လျို့ယွင်ကို ဂုဏ်ယူစွာ ဆက်တိုက် ကြည့်နေခဲ့သည်။
လျို့ယွင်ကတော့ ဝမ်ရှောင်စစ်နှင့် လျို့ယောင်ကို လိုက်ကြည့်နေရသည်။ သူ့ညီမလေးက အသက်ငယ်လွန်းတာကြောင့် အသိဉာဏ်ပညာလည်း နည်းသည်။ သူမ ဒီနေ့ ကျောက်ယန်ရဲ့ အိမ်မှာ ပြောသွားတဲ့ စကားနည်းနည်းပါးပါးကို သူ မနည်း ကြိုးစားအားထုတ်၍ သင်ပေးထားရတာပင်။
ဒီနေ့ အိမ်မှာ အပျော်ဆုံးလူက ဝမ်ရှောင်စစ်မှ လွဲ၍ တခြား မရှိပေ။ သူက အမြဲတမ်း အိမ်မှာ အငယ်ဆုံးဖြစ်ခဲ့ပေမဲ့ ယန်ရန်လေး ရောက်လာကတည်းက သူက အငယ်ဆုံး မဟုတ်တော့ပါ။ ယန်ရန်လေးက သူ့ပြောစကားကို နားမထောင်နိုင်သေးပေမဲ့လို့ပေါ့ … ။
အခုတော့ အခြေအနေတွေက တိုးတက်ကောင်းမွန်နေကာ နောက်ဆုံးတော့ သူ့မှာ ညီမလေးတစ်ယောက်လည်း ရှိလာခဲ့ပါပြီ။
“ နားထောင် … ” ဝမ်ရှောင်စစ်က သူ့အစ်ကိုလေသံအတိုင်း အတုခိုး၍ လေးနက်တည်ကြည်စွာ ပြောလိုက်သည်။ “ အစ်ကိုတို့မိသားစုမှာ အစ်ကို့အမေက အရာအားလုံးကို ပြောရေးဆိုခွင့်ရှိတယ်။ ”
“ အင်း။ ”
“ အစ်ကို့အမေ မရှိရင် ပြောရေးဆိုခွင့်ရှိတဲ့ လူက ကျွန်တော်ပဲ။ ” ဟု ဝမ်ရှောင်စစ်က ပြောလိုက်သည်။ “ အနာဂတ်မှာ နင် အစ်ကိုနဲ့ ကစားချင်ရင် အစ်ကို့စကားကို နားထောင်ရမယ်နော်။ ”
“ အင်း။ ” လျို့ယောင်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ နန်းတော်ထဲမှာဆို နေ့တိုင်း စည်းမျဉ်းပေါ် စည်းမျဉ်းထပ်ပြီး မွန်းကြပ်နေကာ သူမနှင့် ဆော့ကစားနိုင်တဲ့ သက်တူရွယ်တူ ကလေးတစ်ယောက်မှ မရှိပါ။
ယိကျိုးစီရင်စုက နန်းတော်လောက် ကြီးကျယ်ခမ်းနားမှုမရှိသော်လည်း အနည်းဆုံးတော့ ဒီနေရာကို ရောက်တော့မှ သူမမှာ အစ်ကိုကြီးတစ်ယောက် ရလိုက်သည်။
“ အစ်ကိုကြီးရှောင်စစ် … အစ်ကို ညီမကို ပုစဉ်းရင်ကွဲလေးတွေ ဖမ်းဖို့ ခေါ်သွားပေးပါလားဟင်။ ”
“ နင်သာ အစ်ကို့စကားကို နားထောင်ရင် ပုစဉ်းရင်ကွဲဖမ်းလို့ရတဲ့ နေရာတင် မဟုတ်ဘူး ၊ လိပ်ပြာတွေ ၊ ကျိုင်းကောင်တွေ ၊ ပုရစ်တွေ ၊ ငါးတွေ ၊ ရေချိုငါးတွေ ဖမ်းလို့ရတဲ့ နေရာတွေကိုလည်း ခေါ်သွားပေးမယ်။ ”
“ ပျော်စရာကြီး။ ” လျို့ယောင်ရဲ့ မျက်လုံးလေးတွေက စိတ်လှုပ်ရှားမှုဖြင့် တလက်လက် တောက်ပသွားသည်။ “ ညီမတို့ ဘယ်အချိန် သွားမှာလဲဟင်။ ”
“ လောလောဆယ်ကတော့ … အစ်ကိုတို့ အိမ်ပြန်ရောက်တဲ့ထိ စောင့်ရဦးမယ်။ ” ဟု ဝမ်ရှောင်စစ်က ပြောလိုက်သည်။ “ အစ်ကို ပြောတဲ့ အကောင်တွေကို ယိကျိုးမြို့မှာ ရှာလို့ မရဘူး။ ”
“ အိမ် … ။ ဒါက အစ်ကိုတို့အိမ် မဟုတ်ဘူးလား။ ”
ဝမ်ရှောင်စစ်က “ ဟုတ်တယ်။ ဒါပေမဲ့ ဟဲဝမ်ရွာမှာ ဒီ့ထက် ပိုကြီး ပိုကောင်းတဲ့ အိမ်တစ်လုံး ထပ်ရှိသေးတယ်။ အစ်ကိုတို့ အဲ့ဒီကို ရောက်ရင် ညီမ သေချာပေါက် သဘောကျလိမ့်မယ်။ ” ဟု ဂုဏ်ယူဝမ်းမြောက်စွာ ပြောလိုက်သည်။
“ ဟုတ် ဟုတ် ၊ ဒါဆို အစ်မကြီးချွန်းနျဉ်ကို ညီမရဲ့ ပစ္စည်းတွေ သွားထုပ်ပိုးခိုင်းလိုက်ဦးမယ်နော်။ ”
မူလတုန်းက ချွန်းနျဉ်က ယန်ရန်လေးရဲ့ တစ်လပြည့်မွေးနေ့ပွဲအပြီးမှာ နေပြည်တော်ကို ပြန်ဖို့ လုပ်ထားတာ ဖြစ်သည်။ ဒါပေမဲ့ လျို့ယောင် ရောက်လာတော့ လျို့ယွင်က သူမကို ဒီမှာပဲ ဆက်နေခိုင်းခဲ့သည်။ ချွန်းနျဉ်ကတော့ နန်းတော်ထဲမှာထက် ဒီနေရာမှာ မင်းသမီးလေးနှင့်အတူ နေခွင့်ရတာ အလွန် ကံကောင်းသည်ဟု ခံစားရသည်။
“ မင်းသမီးရဲ့ ပစ္စည်းတွေကို ထုပ်ပိုးသိမ်းဆည်းပြီးတာ ကြာလှပါပြီ။ ”
“ ဒါဆိုလည်း အခု သွားကြမယ်လေ။ ” လျို့ယောင်က ဝမ်ရှောင်စစ်ရဲ့ အင်္ကျီလက်ကို စိတ်မရှည်စွာ ဆွဲလိုက်သည်။ “ အစ်ကိုကြီးရှောင်စစ် … မြန်မြန် မြန်မြန်လုပ်။ ညီမ ဒီမှာ နည်းနည်းလေးတောင် ဆက်မနေနိုင်တော့ဘူး။ ”
“ ဒီနေ့တော့ မရသေးဘူး။ အစ်ကို့အမေ ဆုံးဖြတ်တဲ့နေ့မှ အိမ်ပြန်လို့ ရမှာ။ အရမ်း စိတ်မရှည်မဖြစ်ပါနဲ့။ ဒီနေ့ ညီမကို တူတူပုန်းတမ်းဆော့ဖို့ ခေါ်သွားပေးပါ့မယ်။ ”
“ ဟုတ် ဟုတ်။ ဒါဆို အခု ဆော့ကြမယ်လေ။ ”
ကလေးနှစ်ယောက် မြန်မြန်ဆန်ဆန် ရင်းနှီးသွားတာကို မြင်တော့မှ လျို့ယွင်ရဲ့ ရင်ထဲက အလုံးကြီးကျသွား၏။ အခုတော့ အချိန်တွေ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ကလေးနှစ်ယောက် မကြာခင် အတူတကွ ကြီးပြင်းလာတာကို မြင်နိုင်ဖို့ မျှော်လင့်ရုံသာ ရှိပါတော့သည်။
…
ယိကျိုးမြို့တော်မှာ ရှိတဲ့ အလုပ်ကိစ္စတွေအားလုံး အခြေခံအားဖြင့် အတည်တကျဖြစ်သွားသော်လည်း ဝမ်အာနှင့် တုရှောင်ဟွေ့ကတော့ ဒီမှာပဲ ကျန်ခဲ့မည် ဖြစ်သည်။
ဝမ်အာက ပညာဆက်သင်နေချိန်မှာ ရှောင်ဟွေ့က တက္ကသိုလ်ကို ဆက်ဦးဆောင်လိမ့်မည်။ လီယောင် ဝယ်ယူထားတဲ့ အိမ်ကတော့ သူတို့နှစ်ယောက် အတူနေဖို့အတွက် ဖြစ်ပါလိမ့်မည်။
အစကတည်းက ဟဲဝမ်ရွာမှာ သူတို့အတွက် အစေခံတွေ မလိုအပ်တာမို့ အန်နာနှင့် အဲလ်ဆာကလည်း ရှောင်ဟွေ့ကို ကူညီပေးဖို့အတွက် ယိကျိုးမြို့မှာပဲ ကျန်ခဲ့သည်။
အိမ်နှင့် အကြာကြီး ဝေးနေရတဲ့ တာ့ကျွမ်းကလည်း သူ့စိုက်ခင်းတွေကို စတင်လွမ်းဆွတ်လာခဲ့သည်။
သဘာဝကျစွာပင် အုပ်ချုပ်ရေးမှူးစုန့်နှင့် လျို့ယွင်က လီယောင်နှင့်အတူ ဟဲဝမ်ရွာကို လိုက်လာခဲ့မှာ ဖြစ်သည်။ အကြောင်းအရင်းက တခြား မဟုတ်ဘဲ ဟဲဝမ်ရွာမှာ ကန်စွန်းဥတွေကို တူးဖော်ဖို့အတွက်ပဲ ဖြစ်သည်။
ကန်စွန်းဥအပင်ပေါက်လေးတွေကို စိုက်ပျိုးပြီးချိန်ကတည်းက အုပ်ချုပ်ရေးမှူးစုန့်သည် ထိုကန်စွန်းဥစိုက်ခင်းတွေဟာ ဘယ်လောက်တောင် အထွက်နှုန်းများမလဲ ဆိုတာကို စစ်ဆေးနိုင်ဖို့ပဲ တွေးနေခဲ့တာပင်။
ယိကျိုးစီရင်စုရဲ့ အုပ်ချုပ်သူဖြစ်တဲ့ လျို့ယွင်ကတော့ ဒီကိစ္စက ယိကျိုးစီရင်စုရှိ အများပြည်သူတွေမှာ စားနပ်ရိက္ခာရှိမှာလား ၊ မရှိဘူးလား ဆိုတာနှင့် တိုက်ရိုက် အကျိုးသက်ရောက်မှုရှိနေတာမို့ ပိုလို့တောင် စိတ်ပူနေခဲ့သည်။
မြို့ဂိတ်တံခါးတွေမှ ရထားလုံး သုံး ၊ လေးစီး ထွက်ခွာလာကာ ပိုင်ချွမ်းခရိုင်ဆီသို့ ဦးတည်လာခဲ့ကြသည်။ ချိုင့်ခွက်တွေနှင့် ကြမ်းတမ်းလှသော လးမ်ခရီးကို နေ့တစ်ဝက်လောက် သည်းခံအပြီးမှာ ပိုင်ချွမ်းခရိုင်ထဲကို ဝင်ရောက်လာကာ ကွာခြားမှုကို ချက်ချင်းလက်ငင်း ခံစားလိုက်ရသည်။
ရထားလုံးစီးရတာ ချောချောမွေ့မွေ့ဖြစ်သွားရုံသာမက အရှိန်နှုန်းကလည်း အရင်ကထက် နှစ်ဆတိုးလာသည်။ ခုနတုန်းကလို ခုန်ကြွယိမ်းထိုးနေခဲ့သော လမ်းခရီးနှင့် ယှဉ်လိုက်လျှင် ဒါက နှိုင်းယှဉ်လို့ မရလောက်အောင် သက်သောင့်သက်သာရှိသည်။
ထိုအဖြစ်အပျက်က လျို့ယွင်အား သူ ယိကျိုးမြို့တော်ကို ပြန်ရောက်သည်နှင့် လမ်းဆောက်ဖို့အတွက် ရန်ပုံငွေတွေ စတင်ကောက်ခံရမည်ဟု ယတိပြတ် ဆုံးဖြတ်ချက်ချသွားစေခဲ့သည်။ ယိကျိုးမြို့တော်ရဲ့ လမ်းတွေကို ပိုင်ချွမ်းခရိုင်မှာ ရှိတဲ့ လမ်းတွေအတိုင်း အမြန်ဆုံး တည်ဆောက်ရမည်။
ဆယ်ရက်ကျော် ဝေးကွာနေရပြီးနောက် ရင်းနှီးကျွမ်းဝင်နေသော မြေသို့ သူတို့ ပြန်ရောက်ခဲ့သည်။ ဝမ်ရွှယ်ရှစ်ရဲ့ အသေးစိပ် ဂရုစိုက်မှုအောက်မှာ အိမ်က သူတို့ ထွက်သွားတုန်းကအတိုင်း တစ်ပုံစံတည်း အရာမယွင်းပေ။ ပြောင်းလဲကွာခြားသွားတာ ဆိုလို့ ကြက်တွေ ၊ ဘဲတွေ ၊ ဘဲငန်းအုပ်တွေမှာ အကောင်ရေ အများကြီး တိုးလာတာပဲ ရှိသည်။
အပျော်ဆုံးလူကတော့ မြေကြီးလက်ခတ်မလွဲ တာ့ကျွမ်းပဲ ဖြစ်သည်။ သူ အိမ်ထဲ ဝင်ပြီး ဖင်ပူအောင်တောင် မထိုင်ဘဲ အနောက်ဘက်တောင်တန်းတွေပေါ် ပြေးသွားကာ ကန်းစွန်းဥတွေ အများကြီးကို တူးဖော်ခဲ့သည်။
လက်သီးဆုပ်ထက်တောင် ပိုကြီးတဲ့ ကန်စွန်းဥတွေကို ကြည့်ပြီး လျို့ယွင်နှင့် အုပ်ချုပ်ရေးမှူးစုန့်လည်း ဝမ်းသာအားရဖြစ်သွားကာ ကန်စွန်းဥတွေဘေးမှာ ထိုင်ချပြီး သေချာ ကြည့်ရှုစစ်ဆေးတော့သည်။
“ တာ့ကျွမ်း … ဒီလောက် ကန်စွန်းတွေအများကြီးကို မင်း အပင်ဘယ်နှပင်ဆီက တူးလာခဲ့တာလဲ။ ”
“ ဆယ်ပင်။ ”
“ ဘယ်လို။ အပင်ဆယ်ပင်တည်းနဲ့ ဒီလောက် များတဲ့ ကန်စွန်းဥတွေကို ထုတ်ပေးနိုင်တယ်လား။ ” အုပ်ချုပ်ရေးမှူးစုန့်က မယုံကြည်နိုင်အောင်ပင် ဖြစ်နေ၏။ “ အပင်ဆယ်ပင်တည်းနဲ့ ကန်စွန်းဥတွေ အများကြီး ရလာတယ်လို့ မင်း ပြောတာလား။ ”
တာ့ကျွမ်းက ခေါင်းညိတ်ပြလိုက်ပြီး သူ့မျက်နှာပေါ်မှာ အားရကျေနပ်သော အပြုံးတစ်ပွင့်လည်း ရှိနေခဲ့သည်။ သေချာ ပြုစုပျိုးထောင်ပြီး မြေဩဇာကောင်းကောင်းကျွေးထားတဲ့ စိုက်ခင်းထဲက ကန်စွန်းဥတွေက တောင်ပေါ်က ကန်စွန်းဥရိုင်းတွေထက် အဆပေါင်းများစွာ အထွက်နှုန်းအားကောင်းသည်။
သူ့အမေ အခိုင်အမာ ပြောထားတဲ့ တစ်မူကို ကန်စွန်းဥတွေ ကတ်တီ ထောင်နှင့်ချီပြီး ရရှိလိမ့်မည် ဆိုတဲ့ စကားက ဖြစ်နိုင်ချေရှိသည်။
“ အပင်ဆယ်ပင်တည်းနဲ့တောင် ကန်စွန်းဥတွေ ဒီလောက် ထွက်နေရင် ဒီနှစ် မင်းတို့မိသားစုရဲ့ စုစုပေါင်း ကန်စွန်းဥအထွက်နှုန်းက ဘယ်လောက်တောင် ဖြစ်မှာပါလိမ့်။ ”
လီယောင် တွက်ချက်မှုတွေ မလုပ်ချင်ပါ။ သူမ ဒီတစ်ခေါက် ပြန်လာခဲ့တာက ကန်စွန်းဥတွေ တူးဖော်ဖို့ပဲ ဖြစ်သည်။ အထွက်နှုန်း ဘာညာက အလေးချိန် ချိန်ပြီးသည်နှင့် သိရလိမ့်မည်။
နောက်တစ်နေ့မနက်စောစောမှာပဲ လီယောင်သည် စက်ရုံလုပ်ငန်းတွေအားလုံးကို ယာယီ ရပ်နားလိုက်ကာ ကန်စွန်းဥတူးဖို့အတွက် ရွာသားအားလုံးကို ငှားရမ်းလိုက်သည်။
အုပ်ချုပ်ရေးမှူးစုန့်နှင့် လျို့ယွင်ကလည်း စိုက်ခင်းထဲကို စောစောစီးစီး ရောက်နေကာ တာ့ကျွမ်းထက်ပင် စိတ်လှုပ်ရှားနေခဲ့ကြသည်။ အကြောင်းကတော့ မကြာခင်မှာ ကန်စွန်းဉအထွက်နှုန်းကို သူတို့မျက်စိနှင့် ကိုယ်တိုင် မျက်မြင်တွေ့ရတော့မှာမို့ပဲ ဖြစ်သည်။
လီယောင်က သူတို့အတွက် တစ်မူကို တိုင်းတာဖို့ အလယ်အလတ်အရွယ် ကျယ်ဝန်းသော မြေတစ်ကွက်ကို ရွေးချယ်ပေးလိုက်သည်။
အရှေ့က အမျိုးသမီး ဆယ်ယောက်ကျော်ကတော့ အဝါရောင်သမ်းနေသော နွယ်ပင်တွေကို ခုတ်ဖြတ်ပစ်၍ သေသေသပ်သပ် စည်းနှောင်လိုက်သည်။ ထိုနွယ်ပင်တွေကို ဝက်စာအဖြစ် သုံးလို့ ရသည်။ လောလောဆယ်မှာ ပိုလျှံနေလျှင်တောင် အခြောက်ခံပြီး သိမ်းဆည်းထားနိုင်သည်။
ကန်စွန်းဥနွယ်ပင်တွေကို လှီးဖြတ်ပစ်သည့် စက်ကလေးနှင့် ထိုကန်စွန်းဥနွယ်တွေကို သိမ်းဆည်းထားဖို့ အုတ်ကန်လေးတွေကိုလည်း ပန်းပဲဆရာရှားရှန့်က လီယောင့်ညွှန်ကြားချက်တွေအတိုင်း တည်ဆောက်ထားသည်။
ခန္ဓာကိုယ်ထွားကျိုင်းသန်မာသော အမျိုးသား နှစ်ဆယ်ကျော်က ပေါက်ပြားတွေကို လွှဲကာ ရမ်းကာဖြင့် စတင်တူးဆွဖို့ ပြင်ဆင်နေကြသည်။
တာ့ကျွမ်းက သူ့လက်ဖဝါးနှစ်ဖက်ထဲကို တံထွေး,ထွေးကာ ပွတ်လိုက်ပြီးမှ အားနှင့်မာန်နှင့် တူးဆွလိုက်လျှင် မြေပြင်ပေါ်ကို ရွံ့တွေ ကပ်နေသော ကန်စွန်းဥတွေ အများကြီး ရောက်လာခဲ့လေသည်။
ဒီတစ်သုတ်မှာ ကန်စွန်းဥ ခြောက်လုံး ၊ ခုနှစ်လုံး ရှိသည်။ အကြီးဆုံး သုံး ၊ လေးလုံးက လက်သီးဆုပ်အရွယ်လောက် ရှိပြီး အသေးဆုံးအလုံးတွေကတောင် လက်ဆီးဆုပ်နှင့် ယှဉ်လို့ ရသည်။ အနည်းဆုံးအားဖြင့် တစ်လုံးကို ဆယ်ကတ်တီလောက် အလေးချိန်စီးသည်။
ကျန်လူတွေကလည်း ကန်စွန်းဥတွေကို တူးဖော်ဖို့ မစောင့်နိုင်တော့ပါ။ မြေကြီးထဲက တူးဖော်ထားတဲ့ ကန်စွန်းဥတွေကို ဘေးမှာ ပုံထားပြီး အမျိုးသမီးနှင့် ကလေးဆယ်ယောက်ကျော်က ထိုကန်စွန်းဥတွေကို ခြင်းတောင်းလေးတွေနှင့် သယ်၍ စိုက်ခင်းအစွန်းမှာ စနစ်တကျ စီထားပေးသည်။
တစ်နာရီအကြာမှာတော့ တစ်မူလုံးနီးပါးကို တူးဖော်နိုင်ခဲ့သည်။ လူတိုင်းက အားရကျေနပ်ဖွယ်ကောင်းသော ကန်စွန်းဥအပုံကြီးကို ကြည့်ကာ ဝမ်းသာပျော်ရွှင်နေခဲ့ကြသည်။ ဒီနှစ်မှာရော ၊ အနာဂတ်မှာပါ ဘယ်သူမှ ထမင်းငတ်မှာ မဟုတ်တော့ဘူးဆိုတာ သူတို့ သိလိုက်ရပြီလေ။
“ မြန်မြန်လုပ် … ” လျို့ယွင်ကတော့ စောင့်ဆိုင်းဖို့ပင် စိတ်မရှည်နိုင်အောင် ဖြစ်နေခဲ့သည်။ “ ချိန်ခွင်တွေ ယူလာပြီး ဒီကန်စွန်းဥခြင်းတွေကို ချိန်ကြည့်လိုက်။ ”
တာ့ကျွမ်းနှင့် ဝမ်ယို့အန်းက ချိန်ခွင်ကြီးတွေ ယူလာခဲ့ကြသည်။ တစ်ခြင်းပြီး တစ်ခြင်း ချိန်သွားတဲ့ ကန်စွန်းဥခြင်းတွေရဲ့ အလေးချိန်ကို ဝမ်ရှောင်စစ်က လျို့ယောင်အား ဘေးကနေ စာရွက် ၊ စုတ်တံတို့နှင့် ရေးမှတ်ခိုင်းထားသည်။
အကုန်လုံး ရေတွက်ချိန်တွယ်ပြီးတဲ့နောက် တစ်မူလျှင် ကတ်တီ သုံးထောင့်ငါးရာကျော်ရရှိကြောင်း စာရင်းထွက်လာခဲ့သည်။
ဒီပမာဏက ထိတ်လန့်ဖွယ်ကောင်းလောက်အောင်ကို များပြားလွန်းတာကြောင့် လျို့ယွင်နှင့် အုပ်ချုပ်ရေးမှူးစုန့်သာ သူတို့မျက်စိနှင့် ကိုယ်တိုင် မမြင်ခဲ့လျှင် ဘယ်တော့မှ ယုံမှာ မဟုတ်ပေ။
ဒီလို တောင်ထူထပ်သော မြေယာမှာ ဂျုံပင်စိုက်ခင်း တစ်မူလျှင် ကတ်တီ တစ်ရာကျော် ထွက်လျှင်တောင် အတော်လေး အထွက်နှုန်းကောင်းသည်ဟု သတ်မှတ်ရမှာပင်။ အဲ့ဒါနှင့်တောင် ကန်စွန်းဥအထွက်နှုန်းက ထိုပမာဏထက် အဆပေါင်းများစွာ ပိုများသည်။
အုပ်ချုပ်ရေးမှူးစုန့်သည် စိတ်ထဲကနေ လေးလေးနက်နက် ပင့်သက်ရှိုက်လိုက်မိသည်။
တာ့လင်တိုင်းပြည်မှာ ဘယ်တော့မှ ဆန်ရေစပါး ရှားပါးပြတ်တောက်တော့မှာ မဟုတ်ဘူး … ။