မြောက်ပိုင်းရှင်းကျန်းစစ်ပွဲ
Vol. 20 Ch. 213
လီယောင်ကတော့ အခြေခံအားဖြင့် ကန်စွန်းဥစိုက်ခင်း တစ်မူကို ကျင်း ( ၃၅၀၀ ) ထွက်လျှင် ကျေနပ်စရာကောင်းသည်ဟု သတ်မှတ်ထားသည်။ ဒီခေတ်မှာ ဓာတုဓာတ်မြေဩဇာ မရှိသလို ရှိတဲ့ သဘာဝမြေဩဇာကလည်း မလုံလောက်ပါ။
နည်းနည်းပါးပါး အထွက်နှုန်းတိုးကျတာလောက်က လက်ခံပေးလို့ ရသည်။ အထွက်နှုန်းတိုးဖို့ ဆိုတာကလည်း နေ့ချင်းညချင်း လုပ်ယူလို့ မရပါ။ အနာဂတ်မှာ ကန်စွန်းဥတွေ အထွက်နှုန်းတိုးလာသည်နှင့်အမျှ ရွာသူ ၊ ရွာသားတွေက ဝက်တွေ ၊ ကျွဲတွေ ၊ နွားတွေကို ပိုမိုမွေးမြူကာ မြေဩဇာနှင့် ဆန်စပါးတွေလည်း အထွက်နှုန်းတိုးလာလိမ့်မည်။ ဒီလို တစ်နှစ်ပြီး တစ်နှစ် တိုးတက်နေတဲ့ လည်ပတ်မှုက အကောင်းဆုံး ချဉ်းကပ်နည်း ဖြစ်သည်။
“ အမေ။ ” တာ့ကျွမ်းက စတင်စိတ်ပူလာပြီး မေးလိုက်သည်။ “ ကျွန်တော်တို့မိသားစုမှာ မြေကွက်တွေ အများကြီး ရှိတာ။ နှစ်သစ်ကူးချိန်ထိ ကျွန်တော်တို့ တူးလို့ မပြီးမှာကို စိုးရိမ်မိတယ်။ မြေကြီးထဲက ကန်စွန်းဥတွေ ပုပ်သိုးပျက်စီးသွားလောက်လား။ ”
“ မပျက်စီးပါဘူး ၊ ဒါပေမဲ့ သူတို့က အရမ်းတော့ တာရှည်မခံဘူး။ ”
လီယောင်သည် လျို့ယွင်နှင့် တခြားလူတွေအား အထွက်နှုန်းကို ပြသပြီးသောအခါ လူတိုင်းကို လက်နှင့်ပဲ မတူးဆွခိုင်းနိုင်တော့ပေ။ ထိုအစား တာ့ကျွမ်းကို နွားတစ်ရှဉ်း ယူခိုင်းကာ ကန်စွန်းဥနွယ်တွေကို ခုတ်ဖြတ်လိုက်ပြီးနောက် ကုန်းမြင့်တန်းတစ်လျှောက်မှာ ရှိတဲ့ စိုက်ခင်းတွေကို ထယ်ထိုးပစ်လိုက်သည်။ ပြီးလျှင် ကန်စွန်းဥတွေကို အလွယ်တကူ ကောက်ယူရုံပဲ လိုပါတော့သည်။
တစ်ခုရှိတာက အရှိန်နှုန်းက ဆယ်ဆကျော်လောက် ပိုမြန်သွားပေမဲ့ ထယ်ထိုးခြင်းကြောင့် ကန်စွန်းဥတွေ အများကြီး ထိခိုက်ကုန်သည်။ သို့သော် ထိခိုက်သွားတယ် ဆိုရင်တောင် အဆင်ပြေသည်။
ထိုကန်စွန်းဥတွေကို ဝက် ၊ ကြက် ၊ ဘဲတွေကို အစာကျွေးဖို့ တိုက်ရိုက် အသုံးပြုလိုက်လို့ ရသည်။ အလုံးကြီးတဲ့ ကန်စွန်းဥတွေကိုတော့ ရှားရှန့် ပြုလုပ်ပေးထားတဲ့ လှီးစက်နှင့် ပါးပါးလှီးပြီး နေလှန်းကာ ကန်စွန်းဥခြောက်လုပ်နိုင်သည်။
လီယောင်က ဝမ်ရှောင်စစ်ကိုလည်း ကန်စွန်းဥတချို့အား ရွေးချယ်ခိုင်းပြီး ရေဆေးသန့်စင်၍ အမြှောင်းလေးတွေ ဖြစ်အောင် လှီးလိုက်သည်။ ထို့နောက် ပေါင်းအိုးထဲမှာ ပေါင်းပြီး နှစ်ရက် ၊ သုံးရက်လောက် အခြောက်ခံကာ အရသာရှိသော သွားရည်စာအဖြစ် ပြောင်းလဲလိုက်သည်။
ဘေးကနေ ဟဲရှောင်ယာ သယ်သွားတဲ့ လိမ္မော်နီရောင် ကန်စွန်းဉခြောက်ခြင်းတောင်းဆီမှ စားချင်စဖွယ် မွှေးရနံ့တွေ ပျံ့လွင်နေ၏။ ကန်စွန်းဥခြောက်တွေကို ကြည့်ရုံနှင့်ပင် သွားရည်မကျမိအောင် မနည်း ထိန်းနေရသည်။
“ အားလုံးပဲ … လာပြီး မြည်းကြည့်စမ်းကြပါ။ ဒါကို အရသာရှိတယ်လို့ ထင်ရင် အိမ်ပြန်ရောက်တဲ့အခါ ရှင်တို့ကိုယ်တိုင် လုပ်လို့ ရပါတယ်။ ကိုယ့်ဘာသာ စားလို့ရတဲ့အပြင် ရောင်းလို့လည်း ရပါတယ်။ ”
ရောင်းလို့ရတယ် ဟူသော စကားကို ကြားသည်နှင့် ရွာသားတွေက တစ်ယောက်ပြီး တစ်ယောက် စုရုံးလာပြီး ကန်စွန်းဥခြောက် တစ်ချပ်စီကို ယူ၍ မြည်းစမ်းကြည့်ခဲ့ကြသည်။
“ ချိုလိုက်တာတော်။ ” ဟု အဒေါ်လျို့က အရင်ဆုံး ပြောသည်။ “ ပါးစပ်ထဲမှာ ဝါးလို့လည်းကောင်း ၊ မွှေးလည်းမွှေး။ ဒါကို ရောင်းစားရင် ဈေးကောင်းရမယ် ဆိုတာ သေချာပါပေ့။ ”
ကန်စွန်းဥရောင်းချခြင်းလုပ်ငန်းစဉ်မှာ သဘာဝကျစွာပဲ ခေါက်ဆွဲပြုလုပ်ခြင်းလည်း ပါဝင်သည်။ သို့သော် အခုချိန်မှာ ခေါက်ဆွဲတွေကို ပြုလုပ်လိုက်လျှင် နည်းနည်းလေး ဖြုန်းတီးရာရောက်လိမ့်မည်မို့ လီယောင်က သူမအတွက်သာ နည်းနည်းပါးပါး လုပ်ထားပြီး လူတိုင်းကို နည်းလမ်း သင်မပေးခဲ့ပါ။
နှစ်နှစ် ၊ သုံးနှစ်အတွင်း သူတို့ စားနိုင်တဲ့ အတိုင်းအတာထက် နေရာတိုင်းမှာ ကန်စွန်းဥတွေ ပေါကြွယ်ဝလာတော့မှ သူတို့ကို ခေါက်ဆွဲလုပ်နည်း သင်ပေးမည်ဟု လီယောင် တွေးထားသည်။
လျို့ယွင်က ကန်စွန်းဥခြောက်တွေကို ကြည့်ပြီး လီယောင့်ကို ချက်ချင်း သွားရှာကာ သူမရဲ့ ကန်စွန်းဥတစ်ဝက်ကို ဝယ်ယူဖို့ ကမ်းလှမ်း၍ ကန်စွန်းဥခြောက် ပြုလုပ်ခဲ့သည်။ သူက ဒီလို ကန်စွန်းဥခြောက်လုပ်ဖို့အတွက် ဟဲဝမ်ရွာသူ ၊ ရွာသားတွေနှင့် ရွာနီးချုပ်စပ်က စိုက်ပျိုးထားတဲ့ ကန်စွန်းဥတစ်ဝက်ကိုလည်း ဝယ်ယူချင်နေသည်။
“ အဲ့ဒါက ထင်သလောက် မလွယ်ဘူးနော်။ ”
လီယောင်တို့တစ်မိသားစုတည်းပင် ကန်စွန်းဥ ( ၃၆၀၀ ) မူ စိုက်ပျိုးထားတာမို့ အနည်းဆုံး ကျင်း ( ၅ ) သန်းကျော် ထွက်သည်။ တခြား အိမ်ထောင်စုတွေကိုပါ ပေါင်းလိုက်လျှင် ကန်စွန်းဥ ကျင်း ( ၁၀ ) သန်းကျော် ရှိလိမ့်မည်။ အဲ့လောက် များတဲ့ ကန်စွန်းဥတွေကို ကန်စွန်းဥခြောက်လုပ်ဖို့ အချိန်ဘယ်လောက် ကြာမှာပါလိမ့် … ။
“ ကျွန်တော် လူငှားပြီး လုပ်လို့ ရပါတယ်။ ” ဟု လျို့ယွင်က ပြောလိုက်သည်။ “ ကျွန်တော်တို့သာ ကန်စွန်းဥခြောက်တွေ လုပ်နိုင်ရင် မြောက်ပိုင်းနယ်စပ်ကို ပို့လို့ ရတယ်။ ဒီလို အစားအစာမျိုးက အဆင်သင့် စားလို့ရတော့ အလုပ်ရှုပ်လည်း အများကြီး သက်သာတယ်။ ”
“ နင် မြောက်ပိုင်းနယ်စပ်က စစ်သားတွေအတွက် ဒီလောက် ဂရုစိုက်ပေးနေမှတော့ ကန်စွန်းဥခြောက်လုပ်ဖို့ ငါ့လူတွေကို တာဝန်ပေးလိုက်ပါ့မယ်။ ”
“ ဒါပေမဲ့ … ကန်စွန်းဥတွေ ဝယ်ဖို့ ပိုက်ဆံက … ”
“ ငါ့ကို နောက်မှ အတိုးနဲ့ ပြန်ဆပ်ပေါ့။ ” လျို့ယွင်ရဲ့ ဘဏ္ဍာရေးအကန့်အသတ်တွေကို လီယောင် နားလည်သည်။ “ ဒါပေမဲ့ ငါတို့ ရွာသားတွေကိုတော့ ကန်စွန်းဉခြောက်လုပ်ပေးတဲ့အတွက် လုပ်အားခပေးရလိမ့်မယ်။ ”
“ အဲ့ဒါကတော့ သေချာပေါက်ပေါ့။ ”
လီယောင်ရဲ့ ဦးဆောင်မှုအောက်မှာ ဟဲဝမ်ရွာရှိ လူကြီးလူငယ် ၊ ကျားမ,မရွေး ၊ ကလေးငယ်တွေပါမကျန် ကန်စွန်းဥခြောက်တွေကို ရေနွေးငွေ့နှင့် ပေါင်းပေးသည့် အဖွဲ့ထဲကို ဝင်ရောက်လာခဲ့ကြသည်။
ပန်းပဲအလုပ်ရုံနံဘေး မြေကွက်လပ်မှာ မြေအိုး ခပ်ကြီးကြီး အလုံးငါးဆယ်ကို ပြင်ဆင်ထားပြီး အိုးတစ်လုံးချင်းစီမှာ ပေါင်းခံခွက်တွေကို အနည်းဆုံး ဆယ်ထပ်လောက် ချိတ်ဆွဲထားသည်။
သက်ကြီးရွယ်အိုတွေနှင့် အမျိုးသမီးတွေက ကန်စွန်းဥတွေကို အခွံနွှာ ၊ ပါးပါးလှီး ၊ ရေဆေးပြီး ပေါင်းခံခွက်တွေထဲ ထည့်ပေးသည့် တာဝန်ယူထားကာ ကလေးငယ်တွေကတော့ မီးဖိုတွေအများကြီး ဖိုပေးဖို့ တာဝန်ယူထားသည်။
ခဏအကြာမှာပဲ ဟဲဝမ်တစ်ရွာလုံး ကန်စွန်းဥပေါင်း မွှေးရနံ့ချိုချိုလေးတွေ ဖုံးလွှမ်းပျံ့နှံ့သွားလေသည်။
ကန်စွန်းဥတွေကို ပေါင်းပြီးသွားတော့ ကရိကထအများဆုံး အပိုင်းဖြစ်တဲ့ ကန်စွန်းဥတွေကို လေသလပ်ခံ၍ အခြောက်ခံတဲ့ အပိုင်း ရောက်လာသည်။ ရွာထဲမှာ ရှိသမျှ အခြောက်ခံဖျာတွေ အကုန်လုံးကို သုံးပြီးတာတောင် လုံလောက်တဲ့ ပမာဏရဖို့ အများကြီး လိုနေသေးသည်။
ခဏနေတော့ ရွာလူကြီးဝမ်ကျားဖူက ရွာထဲက အရည်အချင်းရှိတဲ့ ဝါးလက်မှုပညာသည်တွေကို ညတွင်းချင်း စုရုံးစေပြီး ဝါးခြင်းတောင်းတွေ ပြုလုပ်ခဲ့သည်။
ကန်စွန်းဥတွေကို အခြောက်ခံဖို့ နေရာမရှိတော့တဲ့အခါ အိမ်ခေါင်မိုးပေါ်မှာ ၊ လမ်းတွေပေါ်မှာ နေလှန်း အခြောက်ခံပြီး ကလေးတွေက ဘေးကနေ စောင့်ကြပ်၍ ငှက်တွေ မချီသွားအောင် ကာကွယ်ပေးသည်။
ပင်ပန်းစရာ တစ်နေ့တာ ပြီးဆုံးသွားပြီးနောက် လတ်ဆတ်သော ကန်စွန်းဥ ကတ်တီ ငါးသိန်းကို အချောင်းလေးတွေ လှီး၍ ပေါင်းထားနိုင်ခဲ့သည်။ သို့သော် တော်တော်လေး ထိရောက်မြန်ဆန်မှု နည်းနေသေးကာ နှောင့်နှေးကြန့်ကြာစေတာက အခွံနွှာခြင်းနှင့် ပါးပါးလှီးခြင်းပဲ ဖြစ်သည်။
ထိုအဆင့်နှစ်ဆင့်က ပင်ပန်းစရာကောင်းပြီး တစ်နေ့တာရဲ့ အဆုံးသတ်မှာ လက်နှစ်ဖက်လုံးတွင် အရည်ကြည်ဖုတွေ ပေါက်နေခဲ့သည်။
လျို့ယွင်ကတော့ ပထမနေ့ အတွေ့အကြုံအရ လူ ဘယ်နှယောက် ငှားရမ်းရမလဲ ဆိုတာ သိသွားသည်။ တခြားရွာတွေမှ နောက်ထပ် လူငါးရာကို ငှားရမ်းလိုက်ပြီး ပေါင်းခံသည့် အိုးကြီးတွေကိုလည်း အိုး ( ၅၀ ) အထိ အရေအတွက်တိုးမြှင့်လိုက်သည်။ ဝါးခြင်းတောင်းတွေကိုလည်း ပိုလုပ်ပြီး နေ့တိုင်း အနည်းဆုံး ကန်စွန်းဥကတ်တီ သုံးသိန်းကျော်ကို ပေါင်းနိုင်ဖို့ ရည်ရွယ်ထားကာ တစ်လအတွင်း ကန်စွန်းဥကတ်တီ ဆယ်သန်းပြီးရမည်ဟု သတ်မှတ်ထားလေသည်။
ဒီကန်စွန်းဥခြောက်တွေထဲက တချို့ကို အခြေအနေပေါ် မူတည်၍ မြောက်ပိုင်းဒေသတွေဆီ ပို့လို့ရသလို တခြားဒေသတွေဆီ သယ်ယူပို့ဆောင်ပြီး ရောင်းချလို့လည်း ရသည်။
လီယောင်ကတော့ လျို့ယွင်ဟာ စိုးရိမ်ပူပန်မှုတွေနှင့် နေ့တိုင်း မရွှင်မလန်းဖြစ်နေတာကို သိသည်။ သူ့မျက်လုံးထဲမှာ ပူပင်သောက တစ်စွန်းတစကို မြင်နေရသည်။ ထို့ကြောင့် ညစာ စားပြီး,ပြီးချင်းမှာပဲ လျို့ယွင်ကို သွားရှာခဲ့သည်။
အကျိုးအကြောင်း မေးကြည့်လိုက်တော့ မနေ့တုန်းက မြောက်ပိုင်းနယ်စပ်မှာ ပြင်းထန်နေတဲ့ အခြေအနေတွေကို လျို့ယွင် သတင်းရခဲ့ကြောင်း သိရသည်။ ယိကျိုးစီရင်စုမှာ ဆောင်းဦးရာသီ အစောပိုင်းပဲ ရှိသေးပေမဲ့ မြောက်ပိုင်းဒေသမှာတော့ အပူချိန် သိသိသာသာ ကျဆင်းပြီး မြောက်ပြန်လေအေးကြမ်းတွေ စတင် တိုက်ခိုက်လာပြီဟု သိရသည်။
“ စိုးရိမ်ရာအကောင်းဆုံးက ဒီနှစ် လူရိုင်းတွေရဲ့ အပြုအမူတွေက ပုံမှန်မဟုတ်တာပဲ။ ” ဟု လျို့ယွင်က ပြောလိုက်သည်။ “ သူတို့က ဒီနှစ် နွေဦးကတည်းက တိုက်ခိုက်မှုတွေကို စတင်ခဲ့တာ ၊ ဒါပေမဲ့ အခုချိန်ထိ သူတို့ဘက်က ပင်ပန်းအားလျော့တဲ့ အရိပ်အယောင်မျိုးတွေကို တွေ့ရမယ့်အစား ပိုပြီး အတင့်ရဲလာခဲ့တယ်။ သူတို့က တိုက်ခိုက်ပြီး ထွက်ပြေးတဲ့ နေရာမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တယ် ၊ တစ်ခါတလေ မြင်းစီးသမားတွေက ကျွန်တော်တို့ တပ်စခန်းချထားတဲ့ နေရာကို ဖြတ်ကျော်ပြီး ကျွန်တော်တို့ရဲ့ စားနပ်ရိက္ခာတွေကို ဖျက်ဆီးသွားတယ်။ အခုဆို သူတို့က စားနပ်ရိက္ခာတွေကို ကြားဖြတ်ယူထားတာ ၊ မီးရှို့ဖျက်ဆီးပစ်တာ အတိုင်းအတာတစ်ခုထိ ရှိနေပြီ။ ရှေ့တန်းက စစ်သားတွေအတွက် စားနပ်ရိက္ခာက ပြဿနာဖြစ်လာပြီ။ ”
ပြီးခဲ့တဲ့ လဝက်တုန်းက ဝမ်စန်းက သူမဆီ လူကြုံနှင့် စာလွှာပါးကာ အရာအားလုံး အဆင်ပြေကြောင်း ၊ သူ့အတွက် စိုးရိမ်ဖို့ မလိုကြောင်း ပြောခဲ့၍ အစတုန်းက လီယောင်ဟာ မြောက်ပိုင်းဒေသရှိ အခြေအနေက အရမ်းကြီး မပြင်းထန်သေးဘူးလို့ ထင်ထားခဲ့တာ ဖြစ်သည်။
ဒါပေမဲ့ အခုတော့ ကြည့်ရတာ ထိုကလေးက သူမကို သတင်းကောင်းတွေပဲ ပြောပြပြီး စိုးရိမ်ပူပန်စရာတွေကိုတော့ သင့်တင့်လျောက်ပတ်တဲ့ ထမင်းတစ်နပ်တောင် မစားနိုင်လောက်တဲ့ထိ သူတစ်ယောက်တည်း မျိုသိပ်ထားပုံပေါ်သည်။
“ အဲ့ဒါကြောင့် ကျွန်တော် ကန်စွန်းဥခြောက်တွေကို တတ်နိုင်သမျှ အမြန်ဆုံး လုပ်ချင်နေတာပါ ၊ ပြီးရင် ဒီနှစ် အထွက်နှုန်းကောင်းတဲ့ တခြား ကောက်ပဲသီးနှံတွေနဲ့ ပေါင်းပြီး တပ်သားတွေအတွက် ရိက္ခာများများရအောင် လုပ်မယ်။ ” ဟု လျို့ယွင်က ပြောလိုက်သည်။ “ အဲ့ဒီ ရိက္ခာတွေကို မြောက်ပိုင်းဒေသကို နှင်းမကျခင် ပို့နိုင်ရင် ဒီနှစ် ဆောင်းတွင်းမှာ လူရိုင်းတွေ တိုက်ခိုက်မှာကို စိုးရိမ်စရာမလိုတော့ဘူး။ ”
“ စစ်တပ်ဟာ အူမတောင့်မှ စစ်ချီတက်နိုင်မယ် ” ဆိုတဲ့ စကားပုံက သွေးထွက်အောင်မှန်တဲ့ အမှန်တရားပင်။ လျို့ယွင်သည် ယိကျိုးစီရင်စုရဲ့ အုပ်ချုပ်သူတစ်ယောက်အနေဖြင့် မြောက်ပိုင်းဒေသရှိ တပ်သားတွေအတွက် ထောက်ထားညှာတာစွာ တွေးပေးရသည်။
ဒါပေမဲ့ လီယောင်ကတော့ မြောက်ပိုင်းဒေသရှိ အခြေအနေတွေထက် ဝမ်စန်းကို ပိုစိတ်ပူသည်။ ဝမ်စန်းက အခုမှ ဆယ့်သုံးနှစ်သားအရွယ်သာ ရှိသေးတာ ဖြစ်သည်။ ဒီခေတ်ရဲ့ ကလေးတွေက စောစောစီးစီး အရွယ်ရောက်တတ်တာမို့ ဝမ်စန်းမှာ ဆယ့်ခွန် ၊ ဆယ့်ရှစ်အရွယ် ယောက်ျားလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံမျိုး ရှိသော်လည်း သူက နည်းနည်းလေးတော့ ငယ်ရွယ်နေပါသေးသည်။
“ ရိက္ခာတွေက အဆင်သင့်ဖြစ်မှာပါ။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ဒါပေမဲ့ ငါတို့ အဲ့ရိက္ခာတွေကို မိုင်တစ်ထောင်ကျော်ဝေးတဲ့ မြောက်ပိုင်းနယ်စပ်ကို ဘယ်လို ပို့ဆောင်ရမလဲ ဆိုတာ နင် စဉ်းစားပြီးပြီလား။ ပြီးတော့ အဲ့ရိက္ခာတွေကို ရောက်အောင် ပို့လိုက်နိုင်ပြီပဲ ထားပါတော့ ၊ ရိက္ခာတွေရဲ့ လုံခြုံမှုကို ငါတို့ ဘယ်လို အာမခံနိုင်မှာလဲ။ ”
“ အဲ … ကျွန်တော် အဲ့အကြောင်းတော့ မစဉ်းစားရသေးဘူး ၊ တွေးလည်း မတွေးတတ်လို့ပါ။ ” ဟု လျို့ယွင်က ပြန်ပြောလိုက်သည်။ “ ကျွန်တော်တို့ တစ်ဆင့်ချင်း လုပ်ကြတာပေါ့။ စားနပ်ရိက္ခာတွေကို အရင်ဆုံး ပြင်ဆင်မယ်။ ဒါပေမဲ့ ကျွန်တော် ခမည်းတော်ကို စာလွှာပါးပြီးသွားပြီ ၊ ရိက္ခာတွေကို လက်ခံယူပြီး သယ်ယူပို့ဆောင်ပေးမယ့် တပ်သားတွေ စေလွှတ်ပေးဖို့ အကူအညီတောင်းလိုက်တာ။ အဲ့ဒါက မဖြစ်နိုင်ရင်တော့ ကျွန်တော်တို့ ဒေသတွင်းစစ်တပ်ကပဲ တပ်သားအင်အားစုဆောင်းရတော့မှာပေါ့။ ”
လီယောင်ကတော့ အကောင်းဆုံးကိုပဲ မျှော်လင့်နိုင်လေသည်။ ဒီကန်စွန်းဥတွေက မြောက်ပိုင်းနယ်စပ်က စစ်သားတွေအတွက် ဖြစ်နေတာမို့ လီယောင်သည် လုံးဝ အ,အားမနေတော့ဘဲ ဖြစ်နိုင်ချေရှိသော ဖြေရှင်းနည်းပေါင်းစုံကို စဉ်းစားပြီး ရွာသူ ၊ ရွာသားတွေကို စုဆောင်း၍ ညဘက်မှာတောင် ကန်စွန်းဥခြောက်တွေကို ပေါင်းနေခဲ့သည်။
အားလုံး အလုပ်ရှုပ်နေချိန်မှာ သူမကတော့ အခန်းလေးတစ်ခန်းထဲမှာ တကုပ်ကုပ်နှင့် ကိရိယာတန်ဆာပလာ တချို့ကို ပြုလုပ်နေခဲ့သည်။ သူမ ဘာလုပ်နေမှန်း ဘယ်သူမှ မသိသော်လည်း အမျိုးသမီးလီ တစ်ခုခုကို အာရုံစူးစိုက် နစ်မြုပ်ထားတိုင်း အဲ့ဒါက ပြောစမှတ်တွင်တဲ့ တီထွင်မှုမို့ ဘယ်သူကမှ ဘာမှ မမေးခဲ့ကြပေ။
ဆယ်ရက်အကြာမှာတော့ ကန်စွန်းဥခြောက် ပထမအသုတ်ကို နေလှန်းနိုင်ခဲ့သည်။ လှည်းအစီးနှစ်ရာဝန်းကျင်နှင့် သယ်ရပြီး အကြမ်းဖျင်းအားဖြင့် စုစုပေါင်းပမာဏရဲ့ ဆယ်ပုံတစ်ပုံဖြစ်ကာ ကတ်တီလေးသိန်းရှိသည်။
ဒီကန်စွန်းခြောက်တွေနှင့်ပင် မြောက်ပိုင်းနယ်စပ်က စစ်သားငါးသိန်းအတွက် အဓိက စားနပ်ရိက္ခာအဖြစ် ဆယ်ရက်ကျော် စားသောက်ဖို့ လုံလောက်သည်။
လျို့ယွင်ကတော့ ယိကျိုးစီရင်စုကို ပြန်သွားပြီး ခရိုင်တွေအားလုံးကို ဒီနှစ် ရရှိခဲ့တဲ့ အခွန်ဘဏ္ဍာတွေအားလုံးကို စုဆောင်းဖို့ ညွှန်ကြားကာ ဧကရာဇ်ရုံးတော်ဘက်က ထိုအခွန်ဘဏ္ဍာတွေကို လူလွှတ်သိမ်းယူပြီး မြောက်ပိုင်းနယ်စပ်ကို ပို့ဆောင်ပေးမှာကို စောင့်ဆိုင်းနေခဲ့သည်။
“ ကျွန်တော်တို့ သွားလို့ ရပါတယ် အမေရယ်။ အမေ အိမ်မှာပဲ အနားယူနေလိုက်ပါ။ ” တာ့ကျွမ်းက ယိကျိုးစီရင်စုသို့ ပို့ဆောင်မည်ဖြစ်သော ကန်စွန်းဥခြောက်လှည်းတွေနှင့်အတူ လိုက်သွားဖို့ ဆုံးဖြတ်ထားသည့် လီယောင့်ကို ပြောလိုက်သည်။ “ ခရီးမှာ အမေ အရမ်း ပင်ပန်းရလိမ့်မယ်။ ”
“ ငါ သွားဖို့ လိုတယ်။ ငါ သင်ကြားဆုံးမပေးရမယ့် ကိစ္စတချို့ ရှိတယ်။ ” ဟု လီယောင်က ပြောလိုက်သည်။ “ မင်းက အိမ်မှာပဲ နေပြီး ငါ့ညွှန်ကြားချက်တွေအတိုင်း လိုက်လုပ်ပါ။ ကန်စွန်းဥနွယ်ခြောက်တွေကို တိရစ္ဆာန်အစာဖြစ်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာ အားလုံးကို သင်ပေးလိုက် ၊ ကျန်တဲ့ ကန်စွန်းဥတွေကိုတော့ အပင်စိုက်ဖို့ သိမ်းထား။ မှတ်ထားနော် … ဘယ်သူ့ကိုမှ အလွန်အကျွံ မစားခိုင်းနဲ့ ၊ အလုံးလှတဲ့ ကန်စွန်းဥတွေကိုလည်း မရောင်းနဲ့။ ကျန်တဲ့ ကန်စွန်းဥတွေကို အပင်စိုက်ဖို့ သိမ်းထား ၊ အဲ့ဒါမှ နောက်နှစ် ယိကျိုးစီရင်စုမှာ ကန်စွန်းဥအထွက်နှုန်းတိုးမှာ။ ”
“ ကျွန်တော် နားလည်ပါပြီ အမေ။ အမေ မှာတဲ့အတိုင်း သေချာ လုပ်ထားလိုက်ပါ့မယ်။ ”
လီယောင်က ပြုံးလိုက်သည်။ “ တကယ်တော့ ငါက ရက်ပိုင်းလောက်ပဲ သွားမှာပါ။ ယိကျိုးစီရင်စုကို ရိက္ခာတွေ ပို့ပြီးတာနဲ့ ငါ ပြန်လာခဲ့မယ်။ ”
ကန်စွန်းဥခြောက်တွေ သယ်လာတဲ့ လှည်းတွေအပြင် လီယောင်က အနက်ရောင်အဝတ်နှင့် တင်းကြပ်စွာ ရစ်ပတ်ထားသော ပစ္စည်းတွေ ပါတဲ့ သီးခြားလှည်းတစ်စီးကိုလည်း ပြင်ဆင်ထား၏။ ထိုလှည်းပေါ်မှာ ဘာပစ္စည်းတွေ ပါတာလဲ ဆိုတာကိုတော့ သူမကိုယ်တိုင်ပဲ သိသည်။
ရိက္ခာပို့သည့် လှည်းတွေက ယိကျိုးစီရင်စုကို လျင်လျင်မြန်မြန်ပဲ ရောက်သွားခဲ့ပါသည်။ လျို့ယွင်ကလည်း သူ့ဘက်မှာ လုံလောက်သော ပြင်ဆင်မှုတွေကို ပြုလုပ်ထားသည်။ ပထမအသုတ်မှာ အကောင်းဆုံး ဆန်စပါးတွေ တင်ဆောင်ထားသည့် လှည်းအစီးနှစ်ထောင်နှင့် မြင်းစာအဖြစ် အသုံးပြုလို့ရသော ကောက်ရိုးလှည်းအစီးတစ်ထောင် ပါဝင်သည်။
သို့သော်လည်း လီယောင် လျို့ယွင်ကို မြင်လိုက်ရချိန်မှာတော့ သူ့မျက်နှာပေါ်မှာ ပျော်ရွှင်မှုဟူ၍ မြူမှုန်မျှ ရှိမနေဘဲ အုံ့မှိုင်းသော စိုးရိမ်ပူပန်မှုတွေကိုသာ တွေ့လိုက်ရသည်။
“ ခမည်းတော်က လူအင်အားစုဆောင်းပြီး ရိက္ခာပို့ဖို့က လောလောဆယ် မဖြစ်နိုင်သေးလို့ ပြောလိုက်တယ်။ မြောက်ပိုင်းနယ်စပ်ကို ရိက္ခာပို့ပေးမယ့် လူရလာရင်တောင် တစ်လကျော်လောက် ကြာလိမ့်မယ်တဲ့။ ”