← Chapters

အတွင်းကျကျ

Vol. 20 Ch. 215

အတွင်းကျကျ

Vol. 20 Ch. 215

မြင်းခွာသံတွေ တဖြည်းဖြည်း နီးကပ်လာသလို လူရိုင်းအဖွဲ့က လီယောင့်နောက်သို့ မြင်းတွေနှင့် ပြေးလိုက်လာသည်မှာ သူတို့ကြားထဲတွင် မီတာသုံးရာတောင် မကွာဝေးတော့ပေ။

လီယောင်က မြင်းစီးနေရင်းမှ လှည့်ကြည့်လိုက်လျှင် ဟိုးအဝေးဆီက လူရိုင်းတွေရဲ့ ပုံရိပ်တွေကို မှေးမှေးမှိန်မှိန် မြင်နေရပြီ ဖြစ်လေသည်။ ဒါက ဒီခေတ်မှာ လူရိုင်းတွေကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ ထွားကျိုင်းမြင့်မားသော သူတို့ခန္ဓာကိုယ်တွေကို ခပ်ဝေးဝေးကနေတောင် သူမ သတိထားမိသည်။ သူတို့ရဲ့ တိုက်ရည်ခိုက်ရည်ကလည်း သေချာပေါက် အားနည်းမှာ မဟုတ်ပါ။

သူမမှာ လူရိုင်းအယောက်သုံးဆယ်ကျော်ကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ရည်ရွယ်ချက်မရှိပါ။ အထူးသဖြင့် မြင်းစီးနေရင်း တိုက်ခိုက်တာက အစကတည်းက သူမရဲ့ ကျွမ်းကျင်မှု မဟုတ်တာမို့ ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်သွားလိမ့်မည်။

လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေဖြင့် အရေးကြီးဆုံးအရာက အရင်ဆုံး ပုန်းကွယ်နေပြီးမှ အချိန်အခါ ၊ ပထဝီမြေပြင်အနေအထား ၊ လူနှင့် ချိန်သားကိုက်မှုကို အပြည့်အဝ အသုံးချကာ ရန်သူတွေကို တစ်ယောက်ချင်း သတ်ပစ်ရမှာပါ။

စစ်မြင်းက ဒူးလောက်ထိ ရှည်လျားသော မြက်ပင်တွေ ရှိသည့် မြက်ခင်းပြင်ထဲသို့ ဒုန်းစိုင်းဝင်လာသောအခါ လီယောင်က မြင်းပေါ်ကနေ ချက်ချင်း ခုန်ဆင်းပြီး သူမရဲ့ အင်္ကျီလက်ထဲက ဓားမြှောင်တစ်လက်ကို ထုတ်ယူ၍ မြင်းနှစ်ကောင်ထဲက တစ်ကောင်ရဲ့ တင်ပါးကို အားနှင့် ထိုးစိုက်ချပစ်လိုက်သည်။

မြင်းက နာကျင်မှုကြောင့် ရုတ်တရက် ထဟီကာ အရှေ့ကို ကြောက်လန့်တကြား ကစုန်ပေါက်၍ ပြေးထွက်သွား၏။ လီယောင်ကတော့ မြင်ပင်ထူထူတွေကြားထဲမှာ ပုန်းနေလိုက်သည်။

မြင်းခွာသံတွေ အများကြီးက သူမ ပုန်းနေတဲ့ နေရာရဲ့ အပြင်ဘက် ဆယ်မီတာအကွာအဝေးအတွင်းက ဖြတ်သွားကာ စီးနင်းသူမဲ့ မြင်းနှစ်ကောင်နောက်ကို ပြေးလိုက်သွားသည်။ သို့သော် အဲ့ဒါက သူမ လုံခြုံသွားပြီ ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါ။

လူရိုင်းတွေက ထိုမြင်းနှစ်ကောင်ကို အမြန် မီသွားလိမ့်မည်။ မြင်းပေါ်မှာ ဘယ်သူမှ မရှိတာကို တွေ့တဲ့အခါ ချက်ချင်းပဲ ဒီနေရာကို နောက်ကြောင်းပြန်လှည့်လာလိမ့်မည်။

ထို့ကြောင် သူတို့ ပြန်ရောက်မလာခင်မှာ သူမဘက်က ပြင်ဆင်စရာရှိတာတွေကို အတတ်နိုင်ဆုံး ပြင်ဆင်ထားရမည်။

လီယောင်က သူမရဲ့ ကျောပိုးအိတ်ထဲကနေ ဒီအချိန်အတွက် သူမ ကြိုတင်ပြင်ဆင်ထားတဲ့ ကိရိယာငယ်လေးတွေကို ထုတ်ယူလိုက်သည်။ ဒီကိရိယာလေးတွေက သူမရဲ့ ကိုယ်ပိုင်ဒီဇိုင်းနှင့် ရှားရှန့်ရဲ့ လက်မှုပညာတို့ရဲ့ ပြီးပြည့်စုံသော ပေါင်းစပ်မှု ဖြစ်သည်။ သူမက ထောင်ချောက်တချို့ တပ်ဆင်ပြီးသွားတော့ ခေါက်သိမ်းလို့ ရတဲ့ ပေါက်ပြားလေးတစ်လက်ကို ထုတ်ယူကာ မြက်ပင်ထူထူတွေကြားမှာ တွင်းတစ်တွင်း အမြန်တူးပြီး အရွယ်အစားတူ မြက်ခင်းပြင် တစ်ပြင်ကို ဖန်တီးလိုက်သည်။

ပြီးပြည့်စုံမှုမရှိသော်လည်း ဒီလို ညအချိန်မှာတော့ ပုန်းခိုစရာ နေရာတစ်ခုအဖြစ် အသုံးပြုနိုင်သည်။

ထိုအချိန်မှာပဲ မြင်းခွာသံတွေက အရှေ့ဘက်ကနေ ထပ်မံချဉ်းကပ်လာခဲ့သည်။ ကြည့်ရတာ ဒီလူရိုင်းအဖွဲ့က အတော်လေး အရည်အချင်းရှိပြီး သတိရှိရှိ သွက်လက်မြန်ဆန်ပုံရသည်။ ဒါပေမဲ့ သူတို့ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ လီယောင်လို အမျိုးသမီးတစ်ယောက်က သူမတစ်ယောက်တည်းနှင့် သူတို့အယောက်သုံးဆယ်ကျော်ကို ရင်ဆိုင်နိုင်လိမ့်မည်ဟု လုံးဝ ထင်မထားလောက်ပါ။

“ သူ ဒီမြက်ပင်ထူထူတွေထဲမှာ ပုန်းနေတာပဲ ဖြစ်ရမယ်။ သူ့ကို ရှာကြစမ်း။ ”

ခေါင်းဆောင်ရဲ့ အမိန့်နှင့်အတူ လူအယောက်သုံးဆယ်ကျော်က သိပ်မကြီးမားသော မြက်ခင်းထူထူကွင်းပြင်အနှံ့ ဖြန့်ကျက်ရှာဖွေခဲ့ကြသည်။ သို့သော် ထိုအချိန်မှာပဲ ဝှစ်ခနဲအသံနှင့်အတူ သတ္ထုမြားတစ်စင်းက လူရိုင်းတပ်သားတစ်ယောက်ရဲ့ လည်မျိုကို ထုတ်ချင်းပေါက် ထိုးဖောက်သွားလေသည်။

လီယောင်က မြားတစ်စင်းကို ထိမှန်အောင် ပစ်လိုက်ပြီးနောက် ချက်ချင်းပဲ ထွက်ပြေးပုန်းရှောင်နေလိုက်၏။ ဘေးပတ်လည်က လူရိုင်းတပ်သားတွေ သတိဝင်လာချိန်မှာတော့ လီယောင်က အတော်လေး ဝေးကွာသော တစ်နေရာမှာ ပုန်းကွယ်နေခဲ့ပြီ ဖြစ်သည်။

ဒုတိယခေါင်းဆောင်က ထိုအဖြစ်အပျက်ကို ကြည့်ပြီး “ အရမ်း လူစုမခွဲနဲ့။ တစ်ဖွဲ့ကို သုံးယောက်နေကြ။ ” ဟု ပြောလိုက်သည်။

ဒါပေမဲ့ အဲ့လို ဆိုရင်တောင် လီယောင့်မှာ တန်ပြန်အစီအစဉ်တွေ ရှိနေသေးသည်။ လူသုံးယောက်တစ်ဖွဲ့က သူမ ထောင်ထားသော ထောင်ချောက်နားသို့ နီးကပ်လာသောအခါ သူတို့ရဲ့ မြင်းတွေက စက်ယန္တရားလေးတွေကို နင်းမိပြီး တဝှစ်ဝှစ်အသံနှင့်အတူ မြားတွေအများကြီး လွတ်ထွက်လာပြီး လူရိုင်းနှစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ချက်ချင်း ထိုးဖောက်သွားခဲ့သည်။

ထိုမြားတွေမှာ သွက်ချာပါဒဝေဒနာခံစားရစေသော အဆိပ်ပြင်းပြင်းတွေ သုတ်လိမ်းထားသည်။ ချက်ချင်လက်ငင်း တုံးခနဲ လဲသေစေနိုင်တဲ့ အဆိပ်မျိုး မဟုတ်သော်လည်း မြားမှန်ခံရသူကို လျင်လျင်မြန်မြန် အကြောသေပြီး မလှုပ်မရှားနိုင်အောင် ဖြစ်စေသည်။

မြားမမှန်တဲ့ လူက သူ့မြင်းကို နောက်ကြောင်းပြန်လှည့်ပြီး ဆုတ်ခွာဖို့ လုပ်သော်လည်း လီယောင်က သူ့ကို ထိုအခွင့်အရေးပေးမှာ မဟုတ်ပေ။ သူမရဲ့ အသေးစိပ် ဖန်တီးထားသော ဒူးလေးမှာ မြားတပ်၍ ပစ်လိုက်လျှင် သူ့ခန္ဓာကိုယ်ကို ထုတ်ချင်းဖောက်ဝင်သွား‌ခဲ့သည်။ ထို့အတူပဲ သူမကလည်း ခပ်ဝေးဝေး တစ်နေရာမှာ ထွက်ပြေးပုန်းရှောင်နေခဲ့ပြန်ပြီ ဖြစ်သည်။

လူလေးယောက်ကို မျက်စိတစ်မှိတ်အတွင်းမှာ ဆုံးရှုံးလိုက်ရတာမို့ ဒုတိယ လူရိုင်းခေါင်းဆောင်က အနည်းငယ် ဒေါသထွက်လာသည်။ ချက်ချင်းပဲ သူ့လူတွေအားလုံးကို မီတာနှစ်ဆယ်အမြင့်ရှိသော အလျားလိုက်ပုံစံအဖြစ် လူစုခိုင်းလိုက်သည်။

ဒါပေမဲ့ လီယောင်က ထောင်ချောက်တွေအများကြီးဆင်ထားတာမို့ ခဏအကြာမှာပဲ အဆိပ်မြားတွေက နောက်ထပ် လူရိုင်းဆယ်ယောက်ကို ထိမှန်သွားခဲ့သည်။

“ မြက်တွေကို မီးရှို့လိုက်တော့။ ”

ဒေါသအမျက်ချောင်းချောင်းထွက်သွားသော ဒုတိယ လူရိုင်းခေါင်းဆောင်သည် အဆိပ်မြားမှန်ထားတဲ့ လူတွေကို သေသလား ၊ ရှင်သလား ဂရုစိုက်မနေတော့ဘဲ ကျန်လူတွေကို လေစုန်ဘက်သို့ ခေါ်ကာ မြက်ခြောက်ခင်းပြင်ကို မီးရှို့ပစ်လိုက်တော့သည်။

တိုက်ခတ်နေတဲ့ လေအားကြောင့် မီးတောက်တွေက မြက်ခင်းထူထူကို လျင်လျင်မြန်မြန်ပဲ တစ်ပင်မကျန် လောင်ကျွမ်းပြာကျသွားစေခဲ့သည်။ သို့သော်လည်း သူတို့ ပြာပုံထဲ သွားပြီး အလောင်းလိုက်ရှာချိန်မှာ ဘာကိုမှ ရှာမတွေ့ခဲ့ပေ။

ထိုအချိန်မှာ လီယောင်က သူမ စောစောတုန်းက တူးထားတဲ့ ခပ်ဝေးဝေးက တွင်းထဲမှာ အပေါ်ကနေ မြက်ခြောက်တွေကို ဖုံးအုပ်လျက် ပုန်းကွယ်နေခဲ့ပါပြီ။ သူတို့ အနီးကပ် မကြည့်လျှင် သူမကို သတိထားမိဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါ။

လူရိုင်းတွေက ခွေးတွေ ခေါ်မလာတာကိုပဲ သူမ ကျေးဇူးတင်ရမည်။ မဟုတ်ရင် အသင့်အတင့် လေ့ကျင့်ပေးထားတဲ့ အမဲလိုက်ခွေးတစ်ကောင်ဆိုလျှင်ပဲ မျက်စိတစ်မှိတ်အတွင်း သူမကို အလွယ်တကူ အနံ့ခံနိုင်လိမ့်မည်။

ရန်သူရဲ့ အရိပ်ကိုတောင် ရှာမတွေ့ဘဲ သူတို့လူတစ်ဝက်ကို ဆုံးရှုံးလိုက်ရသော ဒုတိယ လူရိုင်းခေါင်းဆောင်သည် သူ့ကံဆိုးမှုကို ကျိန်ဆဲရုံသာ တတ်နိုင်တော့သည်။

“ အဲ့ကောင် ထောင်ချောက်တွေ ဆင်ပြီး စောစောစီးစီးကတည်းက ထွက်ပြေးသွားတာ ဖြစ်ရမယ်။ ” နောက်ဆုံးတော့ သူ့ကိုယ်သူ ဖြေသိမ့်လိုက်သည်။ “ ဒဏ်ရာရနေတဲ့ လူတွေနဲ့ မြင်းတွေကို ခေါ်ခဲ့။ ငါတို့ ပြန်မယ်။ ”

မြင်းခွာသံတွေ တဖြည်းဖြည်း ဝေးသွားသော်လည်း လီယောင်ကတော့ တွင်းထဲမှာ နည်းနည်းလေးမှ မလှုပ်ရှားသေး။ သူမရဲ့ တိကျသော အကြားအာရုံအရ လူရိုင်းတွေအားလုံး ထွက်မသွားသေးဘူး ဆိုတာ သတိထားမိသည်။ အနည်းဆုံး ငါးယောက်လောက်က အနီးအနားခြုံပုတ်တွေထဲမှာ ကျန်ခဲ့သည်။

အေးစိမ့်သော ညလေအေးတွေ တဝှီးဝှီး တိုက်ခတ်နေသော်လည်း ထိုလူရိုင်းတွေက ပင်ကိုသဘာဝအရကို အအေးမကြောက်တာ ဖြစ်ပြီး တစ်ညလုံး စောင့်ကြည့်နေခဲ့ကြသည်။

ကောင်းကင်မှာ နည်းနည်းလေး အလင်းရောင်ပွင့်လာတော့မှ သူတို့ရဲ့ ဒုတိယခေါင်းဆောင်က သူတို့ကို ပြန်လာခေါ်သည်။

လီယောင်လည်း မြင်းခွာသံတွေ မကြားရတော့မှ သူမရဲ့ တွင်းထဲကနေ ခေါင်းပြူကြည့်ခဲ့သည်။ တာ့လင်တိုင်းပြည်ရဲ့ စစ်တပ်အင်အားနှင့်တောင် ထိုလူရိုင်းတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ မလွယ်ကူတာ အံ့ဩစရာမရှိပါ။ သူတို့က အကြောက်တရားမရှိတဲ့ လူတွေ ဖြစ်သည်။

လီယောင်သည် တဖြည်းဖြည်း နေထွက်လာတာကို ကြည့်ကာ အကြောဆန့်ရင်း ရိက္ခာခြောက်တချို့နှင့် သန့်ရှင်းသော ရေသန့်ကို စားသောက်လိုက်သည်။

အခု သူမရဲ့ မြင်း မရှိတော့ပါ။ ရှေ့ဆက်သွားရမယ့် လမ်းခရီးက ပိုခက်ခဲကြမ်းတမ်းပြီး အန္တရာယ်များနိုင်သော်လည်း ပျောက်ဆုံးနေတာ ကြာခဲ့ပြီဖြစ်သော ဒီခံစားချက်က သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို တိုက်ခိုက်ချင်စိတ်တွေဖြင့် နိုးကြားတက်ကြွာလာစေခဲ့သည်။

လီယောင်သည် သူမရဲ့ အထုပ်အပိုးတွေကို သိမ်းဆည်းပြီး မြက်ခင်းပြင်ကို သွက်လက်စွာ ဖြတ်ပြေးလာခဲ့လိုက်သည်။ နောက်နှ်ရက်မှာလည်း သူမရဲ့ စူးရှသော အကြားအာရုံနှင့် အန္တရာယ်အာရုံခံနိုင်စွမ်းကို အားကိုးပြီး လူရိုင်းအဖွဲ့တွေ အများကြီးကို ကောင်းကောင်း ရှောင်လွှဲနိုင်ခဲ့သည်။

ဒါပေမဲ့ မျက်စိတစ်ဆုံး ကျယ်ပြောလှသော မြက်ခင်းပြင်တစ်လျှောက်မှာ တာ့လင်တိုင်းပြည် တပ်စခန်းရဲ့ အရိပ်အယောင်ကိုတောင် မမြင်ရပါ။

သူမ ယူလာတဲ့ ရိက္ခာခြောက်နှင့် ရေတွေလည်း ကုန်သွားခဲ့သည်။ သူမရဲ့ အရည်အချင်းကြောင့် မြက်ခင်းပြင်ထဲမှာ အစာငတ်မှာတော့ မဟုတ်သော်လည်း ဒါက သူမ လူရိုင်းတွေနှင့် အချိန်မရွေး ပက်ပင်းတိုးနိုင်တဲ့ နေရာမို့ အစာနှင့် ရေကို သူမ လွတ်လွတ်လပ်လပ် မရှာနိုင်ပေ။

သူမ နည်းလမ်းတစ်ခုခုကို စဉ်းစားရတော့မည့်ပုံပေါ်၏။

လီယောင်သည် မြက်ခင်းထူထူတွေကြားထဲမှာ လဲလျောင်းပုန်းကွယ်ရင်း သူမရဲ့ နောက်ထပ် ခြေလှမ်းတွေကို အစီအစဉ်ဆွဲနေခဲ့သည်။

နေ့အချိန်အတွင်း သေချာ အနားယူပြီး ညအချိန်ရောက်လျှင် လူရိုင်းအဖွဲ့တစ်ဖွဲ့နှင့် ရင်ဆိုင်တွေ့အောင် ကြိုးစားကာ အခွင့်အရေးရပါက မြင်းနှင့် ရိက္ခာတချို့ကို လုယူဖို့ ဆုံးဖြတ်လိုက်လေသည်။

......

မြက်ခင်းပြင်တွေပေါ်သို့ ညအချိန် သက်ဆင်းကျရောက်လာခဲ့သည်။ လီယောင်က အရင်နှစ်ရက်တုန်းက အတွေ့အကြုံပေါ် မူတည်ပြီး သူမ မြက်ခင်းပြင်တွေထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာလေ ၊ လူရိုင်းအဖွဲ့တွေနှင့် ရင်ဆိုင်တွေ့နိုင်ချေများလေပဲ ဆိုတာ နားလည်ထားသည်။ ဖြစ်နိုင်ချေက တစ်ရာ ရာခိုင်နှုန်းနီးပါး ရှိသည်။

သူတို့က တာ့လင်စစ်တပ်ရဲ့ အစွန်အဖျားကို သူတို့ရဲ့ နောက်ဖေးခြံဝင်းသဖွယ် သဘောထားကာ စိတ်တိုင်းကျ ဝင်ထွက်သွားလာနေတာ ဖြစ်သည်။

ဒီည အဖွဲ့မှာ လူဘယ်နှယောက် ပါမလဲ ဆိုတာကိုတော့ သူမ မသိပါ။ လီယောင်သည် မြက်ပင်တွေကြားထဲမှာ လဲလျောင်းရင်း ညနက်ချိန်ရောက်လာသည်ထိ စောင့်နေခဲ့သည်။ ခဏအကြာမှာတော့ မြင်းခွာသံအုပ်အုပ်ကို မြေကြီးနှင့် နားနှင့် ကပ်နားထောင်ရာမှတစ်ဆင့် သူမ ခပ်တိုးတိုး ကြားလိုက်ရပါသည်။

သေချာ စူးစိုက်နားထောင်ကြည့်ပြီးတော့ သူမရဲ့ နှလုံးသားထဲမှာ ပျော်ရွှင်မှုဖြင့် ခုန်ကြွသွားသည်။ လူ ( ၁၂ ) ယောက်ကျော်ပဲ ရှိတဲ့ အဖွဲ့မို့ သူမသာ သူတို့ကို ချောင်းမြောင်းတိုက်ခိုက်နိုင်ရင် ဒီမြက်ခင်းထူထူတွေရဲ့ အကာအကွယ်အောက်မှာ သူတို့အားလုံးကို ရှင်းပစ်နိုင်ချေရှိသည်။

ထို့ကြောင့် သူမရဲ့ အထုပ်အပိုးထဲက နောက်ဆုံးပစ္စည်းတွေကို ထုတ်ယူပြီး ထောင်ချောက်တွေကို အမြန် ဆင်လိုက်သည်။ သူတို့ကို မျှားခေါ်ဖို့အတွက် မီးပုံလေးတစ်ပုံကိုလည်း တမင် ဖိုထားလိုက်သည်။

“ ဟိုမှာ တစ်ယောက်ယောက် ရှိနေတယ်။ ”

လူရိုင်းတွေက ယုန်တစ်ကောင်ကို ခြေရာခံမိသွားတဲ့ အမဲလိုက်ခွေးတွေလိုမျိုး သူတို့ရဲ့ မြင်းတွေကို ဒုန်းစိုင်းစီးနင်းလာခဲ့ကြသည်။ သို့သော် ထိုနေရာကို သူတို့ ရောက်သွားချိန်မှာတော့ မီးငြိမ်းနေပြီဖြစ်တဲ့ မီးပုံကိုသာ မြင်လိုက်ရပါသည်။

“ သူ အဝေးကြီး မရောက်လောက်သေးဘူး။ ” ဟု ခေါင်းဆောင်က ပြောလိုက်သည်။ “ မြက်ပင်တွေထဲကို ရှာကြ။ သတိတော့ထား ၊ အဲ့ကောင်က ထောင်ချောက်ဆင်တဲ့ နေရာမှာ အရမ်း တော်တယ်လို့ ငါ ကြားထားတယ်။ ဒီသစ်သားတုတ်တွေကို သုံးကြ။ ”

လူရိုင်း ဆယ်ယောက်ကျော်က သူတို့ရဲ့ မြင်းတွေက မြက်ခင်းအပြင်ဘက်မှာ ရပ်ကာ လက်နက်တွေနှင့် သစ်သားတုတ်တွေကို စွဲကိုင်ပြီး ပိုက်ကွန်ပုံသဏ္ဍာန်အတိုင်း စတင်ရှာဖွေခဲ့ကြသည်။

မြက်ခင်းပြင်တစ်ဝက်လောက် ရောက်တဲ့ထိ လူအနံ့ရဖို့ဝေးစွ ၊ ထောင်ချောက်တွေနှင့် ချောင်းမြောင်းတိုက်ခိုက်မှုတွကိုတောင် မကြုံရ၍ သူတို့ စိတ်သက်သာရာရသွားကြသည်။

မြက်ပင်ထူထူတွေရဲ့ အပြင်ဘက်မှာ မြင်းကို ရပ်ထားလျက် မြင်းပေါ်မှာ မားမားမတ်မတ် ထိုင်နေတဲ့ ဒုတိယ လူရိုင်းခေါင်းဆောင်က ထိုအခြေအနေတွေအားလုံးကို လရောင်ရဲ့ အကူအညီဖြင့် စီးမိုးစောင့်ကြည့်နေခဲ့သည်။ “ အဲ့ကောင် မြက်ပင်တွေကြားထဲမှာပဲ ရှိလိမ့်မယ်။ သူ့ကို မတွေ့မချင်း ရှာကြ။ ”

သို့သော် သူ့နှုတ်က ထိုစကားလုံးတွေ ထွက်သွားချိန်မှာပဲ အနက်ရောင် လူရိပ်တစ်ခုက သူ့နောက်ကို အလျင်အမြန် ချဉ်းကပ်လာခဲ့လေသည်။ လူရိုင်းတွေက အလေးချိန်လျှော့ချဖို့အတွက် သံမဏိအစား နွားသားရေနှင့် လုပ်ထားတဲ့ ချပ်ဝတ်တန်ဆာတွေကို ဝတ်ဆင်ထားကြသည်။ အဲ့ဒါက လီယောင့်အား ဒုတိယ လူရိုင်းခေါင်းဆောင်ရဲ့ ကုပ်ပိုးကို မြားနှင့် တိတ်တဆိတ် ထိုးဖောက်ပစ်ခွင်းဖို့ ပြီးပြည့်စုံသော အခွင့်အရေးကို ပေးသည်။ ဒုခေါင်းဆောင်သည် ပါးစပ်က ဗလုံးဗထွေးသာ ညည်းညူလိုက်နိုင်ကာ မြင်းပေါ်က ပြုတ်ကျသွားရှာသည်။

ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်လိုက်နိုင်ပြီမို့ အစီအစဉ်တစ်ဝက် အောင်မြင်သွားပြီဟု ပြောလို့ ရသည်။ နောက်တစ်ဆင့်အနေဖြင့် လီယောင်သည် မီးခြစ်ကိရိယာကို ထုတ်ယူကာ မြက်ပင်တွေကို လေစုန်ဘက်ကနေ မီးရှို့ပစ်လိုက်သည်။

All Chapters