← Chapters

မီးလှိုင်း

Vol. 20 Ch. 216

မီးလှိုင်း

Vol. 20 Ch. 216

လီယောင်က ထူထဲသော မြက်ပင်ရှည်တွေ ရှိသည့် မြက်ခင်းပြင်ရဲ့ အစွန်းတစ်လျှောက်မှာ ကန့်မှုန့်တွေအများကြီးကို ကြိုတင်ဖြူးထားတာမို့ ချက်ချင်းပဲ မီးဟုန်းဟုန်းတောက်သွားခဲ့သည်။

လေတွေကလည်း လေစုန်ဘက်ကနေ တိုက်ခတ်နေတာကြောင့် မီးတောက်တွေက လျင်မြန်စွာ ပျံ့နှံ့သွားပြီး အချိန်ခဏအတွင်းမှာပဲ မီးတောက်လှုင်းကြီးတွေ ဖြစ်ပေါ်လာခဲ့သည်။

မြက်ပင်တွေကြားမှာ ရှာနေဆဲဖြစ်တဲ့ လူရိုင်းတပ်သားတွေက သူတို့ဆီ ပြေးလာတဲ့ မီးတောက်ကြီးတွေကို မြင်သည်နှင့် သွေးပျက်တုန်လှုပ်စွာ ထွက်ပြေးကြသည်။ သို့သော် တဟုန်းဟုန်းတောက်နေသော မီစတောက်တွေဆီကနေ လွတ်အောင် ထွက်မပြေးနိုင်ဘဲ ခဏအကြာမှာပဲ မီးတောက်နီတွေဆီမှာ ဝါးမျိုခံလိုက်ရလေသည်။

ဉာဏ်ကောင်းစွာဖြင့် ဆန့်ကျင်ဘက်အရပ်ကို ခေါင်းငုံ့ထွက်ပြေးကာ မီးတောက်တွေကို ဖြတ်ကျော်ခဲ့သူတွေပင်လျှင် မုတ်ဆိတ်မွေးတွေ ၊ ဆံပင်တွေ မီးလောင်သွားခဲ့သည်။ မီးခိုးတွေကြောင့် အသက်ရှူကြပ်ပြီး မျက်လုံးလည်း မဖွင့်နိုင်ပေ။

သူတို့ သတိပြန်ဝင်လာချိန်မှာတော့ လူတိုင်းနီးပါး ထိခိုက်ဒဏ်ရာရနေပြီး ကံမကောင်းသော နှစ်ယောက်ဆိုလျှင် မီးလောင်သေဆုံးသွားခဲ့သည်။

သူတို့ကို စိတ်ပျက်ဒေါသထွက်စေဆုံးကတော့ သူတို့ရဲ့ ခေါင်းဆောင်က မြေကြီးပေါ်မှာ အသက်မဲ့စွာ လဲကျလျက် ရှိပြီး သူတို့ရဲ့ စစ်မြင်းတွေအကုန်လုံးလည်း အစအနတောင်မကျန် ပျောက်ဆုံးသွားတာပဲ ဖြစ်သည်။

“ မြန်မြန် လုပ်ကြစမ်း … မြက်တွေကို နှုတ်ပစ်ပြီး မီးပုံတွေ ဖိုကြ။ ”

“ အနီးအနားမှာ ငါတို့လူတွေ အများကြီး ရှိသေးတယ်။ ငါတို့ အဲ့ကောင်ကို ဒီတစ်ခေါက် လွတ်သွားလို့ မဖြစ်ဘူး။ ”

....

လူရိုင်းတွေ မွေးမြူထားတဲ့ စစ်မြင်းတွေက ကြံ့ခိုင်သန်မာသော ခန္ဓာကိုယ်တည်‌ဆောက်ပုံ ၊ ဒုန်းစိုင်းစီးနင်းတဲ့အခါ ထူးခြားသော ခွန်အားတို့နှင့်အတူ ရိုးရှင်းစွာပဲ ကြောက်မက်ဖွယ်ကောင်းတာကိုတော့ ဝန်ခံရမည်။ သူတို့မှာ ခြေနင်းကွင်းတစ်ဖက်ပဲ ပါတဲ့ မြင်းကုန်းနှီးတွေသာ ရှိလို့ စီးရတာ နည်းနည်းလေး ပင်ပန်းတာတစ်ခုပဲ ပြောစရာရှိသည်။

လီယောင်သည် လူရိုင်းတွေဆီက အသားခြောက်နှင့် ရေသန့်တွေအများကြီး ရှာတွေ့လာခဲ့ကာ မြင်းပေါ်မှာပဲ ဗိုက်ဖြည့်လိုက်သည်။ သူမအတွက် ပိုလို့တောင် ကြီးမားတဲ့ အန္တရာယ်တွေ စောင့်ကြိုနေတာကို သိသည်။ ခုနတုန်းက မီးတောက်တွေက သူမနောက်ကို လူရိုင်းတွေအများကြီး လိုက်ဖမ်းအောင် သေချာပေါက် ဆွဲဆောင်လိုက်လိမ့်မည်။

အခုကတည်းက သူမနောက်ကို လူရိုင်းတွေအများကြီး လိုက်လာနေတာတောင် ဖြစ်နိုင်သည်။ အဲ့လိုသာဆိုရင်တော့ ဒီညက ပြင်းထန်တဲ့ တိုက်ပွဲတစ်ပွဲဖြစ်မှာ မြေကြီးလက်ခတ်မလွဲပင်။ သို့မဟုတ် သူမရဲ့ ပြိုင်ဖက် လူရိုင်းတွေက ဒီမြက်ခင်းပြင်တွေကို ထုံးလိုမွှေ ရေလိုနှောက် နှံ့စပ်ကျွမ်းကျင်နေချိန်မှာ သူမကတော့ သည်းထိတ်ရင်ဖိုစရာကောင်းစွာ ထွက်ပြေးရတော့မည်ဟု ပြောလို့လည်း ရသည်။

လီယောင်သည် အနောက်မြောက်အရပ်သို့ တစ်နာရီတိတိ ဒုန်းစိုင်းစီးနင်းလာခဲ့ချိန်မှာပဲ ခပ်ဝေးဝေးက မြင်းခွာသံတွေကို ကြားလိုက်ရသောကြောင့် လူရိုင်းအဖွဲ့ဆီက သူမ ခိုးလာတဲ့ စစ်မြင်းတစ်ဝက်ကို ချက်ချင်း လွှတ်ပေးကာ အနောက်အရပ်သို့ မောင်းနှင်လိုက်သည်။ သူမကတော့ ကျန်မြင်းတွေနှင့်အတူ ခရီးရှေ့ဆက်လာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် လူရိုင်းတွေအားလုံးက အနောက်ဘက်ကို သွားတဲ့ မြင်းတွေနောက်ကို ပြေးလိုက်သွားသော်လည်း ထိုငြိမ်းချမ်းမှုက တာရှည်မခံလိုက်ပါ။ အကြောင်းကတော့ မြင်းခွာသံတွေကို အရပ်မျက်နှာပေါင်းစုံကနေ ကြားလိုက်ရတာကြောင့် ဖြစ်သည်။

....

တာ့လင်ရှေ့တန်းတပ်သားများသည် အရိုးကွဲမတတ် စူးအေးလှသော လေအေးတွေကြောင့် ရွက်ဖျင်တဲများထဲသို့ ဝင်ရောက်လာခဲ့ကြသည်။

အရှေ့စခန်းကို တာဝန်ယူထားသော အရာရှိတွေကတော့ တာဝန်အရ ကင်းလှည့်ရင်း အအေးဒဏ်ပြင်းပြင်းကြောင့် သူတို့ခြေထောက်တွေ တောင့်တင်းမသွားအောင် ခြေလှမ်းပြင်းပြင်းနင်းနေခဲ့ကြသည်။

တပ်မှူးချုပ်ရဲ့ ရွက်ဖျင်တဲထဲမှာတော့ တော်ဝင်တပ်မှူးချုပ်ရှုက လက်ထောက်တပ်မှူးအဖွဲ့နှင့်အတူ စားနပ်ရိက္ခာတွေအကြောင်း အစည်းအဝေးလုပ်နေဆဲ ဖြစ်သည်။

လက်ရှိအချိန်တွင် တပ်စခန်းတစ်ခုလုံးထဲမှာ ရိက္ခာသုံးရက်စာသာ ကျန်ပြီး မြင်းစာကတော့ နှစ်ရက်စာသာ ကျန်တော့တာမို့ ပိုဆိုးသည်။ စားနပ်ရိက္ခာ အထောက်အပံ့တွေ ရောက်မလာရင် စစ်တပ်တစ်တပ်လုံး နောက်ကြောင်းပြန်လှည့်ရုံက လွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။

သို့သော် နောက်ကြောင်းပြန်လှည့်တာက ပြောတော့သာ လွယ်တာပင်။ လူရိုင်းတွေက တပ်ဖွဲ့တွေအများကြီး စုဝေးနေပြီဖြစ်သလို အတိုက်အခိုက်ကျွမ်းကျင်သော လူရိုင်းတပ်ဖွဲ့တွေကလည်း အစွန်အဖျားဒေသတွေမှာ ဆက်တိုက် မင်းမူသောင်းကျန်းနေ၏။

သူတို့ နောက်ကြောင်းပြန်လှည့်သည်နှင့်တစ်ပြိုင်နက် ပင်မ လူရိုင်းစစ်တပ်က သူတို့ကို အရှေ့အနောက် ချောင်ပိတ်တိုက်ခိုက်မှာ သေချာသည်။ တာ့လင်စစ်တပ်ကို ကာကွယ်နိုင်ခဲ့သည်ဆိုလျှင်တောင် သူတို့ အလူးအလဲ ကာကွယ်ထားရတဲ့ နယ်မြေတွေကို လူရိုင်းတွေလက်ထဲ ထိုးအပ်လိုက်ရလိမ့်မည်။

မြောက်ပိုင်းနယ်စပ်မှာ နှစ်ပေါင်းများစွာ တိုက်ခိုက်လာတဲ့ တပ်မှူး‌တွေ ၊ တပ်သားတွေအတွက်တော့ နယ်မြေတစ်လက်မ,ကအစ သူတို့ရဲ့ သွေးတွေ ၊ ချွေးတွေ ၊ ကြွေလွင့်သွားပြီဖြစ်သော သွေးသောက်ရဲဘော်တွေရဲ့ အသက်တွေနှင့် လဲလှယ်ထားတာ ဖြစ်သည်။

သူတို့က ဒီလိုမျိုး လက်လျှော့အရှုံးပေးကာ နောက်ကြောင်းပြန်လှည့်ရမှာထက် အသက်ပေးရမှာကိုပဲ ပိုလက်ခံချင်သည်။

“ ဧကရာဇ်ရုံးတော်က အခုထိ တစ်ယောက်မှ လွှတ်မပေးသေးဘူးလား။ ”

“ ဒီရက်ပိုင်း ဆက်သားတစ်ယောက်မှ ရောက်မလာပါဘူး။ ” ဟု လက်ထောက်တပ်မှူးက ပြောလိုက်သည်။ “ တော်ဝင်တပ်မှူးချုပ် … ကျွန်တော်ကတော့ သူတို့တွေ ကျွန်တော်တို့ကို ရိက္ခာတွေ တမင် မပို့ပေးတာလို့ ထင်တယ်။ ”

တပ်မှူးချုပ်ရှုက သူ့ကို “ အဓိပ္ပာယ်မရှိတဲ့ စကားတွေ လျှောက်ပြောမနေနဲ့။ ” ဟု ကြိမ်းမောင်းလိုက်သည်။ “ ဧကရာဇ်‌ရုံးတော်က ရိက္ခာမပို့တာ သူတို့ မထိန်းချုပ်နိုင်တဲ့ အခက်အခဲတွေ ရှိလို့ပဲဖြစ်မယ်။ ”

“ ဆောင်းရာသီအစပိုင်း ရောက်နေပြီလေ။ ဒီနှစ်အတွက် အခွန်ဘဏ္ဍာတွေကို ကောက်ပြီးတာလည်း ကြာလှပြီ။ သူတို့မှာ ဘယ်လိုလုပ် ရိက္ခာနဲ့ မြင်းစာတွေ မရှိမှာလဲ။ ”

တပ်မှူးချုပ်ရှုလည်း အဲ့ဒါကို သိပေမဲ့ တပ်သားတွေရဲ့ စိတ်ထဲကို သံသယတွေ လက်လွတ်စပယ် ထည့်ပေးပြီး စိတ်ဓာတ်မပျက်ပြားစေချင်ပါ။ သူ့မျက်စိရှေ့က ဘေးကြပ်နံကြပ် အခြေအနေတွေက အမှန်တကယ်ပဲ ဖြေရှင်းရခက်လှပါသည်။

တပ်ပြန်ဆုတ်တာကပဲ သူတို့ လုပ်နိုင်တဲ့ တစ်ခုတည်းသော ရွေးချယ်မှုလား … ။

ထိုအချိန်မှာပဲ အစောင့်တပ်သားတစ်ယောက်က ရွက်ဖျင်တဲထဲကို ပြေးဝင်လာပြီး “ ကင်းစောင့်တပ်သားတွေက အရှေ့တောင်အရပ်မှာ မီးတောက်အလင်းရောင်တွေကို မြင်လိုက်ရတယ်လို့ သတင်းပို့ပါတယ်။ လူရိုင်းအဖွဲ့ ဆယ်ဖွဲ့လောက်ကလည်း အဲ့ဒီဘက်ကို သွားနေကြတယ်တဲ့။ ” ဟု လာပြောသည်။

တပ်မှူးတွေက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ လူရိုင်းတွေက ဘာလို့ ညသန်းခေါင်အချိန်ကြီးမှာတောင် ယောက်ယက်ခတ်နေကြတာလဲ … ။

“ ရိက္ခာတွေ ရောက်လာလို့ လူရိုင်းတွေက အဲ့ဒီရိက္ခာတွေကို လမ်းတစ်ဝက်ကနေ ဖြတ်လုပြီး ဖျက်ဆီးပစ်ချင်နေတာများလား။ ”

“ ရိက္ခာတွေ ရောက်လာတာတော့ မဖြစ်နိုင်ဘူး။ ” ဟု တပ်မှူးရှုက ပြောလိုက်သည်။ “ ရိက္ခာတွေသာ ရောက်လာရင် ဧကရာဇ်ရုံးတော်ဘက်က ငါတို့ကို ကြိုအသိပေးပြီး ရိက္ခာလာပို့တဲ့ လူတွေကို သေချာပေါက် ကြိုဆိုခိုင်းထားမှာပဲ။ ”

“ ဒါဆို လူရိုင်းတွေက ဘာလုပ်နေကြတာလဲ။ ”

“ ဘယ်သိမလဲ။ တပ်သားသုံးရာလောက် ပါတဲ့ မြင်းတပ်ဖွဲ့နဲ့ အခြေအနေသွားကြည့်ရမှာပေါ့။ ”

တပ်မှူးချုပ်ရှုက “ ငါတို့ အလောတကြီး လုပ်လို့ မရဘူး ၊ ဒါက ရန်သူ့ထောင်ချောက်ဖြစ်ဖို့ များတယ်။ ” ဟု ပြောလိုက်သည်။

ဆောင်းရာသီရောက်လာခြင်းနှင့်အတူ ရိက္ခာတွေ တတိတိ လျော့နည်းလာခြင်းကြောင့် တာ့လင်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေဟာ အကန့်အသတ်တစ်ခုထိ ဖိနှိပ်ခံထားရသည်။

ဒါက လူရိုင်းတွေ တာ့လင်စစ်တပ်ရဲ့ အစွန်အဖျားမှာ မြင်းတပ်အင်အားအများကြီးကို အသုံးပြုပြီး လှည့်ပတ်ခိုင်းထားတာ ဖြစ်လိမ့်မည်။

သူတို့ အခုအချိန်မှာ လက်လွတ်စပယ် သွားတိုက်ခိုက်လို့ ရှေ့တန်း ရန်သူ့စစ်တပ်တွေကလည်း အခွင့်အရေးကို မိမိရရ အသုံးချပြီး တစ်ချိန်တည်းမှာ တိုက်ခိုက်ရင် တာ့လင်စစ်တပ်ဟာ အရှေ့ရော ၊ အနောက်ရော ညှပ်ပူးညှပ်တိုက် ချောင်ပိတ်တိုက်ခိုက်မှုတွေကို ရင်ဆိုင်ရပါလိမ့်မည်။

ထိုအချိန်မှာပဲ နောက်ထပ် တပ်သားတစ်ယောက် ရောက်လာပြီး သတင်းပို့သည်။ “ စခန်းထဲကို ယိကျိုးစစ်တပ်က လျှို့ဟူ ဆိုတဲ့ လက်ထောက်တပ်မှူးတစ်ယောက် ရောက်လာပြီး ရိက္ခာတွေ လာပို့တာပါလို့ ပြောတယ်။ တော်ဝင်တပ်မှူးချုပ်နဲ့ တွေ့ချင်ပါတယ်တဲ့။ ”

တပ်မှူးချုပ်ရှုရဲ့ ဘေးမှာ ရပ်နေသော ဝမ်စန်းအာသည် အံ့အားသင့်သွား၏။

ယိကျိုးစစ်တပ်ရဲ့ လျှို့ဟူ ဆိုတာ သူ့အတွက် သွေးသောက်ညီအစ်ကိုတစ်ယောက်နှင့် မခြားပါ။ ဒါပေမဲ့ လျှို့ဟူက သူ့ထက် ပိုကံကောင်းတာကြောင့် တပ်မှူးချုပ်ရှုရဲ့ သက်တော်စောင့်ဖြစ်လာကာ အခုဆို လက်ထောက်တပ်မှူးအဆင့်ထိ ရာထူးတိုးမြှင့်ခြင်းခံထားရပြီဖြစ်သည်။

လျှို့ဟူက ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ။

“ သူ့ကို ခေါ်လာခဲ့လိုက်။ ”

ဝမ်စန်းအာသည် လျှို့ဟူရဲ့ မျက်နှာကို တစ်ချက် ကြည့်ရုံနှင့် သူ့ကို ချက်ချင်း မှတ်မိသွားသည်။

“ လျှို့ဟူ … တကယ်ပဲ မင်း ဖြစ်နေတာပဲ။ ” ဝမ်စန်းအာက ပင်ပန်းနွမ်းနယ်နေသော လျှို့ဟူကို သွားပြီး တွဲကူပေးလိုက်သည်။ “ မင်း ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ။ ”

လျှို့ဟူကတော့ ဝမ်စန်းအာကို မြင်သည်နှင့် “ မင်းအမေရော ဒီကို ရောက်ပြီလား။ ” ဟု အမောတကာ မေးသည်။

“ ဟမ် … ” ဝမ်စန်းအာ ပိုလို့တောင် ထိတ်လန့်သွားရသည်။ “ ငါ့အမေလည်း ပါလာတာလား။ လျှို့ဟူ … ငါ့ကို သေချာ ပြောစမ်းပါ။ ဘာတွေ ဖြစ်နေတာလဲ။ ”

လျှို့ဟူက ရိက္ခာပို့ဆောင်ရေးလှည်းတန်းမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို အကျဉ်းချုံ့၍ ရှင်းပြလိုက်သည်။ ဝမ်စန်းအာသည် သူ့အမေဟာ လူရိုင်းတွေရဲ့ တိုက်ခိုက်မှုကို တစ်ယောက်တည်း ခုခံကာကွယ်ရင်း မြက်ခင်းပြင်ထဲမှာ သွားလာနေကြောင်း သိလိုက်ရချိန်မှာ စိုးရိမ်စိတ်ဖြင့် ရင်ထဲမှာ ဗလောင်ဆူသွားလေသည်။

“ တော်တင်တပ်မှူးချုပ် … ဒီည လူရိုင်းတွေ အဖွဲ့လိုက် လှုပ်ရှညးနေတာက ကျွန်တော့်အမေကို ချောင်ပိတ်ဖမ်းဖို့ပဲ ဖြစ်လိမ့်မယ်။ ကျေးဇူးပြုပြီး ကျွန်တော့်တပ်သားတွေနဲ့အတူ အမေ့ကို သွားကယ်ခွင့်ပေးပါ။ ”

တော်ဝင်တပ်မှူးချုပ်ရှုလည်း ဟဲဝမ်ရွာက လှပနုနယ်သော အမျိုးသမီးလီဟာ မြက်ခင်းပြင်တွေကို တစ်ယောက်တည်း စွန့်စွားထွက်ခွာပြီး လူရိုင်းတွေနှင့် ပတ်သက်ရဲတဲ့အတွက် အံ့ဩမိသည်။

သို့သော် လျှို့ဟူပြောစကားအရ အချိန်က သုံးရက်နှင့် သုံးည ကုန်ဆုံးသွားပြီဖြစ်သည်။ အမျိုးသမီးတစ်ယောက်အဖို့ လူရိုင်းတွေရဲ့ မျက်လုံးအောက်မှာ ထိုမျှကြာကြာ ရှင်သန်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါ။ သူပင်လျှင် လုပ်နိုင်မှာ မဟုတ်။ ဒီရွက်ဖျက်တဲထဲက တပ်မှူးတွေဆို ပိုဆိုးသည်။

“ ကိစ္စတွေက မင်း စိတ်ကူးထားသလို ဟုတ်ချင်မှဟုတ်မှာ ဝမ်စန်းအာ။ ”

“ တပ်မှူးချုပ် စိတ်ပူတာကို သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမေက အရမ်း တော်တယ်။ သူ အခုထိ အသက်ရှင်နေလောက်သေးတယ်။ အဲ့ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် သွားကြည့်ပါရစေ။ ”

တပ်မှူးချုပ်ရှုက ခဏလောက် စဉ်းစားပြီးမှ “ ဒါဆိုလည်း မင်းရဲ့ လက်ထောက်တပ်မှူးတွေကိုပဲ မင်း ခေါ်သွားလို့ ရမယ်။ ” ဟု ပြောလိုက်သည်။

သူနှင့်အတူ မြင်းတပ်သား အယောက်တစ်ရာကိုပဲ ခေါ်သွားလို့ ရမည် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်သည်။

“ အဲ့လောက်ဆို လုံလောက်ပါပြီ။ ” ဝမ်စန်းအာမှာ ယုံကြည်ချက်အပြည့် ရှိသည်။ ပြီးခဲ့တဲ့ လတွေအတွင်း လူရိုင်းတွေနှင့် ရင်ဆိုင်ခဲ့ရတဲ့ တိုက်ပွဲအသေးစားလေးတွေမှာ ဒူးလေးတွေ ၊ သံမဏိဓါးတွေနှင့် သူ့အမေ သင်ပေးထားတဲ့ တိုက်ပွဲပရိယာယ်တွေကို အသုံးချပြီး သူ့ကိုယ်သူ အကြိမ်ပေါင်းများစွာ သက်သေပြနိုင်ခဲ့သည်။

သူ့ရဲ့ တိုတောင်းလွန်းသော စစ်မှုထမ်းအတွေ့အကြုံနှင့် ငယ်ရွယ်သော အသက်ကြောင့်သာ မဟုတ်ရင် တပ်မှူးချုပ်ရှုက သူ မကြာခဏ အပြင်သွားခြင်းအား တားဆီးမှာ မဟုတ်ပါ။ အနည်းဆုံးတော့ သူက ဒီအချိန်လောက်ဆို မြင်းတပ်ခေါင်းဆောင်ဖြစ်နေမှာပင်။

သူ့လက်အောက်က မြင်းတပ်သား အယောက်တစ်ရာကလည်း ကျကျနန လေကျင့်ပေးထားတာကြောင့် ရဲစွမ်းသတ္တိရှိကာ ဘယ်သူမှ မတားဆီးနိုင်သော လက်ရွေးစင်တွေ ဖြစ်သည်။ လူရိုင်းအဖွဲ့တွေ အများကြီးနှင့် ရင်ဆိုင်ရလျှင်တောင် သူလူတွေက အလွယ်တကူ ချေမှုန်းနိုင်လိမ့်မည်ဟု ယုံကြည်သည်။

“ ဒါဆို သွားတော့။ ” ဟု တပ်မှူးချုပ်ရှုက ပြောလိုက်သည်။ “ တစ်ခုတော့ မှတ်ထား … တစ်ခုခု မူမမှန်ဘူးလို့ ခံစားရတာနဲ့ ချက်ချင်း နောက်ကြောင်းပြန်လှည့်လာခဲ့ပါ။ ”

“ ဟုတ်ကဲ့ပါ တပ်မှူးချုပ်။ ”

All Chapters