← Chapters

ဖောက်ထွက်ခြင်း

Vol. 20 Ch. 217

ဖောက်ထွက်ခြင်း

Vol. 20 Ch. 217

လီယောင့်ဘေးပတ်ပတ်လည်မှာ မြင်းခွာသံတွေက မိုးခြိမ်းသံလို ညံလာသည်။ သူမ တကယ့်ကို အဝိုင်းခံထားရပြီ ဆိုတာ သိသော်လည်း နည်းနည်းလေးတော့ စိတ်ရှုပ်ထွေးမိသည်။

အကျိုးသင့်အကြောင်းသင့် ပြောရလျှင် သူမက တာ့လင်စစ်တပ် ရှေ့တန်းနောက်မှာ ရှိနေသေးတာပဲ မဟုတ်လား … ။ ဒီနေရာမှာ လူရိုင်းတပ်ဖွဲ့တွေက ဘာလို့ ဒီလောက် များနေရတာလဲ … ။

သူမရဲ့ တွက်ချက်မှုတွေ မှားသွားပြီး ဒီနှစ်ရက်အတွင်း အလျင်အမြန် သွားလာရင်း တာ့လင်စစ်တပ်နှင့် လွဲချော်ကာ လူရိုင်းတွေရဲ့ နယ်မြေထဲကိုပဲ သတိမမူမိဘဲ ရောက်လာတာလား။

ထိုအတွေးကလည်း ဖြစ်နိုင်ချေမရှိပါ။

အခုက အဲ့ဒါတွေကို အချိန်ကုန်ခံ တွေးတောနေရမယ့် အချိန် မဟုတ်။ သူမ အဝိုင်းခံထားရပြီ ဆိုတာ အသေအချာပဲမို့ ဘယ်‌လို ဖောက်ထွက်မလဲ ဆိုတာကိုပဲ စဉ်းစားသင့်သည်။

ရုတ်ချည်းဆိုသလိုပဲ လီယောင့်စိတ်ထဲမှာ အနည်းဆုံး ဖောက်ထွက်တိမ်းရှောင်နည်း သုံးနည်းလောက် ထွက်ပေါ်လာခဲ့သည်။ သို့သော် သူမ ဘယ်နည်းလမ်းကို သုံးရင် ကောင်းမလဲလို့ စဉ်းစားနေတုန်းမှာပဲ ဟိုးခပ်ဝေးဝေးမှာ မီးရောင်တွေကို မြင်လိုက်ရလေသည်။

မီးရောင်တွေနှင့်အတူ မြင်းခွာသံသဲ့သဲ့ကိုလည်း ကြားရ၏။ ဝေးကွာနေသေးသော်လည်း အသံကို နားထောင်ရသလောက်လည်း လူအရေအတွက်လည်း အသင့်အတင့်ရှိသည်။ ပြီးတော့ သူတို့က သူမကို ဝိုင်းထားတဲ့ လူရိုင်းတပ်ဖွဲ့လေးတွေလို ပြောက်တိပြောက်ကျား ပြန့်ကျဲ့မနေဘဲ အတူတကွ စုစည်းနေသည်။

သူမ တာ့လင်စစ်တပ်နဲ့ အမှတ်မထင် တွေ့သွားတာလား … ။

ထိုအတွေးက အတော်လေး ဖြစ်နိုင်ချေရှိသည်ဟု လီယောင် ခံစားရသည်။ ပြောရရင် ဒီနေရာက တာ့လင်စစ်တပ်ရဲ့ အစွန်အဖျား ဖြစ်ပါသည်။ ဒီည ပြောင်ပြောင်တင်းတင်း သောင်းကျန်းနေတဲ့ လူရိုင်းတွေကို တာ့လင်စစ်တပ်က ဘာမှ မတုံ့ပြန်ရင် သူတို့အပေါ်ကို ဆိုးဝါးစွာ တန်ပြန်အကျိုးသက်ရောက်စေပါလိမ့်မည်။

အဲ့လို ဆိုရင်တော့ သူမ ပုန်းနေတာ ရပ်သင့်ပါပြီ။

လီယောင်သည် လူရိုင်းတွေ အဝိုင်းခံထားရသည့်ကြားထဲမှ ဖောက်ထွက်ကာ တာ့လင်စစ်တပ်နှင့် ပေါင်းစည်းဖို့ ဆုံးဖြတ်လိုက်၏။ ထိုကြောင့် သူမရဲ့ မြင်းပေါ်က သားရေချပ်ဝတ်တန်ဆာကို ဝတ်ဆင်လိုက်ပြီး အမြန်ဆုံးနှုန်းနှင့် ဖောက်ထွက်ဖို့ ပြင်လိုက်သည်။

လူရိုင်းအဖွဲ့တွေကလည်း တာ့လင်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို ကောင်းကောင်း သတိပြုမိသည်။ ထို့ကြောင့် ချက်ချင်းပဲ အဖွဲ့ငါးဖွဲ့ခွဲကာ ကြားဖြတ်တိုက်ခိုက်ဖို့အတွက် စက်ဝိုင်းပုံကဏ္ဍာန် နေရာယူလိုက်ပြီး ကျန်လူတွေကတော့ လီယောင့်ကို ဆက်လက် ဝိုင်းထားကြသည်။

မိုးခြိမ်းသံတမျှ ပြင်းထန်သော မြင်းခွာသံတွေ တဖြည်းဖြည်း နီးကပ်လာသည်။ လူရိုင်းတွေရဲ့ ရှည်လျားမြင့်မားသော ခန္ဓာကိုယ်ပုံရိပ်တွေကို မီတာနှစ်ရာ အကွာကတည်းက မြင်နေရသည်။

လီယောင်က အသက်အောင့်ပြီး သူမရဲ့ ဒူးလေးနှင့် မြားတို့ကို အသင့်ပြင်ထားလိုက်သည်။

လူရိုင်းတွေရဲ့ ဒူးလေးတွေက မီတာ ( ၃၀ ) အကွာအဝေးထိ ထိရောက်စွာ ပစ်ခွင်းပြီး ရှားရှန့်ကိုယ်တိုင် သူမစိတ်တိုင်းကျ ပြုလုပ်ပေးထားတဲ့ ဒူးလေးကတော့ မီတာ ( ၅၀ ) နီးပါးအထိ ထိထိရောက်ရောက် ပစ်ခွင်းနိုင်သည်။

ထိုမီတာ ( ၂၀ ) အပိုဆောင်း အကွာအဝေးကို အထင်မသေးစေချင်ပါ။ ထိုအကွာအဝေးက သူမကို အသာစီးရစေနိုင်ဖို့ လုံလောက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ လူရိုင်းတွေဟာ သူမနှင့် မီတာ ( ၁၀၀ ) ကျော် အကွာအဝေးအထိ နီးကပ်လာခဲ့သည်။ လီယောင်က သူမရဲ့ ဒူးလေးကို မြှောက်တင်ပြီး ပစ်ခွင်းလိုက်လျှင် ရှေ့ဆုံးက လူရိုင်းတစ်ယောက်ကို ထိမှန်သွားခဲ့လေသည်။

“ ဝှစ် … ဝှစ် … ဝှစ် … ”

ပြန်လည်ရရှိလာတာကတော့ လူရိုင်းတွေရဲ့ ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုပဲ ဖြစ်သည်။

တစ်ပြိုင်တည်း ပစ်ခွင်းလိုက်သော မြားမိုးတွေက သူမကို ကျိုင်းကောင်းအုပ်ကြီးသဖွယ် ဖြတ်ကျော်သွားကာ မြားတချို့တွေက သူမရဲ့ ဆံနွယ် အနည်းငယ်ကိုပင် ပြတ်ထွက်သွားစေ၏။ ဒီလူရိုင်းတွေရဲ့ မြားက အတော်လေး အားပါပြီး လက်အချိန်အဆကလည်း မဆိုးဘူးဟု ပြောရမည်။

မြားမုန်တိုင်းအပြီးမှာတော့ အနီးကပ် ယှဉ်ပြိုင်တိုက်ခိုက်မှုတွေ ရောက်လာခဲ့သည်။

လီယောင်က သူမရဲ့ ကျောပေါ်က ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ သူမရဲ့ ခြေထောက်တွေက ခြေနင်းကွင်းတွေထဲမှာ မြဲမြံစွာ ရှိနေသည်။

လူရိုင်းတွေက ခြေနင်းကွင်းတစ်ဖက်သာ ပါသော မြင်းကုန်းနှီးကို အသုံးပြုပြီး သူမကတော့ သူမရဲ့ မြင်းကုန်းနှီးကို ခြေနင်းကွင်းနှစ်ဖက်ဖြစ်အောင် ပြုပြင်မွမ်းမံထားတာမို့ မြင်းပေါ်မှာ ကိုယ်နေဟန်ထားမပျက်အောင် ထိန်းညှိနေစရာ မလိုတာက သူမရဲ့ အားသာချက်ဖြစ်သည်။

“ ဝှစ် … ”

စစ်မြင်းနှစ်ကောင်က ဘေးချင်းယှဉ်လျက် ပွတ်တိုက်ဖြတ်ကျော်သွားသည်။

လီယောင်က လူရိုင်းတစ်ယောက်ရဲ့ ဓားကောက်ကြီးကို ရှောင်ရှားရင်း သူမရဲ့ ဓားရှည်နှင့် သူ့ချိုင်းကြားအောက်က သားရေဝတ်စုံကို သွက်လက်စွာ ခုတ်ပိုင်းပစ်လိုက်သည်။ ထက်မြည့်သော ဓားသွားက သူ့ရင်အုပ်ပိုင်းကို ထုတ်ချင်းပေါက်သွားကာ မြင်းပေါ်က ဒယိမ်းဒယိုင်နှင့် လိမ့်ကျသွားလေသည်။

ရန်သူတစ်ယောက်ကို သုတ်သင်လိုက်နိုင်သော လီယောင်သည် အချိန်ဆွဲမနေဘဲ သူမရဲ့ ဖိနပ်အနှောင့်မှာ တပ်ဆင်ထားသော ဆူးခတ်ဘီးလေးနှင့် မြင်းကို ခတ်ကာ အရှေ့ဘက်သို့ ထွက်ပြေးလာခဲ့လိုက်သည်။

လူရိုင်းတွေက လီယောင့်နောက်ကို လိုက်ဖို့ သူတို့ရဲ့ မြင်းတွေကို ဇက်ကြိုးဆွဲပြီး ပြန်လှည့်လိုက်ချိန်မှာတော့ လီယောင်က မီတာ ( ၁၀၀ ) ကျော် အကွာအဝေးကို ရောက်သွားခဲ့ပါပြီ။

“ မြားတွေနဲ့ ပစ်ကြစမ်း။ အဲ့ကောင်မရဲ့ အလောင်းကိုပဲ ငါ လိုချင်တယ်။ ”

အမျိုးသမီးတစ်ယောက်တည်းက သူတို့ရဲ့ လက်ရွေးစင် လူရိုင်းတပ်သား ဆယ်ယောက်ကျော်ကို ဒီရက်ပိုင်းအတွင်း သတ်ဖြတ်သွားခဲ့သည်။ အခုလည်း သူတို့ဘက်က လူအများကြီးနှင့် ဝိုင်းထားတာတောင် သူတို့လူနှစ်ယောက်ကို သတ်ကာ ထွက်ပြေးလွတ်မြောက်သွားပြန်ပြီ ဖြစ်သည်။

ဒုတိယ လူရိုင်းခေါင်းဆောင်က ဒီလို စော်ကားမှုမျိုးကို လက်သင့်မခံနိုင်ပါ။

လီယောင်သည် မြင်းကို အရှိန်ပြင်းပြင်းနှင့် ဒုန်းစိုင်းစီးနှင်လာရင်း မျက်နှာချင်းဆိုင် ရင်ဆိုင်တိုက်ခိုက်ရသော ဒီတိုက်ပွဲကြောင့် စိတ်လှုပ်ရှား တက်ကြွနေမိသည်။ အရင်တုန်းက သူမဘဝမှာ ဒီလို ရှေ့တန်းတိုက်ခိုက်မှု အတွေ့အကြုံမျိုး မရှိခဲ့ပါ။ အတွေ့အကြုံသစ်ကို စမ်းသပ်ကြည့်ရတာ ရင်ခုန်စရာကောင်းသည်။

အနည်းဆုံးတော့ သူမရဲ့ ကိုယ်ပိုင် လျင်မြန်သွက်လက်မှုနှင့် အသေးစိတ်ကအစ အာရုံစူးစိုက်နိုင်စွမ်းအပေါ် မှီခိုပြီး လုံခြုံဘေးကင်းစွာ ဆုတ်ခွာလာနိုင်ခြင်းက ဘာမှ အားမစိုက်လိုက်ရသလို ခံစားရသည်။

သို့သော် ဆန့်ကျင်ဘက်အနေဖြင့် ဝမ်စန်းအာကတော့ အခြေအနေကို မထိန်းချုပ်နိုင်ဘဲ ခုခံကာကွယ်နေရပါသည်။ ရန်သူအဖွဲ့ ငါးဖွဲ့ထံမှာ အရေအတွက်မညီမျှစွာ ဝန်းရံတိုက်ခိုက်ခံနေရခြင်းက မလွယ်ကူလှ။

တာ့လင်စစ်တပ်နှင့် တိုက်ခိုက်တဲ့အခါ လူရိုင်းတွေက ဘယ်တော့မှ ထိပ်တိုက် ရင်ဆိုင်လေ့မရှိပေ။ သူတို့က အသားကို ဓားသေးသေးလေးနှင့် လှီးဖြတ်သလိုမျိုး တာ့လင်စစ်တပ်အင်အားစုတွေကို ဖြည်းဖြည်းချင်း တိုက်ခိုက်လေ့ရှိသည်။

သူတို့ဘက်က အရေးနိမ့်လာလျှင်တော့ သုတ်သီးသုတ်ပျာ နောက်ကြောင်းပြန်လှည့်ပြီး လူစုခွဲ ထွက်ပြေးတာကြောင့် သူတို့ကို လိုက်ဖမ်းသူတွေအနေဖြင့် ဖမ်းမိဖို့ မဖြစ်နိုင်ပေ။

“ ဝှစ် … ဝှစ် … ”

မြားတွေက ဝမ်စန်းအာတို့တပ်ဖွဲ့အလယ်ကို တရွှီရွှီ ပျံဝဲကျရောက်လာပြီး တပ်သားနှစ်ယောက်ကို ထိခိုက်ဒဏ်ရာရသွားစေခဲ့သည်။ ရန်သူတွေက သူတို့ကို မြားတွေနှင့် ပစ်ပြီးသည်နှင့် ထပ်အချိန်ဆွဲမနေဘဲ ဘေးဘက်မှာ စက်ဝိုင်းပုံသဏ္ဍာန် ဝိုင်းဖွဲ့ကာ နောက်ထပ် တိုက်ခိုက်မှုအတွက် ပြင်ဆင်နေခဲ့ကြသည်။

ဝမ်စန်းအာက ဒီအချိန်ဟာ ရန်သူတွေနှင့် လုံးထွေးသတ်ပုတ်နေဖို့ အချိန်မဟုတ်သေးဘူး ဆိုတာ သဘောပေါက်သွားကာ အဝေးကို လှမ်းမျှော်ကြည့်လိုက်လျှင် ထိုနေရာက တိုက်ပွဲက ပြိုကွဲသွားပုံရတာကို မြင်လိုက်ရလေသည်။

ထိုမြင်ကွင်းက သူ့အမေ သေချာပေါက် အသက်ရှင်နေသေးတယ် ဆိုတဲ့ ယုံကြည်မှုအား ပို၍ ခိုင်မာသွားစေကာ ထိုနေရာသို့ ဦးတည်ထွက်ခွာလာခဲ့လိုက်သည်။

“ ပုံစံပြန်ပြင်မယ်။ ”

“ တိုက်စစ်ပုံစံဖွဲ့မယ် ၊ အရှေ့ကို ချီတက်မယ်။ ”

တပ်သားအယောက်တစ်ရာက ချက်ချင်းပဲ သုံးထောင့်ဖွဲ့စည်းပုံ အသွင်ဆောင်ကာ ဝမ်စန်းအာရဲ့ ဦးဆောင်မှုအောက်မှာ လီယောင့်ဆီသို့ ချီတက်လာခဲ့ကြသည်။ မြင်းတပ်ကြီး ချီတက်လာပုံက အလွန် အင်အားကြီးသောကြောင့် ပြန့်ကျဲနေတဲ့ လူရိုင်းတွေက လောလောဆယ် တိုက်ခိုက်မှုတွေ မလုပ်ဘဲ ရှောင်နေရသည်။

သို့သော် ဒီလို တိုက်ရိုက် ထိုးစစ်ဆင်သော စစ်ကြောင်းမှာ အားနည်းချက်ကြီးတစ်ခုတော့ ရှိသည်။ အဓိက ရန်သူတပ်ဖွဲ့ကို လွတ်သွားပါက သူတို့ရဲ့ မြင်းတွေ မောပန်းနေချိန်မှာ ရန်သူတွေက အလျင်အမြန် လူပြန်စုပြီး သူတို့ကို အားမာန်အပြည့်နှင့် တိုက်ခိုက်နိုင်သည်။

တစ်ဖက်က ပင်ပန်းအားကုန်ပြီး တစ်ဖက်က အားအင်ပြည့်ဝ တက်ကြွနေတဲ့အခါ အားနည်းတဲ့ဘက်ကပဲ ရှုံးနိမ့်ရစမြဲ ဖြစ်သည်။

သို့သော် အခုအချိန်မှာ ဝမ်စန်းအာ ဘယ်အရာကိုမှ မတွေးနိုင်ပါ။ သူ့စိတ်ထဲမှာ ‘ အမေ့ကို ကယ်ရမယ် ’ ဆိုတဲ့ အတွေးတစ်ခုတည်းပဲ ရှိသည်။

ဝမ်အာနှင့် သူ့တပ်သားတွေက လီယောင့်ဆီသို့ တတ်နိုင်သမျှ အမြန်ဆုံး အရှိန်နှုန်းဖြင့် ချီတက်နေခဲ့ကြသည်။ မြင်းခွာသံတွေက ပြင်းထန်လွန်းသောကြောင့် ကမ္ဘာမြေကြီးတောင် တုန်ခါသွားသလား ထင်ရသည်။

ဒါပေမဲ့ အကွာအဝေးက ဝေးကွာလွန်း၍ သူတို့ ထိုနေရာကို ရောက်ခါနီးအထိ လီယောင့်ရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရသေးပေ။ ထိုအချိန်မှာ လူရိုင်းတပ်ဖွဲ့တွေကတော့ လူပြန်စုပြီး တိုက်ပွဲပုံသဏ္ဍာန်ဖွဲ့စည်း၍ ဝမ်စန်းအာတို့ကို တန်ပြန် တိုက်စစ်ဆင်ဖို့ ပြင်ဆင်‌နေခဲ့ကြသည်။

ဒီအချိန်မှာ သူတို့အတွက် အထိရောက်ဆုံးက ခံစစ်အသွင်ပြောင်းလဲပုံဖော်တာပဲ ဖြစ်သည်။ ဆက်ပြီး တိုက်ခိုက်နေရင် လူရိုင်းတွေက သူတို့ကို ဖြိုခွင်းသွားလိမ့်မည်။ ပုံစံမပျက် ဆက်နေမှ အချိန်နည်းနည်းကြာကြာ ပိုတောင့်ခံနိုင်လိမ့်မည်။

သို့သော်လည်း လူရိုင်းတွေရဲ့ မြင်းတပ်ကို ခုခံကာကွယ်ဖို့ မလွယ်ဘူးဆိုတာ သူတို့အကုန် သိပါသည်။ သူတို့ဘက်က ညီအစ်ကိုတွေအများကြီး သေကျေပျက်စီးနိုင်သည်။ ဒီည တော်တော်များများ အသက်ရှင်ချင်မှတောင် ရှင်လိမ့်မည်။

“ ညီအစ်ကိုတို့ … မင်းတို့ရဲ့ အစ်ကိုဝမ်စန်းက မင်းတို့ကို အန္တရာယ်တောထဲ ဆွဲသွင်းမိတဲ့အတွက် တောင်းပန်ပါတယ်။ ”

“ ဘာပေါက်ကရစကားတွေ လျှောက်ပြောနေတာလဲ တတိယအစ်ကို။ ” ဟု တပ်သားတစ်ယောက်က ခွန်းတုံ့ပြန်သည်။ “ လူရိုင်းတွေနဲ့ တိုက်ခိုက်ရင်း သေတော့လည်း။ ဘာရှက်စရာရှိလဲ။ ”

“ အဲ့ဒီ မအေပေးလူရိုင်းတွေက တအား အတင့်ရဲလွန်းတယ်။ ကျွန်တော်တို့ ဒီည သူတို့ကို သင်ခန်းစာပေးမှ ရတော့မယ်။ ”

“ ခံစစ်ဆင်မနေပါနဲ့တော့ တတိယအစ်ကိုရာ။ ကျွန်တော်တို့ အဲ့မအေပေးတွေကို သေတဲ့အထိ တိုက်ခိုက်ပစ်ရအောင်ပါ။ ”

“ ဟုတ်တယ်။ တာ့လင်မြင်းတပ်ရဲ့ အင်အားကို သူတို့ ဒီည သိသွားစေရမယ်။ ”

ပူနွေးသော သွေးတွေက တပ်သားအယောက်တစ်ရာရဲ့ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေကာ တိုက်ပွဲစတင်ချင်စိတ်တွေက သူတို့နှလုံးသားထဲမှ ထိုးထွက်လာခဲ့ကြသည်။

“ ညီအစ်ကိုကောင်းတွေပဲ။ ” ဝမ်စန်းအာက ငိုသံပါကြီးနှင့် သူတို့ကို အားပေးကာ လက်တစ်ဖက်မြှောက်လိုက်သည်။ “ ငါ့အမေက တစ်ခါတုန်းက ပြောဖူးတယ် ၊ တိုက်ပွဲမှာ အသက်ရှင်သန် ကျန်ရစ်ပြီး ဘေးကင်းကင်းနဲ့ အိမ်ပြန်လာနိုင်တာထက် တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ရင်း အသက်ပေးလိုက်ရတာက ပိုဂုဏ်ယူစရာကောင်းတယ်တဲ့။ ”

“ ညီအစ်ကိုတို့ … ငါ့နောက်ကို လိုက်ခဲ့ကြ။ ငါတို့ ဒီနေ့ အဲ့ဒီလူရိုင်းတွေကို ခေါင်းဖြတ်ပြီး တစ်ယောက်မကျန် ချေမှုန်းပစ်မယ်။ ”

“ သတ်ကြ … ”

“ ပုံစံပြန်ပြင်မယ်။ ”

“ တိုက်မယ် … ”

နားစည်ကွဲထွက်မတတ် ဆူညံသံများသည် ကောင်းကင်နှင့်‌ မြေကြီးကိုပင် တုန်ခါသွားစေခဲ့လေသည်။ နှစ်ဖက်လုံးဟာ ပြိုင်ဖက်ကင်းသော ရဲစွမ်းသတ္ဆိနှင့်အတူ မြင်းတွေကို တစ်ဖက်နှင့် တစ်ဖက်သို့ ဦးတည်စီးနင်းလာခဲ့ကြသည်။

ထိုအချိန်မှာ လီယောင်ကတော့ မီတာရာပေါင်းများစွာအကွာကနေ နှစ်ဖက်လုံးရဲ့ အခြေအနေတွေကို သေချာ စောင့်ကြည့်နေခဲ့သည်။ တာ့လင်မြင်းတပ်ခေါင်းဆောင်ကို ကမှူးရှူးတိုးနိုင်လွန်းသည်ဟု သူမရဲ့ စိတ်ထဲကနေ မှတ်ချက်မချမိဘဲ မနေနိုင်ပါ။

တစ်ခါ တိုက်စစ်ဆင်ပြီးရုံရှိသေး ၊ ချက်ချင်းပဲ နောက်တစ်ခါ ပြန်စတယ် ဆိုတော့ သူတို့ရဲ့ မြင်းတွေက ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ … ။ ဒီလို အချိန်မှာ တိုက်ခိုက်တာက သေချာပေါက် အရှုံးနှင့် ရင်ဆိုင်ရဖို့ များသည်။

ထုံးစံအတိုင်း ပြဿနာတွေက နောက်ဆုံးမှာ သူမခေါင်းပေါ် ပုံကျလာပြန်ပြီမို့ လီယောင်သည် အနီးရှိ မြင်းတစ်ကောင်ပေါ် တက်ကာ ထိုမြင်းပေါ်မှာ သူမ ခုနတုန်းက ပြင်ဆင်ထားတဲ့ ကောက်ရိုးတွေကို မီးရှို့ပစ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပဲ စစ်မြင်းတွေအများကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ မီးစွဲကာ ကစဉ့်ကလျားဖြစ်သွားပြီး လူရိုင်းစစ်တပ်ဆီသို့ ဆောက်တည်ရာမရ ပြေးတော့သည်။ ထိုသို့ ဖြစ်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားတဲ့ လူရိုင်းတပ်သားတွေကလည်း သူတို့ဆီ ရုတ်တရက် ပြေးလာသော မီးစွဲနေသည့် မြင်းတွေကို ကြောင်အမ်းအမ်း ကြည့်နေမိသည်။

သူတို့ စီးထားတဲ့ စစ်မြင်းတွေကလည်း မီးတောက်တွေကြောင့် ကြောက်အားလန့်အားနှင့် ခုန်ပေါက်ပြေးလွှားနှင့် တစ်ကောင်နှင့် တစ်ကောင် ဝင်တိုက်မိကုန်သည်။ ဝါရင့် လူရိုင်းမြင်းထိန်းသမားတွေပင်လျှင် သူတို့ကို ချက်ချင်း မထိန်းချုပ်နိုင်ပေ။

သူတို့တွေ ဖရိုဖရဲဖြစ်နေစဉ်မှာပဲ ဝမ်စန်းအာက တပ်သားတွေကို ဦးဆောင်၍ ရောက်ရှိလာခဲ့သည်။

“ သတ်ကြဟေ့ … ”

All Chapters