ငါးဖမ်းရန် ကွန်ပစ်ခြင်း
Vol. 20 Ch. 218
ဝမ်စန်းအာက ပြိုင်ဖက်ကင်းသော ရဲစွမ်းသတ္တိနှင့်အတူ သူ့ရဲ့ တိုက်ပွဲဝင် ဓားရှည်ကို ဝှေ့ယမ်းကာ ရန်သူတွေကြားထဲသို့ ဖြိုခွင်းထိုးဖောက်သွားပြီး သူ့ဓားသွားမှာ သွေးတွေကို ပန်းထွက်စွန်းပေသွားစေခဲ့သည်။
တာ့လင်တပ်သားတွေကလည်း သူ့နောက်ကနေ ထပ်ချပ်မကွာ ချီတက်လာကြပြီး တိုက်ခိုက်သံ ၊ သတ်ဖြတ်သံတွေက လေထဲမှာ ပဲ့တင်ထပ်နေကာ ရန်သူ လူရိုင်းတပ်ဖွဲ့တွေရဲ့ ဖွဲ့စည်းပုံကို ဖရိုဖရဲဖြစ်သွားစေခဲ့သည်။ အရေးနိမ့်စပြုလာသော အခြေအနေကို သတိထားမိတဲ့ လူရိုင်းတွေက သူတို့ရဲ့ ရဲဘော်ရဲဘက်တွေကို စွန့်ပစ်ပြီး နောက်ကြောင်းလှည့် ထွက်ပြေးကြသည်။
ဝမ်စန်းအာရဲ့ နှလုံးသားထဲမှာ ပျော်ရွှင်မှုတွေ ပြည့်နှက်သွားသည်။ ဆုံးရှုံးမှုများမည့် တိုက်ပွဲတစ်ခုအတွက် သူ့ကိုယ်သူ စိတ်ပြင်ဆင်ထားသော်လည်း ဘုရားရှင်က သူတို့ဘက်ကနေ ရုတ်တရက် ကူညီပေးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါ။ ရန်သူတွေမှာ တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ အလူးအလဲ ထွက်ပြေးနေတဲ့ အခုအချိန်ဟာ အောင်မြင်မှုကို ပြတ်ပြတ်သားသား ရယူဖို့ အခွင့်အရေးပင်။
“ သူတို့နောက်ကို လိုက်ကြ။ ”
“ သူတို့နောက်ကို လိုက်လို့ ဘာထူးမှာမို့လို့လဲ။ ”
ဝမ်စန်းအာက ထွက်ပြေးသွားသော ရန်သူတွေနောက်ကို လိုက်ဖို့ ပြင်နေစဉ်မှာပဲ ရင်းနှီးနေတဲ့ အသံတစ်သံ ထွက်ပေါ်လာသည်။
“ အမေလား … ” ဝမ်စန်းအာရဲ့ နှလုံးသားထဲမှာ ပျော်ရွှင်မှုဖြင့် တုန်ခါသွားကာ မြင်းဇက်ကြိုးကို ဆွဲ၍ အရှေ့သို့ ပြေးလာခဲ့လိုက်သည်။ “ တကယ်ပဲ အမေ ဖြစ်နေတာလား။ ”
လီယောင်သည် ဒီဘက်က တာ့လင်မြင်းတပ်ကို ဦးဆောင်လာသူဟာ ဝမ်စန်းအာ ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူတို့ နောက်ဆုံး တွေ့ခဲ့တာ လချီကြာသွားပြီမို့ ဒီလူငယ်လေးဟာ အရပ်ပိုရှည် ၊ ပိုသန်မာလာပုံရသည်။ သူ့မျက်နှာကတော့ ကျောက်မီးသွေးတုံးလို မည်းမှောင်နေပါသည်။
သွေးစွန်းနေတဲ့ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော သူ့ပုံက ဝါရင့်စစ်သည်တော်ကြီးတစ်ယောက်လိုပဲဖြစ်သည်။
တပ်သားတွေက ထိခိုက်ဒဏ်ရာတစ်ခုမှ မရှိတဲ့ ဝမ်စန်းအာအမေဟာ ရန်သူတွေကို မီးရှို့ပြီး သူတို့ကို ကူညီပေးခဲ့တာကို သိသွားသည်နှင့် ထိုသားအမိနား ဝိုင်းအုံစုဝေးလာခဲ့ကြသည်။
ဝမ်စန်းအာတစ်ယောက် သူ့အမေအကြောင်း မရေမတွက်နိုင်အောင် ချီးမွမ်းခန်းခွင့် ကြွားဝါတာတွေကို နားထောင်ရတုန်းက အလွယ်တကူ မယုံကြည်ခဲ့ပေမဲ့ အခုတော့ ထိုစကားတွေက ချဲ့ကားပြောတာ မဟုတ်ဘူးဆိုတာ သူတို့မျက်မြင်ပဲ ဖြစ်လေသည်။
လူအုပ်ကြီးဆီက ရယ်သံတွေ ဝေါခနဲ လျှံထွက်လာချိန်မှာပဲ လီယောင်က “ မင်း ရူးနေလား ဝမ်စန်းအာ။ ” ဟု အော်ပြောလိုက်သည်။
ဝမ်စန်းအာ : …
တပ်သားများ : … ဘာတွေ ဖြစ်နေတာလဲ။
“ မင်းကိုယ်တိုင် ပင်ပန်းပြီး မင်းရဲ့ မြင်းကလည်း အားကုန်နေတာတောင် မင်းက အားအင်အပြည့်ရှိနေတဲ့ ရန်သူတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ရဲတယ်။ ” လီယောင့်အသံက အေးစက်နေသည်။ “ ငါ မင်းကို သင်ပေးထားတာတွေ အကုန်လုံးကို မင်း လွှင့်ပစ်လိုက်တာလား။ မင်းရဲ့ ရဲဘော်ရဲဘက်တွေရဲ့ အသက်ကို ဟင်းရွက်ကန်စွန်းလို သဘောထားနေတာလား။ ”
ဝမ်စန်းအာသာ် စကားတစ်ခွန်းတောင် စောဒကမတက်ရဲပါ။ အမှန်တကယ်လည်း ဒီနေ့ညမှာ သူက အမှားကြီးတစ်ခုကို ကျူးလွန်မိသွားတာ ဖြစ်သည်။ သူ့အမေရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် ဒီည သူ့ရဲဘော်ရဲဘက်တွေအများကြီး သေကြေပျက်ဆီးရမှာပါ။
“ စခန်းကို ပြန်ရောက်ရင် တပ်မှူးချုပ်ရှုကို နင့်အမှားကို ဝန်ခံပြီး အပြစ်ဒဏ်ခံလိုက်။ ”
ဝမ်စန်းအာက “ ကျွန်တော် နားလည်ပါပြီ အမေ။ ” ဟု အရင်ဆုံး ပြောပြီးမှ စိုးရိမ်ပူပန်စွာ ဆက်မေးလိုက်သည်။ “ အမေ အဆင်ပြေရဲ့လား။ ”
“ ငါက အဆင်ပြေစရာ ဘာအကြောင်းရှိလို့လဲ။ နင်တို့တွေကရော ဒီကို ဘာလာလုပ်ကြတာလဲ။ ”
“ လျှို့ဟူက အမေ မြက်ခင်းပြင်ထဲ ရောက်နေတာ ရက်ကြာနေပြီလို့ လာပြောလို့ပါ ၊ ပြီးတော့ ကျွန်တော်တို့ ဒီည လူရိုင်းတွေရဲ့ လှုပ်ရှားမှုကို သတိထားမိတော့ သူတို့ အမေ့ကို ဝိုင်းတိုက်ခိုက်နေမှာစိုးလို့ ကျွန်တော်က စဦးဆောင်ပြီး အမေ့ကို … လာကြိုဆိုတာပါ။ ”
အစတုန်းက သူက ‘ အမေ့ကို လာကယ်တာပါ ’ လို့ ပြောဖို့ ပါးစပ်ပြင်နေတာ ဖြစ်သော်လည်း လက်တွေ့အမှန်တရားက ထိုစကားအား ပြောမထွက်စေခဲ့ပါ။ ဘယ်သူ့က ဘယ်သူ့ကို ကယ်လိုက်တာလဲ ဆိုတာ သူတို့မျက်မြင်ပါပဲ။
“ သွားရအောင်။ လူရိုင်းတွေ ဒီကို ထပ်လာလိမ့်မယ်။ ” လီယောင်သည် ဝမ်စန်းအာတို့တပ်ဖွဲ့နှင့် ပူးပေါင်းပြီးနောက် စိတ်သက်သာရာရသွားသည်။ အနည်းဆုံးတော့ သူမ မြက်ခင်းပြင်ထဲမှာ လျှောက်သွားရင်း လူလိုက်ရှာနေစရာ မလိုတော့ပေ။
တပ်မှူးချုပ်ရွက်ဖျင်တဲကို သူတို့ မရောက်ခင်ကတည်းက တော်ဝင်တပ်မှူးချုပ်ရှုအား လူတစ်ယောက်က ကြိုသတင်းပေးထားခဲ့သည်။
တော်ဝင်တပ်မှူးချုပ်ရှုသည် လီယောင်နှင့် ဆုံတွေ့ရမည့် မြင်ကွင်းတွေအများကြီးကို စိတ်ကူးယဉ်ကြည့်ဖူးသော်လည်း ဝေးကွာလှတဲ့ နယ်မြေမှာ ဒီလို အခြေအနေတွေကြားထဲ ဆုံတွေ့ရလိမ့်မည်ဟု တစ်ခါမှ တွေးမကြည့်ဖူးပါ။
“ နေကောင်းကျန်းမာရဲ့လား လီယောင်။ ”
“ ကျွန်မ လူကောင်းအတိုင်းပါပဲ။ ”
တော်ဝင်တပ်မှူးချပ်ရှုက “ ဟားဟား … လီယောင်ကတော့ အရင်တိုင်းပဲ။ ” ဟု ပြောကာ ရယ်မောသည်။ “ ထိုင်ပါ ထိုင်ပါ။ ”
တပ်မှူးချုပ်ရွက်ဖျင်တဲက ကျယ်ဝန်းသော်လည်း တာ့လင်စစ်တပ်ထဲမှာ စားနပ်ရိက္ခာပြတ်လပ်နေခြင်းရဲ့ သင်္ကေတအဖြစ် ရေခဲတမျှ အေးစက်ကာ နွေးထွေးမှုကင်းမဲ့နေ၏။
အလ္လာပသလ္လာပစကားတွေ နည်းနည်းပါးပါး ပြောဆိုပြီးနောက် ဝမ်စန်းအာက သူ့အမှားကို အရင်ဆုံး ဝန်ခံလိုက်သည်။ ဒီတစ်ခေါက် အသေအပျောက်မရှိဘဲ ရဲဘော်ရဲဘက် အနည်းငယ်သာ ထိခိုက်ဒဏ်ရာရခဲ့သည်ဆိုပေမဲ့ သူ တကယ်ပဲ မစဉ်းစား မဆင်ခြင် ပြုမူမိခဲ့ပါသည်။
“ မင်းလုပ်ရပ်က တစ်ကိုယ်ကောင်းဆန်ပေမဲ့ မင်းအမေကို ကယ်ချင်ဇောကပ်ပြီး အဲ့လို လုပ်ခဲ့တာမို့လို့ ငါ ဒီတစ်ခေါက်တော့ သက်ညှာပေးလိုက်မယ်။ ” တော်ဝင်တပ်မှူးချုပ်ရှုက ထောက်ထားညှာတာစိတ်ရှိသည်။ “ လီယောင် အနားယူဖို့အတွက် ရွက်ဖျင်တဲတစ်လုံး အမြန် စီစဉ်ပေးလိုက်ကြပါ။ ”
“ အဲ့ဒါကို နောက်မှ လုပ်ပါ။ ”
လီယောင်က ဒီကို အနားယူဖို့ လာခဲ့တာ မဟုတ်။ လူရိုင်းအဖွဲ့လေး တစ်ဖွဲ့ဟာ စစ်တပ်အစွန်အဖျားမှာ ဘာလို့ ဒီလောက် သောင်းကျန်းပြီး တာ့လင်တိုင်းပြည်ရဲ့ ရိက္ခာတွေကို ပို့ဆောင်လို့ မရအောင် တားဆီးနေတာလဲလို့ ပြီးခဲ့တဲ့ သုံးရက်လုံး လီယောင် စဉ်းစားနေခဲ့သည်။
ထိုအကြောင်းကို စကားရောက်သွားတော့ တော်ဝင်တပ်မှူးချုပ်ရှုရဲ့ မျက်နှာပေါ်မှာ စိတ်ပျက်လက်ပျက် အမူအရာ ပေါ်လာသည်။
“ ကျုပ်တို့မှာ ရိက္ခာက အမြဲတမ်း ပြတ်လပ်နည်းပါးနေတော့ တပ်သားတွေနဲ့ မြင်းတွေက မကြာခဏ အငတ်နေရတယ်။ ” တော်ဝင်တပ်မှူးချုပ်ရှုက ခဏလောက် တွေးနေပြီးမှ ဆက်ပြောလိုက်သည်။ “ ပြီးတော့ အခုနောက်ပိုင်း ဘာရိက္ခာမှ ရောက်မလာတာ ကြာပြီ။ ဒီစစ်တပ်က အလွန်ဆုံး တောင့်ခံနိုင်လှရင် … သုံးရက်ပဲ။ ”
ပုံမှန်အားဖြင့် ဒီလို ကိစ္စတွေကို လီယောင့်အား ထုတ်မပြောသင့်ပါ။ သို့သော် တော်ဝင်တပ်မှူးချုပ်ရှုသည် လီယောင့်ကို ပြောပြလိုက်လျှင် သူမမှာ ဖြေရှင်းချက်ကောင်းတစ်ခု ရှိနေလိမ့်မည်ဟု ဘာ့ကြောင့်ရယ်မသိဘဲ ခံစားနေရသည်။
“ ယိကျိုးမင်းသားက ကျွန်မကို ယိကျိုးစီရင်စုကနေ စစ်တပ်အတွက် ရက်နှစ်ဆယ်ကျော်စာ လုံလောက်တဲ့ ရိက္ခာတွေ ပို့ခိုင်းလိုက်တယ်။ ”
“ တကယ်လား။ ”
“ ရှင့်ကို လျှို့ဟူ ပြောမပြဘူးလား။ ”
“ လျှို့ဟူ … ။ ယိကျိုးစစ်တပ်က တပ်မှူးငယ်ငယ်လေးကို ပြောတာလား။ ” ဟု တော်ဝင်တပ်မှူးချုပ်ရှုက ပြန်မေးသည်။ “ သူ ရောက်လာတော့ မင်းအကြောင်း ပြောပြီးတာနဲ့ အပင်ပန်းလွန်ပြီး မေ့လဲသွားတော့တာပဲ။ အခုထိ ပြန်နိုးမလာသေးဘူး။ ”
“ ဒါပေမဲ့ ရိက္ခာတွေက ယုဟန်ခံတပ်မှာ ပိတ်မိနေတယ်။ အထက်အရာရှိတွေက ရိက္ခာတွေကို သယ်ခွင့်မပေးဘူး။ ”
“ လတ်စသတ်တော့ အဲ့လိုကိုး။ ” တော်ဝင်တပ်မှူးချုပ်သည် ထောင်းခနဲ ဒေါသထွက်သွားမိသည်။ ဒီမှာ တပ်သားတွေက ဆာလောင်မွတ်သိပ်နေတာတောင် ပို့လိုက်တဲ့ ရိက္ခာတွေကို ပိတ်ဆို့တားဆီးထားသည်တဲ့လား။ “ အဲ့လူတွေက ကျုပ်တို့ကို ဒီလိုမျိုး ဗြောင်ကျကျ နှောင့်ယှက်တဲ့ထိ အတင့်ရဲလာတာလား။ ”
“ တကယ်တော့ ရိက္ခာတွေက ဒီကို ပို့ပြီးပါပြီ။ ကျွန်မတို့ဘက်က လူလွှတ်ပြီး သွားယူရုံပါပဲ။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ကျွန်မ စိုးရိမ်တာတစ်ခုက လူရိုင်းတွေက ရိက္ခာတွေကို လမ်းမှာ ဖြတ်လုသွားမှာပဲ။ ”
“ အဲ့ဒါက ကျုပ်တို့အတွက် ပြဿနာဖြစ်နေတာလည်း ကြာပြီ။ အမျိုးသမီးလီမှာ အကြံကောင်းတွေများ ရှိမလားလို့ ကျုပ် သိချင်မိတယ်။ ”
“ ကျွန်မက သာမန် မိန်းမတစ်ယောက်ပါ။ ကျွန်မက ဒီအရေးကိစ္စတွေကို နားမလည်ပါဘူး။ ” လီယောင်က သူမဘေးပတ်ပတ်လည်က လူတွေကို မသိမသာ ကြည့်လိုက်သည်။ တပ်မှူး ခုနှစ်ယောက် ၊ ရှစ်ယောက်နှင့် အရပ်သားအမှုထမ်းဖြစ်ဟန်တူသော ဝတ်ရုံရှည်တွေ ဝတ်ထားသည့် လူတချို့ ရှိသည်။ “ ဒီနေ့က နောက်ကျနေပြီဆိုတော့ အားလုံး အနားယူသင့်ပြီ။ ရိက္ခာပြဿနာကို မနက်ဖြန်မှ ဆက်ဆွေးနွေးကြတာပေါ့။ ”
“ ကောင်းပါပြီ။ အမျိုးသမီးလီကို အနားယူဖို့အတွက် ခေါ်သွားလိုက်ပါ ဝမ်စန်းအာ။ ”
…
ခုတင်တောင် မရှိဘဲ ကောက်ရိုးတချို့အပေါ်မှာ အိပ်ရာခင်းအပါးလေး ခင်းထားသော ရိုးရိုးရှင်းရှင်း ရွက်ဖျင်တဲတစ်လုံး ဖြစ်သော်လည်း အရိုးကွဲမတတ် အေးစိမ့်နေသော ဒီညမှာတော့ အလွန် သက်သောင့်သက်သာရှိလှသည်။
လီယောင်က ဝမ်စန်းအာနှင့် ခဏလောက် စကားစမြည်ပြောပြီးသွားတော့ ရွက်ဖျင်တဲထဲကို တစ်ယောက်တည်း ဝင်လာခဲ့လိုက်သည်။ သို့သော် သူမ မအိပ်ဘဲ ဝမ်စန်းအာ ရှာပေးထားသော စုတ်တံနှင့် စာရွက်ကို ထုတ်ယူကာ စတင်ရေးခြစ်လိုက်သည်။
ခုနတုန်းက ပင်မရွက်ဖျင်တဲထဲက လူတွေရဲ့ တုံ့ပြန်မှုတွေကို အကဲခတ်ရသလောက် ရိက္ခာတွေအများကြီး ပို့ဆောင်နေပြီ ဟူသော စကားကို ကြားချိန်မှာ လူနှစ်ယောက်ရဲ့ မျက်လုံးတွေက အရောင်တောက်သွားသည်။ ထိုနှစ်ယောက်က သူလျှိုတွေ ဖြစ်လိမ့်မည်ဟု သူမ လေးလေးနက်နက် သံသယရှိသည်။
မဟုတ်ရင် လူရိုင်းတွေက ဘယ်လောက်ပဲ အကြောက်အလန့်ကင်းကာ အားကောင်းတယ်ဆိုဦးတော့ ၊ အခေါက်တိုင်းမှာ ရိက္ခာပို့တဲ့ လမ်းကြောင်းကို အတိအကျ သိနိုင်စရာအကြောင်း မရှိပေ။
သူလျှိုတွေကို မဖော်ထုတ်နိုင်သရွေ့ ရိက္ခာတွေ ဘယ်လောက်ပဲပို့ပို့ ၊ လမ်းတစ်ဝက်မှာ လူရိုင်းတွေ ဖျက်ဆီးတာခံရဖို့ များသည်။ ပြီးတော့ သူမ ရေးနေတာက တော်ဝင်တပ်မှူးချုပ်ရှုအတွက် နည်းဗျူဟာလေးတွေ ဖြစ်သည်။ ရေးပြီးသွားလျှင် ဝမ်စန်းအာအား ဒီစာရွက်တွေကို အခြေအနေကြည့်ပြီး တော်ဝင်တပ်မှူးချုပ်ရှုထံ တစ်ယောက်တည်း သွားပေးဖို့ ပြောလိုက်မည်။
နောက်တစ်နေ့မနက်ရောက်တော့ တော်ဝင်တပ်မှူးချုပ်ရှာက တပ်မှူးတွေကို ထုံးစံအတိုင်း ရွက်ဖျင်တဲထဲသို့ ဆင့်ခေါ်ခဲ့သည်။ သတိလည်လာပြီဖြစ်သော လျှို့ဟူကိုလည်း ဆင့်ခေါ်ထားကာ လျှို့ဟူက ယုဟန်ခံတပ်မှာ ရိက္ခာတွေ ပိတ်ဆို့နေတဲ့ အကြောင်းကို ရှင်းပြသည်။
“ ကျွန်တော်ကတော့ တပ်သားအယောက် နှစ်ထောင် ၊ မြင်းအကောင်နှစ်ထောင်နဲ့ ရိက္ခာတွေကို ကြားဖြတ်သွားယူဖို့ အကြံပေးပါတယ် တော်ဝင်တပ်မှူးချုပ်။ ” ဟု လျှို့ဟူက ပြောသည်။
“ အဲ့လို လုပ်လို့ အသုံးမဝင်ဘူး။ မင်းက ဒီနေရာက အခြေအနေတွေကိုမှ နားမလည်တာ။ ရိက္ခာတွေကို ကြားဖြတ်ယူဖို့ ငါတို့ လူဘယ်နှယောက်ပဲလွှတ်လွှတ် ရန်သူ့မြင်းတပ်က တိုက်ခိုက်တာခံရလိမ့်မယ်။ သူတို့က ငါတို့ကို တိုက်ရိုက် တိုက်ခိုက်မှာ မဟုတ်ဘူး ၊ အဝေးကနေ မြားတွေနဲ့ လှမ်းပစ်ပြီး ရိက္ခာတွေကို မီးရှို့မှာ။ ”
ရထားလုံးပဲဖြစ်ဖြစ် ၊ လှည်းပဲဖြစ်ဖြစ် ၊ သုံးဘီးစက်ဘီးပဲဖြစ်ဖြစ် လမ်းမရှိတဲ့ မြက်ခင်းပြင်မှာ ခရီးသွားရတာ နှေးကွေးလှသည်။
ရိက္ခာတွေကို သယ်ယူပို့ဆောင်ဖို့ လူတွေအများကြီး လွှတ်လိုက်ချိန်မှာ ရန်သူ့ဘက်ကလည်း အင်အားစုစည်းပြီး တိုက်ခိုက်ပါက ရလဒ်မသေချာတဲ့ တိုက်ပွဲကြီး ဖြစ်လာပါလိမ့်မည်။ ရိက္ခာတွေအားလုံးလည်း မြေကြီးလက်ခတ်မလွှဲ လောင်ကျွမ်းပြာကျ မီးလောင်သွားလိမ့်မည်။
ထို့ကြောင့် အကောင်းဆုံး နည်းလမ်းက လျို့ဝှက်စွာ လုပ်ဆောင်ဖို့ပဲ ဖြစ်သည်။ ရိက္ခာတွေ သယ်ယူပို့ဆောင်တဲ့ လမ်းကြောင်း ၊ သို့မဟုတ် ရိက္ခာတွေကို ဘယ်အချိန်မှာ ပို့ဆောင်မလဲ ဆိုတာ ရန်သူတွေကို မသိစေဘဲ လုပ်ဆောင်ရမည်။
“ ငါ တစ်ညလုံး စဉ်းစားတာ အကြံတစ်ခုတော့ ရလာတယ် ၊ အဲ့ဒါက တည်ကြက်ထောင်ပြီး သူတို့ကို အာရုံလွဲသွားအောင် ဖြားယောင်းဖို့ပဲ။ ” ဟု တော်ဝင်တပ်မှူးချုပ်ရှုက ပြောလိုက်သည်။ “ ငါတို့ လမ်းကြောင်းအတုတွေ အများကြီး ပြင်ဆင်ထားမယ် ၊ အဲ့လမ်းကြောင်းတွေထဲမှာ လမ်းကြောင်းနှစ်ခုကပဲ တကယ့်အစစ် ဖြစ်လိမ့်မယ်။ မင်းတို့ ဘယ်လို သဘောရလဲ။ ”
တပ်မှူးတွေ ၊ အရာရှိတွေက သူတို့အမြင်ကို ချက်ချင်းပဲ ထုတ်ပြောခဲ့ကြသည်။ တချို့က ထိုအစီအစဉ်ကို အန္တရာယ်များသည်ဟု ထင်ပြီး တချို့ကတော့ ဖြစ်နိုင်ချေရှိသည်ဟု ထင်ကြသည်။ အရပ်သားအရာရှိတွေထဲမှာတော့ ထိုအစီအစဉ်ကို ထောက်ခံသူရော ၊ ကန့်ကွက်သူရော ရှိသည်။
နောက်ဆုံးမှာတော့ တော်ဝင်တပ်မှူးချုပ်ရှုက ဒေါသထွက်လာပြီး “ ငါ အကြံပြုထားတဲ့အတိုင်းပဲ လုပ်မယ်။ ဒါပေမဲ့ ဘယ်လမ်းကြောင်းကို လမ်းကြောင်းအစစ်အဖြစ် အသုံးပြုမလဲ ဆိုတာကိုတော့ ငါတို့ သေချာ စဉ်းစားရမယ်။ အဲ့ဒါကို သေချာ ပြန်စဉ်းစားလိုက်ကြပါ။ ”
ဒါက လီယောင် သူ့ကို ကူညီပေးဖို့အတွက် ဖန်တီးထားတဲ့ နည်းဗျူဟာ ဖြစ်သည်။
ရွက်ဖျင်တဲထဲမှာ တပ်မှူးတွေနှင့် အကြီးတန်းအရာရှိတွေအပါအဝင် စုစုပေါင်း လူဆယ်ယောက် ရှိသည်။ ခဏနေရင် တပ်မှူးချုပ်ရှုက သူတို့ကို တစ်ယောက်ချင်းစီ ခေါ်ပြီး ရိက္ခာသယ်ယူပို့ဆောင်ရေး လမ်းကြောင်းအစစ်ကို ဆွေးနွေးဆုံးဖြတ်လိမ့်မည်။
ဒါပေမဲ့ တပ်မှူးချုပ်ရှုက လူတစ်ယောက်ချင်းစီကို မတူညီတဲ့ လမ်းကြောင်းတွေ ပြောပြထားမှာဖြစ်သည်။ လူရိုင်းတွေ တိုက်ခိုက်တာခံရတဲ့ လမ်းကြောင်းတွေကို ကြည့်ကာ သူလျှိုကို ဖော်ထုတ်လို့ ရသည်။
ဒီအစီအစဉ်ရဲ့ အရေးကြီးတဲ့ အပိုင်းက ယုဟန်ခံတပ်မှာ စခန်းချနေတဲ့ ကာကွယ်ရေးခေါင်းဆောင်ကျန်းကို သတင်းပို့ပြီး သူနှင့်အတူ ပူးပေါင်းဆောင်ရွက်ဖို့ပင်။ ထိုတာဝန်အတွက် ဝမ်စန်းအာက တာဝန်ယူထားပြီး မနေ့ကတည်းက ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
ဒီနေ့ လွှတ်လိုက်တဲ့ ဆက်သားတွေက အယောင်ပြသက်သက်သာ။ ငါးဖမ်းဖို့အတွက် ကွန်ပစ်ပြီးပြီမို့ ဘယ်ငါးကို ဖမ်းမိမလဲ ဆိုတာ စောင့်ကြည့်ဖို့သာ ကျန်ပါတော့သည်။