← Chapters

အိမ်ရှေ့စံမင်းသား

Vol. 20 Ch. 219

အိမ်ရှေ့စံမင်းသား

Vol. 20 Ch. 219

ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် ရိက္ခာတွေ သယ်လာသည့် လှည်းတန်းကို ဦးဆောင်၍ လူသူကင်းမဲ့နေသော မြက်ခင်းပြင်ကို ဖြည်းဖြည်းချင်း ဖြတ်သန်းလာခဲ့သည်။

အရိုးကွဲမတတ် ပြင်းထန်လှသော လေအေးတွေက ဟူးဟူးရားရား တိုက်ခတ်နေသောကြောင့် သူတို့မှာ မျက်လုံးပင် မဖွင့်နိုင်ပေ။ သို့သော်လည်း ကာကွယ်ရေးခေါင်းဆောင်ကျန်းကတော့ တစ်စက္ကန့်မှ သတိလက်လွတ်မနေဘဲ သူတို့ပတ်ဝန်းကျင်က မြက်ပင်တွေရဲ့ လှုပ်ရှားမှုတိုင်းကို အာရုံစူးစိုက်၍ မျက်စိဒေါက်ထောက်ကြည့်နေခဲ့သည်။

သူက လူရိုင်းတွေရဲ့ ချုံချိုတိုက်ခိုက်မှုကို ခံရတဲ့ ကံဆိုးသူဖြစ်မလားဆိုတာ မသိသော်လည်း ဒီမြက်ခင်းပြင်နယ်မြေမှာ အရင်တုန်းက လက်သွေးစွန်းခဲ့ဖူးသော ဝါရင့်တပ်သားတစ်ယောက်အနေဖြင့် လူရိုင်းတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအကြောင်း ကောင်းကောင်း နားလည်ပါသည်။

“ တဖြည်းဖြည်း မှောင်လာပြီဆိုတော့ ကျွန်တော်တို့ ဒီမှာပဲ စခန်းချလိုက်ကြမလား ခေါင်းဆောင်။ ”

ကာကွယ်ရေးခေါင်းဆောင်ကျန်းက မှောင်မည်းနေသော ကောင်းကင်ကို မော့ကြည့်ပြီး ခေါင်းညိတ် သဘောတူဖို့ လုပ်နေတုန်းမှာပဲ သူတို့အောက်က မြေပြင်က စတင်တုန်ခါလာခဲ့သည်။ သူ့ဓားကို ချက်ချင်း ဆွဲထုတ်ကာ မြေကြီးထဲ ထိုးစိုက်၍ ဓားသွားမှာ နားရွက်ကပ်ပြီး နားထောင်ကြည့်လိုက်လျှင် မိုးခြိမ်းသံတမျှ ဆူညံနေသော မြင်းခွာသံတွေ တဖြည်းဖြည်း နီးကပ်လာတာကို ကြားလိုက်ရ၏။

“ လူရိုင်းတွေ ဒီကို လာနေပြီ။ ”

သူနှင့်အတူ ခရီးသွားနေသော ယိကျိုးတပ်သားအယောက်နှစ်ရာက ချက်ချင်းပဲ သူ့ဘေးမှာ စက်ဝိုင်းပုံသဏ္ဍာန် ဝန်းရံလိုက်ကြသည်။

“ ကျုပ်တို့ကလည်း ကံဆိုးမိုးမှောင်ကျပြီး သူတို့နဲ့ တည့်တည့်တိုးရတယ်လို့ဗျာ။ ”

“ ခေါင်းဆောင် ဒီရက်ပိုင်း မျက်နှာမသစ်ဘူးမဟုတ်လား။ အဲ့ဒါကြောင့် ကျုပ်တို့ ဒီလို ကံဆိုးတာ ထင်တယ်။ ”

“ မင်းတို့က နောက်ပြောင်နေနိုင်သေးတယ်နော်။ ” ကာကွယ်ရေးခေါင်းဆောင်ကျန်းက ဒီအခြေအနေမှာတောင် စိတ်လက်ပေါ့ပါးနေတဲ့ သူ့ရဲ့ ဝါရင့်တပ်သားတွေကို သဘောကျသွားသည်။ “ လူရိုင်းတွေ ငါတို့ကို ဖမ်းမိသွားရင် မင်းတို့မှာ ငိုချိန်တောင် ရလိုက်မှာ မဟုတ်ဘူး။ ”

“ ဒါဆို ကျုပ်တို့ ဘာလုပ်ရမလဲ ခေါင်းဆောင်။ ”

“ ငါတို့ တခြား ဘာလုပ်နိုင်ဦးမှာလဲ။ ပြေးရမှာပေါ့။ ”

“ ခေါင်းဆောင်က ပြေးလို့ ပြောတယ်ဟေ့။ ဒီနေရာကနေ မြန်မြန် ထွက်ပြေးကြမယ်။ ”

“ နွားတွေကို ကြိုးဖြည်ပေးလိုက်။ ရထားလုံးတွေကိုတော့ ဒီတိုင်းပဲ ထားခဲ့လိုက်။ ”

“ မြန်မြန်လုပ် … မဟုတ်ရင် လူရိုင်းတွေက မင်းတို့ကို ကင်စားသွားလိမ့်မယ်။ ”

…

အသက်ဘေးအတွက် ထွက်ပြေးရမည့် အချိန်ရောက်လာသောအခါ ဝါရင့်တပ်သားတွေက နောက်ပြောင်မှုတွေကို ဘေးဖယ်ပြီး ဘယ်သူ့ထက်မဆို မြန်ဆန်စွာ လှုပ်ရှားခဲ့ကြသည်။ ခြေလျင် ပြေးတဲ့လူက ပြေးသည် ၊ နွားစီး၍ ပြေးတဲ့လူက ပြေးသည်။ လျှပ်တစ်ပြက် အချိန်အတွင်းမှာပဲ လူတွေအကုန်လုံး အစအနမကျန် ပျောက်သွားခဲ့ကြသည်။

ကာကွယ်ရေးခေါင်းဆောင်ကျန်းနှင့် စစ်တပ်အစောင့်က လှည်းတိုက်းကို မီးရှို့ရုံသာမက ရိက္ခာတွေအစား အသုံးမဝင်သော ကောက်ရိုးတွေကို ထည့်ထားခဲ့သည်။ သူ ပိုက်ဆံအများကြီး အကုန်ခံထားတဲ့ လှည်းတွေကို ဆုံးရှုံးသွားရတာကတော့ နှမြောစရာပင်။

လူရိုင်းတပ်သားတွေ ရောက်လာသောအခါ ကာကွယ်ရေးခေါင်းဆောင်ကျန်းနှင့် သူ့လူတွေက ဟိုးအဝေးကြီးကို ထွက်ပြေးသွားခဲ့ပြီဖြစ်သည်။ လူရိုင်းတွေက ရိက္ခာတွေကို မီးရှို့ဖို့ စိတ်ကူးထားသော်လည်း သူတို့ မီးမရှို့ရသေးခင်ကတည်းက ပြာဖြစ်နေသော ရိက္ခာတွေကို မြင်လိုက်ရသည်။

“ ဟမ့် … သောက်ကျင့်မကောင်းတဲ့ ဟန်လူမျိုးတွေ … ” လူရိုင်းခေါင်းဆောင်က မီးလောင်နေသော လှည်းအစီးတစ်ရာကို ကြည့်ပြီး နှမြောတသဖြစ်နေသည်။ “ အနည်းဆုံးတော့ သူတို့က ရိက္ခာတွေကို ငါတို့ကို ပေးမယ့်အစား မီးရှို့သွားတယ်ဆိုတော့ နည်းနည်းတော့ ဉာဏ်ကောင်းတယ်လို့ ပြောလို့ ရသေးတယ်။ ”

“ သူတို့ အဲ့လို လုပ်လည်း ဘာမှ မထူးပါဘူး။ ” ဒုတိယ လူရိုင်းခေါင်းဆောင်က ပြောလိုက်သည်။ “ ရိက္ခာမရှိရင် တာ့လင်စစ်တပ်က ရက်ပိုင်းအတွင်း တပ်ပြန်ဆုတ်မှာပဲ။ ကျုပ်တို့က အဲ့အချိန်မှာ သူတို့ကို အလစ်ဝင်တိုက်လို့ ရတယ်။ ”

လူရိုင်းခေါင်းဆောင်က ယုဟန်ခံတပ်ကို ‌မျှော်ငေးကြည့်ရင်း လှောင်ပြုံး ပြံးလိုက်သည်။ “ ပြီးရင် ငါတို့ ယုဟန်ခံတပ်ကို ဝင်စီးမယ်။ ”

…

တော်ဝင်တပ်မှူးချုပ်ရှုက သူ့ရွက်ဖျင်တဲထဲမှာ လီယောင်နှင့် စကားပြောနေစဉ်မှာပဲ ဝမ်စန်းအာက အလောတကြီး ပြေးဝင်လာခဲ့သည်။ အထဲမှာ လီယောင်နှင့် တော်ဝင်တပ်မှူးချုပ်ရှုက လွဲလို့ တခြားသူ မရှိတာကို မြင်တော့မှ “ ငါးကတော့ ငါးစာဟပ်သွားပြီ။ ” ဟု တိုးတိုးပြောလိုက်သည်။

“ ဟုတ်လား။ ဘယ်လမ်းကြောင်းလဲ။ ”

“ တပ်မှူးဝေရဲ့ လမ်းကြောင်းပါ။ ”

တော်ဝင်တပ်မှူးချုပ်ရှုသည် အတော်လေး ထူးဆန်းသည်ဟု ခံစားရကာ မျက်မှောင်ကြုတ်လိုက်မိသည်။

ဧကရာဇ်ကိုယ်စား စစ်တပ်ကို အုပ်ချုပ်ရတဲ့ တပ်မှူးတွေ ဆိုတာ အခြေခံအားဖြင့် ဧကရာဇ်ရဲ့လူယုံဖြစ်ပြီး လက်အောက်အရာရှိတွေ ပုန်ကန်ထကြွမှုမလုပ်အောင် ကာကွယ်ရမှာပါ။ ဒါပေမဲ့ ဧကရာဇ်ရဲ့ လူယုံတော် တပ်မှူးက ဘာလို့ သစ္စာဖောက်ဖြစ်နေရတာလဲ … ။

ကျိုးကြောင်းဆီလျော်မှုရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ အချက်အလက်တွေကတော့ လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှား ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ တော်ဝင်တပ်မှူးချုပ်ရှုက “ သူ့ကို အချုပ်ခန်းထဲ ထည့်ထားလိုက်။ ” ဟု အမိန့်ပေးလိုက်သည်။

လီယောင်က “ အဲ့လို လုပ်လို့ မဖြစ်ဘူး။ ” ဟု ဆိုကာ သူ့ကို အပြေးအလွှား လာတားသည်။

တော်ဝင်တပ်မှူးချုပ်ရှုက “ ကျုပ်တို့ သူ့ကို ဘာလို့ ဖမ်းလို့ မရတာလဲ။ ” ဟု ဇဝေဇဝါအမူအရာဖြင့် ပြန်မေးလိုက်သည်။ “ သူက တပ်မှူးဆိုပေမဲ့ ကျုပ်မှာ သူ့ကို ရာထူးကနေ ဖယ်ရှားထုတ်ပယ်ပိုင်ခွင့် မရှိဘူး။ ဒါပေမဲ့ သူက ကျူးကျော်သူအဖွဲ့တွေနဲ့ ပူးပေါင်းထားတာမို့လို့ သူ့ကို နေပြည်တော်ကို ပြန်ပို့ပြီး ဧကရာဇ်ကို ပြစ်ဒဏ်ချမှတ်ခိုင်းလို့တော့ ရတယ်။ ”

“ အဲ့လို လုပ်တာက သူ့ကို အလွယ်တကူ လွှတ်ပေးလိုက်တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူ ကျွန်မတို့လက်က ပြေးမလွတ်ပါဘူး။ သူ့ကို ပိုကောင်းကောင်း အသုံးချနိုင်အောင်လို့ လောလောဆယ်တော့ ဒီအတိုင်းပဲ ထားလိုက်ပါ။ ”

“ အမျိုးသမီးလီမှာ အကြံကောင်းတွေ ရှိလို့လား။ ”

“ ရိက္ခာတွေကို သယ်လာတဲ့ တကယ့်လှည်းတန်းက အခုထိ မရောက်သေးဘူး။ တူညီတဲ့ နည်းလမ်းကိုပဲ ပြန်သုံးရအောင် ၊ သူတို့ကို နှစ်ဖွဲ့ခွဲလိုက်မယ်။ တစ်ဖွဲ့က လမ်းကြောင်းအစစ် ၊ တစ်ဖွဲ့က လမ်းကြောင်းအတုပေါ့။ တပ်မှုးဝေကို လမ်းကြောင်းအတုကို ပြောပြလိုက်ရင် သူက လူရိုင်းတွေကို သတင်းပေးပြီး တိုက်ခိုက်ခိုင်းမှာပဲ။ အဲ့ဒါဆို လမ်းကြောင်းအစစ်နဲ့ ရိက္ခာသယ်လာတဲ့ လှည်းတန်းက လုံလုံခြုံခြုံ ရောက်လာလိမ့်မယ်။ ”

“ ဟုတ်သားပဲ ၊ ကျုပ် ဘာလို့ အဲ့ဒါကို မစဉ်းစားမိတာပါလိမ့်။ ကျုပ်တို့ အဲ့အတိုင်း လုပ်ကြတာပေါ့။ ”

ဒါက သံသယနှင့် ခွဲခြမ်းစိပ်ဖြာမှုကို အသုံးပြုထားတဲ့ အလွယ်ကူ အရိုးရှင်းဆုံး နည်းဗျူဟာတစ်ခုသာ ဖြစ်ပါသည်။

တော်ဝင်တပ်မှူးချုပ်ရှုလို လူမျိုးဟာ ဘယ်လိုလုပ်ပြီး ဒီရာထူးအထိ တက်လှမ်းလာတာလဲဆိုတာ လီယောင် အံ့ဩမိသည်။ ဒါမှမဟုတ် သူ တမင်သက်သက် တုံးချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်သည်။

ဘယ်လိုပဲဖြစ်ဖြစ် အစီအစဉ်ကတော့ ပြီးပြည့်စုံစွာ အလုပ်ဖြစ်ခဲ့ပါသည်။ ဒီတစ်ခေါက် ရိက္ခာတွေအများကြီးကို ကျွမ်းကျင်တပ်သားတွေ ခြံရံ၍ သယ်ယူလာတယ်ဆိုတဲ့ သတင်းကြားသည်နှင့် လူရိုင်းများသည် သူတို့မှာ ရှိသမျှ တပ်ဖွဲ့အားလုံးနီးပါးကို စုကာ တိုက်ခိုက်လုယက်ဖို့ လိုက်လာခဲ့သည်။

သို့သော်လည်း သူတို့ ရောက်သွားချိန်မှာတော့ အထဲမှာ ဘာမှ မကျန်တော့ဘဲ လောင်ကျွမ်းနေသည့် လှည်းတွေကိုသာ ထပ်မြင်လိုက်ရသည်။

ကာကွယ်ရေးခေါင်းဆောင်ကျန်းက လူရိုင်းတွေ သံသယမဝင်စေဖို့အတွက် လှည်း နှစ်စီး ၊ သုံးစီးကို ရိက္ခာတွေ တင်ကာ မီးမရှို့ဘဲ ချန်ထားခဲ့တာမို့ လူရိုင်းတွေက သူတို့ တာ့လင်စစ်တပ်ရဲ့ ရိက္ခာလှည်းရာပေါင်းများစွာကို နောက်တစ်ကြိမ် ဖျက်ဆီးပစ်လိုက်နိုင်ပြန်ပြီဟု ကျေနပ်နေကြသည်။

သူတို့ မသိခဲ့တာကတော့ တကယ့် ရိက္ခာလှည်းတန်း အစစ်ဟာ သူတို့ကို ရှောင်ရှားပြီး ဟန်စစ်တပ်စခန်းကို ဘေးကင်းလုံခြုံစွာ ရောက်ရှိသွားခဲ့ပြီဆိုတာပဲ ဖြစ်လေသည်။

ရိက္ခာတွေ အများကြီး ရောက်လာသောကြောင့် ကာကွယ်ရေးခေါင်းဆောင်ကျန်းက အတော်လေး စိတ်သက်သာရသွားသည်။

ကာကွယ်ရေးခေါင်းဆောင်ကျန်းနှင့် လျှို့ဟူရဲ့ ယိကျိုးတပ်သား အယောက်နှစ်ထောင်မှာ မြင်းတွေ မရှိတော့ပေမဲ့လည်း တာ့လင်စစ်တပ်နှင့် ပူးပေါင်းကာ ရိက္ခာသယ်ယူပို့ဆောင်ရေးနှင့် တပ်စခန်းကာကွယ်ရေးတာဝန်တွေကို ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အတိုင်းထက်အလွန်ပဲ ဖြစ်သည်။

ရိက္ခာတွေ ရောက်လာချိန်မှာတော့ တော်ဝင်တပ်မှူးချုပ်ရှုက တပ်မှူးဝေကို ဖမ်းဆီး အကျဉ်းချထားခဲ့ပါပြီ။ မြေခွေးအိုကြီးဟာ သူ ဘယ်လို ထုတ်ဖော်ခံလိုက်ရတာလဲ ဆိုတာတောင် မသိဘဲ စွပ်စွဲချက်တွေကို ခေါင်းမာစွာ ငြင်းဆန်ပြီး သူ့ရာထူးကို ဖက်တွယ်ထားခဲ့သည်။

နောက်ဆုံးမှာ တော်ဝင်တပ်မှူးချုပ်ရှုက သူ့အကြံအစည်တွေအားလုံးကို ထောက်ပြလိုက်တော့မှ တပ်မှူးဝေသည် ဆောက်တည်ရာမရ ဒူးထောက်ကျသွားသည်။

“ ကျုပ်မှာ ရွေးချယ်စရာ မရှိခဲ့လို့ပါ တော်ဝင်တပ်မှူးချုပ်။ ကျုပ် မလုပ်ချင်ဘဲနဲ့ အတင်းအကြပ် စေခိုင်းခံခဲ့ရတာပါ။ ”

“ ကျူးကျော်သူတွေနဲ့ ပူးပေါင်းတာကိုတောင် မင်းမှာ ရွေးချယ်စရာ မရှိလို့ပါလို့ ငြင်းနေတုန်းပဲလား။ ” တော်ဝင်တပ်မှူးချုပ်ရှုက သရော်တော်တော် ရယ်မောလိုက်သည်။ “ လူရိုင်းတွေက နေပြည်တော်မှာ ရှိတဲ့ မင်းမိသားစုအထိ သွားခြိမ်းခြောက်နိုင်လို့လား။ ”

“ ကျုပ်ကို အတင်းအကြပ် စေခိုင်းတာ လူရိုင်းတွေ မဟုတ်ပါဘူး … အဲ့ … အဲ့ဒီလူက … ”

“ ဘယ်သူလဲဆိုတာ မြန်မြန် ပြောစမ်း။ ” ဟု တော်ဝင်တပ်မှူးချုပ်ရှုက အမိန့်ပေးလိုက်သည်။ “ မင်း အမှန်တရားကို ဝန်ခံရင် ငါ မင်းရဲ့ ပြစ်ဒဏ်တွေကို ခွင့်လွှတ်ပေးပြီး ကျန်ရှိနေတဲ့ ဘဝမှာ ငြိမ်းငြိမ်းချမ်းချမ်း နေခွင့်ပေးဖို့ ဘုရင်မင်းမြတ်ကို အသနားခံလွှာတင်ပေးမယ်။ မဟုတ်ရင်တော့ မင်းခြေထောက်တွေ ရိုက်ချိုးခံရပြီလို့သာ မှတ်လိုက်တော့။ ”

တပ်မှူးဝေက ခဏလောက် တွန့်ဆုတ်နေပြီးမှ မဝံ့မရဲဖြစ်စွာ ၊ ကြောက်လန့်တုန်လှုပ်စွာ ပြောသည်။ “ လက်ယာအမတ်ကြီးကျူးကျစ်လင်ရဲ့ အမိန့်အတိုင်း ကျုပ်က လုပ်ခဲ့ရတာပါ။ ”

“ မင်း ဘာပြောလိုက်တယ်။ ” တော်ဝင်တပ်မှူးချုပ်ရှုက ဒေါသတကြီး bolted up in rage ။ “ တပ်မှူးဝေ … မင်းကများ ရာရာစစ လူတစ်ဖက်သားကို အသရေပျက်အောင် စွပ်စွဲရဲတယ်ပေါ့လေ။ မင်းခြေထောက်တွေကို အခုချက်ချင်း ရိုက်ချိုးခံချင်နေတာလား။ ”

“ ကျုပ် လိမ်မပြောရဲပါဘူး။ တကယ်ပဲ လက်ယာအမတ်ကြီးရဲ့ အမိန့်ကြောင့် လုပ်ခဲ့ရတာပါ။ မဟုတ်ရင် ကျုပ်က ကောင်းကင်ဘုံထက် ရဲတင်းတယ်ဆိုဦးတော့ ၊ လူရိုင်းတွေနဲ့တော့ မပူးပေါင်းရဲပါဘူး။ ”

တော်ဝင်တပ်မှူးချုပ်ရှုသည် နားမလည်နိုင်အောင် ဖြစ်သွားရပြန်သည်။ ဧကရာဇ်ပြီးရင် ဒုတိယ အာဏာအရှိဆုံးဖြစ်တဲ့ လက်ယာအမတ်ကြီးလို လူက လူရိုင်းတွေနဲ့ ဘာလို့ ပူးပေါင်းရတာလဲ … ။ ဘယ်လိုမှ စဉ်းစားမရသောကြောင့် လီယောင့်ကို သွားမေးလိုက်တော့ သူမက ခေါင်းခါပြသည်။

“ ကျွန်မကတော့ လက်ယာအမတ်ကြီးမှာ ပုန်ကန်ဖို့ အစီအစဉ်ရှိနေတယ်လို့ ထင်တယ်။ သူက လူရိုင်းတွေကို အသုံးချပြီး တာ့လင်စစ်တပ်ကို ဒီနေရာမှာ ရှင်းပစ်ချင်နေတာ ဖြစ်လောက်တယ်။ ”

“ သူ့အတွက် ဘာအကျိုးအမြတ်ရမှာမို့လို့လဲ။ ”

“ သူထက် ပိုအာဏာရှိတဲ့ လူတစ်ယောက်က အစီအစဉ်ဆွဲနေတာလို့ ကျွန်မ ယူဆတယ်။ ” လီယောင် ပြုံးလိုက်သည်။ “ ကျွန်မမှာ အဲ့လူက ဘယ်သူလဲ ဆိုတာကို သိနိုင်လောက်တဲ့ အဆက်အသွယ်တွေ မရှိဘူး။ တော်ဝင်တပ်မှူးချုပ်က အဲ့အပိုင်းကို ပိုသိမှာပါ။ ”

လက်ယာအမတ်ကြီးထက် အာဏာပိုရှိတဲ့ လူဆိုလို့ ဧကရာဇ်ပဲ ရှိသည်။ ဧကရာဇ်က လူရိုင်းတွေနဲ့ ပူးပေါင်းမှာတဲ့လား … ။ ထိုဖြစ်နိုင်ချေကို စဉ်းစားစရာတောင် မလိုဘဲ ပယ်ချပစ်လို့ ရသည်။

မဟုတ်ဘူး … နေဦး … ။

တော်ဝင်တပ်မှူးချုပ်ရှူရဲ့ ခေါင်းထဲမှာ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ဧကရာဇ်အပြင် လက်ယာအမတ်ကြီးထက် အာဏာရှိတဲ့ နောက်ထပ်တစ်ယောက် ရှိသေးသည်။

အဲ့ဒီလူက … ဘုရင့်အလောင်းအလျာ … အိမ်ရှေ့စံမင်းသားပဲ … ။

All Chapters