မြို့တည်ထောင်ခြင်း
Vol. 20 Ch. 220
တော်ဝင်တပ်မှူးချုပ်ရှုသည် ရှေ့ဆက် မတွေးရဲတော့ပေ။ ဘာသက်သေသကာယမှ မရှိဘဲ အိမ်ရှေ့စံမင်းစားကို သံသယဝင်တာက သူ့ခေါင်းကိုတောင် ပေးဆပ်ရနိုင်တဲ့ လုပ်ရပ်ဖြစ်သည်။ လက်ရှိအချိန်မှာတော့ ဒီတိုက်ပွဲကို လှလှပပ အနိုင်ရဖို့အတွက် တပ်မှူးဝေကို ဘယ်လိုမျိုး အကောင်းဆုံး အသုံးချရမလဲ ဆိုတာပဲ သူ စဉ်းစားနိုင်ပါသည်။
တစ်ညလုံး နည်းဗျူဟာဆွဲပြီးနောက် လူရိုင်းတွေကို သူတို့ဘက်က အရင် အလစ်ဝင်တိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ တပ်မှူးဝေအား လူရိုင်းတွေကို တာ့လင်စစ်တပ်ဟာ စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် လီ ( ၁၀၀ ) တိတိ တပ်ဆုတ်ခွာဖို့ ပြင်ဆင်နေသည်ဟု သတင်းမှားပေးခိုင်းခဲ့သည်။
လူရိုင်းတွေက ဒီအခွင့်အရေးကို သေချာပေါက် လက်လွှတ်မခံဘဲ သဲကြီးမဲကြီး တိုက်ခိုက်လိမ့်မည်ဟု သူ မျှော်လင့်ထားသည်။ ထိုအချိန်အတွင်း တာ့လင်စစ်တပ်ကတော့ တပ်အင်အားစုတွေကို ကြိုတင်ပြင်ဆင်ကာ ချောင်းမြောင်းတိုက်ခိုက်ဖို့ အသင့်ပြင်ထားခဲ့ကြသည်။
ဒီလို တိုက်ပွဲကြီးတွေမှာ သူမအနေဖြင့် ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိသောကြောင့် လီယောင်ကလည်း ဘာမှ မေးမြန်းမနေတော့ပါ။ ကိရိယာငယ်လေးတွေအများကြီးနှင့် ရောက်လာတဲ့ သူမရဲ့ ရထားလုံးကို တပ်ဆင်ဖို့ လိုသေးတာမို့ ရွက်ဖျင်တဲထဲမှာပဲ ကျန်ခဲ့သည်။
တိုက်ပွဲဖြစ်ခါနီးအချိန်မှာ တာ့လင်စစ်တပ် တစ်တပ်လုံးသည်လက်နက် ချပ်ဝတ်တန်ဆာတွေနှင့် အသင့်ပြင်ထားခဲ့သည်။
အချောမွေ့ဆုံး တိုက်ပွဲတွေမှာတောင် ဒီမြက်ခင်းပြင်နယ်မြေထဲမှာ ထာဝရ ကျန်ရစ်ခဲ့ရတဲ့ လူတွေ ရှိတာမို့ စစ်တိုက်မထွက်ခွာခင် လေထုဟာ ထူးထူးခြားခြား တည်ငြိမ်နေခဲ့သည်။
ဝမ်စန်းအာက လီယောင့်ကို နှုတ်ဆက်စကားပြောပြီးတော့ သူ့လူတွေကို ဦးဆောင်ကာ အပြောကျယ်သော ညကောင်းကင်အောက်တွင် ထွက်ခွာသွားသည်။
လီယောင်သည် ရိုးရှင်းသော သတိပေးစကား ခပ်တိုတိုသာ ပြောလိုက်သော်လည်းလသူမရဲ့ နှလုံးသားထဲက စိုးရိမ်စိတ်ပါးပါးကို မရပ်တန့်နိုင်ပေ။ အကျိုးသင့်အကြောင်းသင့် ပြောရလျှင် သူမက သူ့မိထွေးတောင် မဟုတ်ပါဘဲ သူ့အတွက် စိတ်ပူပေးနေမိသည်။ စစ်မြေပြင်မှာ အသက်အန္တရာယ်ကို ရင်းပြီး တိုက်ပွဲဝင်နေတဲ့ သားဖြစ်သူကို သူ့မိဘအရင်းတွေသာ မြင်ရင် ဘယ်လောက် စိုးရိမ်ပူပန်လိုက်မလဲ … ။
တိုက်ပွဲထဲမှာ သားကို ဆုံးရှုံးလိုက်ရတဲ့ မိဘတွေအတွက်ကတော့ တကယ့်ကို အသည်းနှလုံးကွဲကြေချင်စရာကောင်းလိမ့်မည်။
တပ်ဖွဲ့တွေ ထွက်ခွာသွားပြီးနောက် တော်ဝင်တပ်မှူးချုပ်ရှုကလည်း အဓိကရွက်ဖျင်တဲထဲမှာ တစ်ညလုံး မအိပ်ဘဲ သတင်းတွေကို နားစွင့်နေခဲ့သည်။
ညရဲ့ ဒုတိယတစ်ဝက်လောက် ရောက်တော့မှ သတင်းတွေ တစ်ခုပြီး တစ်ခု ရောက်လာ၏။ သတင်းကောင်းတွေလည်း ပါသည် ၊ သတင်းဆိုးတွေလည်း ပါသည်။ တိုက်ပွဲအခြေအနေဟာ မျက်လှည့်ပြသလို ရုတ်ချည်း ပြောင်းလဲသွားပြီး ဘယ်လိုမှ ရှေ့ဆက်တိုးလို့ မရတော့ဘူးဟု ဆိုသည်။
အစတုန်းက အိပ်ပျော်နေတဲ့ လီယောင်လည်း အပြင်ဘက်က အဆက်မပြတ် ဆူညံသံတွေကြောင့် ပြန်နိုးလာပြီး ထွက်ကြည့်လိုက်တော့ ဒဏ်ရာရတပ်သားများစွာကို ယိကျိုးတပ်သားနှစ်ထောင်က တွဲကူ၍ ပြန်ခေါ်လာတာကို တွေ့လိုက်ရသည်။
အများစုမှာ မြားဒဏ်ရာတွေ ရထားသည်။ လူရိုင်းတွေရဲ့ ဓားကောက်ကြီးတွေနှင့် ခုတ်ပိုင်းခံထားရသော နေရာတွေမှာတော့ အသားဟက်တက်ကွဲကာ သွေးစိမ်းရွှင်ရွှင်ထွက်နေပုံက မြင်ရသူကို ခေါင်းကျိန်းစေသည်။ လေထဲမှာ သွေးညှီနံ့တွေ ပျံ့နှံ့နေပြီး စခန်းတစ်ခုလုံးကို ဖုံးအုပ်ထားသည်။
စစ်တပ်သမားတော်တွေက ပိုလို့တောင် အလုပ်ရှုပ်နေကာ ဟိုပြေးလိုက် ၊ ဒီပြေးလိုက်နှင့် အနားမနေရပေ။ သူတို့ကတော့ ဒီမြင်ကွင်းတွေကို မြင်ရပါများလို့ ထုံသွားပုံရသည်။
စစ်တပ်ရဲ့ အကန့်အသတ်ရှိသော ဆေးဝါးကျွမ်းကျင်မှုနှင့် ဆေးဝါးအထောက်အပံ့တွေကြောင့် သွေးတိတ်စေရန် ဒဏ်ရာကို အဝတ်ဖြူနှင့် ပတ်ခြင်းကဲ့သို့ အခြေခံအကျဆုံး ကုသမှုလောက်သာ လုပ်နိုင်ပြီး ဒဏ်ရာကို ပိုးသတ်တာတို့ ၊ ဘာတို့ မလုပ်ပေ။
ဒဏ်ရာရတပ်သားတွေ သေမလား ၊ ရှင်မလားဆိုတာ ကံကြမ္မာရဲ့ အဆုံးအဖြတ်ပင်။
“ ရှင်တို့ လုပ်နေတာ ဘာတစ်ခုမှ အသုံးမဝင်ဘူး။ ” လီယောင်က နောက်ဆုံးတော့ ဒီတိုင်း ရပ်ကြည့်မနေနိုင်တော့။ ဒဏ်ရာရထားတဲ့ တပ်သားအများစုက တောက်ပတဲ့ အနာဂတ်အရှည်ကြီး ကျန်သေးတဲ့ အသက်ဆယ်နှစ်ကျော်လေးတွေ ဖြစ်သည်။ ဒဏ်ရာတွေကနေ ပိုးဝင်သေဆုံးရမှာ သိပ်ကို နှမြောစရာကောင်းလွန်းသည်။
စစ်တပ်သမားတော်တစ်ယောက်က “ စစ်တပ်ထဲမှာ ဆေးဝါးတွေက နည်းနည်းပဲ ရှိတော့ ကျုပ်တို့ လုပ်နိုင်တဲ့ အတိုင်းအတာက ဒီလောက်ပဲ ရှိတယ် အမျိုးသမီးလီ။ ” ဟု ပြောလိုက်သည်။
“ ဆေးဝါးတွေ ရှိတာ ၊ မရှိတာက အရေးမကြီးဘူး။ ဒါပေမဲ့ ဒဏ်ရာတွေကို အရင်ဆုံး ပိုးသတ်ပြီး ပတ်တီးစည်းပေးထားဖို့ လိုတယ်။ ”
“ ပိုးသတ်ရမယ် … ဟုတ်လား။ အဲ့ဒါ ဘာကြီးလဲ။ ”
လီယောင်က ကြောင်အမ်းအမ်းဖြစ်နေသော သမားတော်တွေကို ကြည့်ပြီး သူမကိုယ်တိုင်ပဲ လက်တွေ့ ပြလိုက်တော့သည်။ ဒဏ်ရာတွေကို သန့်ရှင်းရေးမလုပ်ခင် ပစ္စည်းကိရိယာတွေကို ရေနွေးပူပူထဲမှာ အရင်ဆုံး ပြုတ်လိုက်သည်။ “ ဆေးကုသတဲ့ ပစ္စည်းကိရိယာတွေကို မျှပြီး သုံးလို့ မရဘူး။ လူနာတစ်ယောက်ချင်းစီရဲ့ ဒဏ်ရာတွေကို သန့်ရှင်းပြီးတိုင်း ရေနွေးနဲ့ ပြန်ပြုတ်ရမယ်။ ”
လီယောင်သည် ပျက်စီးသွားသည့် အသားတွေနှင့် ပျစ်ခဲနေသော သွေးခဲတွေကို ဖယ်ရှားကာ သန့်ရှင်းရေးလုပ်လိုက်ပြီးနောက် အရက်ပြင်း တစ်ပုလင်းနှင့် အဖြူရောင်ဆေးမှုန့်တွေ ထည့်ထားသော ဖန်ပုလင်းတစ်လုံးကို ရွက်ဖျင်တဲထဲသို့ ယူလာခဲ့လိုက်သည်။
ထို့နောက် ဂွမ်းဖတ်ကို အရက်ပြင်းထဲ စိမ်ကာ ဒဏ်ရာတွေနှင့် ဒဏ်ရာဘေးပတ်ပတ်လည်ရှိ အသားတွေကို ပိုးသတ်ပေးလိုက်သည်။
အရက်ပြင်းနှင့် ဒဏ်ရာနှင့် ထိတွေ့ချိန်မှာ ဖြစ်ပေါ်လာသော အသားပေါ် မီးလောင်သလို နာကျင်မှုကြောင့် ဒဏ်ရာရတပ်သားတွေခမျာ သတိမေ့မသွားအောင် အံကြိတ်၍ တောင့်ခံထားရသည်။ သို့သော် လီယောင်က သူတို့ကို ကယ်ဖို့ ကြိုးစားနေမှန်း သိသောကြောင့် ဘယ်သူမှ အော်မငိုခဲ့ကြပါ။
လီယောင်က ဒဏ်ရာတွေကို ပိုးသတ်ပြီးသွားတော့ အဖြူရောင်ဆေးမှုန့်ကို ဒဏ်ရာတွေပေါ်မှာ ဖြူးလိုက်သည်။ ဒါက သူမကိုယ်တိုင် ဖော်စပ်ထားတဲ့ ဆေးမှုန့်တစ်မျိုး ဖြစ်သည်။
နောက်ဆုံးမှာတော့ လီယောင်က ဒဏ်ရာတွေကို ပိုးသတ်ထားသည့် ပတ်တီးစနှင့် ဂရုတစိုက် ရစ်ပတ်ချည်နှောင်ပေးလိုက်သည်။
“ ဒဏ်ရာတွေအားလုံးကို ဒီပုံစံအတိုင်း ကုသပေးသင့်တယ်။ ကိုယ်တွင်းအင်္ဂါတွေကိုပါ ထိသွားတဲ့ ထိုးသွင်းဒဏ်ရာတွေကိုတော့ အသားကို အရင်ဆုံး ခွဲပြီး ကိုယ်အတွင်းထဲက ဒဏ်ရာတွေကို ကုသပေးရမယ်။ ပြီးမှ အသားကို ပြန်ချုပ်ပေး။ ”
စစ်တပ်သမားတော်တွေက မျက်လုံးပြူးမျက်ဆန်ပြူးနှင့် ဆွံ့အထိတ်လန့်ကာ ပြောစရာစကားမရှိ ဖြစ်သွားကြသည်။
ကိုယ်တွင်းအင်္ဂါတွေအထိ ထိုးသွင်းဒဏ်ရာရထားတဲ့ လူတွေအဖို့ ကံကောင်းထောက်မစွာ အသက်ရှိနေသေးလျှင်တောင် သမားတော်တွေ လုပ်နိုင်တာ ဘာမှ မရှိဘဲ သူတို့ သေမလား ၊ ရှင်မလားဆိုတာ ကံကြမ္မာကိုပဲ အမြဲတမ်း ဆုံးဖြတ်ခွင့်ပေးထားရတာ ဖြစ်သည်။
ဒါပေမဲ့ ဒီအမျိုးသမီးလီကတော့ အသားကို ခွဲပြီး ကိုယ်တွင်းအင်္ဂါတွေကို ကုသမယ်တဲ့လား … ။
ခေတ်ကာလရဲ့ အကန့်အသတ်အရ ခွဲစိပ်ကုသမှုနှင့် ပက်သတ်လို့ ဗဟုသုတမရှိတဲ့ ၊ နားလည်မှုနည်းပါးတဲ့ သမားတော်တွေကိုလည်း လီယောင် အပြစ်မတင်ပါ။ ထို့ကြောင့် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရထားသူတွေအတွက် ရွက်ဖျင်တဲတွေအများကြီးကို အထူးတလည် ပြင်ဆင်ထားသည်။
လီယောင်က သူမကိုယ်တိုင် လက်တွေ့လုပ်ပြကာ ငယ်ရွယ်သော စစ်တပ်သမားတော်တချို့ကို သူမရဲ့ ဦးဆောင်မှုအောက်မှာ လေ့လာသင်ယူစေသည်။
သမားတော်တွေက စိတ်ပြင်ဆင်ထားသော်လည်း အရှင်လတ်လတ် လူတစ်ယောက်ကို ရင်ခွဲတာမျိုး တစ်ခါမှ မကြုံတွေ့ဖူးပါ။ သွေးသံရဲရဲ ကိုယ်တွင်းကလီစာတွေကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပဲ သူတို့အားလုံး ရွက်ဖျင်တဲအပြင်ပြေးထွက်ပြီး ထိုးအန်မိကြသည်။
အဲ့ဒီလို အခြေအနေဆိုးဝါးတဲ့ လူနာတွေ သိပ်မများလို့ တော်သေးသည်။ လီယောင်က ဒဏ်ရာရတပ်သားတွေကို သမားတော်တွေနှင့်အတူ ကုသပေးရင်း တစ်နေကုန် အလုပ်ရှုပ်နေခဲ့သည်။
သမားတော်တွေကလည်း ခွဲစိပ်ကုသမှုသဘောတရားကို တီးမိခေါက်မိရှိသွားပြီး အလွယ်ကူဆုံး အရေးပေါ် ဆေးကုသမှုနည်းလမ်းတွေကို လေ့လာနိုင်ခဲ့သည်။
သူတို့ သတိမထားမိခင်မှာပဲ ရှေ့မတိုးသာသော တိုက်ပွဲဟာ သုံးရက်မြောက်နေ့ကို ရောက်လာ၏။ အခြေအနေက တော်ဝင်တပ်မှူးချုပ်ရှု စီစဉ်ထားသလို ချောချောမွေ့မွေ့ ဖြစ်မလာခဲ့ပါ။ ပထမအကြိမ် ချောင်းမြောင်းတိုက်ခိုက်မှုအပြီးမှာ လူရိုင်းတွေက သူတို့ အကျွမ်းကျင်ဆုံးအရာဖြစ်သည့် အဖွဲ့ငယ်လေးတွေအဖြစ် လူစုခွဲပြီး တာ့လင်တပ်သားတွေကို မြက်ခင်းပြင်ကြားထဲမှာ ပြောက်ကျား တိုက်ခိုက်ခဲ့သည်။
အခုအချိန်မှာ နောက်ပြန်လှည့်လို့ မရတော့ပါ။ တော်ဝင်တပ်မှူးချုပ်ရှုက တာ့လင်စစ်တပ်ကိုလည်း လူစုခွဲပြီး လူရိုင်းတွေကို ပြောက်ကျား တိုက်ခိုက်ဖို့ ပြတ်ပြတ်သားသား အမိန့်ပေးထားသည်။
သူ့အစီအစဉ်က ပထမဆုံး နှင်းကျချိန်အထိ တောင့်ခံထားဖို့ ဖြစ်သည်။ မြက်ခင်းပြင်နယ်မြေမှာ နှင်းတွေ ဖုံးလွှမ်းသွားသည်နှင့်တစ်ပြိုင်နက် လူရိုင်းတွေရဲ့ မြင်းတွေမှာ စားစရာမြက်တွေ မရှိတော့ဘဲ တော်ဝင်တပ်စခန်းကို သူတို့ဘာသာ ဆုတ်ခွာဖို့ အကြောင်းဖန်လာလိမ့်မည်။
“ မကောင်းတော့ဘူး အမျိုးသမီးလီ။ ” စစ်တပ်သမားတော် ငယ်ငယ်လေးတစ်ယောက်က လီယောင့်ရွက်ဖျင်တဲထဲ ပြေးဝင်လာသည်။ “ အမှတ် ( ၁ ) ရွက်ဖျင်တဲထဲက လူနာ ( ၃ ) က မနေ့ညကတည်းက အဖျားတွေတက်နေတာ ၊ အခု သူ ကယောင်ကတမ်းဖြစ်နေပြီ။ ”
လီယောင်က အသားတွေ မီးကျီးခဲလို ပူကျစ်ကာ ပြင်းပြင်းထန်ထန် အဖျားတက်နေသော လူနာကို အပြေးအလွှား သွားကြည့်လိုက်သည်။ သူ့ဒဏ်ရာက ပိုးဝင်ခြင်းရဲ့ လက္ခဏာအဖြစ် နီရဲကြွတက်ကာ ပြည်တည်နေပါသည်။
လီယောင်က ကြိုတင်ပြင်ဆင်ထားတဲ့ ဆေးဝါးတချို့ကို ခွဲဝေပေးလိုက်သည်။ နောက်ထပ် စစ်တပ်သမားတော်တစ်ယောက်ကိုလည်း ထပ်ခေါ်ပြီး ပတ်တီးတွေကို သေချာ သန့်ရှင်းရေးလုပ်ဖို့ ၊ ပိုးသတ်ဆေးသုံးဖို့ အကြံပေးလိုက်သည်။ အဲ့ဒီနောက် လူနာကို သမားတော်တွေ သူတို့ဘာသာ ကုသတာကိုပဲ သူမ ဘေးကနေ ရပ်ကြည့်နေလိုက်သည်။
အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးကာ ရာသီဥတုက တဖြည်းဖြည်း အေးလာသော်လည်း တော်ဝင်တပ်မှူးချုပ်ရှု မျှော်လင့်နေတဲ့ နှင်းကျမည့် အရိပ်အယောင်တွေ မရှိသေးပါ။
တော်ဝင်တပ်မှူးချုပ်ရှုက အကြိမ်ကြိမ်အခါခါ သေချာ စဉ်းစားပြီးနောက် သူတို့ တပ်ပြန်ဆုတ်သင့်ပြီဟု ဆုံးဖြတ်လိုက်သည်။ ဆက်တိုက်နေလို့ အဓိပ္ပာယ်မရှိသလို ရိက္ခာတွေလည်း တစ်ဝက်ကျော် လျော့နည်းနေပြီပင်။ အုပ်စုပြန်ဖွဲ့ပြီး ရိက္ခာတွေ ထပ်ဖြည့်ဖို့ လိုသည်။
သို့သော်လည်း လူရိုင်းတွေကတော့ မဆုတ်ခွာပါ။ တာ့လင်စစ်တပ် တစ်တပ်လုံးက တပ်စခန်းသို့ ပြန်လည်ဆုတ်ခွာသွားပြီးနောက်ပိုင်းမှာတောင် ရာဂဏန်း အင်အားရှိသော လူရိုင်းအဖွဲ့တွေက အနီးအနားမှာ တဝဲလည်လည် လုပ်နေခဲ့ကြသည်။ ညဘက်ဆို တာ့လင်တပ်သားတွေရဲ့ ရွက်ဖျင်တဲတွေကို အလစ်ဝင်တိုက်သည် ၊ နေ့ဘက်ဆို ခပ်ဝေးဝေးကနေ ပစ်ခတ်ပြီး ထွက်ပြေးသည်။ သူတို့ရဲ့ ပြောက်ကျားနည်းဗျူဟာကို ကျွမ်းကျင်မှုက သူမတူအောင် ပြိုင်ဖက်ကင်းနေဆဲ ဖြစ်သည်။
“ အဲ့ဒီ ခွေမျိုး လူရိုင်းတွေကတော့ … ”
လီယောင့်ရဲ့ ရွက်ဖျင်တဲထဲမှာ ဝမ်စန်းအာသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့သည်။ ဒီတစ်ခေါက် တပ်သားတွေကို တိုက်ပွဲထဲသို့ ဦးဆောင်သွားရာမှာ သူကိုယ်တိုင်ကတော့ အပေါ်ယံ ဒဏ်ရာလေးတွေသာ ရခဲ့သော်လည်း ညီအစ်ကို ဆယ်ယောက်ကျော် သေဆုံးပြီး အယောက်သုံးဆယ်ကျော်က ထိခိုက်ဒဏ်ရာ အမျိုးမျိုး ရလာခဲ့သည်။
ဝမ်စန်းအာက “ အမေ့ရဲ့ စစ်ပွဲနည်းဗျူဟာကျမ်းစာအုပ်ထဲမှာ ဒီအခြေအနေကို ရင်ဆိုင်နိုင်မယ့် ဖြေရှင်းနည်း မရှိသလိုပဲနော်။ ” ဟု ပြောလိုက်သည်။
လီယောင်က “ ဘာလို့ မရှိရမှာလဲ။ ရန်သူတွေ အဆက်မပြတ် တိုက်ခိုက်တာကို ရင်ဆိုင်ရတဲ့အခါ စိတ်ရှည်သည်းခံပြီး မယိမ်းမယိုင် နေသင့်တယ်။ ရန်သူတွေက တဖြည်းဖြည်း မောပန်းလာပြီး နောက်ဆုံးမှာ သူတို့ဘာသာ ဆုတ်ခွာသွားလိမ့်မယ်။ ” ဟု ပြန်ပြောလိုက်သည်။
“ ဒါပေမဲ့ သူတို့ကို ခုခံဖို့ သိပ်မလွယ်ဘူး အမေရ။ ဘေးပတ်လည်မှာ ဟင်းလင်းပြင် မြက်ခင်းတွေ ပတ်လည်ဝိုင်းနေတာ ၊ အကာအကွယ်အတွက် ဘာခံတပ် ၊ ဘာမြို့မှ မရှိဘူး။ ”
“ မရှိရင် ရှိလာအောင် ဆောက်ရမှာပေါ့။ ”
“ ဟမ်။ ” ဝမ်စန်းအာ စိတ်ရှုပ်ထွေးသွားရသည်။