← Chapters

အခန်း (၁၃၉၃-၁၃၉၄)

Vol. 103 Ch. 1393-1394

အခန်း (၁၃၉၃-၁၃၉၄)

Vol. 103 Ch. 1393-1394

အခန်း (၁၃၉၃) ရင်းနှီးသော ဘူတာရုံ

ယန်ကျန့် နှင့် အစ်မကြီးဟုန် တို့သည် တစ္ဆေဘတ်စ်ကား ၏ ကြောက်မက်ဖွယ် လျှို့ဝှက်ချက်များအကြောင်းကို အချင်းချင်း ဖလှယ် ပြောဆိုနေကြသည်။

သူတို့နှစ်ဦး စကားပြောရာတွင် တစ်ဖက်သားကို ရှောင်ဖယ်ခြင်း မရှိသဖြင့် ကားပေါ်ရှိ အခြားသူများလည်း ကြားနေရသည်။

သို့သော် ဒီလို လျှို့ဝှက်ချက်မျိုးက သူတို့အတွက် ဘာမှ အသုံးမဝင်ပေ။ တစ္ဆေဘတ်စ်ကား ၏ လျှို့ဝှက်ချက် အချို့ကို နားလည်သွားလျှင်ပင် အခြေအနေ ထူးလာမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လက်ရှိ တစ္ဆေနိုးထမှု ပြဿနာကိုပင် မဖြေရှင်းနိုင်သေးဘဲ သေရေးရှင်ရေး မသေချာသေးသဖြင့် ဘာပဲသိသိ အလကားသာ ဖြစ်သည်။

"ဒါဆိုရင် ဆက်သွယ်မှု တည်ဆောက်ပြီး ဒရိုင်ဘာ ဖြစ်လာအောင် လုပ်တဲ့နည်းက ဘာလဲ"

ယန်ကျန့် မေးလိုက်သည်။

အစ်မကြီးဟုန် သည်လည်း ယခုအချိန်တွင် တမင်တကာ ဖုံးကွယ်ထားခြင်း မရှိတော့ဘဲ တိုက်ရိုက် ပြောလိုက်သည်။

"ရိုးရှင်းပါတယ် နင့်လက်ကို အဲဒီအလောင်းကောင်ရဲ့ ပါးစပ်နားကို ကပ်ပေးလိုက် သူ နင့်လက်ကို ကိုက်လိုက်တာနဲ့ ပြီးပြီ သူကိုက်လိုက်ပြီ ဆိုတာနဲ့ နင့်ကို ဘတ်စ်ကားရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်လိုက်လိမ့်မယ် အဲဒီကျရင် နင် ဘတ်စ်ကားကို ထိန်းချုပ်တဲ့အခါ တစ္ဆေရဲ့ အာရုံစိုက်မှုကို ခံရမှာ မဟုတ်တော့ဘူး"

"ဒါပေမဲ့ နင် ဆက်သွယ်မှု တည်ဆောက်ပြီးရင်တောင် ဘတ်စ်ကား မောင်းရတာ လွယ်ကူသွားမှာ မဟုတ်ဘူး ဘတ်စ်ကားကို ချောချောမွေ့မွေ့ ထိန်းချုပ်နိုင်မလား ဆိုတာ နင့်ခန္ဓာကိုယ်ထဲက သဘာဝလွန် စွမ်းအား ပမာဏ လုံလောက်မှု ရှိမရှိ အပေါ်မှာပဲ မူတည်နေတယ် အမှန်အတိုင်း ပြောရရင် ငါ နင့်ကို ရာနှုန်းပြည့် ယုံကြည်တာတော့ မဟုတ်ဘူး ဒါပေမဲ့ လက်ရှိ တစ္ဆေလောကမှာ နင်က အထူးချွန်ဆုံး ဖြစ်နေလို့ပေါ့ နင်တောင် မလုပ်နိုင်ရင် တခြားလူတွေလည်း လုပ်နိုင်မှာ မဟုတ်တော့ဘူး"

ယန်ကျန့် ဆက်မေးလိုက်သည်။

"တကယ်လို့ ငါ ဘတ်စ်ကားဒရိုင်ဘာ ဖြစ်သွားရင် ဘာပေးဆပ်ရမလဲ ငါ တစ်သက်လုံး ဒီကားပေါ်မှာ ပိတ်မိနေတာမျိုးတော့ မဖြစ်ချင်ဘူး"

"နင် စိုးရိမ်နေတဲ့ကိစ္စမျိုး ဖြစ်လာမှာ မဟုတ်ဘူး ဒါပေမဲ့ နောက်ပိုင်းကျရင် ဘတ်စ်ကား ပေါ်လာတာကို နင် အာရုံခံနိုင်လိမ့်မယ် ဒါက နင့်အတွက် ကောင်းတဲ့ကိစ္စလို့ ပြောလို့ရတယ်"

အစ်မကြီးဟုန် စကားခဏ ရပ်လိုက်ပြီး ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။

တစ္ဆေဘတ်စ်ကား မှတ်တိုင်တစ်ခုသို့ ရောက်ရှိလာပြီ ဖြစ်သည်။

ဒါသည် ယန်ကျန့် တစ်ခါမှ မမြင်ဖူးသော စိမ်းသက်သည့် မှတ်တိုင်တစ်ခု ဖြစ်သည်။

ကားပြတင်းပေါက် အပြင်ဘက်တွင် မှောင်မည်းနေပြီး အဆုံးမမြင်နိုင်သော လွင်တီးခေါင်ပြင်ကြီးတစ်ခု ရှိနေသည်။ လွင်တီးခေါင်ပြင်ပေါ်တွင် ခြောက်သွေ့နေသော မြက်ရိုင်းများ ပြည့်နှက်နေပြီး မှတ်တိုင်ကို လွင်တီးခေါင်ပြင်ပေါ်ရှိ မြေသားလမ်းမပေါ်တွင် စိုက်ထူထားသည်။

"ထူးထူးခြားခြား အန္တရာယ် ရှိမယ့်ပုံ မပေါ်ဘူး"

ယန်ကျန့် တစ်ချက် လှမ်းကြည့်လိုက်ပြီး ဒီမှတ်တိုင်ကို သိပ်ဂရုမစိုက်တော့ပေ။

သို့သော် တစ္ဆေဘတ်စ်ကား သည် ဒီမှတ်တိုင်တွင် တံခါးဖွင့်လိုက်သည်။ ဒီတစ်ခါ ပွင့်သွားသည်မှာ အဆင်းပေါက် တံခါးဖြစ်သဖြင့် ဘတ်စ်ကားပေါ်ရှိ တစ္ဆေတစ်ကောင် ဒီမှတ်တိုင်တွင် ဆင်းမည်ဟု ဆိုလိုရာရောက်ပြီး ကားပေါ်ရှိ တစ္ဆေဆရာများအတွက် သတင်းကောင်း ဖြစ်သည်။

တကယ်ပါပဲ...

တစ္ဆေတစ်ကောင် ထိုင်ရာမှထပြီး ဆင်းသွားသည်။

ထိုတစ္ဆေသည် စုတ်ပြတ်သတ်နေသော အဝတ်အစားများ ဝတ်ဆင်ထားသော်လည်း ခန္ဓာကိုယ်မှာ ဖောရောင်နေသည်။ ခေါင်းပေါ်တွင် မြက်ရိုင်းများဖြင့် ရက်လုပ်ထားသော စုတ်ပြတ်နေသည့် ဦးထုပ်တစ်လုံး ဆောင်းထားပြီး လယ်သမားအိုကြီး တစ်ဦးနှင့် တူနေသည်။

တစ္ဆေသည် ကားပေါ်မှ ဆင်းသွားပြီး ခြေလှမ်းမရပ်ဘဲ အဆုံးမမြင်နိုင်သော လွင်တီးခေါင်ပြင်ကြီးထဲသို့ လျှောက်သွားကာ ရပ်တန့်သွားပြီး မလှုပ်မယှက် ငြိမ်သက်နေတော့သည်။

မကြာမီ...

ဘတ်စ်ကား ပြန်လည် စက်နှိုးပြီး ခရီးဆက်လိုက်သည်။

ယန်ကျန့် လွင်တီးခေါင်ပြင်ထဲမှ တစ္ဆေကို ပြန်လှည့်ကြည့်လိုက်သောအခါ တစ္ဆေ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

အစ်မကြီးဟုန် ဒီလွင်တီးခေါင်ပြင်ကို ရင်းနှီးနေပုံရသည်။ သူမ အချိန်ကြာမြင့်စွာ ကြည့်ရှုပြီးမှ အကြည့်ကို ဖြည်းဖြည်းချင်း ပြန်လည် ရုပ်သိမ်းလိုက်သည်။

"တော်ပါသေးရဲ့ တစ္ဆေတစ်ကောင် ဆင်းသွားလို့ ကားပေါ်မှာ နည်းနည်း စိတ်ချရသွားပြီ ဒီယန်ကျန့် နဲ့ ချုံဆမ်ဝတ် အမျိုးသမီးကို ဖယ်လိုက်ရင် ကားပေါ်မှာ တစ္ဆေ ခြောက်ကောင်ပဲ ကျန်တော့တယ်"

တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်ပြီး ကံကောင်းသွားသည်ဟု ယူဆနေကြသည်။

ယန်ကျန့် ကားပေါ်ရှိ တစ္ဆေအရေအတွက်ကို ဂရုမစိုက်တော့ပေ။ သူ့အတွက် ကားပေါ်ရှိ တစ္ဆေအရေအတွက်ကို စိတ်ကြိုက် ပြောင်းလဲနိုင်သည်။ လူသစ်များသာ ဒါကို စိုးရိမ်ကြခြင်း ဖြစ်သည်။

သူ စိုးရိမ်သည်မှာ ဒီသဘာဝလွန် ကမ္ဘာထဲတွင် အချိန်ကြာမြင့်စွာ နေရမည်ကိုသာ ဖြစ်သည်။

"နောက်ထပ် ဘယ်နှမှတ်တိုင် ကျန်သေးလဲ ငါ ချက်ချင်း ဆက်သွယ်မှု တည်ဆောက်ပြီး ဘတ်စ်ကားဒရိုင်ဘာ မလုပ်ချင်သေးဘူး"

ယန်ကျန့် ဆက်ပြောလိုက်သည်။

"လေးမှတ်တိုင် ကျန်သေးတယ်"

အစ်မကြီးဟုန် ပြုံးကာ ပြောလိုက်သည်။

ယန်ကျန့် ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီ ဒါဆို တတိယမြောက် မှတ်တိုင် ကျော်မှ ငါ စလုပ်မယ်"

ပြောရင်းနှင့် ထိုင်ခုံပေါ်ရှိ အလောင်းကောင်ကို ပြန်လည် ဖုံးအုပ်လိုက်ပြီး ဘာမှမဖြစ်သလို ပြန်ထိုင်လိုက်သည်။ စိတ်ထဲတွင် သိပ်မသန့်သော်လည်း အခြေအနေကို အတင်းအကျပ် လက်ခံလိုက်ရသည်။ ဒရိုင်ဘာ ဖြစ်လာလျှင်လည်း ဒီတစ္ဆေအပေါ်မှာပဲ ထိုင်ရဦးမည် မဟုတ်လား။

တစ္ဆေဘတ်စ်ကား ဆက်လက် မောင်းနှင်နေပြီး အပြင်ဘက် ရှုခင်းများ ထပ်မံ ပြောင်းလဲသွားပြန်သည်။ ဒီတစ်ခါ နားမလည်နိုင်သော သဘာဝလွန် နေရာများ မဟုတ်တော့ဘဲ စည်ကားသော မြို့ပြကြီးတစ်ခု ဖြစ်လာသည်။ နေရာတိုင်းတွင် လင်းထိန်နေသော မီးရောင်များ ရှိနေပြီး လမ်းပေါ်တွင် လမ်းလျှောက်နေသော လူများကိုပင် မြင်တွေ့နေရသည်။ ကြည့်ရသည်မှာ ဒီမှတ်တိုင်က လက်တွေ့ကမ္ဘာမှ မြို့တစ်မြို့ ဖြစ်ပုံရသည်။

ဒီမြို့ပြကြီးထဲတွင် ခေတ္တမျှ မောင်းနှင်ပြီးနောက် ဘတ်စ်ကား အရှိန် လျော့ကျသွားသည်။

"ဒီမှတ်တိုင်က လက်တွေ့ကမ္ဘာပဲ အခွင့်အရေးကောင်းပဲ ငါ ဒီမှတ်တိုင်မှာ ဆင်းလို့ရတယ် တစ္ဆေမျက်လုံး ယန်ကျန့် နဲ့ လုံးဝ အတူမသွားသင့်ဘူး သူ့ခရီးစဉ်က သေချာပေါက် အန္တရာယ်ကြီးတွေနဲ့ ပြည့်နှက်နေမှာ ငါ ဘတ်စ်ကားပေါ်မှာ နေရတဲ့အချိန် မလုံလောက်သေးပေမယ့် တစ္ဆေနိုးထမှုကို အနည်းငယ်တော့ နှောင့်နှေးစေနိုင်ခဲ့ပြီပဲ အခု ထွက်သွားလိုက်ရင် အသက်ရှင်နိုင်မှာ"

အပြင်ဘက် ရှုခင်းကို မြင်လိုက်ရသောအခါ တစ်စုံတစ်ယောက်က ဆင်းပြေးရန် စိတ်ကူးပေါ်လာသည်။

ဒီလို စိတ်ကူးရှိသူက တစ်ယောက်တည်း မဟုတ်ပေ။ တစ္ဆေဆရာ အများအပြား အချင်းချင်း ကြည့်လိုက်ကြပြီး အလားတူ အကြံအစည်များ ရှိနေကြသည်။

ယန်ကျန့်၏ ခြိမ်းခြောက်မှုက ကြီးမားလွန်းသည်။ ထို့အပြင် သူက တစ္ဆေဘတ်စ်ကား ကို မောင်းပြီး ချုံဆမ်ဝတ် အမျိုးသမီးကို တစ်နေရာရာသို့ ပို့ဆောင်ပေးရဦးမည်။ ဒီခရီးစဉ်က သူတို့ ပါဝင်ပတ်သက်နိုင်သည့် ကိစ္စမဟုတ်ပေ။ အခု မဆင်းရင် နောက်မှတ်တိုင်ကျမှ ဆင်းလို့ရတော့မည် မဟုတ်ပေ။

"တံခါးပွင့်တာနဲ့ ချက်ချင်း ပြေးဆင်းမယ်"

သူတို့ တံခါးပေါက်ကို စိုက်ကြည့်နေကြပြီး စိတ်ထဲတွင် အဆင်သင့် ပြင်ထားကြသည်။

တစ္ဆေဘတ်စ်ကား သည် နောက်ဆုံး၌ စည်ကားသော မြို့ပြကြီး၏ လမ်းဘေးရှိ မှတ်တိုင်တစ်ခု ရှေ့တွင် ရပ်တန့်လိုက်သည်။

မှတ်တိုင်မှာ သာမန် ဘတ်စ်ကားမှတ်တိုင် တစ်ခုသာဖြစ်ပြီး သဘာဝလွန် မှတ်တိုင် လုံးဝ မဟုတ်သော်လည်း ဘတ်စ်ကားက ရပ်တန့်လိုက်သည်။

အစ်မကြီးဟုန် ပြုံးပြီး ရှင်းပြလိုက်သည်။

"သာမန် မှတ်တိုင်တစ်ခုက နေရာ မပြောင်းလဲဘဲ အချိန်ကြာမြင့်စွာ ရှိနေရင် တစ္ဆေဘတ်စ်ကား လာရပ်ဖို့ ဖြစ်နိုင်ချေ အရမ်းများတယ် ဘာလို့လဲဆိုတော့ တစ္ဆေဘတ်စ်ကား ဆိုတဲ့ တစ္ဆေက မှတ်တိုင်တွေကို ရာနှုန်းပြည့် တိကျအောင် မခွဲခြားနိုင်ဘူး တခါတလေ ရောထွေးတတ်တယ်"

"အဲဒီလိုလား"

ယန်ကျန့် ချက်ချင်း နားလည်သွားသည်။ တစ္ဆေဘတ်စ်ကား ဘာကြောင့် လက်တွေ့ကမ္ဘာမှ မှတ်တိုင်များတွင် ရပ်တန့်တတ်သလဲ ဆိုတာကိုပေါ့။

မူလက တစ္ဆေဘတ်စ်ကား သည် သဘာဝလွန် မှတ်တိုင်များနှင့် လက်တွေ့ကမ္ဘာမှ မှတ်တိုင်များကို ရောထွေးနေခြင်း ဖြစ်သည်။ ပရိုဂရမ်တစ်ခု အချိန်ကြာမြင့်စွာ အလုပ်လုပ်နေပြီးနောက် အမှားအယွင်း အနည်းငယ် ရှိလာသကဲ့သို့ ဖြစ်နေသည်။

မကြာမီ...တစ္ဆေဘတ်စ်ကား တံခါး ပွင့်လာသည်။ ဒီတစ်ခါ အတက်ပေါက် တံခါးသာမက အဆင်းပေါက် တံခါးပါ ပွင့်လာသည်။

"အခုပဲ ဒီဘတ်စ်ကားပေါ်က ဆင်းပြီး လက်တွေ့ကမ္ဘာကို ပြန်ကြမယ်"

ထိုခဏတွင် ကားပေါ်မှ တစ္ဆေဆရာ ၅ ယောက် ၆ ယောက်ခန့် လှုပ်ရှားလိုက်ကြသည်။ သူတို့ ထိုင်ခုံများမှ ထပြီး အဆင်းပေါက် တံခါးဆီသို့ ပြေးသွားကြသည်။ ဒီဘတ်စ်ကားပေါ်မှ ဆင်းနိုင်လိုက်သည်နှင့် သူတို့ လုံခြုံသွားပြီဖြစ်ပြီး နောက်ထပ် အန္တရာယ်များကို စိုးရိမ်စရာ မလိုတော့ပေ။

ဘုန်း

ရှေ့ဆုံးမှ လူ တံခါးဝသို့ ရောက်ခါနီးတွင် ဘတ်စ်ကား တံခါးသည် ယုတ္တိမရှိသော နည်းလမ်းဖြင့် ရုတ်တရက် ပိတ်သွားသည်။

"ဘာဖြစ်တာလဲ တံခါး ပြန်ပိတ်သွားတယ်"

ထိုလူများ ကြောင်အမ်းသွားကြသည်။

သို့သော် ချက်ချင်းပင် သတိဝင်လာကြပြီး ဒရိုင်ဘာခုံရှိ ယန်ကျန့်ကို ပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။

"ယန်ကျန့် မင်းလက်ချက် မဟုတ်လား ဘာလို့ အဆင်းပေါက် တံခါးကို ပိတ်လိုက်ရတာလဲ ငါတို့ မင်းကို ဘာမှ လုပ်ထားတာ မဟုတ်ဘူးနော် မင်းက ဌာနချုပ် ခေါင်းဆောင် လုပ်ချင်လုပ် ငါတို့က ငါတို့ အသက်ရှင်ဖို့ လမ်းစ ရှာနေတာ တစ်ယောက်နဲ့ တစ်ယောက် မထိခိုက်ကြေးလေ"

မျက်နှာပေါ်တွင် ပုပ်သိုးနေသော အစက်အပြောက်များ ရှိသည့် အမျိုးသားတစ်ဦးက အံကြိတ်ပြီး အသံကျယ်ကျယ်ဖြင့် မေးခွန်းထုတ်လိုက်သည်။

ကျန်လူများကလည်း ယန်ကျန့်ကို စိုက်ကြည့်နေကြသည်။ မနိုင်လို့သာ ကြည့်နေရခြင်း ဖြစ်ပြီး နိုင်လျှင် ယန်ကျန့်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေကြပြီ။

အသက်ရှင်ဖို့အတွက် ဒီလောက် ကြောက်စရာကောင်းတဲ့ တစ္ဆေဘတ်စ်ကား ကိုတောင် စီးရဲတာ ခေါင်းဆောင်တစ်ယောက်လောက်ကိုတော့ ဘယ်ကြောက်မလဲ။

"မင်းတို့ အခြေအနေနဲ့ ကားပေါ်က ဆင်းပြီး မြို့ထဲ ဝင်သွားရင် မကြာခင် တစ္ဆေနိုးထလာပြီး သဘာဝလွန် ဖြစ်ရပ်တွေ ဖြစ်လာမှာပဲ မင်းတို့ကို ကားပေါ်မှာပဲ ဆက်ထားလိုက်ရင် အပြင်လောကအတွက် ဒုက္ခအများကြီး လျော့သွားလိမ့်မယ် ဒါ့ကြောင့် ဒီတစ်ခေါက် မင်းတို့ ကားပေါ်မှာပဲ ငြိမ်ငြိမ်လေး လိုက်ခဲ့ကြ လမ်းတစ်ဝက်ကနေ ထွက်ပြေးဖို့ မစဉ်းစားနဲ့"

ယန်ကျန့် တည်ငြိမ်အေးစက်စွာ ပြောလိုက်သည်။

"ယန်ကျန့် မင်း စွက်ဖက်တာ လွန်လွန်းနေပြီ ငါ တစ္ဆေနိုးထပြီး သေမယ်လို့ မင်း ဘယ်မျက်လုံးနဲ့ မြင်လို့လဲ ငါ့အခြေအနေက အနည်းဆုံး ၃ လလောက် ခံသေးတယ် ဒီကာလအတွင်းမှာ အသက်ဆက်ရှင်ဖို့ တခြားနည်းလမ်းတွေ ငါ ရှာလို့ရသေးတယ် မင်း အခုလို လုပ်လိုက်တာက ငါတို့အားလုံးရဲ့ အသက်ရှင်လမ်းကြောင်းကို ပိတ်ပင်လိုက်တာနဲ့ အတူတူပဲ"

မျက်နှာပုပ်သိုးနေသော အမျိုးသား၏ မျက်လုံးများတွင် ရူးသွပ်မှု အရိပ်အယောင်များ ပေါ်လာသည်။

"ယန်ကျန့် တံခါးဖွင့်ပေးပြီး ငါတို့ကို ထွက်သွားခွင့်ပြုပါ ငါတို့ အချင်းချင်း ရေကန်အသင့် ကြာအသင့် နေကြတာပေါ့ အပြင်ရောက်ရင် ပြဿနာမရှာဘူးလို့ ငါတို့ ကတိပေးတယ် ဘယ်လိုလဲ"

ဘေးနားရှိ အခြား တစ္ဆေဆရာ တစ်ဦးက ဝင်ပြောလိုက်သည်။

ယန်ကျန့် ပြောလိုက်သည်။

"မင်းတို့က ဌာနချုပ် ဝန်ထမ်းတွေ မဟုတ်ဘူး မင်းတို့စကားကို ငါ မယုံဘူး ပြီးတော့ သေခါနီး တစ္ဆေဆရာတွေ အနေနဲ့ အခြေအနေ မဟန်တော့ရင် ဘာတွေလုပ်တတ်လဲ ဆိုတာ ငါက ဘယ်သူ့ထက်မဆို ပိုသိတယ် ဒါ့ကြောင့် ဒီခရီးစဉ်ကို ငါနဲ့အတူ အဆုံးထိ လိုက်ခဲ့ကြ လမ်းတစ်ဝက်မှာ ဆင်းဖို့ မစဉ်းစားနဲ့တော့"

"မင်း အီးပေါက်မနေနဲ့ မင်းနဲ့အတူ လိုက်ခဲ့ရအောင် မင်းက ငါတို့အားလုံးကို သေအောင်လုပ်ချင်နေတာလား မင်း ဒီ တစ္ဆေဘတ်စ်ကား ကို မောင်းပြီး ဘယ်ကိုသွားမလဲ ဆိုတာ ဘယ်သူသိမှာလဲ ငါတို့က မင်းကို ရှောင်ချင်လို့ လမ်းတစ်ဝက်မှာ ဆင်းတာ မင်းသာ ငါတို့ကို အသက်ရှင်လမ်းကြောင်း မပေးဘူး ဆိုရင်တော့ ငါတို့ မင်းကို မျက်နှာသာ ပေးနေစရာ မလိုတော့ဘူး"

"ကားပေါ်မှာ အားလုံးရဲ့ သဘာဝလွန် စွမ်းအားတွေ ဖိနှိပ်ခံထားရတာ မင်းလည်းခြွင်းချက် မဟုတ်ဘူးလို့ ငါ ယုံကြည်တယ် ငါတို့ လူအများကြီး ဝိုင်းတိုက်ရင် မင်းလည်း ခံနိုင်မှာ မဟုတ်ဘူး ငါတို့ကို သတ်လိုက်ရင်တောင် ကားပေါ်မှာ အလောင်းတွေ ပြည့်နေရင် မင်း ရှေ့ဆက်သွားဖို့ လွယ်မှာ မဟုတ်ဘူး"

မျက်နှာပုပ်သိုးနေသော အမျိုးသားက ဒေါသတကြီး ဆဲဆိုလိုက်ပြီး သေူသေကိုယ်သေ တိုက်ခိုက်တော့မည့် ပုံစံ ပေါက်နေသည်။

"ငါ တစ်ခါပဲ ပြောမယ် ထိုင်ခုံမှာ ပြန်သွားထိုင်ပြီး ငါနဲ့အတူ ဒီခရီးစဉ် ပြီးတဲ့အထိ လိုက်ခဲ့ ပြီးသွားရင် ငါ ထွက်သွားမယ် အဲဒီကျမှ မင်းတို့ ကြိုက်သလို လုပ် ဒါပေမဲ့ ဒီမှတ်တိုင်မှာ မင်းတို့ ဆင်းလို့ မရဘူး တကယ်လို့ မင်းတို့ တိုက်ခိုက်ချင်တယ် ဆိုရင်လည်း ရတယ် ငါ ဒီနေရာမှာ မင်းတို့နဲ့ တစ်ပွဲလောက် ကစားပေးမယ် မင်းတို့ ငါ့ကို သတ်နိုင်ရင် မင်းတို့သဘောပဲ"

ယန်ကျန့် အနီရောင် လှံရှည်ကို ကိုင်ပြီး ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်သည်။

ထိုခဏတွင် အခြားသူများ တိတ်ဆိတ်သွားကြပြီး ကားအတွင်းခန်း တစ်ခုလုံး ငြိမ်သက်သွားသည်။

ယန်ကျန့်နဲ့ တိုက်ခိုက်မလို့လား။

နောက်နေတာလား ပြည်တွင်း သဘာဝလွန် လောကမှာ အကြမ်းဆုံးက ဒီကောင်ပဲ သူတို့အတွက်တော့ ဌာနချုပ် ခေါင်းဆောင်တိုင်းက မော့ကြည့်ရမည့် သူများ ဖြစ်ပြီး တွေ့ရင် ဝေးဝေးရှောင်ရမည့် သူများသာ ဖြစ်သည်။ ဘယ်သူက သွားပြီး စိန်ခေါ်ရဲမှာလဲ။

"မတိုက်ရဲရင် နေရာမှာ ပြန်သွားထိုင်"

ယန်ကျန့် အေးစက်စွာ ပြောလိုက်သည်။

အခြားသူများ မျက်နှာပျက်နေပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေကြသည်။

"ပြန်ထိုင် မဟုတ်ရင် သေမယ်"

ယန်ကျန့် ထပ်မံ အော်ပြောလိုက်ပြီး လက်ထဲမှ လှံရှည်ဖြင့် ကြမ်းပြင်ကို ဆောင့်ချလိုက်သည်။

တစ္ဆေဘတ်စ်ကား တစ်စီးလုံး တုန်ခါသွားပြီး ကားပေါ်ရှိ မီးများပင် တဖျပ်ဖျပ် လက်လာသည်။ ကြောက်မက်ဖွယ် ဖိအားတစ်ခုကြောင့် တစ္ဆေဘတ်စ်ကားပင် ယန်ကျန့်၏ ဒေါသကို မခံနိုင်သကဲ့သို့ ဖြစ်နေသည်။

ထို တစ္ဆေဆရာများ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားပြီး ကြောက်လန့်တကြား ဖြစ်ကာ မတုံ့ဆိုင်းရဲတော့ဘဲ ချက်ချင်း လှည့်ပြီး ထိုင်ခုံများဆီသို့ ပြန်သွားကြသည်။

ခေါင်းဆောင်လုပ်သူ အမျိုးသားပင် မငြင်းဆန်ရဲဘဲ ပြန်ကျုံ့ဝင်သွားသည်။

ပြန်မထိုင်ပါက ယန်ကျန့် တကယ် သတ်ပစ်လိမ့်မည်ဟု အားလုံး သိနေကြသည်။ သူ့မှာ လုပ်ရဲတဲ့ သတ္တိ ရှိသလို လုပ်နိုင်တဲ့ စွမ်းရည်လည်း ရှိသည်။

"လက်တောင် မပါသေးဘူး ငါ ရင်တုန်နေပြီ ဒီယန်ကျန့်က ထင်ထားတာထက် ပိုကြောက်စရာ ကောင်းတယ် သူ တစ္ဆေဆရာ ဖြစ်လာတာ တစ်နှစ်ကျော် နှစ်နှစ်တောင် မပြည့်သေးဘူး မဟုတ်လား ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းလာတာလဲ"

တစ်စုံတစ်ယောက်က ထိုင်ခုံပေါ်တွင် ပြန်ထိုင်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။

ယန်ကျန့်ကို တကယ်တမ်း ရင်ဆိုင်ရမှသာ မျှော်လင့်ချက် မရှိခြင်းနှင့် ဖိအားများကို နားလည် ခံစားနိုင်သည်။

တစ္ဆေဆရာ အချင်းချင်း ဖြစ်သော်လည်း အဆင့်အတန်းချင်း လုံးဝ ကွာခြားနေသည်။

ယန်ကျန့်၏ အေးစက်သော အကြည့်အောက်တွင် ဘတ်စ်ကား ရပ်နားချိန် ကုန်ဆုံးသွားပြီ ဖြစ်သည်။

သူ၏ ထိန်းချုပ်မှုကြောင့် ဒီမှတ်တိုင်တွင် တက်သူလည်း မရှိ၊ ဆင်းသူလည်း မရှိပေ။

"ဘာလို့ ဒေါသတွေ ထွက်နေတာလဲ သူတို့ကို လွှတ်ပေးလိုက်ရင် ကောင်းသားပဲ နောက်ပိုင်း ဒုက္ခသက်သာတာပေါ့"

အစ်မကြီးဟုန် ပြုံးကာ ပြောလိုက်သည်။

"တစ္ဆေနိုးထမှုက နောက်ပိုင်း ပိုဆိုးလာမှာပဲ ဒီလူနည်းနည်းလေးက ခေတ်ပြောင်းလဲမှု ရှေ့မှောက်မှာ ဘာမှ မဟုတ်ပါဘူး နင်က ကယ်တင်ရှင် လုပ်ချင်နေတာလား နင့်အဆင့်နဲ့ မမီသေးဘူး"

ယန်ကျန့် တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"ကယ်တင်ရှင် ဟုတ်လား ဖြစ်နိုင်တာပဲ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ"

အစ်မကြီးဟုန် ညည်းတွားလိုက်သည်။

"ဟုတ်တယ်လေ ဘာတတ်နိုင်မှာလဲ စွမ်းရည်ရှိတဲ့သူ ဘယ်သူမဆို ဒီလောကကြီးကို မပြောင်းလဲချင်ဘဲ နေမလား"

သူမ အတိတ်ကို ပြန်လည် သတိရသွားသည်။

ယန်ကျန့် စကားဆက်မပြောတော့ဘဲ လှည့်ပြီး ပြန်ထိုင်လိုက်သည်။

တစ္ဆေဘတ်စ်ကား ရှေ့ဆက်မောင်းနှင်ပြီး နောက်တစ်မှတ်တိုင်သို့ ဦးတည်သွားသည်။

တာချန်းမြို့ကို အစမှတ်အဖြစ် သတ်မှတ်မည် ဆိုပါက ပထမမှတ်တိုင်သည် ဆန်းကြယ်သော လွင်တီးခေါင်ပြင် ဖြစ်ပြီး ဒုတိယမှတ်တိုင်သည် လက်တွေ့ကမ္ဘာမှ မြို့တစ်မြို့ ဖြစ်သည်။ ယခု တတိယမြောက် မှတ်တိုင်သို့ သွားနေခြင်းဖြစ်ပြီး အစ်မကြီးဟုန် ပြောသော နေရာသည် ဆဌမမြောက် မှတ်တိုင်တွင် ရှိသည်။

မကြာမီ...

စတုတ္ထမြောက် မှတ်တိုင် ရောက်ရှိလာသည်။ ဒီမှတ်တိုင်ကို ယန်ကျန့် ရင်းနှီးနေပြီး ယခင်က ရောက်ဖူးသည်။ စွန့်ပစ်ရွာပျက် တစ်ခု၏ ရွာအဝင်ဖြစ်သည်။

ဒီမှတ်တိုင်တွင် တစ္ဆေတစ်ကောင် တက်ချင်နေသော်လည်း ယန်ကျန့် တံခါးပိတ်ပြီး တိုက်ရိုက် ငြင်းပယ်လိုက်သည်။

ထို့ကြောင့် ကားပေါ်ရှိ တစ္ဆေအရေအတွက်မှာ ၇ ကောင်သာ ရှိသေးသည်။

ဒီအရေအတွက်ထဲမှ ယန်ကျန့်နှင့် အစ်မကြီးဟုန် တို့ကို နှုတ်လိုက်ပါက တကယ်တမ်း ကားပေါ်ရှိ တစ္ဆေအရေအတွက်မှာ ၅ ကောင်သာ ရှိသည်။

လက်ရှိအခြေအနေအရ ကားပေါ်ရှိ တစ္ဆေအရေအတွက်မှာ မများလှသဖြင့် သိပ်ပြီး အန္တရာယ် မရှိသေးဟု ယူဆရသည်။

ပဉ္စမမြောက် မှတ်တိုင် ရောက်သောအခါ တစ္ဆေဘတ်စ်ကား သည် ထူးခြားသော နေရာတစ်ခုသို့ ရောက်ရှိလာသည်။

ဒါသည် အဆုံးမမြင်နိုင်သော သစ်အိုတောအုပ် ကြီးတစ်ခု ဖြစ်သည်။

"ဒါ... ရှေးဟောင်းအိမ်ကြီးနားက သစ်အိုတောအုပ် ပဲ"

ယန်ကျန့် သတိရလိုက်သည်။ အရင်က စာပို့တုန်းက တစ္ဆေဘတ်စ်ကား ဒီသစ်အိုတောအုပ်နားမှာ စက်သေသွားဖူးသည်။

ဒီတစ်ခေါက် ဘတ်စ်ကား စက်မသေဘဲ ဒီမှတ်တိုင်သို့ ချောချောမွေ့မွေ့ ရောက်ရှိလာသည်။

ဒီကနေ ဆင်းပြီး တောထဲက လမ်းကလေးအတိုင်း လျှောက်သွားရင် နောက်ဆုံးမှာ တစ္ဆေအိမ်ကြီးဆီ ရောက်သွားနိုင်သည်။

အဲဒီနေရာမှာ ယန်ကျန့်နှင့် လူတစ်စုသည် ရင်တမမ ဖြစ်ရသော ရက်လည်ဆွမ်းသွပ်ပွဲကို ကြုံတွေ့ခဲ့ရပြီး အားလုံးနီးပါး သေဆုံးလုနီးပါး ဖြစ်ခဲ့ဖူးသည်။

ဒီမှတ်တိုင် အခြေအနေက မျှော်လင့်ထားတာထက် ပိုဆိုးနေသည်။

ဘတ်စ်ကား ရပ်လိုက်သည်နှင့် သစ်အိုတောအုပ်ထဲမှ ဆန်းကြယ်ပြီး ကြောက်မက်ဖွယ် ကောင်းသော ပုံရိပ်များ လှည့်လည်သွားလာနေသည်ကို တွေ့လိုက်ရသည်။ အရေအတွက်က အလွန်များပြားပြီး အနည်းဆုံး ၂၀၊ ၃၀ ခန့် ရှိမည်။

ဒီကြောက်မက်ဖွယ် ပုံရိပ်များသည် ဘတ်စ်ကားအနီးတွင် ဝိုင်းရံနေကြပြီး အချိန်မရွေး ကားပေါ်တက်ရန် ပြင်ဆင်နေကြသည်။

"ယန်ကျန့် ဒီတစ္ဆေတွေကို ကားပေါ် အတက်မခံနဲ့နော် အရေအတွက်က များလွန်းတယ် တံခါးဖွင့်လိုက်တာနဲ့ ကားပေါ်မှာ ချက်ချင်း ပြည့်သွားလိမ့်မယ်"

တစ္ဆေဆရာ တစ်ဦးက အသံတုန်တုန်ဖြင့် ပြောလိုက်သည်။

"နောက်ဆုံးတော့ ထိန်းချုပ်မှု လွတ်သွားပြီပဲ"

အစ်မကြီးဟုန် လက်ထောက်ပြီး ပြတင်းပေါက် အပြင်ဘက်က သစ်အိုတောအုပ်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။

ရှေးဟောင်းအိမ်ကြီးက အဖိုးအို ကျန်းတုန်း ၏ ထိန်းသိမ်းစောင့်ရှောက်မှု မရှိတော့သဖြင့် အချိန်ကြာလာသည်နှင့်အမျှ သစ်အိုတောအုပ်ထဲမှ တစ္ဆေများ လှည့်လည်ထွက်ပေါ်လာပြီး အရေအတွက် ပိုမို များပြားလာသည်။

တစ္ဆေများ ဘတ်စ်ကားဆီသို့ တရွေ့ရွေ့ တိုးကပ်လာပြီး ဝိုင်းရံထားကြသည်။ တစ္ဆေဘတ်စ်ကား ၏ အကာအကွယ်သာ မရှိလျှင် ကားပေါ်မှ လူအားလုံး တစ္ဆေများ၏ တိုက်ခိုက်မှုကို ခံရပေလိမ့်မည်။

"စောစောစီးစီး ဒရိုင်ဘာ လုပ်မှရတော့မယ် ဒီဘတ်စ်ကားကို လွှတ်ပေးထားလို့ မဖြစ်တော့ဘူး ငါ ဒီနေရာကို နောက်တစ်ခေါက် ပြန်မရောက်ချင်ဘူး"

ယန်ကျန့် ပေါ့ဆမနေတော့ဘဲ မျက်နှာထားတင်းတင်းဖြင့် ထိုင်ခုံထဲသို့ လက်နှိုက်လိုက်သည်။

ထို့နောက် နာကျင်မှုကို ခံစားလိုက်ရသည်။ တစ်စုံတစ်ရာက သူ့ကို ကိုက်လိုက်သကဲ့သို့ ဖြစ်သည်။

လက်ကို ပြန်ထုတ်လိုက်သောအခါ လက်မောင်းတွင် အသားတစ်တုံး ပဲ့ပါသွားပြီး သွားရာ အထပ်လိုက် ကျန်ရစ်ခဲ့သည်။

"အရင်က နင် ငါ့ကို တိုက်သလိုပဲ အခု သူတို့ကို ဝင်တိုက်ပစ်လိုက် အကုန် လွင့်ထွက်သွားအောင် တိုက်ပြီး ကားမောင်းထွက်ခဲ့"

အစ်မကြီးဟုန် ပြောလိုက်သည်။

ယန်ကျန့် ဒရိုင်ဘာခုံတွင် ပြန်ထိုင်လိုက်သောအခါ ဒီကားနှင့် တစ်သားတည်း ဖြစ်သွားသလို ခံစားလိုက်ရသည်။ ပြောပြ၍မရသော ဆက်နွယ်မှုတစ်ခု ရှိနေပြီး ဘယ်သူမှ သင်ပေးစရာမလိုဘဲ ကားမောင်းနည်းကို အလိုလို သိနေသကဲ့သို့ ဖြစ်နေသည်။ ဘေးနားတွင် တစ်ယောက်ယောက်က အဆက်မပြတ် ညွှန်ကြား သင်ပြပေးနေသလို ခံစားရသည်။

" ပြောစရာမလိုဘူး"

ယန်ကျန့် စတီယာရင်ကို ကိုင်ပြီး လီဗာ နင်းလိုက်သည်။

ဒါသည် သာမန်ကား မဟုတ်သဖြင့် မောင်းနှင်ရသည်မှာ အလွန် ခက်ခဲသည်။

စတီယာရင်က လေးလံနေပြီး လွယ်လွယ်ကူကူ လှည့်၍ မရပေ။ လီဗာကလည်း သံချေးတက်နေသလို ဖြစ်နေပြီး ယန်ကျန့် အားကုန် နင်းသော်လည်း ထိရောက်မှု သိပ်မရှိဘဲ ရပ်ထားသော ကားက ဖြည်းဖြည်းချင်းသာ ရွေ့လျားနေပြီး အရှိန်မတက်လာပေ။

"ထင်တဲ့အတိုင်းပဲ နင့်အတွက် ခက်ခဲနေတုန်းပဲ"

အစ်မကြီးဟုန် ယန်ကျန့်ကို ကြည့်ပြီး သူမ ယန်ကျန့်၏ စွမ်းရည်ကို အထင်ကြီးလွန်းနေမိသလားဟု သံသယ ဝင်လာသည်။

"စကားများလိုက်တာ"

ယန်ကျန့် အေးစက်စွာ ပြောလိုက်သည်။

ထို့နောက် သူ့ဆီမှ တစ္ဆေရေကန် ၏ စွမ်းအား ထွက်ပေါ်လာသည်။ တစ္ဆေဘတ်စ်ကား ပင်လျှင် ဒီစွမ်းအားကို အပြည့်အဝ မဖိနှိပ်နိုင်ပေ။

စိုစွတ်နေသော ခြေထောက်နှစ်ဖက်ဖြင့် လီဗာကို ထပ်မံ နင်းလိုက်ရာ ဒီတစ်ခါ အတားအဆီးများ ချက်ချင်း လျော့နည်းသွားသည်ကို ခံစားလိုက်ရသည်။

တစ္ဆေဘတ်စ်ကား အင်ဂျင်သံ ဟိန်းထွက်လာပြီး ရုတ်တရက် အရှိန်မြင့်တက်ကာ ပြေးထွက်သွားသည်။

ရှေ့မှ ပိတ်ရပ်နေသော တစ္ဆေများမှာ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ တိုက်ခိုက်ခံရကာ လွင့်ထွက်သွားကြပြီး မြေကြီးပေါ်တွင် လဲကျကာ ငြိမ်သက်သွားကြသည်။

ဒီမြင်ကွင်းက ယခင်က အဖိုးကြီးချင် တစ္ဆေဘတ်စ်ကား မောင်းပြီး ယန်ကျန့်ကို တိုက်ခဲ့သည့် အဖြစ်အပျက်နှင့် တူနေသည်။ ထိုအရသာကို အတိုက်ခံဖူးသူမှသာ ကောင်းကောင်း သိသည်။

အစ်မကြီးဟုန် ပြုံးလိုက်သည်။ ကြည့်ရတာ ယန်ကျန့်က အရည်အချင်းပြည့်မီသော ဒရိုင်ဘာတစ်ဦး ဖြစ်ပုံရသည်။

ကားပေါ်ရှိ အခြား တစ္ဆေဆရာများလည်း သက်ပြင်းချကာ ဝမ်းသာသွားကြသည်။

ဘုန်း

တစ္ဆေဘတ်စ်ကား ရှေ့မှ ပိတ်ရပ်နေသော တစ္ဆေများကို တစ်ကောင်ပြီးတစ်ကောင် တိုက်ခိုက်ကာ လွင့်ထွက်သွားစေသည်။ ယန်ကျန့်သည် ဘတ်စ်ကားကို ထိန်းချုပ်ပြီး တောလမ်းလေးအတိုင်း မောင်းနှင်ကာ ဒီနေရာမှ အမြန်ဆုံး ထွက်ခွာရန် ကြိုးစားလိုက်သည်။

တောထဲမှ တစ္ဆေများထက် ရှေးဟောင်းအိမ်ကြီးထဲမှ အဖိုးအို ထွက်လာမည်ကို သူ ပိုစိုးရိမ်သည်။

တစ္ဆေဘတ်စ်ကား အရှိန်မြင့်တက်လာပြီး ဖြတ်သန်း မောင်းနှင်သွားသည်။

တောလမ်းလေးမှာ ရွှံ့ဗွက်များဖြင့် ပြည့်နှက်နေသော်လည်း ဘတ်စ်ကားမှာ အားကောင်းမောင်းသန် ဖြစ်ပြီး မည်သည့်အရာကမှ တားဆီး၍ မရပေ။ တခါတလေ ရှေ့တွင် လမ်းမရှိဟု ထင်ရသော်လည်း ကားမီးရောင် ထိုးလိုက်သည်နှင့် ကားသွားနိုင်သော လမ်းကျဉ်းလေးတစ်ခု ရုတ်တရက် ပေါ်လာကာ လမ်းပိတ်နေခြင်းမျိုး လုံးဝ မဖြစ်ပွားပေ။

"တစ္ဆေဘတ်စ်ကား ကို ထိန်းချုပ်ရတဲ့ ခံစားချက်က တော်တော် ကောင်းတာပဲ"

ယန်ကျန့် အသက်ပြင်းပြင်း ရှူလိုက်သည်။

ဒီခံစားချက်က အရာအားလုံး လုပ်နိုင်သော စက်ကြီးတစ်လုံးကို မောင်းနှင်နေရသလိုမျိုး ဖြစ်ပြီး တစ္ဆေလောကထဲတွင် စိတ်ကြိုက် မောင်းနှင်နိုင်ကာ မည်သည့်အရာကမှ ကိုယ့်ကို တားဆီးနိုင်မည် မဟုတ်ပေ။

တစ္ဆေလောကတွင် သဘာဝလွန် ပစ္စည်းများစွာ ရှိသော်လည်း ယန်ကျန့် အနေဖြင့် လက်ရှိအချိန်အထိ အစွမ်းအထက်ဆုံး သဘာဝလွန် ပစ္စည်းမှာ ဒီဘတ်စ်ကား ဖြစ်သည်ဟု ယုံကြည်သည်။

တစ္ဆေနှင့် တွေ့လျှင်တောင် လီဗာနင်းပြီး ဝင်တိုက်လိုက်ရုံဖြင့် တစ္ဆေကို လွင့်ထွက်သွားစေပြီး အိပ်ပျော်သွားစေနိုင်သည်။

ထို့အပြင် တစ္ဆေများက ကားပေါ်တက်ပြီး ကိုယ့်ကို တိုက်ခိုက်လို့ မရနိုင်ပေ။

"ဒီပစ္စည်းကို ဒီမှာ ထားခဲ့တာ နှမြောစရာကြီး ဒီတစ်ခေါက် ငါ အပိုင် သိမ်းသွားလိုက်ရင် ကောင်းမလား"

ယန်ကျန့် ခေါင်းထဲတွင် ဒီအကြံ ချက်ချင်း ဝင်လာသည်။

အခန်း (၁၃၉၄) အစ်မကြီးဟုန် ဆင်းသွားပြီ

ယန်ကျန့်၌ တစ္ဆေဘတ်စ်ကား ကို သိမ်းယူလိုစိတ် ရှိနေသည်။ တစ္ဆေဘတ်စ်ကား ကို ဒီအတိုင်း လွှတ်ထားခြင်းထက် ကိုယ်တိုင် ထိန်းချုပ်ထားခြင်းက ပိုကောင်းမည်ဟု သူ ယူဆသည်။ ဘာပဲဖြစ်ဖြစ် တစ္ဆေဘတ်စ်ကားမှာ ဒရိုင်ဘာ မရှိတော့ဘူးလေ။ ဘတ်စ်ကားက ဆက်လက် မောင်းနှင်နေပြီး အကျိုးကျေးဇူး အချို့ ရှိစေနိုင်သော်လည်း တပြိုင်နက်တည်းမှာ ဆိုးကျိုးများလည်း ယူဆောင်လာနိုင်သည်။

အကောင်းနှင့် အဆိုး ဒွန်တွဲနေသည်။

'ဘတ်စ်ကားကို သိမ်းယူနိုင်မလား ဆိုတာက နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကို ကြည့်ရဦးမယ် ငါ့ရဲ့ ပုဂ္ဂိုလ်ရေး ဆန္ဒတစ်ခုတည်းနဲ့ မူလ ရှိနေတဲ့ ဟန်ချက်ညီမှုကို ဖျက်ဆီးပစ်လို့ မဖြစ်ဘူး အခုတော့ အစမ်းသဘောအနေနဲ့ အကြိမ်နည်းနည်းလောက် မောင်းကြည့်ရုံပဲ လုပ်လို့ရဦးမယ်'

ယန်ကျန့် စိတ်ဝင်စားသော်လည်း စိတ်လိုက်မာန်ပါ မလုပ်ပေ။ ပိုမို လုံခြုံစိတ်ချရသော နည်းလမ်းဖြင့် ချဉ်းကပ်ရန် ဆုံးဖြတ်လိုက်သည်။

ဘတ်စ်ကား ဆက်လက် မောင်းနှင်နေသည်။ အစပိုင်း အန္တရာယ်များကို ကျော်ဖြတ်ပြီးနောက် ဒီသစ်အိုတောအုပ်သည် သူတို့ကို တားဆီးရန် မလုံလောက်တော့ပေ။

အရာအားလုံး ချောမွေ့နေသည်။

နောက်ဆုံးတွင် ဘတ်စ်ကားသည် သစ်အိုတောအုပ်ထဲမှ မောင်းထွက်လာခဲ့သည်။

အပြင်ဘက်တွင် မှောင်မည်းနေဆဲ ဖြစ်သော်လည်း သစ်အိုတောအုပ်က ပေးစွမ်းသော ဖိအားမျိုး မရှိတော့သဖြင့် ကားပေါ်ရှိ လူအများအပြား စိတ်သက်သာရာ ရသွားကြသည်။

"ဒီလောက် လွယ်လွယ်လေး မောင်းထွက်လာနိုင်တာလား တစ္ဆေဘတ်စ်ကား ကို လူသားတစ်ယောက် ထိန်းချုပ်မောင်းနှင်တာက တစ္ဆေလောကထဲမှာ ချောချောမွေ့မွေ့ ဖြတ်သန်းသွားလာနိုင်တာပဲ တကယ့် အားသာချက်ပဲကွာ ငါသာ အဲဒီဘတ်စ်ကားကို မောင်းနိုင်ရင် ဘယ်လောက်ကောင်းမလဲ"

ဒီမြင်ကွင်းကို မြင်လိုက်ရသော သူတစ်ယောက်က မနာလိုဝန်တို စိတ်ဖြင့် တွေးမိလိုက်သည်။

သို့သော် ဒီအတွေးက စိတ်ကူးသက်သက်သာ ဖြစ်သည်။ လက်ရှိ မောင်းနေသူက ယန်ကျန့် ဖြစ်နေသည်ကို ထားလိုက်ဦး၊ ဒရိုင်ဘာခုံ လွတ်နေလျှင်တောင် သူတို့ မောင်းနိုင်မှာ မဟုတ်ပေ။

တစ္ဆေဆရာ အများအပြား စမ်းသပ်မောင်းနှင်ဖူးသော်လည်း မည်သူမျှ မအောင်မြင်ခဲ့ကြပေ။

"နင် ဘတ်စ်ကားကို အမြဲတမ်း ထိန်းချုပ်နေစရာ မလိုဘူး အဲဒါက ဘယ်သူ့အတွက်မဆို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ် အရေးကြီးတဲ့ အချိန်ကျမှ ဝင်ပြီး ထိန်းချုပ်လိုက်ရင် ရပြီ"

အစ်မကြီးဟုန် ဝင်ရောက် အကြံပေးလိုက်သည်။

ယန်ကျန့်က ခေါင်းမာပြီး နားမထောင်တတ်သူ မဟုတ်ပေ။ သူ ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်သားပဲ ဒီလိုဆိုရင် ဘတ်စ်ကားကို ထိန်းချုပ်ရတာ အားစိုက်ထုတ်မှု နည်းသွားမယ် အချိန်ကြာမြင့်စွာ မောင်းနှင်ဖို့ ဆိုတာလည်း မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်တော့ဘူး"

သူ လက်ကို လွှတ်လိုက်ပြီး ခြေထောက်ကိုလည်း ဖယ်လိုက်သည်။

တစ္ဆေဘတ်စ်ကား သည် သူ့ထိန်းချုပ်မှုအောက်တွင် မရှိတော့သော်လည်း လမ်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ့ထိန်းချုပ်မှု မပါဘဲ လမ်းအတိုင်း ဖြောင့်ဖြောင့်တန်းတန်း ဆက်လက် မောင်းနှင်နေသည်။

'ငါ့ရဲ့ လက်ရှိ အခြေအနေနဲ့ဆိုရင် ဘတ်စ်ကားပေါ်မှာ မစားမသောက်ဘဲ အချိန်အကြာကြီး ဒရိုင်ဘာ လုပ်နေလို့ ရတယ် သဘာဝလွန် စွမ်းအားတွေကို အဆက်မပြတ် သုံးစွဲနေရင် တစ္ဆေနိုးထလာနိုင်ပေမယ့် ဘတ်စ်ကားက တစ္ဆေတွေကို ဖိနှိပ်ပေးထားနိုင်လို့ တစ္ဆေနိုးထမယ့်အချိန်ကို ဆွဲဆန့်ထားပေးနိုင်တယ် ဒီလိုဆိုရင် မောင်းနှင်ချိန်ကို ပိုကြာရှည်စေနိုင်တယ် ငါသာ ဆန္ဒရှိရင် ဒီပေါ်မှာ နှစ်ပေါင်းများစွာ ဘတ်စ်ကား မောင်းနေလို့ ရနိုင်တယ်'

ယန်ကျန့် စိတ်ထဲတွင် တွက်ချက်နေမိသည်။

အကယ်၍ သူသာ ဒီလမ်းကို ရွေးချယ်လိုက်ပါက သူသည် နောက်ထပ် အဖိုးကြီးချင် တစ်ယောက် ဖြစ်လာပေလိမ့်မည်။

သို့သော် သူ နောက်ထပ် အဖိုးကြီးချင် တစ်ယောက် ဖြစ်လာရန် အစီအစဉ် မရှိပေ။

သူ့စိတ်ထဲတွင် ဆေးဆိုင်ပိုင်ရှင် အဘိုးကြီး၏ သီအိုရီကို ပိုမို သဘောကျသည်။ ပြုပြင်ထိန်းသိမ်းသူ တစ်ယောက် လုပ်နေမည့်အစား ကွဲပြားခြားနားသော လမ်းကြောင်းသစ် တစ်ခုကို ဖောက်ထွက်ခြင်းက ပိုကောင်းသည်။ အောင်မြင်ခဲ့ပါက အချိန်တစ်ခု ပေးလိုက်ရုံဖြင့် သဘာဝလွန် ဖြစ်ရပ် အားလုံးကို အမြစ်ပြတ် ဖြေရှင်းပစ်နိုင်မည် ဖြစ်သည်။

"မင်းက နေရာဟောင်းကို ပြန်သွားချင်ပြီး ရှေးဟောင်းအိမ်ကြီးကို ပြန်သွားချင်တယ် ထင်နေတာ မင်းရည်ရွယ်ချက်က ဒီမှတ်တိုင် မဟုတ်ဘူးပဲ"

ယန်ကျန့် အလိုအလျောက် မောင်းနှင်နေသော ဘတ်စ်ကားကို အာရုံမစိုက်တော့ဘဲ အစ်မကြီးဟုန်ကို လှမ်းကြည့်လိုက်သည်။

"နောက်မှတ်တိုင်မှာ မင်း ဆင်းတော့မယ် မဟုတ်လား"

"ဟုတ်တယ် ငါ နောက်မှတ်တိုင်မှာ ဆင်းမယ်"

အစ်မကြီးဟုန် ပြုံးကာ ပြောလိုက်သည်။

"သဘောတူထားတဲ့အတိုင်း နင် ငါ့ကို ၁၅ မိနစ် စောင့်ပေးရမယ် ဒါပေမဲ့ ၁၅ မိနစ်ကြာအောင် ရပ်ထားဖို့က အရမ်း ခက်ခဲလိမ့်မယ် ငါ အကြံပေးချင်တာက နင် ဘတ်စ်ကားကို စက်သတ်လိုက်တာ ပိုကောင်းမယ် တကယ်လို့ ဘတ်စ်ကားက အလိုလို စက်ပြန်နှိုးလာရင် နင် ထပ်ပြီး စက်သတ်လိုက် ငါပြန်ရောက်တဲ့အထိ စောင့်နေပေးပါ"

"ငါ မကောင်းတဲ့အကြံ ပေးနေတာ မဟုတ်ဘူး ဒါက အန္တရာယ် အနည်းဆုံး နည်းလမ်းပဲ ဘာလို့လဲဆိုတော့ စက်သတ်လိုက်ရင် နင်က ဘတ်စ်ကားပေါ်က တစ္ဆေတွေကိုပဲ ရင်ဆိုင်ရမှာ ဘတ်စ်ကား ကိုယ်တိုင်ကို ရင်ဆိုင်စရာ မလိုတော့ဘူး အခု ဘတ်စ်ကားပေါ်မှာ တစ္ဆေအရေအတွက်က ၇ ကောင် ပြနေတယ် နင်နဲ့ငါ ပြီးတော့ ဘတ်စ်ကားထဲက တစ္ဆေကို ဖယ်လိုက်ရင် တကယ်တမ်း ဆင်းလာမယ့် တစ္ဆေက ၄ ကောင်ပဲ ရှိတယ် တစ္ဆေ ၄ ကောင်လောက်ကို နင် မရှင်းနိုင်ဘူးလို့တော့ မပြောနဲ့နော်"

"ဂဏန်းပြတာက ၅ ကောင် တစ္ဆေအရေအတွက်က ၄ ကောင် ကျန်တဲ့ ၁ ကောင်က ထိုင်ခုံထဲက အလောင်းကောင်ကို ပြောတာလား အရင်တုန်းက ငါ ဘတ်စ်ကားပေါ် တက်တိုင်း ဂဏန်းတွေ လွဲနေတာ ဘာကြောင့်လဲ ဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်"

ယန်ကျန့် ဒီစကားကို ကြားပြီးနောက် စိတ်ထဲက သံသယတစ်ခု ရှင်းသွားသည်။

"မင်း စိတ်ချပါ တံခါးပွင့်ပြီးတာနဲ့ ငါ အချိန်စမှတ်မယ် ၁၅ မိနစ်ပြည့်ဖို့ ၁ စက္ကန့်တောင် လိုမှာ မဟုတ်ဘူး ဒါပေမဲ့ ၁၅ မိနစ်အတွင်း မင်း ပြန်မရောက်ရင်တော့ ငါ ချက်ချင်း မောင်းထွက်သွားမှာ"

အစ်မကြီးဟုန် သက်ပြင်းချလိုက်သည်။

"မိန်းမတစ်ယောက်အပေါ် ဒီလောက် စည်းကမ်းကြီးနေတာ ယောကျ်ားကောင်းတစ်ယောက်ရဲ့ အပြုအမူ မဟုတ်ဘူး"

"တံခါးပွင့်ပြီးတာနဲ့ မင်း စကားပြောနေတဲ့အချိန်ကိုပါ ထည့်တွက်မယ်"

ယန်ကျန့် အေးစက်စွာ ပြောလိုက်သည်။

"ပျင်းစရာကောင်းလိုက်တာ"

အစ်မကြီးဟုန် နှုတ်ခမ်းမဲ့လိုက်ပြီး ကျက်သရေရှိစွာ မတ်တတ်ထရပ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ပြတင်းပေါက် အပြင်ဘက် ရှုခင်းများ ပြောင်းလဲသွားပြီ ဖြစ်သည်။ ယခုအခါ တစ္ဆေဘတ်စ်ကား သည် ခရိုင်မြို့လေး တစ်မြို့ထဲသို့ ဝင်ရောက်နေပြီ ဖြစ်သည်။ ဒီမြို့လေး၏ ဗိသုကာ လက်ရာများသည် ခေတ်မီပုံစံ မဟုတ်ဘဲ ၈၀၊ ၉၀ ခုနှစ်များက ပုံစံမျိုး ဖြစ်ပြီး ဟောင်းနွမ်းနေသည်။ ထို့အပြင် မြို့ထဲတွင် လူသူကင်းမဲ့နေပြီး လမ်းမများပေါ်တွင် တိတ်ဆိတ်ငြိမ်သက်နေကာ သေမင်းတမန် မြို့တော်တစ်ခု ကဲ့သို့ ဖြစ်နေသည်။

"ဒီမြို့လေးကို အရင်ကလည်း ဖြတ်သွားဖူးတယ်"

ယန်ကျန့် လေ့လာကြည့်လိုက်ရာ ရင်းနှီးနေသလို ခံစားရသည်။ ပြီးခဲ့တဲ့ တစ်ခေါက် တစ္ဆေဘတ်စ်ကား စီးတုန်းက ဒီနေရာကို ဖြတ်သန်းသွားဖူးကြောင်း သတိရလိုက်သည်။

"ဘတ်စ်ကား အရှိန်လျှော့လာပြီ မကြာခင် ရပ်တော့မယ် နင့်အစီအစဉ်အတိုင်း လုပ်တော့"

အစ်မကြီးဟုန် အဆင်းပေါက် တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဒီကိစ္စကို ယန်ကျန့်ထက် ပိုပြီး အလေးထားနေပုံ ရသည်။

"အားလုံးပဲ သတိထားကြပါ ယန်ကျန့်က ဒီမှတ်တိုင်မှာ စက်သတ်ပြီး ၁၅ မိနစ် စောင့်မယ်လို့ ပြောတယ် ငါတို့အားလုံး စည်းလုံးပြီး ၁၅ မိနစ်ကြာအောင် တောင့်ခံထားရမယ် လုံးဝ ပဋိပက္ခ မဖြစ်ကြနဲ့ ဒီအချိန်မှာ စိတ်ဝမ်းကွဲရင် ငါတို့အားလုံး သေကုန်ကြလိမ့်မယ်"

မျက်နှာပုပ်သိုးနေသော အမျိုးသားက မတ်တတ်ထရပ်ပြီး ကားပေါ်ရှိ အခြား တစ္ဆေဆရာများကို သတိပေးလိုက်သည်။

"အဖွဲ့လိုက် သေမလား မသေဘူးလား ဆိုတာက တစ္ဆေတွေရဲ့ သဘောထားအပေါ် မူတည်တာပါ ကံကောင်းပြီး သိပ်မကြမ်းတဲ့ ကောင်တွေနဲ့ တွေ့ဖို့ ဆုတောင်းကြတာပေါ့ ကံဆိုးပြီး အကြမ်းစားတွေနဲ့ တိုးရင်တော့ စည်းလုံးနေလည်း ဘာထူးမှာလဲ သေမှာပဲ"

တစ်စုံတစ်ယောက်က ဝင်ပြောလိုက်သည်။

"ဘတ်စ်ကားပေါ် ရောက်လာမှတော့ အသက်ရှင်ဖို့ လမ်းစ ရှာရမှာပဲ လက်လျှော့ရမယ့် အချိန် မဟုတ်သေးဘူး"

သူတို့ အသံတိုးတိုးဖြင့် ဆွေးနွေးနေကြသည်။ ရှေ့ခုံက ယန်ကျန့်ကို ကြောက်ရွံ့သဖြင့် အသံကျယ်ကျယ် မပြောရဲကြပေ။

ယခုအချိန်တွင်...

အဆင်းပေါက် တံခါး ပွင့်လာသည်။

အစ်မကြီးဟုန် လှပသော ခြေလှမ်းများဖြင့် ပထမဆုံး ဆင်းသွားပြီး ခြေလှမ်းအနည်းငယ် အတွင်းမှာပင် လူသူကင်းမဲ့သော မြို့လေးထဲသို့ ပျောက်ကွယ်သွားသည်။

ထို့နောက် ကားပေါ်ရှိ တစ္ဆေဆရာများလည်း ကမန်းကတန်း ဆင်းလိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ဘတ်စ်ကားသည် အကာအကွယ် မဟုတ်တော့ဘဲ အပြင်လောကထက် ပိုမို အန္တရာယ်များသော နေရာတစ်ခု ဖြစ်လာသောကြောင့် ဖြစ်သည်။

"ငါလည်း စက်သတ်ပြီး ဆင်းရတော့မယ်"

ယန်ကျန့် စိတ်ထဲတွင် အချိန်မှတ်လိုက်ပြီး တစ္ဆေဘတ်စ်ကား ကို အတင်းအကျပ် စက်သတ်လိုက်သည်။

စက်သတ်လိုက်သည်နှင့်...

ကားပေါ်ရှိ မီးများ တဖျပ်ဖျပ် လက်လာပြီး ကြောက်မက်ဖွယ် အမှောင်ထုတစ်ခု လွှမ်းခြုံလာကာ ကားအတွင်းခန်း တစ်ခုလုံးကို ဝါးမြိုသွားသည်။

ယန်ကျန့် ကားပေါ်တွင် ဆက်မနေရဲတော့ဘဲ ချက်ချင်း ဆင်းလိုက်သည်။

မကြာမီ...

ဘတ်စ်ကားသည် တိတ်ဆိတ်ငြိမ်သက်သွားပြီး အမှောင်ထု ဖုံးလွှမ်းသွားသည်။ အထဲတွင် မည်သည့် အန္တရာယ်များ ရှိနေသည်ကို မည်သူမျှ မသိနိုင်တော့ပေ။

"ဘတ်စ်ကား စက်သတ်လိုက်ရင် တစ္ဆေတွေ အကုန်လုံး ဆင်းလာလိမ့်မယ် အစ်မကြီးဟုန် ပြောတာ မမှားဘူး ဒီတစ်ခေါက် တစ္ဆေ ၄ ကောင်ပဲ တွေ့ရတာ ကံကောင်းတယ်လို့ ပြောရမယ် လူပြည့်နေတဲ့ အချိန်မျိုးနဲ့ တိုးပြီး တစ္ဆေ အကောင် ၂၀၊ ၃၀ လောက် ဆင်းလာရင် ဘယ်သူမှ ခံနိုင်မှာ မဟုတ်ဘူး"

ယန်ကျန့် အက်ကွဲနေသော လှံရှည်ကို ကိုင်ပြီး ဘတ်စ်ကားနှင့် မလှမ်းမကမ်းတွင် ရပ်စောင့်နေလိုက်သည်။

"လျှောက်မပြေးကြနဲ့ ဒီနေရာကလည်း အန္တရာယ် များတယ် ဘတ်စ်ကားနဲ့ သိပ်ဝေးဝေး မသွားနဲ့ ကားပေါ်က ဆင်းလာတဲ့ တစ္ဆေတွေ ငါတို့ကို ပစ်မှတ်ထားလာရင်တောင် ငါတို့ ရင်ဆိုင်ရမှာပဲ ကိုယ့်ကိုယ်ကိုယ် ဉာဏ်ကောင်းတယ် ထင်ပြီး ခဏ ရှောင်ပုန်းမယ်လို့ မစဉ်းစားနဲ့ အဲဒါက အားလုံးကို ဒုက္ခရောက်စေလိမ့်မယ်"

မျက်နှာပုပ်သိုးနေသော အမျိုးသားက ခေါင်းဆောင် ပုံစံဖမ်းပြီး အခြားသူများကို သတိပေးလိုက်သည်။

ကားပေါ်ရှိ တစ္ဆေဆရာများသည် တစ်ယောက်နှင့်တစ်ယောက် မသိကြသဖြင့် အကျိုးအကြောင်း ရှင်းရှင်းလင်းလင်း မပြောပြထားလျှင် ဦးနှောက်မပြည့်သူ တစ်ယောက်ယောက်က လျှောက်လုပ်မိပြီး ဒုက္ခရောက်ကုန်နိုင်သည်။

ကံကောင်းသည်မှာ ဒီတစ်သုတ် တစ္ဆေဆရာများသည် ဦးနှောက် ပုံမှန် ရှိကြသည်။ သူတို့ ဘတ်စ်ကားနှင့် သိပ်ဝေးဝေး မသွားကြသလို မြို့ထဲသို့လည်း နက်နက်ရှိုင်းရှိုင်း ဝင်မသွားကြပေ။ ရှင်းလင်းပြီး ဘေးကင်းလုံခြုံပုံရသော နေရာတစ်ခုတွင် စုဝေး စောင့်ဆိုင်းနေကြပြီး တစ္ဆေတိုက်ခိုက်မှုကို အချိန်မရွေး ရင်ဆိုင်ရန် အဆင်သင့် ပြင်ထားကြသည်။

'ဒီလူတွေရဲ့ စွမ်းရည် မညံ့ဘူးဆိုရင် သူတို့ အသက်ရှင်နိုင်ဖို့ အခွင့်အလမ်း များတယ်'

ယန်ကျန့် တစ်ချက် လှမ်းကြည့်ပြီး စိတ်ထဲတွင် တွေးလိုက်သည်။

သူ ဒီလူတွေကို သိပ်ဂရုမစိုက်တော့ပေ။ ဒီ ၁၅ မိနစ်ကို ကျော်ဖြတ်နိုင်မလား ဆိုတာ သူတို့ရဲ့ စွမ်းရည်နှင့် ကံတရားအပေါ် မူတည်သည်။

"လာပြီ တစ္ဆေ ဆင်းလာပြီ"

ယန်ကျန့်၏ တစ္ဆေမျက်လုံး သည် အမှောင်ဖုံးနေသော ဘတ်စ်ကားကို အမြဲ စိုက်ကြည့်နေသည်။ ယခုအချိန်တွင် ထူးဆန်းသော ပုံရိပ်တစ်ခု ဘတ်စ်ကားပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာသည်ကို တွေ့လိုက်ရသည်။

ဒီတစ္ဆေက ဒီမှတ်တိုင်နှင့် မသက်ဆိုင်သော်လည်း အထူးအခြေအနေကြောင့် အတင်းအကျပ် မောင်းချခံလိုက်ရခြင်း ဖြစ်သည်။

"တစ္ဆေက ငါ့ကို ပစ်မှတ်ထားချင်မှ ထားမှာပါ မတိုက်ခိုက်ဘဲ နေလို့ရရင် အကောင်းဆုံးပဲ"

ယန်ကျန့် အေးအေးဆေးဆေး ရပ်ကြည့်နေပြီး တစ္ဆေကို ဆင်းခွင့်ပြုလိုက်သည်။ မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန်အတွက် တစ္ဆေ လှည့်လည် ထွက်ခွာသွားပါစေဟု မျှော်လင့်နေသည်။

All Chapters