အခန်း (၁၄၀၇-၁၄၀၈)
Vol. 104 Ch. 1407-1408
အခန်း (၁၄၀၇) သတင်းအသစ်
အမေရိကန် ပြည်ထောင်စု ပြည်နယ်တစ်ခု၏ အဝေးပြေးလမ်းမ ဘေးတွင် ဖြစ်သည်။
ဒီနေရာတွင် အဝေးပြေး တည်းခိုခန်းတစ်ခု ရှိသည်။ ဒီလို တည်းခိုခန်းမျိုးက နိုင်ငံခြားမှာ အလွန် များပြားသည်။
သို့သော် သဘာဝလွန် ဖြစ်ရပ်များကြောင့် လမ်းမပေါ်တွင် ကားများ ရှားပါးနေပြီး တည်းခိုခန်း၏ စီးပွားရေးလည်း ကောင်းမွန်ခြင်း မရှိပေ။ တစ်ရက်လျှင် ဖြတ်သန်းသွားလာသော ကားအနည်းငယ်သာ ဝင်ရောက် တည်းခိုလေ့ ရှိသည်။
ညနေခင်း အချိန်တွင် တည်းခိုခန်း၏ ခေါင်မိုးပေါ်ရှိ နီယွန်မီးဆိုင်းဘုတ် လင်းလက်လာသည်။ သို့သော် ရုတ်တရက် မီးများ တဖျပ်ဖျပ် လက်လာပြီး ခဏအကြာတွင် ပုံမှန် ပြန်ဖြစ်သွားသည်။
သို့သော် နေဝင်ချိန်အောက်တွင် ဝိုးတဝါး လူရိပ် သုံးခု ရုတ်တရက် ပေါ်လာသည်။ ခဏအကြာတွင် နှစ်ယောက် ပျောက်ကွယ်သွားပြီး တစ်ယောက်သာ ကျန်ရစ်သည်။
ကျန်ရစ်သူသည် တည်းခိုခန်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားသည်။
"လိပ်စာက မှန်တယ်"
ဝမ်ယုံ ခြေလှမ်းရပ်ပြီး ခေါင်းမော့ကြည့်လိုက်သည်။ လိပ်စာကို သေချာ ပြန်တိုက်စစ်ပြီး မှန်ကန်ကြောင်း အတည်ပြုလိုက်သည်။ တစ်ချိန်တည်းမှာပင် စိတ်ထဲ အံ့သြနေမိသည်။
အချိန်ဘယ်လောက်မှ မကြာလိုက်ဘူး။ ယန်ကျန့်ရဲ့ တစ္ဆေနယ်မြေ က သူ့ကို နိုင်ငံခြားအထိ ခေါ်ဆောင်လာခဲ့ပြီ။
"ယန်ကျန့်က တစ္ဆေနယ်မြေ ကို တိုက်ရိုက် မသုံးဘဲ ချက်ချင်းလည်း မလှုပ်ရှားဘူး တစ်ဖက်လူကို မတော်တဆ လန့်သွားစေမှာ စိုးလို့ နေမယ် ဒါ့ကြောင့် ငါ့ကို အရင်လွှတ်ပြီး အခြေအနေ ကြည့်ခိုင်းတာ တစ္ဆေဆရာ တစ်ယောက်ယောက် ငါ့ကို တွေ့ရင်တောင် သိပ်သတိထားမိမှာ မဟုတ်ဘူး ဘာလို့လဲဆိုတော့ ငါက တစ္ဆေလောကမှာ နာမည်မကြီးသလို စွမ်းအားလည်း သိပ်မရှိတော့ ခြိမ်းခြောက်မှု သိပ်မရှိဘူးလေ"
ဝမ်ယုံ ယန်ကျန့်၏ အစီအစဉ်ကို နားလည်လိုက်သည်။
မကြာမီ...
သူ တည်းခိုခန်း၏ စားသောက်ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။
စားသောက်ဆိုင် အပြင်အဆင်က ရိုးရှင်းသည်။ ဘားကောင်တာ တစ်ခုနှင့် စားပွဲ ၅ လုံး၊ ၆ လုံးခန့်သာ ရှိသည်။ စားပွဲ နှစ်လုံးတွင် ဧည့်သည်များ ထိုင်နေကြပြီး စကားပြောရင်း စားသောက်နေကြသည်။
"မိတ်ဆွေ ဘာလိုချင်လဲ"
ဘားကောင်တာ နောက်မှ ဝန်ထမ်းတစ်ဦးက ပြုံးပြီး နှုတ်ဆက်လိုက်သည်။
ဝမ်ယုံ လျှောက်သွားပြီး တိုက်ရိုက် မေးလိုက်သည်။
"ငါ လူတစ်ယောက် လာရှာတာ သူ့နာမည်က ဒေးဆန်း ဒါ နာမည်အရင်း ဟုတ်မဟုတ်တော့ မသိဘူး ဒါ သူ့ဓာတ်ပုံ"
ပြောရင်းနှင့် ပုံတူပန်းချီကား တစ်ချပ်ကို ကမ်းပေးလိုက်သည်။
ဝန်ထမ်းက လှမ်းမကြည့်ဘဲ ပြန်ပြောလိုက်သည်။
"စိတ်မကောင်းပါဘူး ဧည့်သည် အချက်အလက်တွေကို ပေါက်ကြားခွင့် မရှိပါဘူး"
ဝမ်ယုံ စကားမပြောဘဲ ပိုက်ဆံတစ်ထပ်ကို ထုတ်ပြီး ဘားကောင်တာပေါ် တင်လိုက်သည်။
ပိုက်ဆံအထပ်လိုက် ဆိုကတည်းက ရေတွက်စရာ မလိုဘဲ တစ်သောင်းတန်မှန်း သိသာသည်။
"ဆရာကြီး ရှာနေတဲ့ ဧည့်သည်က အခန်း ၂၀၁ မှာ တည်းခိုနေပါတယ် ဒါ အခန်းသော့ပါ တကယ်လို့ အခန်းမသိရင် ကျွန်တော် လိုက်ပို့ပေးပါ့မယ်"
ဝန်ထမ်းက သော့တစ်ချောင်းကို စိတ်အားထက်သန်စွာ ကမ်းပေးလိုက်ပြီး ပိုက်ဆံအထပ်လိုက်ကို အမြန် သိမ်းလိုက်သည်။
လက်ဖွာသော ဧည့်သည်ကို မည်သူမျှ မမုန်းတီးကြပေ။
"ကျေးဇူးပဲ"
ဝမ်ယုံ သော့ကို ယူပြီး လှည့်ထွက်သွားသည်။
သို့သော် တံခါးဝ မရောက်မီ ဧည့်ခန်းထဲရှိ စားပွဲနှစ်လုံးမှ ဧည့်သည်များ စကားပြော ရပ်တန့်သွားပြီး ဝမ်ယုံကို ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။
"ဝမ် မင်း ရောက်လာတာ ငါ အံ့သြမိတယ် ဒီလောက် မြန်မြန် ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး ၃ ရက် ၅ ရက်လောက် ကြာမယ် ထင်နေတာ"
စကားပြောလိုက်သူမှာ နိုင်ငံခြားသူ အမျိုးသမီး တစ်ဦး ဖြစ်သည်။ သူမ မျက်လုံးများ အရောင်မှိန်နေပြီး မျက်နှာ တင်းမာနေကာ တစ်စုံတစ်ခု၏ ထိန်းချုပ်မှုကို ခံထားရသကဲ့သို့ ဖြစ်နေသည်။
ဝမ်ယုံ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ စားပွဲဝိုင်းမှ ဧည့်သည်များ အားလုံးသည် ဒေးဆန်း၏ မျက်လုံးများ ဖြစ်ပြီး သူ့သဘာဝလွန် စွမ်းအား လွှမ်းမိုးမှုကို ခံထားရကြောင်း သဘောပေါက်လိုက်သည်။
"ငါ သဘာဝလွန် နည်းလမ်း သုံးပြီး လာခဲ့တာ တစ္ဆေစာပို့တိုက် ရဲ့ မန်နေဂျာအသစ် တက်လာပြီ ကြောက်စရာကောင်းတဲ့ တာဝန်တွေ ပြန်စတော့မယ် ငါတို့ အစီအစဉ်သစ် တစ်ခု ရှိတယ် ၅ လွှာက စာပို့သမားတွေကို စုစည်းပြီး ကိစ္စကြီး တစ်ခု လုပ်မလို့"
သူ အဓိက အကြောင်းအရာကို ရှောင်ကွင်းပြီး တစ္ဆေစာပို့တိုက် အကြောင်းကို ဆွဲထည့်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဒေးဆန်းသည် သတိကြီးလွန်းသည်။ စကားအနည်းငယ် မှားယွင်းသွားလျှင်ပင် သံသယ ဝင်သွားနိုင်သည်။ ဝမ်ယုံ နားလည်ပေးနိုင်သည်။ ၅ လွှာ စာပို့သမား တစ်ယောက်အနေဖြင့် အရည်အချင်းနှင့် စွမ်းရည် ရှိရမည် မဟုတ်လား။
"ဘုရားသခင် မန်နေဂျာအသစ် တက်လာပြီ ဟုတ်လား"
နိုင်ငံခြားသူ အမျိုးသမီးက အံ့သြဟန်ဆောင်ပြီး မေးလိုက်သည်။
"တခြားလူတွေ ဘာလုပ်ချင်နေကြတာလဲ ငါ ဘာကူညီပေးရမလဲ"
ဝမ်ယုံ ပြောလိုက်သည်။
"ငါ မင်းနဲ့ ကိုယ်တိုင် တွေ့ပြီး ဆွေးနွေးမှ ဖြစ်မယ် မဟုတ်ရင် အစီအစဉ်ကို ပြောပြလို့ မရဘူး ဒါပေမဲ့ မင်း သိထားရမှာက အစီအစဉ် အောင်မြင်သည် ဖြစ်စေ၊ မအောင်မြင်သည် ဖြစ်စေ ၅ လွှာက စာပို့သမားတွေ ရှင်းလင်းခံရလိမ့်မယ် အခု ငါက အသက်ရှင် ကျန်ရစ်တဲ့ စာပို့သမားတွေကို အတတ်နိုင်ဆုံး ဆက်သွယ်နေတာ ကိစ္စကြီး မဟုတ်ရင် ငါ ကိုယ်တိုင် လာစရာ အကြောင်း မရှိဘူး"
စကားပြောပြီးနောက် စားပွဲဝိုင်းမှ ဧည့်သည်များ ပြန်လည် တိတ်ဆိတ်သွားသည်။ တုံ့ပြန်မှု မရှိတော့ပေ။ ထိန်းချုပ်ထားသော သဘာဝလွန် စွမ်းအား ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်။
"ဒေးဆန်း ပြန်ပြောလေ ဒေးဆန်း"
ဝမ်ယုံ ခေါ်ကြည့်သော်လည်း တုံ့ပြန်မှု မရတော့ပေ။
ဘားကောင်တာ နောက်က ဝန်ထမ်းလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
"သွားပြီလား"
ဝမ်ယုံ မျက်မှောင်ကြုတ်လိုက်သည်။
သို့သော် မကြာမီ...သူ့ဖုန်း မြည်လာသည်။ မက်ဆေ့ခ်ျ တစ်စောင် ဝင်လာသည်။ တည်နေရာ ပြသထားသော မက်ဆေ့ခ်ျ ဖြစ်သည်။
တည်နေရာသည် တည်းခိုခန်း အနီးရှိ လွင်တီးခေါင်ပြင် တစ်ခု ဖြစ်သည်။
ဝမ်ယုံ မတုံ့ဆိုင်းတော့ဘဲ ထိုဘက်သို့ ချက်ချင်း လျှောက်သွားလိုက်သည်။
မကြာမီ စွန့်ပစ်ထားသော ယာဉ်အိမ် တစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရသည်။ ယာဉ်အိမ်က ဟောင်းနွမ်းနေပြီး လူနေမည့်ပုံ မပေါ်ပေ။ သို့သော် သူ အနားရောက်သွားသောအခါ အသက် ၄၀ ကျော်ခန့် ရှိမည့် ဆံပင်စုတ်ဖွားနှင့် အိမ်ခြေရာမဲ့ ပုံစံပေါက်နေသော နိုင်ငံခြားသား တစ်ဦးသည် အရက်ပုလင်းကို ကိုင်ပြီး ယိမ်းထိုးစွာ လမ်းလျှောက်ထွက်လာသည်။
"ဝမ် စိတ်မကောင်းပါဘူး ငါ သတိထားရမယ် အခုက အရေးကြီးတဲ့ အချိန်လေ ဟိုကောင်တွေရဲ့ ပစ်မှတ် မဖြစ်ချင်ဘူး မဟုတ်ရင် ငါ သေချာပေါက် သေလိမ့်မယ်"
ထိုနိုင်ငံခြားသားက ပြုံးပြီး နှုတ်ဆက်လိုက်ကာ အရက်ပုလင်းကို မြှောက်ပြလိုက်သည်။
"တစ်ခွက်လောက် သောက်မလား"
"ဒေးဆန်းလား"
ဝမ်ယုံ သေချာ ကြည့်ပြီးမှ ၅ လွှာ စာပို့သမား ဟုတ်မှန်း အတည်ပြုနိုင်လိုက်သည်။
ဒေးဆန်း၏ အကြောင်းကို သူ အနည်းငယ် သိထားသည်။ ဒေးဆန်း မိသားစု ၃ ယောက် ပြည်တွင်းကို အလည်လာရင်း မတော်တဆ တစ္ဆေစာပို့တိုက် ရဲ့ စာအိတ်ကို လက်ခံမိပြီး စာပို့သမား ဖြစ်လာခဲ့သည်။ စာပို့ရသည့်အတွက် ပုံမှန် ဘဝနှင့် ဝေးကွာသွားပြီး ဇနီးသည်က သည်းမခံနိုင်တော့ဘဲ သမီးကို ခေါ်ကာ နိုင်ငံခြား ပြန်သွားပြီး ကွာရှင်းပြတ်စဲလိုက်ကြသည်။
ဝမ်ယုံ မေးလိုက်သည်။
"ဟိုကောင်တွေ ဆိုတာ ဘယ်သူတွေလဲ မင်းကလည်း တစ္ဆေဆရာပဲလေ ဘယ်သူက မင်းကို အနိုင်ကျင့်ရဲလို့လဲ"
"ဘယ်သူရှိဦးမလဲ ဘုရင်အဖွဲ့အစည်း က လူယုတ်မာတွေပေါ့ သူတို့အဖွဲ့ထဲ ဝင်ဖို့ ငါ့ကို ဖိတ်ခေါ်ကြတယ် ဒါပေမဲ့ ငါ ငြင်းလိုက်တယ် အဲဒီ ရှုပ်ထွေးတဲ့ ကိစ္စတွေထဲ ငါ မပါချင်ဘူး ဘာပဲဖြစ်ဖြစ် ငါ့အစ်ကိုက စာပို့သမား ဆိုတာ ငါ အမြဲ သတိရနေတယ် နောက်ပိုင်း အဲဒီ လူယုတ်မာတွေက ငါ့ကို ရန်သူလို သဘောထားပြီး လိုက်သတ်ကြတယ်"
ဒေးဆန်း သွားဖြဲပြီး ရယ်မောလိုက်သည်။
"ဒီကြားထဲ ငါ့မိဘတွေ ဆုံးသွားတယ်၊ မိန်းမလည်း မရှိတော့ဘူး၊ ကလေးလည်း... ဒါတွေအကုန်လုံး သူတို့လက်ချက်ပဲ ငါ လက်စားချေဖို့ အခွင့်အရေး စောင့်နေတာ ဒါပေမဲ့ ဘုရင်အဖွဲ့အစည်း ရဲ့ သူလျှိုတွေက တော်လွန်းတယ် ငါ အမြဲတမ်း သတိထားနေရတယ်"
"ကြည့်ရတာ မင်းဘဝက တော်တော် ဆိုးရွားနေပုံရတယ် အကူအညီ နည်းနည်း လိုမယ် ထင်တယ်"
ရုတ်တရက် အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
ဟောင်းနွမ်းနေသော ယာဉ်အိမ် ခေါင်မိုးပေါ်တွင် ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိရဘဲ လူတစ်ယောက် မတ်တတ်ရပ်နေသည်။
"သောက်ကျိုးနည်း ဘယ်တုန်းက ရောက်လာတာလဲ"
ဒေးဆန်း လန့်သွားပြီး နောက်လှည့်ကြည့်လိုက်သည်။ တချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်မှ အလောင်းကောင် ပုပ်နံ့များ ထွက်ပေါ်လာပြီး အေးစက်သော သဘာဝလွန် အငွေ့အသက်များ ပျံ့နှံ့လာသည်။
သို့သော် ခေါင်မိုးပေါ်က လူကို မြင်လိုက်ရသောအခါ သူ ရပ်တန့်သွားသည်။ မျက်နှာပေါ်က ရက်စက်မှုများ ပျောက်ကွယ်သွားပြီး အံ့သြမှင်သက်မှုများ အစားထိုး ဝင်ရောက်လာသည်။
ယန်ကျန့်ကို သူ မှတ်မိသွားပုံ ရသည်။
"မင်းက... ယန် မလား"
ဒေးဆန်း မသေချာသလို မေးလိုက်သည်။
"မင်း ငါ့ကို သိတယ်ပေါ့ ကောင်းတယ် အလုပ်ရှုပ် သက်သာသွားတာပေါ့"
ယန်ကျန့် ခေါင်မိုးပေါ်မှ ပျောက်ကွယ်သွားပြီး ဒေးဆန်း၏ နောက်ကျောဘက်တွင် ပြန်လည် ပေါ်လာသည်။
ဒေးဆန်း နောက်လှည့်ကြည့်လိုက်သည်။ မျက်လုံးများ တည်ငြိမ်နေသည်။
"ငါ့ကို ရှာတာ ဝမ် မဟုတ်ဘူး မင်းပဲ တစ္ဆေစာပို့တိုက် ကိစ္စက ငါ့ကို မျှားခေါ်ဖို့ သက်သက်ပဲ လိမ်ညာမှု တစ်ခုပဲ"
"ငါ မင်းကို လာရှာတာ ဘုရင်အဖွဲ့အစည်း အကြောင်း မေးချင်လို့ ပြီးတော့ သာမန် ကိစ္စလေးတွေကို စိတ်မဝင်စားဘူး ဘုရင်အဖွဲ့အစည်းထဲက 'ဘုရင်' တွေအကြောင်းပဲ သိချင်တယ် မင်း ပြောပြနိုင်ရင် ကျေးဇူးတင်မိမှာပါ"
ယန်ကျန့် တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါ ငြင်းရင် ဘာဖြစ်မလဲ"
ဒေးဆန်း မေးလိုက်သည်။
ယန်ကျန့် ပြောလိုက်သည်။
"ငါ့လက်ချက်နဲ့ သေသွားလိမ့်မယ် ပြီးရင် မင်းရဲ့ မှတ်ဉာဏ်ထဲကနေ အဖြေရှာရလိမ့်မယ် ဒါပေမဲ့ ငါ အဲဒီလို မလုပ်ချင်ဘူး ဘာလို့လဲဆိုတော့ မင်းက ဘုရင်အဖွဲ့အစည်း နဲ့ ရန်ငြိုးရှိနေတယ် နောက်ပိုင်း ပူးပေါင်းဆောင်ရွက်စရာ ရှိလာနိုင်တယ်လို့ ထင်လို့"
မူလက သတ်ပြီး မှတ်ဉာဏ် ရယူရန် စီစဉ်ထားသော်လည်း ယခု ဒေးဆန်းကို အသုံးချနိုင်မည်ဟု သူ ယူဆလိုက်သည်။
"မင်းက 'ဘုရင်' ကို သတ်ချင်တာလား"
ဒေးဆန်း မတုံးပါဘူး။ ယန်ကျန့်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်သည်။
"တကယ့် အရူးပဲ ဒါပေမဲ့ မင်းရဲ့ သတ္တိကိုတော့ လေးစားမိပါတယ် မင်းတို့ စစ်မတိုက်ခင် 'ဘုရင်' တစ်ပါးကို သတ်နိုင်ရင်တော့ ကြီးမားတဲ့ အောင်ပွဲတစ်ခု ဖြစ်လာမှာ မင်းတို့နိုင်ငံက အခြေအနေ တည်ငြိမ်ဖို့ ဒီလို အောင်ပွဲမျိုး လိုအပ်နေတာ"
"ဒါပေမဲ့ မင်း သိထားရမှာက 'ဘုရင်' တစ်ပါးစီရဲ့ နောက်ကွယ်မှာ အင်အားကြီး အဖွဲ့အစည်း တစ်ခုစီ ရှိနေတယ် မင်း တစ်ယောက်တည်း လှုပ်ရှားတာက အောင်မြင်ဖို့ ခဲယဉ်းတယ် ဘာလို့လဲဆိုတော့ မင်း တကယ်ပဲ 'ဘုရင်' တစ်ပါးကို ပစ်မှတ်ထားပြီး တိုက်ခိုက်လိုက်ရင် တခြား 'ဘုရင်' တွေက ချက်ချင်း စစ်ကူလာပေးကြလိမ့်မယ် အဲဒီကျရင် မင်း သေချာပေါက် သေလိမ့်မယ်"
ဒေးဆန်း အရက်တစ်ငုံ သောက်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"မင်း တိုက်ပွဲကို အချိန်တိုအတွင်း အဆုံးသတ်နိုင်ရင်တော့ တစ်မျိုးပေါ့ ဒါပေမဲ့ ကံဆိုးတာက ဒါ မဖြစ်နိုင်ဘူး မင်း အပေါင်းအသင်းတွေ ခေါ်လာသင့်တယ် ဒါဆိုရင် အခွင့်အရေး ပိုများလိမ့်မယ်"
"ငါ 'ဘုရင်' တစ်ပါးရဲ့ လိပ်စာပဲ လိုချင်တယ် ကျန်တဲ့ကိစ္စတွေ မင်းနဲ့ မဆိုင်ဘူး"
ယန်ကျန့် ပြောလိုက်သည်။
သူ တစ္ဆေနယ်မြေကို အသုံးပြုပြီး ဧရိယာကျယ်ကြီး ရှာဖွေ၍ မရနိုင်ပေ။ တိကျသော လှုပ်ရှားမှု ပြုလုပ်ရန် လိပ်စာ လိုအပ်သည်။ ဒါ့ကြောင့် သတင်းအချက်အလက်က အရေးကြီးသည်။
"ဝမ် မင်း သူ့ကို ဖျောင်းဖျသင့်တယ် ဒါ ကောင်းတဲ့ အကြံ မဟုတ်ဘူး"
ဒေးဆန်း ပြောလိုက်သည်။
"ဒါ အကြံကောင်း တစ်ခုပါ ငါ့ခေါင်းဆောင်ကို ယုံကြည်မှု ရှိပါ"
ဝမ်ယုံ ပြောလိုက်သည်။
ဒေးဆန်း ယန်ကျန့်ကို ကြည့်လိုက်၊ ဝမ်ယုံကို ကြည့်လိုက် လုပ်နေသည်။
"ငါ မင်းတို့ကို မပြောပြနိုင်ဘူး နားထောင်ကြပါ မင်းတို့ ဘာအကြံအစည် ရှိရှိ ငါနဲ့ မဆိုင်ပါဘူး ငါ့ကို ဆွဲမထည့်ပါနဲ့"
သို့သော် သူ့စကား မဆုံးသေးမီ...
နောက်တစ်ခဏတွင်...
ပတ်ဝန်းကျင် ရှုခင်းများ ချက်ချင်း ပြောင်းလဲသွားသည်။ အေးစက်သော တစ္ဆေမီးများ လောင်ကျွမ်းလာပြီး ဒေးဆန်း ရပ်နေသော နေရာကို ဝါးမြိုသွားသည်။
မီးလောင်ကျွမ်းခြင်း၏ နာကျင်မှု ခန္ဓာကိုယ် အနှံ့ ပျံ့နှံ့သွားသည်။
ဒေးဆန်း တစ်ကိုယ်လုံး မီးစွဲသွားပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။
"တစ္ဆေမီး ရှို့ခံရတဲ့ အရသာက မကောင်းဘူး မင်း ဘယ်နှမိနစ် ခံနိုင်မလဲ ကြည့်ရအောင် တူညီတဲ့ စကားကို ဒုတိယအကြိမ် ထပ်မပြောချင်ဘူး"
ယန်ကျန့်၏ အသံ မီးပင်လယ်ထဲတွင် ပဲ့တင်ထပ်နေသည်။
"ရပ်... ရပ်လိုက်တော့ ငါ ပြောပြမယ် အကုန် ပြောပြမယ်"
ဒေးဆန်း လုံးဝ ကြောက်ရွံ့သွားပြီ ဖြစ်သည်။ ဆက်သွားရင် အရှင်လတ်လတ် မီးရှို့သတ်ခံရမည်ကို သူ သိလိုက်သည်။
ဒီမီးက အရိုးထိအောင် လောင်ကျွမ်းစေပြီး သဘာဝလွန် စွမ်းအားဖြင့် ငြိမ်းသတ်၍ မရနိုင်ပေ။
"မင်း အခွင့်အရေးက တစ်ကြိမ်ပဲ ရှိတယ် ကောင်းကောင်း အသုံးချပါ"
ယန်ကျန့် တစ္ဆေမီး နယ်မြေကို ပြန်ရုပ်သိမ်းလိုက်မှ မီးများ ငြိမ်းသွားသည်။
သို့သော် ဒေးဆန်း၏ ခြေလက်နှင့် အရေပြားများ မည်းတူးနေပြီး မီးတောက် အနည်းငယ် ကျန်ရှိနေသေးသည်။
"ငါ 'ဘုရင်' တစ်ပါးရဲ့ တည်နေရာကိုပဲ သိတယ် သူ ဒီပြည်နယ်မှာ ရှိတယ် ဒါပေမဲ့ ဒီအချိန်မှာ သူ ခြံဝင်းထဲမှာ ရှိမရှိတော့ မသေချာဘူး တွေ့မတွေ့ ဆိုတာကတော့ မင်းတို့ ကံတရားပဲ"
ဒေးဆန်း ပြောလိုက်ပြီး လိပ်စာအသစ် တစ်ခုကို ယန်ကျန့်အား ပေးလိုက်သည်။
အခန်း (၁၄၀၈) ခြံဝင်း
"ရှေ့က အဲဒီ ခြံဝင်းလား"
ယန်ကျန့် တောင်ကုန်းတစ်ခုပေါ်တွင် ရပ်ပြီး အဝေးကို လှမ်းကြည့်လိုက်သည်။ သူ တစ္ဆေမျက်လုံး ကို အသုံးပြုပြီး ညအမှောင်ထုကို ဖောက်ထွင်းကြည့်လိုက်ရာ အဝေးတွင် တည်ရှိနေသော ခြံဝင်းကြီး တစ်ခုကို တွေ့လိုက်ရသည်။
ထိုခြံဝင်းသည် ထူးဆန်းသည်။ တစ္ဆေမျက်လုံး၏ အမြင်အာရုံထဲတွင် ခြံဝင်း၏ နေရာအတော်များများတွင် အမြင်အာရုံ လွဲမှားနေပြီး အများစုမှာ လုံးဝ အလင်းရောင် မရှိဘဲ အမှောင်ထုထဲတွင် နစ်မြုပ်နေသကဲ့သို့ ဖြစ်နေသည်။
ခြံဝင်း ပတ်ဝန်းကျင်ရှိ မြေကွက်ကျယ်ကြီးများတွင် သီးနှံမျိုးစုံ စိုက်ပျိုးထားသည်။ ပြောင်းဖူး၊ စပျစ်သီး၊ ခရမ်းချဉ်သီး... စသည်ဖြင့်….. သို့သော် ဒီသီးနှံပင်များသည် ပုံမှန် မဟုတ်ဘဲ ထူးဆန်းစွာ ကြီးထွားနေကြသည်။ သဘာဝလွန် စွမ်းအား၏ လွှမ်းမိုးမှုကို ခံထားရသဖြင့် ပုံပျက်ပန်းပျက် ဖြစ်နေကြသည်။
ဥပမာအားဖြင့် ပြောင်းဖူးရိုးတံများသည် ခြောက်သွေ့နေပြီး မြေကြီးထဲတွင် စိုက်ထူထားသော ပိန်လှီသည့် လက်မောင်းတစ်ချောင်းနှင့် တူနေသည်။ စပျစ်ပင်များသည် အရွက်ကြွေကျနေပြီး ခြောက်သွေ့ တွန့်လိမ်နေသော အလောင်းကောင် တစ်လောင်းနှင့် တူနေသည်။ ခရမ်းချဉ်သီးပင်များကတော့ သန်စွမ်းနေသော်လည်း အသီးများက ပုပ်သိုးနေပြီး ပတ်ဝန်းကျင်တွင် အလောင်းကောင်ပုပ်နံ့များ ပျံ့နှံ့နေသည်။
ဒီစိုက်ခင်းများထဲတွင် ကြောက်မက်ဖွယ် ကောင်းသော ကောက်ရိုးရုပ်များ ထောင်ထားသည်။ ကောက်ရိုးရုပ်များသည် လူဝတ်စုံ ဝတ်ဆင်ထားပြီး ကောက်ရိုးဦးထုပ် ဆောင်းထားကာ သစ်သားလက်ဝါးကပ်တိုင်တွင် ချည်နှောင်ခံထားရသည်။ လေတိုက်တိုင်း ယိမ်းနွဲ့နေကြသည်။
ကောက်ရိုးရုပ် အရေအတွက် အလွန်များပြားသည်။ ခြံဝင်းပတ်လည်တွင် အနည်းဆုံး ရာချီ ရှိမည်။
"အရင်က ငါလျောင်ဖန် ဆိုတဲ့ တစ္ဆေဆရာ တစ်ယောက်ကို သတ်ခဲ့ဖူးတယ် သူလည်း ကောက်ရိုးရုပ် ခန္ဓာကိုယ်ပဲ ပြီးတော့ ငါ ပထမဆုံးအကြိမ် တစ္ဆေဘတ်စ်ကား စီးတုန်းက ခရီးသည်တစ်ယောက်က လယ်ကွင်းထဲက ကောက်ရိုးရုပ်တွေရဲ့ သဘာဝလွန် အကြောင်း ပြောခဲ့ဖူးတယ် ဒါပေမဲ့ ဌာနချုပ် မှတ်တမ်းထဲမှာတော့ ဒီအကြောင်း မပါဘူး"
ယန်ကျန့် အတိတ်က အကြောင်းအရာများကို ပြန်ပြောင်း စဉ်းစားကြည့်ပြီး ကောက်ရိုးရုပ်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရှာဖွေကြည့်ရာ အနည်းငယ် တွေ့ရှိလိုက်သည်။
"ဒီကောက်ရိုးရုပ်တွေက ခြံဝင်းကို ကာကွယ်ဖို့ ထောင်ထားတာ ဖြစ်လောက်တယ် တခြား တစ္ဆေဆရာတွေ ဝင်မလာနိုင်အောင် တားဆီးထားတာပဲ"
ဒီအတွေးဖြင့် သူ မူလနေရာမှ ပျောက်ကွယ်သွားသည်။
ပြန်ပေါ်လာသောအခါ ခြံဝင်း တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သံချေးတက်နေသော ခြံဝင်းတံခါးကြီးသည် ဟောင်းနွမ်းနေပြီး ပြိုလဲလုနီးပါး ဖြစ်နေသည်။ သို့သော် တံခါးပေါ်တွင် ဖြူဖွေးသော စာလုံးများဖြင့် ခြံဝင်းနာမည်ကို ရေးသားထားသည်။
"အကြောက်တရား ခြံဝင်း"
ဒေးဆန်း၏ သတင်းအချက်အလက် အရ ဒီခြံဝင်းပိုင်ရှင်သည် ဘုရင်အဖွဲ့အစည်း ၏ 'ဘုရင်' တစ်ပါး ဖြစ်ပြီး 'အကြောက်တရား ခြံဝင်းပိုင်ရှင်' ဟု လူသိများသည်။ အလွန် လျှို့ဝှက်ဆန်းကြယ်သော တစ္ဆေဆရာ တစ်ဦး ဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်ရခြင်း အကြောင်းရင်းမှာ ဒီခြံဝင်းထဲ ဝင်သွားသော မည်သူမဆို အသက်ရှင်လျက် ပြန်ထွက်မလာသောကြောင့် ဖြစ်သည်။ ဒီခြံဝင်းသည် ဒေသခံများအတွက် တားမြစ်နယ်မြေ ဖြစ်နေပြီး မည်သူမျှ အနားမကပ်ရဲကြပေ။ ကားမောင်းလျှင်တောင် ရှောင်ကွင်း မောင်းနှင်ကြသည်။
တကယ်တမ်း အကြောက်တရား ခြံဝင်း၏ ကောလာဟလများက ဒီလောက် မဟုတ်သေးပေ။ ဒေးဆန်း၏ စုံစမ်းမှုအရ ခြံဝင်းပိုင်ရှင် ကိုယ်တိုင်က အလွန် ကြောက်စရာကောင်းသော တစ္ဆေဆရာ တစ်ဦး ဖြစ်ပြီး ခြံဝင်း တည်ထောင်စ ကတည်းက အခြေအနေမဲ့နေသော တစ္ဆေဆရာ အများအပြားကို လက်ခံထားခဲ့သည်။ ခြံဝင်းထဲ ဝင်ရောက်လာသော တစ္ဆေဆရာများကို ဒေသခံများက 'ဥယျာဉ်မှူး' များဟု ခေါ်ဆိုကြသည်။ တချိန်တုန်းက ခြံဝင်းပိုင်ရှင်သည် ဥယျာဉ်မှူးများကို ဦးဆောင်ပြီး နိုင်ငံအနှံ့ လှည့်လည်ကာ အခြား တစ္ဆေဆရာများကို လိုက်လံ သတ်ဖြတ်ခဲ့ဖူးသည်။ ရည်ရွယ်ချက်မှာ တစ္ဆေဆရာများ၏ သဘာဝလွန် စွမ်းအားများကို ရယူရန် ဖြစ်သည်။
ထိုအချိန်ကစပြီး ခြံဝင်းပိုင်ရှင်နှင့် ဥယျာဉ်မှူးများ၏ နာမည်သည် ကျော်ကြားလာခဲ့ပြီး အင်အားကြီးမားသော ဂုဏ်သတင်းကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် ဘုရင်အဖွဲ့အစည်း တည်ထောင်သောအခါ ခြံဝင်းပိုင်ရှင်သည် သဘာဝကျကျ ဝင်ရောက် ပူးပေါင်းခဲ့ပြီး သူ့အင်အားကြောင့် 'ဘုရင်' တစ်ပါး ဖြစ်လာခဲ့သည်။
သတင်းအချက်အလက်က အသေးစိတ် မကျပေ။ ခြံဝင်းပိုင်ရှင်၏ နာမည်အရင်းနှင့် သဘာဝလွန် စွမ်းအား အသေးစိတ်ကို မသိရပေ။
သို့သော် ကိစ္စမရှိပေ။
ယန်ကျန့် လိုချင်သည်မှာ 'ဘုရင်' ၏ တည်နေရာသာ ဖြစ်သည်။ သဘာဝလွန် စွမ်းအား ဆိုတာက တိုက်ခိုက်ကြည့်ရင် သိလာမှာပဲ။ တစ်ဖက်လူကလည်း သူ့စွမ်းအား အသေးစိတ်ကို သိမှာ မဟုတ်ဘူးလေ။
ဟောင်းနွမ်းသော သံတံခါးကြီးကို လစ်လျူရှုပြီး...
ယန်ကျန့် အနီရောင် လှံရှည်ကို ကိုင်ကာ ခြံဝင်းထဲသို့ ဝင်ရောက်သွားလိုက်သည်။
ခြံဝင်းထဲ ဝင်လိုက်သည်နှင့် တပြိုင်နက် အန္တရာယ်များသော တစ္ဆေနယ်မြေ တစ်ခုထဲသို့ ရောက်သွားသလို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင် အခြေအနေများ ထူးဆန်းစွာ ပြောင်းလဲသွားသည်။ မူလ စိုက်ခင်းများသည် အဆုံးမရှိ ကျယ်ပြန့်သွားသကဲ့သို့ ဖြစ်သွားသည်။ လမ်းမီးတိုင် အနည်းငယ်ကသာ အလင်းရောင် ပေးနေပြီး လက်ဝါးကပ်တိုင်တွင် ချည်နှောင်ထားသော ကောက်ရိုးရုပ်များကို မီးရောင်အောက်တွင် ကြောက်မက်ဖွယ် ကောင်းစွာ မြင်တွေ့နေရသည်။
"ဒီခြံဝင်းပိုင်ရှင်ရဲ့ အကြိုက်က တော်တော် နိမ့်ကျတာပဲ ရန်သူ ဝင်မလာနိုင်အောင် တစ္ဆေတွေကို ခြံထဲမှာ လွှတ်ထားပြီး တစ္ဆေနယ်မြေ ဖန်တီးထားတယ်"
ယန်ကျန့် တစ္ဆေမျက်လုံး လှုပ်ရှားသွားသည်။
အနီးဆုံး ကောက်ရိုးရုပ် တစ်ရုပ်ကို ကြည့်လိုက်သည်။
ထိုကောက်ရိုးရုပ်သည် မူလက ခေါင်းငိုက်စိုက်ကျနေသော်လည်း ယခုအခါ ဂျောက်ဂျက် အသံမြည်အောင် လှုပ်ရှားလာပြီး လည်ပင်းကို လှည့်ကာ ယန်ကျန့် ရှိရာသို့ လှမ်းကြည့်လိုက်သည်။
ကောက်ရိုးရုပ် ခေါင်းမော့လာသောအခါ မျက်နှာပေါ်တွင် သေဆုံးသူ တစ်ဦး၏ မျက်နှာမှ ခွာယူထားသော လူ့အရေပြား တစ်ခု ကပ်ထားသည်ကို တွေ့လိုက်ရသည်။ အရေပြားပေါ်တွင် 'ဂျေနီ' ဟု အမည်တစ်ခု ထွင်းထုထားသည်။
ဒါသည် အမျိုးသမီး တစ်ဦး၏ နာမည် ဖြစ်ပုံရသည်။ တစ်ချိန်တည်းမှာပင် ဒီနာမည်သည် အရေပြားပိုင်ရှင်၏ အမှတ်အသားလည်း ဖြစ်သည်။ တချိန်တုန်းက ဂျေနီ အမည်ရှိ အမျိုးသမီး တစ်ဦး အသတ်ခံခဲ့ရပြီး မျက်နှာအရေပြား ခွာယူခံရကာ ခြံဝင်းပိုင်ရှင်၏ စစ်အောင်နိုင်မှု အထိမ်းအမှတ် ပစ္စည်း ဖြစ်လာခဲ့သည်။ ထို့နောက် ကောက်ရိုးရုပ်ပေါ်တွင် ချုပ်လုပ်ခံရပြီး ခြံဝင်းထဲတွင် ထာဝရ ရပ်တန့်နေကာ ရန်သူများကို ခြိမ်းခြောက်ရန် အသုံးပြုခံနေရခြင်း ဖြစ်သည်။
ယန်ကျန့် အခြား ကောက်ရိုးရုပ်များကို ဆက်ကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင် အခြား ကောက်ရိုးရုပ်များ၏ မျက်နှာပေါ်တွင်လည်း လူ့အရေပြားများ ကပ်ထားပြီး နာမည်များ ထွင်းထုထားသည်။
ဆက်လက် လေ့လာကြည့်ရာ ကောက်ရိုးရုပ်များ၏ မျက်နှာများသည် အမျိုးမျိုး ကွဲပြားနေသည်။ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ အာရှသားများ၊ လူမည်းများ... စုံလင်နေသည်။
သိသာထင်ရှားသည်မှာ ခြံဝင်းပိုင်ရှင်၏ သတ်ဖြတ်မှုသည် လူမျိုး၊ အသားအရောင် မခွဲခြားဘဲ စုံလင်နေခြင်း ဖြစ်သည်။
"တကယ့် အပြစ်သား နယ်မြေပဲ ဒီခြံဝင်းပိုင်ရှင် လုပ်ရပ်တွေက ဒီနိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ တူနေတယ် သွေးစွန်းပြီး ရက်စက်ကြမ်းကြုတ်တယ် ဒီလိုမြေပေါ်မှာ ဘုရင်အဖွဲ့အစည်းလို အဖွဲ့အစည်းမျိုး ပေါက်ဖွားလာတာ မဆန်းပါဘူး"
ယန်ကျန့် မျက်နှာသေဖြင့် ခြံဝင်းထဲ လျှောက်သွားနေသည်။ စိတ်ထဲတွင် ခံစားချက် မရှိသော်လည်း လူသတ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။
အဘယ်ကြောင့်ဆိုသော် သူ တစ္ဆေဆရာ စဖြစ်ကာစကလည်း လိုက်လံ သတ်ဖြတ်ခြင်း ခံခဲ့ရဖူးသည်။ ယခု ကြီးပြင်းလာမှ နားလည်လာသည်။ ဒါတွေအားလုံး၏ မူလဇာစ်မြစ်က ပြည်ပ အဖွဲ့အစည်းတွေဆီက ဖြစ်သည်။
ခြံဝင်းပိုင်ရှင်က စတင်သူ မဟုတ်ပါဘူး။ သူက လက်တွေ့ ဥပမာ တစ်ခု သက်သက်ပါပဲ။ အရင်တုန်းက တစ္ဆေဆရာတွေကို လိုက်လံ သတ်ဖြတ်တဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိခဲ့မယ်လို့ ယန်ကျန့် ယုံကြည်တယ်။ နိုင်ငံအသီးသီးက တစ္ဆေဆရာ ဌာနချုပ်တွေ ပေါ်ပေါက်လာမှ ဒီလို လုပ်ရပ်တွေ လျော့နည်းသွားတာ ဖြစ်မယ်။
ယန်ကျန့် ရှေ့ဆက်လျှောက်လာသည်နှင့်အမျှ ခြံဝင်းထဲက ကောက်ရိုးရုပ်များ၏ လှုပ်ရှားမှု ပိုမို ပြင်းထန်လာသည်။
အရင်က ကောက်ရိုးရုပ်တွေက ခေါင်းမော့ကြည့်ရုံ သက်သက်ပါ။ အခုတော့ လက်ဝါးကပ်တိုင်ပေါ်ကနေ ခုန်ဆင်းလာကြပြီ။
တချို့ ကောက်ရိုးရုပ်တွေက စူးရှတဲ့ အော်သံတွေ ပြုလုပ်နေကြသည်။ တချို့ကတော့ တံစဉ်၊ ပုဆိန်၊ ဘေ့စ်ဘော ရိုက်တံ စတဲ့ လက်နက်တွေ ကိုင်ဆောင်ပြီး ယန်ကျန့်ဆီ အမြန် တိုးကပ်လာနေကြတယ်။
"ဒီကောက်ရိုးရုပ်တွေက သတိပေးချက်ပဲ သာမန်လူတွေ ဝင်မလာနိုင်အောင် တားဆီးထားတာ ပြီးတော့ အရေအတွက် များပြားတဲ့အတွက် အားနည်းတဲ့ တစ္ဆေဆရာတွေကိုလည်း ပင်ပန်းနွမ်းနယ်ပြီး သေသွားအောင် လုပ်နိုင်တယ်"
ယန်ကျန့် တစ်ချက်ကြည့်ပြီး အခြေအနေကို သဘောပေါက်လိုက်သည်။
"ထားပါတော့ ငါကလည်း ခိုးကြောင်ခိုးဝှက် ဝင်လာဖို့ စိတ်ကူးမရှိပါဘူး"
နောက်တစ်ခဏတွင်...
တစ္ဆေမျက်လုံး ပွင့်သွားသည်။ မှောင်မည်းနေသော ခြံဝင်းကြီး မီးလောင်သွားသကဲ့သို့ ဖြစ်သွားသည်။ ကြောက်မက်ဖွယ် တစ္ဆေမီး များ ရုတ်တရက် လောင်ကျွမ်းလာသည်။
အနီးနားရှိ ကောက်ရိုးရုပ် အားလုံး မီးစွဲသွားသည်။ အစိမ်းရောင် မီးတောက်များ ထွက်ပေါ်လာပြီး ငြှိမ်းသတ်၍ မရ၊ ဖယ်ရှား၍ မရနိုင်ပေ။ သဘာဝလွန် စွမ်းအားများကို လောင်ကျွမ်းပစ်လိုက်သည်။
ကောက်ရိုးရုပ်များသည် သက်ရှိလူသားများကဲ့သို့ နာကျင်စွာ အော်ဟစ်နေကြပြီး တစ္ဆေမီးထဲတွင် ပြာကျသွားကြသည်။
တစ္ဆေမီးများ ဆက်လက် လောင်ကျွမ်းနေပြီး အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။ မီးလောင်ကျွမ်းမှု ဧရိယာ ပိုမို ကျယ်ပြန့်လာသည်။
အဝေးက ကြည့်လျှင် ခြံဝင်းတစ်ခုလုံး မီးလောင်နေသကဲ့သို့ ဖြစ်နေသည်။
"ယန်ကျန့် စလှုပ်ရှားပြီ သူ ခြံဝင်းတစ်ခုလုံးကို မီးရှို့ပစ်ချင်နေတာ"
အဝေးက ဝမ်ယုံ မြင်လိုက်ရပြီး မျက်ခွံများ လှုပ်ရှားသွားသည်။ လှုပ်ရှားမှုက ကြီးမားလွန်းသည်။ ဒီလို လုပ်လိုက်ရင် သတင်းက ချက်ချင်း ပျံ့နှံ့သွားလိမ့်မည်။ အချိန်တိုအတွင်း တိုက်ပွဲကို အဆုံးမသတ်နိုင်ပါက သူတို့ ဒီကနေ အလွယ်တကူ ထွက်ခွာနိုင်မည် မဟုတ်ပေ။
"ဘုရားရေ သူ ခြံဝင်းကို မီးရှို့လိုက်ပြီ ခြံဝင်းပိုင်ရှင်နဲ့ ဥယျာဉ်မှူးတွေ ထွက်လာပြီး သူ့ကို သတ်ပစ်ကြလိမ့်မယ်"
ဘေးနားက ဒေးဆန်း အော်ဟစ်လိုက်သည်။
ဝမ်ယုံ ပြောလိုက်သည်။
"ငါတို့ နိုင်သွားနိုင်တယ်"
သူ အခြားဘက်ကို လှမ်းကြည့်လိုက်သည်။
အနီရောင် မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦး ငြိမ်သက်စွာ ရပ်နေသည်။ သူမ၏ ပုံရိပ်က ဝိုးတဝါး ဖြစ်နေပြီး သတိထားမိရန် ခက်ခဲသည်။
ဟဲယွဲ့လျန် မလှုပ်ရှားသေးပေ။ သူမ ယန်ကျန့်၏ အမိန့်ကို စောင့်နေသည်။
တစ္ဆေမီးများ ထင်တိုင်းကြဲ လောင်ကျွမ်းနေသည်။ ဒီလောက် ကြီးမားသော လှုပ်ရှားမှုကို ခြံဝင်းပိုင်ရှင် သတိမထားမိဘဲ မနေနိုင်ပေ။
သို့သော် ခြံဝင်း အလယ်ရှိ ရဲတိုက်ကြီးသည် ငြိမ်သက်နေဆဲ ဖြစ်သည်။ အပြင်ဘက်တွင် ဘာဖြစ်နေမှန်း မသိသကဲ့သို့ ဖြစ်နေသည်။
တကယ်တမ်းတွင်မူ ယန်ကျန့်၏ တစ္ဆေမျက်လုံး ဖြင့် ကြည့်လိုက်ရာ ရဲတိုက်ကြီး၏ ပြတင်းပေါက်တိုင်းတွင် လူတစ်ယောက်စီ ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူများသည် မလှုပ်မယှက် ရပ်နေပြီး ယန်ကျန့်ကို စိုက်ကြည့်နေကြသည်။
အကြမ်းဖျင်း ကြည့်လိုက်ရာ အနည်းဆုံး လူ ၂၀ ကျော် ရှိသည်။
ဒီလူတွေက ဒေးဆန်း ပြောတဲ့ ဥယျာဉ်မှူးတွေ ဖြစ်မယ်။ ခြံဝင်းပိုင်ရှင်ရဲ့ လက်အောက်ခံ တစ္ဆေဆရာတွေပေါ့။
သို့သော် ယန်ကျန့်၏ လုပ်ရပ်ကို တားဆီးမည့် ဥယျာဉ်မှူး တစ်ယောက်မှ ထွက်မလာကြပေ။
အကြောင်းမှာ ယန်ကျန့် ခြံဝင်းတံခါးဝ ရောက်ကတည်းက သူ့အထောက်အထား ပေါ်သွားပြီ ဖြစ်သောကြောင့် ဖြစ်သည်။
"အာရှ ဌာနချုပ်က ခေါင်းဆောင် တစ္ဆေမျက်လုံး ယန်ကျန့် ဆိုတာ သေချာလား"
မီတာ ၁၀ ရှည်သော ထမင်းစားပွဲထိပ်မှ အက်ရှရှ အသံတစ်သံ ထွက်ပေါ်လာသည်။
အသက် ၅၀ ခန့် ရှိမည့် အမျိုးသား တစ်ဦး ဖြစ်သည်။ အိုမင်းရင့်ရော်နေပြီး ဝါညစ်နေသော သွားများဖြင့် သွေးသံရဲရဲ အသားတုံး တစ်တုံးကို စက်ရုပ်ကဲ့သို့ ဝါးစားနေသည်။
"ဟုတ်ပါတယ် သခင်ကြီး"
ဘေးနားမှ အိမ်တော်ထိန်းက ခါးကိုင်းပြီး ပြောလိုက်သည်။
"ကျူးကျော်သူရဲ့ အထောက်အထားကို အတည်ပြုပြီးပါပြီ ဒါ့ကြောင့် ဥယျာဉ်မှူးတွေကို ရဲတိုက်ထဲမှာပဲ နေခိုင်းထားပါတယ် သူ့ရဲ့ ရိုင်းစိုင်းတဲ့ လုပ်ရပ်ကို သွားမတားခိုင်းပါဘူး"
"မင်း လုပ်တာ မှန်တယ် ဥယျာဉ်မှူးတွေက ခေါင်းဆောင်တစ်ယောက်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး အထူးသဖြင့် အစွမ်းအထက်ဆုံး ခေါင်းဆောင် ဆိုရင် ပိုဆိုးတယ် ဒီခေါင်းဆောင်က ငါ့ခြံဝင်းထဲ ရုတ်တရက် ရောက်လာတာ ရှင်းနေတာပဲ သူ ငါ့ကို လာသတ်တာ ဟိုဘက်က ခေါင်းဆောင် ကျန်းကျွင်း အသတ်ခံရသလိုမျိုးပေါ့ ယန်ကျန့် စစ်ကြေညာပြီးပြီ အခု သူက 'ဘုရင်' တစ်ပါးရဲ့ ခေါင်းကို ဖြတ်ပြီး တခြားလူတွေကို ခြိမ်းခြောက်ချင်နေတာ"
"ဒါက မျှော်လင့်ထားပြီးသား ကိစ္စပါပဲ ဒါပေမဲ့ သူ ငါ့ကို ရွေးချယ်လိုက်တာ အံ့သြမိတယ် ငါ့ကို အနိုင်ကျင့်ရ လွယ်တယ်လို့ ထင်နေတာလား"
ခြံဝင်းပိုင်ရှင်၏ အသံ ပိုမို အက်ရှလာပြီး ရက်စက်မှုများ ပါဝင်နေသည်။ ကြောက်စရာ ကောင်းသည်။
ဘေးနားက အိမ်တော်ထိန်း ကြောက်လန့်နေသည်။
အပြင်က ယန်ကျန့်ကို ကြောက်တာ မဟုတ်ဘူး။ ဘေးနားက သခင်ကြီးကို ကြောက်တာ။
"သခင်ကြီး တခြားလူတွေကို အကြောင်းကြားသင့်တယ် ထင်ပါတယ် ဒီဧည့်သည်ကို ခြံဝင်းထဲမှာ ထိန်းထားနိုင်ရင် နောက်ပိုင်း ကိစ္စတွေ လွယ်ကူသွားပါလိမ့်မယ် ဘယ်လို သဘောရပါသလဲ"
ခြံဝင်းပိုင်ရှင် ခဏ စဉ်းစားပြီး မေးလိုက်သည်။
"ဥယျာဉ်မှူး ဘယ်နှယောက် ရှိသေးလဲ"
"၂၆ ယောက်ပါ"
"တခြားလူတွေကို အကြောင်းကြားလိုက် မြန်မြန် လာခဲ့ကြလို့ ပြောလိုက် ငါ ဒီကိစ္စကို ရှင်းပြီးမှ သူတို့ ရောက်လာမှာကို မလိုလားဘူး အဲဒီကျရင် ယန်ကျန့်ရဲ့ အလောင်းကို ငါ ပေးမှာ မဟုတ်ဘူး"
အသက် ၅၀ အရွယ် ခြံဝင်းပိုင်ရှင် ပါးစပ်သုတ်ပြီး မတ်တတ်ထရပ်လိုက်သည်။
သို့သော် စကားမဆုံးမီ...ပတ်ဝန်းကျင် နံရံများ စိုစွတ်လာသည်။ ရေများ စိမ့်ထွက်လာပြီး မျက်နှာကြက်မှလည်း ရေစက်များ တောက်တောက် ကျလာသည်။
စိမ့်ထွက်လာသော ရေများ ပျောက်ကွယ်မသွားဘဲ စုဝေးလာကာ ရေအိုင်ကြီး တစ်ခု ဖြစ်လာပြီး အခန်းတစ်ခုလုံးကို ရေလွှမ်းမိုးတော့မယောင် ဖြစ်နေသည်။
"ဒါ ရိုးရိုး ရေ မဟုတ်ဘူး"
အိမ်တော်ထိန်း မျက်နှာပျက်သွားသည်။
နောက်တစ်ခဏတွင်...အေးစက်ပြီး ဖြူဖျော့သော လက်များ ရေထဲမှ ထွက်ပေါ်လာပြီး အိမ်တော်ထိန်း၏ ခြေထောက်ကို ဆွဲကာ ရေထဲသို့ ဆွဲချလိုက်သည်။
ခြံဝင်းပိုင်ရှင် လှုပ်ရှားလိုက်သည်။ ပိန်လှီသော လက်မောင်းကို ဆန့်ထုတ်ပြီး အိမ်တော်ထိန်းကို ဆွဲတင်လိုက်သည်။ ရေအောက်မှ လက်များသည် တစ်စုံတစ်ရာ ထိခိုက်သွားသကဲ့သို့ ချက်ချင်း ပြန်လည် ဆုတ်ခွာသွားပြီး ရေပွက်များ ထသွားသည်။
"ရေနဲ့ ဝေးဝေးနေ"
ခြံဝင်းပိုင်ရှင် အိမ်တော်ထိန်းကို ထမင်းစားပွဲပေါ် ပစ်တင်လိုက်ပြီး မျက်နှာသေဖြင့် ရေထဲသို့ ဆင်းကာ လျှောက်သွားလိုက်သည်။
အေးစက်သော ရေများသည် သူ့ခြေထောက်ကို မလွှမ်းမိုးနိုင်သလို ရေထဲသို့လည်း ဆွဲမချနိုင်ပေ။
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ရေပြင်ပေါ်တွင် အမည်းရောင် ခြေရာကြီး တစ်ခု ကျန်ရစ်ခဲ့သည်။ ထိုခြေရာသည် အလွန် ကြီးမားပြီး သူ့ခြေထောက် အရွယ်အစားနှင့် မကိုက်ညီပေ။
အခြား လူတစ်ယောက် လျှောက်သွားနေသကဲ့သို့ ဖြစ်နေသည်။