အခန်း (၂၀၀)
Vol. 20 Ch. 200
ဤစကားကို ကြားလိုက်ရချိန်တွင် အကြီးအကဲကျန်း၏ မျက်နှာမှာ ရုတ်တရက် ပျက်ယွင်းသွားပြီး ယွင်ရှန်းကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်ဆဲဆိုတော့သည်။
"မင်း ဘာပြောလိုက်တယ်။ ငါဖော်စပ်ထားတဲ့ သားရဲသွေးမှာ ပြဿနာရှိလို့ ရှန်းကွမ်ထော်က ရူးသွားတာ ဟုတ်လား။ ဒီစကားတစ်ခွန်းတည်းနဲ့တင် ငါမင်းကို သိုင်းကျောင်းကနေ နှင်ထုတ်ပစ်လို့ ရတယ်"
"ရှင်က ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှတ်နေတာလဲ။ ဝူရွှမ်း ဝူကျိခန်းမမှာ ခန်းမမှူးနဲ့ ဒုတိယခန်းမမှူး ရှိတယ်။ ဆေးခန်းမက အကြီးအကဲဖြစ်ရုံနဲ့ ကျောင်းသားတွေကို စိတ်ကြိုက်နှင်ထုတ်ဖို့ ရှင့်မှာ အခွင့်အာဏာမရှိဘူး။ ကျွန်မ ဒီစကားကို ပြောရဲတာက ကျွန်မပြောတာ မှန်ကန်ကြောင်း သက်သေပြဖို့ အပြည့်အဝ ယုံကြည်ချက်ရှိလို့ပဲ။ ရှန်းကွမ်ထော် ဒီလိုဖြစ်သွားတာဟာ ရှင်
ဖော်စပ်ထားတဲ့ သွေးတိမ်သားရဲသွေးကို လွဲမှားစွာ အသုံးပြုခဲ့လို့ဆိုတာ ကျွန်မ သေချာပေါက် ပြောနိုင်တယ်"
ယွင်ရှန်းက ပြတ်သားစွာ ကြေညာလိုက်သည်။
"ကဲ... အစောင့်တွေ ဒီလို အဓိပ္ပာယ်မရှိ လျှောက်ပြောနေတဲ့ မိန်းကလေးကို ဖမ်းပြီး စည်းကမ်းထိန်းသိမ်းရေးခန်းမကို ခေါ်သွားကြစမ်း"
အကြီးအကဲကျန်းက သူ၏လူများကို မျက်ရိပ်ပြလိုက်သည်။
"နေဦး သူမပြောတာ မမှားဘူး။ ကျန်းချောင်... မင်းကို ဘယ်သူက ကျောင်းသားတွေကို စိတ်ကြိုက်စီရင်ပိုင်ခွင့် ပေးထားလို့လဲ"
ခြေလှမ်းအနည်းငယ်အကွာမှ ဒုတိယခန်းမမှူး ကျန့်လီ နှင့် ပုကျိုရှောင်တို့ လျှောက်လှမ်းလာကြသည်။ ကံကောင်းသည်မှာ ယီပိုင်မင်း သူတို့နှင့်အတူ ပါမလာခြင်းပင်။ ကျန့်လီသည် ရှေ့သို့တက်လာပြီး ရှန်းကွမ်ထော်၏ အခြေအနေကို စစ်ဆေးလိုက်သည်။
ကျန့်လီနှင့် ပုကျိုရှောင်တို့မှာ သိုင်းကျောင်းသို့ ယခုမှ ပြန်ရောက်လာကြခြင်းဖြစ်သည်။ သူတို့မရှိခိုက်တွင် ခန်းမအတွင်း ဖြစ်ပျက်ခဲ့သမျှကို ချန်ပိုင်က စာဖြင့် အသေးစိတ် အစီရင်ခံထားခဲ့သည်။ ထိုအထဲတွင် ဆေးခန်းမမှ သားရဲသွေးများကို အသုံးပြု၍ အတွင်းခန်းမရှိ ကျောင်းသားများကို အားဖြည့်ပေးရန် ကြိုးစားနေသည့် အစီအစဉ်လည်း ပါဝင်သည်။
ထိုအကြောင်းကို သိပြီးကတည်းက ကျန့်လီသည် သတိထားရန် ညွှန်ကြားခဲ့ပြီး သွေးတိမ်သားရဲမှ ထုတ်ယူထားသော သားရဲသွေးများကို မည်သည့်ကျောင်းသားကိုမျှ ဖြန့်ဝေခြင်းမပြုရန် ဆေးခန်းမအား တားမြစ်ထားခဲ့သည်။ သို့သော် သူပြန်ရောက်လာသည့် နေ့မှာပင် ဆေးခန်းမ၌ ပြဿနာဖြစ်နေသည်ကို ကြားရပြီး အပြေးအလွှား ရောက်လာချိန်တွင် ရှန်းကွမ်ထော် မြေကြီးပေါ် လဲကျနေသည်ကို တွေ့လိုက်ရခြင်းပင်။
ယွင်ရှန်းနှင့် အကြီးအကဲကျန်းတို့ ပြောဆိုခဲ့သမျှကို ကျန့်လီတို့အဖွဲ့ တစ်လုံးမကျန် ကြားခဲ့ကြပြီးဖြစ်သည်။ ဒုတိယခန်းမမှူး ပေါ်လာသည်ကို မြင်သောအခါ အကြီးအကဲကျန်းလည်း အနည်းငယ် မလုံမလဲ ဖြစ်သွားရသည်။
"အကြီးအကဲကျန်း... ဒါတွေက ဘာဖြစ်တာလဲ။ သွေးတိမ်သားရဲသွေးတွေကို ကျောင်းသားတွေကို မပေးဖို့ ငါ အမိန့်ပေးထားတယ် မဟုတ်လား။ ရှန်းကွမ်ထော်က ဒီသားရဲသွေးကို ဘယ်ကရတာလဲ"
ကျန့်လီသည် ရှန်းကွမ်ထော်ကို စစ်ဆေးပြီးနောက် သူ၏ ကိုယ်တွင်းစွမ်းအားများ ကမောက်ကမဖြစ်နေပြီး ဒန်တျန်အတွင်း၌ ရန်လိုကြမ်းတမ်းသော အရှိန်အဝါများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
ဤရန်လိုသော စွမ်းအားများသည် ရှန်းကွမ်ထော်၏ ဒန်တျန်ကို အချိန်မရွေး ဆွဲဖြဲပစ်နိုင်ပြီး၊ အကိုင်အတွယ်မှားယွင်းပါက စွမ်းအားများ ဖောက်ပြန်ကာတစ်သက်လုံး သိုင်းပညာ ပြန်လည်မကျင့်ကြံနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။
အကြီးအကဲကျန်းမှာမူ ထစ်ထစ်အအဖြင့် ဘာမှပြန်မပြောနိုင်တော့ပေ။ အမှန်စင်စစ် သူသည် ရှန်းကွမ်ထော်ထံမှ ငွေအမြောက်အမြား လာဘ်ယူကာ သွေးတိမ်သားရဲသွေးကို တိတ်တဆိတ် လက်လွှဲပေးခဲ့ခြင်း ဖြစ်သည်။ ရှန်းကွမ်ထော်မှာ အတွင်းခန်းမ၌ ထိပ်သီး ၁၀ ဦးစာရင်းဝင်သော်လည်း ချန်ပိုင်နှင့် ပုကျိုရှောင်တို့ကိုမူ မမီသေးပေ။ သူသည် အောင်မြင်လိုစိတ်ဇောဖြင့် အကြီးအကဲကျန်းကို လာဘ်ထိုးခဲ့ခြင်းဖြစ်သော်လည်း ဤသားရဲသွေးကို သောက်ပြီးနောက် ရူးသွပ်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
"ဒီကိစ္စကို စည်းကမ်းထိန်းသိမ်းရေးခန်းမကပဲ ကိုင်တွယ်ပါစေ"
ကျန့်လီသည် အခြေအနေကို ချိန်ဆတတ်သူပီပီ အခုအချိန်မှာ အကြီးအကဲကျန်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးရန်ထက် ရှန်းကွမ်ထော်ကို ပြန်လည်ကျန်းမာလာစေရန်မှာ ပို၍အရေးကြီးကြောင်း သိသည်။
ထို့အပြင် သွေးတိမ်သားရဲသွေးက ဘာကြောင့် ရူးသွပ်မှုကို ဖြစ်စေတာလဲဆိုသည့် အဖြေကို ရှာရမည်ဖြစ်သည်။ သို့မဟုတ်ပါက အပင်ပန်းခံရယူထားသော သားရဲသွေးများမှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။
ကျန့်လီသည် ယွင်ရှန်း၏ရှေ့သို့ တိုးလာပြီး လေးနက်စွာ မေးလိုက်သည်။
"မင်းက အဲဒီနေ့က တော်ဝင်မှော်အကယ်ဒမီက လာတဲ့ မှော်ဆေးဆရာမလေးမဟုတ်လား။ စောစောက မင်း စီနီယာအစ်ကိုပုလို့ အော်လိုက်တာက... ရှန်းကွမ်ထော် အတွင်းခန်းမမှာ အကြောက်ဆုံးလူဟာ ပုကျိုရှောင်ဆိုတာ သိလို့မလား"
ယွင်ရှန်းက ခေါင်းညိတ်ပြလိုက်သည်။
ကျန့်လီ၏ နောက်ကွယ်မှ ပုကျိုရှောင်သည် သူ၏မျက်လုံးများကို မှေးစိုက်လိုက်ပြီး ယွင်ရှန်းကို သေချာပြန်ကြည့်မိတော့သည်။ စောစောက ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်အတွင်း လူအများစု၏ ပထမဆုံးတုံ့ပြန်မှုမှာ ထွက်ပြေးရန်ဖြစ်သော်လည်း ဤကလေးမလေးမှာမူ အလွန်တည်ငြိမ်နေရုံတင်မကဘဲ တစ်ဖက်လူ၏ အားနည်းချက်ကို မည်သို့အသုံးချရမည်ကိုပင် သိနေခဲ့သည်။
ရှန်းကွမ်ထော်သည် အတွင်းခန်းမ၏ ထိပ်သီး ၁၀ ဦးဝင် ဖြစ်သော်လည်း ယွင်ရှန်းမှာ လိုင်ဟုထံမှတစ်ဆင့် အတွင်းခန်းမ၌ အကြောက်ရဆုံးလူမှာ ပုကျိုရှောင်ဖြစ်ကြောင်း ကြားဖူးထားသည်။ ထို့အပြင် ပုကျိုရှောင်သည် တိုက်ခိုက်ရေးဝါသနာအိုးဖြစ်ပြီး ကျားမ အဆင့်အတန်းမရွေး လက်ရည်စမ်းလေ့ရှိရာ အတွင်းခန်းမရှိ ကျောင်းသားတိုင်းမှာ သူ့ကို မြင်လျှင်ပင် လန့်နေကြရသည်။
အမှန်စင်စစ် ရှန်းကွမ်ထော်နှင့် ပုကျိုရှောင်တို့မှာ ငယ်စဉ်က သိုင်းကျောင်းသို့ အတူဝင်ခဲ့ကြသူများဖြစ်ပြီး အပြင်ခန်းမ၌ အဆောင်တစ်ဆောင်တည်း အတူနေခဲ့ဖူးသည်။ သနားစရာကောင်းသော ရှန်းကွမ်ထော်မှာ ပုကျိုရှောင်၏ အနိုင်ကျင့်ခြင်းကို အမြဲခံခဲ့ရပြီး ပုကျိုရှောင်၏ အသားဖြတ်အိတ်အလား ဖြစ်ခဲ့ရရှာသည်။
ပုကျိုရှောင်အပေါ် ထားရှိသော ရှန်းကွမ်ထော်၏ ကြောက်စိတ်မှာ သူ၏သွေးသားထဲအထိ စွဲမြဲနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပုကျိုရှောင်၏ အမည်ကို ကြားလိုက်ရချိန်တွင် သူ၏တုံ့ပြန်မှုမှာ ခဏတာ တုန့်ဆိုင်းသွားခဲ့ရသည်။
ထိုခဏတာ အခွင့်အရေးကိုပင် ယွင်ရှန်းက အမိအရ ဆုပ်ကိုင်ကာ ဆေးဝိညာဉ် မြတ်အပ်ဖြင့် အောင်မြင်စွာ အလစ်အငိုက် တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ကျန့်လီသည် ထိုမြင်ကွင်းကို ကိုယ်တိုင်မတွေ့ခဲ့ရသော်လည်း ပတ်ဝန်းကျင်ရှိ လူများကို မေးမြန်းကြည့်ရုံဖြင့် ဖြစ်ပျက်ခဲ့သမျှကို အကုန်အစင် နားလည်သွားခဲ့သည်။
"တကယ်ကို ပါးနပ်တဲ့ ကလေးပဲ။ ဒါပေမဲ့ မင်းသိထားရမှာက ဝူရွှမ်း ဝူကျိခန်းမမှာ အထက်အောက် စည်းကမ်းနဲ့ ဆရာသမားကို ရိုသေမှုကို အလေးထားတယ်။ စောစောက မင်းရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူတွေနဲ့ အကြီးအကဲကျန်းအပေါ် စွပ်စွဲချက်တွေက ခိုင်လုံတဲ့ သက်သေမရှိဘူးဆိုရင် စည်းကမ်းထိန်းသိမ်းရေးခန်းမကနေ မင်းကို နှင်ထုတ်ပစ်လို့ရတယ်"
ကျန့်လီသည် ဒုတိယခန်းမမှူး ပီပီ အကျိုးအပြစ်ကို ခွဲခြားရန် လေးနက်စွာ ပြောကြားလိုက်သည်။ ယွင်ရှန်းသည် ရှန်းကွမ်ထော်ကို တားဆီးနိုင်ခဲ့သဖြင့် ကောင်းမှုပြုခဲ့သည်မှာ မှန်
သော်လည်း သက်သေမရှိဘဲ စွပ်စွဲခြင်းမှာ ပြစ်မှုတစ်ခု ဖြစ်နေသည်။
"မှန်ပါတယ် ဒုတိယခန်းမမှူး... ဒီဖလှယ်ရေးကျောင်းသားက အရမ်းကို ကောက်ကျစ်ပြီး ပရိယာယ်တွေ များလွန်းပါတယ်။ စောစောကလည်း ကျွန်တော့်သား ကျန်းကျစ်ဖော်ကို သူက လက်ဆော့ထားလို့ လက်တွေ မျက်နှာတွေ ရောင်ကိုင်းနေတာ အခုထိပဲ။ ဒီလိုကျောင်းသားမျိုးကို သိုင်းကျောင်းကနေ အစောကြီးကတည်းက နှင်ထုတ်သင့်တာပါ"
အကြီးအကဲကျန်းက ဘေးမှနေ၍ အားရပါးရ ထောက်ခံလိုက်သည်။
"အပေါ်က ဖြောင့်မှ အောက်က မှန်မှာပေါ့ အကြီးအကဲကျန်း... ကျွန်မ မေးပါရစေ။ ကျန်းကျစ်ဖော်သာ အမှားတွေ မလုပ်ဘူး။ မထိသင့်တာတွေကို မထိဘူး။ မလုပ်သင့်တာတွေကို မလုပ်ဘူးဆိုရင် ဘာလို့ သူက ရောင်ကိုင်းလာရမှာလဲ။ ဒုတိယခန်းမမှူး... ကျွန်မ အခြေအမြစ်မရှိဘဲ ပြောနေတာ မဟုတ်ပါဘူး။ သူက ဆေးဆရာဆိုရင် ကျွန်မကလည်း ဆေးဆရာပါပဲ"
ယွင်ရှန်းသည် သူမ၏ ဆေးဆရာတံဆိပ်ကို ထုတ်ဖော်ပြသလိုက်သည်။
"အိုး... မင်းက နာမည်ကျော် ဆေးဆရာတစ်ယောက်လား"
ကျန့်လီသည် ပြီးခဲ့သော အခေါက်က တော်ဝင်မှော်အကယ်ဒမီတွင် ယွင်ရှန်း၏ ဆေးဖော်စပ်နိုင်စွမ်းကို မြင်ဖူးထားသဖြင့် အမှတ်တရ ရှိနေသည်။ ယွင်ရှန်း၏ လက်ထဲမှ တံဆိပ်မှာလည်း ဆေးဘုရင်နန်းတော်မှ အမှန်တကယ် ပေးအပ်ထားခြင်း ဖြစ်သည်။
"ဟုတ်ပါတယ် ဒုတိယခန်းမမှူး... မမကြီးက တကယ်တော်တာပါ။ ကျွန်တော်တို့ရွာမှာတုန်းက မှော်ပညာကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့တဲ့ ရွာလူကြီးရဲ့ အသက်ကိုတောင် သူမက ကယ်ခဲ့တာ"
လိုင်ဟုက ဘေးမှနေ၍ ဂုဏ်ယူစွာ ဝင်ပြောပေးရှာသည်။
အသက် ၇ နှစ်အရွယ် ဆေးဆရာဖြစ်ပြီး အဆင့်မြင့် မှော်ဆေးများကိုလည်း ဖော်စပ်နိုင်သူ... ကျန့်လီ၏ မျက်မှောင်ကြုတ်ထားသော မျက်နှာမှာ ပြေလျော့သွားတော့သည်။
"အဓိပ္ပာယ်မရှိတာ။ သူမက မှော်ဆရာမဆိုတာ ရှင်းနေတာပဲ။ ဘယ်လိုလုပ်ပြီး ဆေးဆရာလည်း ဖြစ်နိုင်မှာလဲ။ မှော်ဆေးဖော်စပ်နည်းနဲ့ ရှေးဟောင်းဆေးပညာ နှစ်မျိုးစလုံးကို တတ်တယ်ဆိုတာ တစ်ခါမှ မကြားဖူး မမြင်ဖူးဘူး။ ပြီးတော့ မင်းက သာမန်ဆေးဆရာလေးပဲ။ ငါ့လို အရပ်လေးမျက်နှာ လှည့်လည်ကုသသူ ဆေးဆရာနဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ"
အကြီးအကဲကျန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ၈ နှစ်အရွယ် ကလေးတစ်ယောက်က သူ့ထက် သာလွန်မည်ဆိုသည်ကို သူ လုံးဝမယုံကြည်နိုင်ပေ။
"အမှန်လား အမှားလားဆိုတာ အခုပဲ စမ်းသပ်ကြည့်လိုက်ရအောင်လေ။ လူနာက ဒီမှာ အဆင်သင့်ရှိနေတာပဲ။ အကြီးအကဲကျန်း... ရှင်က ဆေးပညာမှာ အဆင့်မြင့်တယ်လို့ ကြွားဝါနေမှတော့ ရှန်းကွမ်ထော်ကို ဘယ်သူက အမှန်တကယ် ကယ်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့" ယွင်ရှန်းက ယုံကြည်မှုအပြည့်ဖြင့် စိန်ခေါ်လိုက်တော့သည်။