အခန်း (၂၀၁)
Vol. 20 Ch. 201
အကြီးအကဲကျန်းသည် မြေပြင်ပေါ်တွင် သတိလစ်နေသော ရှန်းကွမ်ထော်ကို ကြည့်ရင်း ခေတ္တမျှ စကားလုံးပျောက်ရှုသွားသည်။ သူ၏ မျက်နှာအမူအရာမှာ အလွန်ပင် ရှုပ်ထွေးနေတော့သည်။
အမှန်စင်စစ် သူသည် ရှန်းကွမ်ထော်ကို မကုသနိုင်ရုံတင်မကဘဲ ရှန်းကွမ်ထော် ဘာကြောင့် ဤကဲ့သို့ ဖြစ်သွားရသည်ကိုပင် အဖြေရှာမရဘဲ ဖြစ်နေသည်။ ယခုတစ်ခေါက် သွေးတိမ်သားရဲသွေးများ ဆေးခန်းမသို့ ရောက်လာချိန်တွင် အကြီးအကဲကျန်းသည် အထူးသတိထားကာ သားရဲသွေးဆေးရည်ကို ကိုယ်တိုင် ဖော်စပ်ခဲ့ခြင်း ဖြစ်သည်။ အဆင့်ဆင့် လုပ်ဆောင်မှုများမှာလည်း အရင်အတိုင်းပင် ဖြစ်ရာ သီအိုရီအရ ရှန်းကွမ်ထော်ကဲ့သို့ အဖြစ်အပျက်မျိုး မဖြစ်သင့်ပေ။
သို့သော် ရှန်းကွမ်ထော်သည် ဆေးသောက်ပြီးနောက် အမှန်တကယ်ပင် ရူးသွပ်သွားခဲ့သည်။ သူသည် အသိစိတ်လွတ်သွားခဲ့ပြီး စောစောက မှော်ဆရာမလေးသာ တစ်နည်းနည်းဖြင့် သူ့ကို သတိမေ့အောင် မလုပ်ခဲ့ပါက ယနေ့အခြေအနေမှာ ယခုထက် အဆပေါင်းများစွာ ဆိုးဝါးသွားနိုင်ပေသည်။
ကျန့်လီသည်လည်း ဘေးမှနေ၍ ရှန်းကွမ်ထော်၏ အခြေအနေကို စစ်ဆေးနေသည်။ ရှန်းကွမ်ထော်မှာ မေ့လဲနေသော်လည်း သူ၏ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်တုံမြင့်တုံ ဖြစ်နေဆဲဖြစ်ရာ သွေးတိမ်သားရဲသွေး၏ အာနိသင်မှာ လျော့ပါးမသွားဘဲ ပိုမိုပြင်းထန်လာနေကြောင်း သိသာလှသည်။
"ဘာဖြစ်လို့လဲ အကြီးအကဲကျန်း... ရှင့်ကြည့်ရတာ ကြောက်နေသလိုပဲလား"
ယွင်ရှန်းက မျက်ခုံးတစ်ဖက်ကို ပင့်ကာ စိန်ခေါ်လိုက်သည်။
"ကြောက်တယ် ဟုတ်လား။ ရယ်စရာပဲ။ ငါက ဆေးပညာနဲ့ ဆေးဖော်စပ်ခြင်းလောကမှာ နှစ်ပေါင်းနှစ်ဆယ်ကျော် ကျင်လည်ခဲ့တဲ့ အရပ်လေးမျက်နှာ လှည့်လည်ကုသသူ ဆေးဆရာတစ်ယောက်ပဲ။ မင်းလို မောက်မာတဲ့ ကလေးတစ်ယောက်ကိုတော့ အရှုံးမပေးနိုင်ပါဘူး။ ကောင်းပြီ... ငါ ပြိုင်မယ်။ ဒါပေမဲ့ ငါနိုင်ရင် မင်းနဲ့ မင်းရဲ့ သူငယ်ချင်းတွေ အခုချက်ချင်း သိုင်းကျောင်းကနေ ထွက်သွားရမယ်"
အကြီးအကဲကျန်းက မထီမဲ့မြင် တွေးတောရင်း ပြောလိုက်သည်။
ယွင်ရှန်းမှာ ပါရမီထူးချွန်လျှင်တောင်မှ အမိဝမ်းထဲကတည်းက ဆေးပညာကို သင်ယူခဲ့နိုင်စရာ အကြောင်းမရှိဟု သူ ယုံကြည်နေသည်။ အကယ်၍ သူကိုယ်တိုင်ပင် ရောဂါကို ခွဲခြားမရပါက ယွင်ရှန်းမှာ ပို၍ပင် အဖြေရှာနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် အကြီးအကဲကျန်း၏ တွက်ကိန်းမှာ မှားယွင်းသွားတော့မည် ဖြစ်သည်။
"ကောင်းပါပြီ... ဒါပေမဲ့ အပြန်အလှန်အနေနဲ့ ကျွန်မသာ နိုင်သွားရင်ရော။ အကြီးအကဲကျန်းလည်း ရှင့်ရဲ့ ကိုယ်ကျင့်တရားမရှိတဲ့ သားကိုပါ ခေါ်ပြီး ဝူရွှမ်း ဝူကျိခန်းမကနေ အပြီးထွက်သွားပေးမလား"
ယွင်ရှန်းက ပြတ်သားစွာ ပြောလိုက်ရာ သူမ၏ မျက်ဝန်းများမှာ ဒေါသကြောင့် မီးတောက်မတတ် ဖြစ်နေတော့သည်။
"တကယ်ကို မောက်မာလွန်းတဲ့ ကလေးပဲ ဒီလောက်အရွယ်နဲ့ ငါ့ကို စွပ်စွဲရဲတယ်ပေါ့"
ပုံမှန်အားဖြင့် လူအများ၏ ရိုသေလေးစားမှုကို ခံရလေ့ရှိသော ဆေးခန်းမ၏ ဂုဏ်သရေရှိ အကြီးအကဲကျန်းမှာ ယနေ့ ယွင်ရှန်း၏ မေးခွန်းထုတ်မှုကြောင့် သူ၏မျက်နှာအိုကြီးမှာ နီရဲတွတ်နေတော့သည်။
"ဝူရွှမ်း ဝူကျိခန်းမမှာ အကျိုးနဲ့ အပြစ်က ရှင်းလင်းပြီးသားပဲ။ မှန်တာမှန်တယ်။ မှားတာမှားတယ်။ တကယ်လို့ အကြီးအကဲကျန်းက သားရဲသွေးဖော်စပ်ရာမှာ တကယ်ပဲ အမှားအယွင်းရှိခဲ့ပြီး အဲဒါကို ဖုံးကွယ်ထားခဲ့တယ်ဆိုတာ သက်သေပြနိုင်ရင်တော့ ဒါက တကယ့်ကို လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်ပဲ"
ယွင်ရှန်းက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။ သူမ၏စကားလုံးများက အကြီးအကဲကျန်းကို ရည်ရွယ်သော်လည်း သူမ၏အကြည့်မှာမူ ဒုတိယခန်းမမှူး ကျန့်လီထံသို့ ဦးတည်နေသည်။
ကျန်းမိသားစု သားအဖမှာ ငွေမက်သူနှင့် ကာမဂုဏ်မက်သူများဖြစ်ရာ သိုင်းကျောင်းအတွက် အမည်းစက်များပင်။ အကယ်၍ သူတို့ကိုသာ သိုင်းကျောင်းတွင် ဆက်ထားမည်ဆိုပါက ရှန်းကွမ်ထော် သို့မဟုတ် လျန်ရှန်းတို့ကဲ့သို့ အဖြစ်အပျက်မျိုးတွေ နောက်ထပ် ထပ်ဖြစ်လာဦးမည်မှာ အသေအချာပင်။
အမြစ်ကို မနှုတ်နိုင်ရင် နွေဦးလေပြေတိုက်တာနဲ့ ပေါင်းပင်တွေက ပြန်ပေါက်လာဦးမှာပဲ။
ကျန်းမိသားစုမှ အကြီးအကဲကျန်းကို သူမ သေချာပေါက် ဖယ်ရှားပစ်ရမည်။
ကျန့်လီသည် ခဏမျှ အသေအချာ စဉ်းစားပြီးနောက် "ကောင်းပြီ... ဒီနေ့ကိစ္စကို ငါကိုယ်တိုင် သက်သေအဖြစ် ဆောင်ရွက်ပေးမယ်။ အကြီးအကဲကျန်း... ရှန်းကွမ်ထော်ရဲ့ မိသားစုက ယွိကျင်းပတ်ဝန်းကျင်က အထက်တန်းလွှာ မိသားစုတစ်ခုပဲ။ သူ့ရဲ့ အသက်ရှင်သေဆုံးမှုက အရမ်းအရေးကြီးတယ်။ တကယ်လို့ မင်း သူ့ကို ဒီနေ့ ကယ်နိုင်တယ်ဆိုရင် အရင်ကိစ္စတွေကို ငါ ဆက်မမေးတော့ဘူး။ ဒါပေမဲ့ မင်းမကယ်နိုင်လို့ဖြစ်ဖြစ် သူက တစ်သက်လုံး ဒုက္ခိတဖြစ်သွားလို့ဖြစ်ဖြစ် ဆိုရင်တော့ ဆေးခန်းမအနေနဲ့ တာဝန်ခံရမှာဖြစ်သလို မင်းလည်း အကြီးအကဲအဖြစ် ဆက်နေဖို့ မသင့်တော်တော့ဘူး"
ကျန့်လီ၏ လေသံကြောင့် အကြီးအကဲကျန်း၏ မျက်နှာမှာ ရုတ်တရက် ပျက်ယွင်းသွားသည်။ ၎င်းမှာ မုန်တိုင်းမလာခင် ငြိမ်သက်နေသည့် အခြေအနေမျိုးပင်။
လွန်ခဲ့သော နှစ်များအတွင်း ကျန်းသားအဖ၏ လုပ်ရပ်များကို ဒုတိယခန်းမမှူး ကျန့်လီအနေဖြင့် သိရှိသော်လည်း အကြီးအကဲကျန်း၏ ဆေးဖော်စပ်နိုင်စွမ်းကြောင့် လျစ်လျူရှုပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် အကယ်၍ ယွင်ရှန်းကသာ သူ့ကို အမှန်တကယ် အနိုင်ယူခဲ့ပြီး အကြီးအကဲကျန်းထက် ပိုမိုသင့်တော်သူတစ်ဦး ပေါ်လာခဲ့မည်ဆိုလျှင် ကျန့်လီသည် ကျိန်းသေပေါက် အဟောင်းအသစ် အကုန်လုံးကို စာရင်းရှင်းတော့မည် ဖြစ်သည်။ ကျန့်လီသည် သာမန်ကာလျှံကာဖြင့် ဒုတိယခန်းမမှူး ဖြစ်လာခဲ့သူ မဟုတ်ပေ။
ကျန့်လီ၏ စကားကြောင့် အကြီးအကဲကျန်းမှာ မပြိုင်ချင်သော်လည်း မတတ်သာဘဲ ပြိုင်ရတော့မည့် အခြေအနေသို့ ရောက်သွားသည်။
"ကဲ... လူတွေ ရှန်းကွမ်ထော်ကို ဆေးခန်းမထဲ သယ်သွားကြ။ ကျန်တဲ့သူတွေ အကုန်လုံး ထွက်သွားကြစမ်း"
ကုသမှုအတွက် ကျန့်လီသည် လူအုပ်ကြီးကို ဖယ်ထုတ်လိုက်ပြီး အရေးကြီးသော လူအနည်းငယ်ကိုသာ ချန်ထားခဲ့တော့သည်။
"နေဦး... ကျွန်မအတွက်လည်း အကူတစ်ယောက် လိုတယ်။ အကြီးအကဲကျန်းမှာ သူ့ရဲ့ ဆေးဖော်စပ်သူရှိသလိုမျိုး ကျွန်မလည်း လူနာကို ကုသတဲ့နေရာမှာ ကူညီပေးဖို့ တစ်ယောက်ယောက် လိုအပ်တယ်"
ယွင်ရှန်းသည် ရှန်းကွမ်ထော်၏ အခြေအနေကို အကြမ်းဖျဉ်း နားလည်ထားသော်လည်း အပ်စိုက်ကုသရာတွင် လက်ထောက်တစ်ဦး၏ အကူအညီမှာ မရှိမဖြစ် လိုအပ်နေသည်။
"အိုး... ကျွန်တော်မျိုးက ဒီမိန်းကလေးရဲ့ လက်ထောက်အဖြစ် အသုံးတော်ခံခွင့် ရမလားလို့ သိချင်မိပါရဲ့"
အနောက်ဘက်မှ ထွက်ပေါ်လာသော နက်ရှိုင်းပြီး သြဇာညောင်းလှသော အသံကြောင့် ယွင်ရှန်းမှာ တစ်ကိုယ်လုံး ကျောက်ရုပ်တစ်ခုအလား တောင့်ခဲသွားရသည်။ သူမသည် နောက်သို့ လှည့်ကြည့်ရန် မလိုဘဲ ထိုအသံ၏ ပိုင်ရှင်မှာ မည်သူဖြစ်ကြောင်း ကောင်းစွာ သိရှိနေသည်။
မြေခွေးယီလား။
ယီပိုင်မင်း ရှိနေသော မည်သည့်နေရာတွင်မဆို ထူးခြားသော အရှိန်အဝါတစ်ခု အမြဲရှိနေတတ်သည်။ သူသည် စကားတစ်ခွန်းမှ မဆိုဘဲ ရပ်နေလျှင်ပင် လူအများ၏ အာရုံစိုက်ရာ ဗဟိုချက်မ ဖြစ်နေဆဲပင်။
တစ်နှစ်ကျော် ကာလအတွင်း သူ၏ ဒဏ်ရာများ ပျောက်ကင်းသွားပြီးနောက် ယီပိုင်မင်း၏ တည်ရှိမှုမှာ ယခင်ကထက်ပင် ပိုမိုခန့်ညား ထည်ဝါလာခဲ့သည်။ ချန်ပိုင်နှင့် ပုကျိုရှောင်တို့ ပေါ်လာသည့် မည်သည့်နေရာတွင်မဆို ယီပိုင်မင်း ရှိနေလိမ့်မည်ဟု သူမ ခန့်မှန်းထားသင့်သော်လည်း ယခုကဲ့သို့ ရုတ်တရက်ကြီး ပေါ်လာလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။
အခု သူမ ကုသမှု စတော့မည်။ အကယ်၍ သူသာ သူမ၏ ဆေးပညာစွမ်းရည်ကို ကိုယ်တိုင် မြင်တွေ့သွားခဲ့လျှင်...
စောစောက ဒုတိယခန်းမမှူး ကျန့်လီ ရောက်လာချိန်တွင် ပုကျိုရှောင် တစ်ယောက်သာ ပါလာသဖြင့် ယွင်ရှန်း စိတ်အေးသွားခဲ့မိသည်။ စိတ်မသိစိတ်ထဲတွင် သူမသည် ယီပိုင်မင်းနှင့် ထပ်မံ မဆုံချင်သေးပေ။
သူမ၏ စိတ်ထဲတွင် ထွက်ပြေးရမလား သို့မဟုတ် လူသတ်ပြီး နှုတ်ပိတ်ရမလားဟူသော အတွေးမျိုးစုံ လည်ပတ်နေပြီးနောက် ခဏအကြာတွင် ယွင်ရှန်း စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူမ၏ ရုပ်ရည်၊ အရပ်အမောင်းနှင့် ပုံပန်းသဏ္ဍာန်မှာ လွန်ခဲ့သော နှစ်နှစ်ကနှင့် လုံးဝ မတူတော့ဘဲ ပြောင်းလဲသွားပြီဖြစ်ကြောင်း သူမ မေ့နေခဲ့သည်။
ထို့အပြင်... ထိုစဉ်က ယီပိုင်မင်းမှာ မျက်စိကွယ်နေခဲ့သူ ဖြစ်သည်။ သူမ၏ မျက်နှာသွင်ပြင်ကို သူ ဘယ်လိုမှ မှတ်မိနိုင်စရာ အကြောင်းမရှိပေ။
ဝူရွှမ်း ဝူကျိခန်းမသို့ စတင်ဝင်ရောက်လာချိန်ကတည်းက ယွင်ရှန်းသည် ဘေးကင်းစေရန်
အတွက် သူမ၏အမည်ကို ယခင်ဘဝက မျိုးရိုးအမည်ဖြစ်သော ယန်ယွင်ဟု ပြောင်းလဲအသုံးပြုခဲ့သည်။
သူမသည် တည်ငြိမ်စွာပင် နောက်သို့လှည့်လိုက်ပြီး အခြားသူများနှင့်အတူ အသံလာရာဘက်သို့ ကြည့်လိုက်သည်။
ညဉ့်ဦးယံကဲ့သို့ နက်မှောင်သော ဝတ်စုံကို ဝတ်ဆင်ထားသည့် ယီပိုင်မင်းနှင့် အပြစ်ဆိုဖွယ်မရှိအောင် ဖြူစင်သော ဝတ်စုံကို ဝတ်ဆင်ထားသည့် ချန်ပိုင်တို့မှာ အတူတူ ရပ်နေကြသည်။ တစ်ဦးက အမည်း၊ တစ်ဦးက အဖြူ... နှစ်ဦးစလုံးမှာ ထူးခြားစွာ ပေါ်လွင်နေပြီး စုတ်ချာလှသော ဆေးခန်းမလေးပင် သူတို့ကြောင့် ဝင်းလက်တောက်ပသွားသယောင် ထင်ရသည်။
အထူးသဖြင့် ယီပိုင်မင်းပင်။ ပြီးခဲ့သောတစ်ခေါက်က လမ်းပေါ်တွင် ခဏတာ တွေ့လိုက်ရစဉ်ကထက် ယခုလို မျက်နှာချင်းဆိုင် မြင်တွေ့ရသည်မှာ ပို၍ပင် မှင်တက်စရာကောင်းလောက်အောင် ချောမောလွန်းနေသည်။
ဒီလူက တစ်နေ့ထက်တစ်နေ့ ပိုပြီး မိစ္ဆာဆန်ဆန် ချောလာပါလား။
ဤဘဝတွင် ယွင်ရှန်းသည် ရုပ်ရည်ချောမောသော အမျိုးသားများစွာကို တွေ့ဖူးခဲ့သည်။ သို့သော် သူတို့ထဲတွင် ရှမင်၊ မှော်ကျောင်းဆောင်မှ ရှာဝမ်ရွှီ နှင့် ရှန်းကျူးနိုင်ငံမှ တိဖုန်း တို့သာလျှင် ယီပိုင်မင်းနှင့် ယှဉ်နိုင်လိမ့်မည်။ သို့သော် ရှန်ဖုန်း၏ နတ်သူငယ်ကဲ့သို့ လှပမှု၊ ရှာဝမ်ရွှီ၏ နွေးထွေးတည်ငြိမ်သော ဆွဲဆောင်မှုတို့နှင့် မတူဘဲ ယီပိုင်မင်း၏ အလှမှာမူ လွှမ်းမိုးလိုစိတ်နှင့် ခက်ထန်သော အရှိန်အဝါတို့ ရောယှက်နေသည်။
ယွင်ရှန်း၏နောက်တွင် ရပ်နေသော ချီရယ်သည် ရောက်ရှိလာသူ၏ မျက်နှာကို မြင်လိုက်ရပြီး ယွင်ရှန်းမှာ ခဏတာ ငေးမောသွားသည်ကို တွေ့သောအခါ မှော်ဝတ်ရုံအောက်တွင် သူ၏ကိုယ်လေး တုန်ရီသွားပြီး ရင်ထဲ၌ ခါးသီးသော ခံစားချက်တစ်ခု ဖြတ်သန်းသွားတော့သည်။
ယွင်ရှန်းက သူ့ကို ကြောင်ကြည့်နေသည်ကို မြင်သောအခါ ယီပိုင်မင်းက မကျေနပ်သလို မျက်မှောင်ကြုတ်လိုက်သည်။ သူမသည်လည်း အခြားအမျိုးသမီးများကဲ့သို့ပင် သူ၏ရုပ်ရည်အပေါ် မူးယူးနေသည်ဟု သူ အထင်မှားသွားခြင်းဖြစ်သည်။
အစောပိုင်းက ချန်ပိုင်က ဤမှော်အကယ်ဒမီမှ မှော်ဆရာမလေးမှာ ထူးခြားသည်ဟု ပြောခဲ့သော်လည်း အခုမြင်ရသလောက်တော့ ရုပ်လေးလှသည်မှအပ အခြားသာမန် မိန်းကလေးများနှင့် မထူးခြားဟု သူ ယူဆလိုက်သည်။ သူ၏မျက်ဝန်းထဲမှ မထီမဲ့မြင်ပြုသော အရိပ်အယောင်ကို ယွင်ရှန်းက အမိအရ ဖမ်းဆီးလိုက်မိသည်။ သူမက နှာခေါင်းတစ်ချက် ရှုံ့လိုက်မိသည်။
ဒီလူကတော့ အရင်အတိုင်းပဲ အလှအပကို မက်မောပြီး မာန်တက်နေတုန်းပဲ။
ငှက်ပျောရွက်ကျေးရွာမှာတုန်းက ယီပိုင်မင်းမှာ မျက်စိကွယ်နေခဲ့သော်လည်း သူ၏ချောမောသော ရုပ်ရည်က ရွာရှိမိန်းကလေးအားလုံးကို ရူးသွပ်စေခဲ့ဖူးသည်။ သူသည် မျက်စိမမြင်ရသော်လည်း အာရုံခံစားမှု အလွန်ကောင်းပြီး အမြဲတမ်း ရွံရှာသော အမူအရာကိုသာ ပြသတတ်သည်။
ယွင်ရှန်းက စိတ်ထဲမှ ကဲ့ရဲ့လိုက်မိသည်။
ယီပိုင်မင်းနဲ့ ချန်ပိုင်က ခွဲလို့မရအောင် တွဲနေပါလား။ သူတို့နှစ်ယောက် အတူရပ်နေတာက တကယ့်ကို ကြည့်လို့ကောင်းတဲ့ စုံတွဲပုံရိပ်ပဲ။ ဒါပေမဲ့ ဘယ်သူက အပေါ်ကနေမလဲ။ ဘယ်သူက အောက်ကနေမလဲဆိုတာ ခန့်မှန်းရခက်သားပဲ။
အကယ်၍ ယီပိုင်မင်းသာ ယွင်ရှန်း၏ စိတ်ထဲတွင် ဘာတွေတွေးနေသည်ကို သိသွားခဲ့လျှင် ဒေါသကြောင့် သွေးအန်သွားနိုင်လောက်သည်။
ဒုတိယခန်းမမှူး ကျန့်လီက ယွင်ရှန်း၏ တောင်းဆိုချက်ကို သဘောတူလိုက်သည်။ ပုကျိုရှောင်က ရှန်းကွမ်ထော်ကို မကာ ဆေးခန်းမအတွင်းဘက်သို့ လှမ်းဝင်သွားတော့သည်။