အခန်း (၂၀၂)
Vol. 20 Ch. 202
ဆေးခန်းမအတွင်းရှိ သီးသန့်ဖြစ်သော ဆေးဖော်စပ်ဆောင်ထဲတွင် ဒုတိယခန်းမမှူး ကျန့်လီ၊ ပုကျိုရှောင်၊ အကြီးအကဲကျန်း၊ သူ၏ဆေးဖော်စပ်သူလက်ထောက် လျိုဆန်း နှင့် ယွင်ရှန်းတို့သည် ရှန်းကွမ်ထော်ကို ဝိုင်းရံထားကြသည်။
လုပ်ထုံးလုပ်နည်းအရ ကုသမှုကို အကြီးအကဲကျန်းက အရင်စတင်ရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် သားရဲသွေးကို ကိုယ်တိုင်ဖော်စပ်ခဲ့သူဖြစ်ရာ ရှန်းကွမ်ထော်၏ အခြေအနေကို အသိဆုံးဖြစ်သင့်သောကြောင့်ပင်။
"လျိုဆန်း... ဆေးခန်းမရဲ့ စည်းကမ်းအရ ရှန်းကွမ်ထော် သောက်ခဲ့တဲ့ သားရဲသွေးကို မင်းအရင်စမ်းသပ်ပြီးသား ဖြစ်ရမယ်။ အဲဒီတုန်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး တစ်ခုခုတွေ့ခဲ့သေးလား"
အကြီးအကဲကျန်းက မေးမြန်းလိုက်သည်။ လက်ထောက်ဖြစ်သူထံမှ မရှိပါဟူသော အဖြေကို ရရှိပြီးနောက် သူသည် ရှန်းကွမ်ထော်၏ သွေးခုန်နှုန်း၊ မျက်ခွံနှင့် နှလုံးခုန်သံတို့ကို စနစ်တကျ စစ်ဆေးလိုက်သည်။
ထို့နောက် သားရဲသွေးထည့်ထားသော ပုလင်းငယ်ကိုယူကာ နမူနာကို သေချာစစ်ဆေးကြည့်သော်လည်း မည်သည့်သဲလွန်စမျှ ရှာမတွေ့ခဲ့ပေ။ အချိန်တွေသာ ကုန်ဆုံးသွားသည်၊ အကြီးအကဲကျန်းမှာမူ ဘာမှအဖြေမထွက်ဘဲ သူ၏နဖူးပေါ်မှ စီးကျလာသော ချွေးအေးများကိုသာ ခဏခဏ သုတ်နေရတော့သည်။
"အကြီးအကဲကျန်း... မှောင်တော့မယ်နော်။ ရောဂါရဲ့ အကြောင်းရင်းကို ရှာတွေ့ပြီလား"
ယွင်ရှန်းက အေးစက်စွာ မေးလိုက်သည်။
"ဘာလို့ အလောတကြီး ဖြစ်နေတာလဲ။ ရှန်းကွမ်ထော်ရဲ့ အခြေအနေက တော်တော်ထူးဆန်းတယ်။ ဒါမျိုး မဟာကျိုးတစ်နိုင်ငံလုံးမှာ တစ်ခါမှ မမြင်ဖူးဘူး။ ဒုတိယခန်းမမှူး... ကျွန်တော့်
အမြင်အရတော့ ဆေးဘုရင်နန်းတော်ကို လူလွှတ်ပြီး ဆေးဆရာကြီးတချို့နဲ့ တိုင်ပင်သင့်တယ် ထင်တယ်"
အကြီးအကဲကျန်းမှာ ရှန်းကွမ်ထော် ရူးသွပ်ရခြင်း၏ အကြောင်းရင်းကို မည်သို့မျှ အဖြေရှာမရတော့သဖြင့် လမ်းလွှဲလိုက်ခြင်းပင်။ ကျန့်လီက ယွင်ရှန်းဘက်သို့ လှည့်ကြည့်ကာ "မင်းကော ဘယ်လိုထင်လဲ။ ဆေးဘုရင်နန်းတော်က ဆေးဆရာတွေကို တကယ်ပဲ ဖိတ်ရမလား"
အမှန်တကယ် မလိုအပ်ပါက ကျန့်လီသည်လည်း ဆေးဘုရင်နန်းတော်ကို အကူအညီတောင်းကာ သိုင်းကျောင်း၏ ဂုဏ်သိက္ခာကို မထိခိုက်စေလိုပေ။
"မလိုပါဘူး။ ကျွန်မကို အဲဒီ သွေးတိမ်သားရဲသွေး နမူနာတစ်ခုရယ် ရှန်းကွမ်ထော် အရင်က ပေါင်းစပ်ခဲ့ဖူးတဲ့ သားရဲသွေး မှတ်တမ်းတွေရယ် ပေးရင် ရပါပြီ"
ယွင်ရှန်းက တုန့်ဆိုင်းခြင်းမရှိဘဲ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ သူမ၏ ပြတ်သားလှသော အကြည့်နှင့် ဆုံးဖြတ်ချက်များက အကြီးအကဲကျန်းကို အကြီးအကျယ် အရှက်ရစေတော့သည်။
"အဓိပ္ပာယ်မရှိတာ။ မင်းတစ်ယောက်တည်းနဲ့ ရှန်းကွမ်ထော်ရဲ့ ဒီလိုထူးဆန်းတဲ့ အခြေအနေကို ကုသဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီထက် ပိုကြာသွားရင် သူ့အသက် အန္တရာယ်ရှိနိုင်တယ်"
အကြီးအကဲကျန်းက မျက်နှာနီမြန်းလျက် ဒေါသတကြီး အော်ဟစ်လိုက်သည်။ လူနာကို သေသေချာချာပင် စစ်ဆေးခြင်းမရှိဘဲ ကုသနိုင်သည်ဟု ကြွေးကြော်နေသော ဤမှော်ဆရာမလေးမှာ ရူးသွပ်နေသည်ဟု သူ ထင်နေမိသည်။
"ဒုတိယခန်းမမှူး... ကျွန်မ အသက်နဲ့ ရင်းပြီး အာမခံပါတယ်။ ကျွန်မကိုသာ ကုသခွင့်ပေးမယ်ဆိုရင် သူ့ကို ပြန်ကျန်းမာလာစေရုံတင်မကဘူး။ မနက်ဖြန်မနက်ကျရင် ဝူရွှမ်း ဝူကျိခန်းမမှာ နယ်စားမင်းအဆင့်ရှိတဲ့ သိုင်းသမားတစ်ယောက် ပိုတိုးလာမယ်ဆိုတာကိုပါ ကျွန်မ အာမခံရဲတယ်"
ယွင်ရှန်း၏ စကားအဆုံးတွင် အခန်းတွင်းရှိ လူတိုင်း ဆွံ့အသွားကြသည်။ ဤမျှ မောက်မာလှသော စကားကို အပိုင်တွက်ချက်ထားခြင်း မရှိဘဲ ပြောရဲစရာ အကြောင်းမရှိပေ။
နယ်စားမင်းအဆင့်... ဆိုလိုသည်မှာ သူမသည် ရှန်းကွမ်ထော်ကို သိုင်းနယ်ပယ် အဆင့်တက်အောင် လုပ်ပေးနိုင်သည်ဟု ယုံကြည်နေခြင်း ဖြစ်သည်။ သွေးရူးသွေးတန်း ဖြစ်နေသော သိုင်းသမားတစ်ဦးကို အဆင့်တက်အောင် လုပ်ပေးနိုင်မည့် ဆေးဆရာမျိုးမှာ တစ်လောကလုံးတွင် ရှိနိုင်ပါမည်လား။ အကြီးအကဲကျန်း မလုပ်နိုင်သလို မဟာကျိုးနိုင်ငံ၏ နာမည်ကျော် နန်းတွင်းသမားတော်ကြီးဝမ်ပင်လျှင် လုပ်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။
ကျန့်လီမှာ ဝေခွဲမရ ဖြစ်နေသည်။ စစ်တလင်းတွင် ရန်သူကို ရင်ဆိုင်စဉ်ကပင် သူ ဤမျှ မတွေဝေခဲ့ဖူးပေ။ အကယ်၍ အောင်မြင်ခဲ့လျှင် သိုင်းကျောင်းအတွက် ကံကောင်းခြင်း ဖြစ်သော်လည်း ကျရှုံးခဲ့လျှင်မူ...
ယွင်ရှန်းသည် လူနာရှင်များ၏ စိုးရိမ်ပူပန်မှုကို မြင်တွေ့နေကျ ဖြစ်သဖြင့် ကျန့်လီ၏ ရှေ့သို့ တိုးလာကာ လေးနက်စွာ ပြောလိုက်သည်။
"ဒုတိယခန်းမမှူး... ဝူရွှမ်း ဝူကျိခန်းမက သိုင်းသမားတွေထဲမှာ သေရမှာကို ကြောက်ပြီး အသက်ကို ဖက်တွယ်နေတဲ့သူ တစ်ယောက်မှ မရှိဘူးဆိုတာ ရှင် ယုံကြည်ရပါမယ်"
"ဆရာ... သူမကို တစ်ချက် စမ်းကြည့်ခွင့် ပေးလိုက်ပါ။ လျိုဆန်း... သူမတောင်းတာတွေ အမြန်သွားယူပေးလိုက်။ သားရဲသွေးနမူနာ အသစ်နဲ့ ရှန်းကွမ်ထော်ရဲ့ အရင်က ပေါင်းစပ်မှု မှတ်တမ်းတွေကို အခုချက်ချင်း ယူခဲ့"
ယီပိုင်မင်းက ယွင်ရှန်းကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ သူမ နောက်ထပ် ဘာတွေ ဆက်လုပ်မည်ကို သူ အလွန်ပင် စိတ်ဝင်စားနေမိသည်။ သားရဲသွေးအသစ်နှင့် မှတ်တမ်းများမှာ ခဏချင်းမှာပင် ရောက်ရှိလာတော့သည်။ သို့သော် သားရဲသွေးကို ရရှိပြီးနောက်တွင်လည်း ယွင်ရှန်းက ချက်ချင်း လက်မလှုပ်သေးဘဲ အချိန်ဆိုင်းနေသေးသည်။
ယွင်ရှန်းသည် ရှန်းကွမ်ထော်၏ ယခင်က သားရဲသွေးပေါင်းစပ်မှု မှတ်တမ်းများကို အရင်ဆုံး သေချာဖတ်ကြည့်လိုက်သည်။ ဖတ်ပြီးနောက် သူမ စိတ်ထဲမှ သက်ပြင်းချမိသွားသည်။
ရှန်းကွမ်ထော်က တကယ်ကို အဆင့်တက်တဲ့နေရာမှာ ဆရာကျတဲ့သူပဲ။ သိုင်းကျောင်းသို့ ရောက်ရှိလာသည့် ၅ နှစ်အတွင်း သူသည် သားရဲသွေးပေါင်းစပ်ခြင်း ၃ ကြိမ်တိတိကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။
ယခင်အကြိမ်များက အောင်မြင်ခဲ့သော်လည်း ယခုတစ်ခေါက်တွင်မူ အမှားအယွင်း ဖြစ်ခဲ့ရသည်။
"ဒုတိယခန်းမမှူး... ဒီကိစ္စကို ကုသဖို့အတွက် ကျွန်မမှာ ကတိတစ်ခု တောင်းချင်ပါတယ်။ ရှင်သိတဲ့အတိုင်း ကျွန်မက မှော်ဆရာမ တစ်ယောက်ပါ။ ကျွန်မ သင်ယူထားတာက ရှေးဟောင်းဆေးပညာနဲ့ မှော်ဆေးဖော်စပ်နည်း ပေါင်းစပ်ထားတာဖြစ်လို့ ကုသတဲ့အခါ မှော်စွမ်းအားကို သုံးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အခု ကျွန်မက မှော်စွမ်းအင် ပိတ်ပင်ခြင်းအောက်မှာ ရှိနေလို့ မှော်ပညာကို သုံးလို့မရဘူး ဖြစ်နေတယ်"
ယွင်ရှန်းက ပြောပြီး ခေတ္တရပ်လိုက်သည်။
"မင်းက ငါနဲ့ အပေးအယူ လုပ်နေတာလား။ ဝူရွှမ်း ဝူကျိခန်းမရဲ့ စည်းကမ်းကို ဖောက်ဖျက်ပြီး မင်းရဲ့ မှော်စွမ်းအားကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုနေတာလား"
ကျန့်လီ၏ မျက်မှောင်ကြုတ်သွားသော အမူအရာက သူ မည်မျှ မကျေမနပ်ဖြစ်သွားသည်ကို ဖော်ပြနေသည်။
ဘေးတွင် ရပ်နေသော ပုကျိုရှောင်နှင့် အခြားသူများမှာလည်း ယွင်ရှန်းကို အထင်ကြီးသည့် အကြည့်များဖြင့် ကြည့်လိုက်မိကြသည်။ ယီပိုင်မင်း၏ မီးခိုးရောင် မျက်ဝန်းများမှာလည်း ကျဉ်းမြောင်းသွားတော့သည်။ ဝူကျိခန်းမတစ်ခုလုံးတွင် ကျန့်လီနှင့် အပေးအယူလုပ်ဝံ့သူမှာ ယွင်ရှန်းမှအပ အခြားရှိမည်မဟုတ်ပေ။
မဟာကျိုးမြို့တော် တစ်ခုလုံးမှာပင် ကျန့်လီနှင့် စကားကစားဝံ့သူမှာ ၅ ယောက်ထက် မပိုပေ။ ကျန့်လီသည် ဝူကျိခန်းမ၏ ဒုတိယခန်းမမှူးဖြစ်ပြီး ဩဇာအာဏာ ကြီးမားသူဖြစ်သည်။ သိုင်းကျောင်းအတွင်း၌ သူပြောသမျှသည် အမိန့်ပင် ဖြစ်ရာ ယခုကဲ့သို့ စည်းကမ်းချက်ဖြင့် အကြပ်ကိုင်ခံရခြင်းကို သူ လုံးဝ မကြိုက်ပေ။
"ငါ မင်းရဲ့ မှော်စွမ်းအားကို ပြန်ဖွင့်ပေးဖို့ သဘောတူကောင်း တူနိုင်လိမ့်မယ်။ ဒါပေမဲ့ မင်း ငါ့ရဲ့ စမ်းသပ်မှုကို ခံနိုင်ရည်ရှိမှ ဖြစ်မယ်"
သူက အေးစက်စွာ ကြေညာလိုက်သည်။ ထိုသို့ပြောလိုက်သည်နှင့် သူ၏ကိုယ်မှ ဒေါသတကြီး ထွက်ပေါ်လာသော သိုင်းစိတ်ဓာတ်အရှိန်အဝါများက အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
သေးငယ်သော ဆေးဖော်စပ်ဆောင်အတွင်း၌ လေထုမှာ ရုတ်တရက် တင်းမာသွားသည်။
ယွင်ရှန်းသည် သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ကြီးမားသော ဖိအားတစ်ခု သက်ရောက်လာသည်ကို ခံစားလိုက်ရသည်။ တစ်စုံတစ်ဦးက သူမ၏ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများကို ဖုန်မှုန့်ဖြစ်အောင် ချေဖျက်ပစ်တော့မည့်အလား ခံစားနေရသည်။
ငါ့ကို ခြိမ်းခြောက်ပြီး အရှုံးပေးခိုင်းမလို့လား။
ယွင်ရှန်းက စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်မိသည်။
ယွင်ရှန်းက ဘယ်လိုလုပ် အရှုံးပေးနိုင်မှာလဲ။
သူမသည် မှော်စွမ်းအင် ပိတ်ပင်ခြင်းခံရသည့် ပထမဦးဆုံးနေ့ကတည်းက ဤအချုပ်အနှောင်ကို မိမိဘာသာ ရုန်းထွက်ဖြတ်တောက်ပစ်မည်ဟု သစ္စာဆိုခဲ့ပြီးဖြစ်သည်။
ရုန်းထွက်ရုံမျှမကဘဲ ဝူကျိခန်းမမှ လူများက သူမအား ၎င်းပိတ်ပင်မှုကို ဖြေလျှော့ပေးပါရန် တောင်းပန်လာအောင် လုပ်ဆောင်မည်ဟုလည်း ကြံရွယ်ထားခဲ့သည်။ ယွင်ရှန်းသည် သူမ၏ ကျောရိုးကို မတ်မတ်ဆန့်လိုက်ပြီး နက်မှောင်သော မျက်ဝန်းတို့ဖြင့် ကျန့်လီကို အလျှော့မပေးဘဲ စိုက်ကြည့်နေခဲ့သည်။ သူမ၏ အကြည့်တို့တွင် ကြောက်ရွံ့တုန်လှုပ်မှု အနည်းငယ်မျှ မရှိဘဲ ပွင့်လင်းရဲရင့်သော သတ္တိတို့သာ ပြည့်နှက်နေသည်။
"ဒါက အပေးအယူ လုပ်နေတာ မဟုတ်ပါဘူး။ ကျွန်မ ရသင့်ရထိုက်တဲ့ ဆုလာဘ်ကို တောင်းဆိုတာပါ။ ကျွန်မက ဖလှယ်ရေး ကျောင်းသားတစ်ယောက်သာ ဖြစ်ပြီး သိုင်းကျောင်းရဲ့ အစိတ်အပိုင်း မဟုတ်ပါဘူး။ ရှန်းကွမ်ထော်ကို ကုသပေးတာက ကျွန်မရဲ့ ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်အရ လုပ်ဆောင်ပေးတာပါ။ ဆုကြေးငွေ မလိုချင်ပေမဲ့ ကျွန်မရဲ့ မှော်စွမ်းအားကို ပြန်လည်ဖွင့်ပေးရမယ်ဆိုတာက ကျွန်မရဲ့ သတ်မှတ်ချက်ပဲ။ နောက်ပြီး နောက်ထပ် အချက်တစ်ခုကတော့... ဒီနေ့ကစပြီး ကျွန်မတို့ သူငယ်ချင်း သုံးယောက်စလုံး ဝူရွှမ်း ဝူကျိခန်းမအတွင်းမှာ မှော်ပညာကို လွတ်လပ်စွာ အသုံးပြုခွင့် ရရှိရပါမယ်"
ယွင်ရှန်းက တည်ငြိမ်အေးဆေးစွာ ပြောကြားလိုက်သည်။
"ငါက ငြင်းပယ်လိုက်ရင်ရော ဘာဖြစ်မလဲ"
ကျန့်လီ၏ ကိုယ်ဘေးတွင် သိုင်းစိတ်ဓာတ်များမှာ ပိုမိုပြင်းထန်လာခဲ့သည်။
ထက်မြက်သော ဓားသွားများ ဝဲပျံနေသကဲ့သို့ ခက်ထန်လှသော သိုင်းစိတ်ဓာတ် လေစီးကြောင်းတို့သည် ယွင်ရှန်း၏ နားဘေးမှ တဝီဝီမြည်ကာ ဖြတ်သန်းသွားကြသည်။ သူမ၏ နုနယ်သော အရေပြားပေါ်တွင် ဓားရာကဲ့သို့ ဒဏ်ရာများ ထင်ကျန်ရစ်ပြီး နောက်သို့ တစ်လှမ်း ဆုတ်လိုက်ရသည်။ သို့သော်လည်း ယွင်ရှန်းသည် ကျန့်လီ၏ အရှိန်အဝါကြောင့် ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။ သူမသည် အသက်ကို ပြင်းပြင်းရှူသွင်းကာ မြင်းစီးဟန်ဖြင့် ခိုင်ခိုင်မာမာ ပြန်လည်ရပ်တည်လိုက်သည်။
ဘေးမှ စောင့်ကြည့်နေသူများမှာမူ သူမသည် ဒုတိယခန်းမမှူးကို တကယ့်ကို အံတုနေခြင်းဖြစ်ကြောင်း သိမြင်လိုက်ရသဖြင့် မျက်နှာများ ပျက်ယွင်းကုန်ကြသည်။ ကျန့်လီကမူ နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။ သူ၏ ကျင့်ကြံမှုအဆင့်မှာ ယနေ့ခေတ် ယွိကျင်းမြို့တော်တွင် ထိပ်တန်းစာရင်းဝင် ဖြစ်သလို စွမ်းအားအရာတွင်လည်း သိုင်းသူတော်စင် တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။
ယွင်ရှန်းသည် မှော်ဆရာကြီးအဆင့်တွင် ရှိနေသော်လည်း ကျန့်လီ၏ စွမ်းအားအောက်တွင် ခဏချင်းမှာပင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားနိုင်သည်။ သို့သော် သူမ၏ ရဲရင့်မှုက ကျန့်လီကို အံ့အားသင့်စေခဲ့သည်။ အေးစက်သော သိုင်းစိတ်ဓာတ်တို့က ယွင်ရှန်း၏ ဘေးတွင် ဝဲပျံနေပြီး သူမ၏ မျက်နှာပေါ်တွင်လည်း ရှပ်ထိဒဏ်ရာများစွာ ဖြစ်ပေါ်နေပြီ ဖြစ်သည်။
ဘေးမှ လူများပင် ကျန့်လီ၏ အရှိန်အဝါဒဏ်ကို မခံနိုင်သဖြင့် ကိုယ်ပိုင်သိုင်းစိတ်ဓာတ်တို့ဖြင့် ကာကွယ်နေရချိန်တွင် ယွင်ရှန်းမှာမူ အသားအနာခံကာ တောင့်ခံနေခြင်းဖြစ်သည်။ ကျန့်လီသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ စွမ်းအား ၂၀ ရာခိုင်နှုန်းခန့် ပါဝင်သော သိုင်းစိတ်ဓာတ်လှိုင်းတစ်ခုဖြင့် ယွင်ရှန်းကို တိုက်ရိုက်ရိုက်ခတ်လိုက်သည်။ ထိုပြင်းထန်လှသော ဒဏ်ချက်ကြောင့် ယွင်ရှန်းသည် လေထဲသို့ ဝဲပျံသွားပြီး နံရံကို အရှိန်ဖြင့် ပြင်းထန်စွာ ဆောင့်မိသွားတော့သည်။