အခန်း (၂၀၄)
Vol. 20 Ch. 204
ယခင်နှစ်များက မျက်စိကွယ်နေခဲ့ရသဖြင့် ယီပိုင်မင်းသည် မှော်နှင့် သိုင်းပညာရပ် နှစ်မျိုးစလုံးကို ကျင့်ကြံခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်အား သားရဲသွေးဖြင့် ပေါင်းစပ်ပေးခြင်းကို မည်သူမျှ မပြုလုပ်ပေးခဲ့ဖူးကြောင်း ယွင်ရှန်း မသိရှိခဲ့ပေ။ အအေးနန်းဆောင်တွင် ပိတ်လှောင်ခံထားရစဉ် ကာလကလည်း ထိုသို့ ပြုလုပ်နိုင်ရန် အခြေအနေ မပေးခဲ့ပေ။ သူ၏ ကျင့်ကြံမှု အဆင့်အတန်းမှာ သားရဲသွေး သို့မဟုတ် ဆေးလုံးများအပေါ် လုံးဝ မှီခိုခြင်းမရှိဘဲ တစ်ဆင့်ချင်းစီ ကိုယ်တိုင် ကြိုးစားအားထုတ်ခဲ့ခြင်းသာ ဖြစ်သည်။
"မင်း အတိအကျ ဘာလုပ်ဖို့ ကြံစည်နေတာလဲ"
ယွင်ရှန်းက ပုလင်းလေးလုံးကို ထုတ်ယူလိုက်သည်ကို မြင်သောအခါ ယီပိုင်မင်းက မေးမြန်းလိုက်သည်။
"ရိုးရိုးလေးပါပဲ။ ရှန်းကွမ်ထော် ရူးသွပ်သွားရတဲ့ တကယ့်အကြောင်းရင်းဟာ သွေးတိမ်သားရဲသွေး တစ်မျိုးတည်းကြောင့် မဟုတ်ဘဲ သူ အရင်က ပေါင်းစပ်ခဲ့တဲ့ သားရဲသွေး အမျိုးအစားတွေနဲ့ အခု သွေးတိမ်သားရဲသွေးကြားမှာ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခကြောင့်လို့ ကျွန်မ သံသယရှိနေပါတယ်။ အဲဒါကြောင့် ရှန်းကွမ်ထော် ရူးသွပ်သွားရတာပါ"
ယွင်ရှန်းက ထိုသို့ပြောကာ ရှန်းကွမ်ထော် လွန်ခဲ့သော နှစ်များအတွင်း အသုံးပြုခဲ့သည့် သားရဲသွေး မှတ်တမ်းများကို ပြသလိုက်သည်။
ထို့ကြောင့် သူမ ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်မှာ ရှန်းကွမ်ထော် အသုံးပြုခဲ့သည့် သားရဲသွေး အမျိုးအစား လေးမျိုးကို ယီပိုင်မင်း၏ ခန္ဓာကိုယ်အတွင်း၌ တဖြည်းဖြည်းချင်း ပေါင်းစပ်စေပြီး သူမ၏ တွက်ချက်မှု မှန်ကန်ခြင်း ရှိမရှိ အတည်ပြုရန် သူ၏ တုံ့ပြန်မှုများကို စောင့်ကြည့်စစ်ဆေးမည် ဖြစ်သည်။
သူမ လိုအပ်သော သားရဲသွေးများမှာ ရှန်းကွမ်ထော် ယခင်က ပေါင်းစပ်ခဲ့ဖူးသည့် အမျိုးအစားများနှင့် အတိအကျ တူညီနေရမည် ဖြစ်သည်။ ဝူရွှမ်း ဝူကျိခန်းမတွင် သိုင်းသမား အမြောက်အမြား ရှိသဖြင့် ဆေးခန်းမ၌ သားရဲသွေး ပျော်ရည်များစွာ ရှိနေတတ်သည်။ ထိုသားရဲသွေးများကို အထူးလျှို့ဝှက်နည်းစနစ်ဖြင့် သိမ်းဆည်းထားသဖြင့် နှစ်ပေါင်းများစွာ ကြာမြင့်သော်လည်း ပျက်စီးသွားခြင်း မရှိပေ။
ရှန်းကွမ်ထော်သည် ယခင်က သားရဲသွေး သုံးမျိုး ပေါင်းစပ်ခဲ့ပြီး ဖြစ်သည်။ စတုတ္ထမြောက်
ဖြစ်သော သွေးတိမ်သားရဲသွေးကို မထည့်သွင်းမီ ယွင်ရှန်းသည် ပထမ၊ ဒုတိယနှင့် တတိယ သားရဲသွေးများအဖြစ် အစဉ်လိုက် ခွဲခြားသတ်မှတ်ထားသည်။
ယီပိုင်မင်းသည် သားရဲသွေးများအကြား ပဋိပက္ခဖြစ်နိုင်သည်ဟူသော သီအိုရီကို တစ်ခါမျှ မကြားဖူးသော်လည်း သူမကို မေးခွန်းထုတ်ခြင်း မပြုဘဲ ရေချိုးကန်အတွင်းသို့ တိုက်ရိုက် ဆင်းလိုက်တော့သည်။ ကန်အတွင်းသို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ယီပိုင်မင်းသည် ပြင်းထန်သော အပူလှိုင်းတစ်ခု သူ၏ အရေပြားအတွင်းသို့ လျင်မြန်စွာ စိမ့်ဝင်သွားသည်ကို ခံစားလိုက်ရသည်။ ချွေးအနည်းငယ် ထွက်လာသကဲ့သို့ ခံစားရသော်လည်း ထိုမျှသာ ဖြစ်သည်။
ဤမျှ သန်မာထွားကျိုင်းသည့် ခန္ဓာကိုယ်ပိုင်ရှင်မှာ တကယ့်ကို မိစ္ဆာအဆင့်ရှိသည့် မြေခွေးယီပင် ဖြစ်တော့သည်ဟု ယွင်ရှန်းက စိတ်ထဲမှ မှတ်ချက်ပြုရင်း ပထမဆုံး သားရဲသွေးပုလင်းကို ဂရုတစိုက် လောင်းထည့်လိုက်သည်။
ယေဘုယျအားဖြင့် သိုင်းပညာရှင်တစ်ဦး၏ ကျင့်ကြံမှုအဆင့် မြင့်မားလေလေ သားရဲသွေးပျော်ရည်ကို ပိုမိုမြန်ဆန်စွာနှင့် အမြောက်အမြား စုပ်ယူနိုင်လေလေဖြစ်သည်။ အကယ်၍ အခြားဆေးဆရာများသာ ယီပိုင်မင်း၏ စုပ်ယူပုံကို မြင်တွေ့ပါက သူသည် လူသားမဟုတ်ဘဲ မိစ္ဆာတစ်ကောင်ဖြစ်သည်ဟု ဧကန်မလွဲ ထင်မှတ်ကြပေလိမ့်မည်။ သို့သော် ယွင်ရှန်းအတွက်မူ ယီပိုင်မင်း၏ မိစ္ဆာဆန်သော အရည်အချင်းများကို ယခင်ကတည်းက သိရှိထားပြီးဖြစ်၍ အံ့ဩခြင်းမရှိတော့ပေ။
မှတ်တမ်းများအရ ရှန်းကွမ်ထော်သည် ပထမဆုံး သားရဲသွေးပုလင်းနှင့် ပေါင်းစပ်ရန် တစ်နေ့ဝက်ခန့် အချိန်ယူခဲ့ရသော်လည်း ယီပိုင်မင်း၏ ခန္ဓာကိုယ်မှာမူ ခဏချင်းအတွင်းမှာပင် ၎င်းသွေးများကို အပြီးအပိုင် စုပ်ယူပေါင်းစပ်သွားခဲ့သည်။ သားရဲသွေးနှင့် ပေါင်းစပ်ပြီးနောက်တွင်လည်း ယီပိုင်မင်း၏ ခန္ဓာကိုယ်၌ အရေပြားအရောင် ပြောင်းလဲသွားခြင်းမျိုးပင် မရှိဘဲ အနည်းငယ်မျှ ပြောင်းလဲမှုမရှိခဲ့ပေ။
"အခု ဒုတိယတစ်ပုလင်းနော်"
ယွင်ရှန်းသည် သူမရှေ့တွင် ကိုယ်လုံးတီးဖြစ်နေသော အမျိုးသားတစ်ဦးရှိနေသည့် အရှိတရားကို စိတ်ထဲ၌ ဖြေလျှော့လိုက်ပြီး သစ်သားရေကန်ဘေးသို့ လျှောက်သွားကာ ဒုတိယမြောက် သားရဲသွေးပုလင်းကို လောင်းထည့်လိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် ယီပိုင်မင်း၏ ခန္ဓာကိုယ်ပြောင်းလဲမှုများကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။
ဒုတိယပုလင်းကို လောင်းထည့်ပြီးနောက် ပေါင်းစပ်ချိန်မှာ အနည်းငယ် ပိုကြာသွားသော်လည်း မိနစ်အနည်းငယ်သာ ဖြစ်ပြီး သားရဲသွေးများမှာ ယီပိုင်မင်း၏ ခန္ဓာကိုယ်အတွင်းသို့ လုံးဝ စိမ့်ဝင်သွားခဲ့ပြန်သည်။ သစ်သားရေကန်အတွင်းရှိ ရေများမှာလည်း ပြန်လည်ကြည်လင်သွားခဲ့သည်။
"ဒါက တတိယမြောက် ပုလင်းပဲ အဆင့် ၆ သားရဲရဲ့ သွေးပဲ"
ယွင်ရှန်းက သတိပေးလိုက်သည်။
ယီပိုင်မင်းက ဘာမှပြန်မပြောဘဲ ဆက်လုပ်ရန်သာ အချက်ပြလိုက်သည်။ သူတို့နှစ်ဦးကြားတွင် စကားပြောရန်မလိုဘဲ နားလည်မှုရှိသော ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်ပေါ်နေပြီဖြစ်သည်။ ယွင်ရှန်းသည် သူနှင့် အလွန်နီးကပ်စွာ ရှိနေသော်လည်း ယီပိုင်မင်းမှာ အနည်းငယ်မျှ အနေရခက်ခြင်း မရှိပေ။
ထွက်ပေါ်လာသော ရေနွေးငွေ့များအောက်တွင် ယွင်ရှန်း၏ နဖူးပေါ်၌ ချွေးစများ စိုစွတ်နေပြီး သူမ၏ နှုတ်ခမ်းလွှာများမှာ မှည့်ဝင်းနေသော ချယ်ရီသီးလေးများအလား ဖူးငုံနေကာ သူမ၏ နက်မှောင်သော မျက်ဝန်းအစုံမှာလည်း ရေငွေ့များကြောင့် ဝင်းလက်နေသည်။ တတိယမြောက် သားရဲသွေးပုလင်းမှာ ၁၅ မိနစ်ခန့်အကြာတွင် အပြီးအပိုင် ပေါင်းစပ်သွားခဲ့သည်။ ယခုအချိန်အထိ သားရဲသွေးသုံးမျိုးကို အစီအစဉ်တကျ ပေါင်းစပ်ခဲ့သော်လည်း ယီပိုင်မင်းမှာ မည်သည့် ဝေဒနာမျှ ခံစားရခြင်း မရှိသေးပေ။
"နောက်ဆုံး စတုတ္ထမြောက် ပုလင်းပဲ။ ဒါက မြေကမ္ဘာဝက်ဝံရဲ့ သွေးပဲ"
ယွင်ရှန်းမှာ အနည်းငယ် ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။ အောင်မြင်ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းမှာ ယခုအခိုက်အတန့်အပေါ်တွင် မူတည်နေသည်။ သူမ၏ ယူဆချက်ကို သက်သေပြနိုင်မလား။ ရှန်းကွမ်ထော်ကို ကယ်တင်နိုင်မလား သို့မဟုတ် သိုင်းကျောင်း၏ အဆိပ်အတောက်နှစ်ခုဖြစ်သော ကျန်းမိသားစု သားအဖကို ဖယ်ရှားနိုင်မလားဆိုသည်မှာ ယခုအချိန်အပေါ်တွင်သာ မူတည်နေတော့သည်။
သူတို့နှစ်ဦးစလုံး၏ အကြည့်တို့သည် စတုတ္ထမြောက် သားရဲသွေးပုလင်းထံသို့သာ စူးစိုက်ကျရောက်နေသည်။ ပြစ်ခဲနေသော သွေးပျော်ရည်များသည် ရေထဲသို့ လျှောဆင်းသွားတော့သည်။
ယခင် သားရဲသွေးသုံးမျိုးကို ပေါင်းစပ်ပြီးနောက်တွင် ခါးလောက်အထိ မြင့်သော သစ်သားရေကန်အတွင်းရှိ ရေနွေးမှာ အနည်းငယ် အေးစက်သွားခဲ့ပြီဖြစ်သည်။ သို့သော် စတုတ္ထမြောက် သားရဲသွေးကို လောင်းထည့်လိုက်သည်နှင့် တပြိုင်နက် ငြိမ်သက်နေသော ရေမျက်နှာပြင်သည် ဆာလ်ဖျူရစ်အက်ဆစ်နှင့် ထိတွေ့လိုက်ရသကဲ့သို့ ပြင်းထန်စွာ ဆူပွက်လာတော့သည်။
ရေကန်အောက်တွင် မီးမြှိုက်ထားသကဲ့သို့ သွေးပူဖောင်းများစွာသည် တစီစီမြည်ကာ ထွက်ပေါ်လာပြီး ယီပိုင်မင်း၏ ခန္ဓာကိုယ်ဆီသို့ ရူးသွပ်စွာ တိုးဝှေ့တိုက်စားကြသည်။ အမူအရာကင်းမဲ့နေသော ယီပိုင်မင်း၏ မျက်ဝန်းသူငယ်အိမ်တို့သည် ရုတ်တရက် ကျဉ်းမြောင်းသွားရသည်။
သူ၏ အရေပြားပေါ်တွင် ငရုတ်ကောင်းရည်များဖြင့် ပက်ဖျန်းခံရသကဲ့သို့ ပူလောင်စပ်ဖျဉ်းမှုကို ခံစားလိုက်ရသည်။ သွေးတိမ်မြေကမ္ဘာဝက်ဝံ၏ သွေးသည် ၎င်း၏ပင်ကိုယ်သဘာဝအတိုင်း ရန်လိုမှုများဖြင့် ပြည့်နှက်နေကာ ယီပိုင်မင်း၏ အရေပြားကို ထိုးခွဲ၍ စစ်ချီတက်သံကြားရသော စစ်သည်တော် ထောင်သောင်းချီသကဲ့သို့ သူ၏ သွေးကြောများအတွင်းသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားတော့သည်။
အတောမသတ်နိုင်သော ရန်လိုစိတ်ရိုင်းများသည် အပ်ပေါင်း ထောင်သောင်းချီသကဲ့သို့ ယီပိုင်မင်း၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာကြသည်။
"ဟူး..."
ယီပိုင်မင်း၏ ခန္ဓာကိုယ်မှာ သစ်ကိုးသောင်းအလား တုန်ရီသွားပြီး ဤရက်စက်သော စွမ်းအင်များကို ခုခံရန် သူ၏ ကိုယ်တွင်းသိုင်းစိတ်ဓာတ်ကို နှိုးဆော်လိုက်သည်။ သို့သော် သူ အံ့အားသင့်သွားရသည်မှာ သိုင်းစိတ်ဓာတ်ကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ကိုယ်တွင်း၌ မတူညီသော သားရဲသွေးစွမ်းအား လေးမျိုးတို့ အပြင်းအထန် ပဋိပက္ခဖြစ်နေသည်ကို ခံစားလိုက်ရခြင်းပင်။
ဒါဟာ သွေးချင်းပဋိပက္ခပဲလား။ ဒီမှော်ဆရာမလေး ပြောတာ အမှန်ပဲ။
သို့သော် ယခုအချိန်တွင် ယီပိုင်မင်းမှာ ထိုအမှန်တရားကို ထုတ်ဖော်ပြောဆိုရန်ပင် အားအင်မရှိတော့ပေ။ မတူညီသော သားရဲသွေးစွမ်းအား လေးမျိုး အထူးသဖြင့် မြေကမ္ဘာဝက်ဝံသွေးမှ ပါလာသော ရက်စက်မှုများသည် ယီပိုင်မင်း၏ နှလုံးသားအောက်ခြေရှိ အမှောင်ဆုံးသော အစိတ်အပိုင်းကို ရုတ်တရက် နှိုးဆွပေးလိုက်သည်။
သူ၏ အသိစိတ်တို့မှာ ဝေဝါးလာခဲ့သည်။
သွေးနံ့... သွေးနံ့တွေပဲ။
"ရှင် ဘယ်လိုနေသေးလဲ"
ယီပိုင်မင်း ယခုကဲ့သို့ အသိစိတ်လွတ်မြောက်လုနီးပါး ဖြစ်နေသည်ကို ယွင်ရှန်း တစ်ခါမျှ မမြင်ဖူးသဖြင့် သူမ၏ နှလုံးသားမှာ ရုတ်တရက် တင်းကျပ်သွားရသည်။
သားရဲသွေးများ၏ ပဋိပက္ခသည် ယီပိုင်မင်းအပေါ် ဤမျှအထိ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ သက်ရောက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိပေ။
"မင်း... အခုချက်ချင်း ဒီကနေ ထွက်သွားတော့... ဒုတိယခန်းမမှူးကို... သွားခေါ်..."
ယီပိုင်မင်း၏ မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး သူ၏လက်များမှာလည်း သစ်သားရေကန်ဘောင်ကို မသိစိတ်ဖြင့် အားကိုးတကြီး ဆုပ်ကိုင်ထားမိသည်။
သစ်သားများ ကျိုးပဲ့သံနှင့်အတူ ရေကန်၏ အနားသတ်များမှာ သူ၏လက်ထဲတွင် ဖုန်မှုန့်အလား ကြေမွပျက်စီးသွားတော့သည်။
သူ၏ နှလုံးသားအောက်ခြေတွင် မြှုပ်နှံထားခဲ့သော အတိတ်မှတ်ဉာဏ်များမှာ အိပ်မက်ဆိုးများသဖွယ် ပြန်လည်နိုးထလာခဲ့သည်။ ခြောက်ကပ်လှသော နန်းတွင်းဆောင်အတွင်းမှ ထိုညကို သူ ပြန်လည်မြင်ယောင်လာမိသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက... အေးစက်သော နန်းဆောင်နက်အတွင်းမှ မျက်မမြင် အိမ်ရှေ့စံမင်းသားလေးတစ်ပါး။ မိဖုရားကြီးလီ ရူးသွပ်သွားပြီးနောက် ယီပိုင်မင်းကို မိဖုရားချီ၏ လက်ထဲသို့ အပ်နှံခဲ့ကြသည်။
အပြင်ပန်းတွင် နုနယ်လှပသော ပန်းတစ်ပွင့်အလား ထင်ရသော မိဖုရားချီသည် သူတစ်ပါးရှေ့တွင်မူ အိမ်ရှေ့စံမင်းသားလေးကို မိမိရင်သွေးကဲ့သို့ ချစ်ခင်ယုယပြတတ်သည်။ သို့သော် တံခါးပိတ်ထားသည့် နောက်ကွယ်တွင်မူ သူမသည် အလွန်ရက်စက်လှောင်ပြောင်သော စကားလုံးများဖြင့် သူ့ကို စိတ်ပိုင်းဆိုင်ရာ နှိပ်စက်လေ့ရှိသည်။
အိမ်ရှေ့စံ ယီပိုင်မင်းကို ပြုစုရသော နန်းတွင်းသူများ အိပ်ရာဝင်ချိန် သူ၏ ကုတင်ဘေးတွင် သူတို့ ပြောဆိုခဲ့ကြသော စကားများမှာ သူ၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲပင်။
"ကြားပြီးပြီလား မိဖုရားကြီးလီက တကယ့်ကို သနားစရာပဲ"
"ဟဲဟဲ... ဟုတ်ပ။ တစ်ချိန်က ပန်းတစ်ပွင့်လို လှခဲ့တဲ့ အမျိုးသမီးက အခုတော့ ပုပ်စပ်နေတဲ့ အသားတုံးကြီးလို ဖြစ်နေတာ"
"ငါတို့ သခင်မနဲ့ ပြိုင်ချင်တာကိုး။ ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိဘူး။ ဧကရာဇ်မင်းမြတ်က မိဖုရားချီကိုပဲ အချစ်ဆုံးပဲ။ မိဖုရားကြီးလီကို လက်ထပ်ခဲ့တာက သူမ မိသားစုရဲ့ ငွေနဲ့ အာဏာကို လိုချင်လို့လေ"
"အခုဆို မိဖုရားကြီးလီကို ဘယ်သူမှ ဂရုမစိုက်တော့ဘူးတဲ့။ သူမရဲ့ ခြေလက်တွေကို ချိုးပစ်ထားပြီး ဒဏ်ရာတွေမှာတောင် လောက်တွေ တက်နေပြီတဲ့"
"လူကြီးကတော့ သေခါနီးနေပြီ။ ဒီထဲက လူငယ်လေးလည်း သိပ်မကြာတော့ပါဘူး"
"မျက်မမြင်တစ်ယောက်ပဲဟာ။ ငါတို့ရဲ့ ပထမမင်းသားကမှ မဟာကျိုးရဲ့ တကယ့်အနာဂတ် အိမ်ရှေ့စံအစစ် ဖြစ်မှာ"
သူသည် မျက်စိသာ ကွယ်နေခဲ့ခြင်းဖြစ်ပြီး နားမပင်းခဲ့ပေ။ ထိုစဉ်က အသက် ငါးနှစ်သာရှိသေးသော ယီပိုင်မင်းသည် သူ့ကို မွေးဖွားခဲ့သည့် မိခင်ဖြစ်သူ၏ ကြေကွဲဖွယ် အခြေအနေကို ကြားလိုက်ရသောအခါတွင်မူ ဆက်လက်၍ မအောင့်အီးနိုင်တော့ပေ။
ထိုနန်းတွင်းသူများ ထွက်သွားပြီးနောက် သူသည် အိပ်ဆောင်အတွင်းမှ တိတ်တဆိတ် စမ်းတဝါးဝါး ထွက်လာခဲ့သည်။ လမ်းတွင် အကြိမ်ကြိမ် ခလုတ်တိုက် လဲကျခဲ့သော်လည်း သူသည် အအေးနန်းဆောင်ရှိရာဘက်သို့ အားတင်း၍ လျှောက်လှမ်းခဲ့တော့သည်။